အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း (၃၁)
"ငါ နင့်ရဲ့ထုတ်လွှင့်မှုတွေ ကြည့်ဖြစ်တယ်၊ ဒါပေမဲ့ တစ်ခါမှ ဆုမရခဲ့ဘူး၊ ငါ Weibo က မှတ်ချက်တွေ ကြည့်ပြီးတော့ ကြိုးစားကြည့်ချင်ခဲ့တာ၊ ဒါကြောင့် ဒီကိုလာဖို့ ဒီနေ့ ငါ့သူငယ်ချင်းနဲ့ ချိန်းလိုက်တာ "
ရှန်းထင်ရွှမ်းက "ကျေးဇူးပါ "
"ငါက ချင်ယွဲ့ကျီရဲ့ ပရိသတ်တစ်ယောက်ပါ၊ မနေ့က ငါ့အစ်ကိုအတွက် ပြောပေးခဲ့တာ ကျေဇူးတင်ပါတယ် "
"ငါ အမှန်တိုင်းပဲ ပြောခဲ့တာပါ "
သို့သော်လည်း ချင်ယွဲ့ကျီအတွက် ရှန်းထင်ရွှမ်း၏ ချစ်ခင်မှုကို တဆင့်တိုးသွားစေသည်။ ထိုbug ကို ကြည့်ရသည်မှာ သူမ၏တာဝန်ကို ပြီးမြောက်စေရုံသာမက သူ့ပရိသတ်များ ရောက်လာအောင်လည်း ကူညီနိုင်ပေသည်။
"ငါလည်း အစ်ကို့ရဲ့ ပရိသတ်ပါ၊ အစ်ကိုက မွေးနေ့ပွဲမှာ ကျွေးဖို့ ရှင့်ရဲ့ အသီးတွေကို ယူလာခဲ့တာ၊ အရမ်းကောင်းမွန်တယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ စူပါမောကနေ အသီးတချို့တောင် မလုနိုင်ခဲ့ဘူး၊ ဒါ့ကြောင့် ငါတို့ ဒီကို လာခဲ့တာ "
အသီးများကို မူလက စူပါမောတွင် ရောင်းချပေသည်။ ပစ္စည်းများကို ဆွဲဆောင်ရန် ချင်ယွဲ့ကျီ၏ စွမ်းရည်က ပထမတန်းစားဖြစ်သကဲ့သို့ ချင်ယွဲ့ကျီ၏ အသီးများက စူပါမောမှ အသီးများနှင့် တူညီကြောင်း ပရိသတ်များက ကြားသောအခါ သူတို့က အသီးများကို ဝယ်ရန် စူပါမားကတ်သို့ သွားခဲ့ကြသည်။
ထို့ကြောင့် ရှန်းထင်ရွှမ်းက လုမင်ဟွေ့အား အသီးများ၏ ပမာဏကို နှစ်ဆလောက် တင်သွင်းလျှင်တောင် ၎င်းတို့ကို ရောင်းရန် မလုံလောက်နေဆဲ ဖြစ်သည်။
ရောက်လာသည့်လူများက အသီးများဝယ်ရန် ရှင်းယွမ်ရှန်သို့ လာရသည့် သူတို့၏ အကြောင်းပြချက်များကို ပြောနေကြသည်။ သူမက လူတိုင်းကို ကျေးဇူးတင်လိုက်ပြီးနောက် ပြောလိုက်သည်။
"ရှင်တို့ ဘယ်လောက်လိုတာလဲ၊ တကယ်လို့ မလုံလောက်ဘူးဆိုရင် ကျွန်မတောင်ပေါ်တက်ပြီး အသီးတွေပိုခူးပေးမယ် "
ထို့နောက် ဤလူများက ရှန်းထင်ရွှမ်း တောင်ပေါ်သို့ ပြန်တက်သွားသည်ကို မြင်လိုက်ကြသည်။
"ဟေး ငါတို့ပြေးသွားမှာကို သူ မကြောက်ဘူးလား "
"ဒါက ရွာလေ၊ လူတွေက ရိုးသားတယ်၊ လူတိုင်းက အသားကျနေပြီ "
"ဟုတ်တယ်၊ မိန်းကလေးက အသားကျနေပုံပဲ၊ ကြည့်၊ ဒီမှာ QR code လည်း ရှိတယ် "
လူတိုင်းက ဆွေးနွေးနေကြစဥ် ရွာမှ တချို့လူများက ရောက်လာကြပြီး ရှန်းထင်ရွှမ်း၏ စားပွဲဘေးတွင် ဝိုင်းနေကြသည့် လူများကို မြင်လိုက်ကြသည်။
အချိန်ခဏကြာ စောင့်ဆိုင်းပြီးနောက် သူတို့က မတ်တတ်ရပ်ပြီး စကားပြောနေဆဲဖြစ်သည်ကို မြင်ပြီး သူတို့က အသီးများရွေးရန် လာကြသည့်သူများ ဟုတ်ပုံမပေါ်ပေ။
ရွာသူရွာသားများက အသီးများကို ရိုးရှင်းစွာပင် ချိန်တွယ်လိုက်ကြပြီး ပါးယွဲ့ကွား ငါးလုံးကို ယူကာ QR နှင့် ငွေပေးချေလိုက်ပြီးနောက် ထွက်ခွာသွားကြသည်။
ရွာသားများ ထွက်ခွာသွားပြီးနောက် အဖွဲ့က ကြာကြာမစောင့်တော့ဘဲ အသီးများကို ရွေးရန် စတင်လိုက်သည်။
သို့သော် ဤအသီးများက ရွေးချယ်ရန် မလိုကြောင်း တွေ့ရှိသွားကြသည်။ အသီးအားလုံးက ကောင်းမွန်ပေသည်။
တခြားသူများက ရှင်းယွမ်ရှန်သို့ တစ်ယောက်ပြီး တစ်ယောက် အပြေးအလွှား လာခဲ့ကြသည်။ ရှေ့ရှိလူများက အသီးများကို ကိုယ်တိုင်ရွေးချယ်ပြီး QR ကို ဖတ်ကာ ငွေပေးချေကြသည်ကို နောက်ရှိလူများက မြင်ကြပြီး ထိုစည်းမျဥ်းအတိုင်း လိုက်နာကြပေသည်။
ဆီးသီးများ၊ မက်မွန်သီးများနှင့် ဖရဲသီးများကို စားပွဲရှေ့ရှိ မြေပြင်ပေါ်တွင် ချထားခဲ့သည်။ ပါးယွဲ့ကွားကဲ့သို့ အထိမခံသည့် အသီးများက စားပွဲပေါ်တွင် ရှိပေသည်။
ရှန်းထင်ရွှမ်းက အနည်းငယ်သော အသီးကတ်တီ ရာဂဏန်းခန့်ကို သယ်ဆောင်ရန် သူမ၏ ထော်လာဂျီကို အသုံးပြုလိုက်သည်။
"အဲဒါ ဘာတွေလဲ " ရှင်းယွမ်ရှန်ကို ယခုပဲ ရောက်ရှိလာသည့် လူက စားပွဲပေါ်ရှိ အသီးများကို မြင်သောအခါ မေးလိုက်သည်။
နောက်ဘက်မှ တစ်ယောက်က ပြောလိုက်သည်။ "ပါးယွဲ့ကွားလေ၊ ငါ အဲဒီအသီးကို အားရွှမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ မြင်ဖူးတယ် "
ဤလူက ခဏလောက် စဥ်းစားနေခဲ့ပြီး တစ်လုံးကို ယူလိုက်ကာ ငွေပေးချေလိုက်သည်။
လူအုပ်ထဲမှ ထွက်လာခဲ့ပြီး ပါးယွဲ့ကွားက ပြန်သယ်သွားရန် အဆင်မပြေပေ။ သူက ဤနေရာတွင် အသီးကို စားရန် ဆုံးဖြတ်လိုက်ပြီး တခြားအသီးများကို အိမ်ပြန်ယူသွားပေမည်။
တစ်ကိုက်ကိုက်လိုက်ရာ ၎င်းက အလွန်ချိုမြိန်ပြီး အရသာက ငှက်ပျောသီးနှင့် အနည်းငယ် တူပေသည်။ သို့သော် အတိအကျတော့ မတူပေ။ ၎င်းက အသားအများကြီး မရှိပေ။ သို့သော် မွှေးရနံ့က ပါးစပ်ထဲတွင် အကြာကြီး မွှေးပျံ့နေပေသည်။
ဒါက အရမ်း အရသာရှိတာပဲ။
သူက ပါးယွဲ့ကွားကို ထပ်ဝယ်ရန် ပြန်လှည့်လိုက်သည်။ သို့သော် တန်းစီနေသည့် အထဲမှ လူတစ်ယောက်က ပြောလိုက်သည်။ "မင်း တန်းစီနေတုန်းပဲလား "
"ဟုတ်တယ်၊ မင်း ခုပဲ ပါးယွဲ့ကွား တစ်လုံး ဝယ်ခဲ့တာ၊ မင်းထပ်လိုချင်ရင် ထပ်ပြီး တန်းစီဖို့ လိုတယ်"
သူက နောက်ဘက်ရှိ တန်းစီနေသည့် လူတန်းရှည်ကြီးကို ကြည့်လိုက်ပြီး စားပွဲပေါ်တွင် ပါးယွဲ့ကွား အနည်းငယ်သာ ကျန်တော့သည်။ သူ့အလှည့်ရောက်ပါက ကျန်ဦးမလား သူမသိပေ။
သက်ပြင်းချလိုက်ပြီး မနက်ဖြန်မှ ပြန်လာရန် တွေးလိုက်သည်။
……
ယနေ့၏ ပို့ဆောင်ရေးကားက အရင်ကထက် ပိုကြီးပေသည်။ သို့သော် ရှန်းထင်ရွှမ်းတွင်လည်း ပို့ဆောင်ရန် အထုပ်အများအပြား ရှိပေသည်။ သူမက တောင်အောက်ရှိ အသီးများကို ဖြည့်ပြီးနောက် ပြန်လာခဲ့ပြီး လိပ်စာများကို ပရင့်ထုတ်လိုက်သည်။ ယင်းက ပြီးမြောက်ရန် အချိန်အတော်ကြာပေသည်။
နောက်ဆုံးတွင် လျှပ်စစ်ပစ္စည်းများကို တပ်ဆင်နေကြသည့် လူများက အလုပ်ရှုပ်နေကြဆဲဖြစ်သည်။ ရှန်းထင်ရွှမ်းက လိပ်စာများကို ပရင့်ထုတ်ပြီးသွားသည်။ သူမက ပစ္စည်းများကို လာယူရန် အဘိုးကြီးတုကို ခေါ်လိုက်သည်။
ရှန်းထင်ရွှမ်းက ဤအရာကို ဆက်လုပ်နေခဲ့လျှင် ၎င်းက ကူးယူပြီး ကူးထည့်ရုံသက်သက် ဖြစ်သော်လည်း လိပ်စာတစ်သောင်းကို ပရင့်ထုတ်ရန် အရမ်းကြာလွန်းသည်ဟု သူမက တွေးနေခဲ့သည်။
...
"မိန်းကလေးရှန်း ကျွန်တော်တို့ တပ်ဆင်တာ ပြီးပါပြီ၊ စမ်းကြည့်ဦးမလား "
ရှန်းထင်ရွှမ်းက အခန်းအပြင်သို့ ထွက်လာခဲ့ပြီး "ကောင်းပြီ "
သူတို့က ဤပစ္စည်းများ၏ အသုံးပြုပုံကို ရှန်းထင်ရွှမ်းအား ပြောပြလိုက်ပြီး ထွက်မသွားခင် ရှန်းထင်ရွှမ်း နားလည်အောင် သေချာပြောပြလိုက်သည်။ သူတို့ဘေးရှိ ရေနှင့် အသီးများကိုတော့ သူတို့က အနည်းငယ်တောင် မစားခဲ့ပေ။
ရှန်းထင်ရွှမ်းက သူတို့အတွက် အသီးများကို ထုပ်ပိုးပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ စားဖို့ ယူသွားလိုက်ပါ "
ဤလူများက ယူသွားရန် ရှက်နေခဲ့ကြသည်။ "ကျွန်တော်တို့ ကုမ္ပဏီက စည်းကမ်းတစ်ခုရှိတယ်၊ ဝယ်သူတွေ တိုက်တဲ့ရေကို သောက်လို့မရဘူး "
ရှန်းထင်ရွှမ်းက "ဒါက ရေမဟုတ်ဘူးလေ " အသီးနှင့် ရေက မတူပေ။
သူတို့လေးယောက်က ပိုပြီး ရှက်လာခဲ့သည်။
...
သူတို့က တောင်ပေါ်မှ ဆင်းလာခဲ့ပြီးနောက် တောက်ခြေတွင် အသီးဝယ်နေကြသည့် လူအများကြီးကို မြင်လိုက်ကြသည်။
"ဒီမိန်းကလေးက တော်တော်အံ့ဩဖို့ကောင်းတာပဲ "
အတိအကျပြောရလျှင် ဤကဲ့သို့ တောင်ကြီးတစ်တောင်ကို လူတစ်ယောက်တည်းက စောင့်ရှောက်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က အိမ်ရှိ ပစ္စည်းတချို့ကိုလည်း ပြင်ဆင်ရန် ရှန်းထင်ရွှမ်းကို ကူညီပေးခဲ့ကြသည်။
“ဟုတ်တယ်၊ သူ ရောင်းတဲ့အသီးတွေကို လူတွေအများကြီး ဝယ်ကြတာပဲ “
“ဒါပေမဲ့ ဒီအသီးတွေက တကယ်ပဲ ကောင်းတယ်၊ မက်မွန်သီးဆို အကြီးကြီးပဲ၊ နီရဲနေတာပဲ “ စကားပြောလိုက်သည့် လူက အိတ်ထဲရှိ အသီးကို ကြည့်လိုက်သည်။
သူတို့က ဝယ်သူများ၏ အိမ်သို့ သွားသည့် အချိန်တိုင်း ယဉ်ကျေးသည့် ဝယ်သူများက သူတို့ကို ရေတိုက်လေ့ရှိသည်။ သို့သော် သူတို့က ယခုအချိန်ကဲ့သို့ ငြင်းဆန်လေ့ရှိသည်။ ဝယ်သူတစ်ယောက်က အသီးများကို အိမ်ပြန်ယူသွားရန် ထုပ်ပိုးပေးခဲ့သည်က တကယ်ပဲ ပထမဆုံးအကြိမ် ဖြစ်သည်။
“ဒီမိန်းကလေးက တောင်ပေါ်မှာ တစ်ယောက်တည်း ဘယ်လိုနေနေလဲ မသိဘူး “
“ဟုတ်တယ်၊ ငါက လူကြီးတစ်ယောက် ဖြစ်နေပြီ၊ ဒါပေမဲ့ တောင်ပေါ်မှာ ညဘက်တစ်ယောက်တည်း နေရမယ်ဆိုရင် ငါ နည်းနည်းတော့ ကြောက်နေမိမှာပဲ “
ထိုအချိန်၌ ယောက်ျားကြီးလေးယောက်လုံးက တိတ်ဆိတ်သွားခဲ့သည်။
သူတို့ထဲမှ တစ်ယောက်က အိတ်ထဲမှ မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး “ငါ အရင်ဆုံး ဒီမက်မွန်သီးကို မြည်းကြည့်မယ် “
ပြောပြီးနောက် သူက တစ်ကိုက်ကိုက်လိုက်ပြီး အံ့ဩသွားခဲ့သည်။ “ဒီမက်မွန်သီးက အရသာရှိတယ်၊ လူတွေအများကြီး ဒါကို ဝယ်နေကြတာ အံ့ဩစရာမရှိတော့ဘူး “
သူက ဘာမှထပ်ပြောရန် မလိုတော့ပေ။ တခြားသုံးယောက်ကလည်း အသီး၏ မွှေးရနံ့များကို ရလိုက်ပြီး စားရန် စတင်လိုက်သည်။
လူတစ်ဦးကို မက်မွန်သီးတစ်လုံးသာ ရပေသည်။ ၎င်းက အရမ်းမနည်းပေ။ မက်မွန်သီးက ကြီးမားပြီး သူတို့ကို မက်မွန်သီးအိတ်ကြီးတစ်လုံးပေးလိုက်သော်လည်း အထဲတွင် အများကြီး မရှိပေ။
မက်မွန်သီးများအပြင် ရှန်းထင်ရွှမ်းက သူတို့ကို ဆီးသီးတချို့လည်း ပေးခဲ့သည်။ သို့သော် သူတို့လေးယောက်က ၎င်းတို့ကို စားပြီးနောက် အိတ်ထဲရှိအသီးများက စားဖို့ မလုံလောက်ဘူးဟု ခံစားခဲ့ရသည်။
“ငါတို့ပြန်သွားပြီး အသီးတချို့ဝယ်ကြမလား “
“ငါလည်း အဲ့လိုတွေးမိတယ် “
“ငါလည်း သဘောတူတယ် “
“ဒါဆို ငါတို့ ပြန်လှည့်ရအောင် “
ထို့ကြောင့် ဤအဖွဲ့က ရှင်းယွမ်ရှန်တောင်ခြေသို့ ချက်ချင်း ပြန်သွားလိုက်ပြီး အသီးဝယ်ရန် တန်းစီလိုက်ကြသည်။
…
ရှန်းထင်ရွှမ်းက ပို့ဆောင်ရန် မက်မွန်သီးများကို ထော်လာဂျီအပြည့်တင်ကာ မောင်းလာခဲ့သည်။ တောင်ခြေတွင် ရှည်လျားသည့် လူတန်းကြီးက ရှိနေဆဲဖြစ်သည်ကို မြင်လိုက်သည်။ ပါးယွဲ့ကွားများက ကုန်သွားပြီ ဖြစ်သည်။
“အစ်မလေး ပါးယွဲ့ကွားတွေ ထပ်ရနိုင်ဦးမလား “
“ဟုတ်တယ်၊ ငါ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ကတည်းက စားချင်နေခဲ့တာ “
“ငါရောပဲ၊ ငါ ဒီနေ့ပဲ အချိန်ရတာ၊ ဘယ်အချိန်ကျမှ နောက်ထပ် ဒီကို လာနိုင်မလဲ မသိဘူး “
...
“ကောင်းပြီ၊ ဒါဆို ရှင်တို့ ခဏစောင့်ကြ “ ရှန်းထင်ရွှမ်းက မက်မွန်သီးများကို ချလိုက်ပြီး ပါးယွဲ့ကွားတချို့ ခူးယူရန် ထော်လာဂျီကို ပြန်မောင်းသွားလိုက်သည်။
အဘိုးကြီးတုက အဆင်သင့် ရောက်ရှိနေပြီး ရှန်းထင်ရွှမ်းက အဘိုးကြီးတုကို ၅၀၀ ကတ်တီထက်ပိုများသည့် မက်မွန်သီးများကို တင်ပေးလိုက်ပြီး လိပ်စာများကို သူ့အား ပေးလိုက်သည်။
သုံးရက်ဆက်တိုက်လုံးက များပြားသည့် အော်ဒါများ ဖြစ်ကြသည်။ ယနေ့ အော်ဒါ တစ်ထောင် ရှိပေသည်။ အဘိုးကြီးတု၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ “မင်း ပို့ရမဲ့လိပ်စာတွေကို ကိုယ်တိုင် ပရင့်မထုတ်နိုင်ဘူးဆိုရင် မင်းကို ငါ ကူထုတ်ပေးလို့ရတယ် “
“တကယ်လား “ ရှန်းထင်ရွှမ်းအတွက် ယခု ပို့ဆောင်ရမည့်လိပ်စာများကို ပရင့်ထုတ်ခြင်းက ကြီးမားသည့် ခေါင်းကိုက်မှုကြီး ဖြစ်သည်။ ရှောင်ဖုန်းက သူမကို တစ်စိတ်ပိုင်း ဖြေရှင်းရန် ကူညီခဲ့သော်လည်း ၎င်းက ကူးယူပြီး ကူးထည့်ရန် အချိန်အများကြီး ကြာပေသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့လျှင် ကံစမ်းမဲကိစ္စကို ကိုင်တွယ်ရန် ပိုလွယ်ကူသွားပေလိမ့်မည်။
“ကောင်းပြီ၊ မနက်ဖြန်ရော ပို့ဖို့ အော်ဒါတစ်ထောင် ရှိလား၊ ငါ မင်းကို အဲဒီအချိန်ကျရင် ပရင့်ထုတ်ပေးမယ် “ ဤကဲ့သို့ ဖောက်သည်အကြီးစားအတွက် သူတို့ရုံးခွဲ၏ တာဝန်ရှိသူတစ်ယောက်အနေဖြင့် ပရင့်များကို ကူထုတ်ပေးပြီး လူများစွာကို ပို့ဆောင်ပေးရန် ဆန္ဒရှိပေသည်။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
“နောက်အော်ဒါတွေက တစ်သောင်းဝန်းကျင်လောက်တော့ ရှိမယ်“
အဘိုးကြီးတု၏ ခြေထောက်များက ပျော့ခွေသွားပြီး ဒူးထောက်ကျသွားခဲ့သည်။ ရှန်းထင်ရွှမ်းက သူ့ကို ကူညီရန် အဆင့်သင့် ရှိနေခဲ့သော်လည်း အဘိုးကြီးတုက လက်ကာပြလိုက်သည်။ သူက သူ့ဘေးရှိကားကို မှီလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။
“မင်း ခုနက အော်ဒါ ဘယ်လောက်လို့ ပြောလိုက်တာလဲ “
“အဲဒါက အော်ဒါတစ်သောင်းလောက် ရှိနိုင်တယ် “
အဘိုးကြီးတုက တံတွေးမျိုချလိုက်သည်။ သူကြားတာ မှန်ပေသည်။ အော်ဒါတစ်သောင်းတောင်။ လက်စသတ်တော့ အော်ဒါ တစ်သောင်းကိုး။
“စိတ်မပူနဲ့၊ မနက်ဖြန်ကျ ငါတို့ လိပ်စာတွေကို ပရင့်ထုတ်ပေးမယ် “ ယခု ရုံးတစ်ခုလုံးက ကူညီရန် ရောက်လာလိမ့်မည်ဆိုတာ သူက သေချာပေသည်။
မက်မွန်သီးများကို အဘိုးကြီးတုက သယ်ဆောင်ပြီး ထွက်သွားသောအခါ တစ်ယောက်ယောက်က မေးလိုက်သည်။
“အဲဒီအသီးတွေက ကံစမ်းမဲပေါက်တဲ့သူတွေအတွက် ပို့လိုက်တာလား “ ၎င်းက အလွန်များပြားပြီး ၎င်းတို့အားလုံးက အလွန်လတ်ဆတ်သည့် မက်မွန်သီးများ ဖြစ်ကြသည်။ သူမက မဲပေါက်သူများကို အရမ်းမနာလိုဖြစ်နေခဲ့သည်။
“ဟုတ်တယ် “
တခြားတစ်ယောက်က မေးလိုက်သည်။ “မင်း မနက်ဖြန်ကျရင် အော်ဒါတစ်သောင်းပို့မယ်လို့ ပြောတာ ကြားလိုက်တယ်၊ အဲဒါတွေက မဲဖောက်ဖို့ အတွက်လား “
ရှန်းထင်ရွှမ်းက “ဒီည တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ လူပမာဏပေါ်မူတည်တယ်၊ လူအများကြီးရှိတယ်ဆိုရင် ငါက လူတစ်သောင်းလောက် မဲဖောက်ပေးချင်တယ် “
လူတိုင်းက ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။
“ကောင်းတယ်၊ ငါ ဒီည ထုတ်လွှင့်မှုကို ကြည့်ရမယ် “
“ငါရောပဲ “
“လူတစ်သောင်းတောင်၊ ငါ အရမ်းကံဆိုးမယ်လို့တော့ မထင်ဘူး “
ရှန်းထင်ရွှမ်းက လူနှစ်ယောက်၏ ဆွေးနွေးချက်ကို ကြားလိုက်ရပြီး လျင်မြန်စွာ ရှင်းပြလိုက်သည်။
“ငါက လူတစ်သောင်း မဲဖောက်ပေးမှာ ဆိုတော့ လူတိုင်းက မက်မွန်သီးတစ်လုံးပဲ ရနိုင်တယ် “
မက်မွန်သီးတစ်လုံးကလည်း ကောင်းတာပဲ။
ယခုရှိနေသည့် တစ်ယောက်က Weibo တွင် ပို့စ်တင်လိုက်သည်။
[ငါ အခုပဲ @အပင်စိုက်တဲ့အားရွှမ်း ဆီက ကြားခဲ့တယ်၊ ဒီနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လူတစ်သောင်းကို မက်မွန်သီးတွေ မဲဖောက်ပေးမယ်လို့ ပြောတယ်၊ လူတိုင်းပဲ ဒီည လာခဲ့ကြ။]
တချို့သူငယ်ချင်းများက နောက်ပြောင်နေသည်ဟု တွေးနေကြသည်။
သို့သော် မကြာမီ တစ်ယောက်က Weibo တွင် ပို့စ်တင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မဲဖောက်ခြင်းက ပုံမှန်ဖြစ်သော်လည်း မဲဖောက်ပေးရန် ထိုမျှများပြားသည့်အရေအတွက်က ပထမဆုံးအကြိမ်ဖြစ်သောကြောင့် များစွာသော အင်တာနက်အသုံးပြုသူများက ပို့စ်ကို ပြန်တင်ခဲ့ကြသည်။
...
ရှန်းထင်ရွှမ်းက သူတို့နှင့် အချိန်အကြာကြီး စကားမပြောခဲ့ပေ။ သူမက ရွာထဲသို့ လက်ဖက်ပျိုးပင်များ ရှာရန် သွားလိုက်သည်။
ရွာသို့ လဝက်လောက် မကြာခဏ လာရောက်ခဲ့ပြီးနောက် ရှန်းထင်ရွှမ်းက ဤနေရာရှိ တချို့ရွာသူရွာသားများနှင့် ရင်းနှီးလာခဲ့သည်။
ရှန်းထင်ရွှမ်းက ဟုန်မိန်၏ မိသားစုဆီသို့ တန်းတန်း သွားလိုက်သည်။ ဟုန်မိန်က လက်ဖက်ပင် ဧကဒါဇင်လောက် စိုက်ပျိုးထားသည်ဟု အရင်က ပြောခဲ့ဖူးသည်။
ရှန်းထင်ရွှမ်းက အသီးအိတ်ကြီးတစ်လုံးကို သယ်သွားခဲ့ပြီး ဟုန်မိန်ကို မြင်သောအခါ သူတို့ဆီသို့ တိုက်ရိုက် သွားလိုက်သည်။
ဟုန်မိန်က အသီးအိတ်ကို ယူလိုက်ပြီး သူမပါးစပ်ကို မစေ့နိုင်တော့ဘဲ အလွန်အမင်း ရယ်မောနေခဲ့သည်။ “မိန်းကလေး ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ “
ရှန်းထင်ရွှမ်းက သူမ၏ရည်ရွယ်ချက်ကို ပြောလိုက်သည်။ “ကျွန်မ ရှင့်ဆီက လက်ဖက်ပျိုးပင်တစ်ချို့ ဝယ်ချင်လို့ပါ “
ဟုန်မိန်က ၎င်းကို ကြားသောအခါ သူမက ချက်ချင်း ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး၊ လာ ငါ့ရဲ့ လက်ဖက်စိုက်ခင်းကို ခေါ်သွားမယ် “
သူမနှင့် ရှန်းထင်ရွှမ်းက ရောက်သောအခါ သူမက ပြောလိုက်သည်။
“ဒါက အသေးဆုံးလက်ဖက်ပျိုးပင်တွေပဲ၊ ရောင်းစျေးကတော့ ၈၀ ဆင့်၊ နင် အပင်နည်းနည်းပဲ လိုချင်တယ်ဆိုရင် ငါ နင့်ကို အလကားပေးလိုက်မယ်၊ အပင်အများကြီး လိုချင်တယ်ဆိုရင်တော့ တစ်ပင်ကို ၅၀ဆင့်နဲ့ ရောင်းပေးမယ် “ ဟုန်မိန်က ချမ်းသာသည့်သူတစ်ယောက် မဟုတ်ပေ။ သူမက အများကြီး အလကားပေးလိုက်လျှင် ၎င်းက သေချာပေါက် အဆင်ပြေမည်မဟုတ်ပေ။
ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်ပေါက်လေးများကို ကြည့်လိုက်ရာ ၎င်းတို့က ၁၀ စင်တီမီတာအောက် ရှိပေသည်။ ဤလက်ဖက်ပျိုးပင်များကို စိုက်ပျိုးရန် ဝိညာဉ်စွမ်းအင် အများကြီး သုံးရပေလိမ့်မည်။ “ဒါက အကြီးဆုံးလား “
“ငါနဲ့ လိုက်ခဲ့ “ ဟုန်မိန်က ရှေ့သို့ ရှန်းထင်ရွှမ်းကို ခေါ်လိုက်သည်။
“ဒီအပင်တွေကို ပုံမှန်တော့ ငါတို့က တစ်ပင်ကို သုံးယွမ်လောက် ရောင်းတာ၊ နင်ယူမယ်ဆို ၂ယွမ်နဲ့ ထားပေမယ် “
ဤပျိုးပင်များက အရင်တစ်ခုထက် အဆပေါင်းများစွာ ပိုကြီးသည်ကို ရှန်းထင်ရွှမ်းက မြင်လိုက်သည်။
“ကျွန်မကို အပင်တစ်ရာပေးပါ “
ဟုန်မိန်က ချက်ချင်းပင် ပေါက်ပြားကို ယူလိုက်ပြီး နှစ်ယောက်သား ပျိုးပင်များကို စတင် တူးယူလိုက်သည်။
မူလက ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်များကို အလွန်လျင်မြန်စွာ တူးယူနေသည်ကို မြင်သောအခါ လက်ဖက်ပျိုးပင်များ ပျက်စီးသွားမည်ကို သူမက ထိတ်လန့်နေခဲ့သည်။ နောက်ပိုင်းတွင် ရှန်းထင်ရွှမ်းက လက်ဖက်ပျိုးပင်အောက်ရှိ အမြစ်များကိုတောင် မပျက်စီးစေဘဲ လျင်မြန်နေကြောင်း တွေ့ရှိသွားသည်။
သူမက နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ သူမက သတိထားလျှင်တောင် လက်ဖက်ပျိုးပင်အမြစ်များကို တူးသည့်အချိန်တိုင်း အနည်းငယ်တော့ ပျက်စီးနေဆဲဖြစ်သည်။
မကြာမီ အပင်တစ်ရာကို တူးပြီးသွားပြီး ဟုန်မိန်က ရှန်းထင်ရွှမ်းကို ငွေပေးချေရန် ကူညီလိုက်သည်။
ရှန်းထင်ရွှမ်းက တဖန် မေးလိုက်သည်။ “စကားမစပ် ရှင်တို့အိမ်မှာ ဝက်လက်တွေရှိလား “
ဟုန်မိန်က သူမနဖူးရှိ ချွေးများကို သုတ်လိုက်ပြီး “အသားလား၊ ငါ့ဆီမှာ အချဉ်ဖောက်ထားတဲ့ ဝက်လက်တွေပဲ ရှိတယ်၊ နင်လိုချင်လား “
“လိုချင်တယ် “ ရှန်းထင်ရွှမ်းက ဝက်လက်များကို ယူလိုက်ပြီး ဟုန်မိန်ကို ယွမ်လေးရာပေးကာ ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။
ဟုန်မိန်ကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူမက ယွမ်လေးရာကို လွယ်လွယ်ကူကူ ရှာဖွေခဲ့ပြီး အသီးအိတ်အကြီးကြီးတစ်လုံးကိုတောင် ရရှိခဲ့သည်။ ဤအသီးအိတ်ကြီးက အနည်းဆုံး နှစ်ရက်လောက်တော့ စားနိုင်ပေသည်။
…
အခန်း (၃၂)
ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်သို့ လက်ဖက်ပျိုးပင်များ ယူလာပြီး ချက်ချင်း ပြန်လည်စိုက်ပျိုးလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ဖြင့် ၎င်းတို့ကို ရေလောင်းလိုက်သည်။ လက်ဖက်ပင်များကို စိုက်ပျိုးရန် နည်းလမ်းနှစ်ခု ရှိသည်။ ရှန်းထင်ရွှမ်းက ယခု ပထမနည်းလမ်းကို အသုံးပြုပြီး စိုက်ပျိုးနေခြင်း ဖြစ်သည်။ တခြားနည်းလမ်းက မျိုးစေ့ကို အသုံးပြု၍ မျိုးပွားခြင်းဖြစ်သည်။
လက်ဖက်ပျိုးပင်တစ်ရာကို ပြန်လည်စိုက်ပျိုးနေစဉ် ရှန်းထင်ရွှမ်းက ဒုတိယနည်းလမ်းကိုလည်း အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ရှန်းထင်ရွှမ်းက ကြီးမားကျယ်ဝန်းသည့် နေရာ၏ အလယ်တွင် အနည်းငယ် ကြဲနေသည့် လက်ဖက်ပျိုးပင်များကို ပြောင်းရွေ့စိုက်ပျိုးရန် ရွေးချယ်လိုက်သည်။
......
နေ့လယ်ခင်းအထိ အလုပ်ရှုပ်နေခဲ့ပြီး သူမကို တစ်ယောက်ယောက်က ခေါ်လိုက်သည်ကို မသဲမကွဲ ကြားလိုက်ရသည်။
ယင်းက တောင်ထိပ်တွင် ရှိနေစဉ် သာမန်လူများက မကြားနိုင်သည့်အရာ ဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းတွင် ကောင်းမွန်သည့် ဝိညာဉ်စွမ်းအင် ရှိသောကြောင့် သူမက ထိုအရာကို ကြားနိုင်ပေသည်။
ရှန်းထင်ရွှမ်းက တောင်အောက်သို့ ပြေးဆင်းလာခဲ့ပြီး ၎င်းက ရှောင်ဖုန်းဖြစ်သည်ကို တွေ့လိုက်ရသည်။
မနက်တုန်းက ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းဆီသို့ လာခဲ့သည်။ သူမက ထိုအချိန်တွင် အလုပ်ရှုပ်နေသည်ကို မြင်ခဲ့ပြီး သူက အလုပ်သို့ ပြန်သွားခဲ့သည်။ သူက နေ့လယ်တွင် ပြန်ရောက်လာသောအခါ သူက တောင်ခြေတွင် ရှန်းထင်ရွှမ်း၏ အရိပ်အယောင်ကို မမြင်ခဲ့ပေ။ သူက WeChat တွင် စာပို့ခဲ့သော်လည်း ပြန်စာမရရှိခဲ့ပေ။ ထို့ကြောင့် သူက အကြိမ်အနည်းငယ် အော်ရန် ကြိုးစားလိုက်သည်။ မမျှော်လင့်စွာပင် ရှန်းထင်ရွှမ်းက ၎င်းကို တကယ်ပဲ ကြားသွားခဲ့သည်။
“ဘာကိစ္စရှိလို့လဲ “
ရှောင်ဖုန်း။ “ငါ မင်းကို မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း ပြောမလို့၊ လူတစ်ထောင်မဲဖောက်ပေးဖို့ မင်းဘယ်လိုများ တွေးခဲ့တာလဲ “ မဲပေါက်သည့်သူက ပို့ဆောင်ခ ပေးရမည်ဆိုသော်ငြား ရှန်းထင်ရွှမ်း၏ အသီးများက နာမည်ကြီးသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ကောင်းကောင်း မရောင်းရမည်ကို စိုးရိမ်စရာမရှိပေ။ စူပါမောကို ကြည့်ပါက သူတို့က ဝယ်ယူမှုကို ကန့်သတ်ထားသော်လည်း လူတိုင်း ဝယ်နိုင်ရန် မလုံမလောက်ဖြစ်နေဆဲ ဖြစ်သည်။ ရှန်းထင်ရွှမ်းက အွန်လိုင်းစျေးဆိုင်တစ်ခု ဖွင့်ခဲ့လျှင် ၎င်းက ချက်ချင်း ရောင်းထွက်သွားလိမ့်မည် ဖြစ်သည်။ ရှန်းထင်ရွှမ်းက ဘာလို့မလုပ်ချင်နေမှန်း ရှောင်ဖုန်းက သိချင်မိသည်။
“အဲဒါ အမှန်ပဲ “
ရှောင်ဖုန်းက သူမကို အရမ်းများလွန်းသည်ဟု ပြောမည့်ဆဲဆဲတွင် ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
“ကျွန်မ ဒီည လူတစ်သောင်း မဲဖောက်ပေးချင်တယ်၊ ရှင် ဘယ်လိုထင်လဲ “
ရှောင်ဖုန်း။ “?”
ရှောင်ဖုန်းက အချိန်အတော်ကြာ မတုံ့ပြန်သည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက ထပ်မေးလိုက်သည်။
“မင်း ဘာလို့ အများကြီး မဲဖောက်ပေးချင်နေရတာလဲ “ ရှန်းထင်ရွှမ်း လုပ်ချင်သည့်အရာကို ရှောင်ဖုန်းက နားမလည်နိုင်ပေ။ အွန်လိုင်းစျေးဆိုင်မဖွင့်ခင် ကြော်ငြာခြင်းကဲ့သို့ မဟုတ်လျှင် သူတို့ကို ပေးပစ်နေသည်က မည်သည့်အကျိုးကျေးဇူးမှ ရနိုင်မည့်ပုံမပေါ်ပေ။
“လူတိုင်း မြည်းကြည့်နိုင်အောင်လို့လေ “ နောက်ပြီး တာဝန်က လူအများကြီး စားဖို့ လိုတယ်လေ။
“တကယ်တော့ မင်း အွန်လိုင်းစျေးဆိုင်တစ်ခု ဖွင့်နိုင်တာပဲ၊ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းပြီး ဝယ်ယူတာကို ကန့်သတ်လို့ရတယ်၊ ပို့ဆောင်ခကိုလည်း ရွေးချယ်လို့ရတယ်၊ ဒါမှမဟုတ် ပို့ခအခမဲ့ ပေးလို့လည်း ရတယ်၊ ဒါပေမဲ့ စျေးနှုန်းကိုတော့ တန်ဖိုးကြီးကြီး သတ်မှတ်ထားရမယ် “
ဤအကြံဉာဏ်က အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်ဟု ရှောင်ဖုန်းက ထင်မိသည်။ သို့သော် ရှန်းထင်ရွှမ်းအတွက် ဤအရာက သူမ တွေးထားသည့် နည်းလမ်းဖြစ်မည့်ပုံပေါ်ပေသည်။ သူမက သူမစိုက်ပျိုးထားသည့် အသီးများကို လူများစွာအား မြည်းစမ်းစေချင်ပေသည်။
“အဲဒီအကြောင်း စဉ်းစားထားလိုက်ပါ့မယ် “ နောက်ပိုင်းတွင် တာဝန်ပြီးမြောက်ရန် လူအများကြီး လိုအပ်ခဲ့လျှင် ရှောင်းဖုန်းပြောသည့်အကြံက အဖြေတစ်ခု ဖြစ်လာနိုင်ပေသည်။
“စကားမစပ် မင်း ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်ဦးမှာလား “ ရှန်းထင်ရွှမ်းက သူမထုတ်လွှင့်သည့် အချိန်တိုင်း သူ့ကို အမြဲတမ်း အံ့အားသင့်စေပေသည်။
“ခုထိတော့ မစီစဉ်ရသေးဘူး “ သူမက အစားအစာအားလုံးကို စားပြဖူးပြီး အပင်လည်း စိုက်ပြဖူးပေသည်။ သူမက တကယ်ပဲ ဘာလုပ်ရမလဲ မသိတော့ပေ။ ပစ္စည်းများ ရောင်းချသည့် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မတူညီပေ။ အသီးများကို စားပြီး အပင်များကို စိုက်ပျိုးခြင်းအပြင် ရှန်းထင်ရွှမ်းက အင်တာနက်အသုံးပြုသူများကို ပြသရန် တခြားဘာမှမရှိပေ။ “ရှင်ဘယ်လိုထင်လဲ “
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းထက် တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း ပိုသိပေသည်။ “တကယ်တော့ မင်းလိုမျိုး လမ်းကြောင်းတူတဲ့ တချို့အင်တာနက်ဆယ်လီတွေက တစ်ခါတစ်လေ ဟင်းချက်ပြတာမျိုး ဒါမှမဟုတ် ဘဝမှာ အသုံးပြုနိုင်တဲ့ တချို့ကျွမ်းကျင်မှုတွေ ထုတ်လွှင့်လေ့ရှိကြတယ်၊ ဥပမာပြောရရင် တချို့အင်တာနက်ဆယ်လီတွေက အင်တာနက်အသုံးပြုသူတွေကို ပန်းခြင်းတွေ ဘယ်လိုလုပ်ရလဲ သင်ပေးကြတယ်၊ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပဲ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ အင်တာနက်အသုံးပြုသူတွေနဲ့ စကားပြောကြတယ် “
ရှန်းထင်ရွှမ်း၏ လုပ်ဆောင်မှုအဆင့်က ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ယှဉ်လျှင် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သဘာဝမကျမှု မရှိတော့ပေ။ သူမက ယခု အင်တာနက်အသုံးပြုသူများနှင့် စကားပြောရာတွင် အလွန်ရင်းနှီးလာခဲ့ပြီး ကင်မရာရှေ့တွင်လည်း မျက်နှာက တောင့်တင်းမနေတော့ပေ။
ရှန်းထင်ရွှမ်းက ရှောင်ဖုန်းပြောသည့် ပြုလုပ်ရမည့်အရာများအကြောင်းကို စိတ်ဝင်စားလာခဲ့သည်။
“ငါ ဒီနေ့ ဘာကိုထုတ်လွှင့်ရမလဲ သိပြီ “
ရှောင်ဖုန်း။ “ဘာလဲ “
ရှန်းထင်ရွှမ်း။ “စားပွဲတစ်လုံးလုပ်မယ် “
တောင်အောက်တွင် စားပွဲတစ်လုံးရှိသော်လည်း ခြံဝန်းထဲတွင်မူ စားပွဲတစ်လုံးမှ မရှိသေးပေ။ သူမက နောက်ပိုင်းတွင် မီးဖိုချောင်ထဲ၌ စားနိုင်ရန် ထမင်းစားခန်းထဲတွင် စားပွဲတစ်လုံး ထားရပေလိမ့်မည်။
ရှန်းထင်က ထိုအကြောင်း တွေးလေလေ၊ ၎င်းက အကြံဉာဏ်ကောင်းတစ်ခုဖြစ်သည်ဟု ထင်မိလေလေဖြစ်သည်။
ရှောင်ဖုန်းကတော့ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နေပေသည်။ မဟုတ်သေးပါဘူး၊ တိုက်ရိုက်ထုတ်လွှင့်မှုအကြံဉာဏ်က ဘာလို့ ရုတ်တရက် စားပွဲလုပ်တာကို သင်ပြပေးဖို့ ဖြစ်သွားရတာလဲ။
“ငါ အရင်ဆုံး သွားပြင်လိုက်ဦးမယ်၊ ကျေးဇူးတင်ပါတယ်၊ ဘိုင့်ဘိုင် “ ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ပြန်ပြေးလာခဲ့သည်။
နောက်ဆုံးအခေါက်က တောင်ထိပ်တွင် အနီရောင်စန္ဒကူးပင်များ အများကြီး မရှိတော့ပေ။ ဤရက်များတွင် ရှန်းထင်ရွှမ်းက သတိရတိုင်း ရေသွားလောင်းနေခဲ့သည်။ ထို့ကြောင့် ပျိုးပင်အသစ် အနည်းငယ် ထွက်လာခဲ့သည်။
ရှန်းထင်ရွှမ်းက ဤပျိုးပင်ပေါက်များကို ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပေးခဲ့ပြီး အနီရောင်စန္ဒကူးပင်တစ်ပင်ကို ခုတ်လာခဲ့သည်။
သူမက ခြံဝန်းအပြင်ဘက်သို့ သစ်ပင်ကို ဆွဲလာခဲ့သည်။ နောက်ဆုံးတစ်ခေါက်တုန်းက ခုတင်တစ်လုံးပြုလုပ်သောအခါ သစ်ပင်ကို ဆွဲလာရသည်က အနည်းငယ် ခက်ခဲခဲ့သည်။ ယနေ့တွင်မူ အလွန်လွယ်ကူပေသည်။
ရှန်းထင်ရွှမ်းက သူမ၏ခန္ဓာကိုယ်တွင် ဝိညာဉ်သွေးကြောများ ပြန်လည်ရရှိလာမှုကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို ခံစားနိုင်ပေသည်။ သူမက ဝိညာဉ်သွေးကြောများ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိလာမည့်တစ်နေ့ကို အထူး မျှော်လင့်မိပေသည်။ နောက်ပြီး သူမက တာဝန်များပြုလုပ်ခြင်းကို ရပ်တန့်နိုင်ပေသည်။
စနစ်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “မင်းက အဝေးကြီး တွေးနေတာပဲ “
ရှန်းထင်ရွှမ်း။ “...”
ငါ နင့်ကို ပြောဖို့ ခွင့်ပြုလို့လား။
…
ညနေ ၅နာရီတွင် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။ လင့်ခ်ကို မျှဝေပြီးနောက် အချိန်တိုအတွင်း ကြည့်ရှုသူအရေအတွက်က တစ်သိန်းကျော်လာခဲ့သည်။
ရှောင်ဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ဝင်ရောက်လာသည့် ပထမဆုံးအဖွဲ့မှ ဖြစ်သည်။ သူက ကြည့်ရှုသူအရေအတွက်ကို ကြည့်ပြီး မှင်တက်နေခဲ့သည်။ မနေ့က ကြည့်ရှုသူအရေအတွက်သည် ချင်ယွဲ့ကျီ၏ မွေးနေ့ပွဲကြောင့်ဟု ပြောနိုင်ပေသည်။ ယနေ့က လူအများကြီးမရှိနိုင်ပေ။ သို့သော် ယခု အရေအတွက်က တိုးတက်နေဆဲဖြစ်သည်။
“အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ “ ရှန်းထင်ရွှမ်းက နှုတ်ဆက်လိုက်ပြီးနောက် အောက်ဘက်ရှိ မှတ်ချက်များကို ပွတ်ဆွဲလိုက်သည်။
[ဒီနေ့ ရှန်းသခင်လေးက လူတစ်သောင်းမဲဖောက်ပေးမယ်လို့ ကြားခဲ့တယ်။]
[ငါလည်း တိုက်ရိုက်ထုတ်လွှင်မှုထဲကို မဝင်ခင်တုန်းက Weibo မှာ ပြောနေကြတာ မြင်တယ်။ အဲ့ဒါ အမှန်ပဲလား။]
...
ရှောင်ဖုန်းက နားလည်သွားခဲ့သည်။ လက်စသတ်တော့ Weibo မှာ ကျော်ကြားသွားတာကြောင့်ကိုး။
လူတိုင်းက မေးနေကြသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ပြောရရင် မနေ့တုန်းက လူတစ်ထောင် မဲဖောက်ပေးခဲ့တယ်လေ၊ လူတစ်ယောက်ကို မက်မွန်သီးကတ်တီဝက်စီ ပေးခဲ့တယ်၊ ဒီနေ့ လူတစ်သောင်းမဲဖောက်ပေးမယ်ဆိုရင် လူတိုင်းက မက်မွန်သီးတစ်လုံးစီပဲ ရနိုင်မယ်၊ ရှင်တို့က ပို့ဆောင်ခ ပေးဖို့တော့လိုမယ်၊ ဒါ့ကြောင့် ရှင်တို့ ဘယ်လိုမျိုးလိုချင်လဲ၊ လူတစ်ထောင်စာ တစ်ယောက်ကို ကတ်တီဝက်စီယူမလား၊ လူတစ်သောင်းစာ တစ်ယောက်ကို တစ်လုံးစီယူမလား “
ပရိသတ်များအားလုံးက အောက်တွင် မှတ်ချက်များ ရေးလာကြသည်။
[လူတစ်သောင်း မဲဖောက်ပေးပါ။]
[လူတစ်သောင်းက ပိုကောင်းမယ်လို့ ထင်တယ်။]
[လူတစ်သောင်းကို ထောက်ခံတယ်။ ငါက သိပ်ကံမကောင်းဘူး။ လူတစ်သောင်းသာ မဲဖောက်ပေးရင် ငါလည်း ရနိုင်တယ်။]
……
ထောက်ခံသည့်သူရှိလျှင် ဆန့်ကျင်သည့်သူလည်း ရှိပေလိမ့်မည်။ သူတို့ထဲမှ ဖြတ်သွားဖြတ်လာ အများစုက မကျေနပ်ကြပေ။
[ရူးနေလား။ မက်မွန်သီးတစ်လုံးအတွက် ပို့ခ ၁၅ယွမ် ပေးရမှာလေ၊ ငါတော့ မက်မွန်သီးတစ်လုံးကို ၁၅ယွမ် ပေးမဝယ်ချင်ပါဘူး။]
[ဒီထုတ်လွှင့်သူက ပို့ဆောင်ရေးကုမ္ပဏီနဲ့ ပါတနာလုပ်ထားတာဖြစ်မယ်။ လူတွေရဲ့ပိုက်ဆံတွေကို လိမ်ယူနေတယ်။ လူတိုင်းပဲ ထွက်သွားကြပါ။]
[သေချာတယ်။ ဒီကမ္ဘာမှာ အလကားရတဲ့ နေ့လယ်စာမရှိဘူး။ ဒီတော့ ငါနုတ်ထွက်တယ်။]
...
ပရိသတ်များက ထိုမှတ်ချက်များကို မြင်သောအခါ စတင်ငြင်းခုံကြတော့သည်။
[အားရွှမ်းရဲ့အသီးတွေက အရမ်းအရသာရှိတယ်။]
[၁၅ယွမ်က ဘာပြဿနာရှိလို့လဲ။ မင်းတို့ စူပါမောကို သွားဝယ်ရင်တောင် ဘာမှဝယ်လို့ရမှာ မဟုတ်ဘူး။]
[ပါးစပ်ပိတ်ထားစမ်း။ နင်က ဒီဆုကို ရမယ်လို့ ထင်နေတာလား။ အခုထွက်သွားလိုက်စမ်းပါ။ နှုတ်ဆက်စရာမလိုဘူး။]
...
ရှန်းထင်ရွှမ်းက ဂရုမစိုက်ပေ။ ကြည့်ရှုသူက ရှစ်သောင်းသာ ရှိပေသည်။
ဒါပေမဲ့ မနေ့ကထက်တော့ ပိုများတယ်လေ။ ဟုတ်တယ်မလား။ အင်တာနက်သုံးစွဲသူအများစုက လူတစ်သောင်းမဲဖောက်ပေးဖို့ကို ထောက်ခံနေကြဆဲဖြစ်သည်ကို မြင်ပြီး သူမက ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆို ဒီနေ့ လူတစ်သောင်းကို မဲဖောက်ပေးမယ် “
ထိုကိစ္စကို အဆုံးသတ်ရန် ရှန်းထင်ရွှမ်းက ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်သည့် အကြောင်းအရာကို စတင်လိုက်သည်။ “စကားမစပ် ဒီနေ့ လူတိုင်းကို စားပွဲတစ်လုံးလုပ်ပြမယ် “
ငြင်းခုန်နေကြဆဲဖြစ်သည့် မှတ်ချက်များက ရုတ်တရက် ...
[? ? ?]
[ငါ အခု ဘာကြားလိုက်တာလဲ။]
[စားပွဲတစ်လုံးလုပ်မှာလား။]
[မဟုတ်ဘူးလေ။ အစ်မလေးက လယ်သမားမဟုတ်ဘူးလား။]
[ငါ နားကြားလွဲတာလို့ထင်တယ်။ ဒါပေမဲ့ စားပွဲတစ်လုံးဖြစ်မယ်လို့တော့ မထင်ဘူး။]
...
ရှန်းထင်ရွှမ်းက နေရာတစ်ခုကို ရှာလိုက်ပြီး ဖုန်းကို ထားလိုက်ပြီး ကင်မရာက သူမကို မြင်နိုင်တာ သေချာစေရန် အလယ်သို့ ခုတ်လာသည့် အနီရောင်စန္ဒကူးပင်ကို ဆွဲလာခဲ့သည်။
မှတ်ချက်များက ပြောင်းလဲသွားခဲ့သည်။
[ချီးပဲ။ မင်း တကယ်ပဲ စားပွဲတစ်လုံးလုပ်ချင်နေတာလား။]
[ဒီအပင်က ဘာပင်လဲ။ အရောင်က အရမ်းလှတယ်လို့ ငါထင်တယ်။]
[အနီရောင်စန္ဒကူးပင်လေ။ ဒါပေမဲ့ ဒီအပင်က အရမ်းစျေးကြီးတယ်။]
[ငါ တွေးနေတာက မတူဘူး။ ဒီအပင်က အရမ်းကြီးလွန်းတယ်။ အားရွှမ်းက ဒါကို ဘယ်လို ဆွဲလာခဲ့တာလဲ။]
[အဓိပ္ပာယ်မရှိတာ။ သူ့ကို ကူညီဖို့ တစ်ယောက်ယောက် ရှိမှာပေါ့။ ဒါပေမဲ့ သူ့မျက်နှာကို မပြဘူးနော်။]
[ဒါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပဲ။ နောက်ကွယ်မှာ အဖွဲ့တစ်ဖွဲ့ရှိမှာပေါ့။]
……
ရှောင်ဖုန်းက ထိုမှတ်ချက်များကို မြင်ပြီး ပထမဆုံးအကြိမ် အောက်တွင် မှတ်ချက်ရေးလိုက်သည်။
[အားရွှမ်းက အဖွဲ့မရှိဘူး။ သူမက တစ်ယောက်တည်း ရှိတာ။]
မကြာမီ တစ်ယောက်က ပြန်ပြောလိုက်သည်။
[ဟာသပဲ။ လူတစ်ယောက်တည်းနဲ့ ဒီသစ်ပင်ကို ဘယ်လိုလုပ် ဆွဲလာနိုင်မှာလဲ။]
[ငါက အားရွှမ်းရဲ့ ပရိသတ်ဆိုပေမဲ့ ငါထင်တာတော့ တစ်ယောက်ယောက်က ကူညီပေးတာပဲ ဖြစ်ရမယ်။]
သစ်ပင်က အလွန်လေးပေသည်။ မိန်းကလေးတစ်ယောက်က ၎င်းကို ဘယ်လိုလုပ် ဆွဲလာနိုင်မည်နည်း။
...
ဘယ်သူမှ ရှောင်ဖုန်းကို မယုံကြပေ။ ရှောင်ဖုန်းက အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ ဤလူများက အမြင်အနည်းငယ် ရှိလျှင် သိသင့်ပေသည်။ ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မည့်သည့်ကိရိယာမှ မရှိပေ။ အလှအပစစ်ထုတ်မှုကိရိယာကိုတောင် မရှိပေ။ ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုက မည်ကဲ့သို့ အဖွဲ့တစ်ဖွဲ့ရှိသည့်ပုံပေါ်နေသနည်း။
...
ရှန်းထင်ရွှမ်းက ထိုမှတ်ချက်များကို မဖတ်ခဲ့ပေ။ သူမက ခုတင်တစ်လုံးပြုလုပ်တုန်းကလိုမျိုး သစ်ပင်ကို စတင်ကိုင်တွယ်လိုက်သည်။ ပထမဆုံး အပြင်ဘက်ရှိအကိုင်းများကို ဖြတ်တောက်လိုက်ပြီး အပြင်ဘက်အကျဆုံးအဝိုင်းများကို ဖြတ်တောက်လိုက်ကာ အလယ်တွင် ထောင်မှန်စတုဂံပုံစံ ကိုယ်ထည်ကို ချန်ထားခဲ့သည်။
ရှန်းထင်ရွှမ်းက ထောင့်မှန်စတုဂံပုံစံ ထမင်းစားစားပွဲတစ်လုံးကို ပြုလုပ်ရန် ရည်ရွယ်ထားပေသည်။ အလျားက နှစ်မီတာခန့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထမင်းစားခန်းကလည်း ကြီးမားပြီး ဘာမှမရှိသေးပေ။ ထို့ကြောင့် စားပွဲကို ကြီးကြီးမားမား လုပ်နိုင်ပေသည်။ အကျယ်အတွက်မူ သူမက ၁.၂ မီတာခန့် ပြုလုပ်ရန် စီစဉ်ထားပေသည်။
ပထမဆုံး စားပွဲခြေလေးချောင်းကို ပြုလုပ်လိုက်သည်။ သူမက အချင်း ၁၀ စင်တီမီတာခန့်ရှိသည့် အနည်းငယ် ထူသည့်သစ်ကိုင်း လေးချောင်းကို ရွေးလိုက်သည်။ စားပွဲထောင့်များက အလေးချိန်အများကြီးကို အတော်အသင့် ထောက်ပင့်ထားနိုင်ပေသည်။
သစ်ကိုင်းများကို ချော့မွေ့စွာ ဖြတ်တောက်လိုက်ပြီး ဆောက်ဖြင့် ချောမွေ့အောင် ပြုလုပ်လိုက်ကာ ဘေးတွင် ချထားလိုက်သည်။
ရှန်းထင်ရွှမ်းက သစ်ပင်ပတ်လည်မှ စက်ဝိုင်းခြမ်းပုံလေးခုကို ဖြတ်တောက်လိုက်သည်။ အလျားကို ၁.၅ မီတာခန့်ဖြတ်တောက်လိုက်ပြီး ၂ခုကို ရွေးလိုက်သည်။ သူမက အဆက်နေရာများကို တူးလိုက်ပြီး စားပွဲခြေထောက်အတွက်လည်း အတူတူ ပြုလုပ်လိုက်သည်။
ရှန်းထင်ရွှမ်းက စားပွဲခြေထောက်များထဲမှ တစ်ခုကို ထည့်လိုက်ပြီးနောက် ၎င်းတို့ကို အံဝင်ခွင်ကျ ဖြစ်သွားစေရန် နှစ်ခါလောက် ဖိတွန်းလိုက်သည်ကို လူတိုင်းက မြင်သွားခဲ့သည်။
[ငါ ဘာမေ့နေတာလဲ။]
[အမေ့ရေ ဒါက တကယ်ပဲလား။]
[မင်းက ဝက်အူတွေမပါဘဲ စားပွဲကို ဆက်လိုက်နိုင်တယ်။ ငါ ဒူးထောက်ပါတယ်။]
...
ရှန်းထင်ရွှမ်းက ထိုအရာများအတွက် အပေါ်အောက်အဆက်ကို ပြုလုပ်လိုက်သည်။ တခြားခြေထောက်များကိုလည်း ယခင်ကကဲ့သို့ ပြုလုပ်ပြီးနောက် စားပွဲအောက်ခြေက ပြီးသွားခဲ့သည်။
ရှန်းထင်ရွှမ်းက ၎င်းသည် အလေးချိန်အများကြီးကို ထောက်ပင့်နိုင်သည်ဟု ထင်ပေသည်။
မှတ်ချက်ပေးသည့်နေရာကတဖန် စည်ကားလာခဲ့သည်။
[ငါ တကယ်ပဲ စားပွဲတစ်လုံးလုပ်ချင်လာသလိုပဲ။]
[ငါနားမလည်ပေမဲ့ စိတ်ဝင်တစားကြည့်နေမိတုန်းပဲ။]
...
စားပွဲအောက်ခြေကို ကိုင်တွယ်ပြီးနောက် ရှန်းထင်ရွှမ်းက အရင်က တိုင်များကို နှစ်မီတာစီခွာပြီး ဖြတ်လိုက်သည်။ အနီရောင်စန္ဒကူးသစ်ပင်ကိုလည်း သုံးပိုင်းဖြတ်လိုက်သည်။
ရှန်းထင်ရွှမ်းက အထူ သုံးစင်တီမီတာစီဖြင့် အနီရောင်စန္ဒကူးသား သုံးပိုင်းကို ခွဲလိုက်သောအခါ ထောင့်မှန်စတုဂံအပြားများ ထွက်လာပေသည်။
[ဒီအစ်မလေးက တိုဟူးဖြတ်နေသလိုပဲ ခံစားနေရတယ်။]
[ဒီအပင်က ရော်ဘာနဲ့လုပ်ထားလို့ လွယ်လွယ်ကူကူ ဖြတ်လို့ရနေတာ။]
[မဟုတ်ဘူး။ ဒါက အနီရောင်စန္ဒကူးသား။ သေချာသလောက်ပဲ။]
...
ရှန်းထင်ရွှမ်းက ထိုအပြားများကို ချောမွေ့စွာ ပွတ်တိုက်လိုက်ပြီးနောက် ဘေးဘက်ရှိ လျှာထိုးနှင့် မြောင်းအဆက်တချို့ကို ဆက်ဖြတ်လိုက်သည်။ ထို့နောက် ဤအပြားများကို အတူတကွ ဆက်လိုက်သည်။ နောက်ဆုံးတွင် သူမက ၎င်းတို့ကို အောက်ခြေသို့ တပ်ဆင်လိုက်သည်။
စားပွဲတစ်လုံးက ပြီးသွားပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ၎င်းကို အပြီးသတ်ရန် စားပွဲကို ကော်ပတ် စားလိုက်သည်။
ရှန်းထင်ရွှမ်းက ကျန်သည့်သစ်သားများဖြင့် ထိုင်ခုံသုံးခုံ ပြုလုပ်လိုက်သည်။
အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များက တညီတညာတည်း စတင်ထွက်ပေါ်လာတော့သည်။
[အစ်မလေးက အရမ်းတော်တာပဲ။]
[နောက်ကျရင် အိမ်မှာ ပရိဘောဂတွေကို ကိုယ့်ဘာသာလုပ်လို့ရနေပြီပဲ။ ငါ အဲဒါတွေကို ဝယ်သင့်သေးလား။]
[ဒီလိုမိန်းမပျိုလေးကို လက်ထပ်လိုက်ရင် ပိုက်ဆံတွေအများကြီး ချွေတာနိုင်တယ်။]
[အပေါ်ကတစ်ယောက် ထွက်သွားလိုက်တော့။ အစ်မလေးက နင့်ကို အထင်မကြီးဘူး။]
...
ရှန်းထင်ရွှမ်းက ပြုလုပ်ပြီးနောက် ဖုန်းကို မျက်နှာမူလိုက်သည်။
“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်က ပြီးပါတော့မယ်၊ လူတစ်သောင်းမဲဖောက်ပေးပါမယ်၊ တစ်ယောက်ကို မက်မွန်သီးတစ်လုံးစီ ရပါမယ်၊ ကျေးဇူးပြုပြီး ပို့ဆောင်ခ ပေးဖို့လိုတာကို သတိပြုပေးပါ၊ ဒါကို လက်ခံတဲ့သူတွေက မဲနှိုက်ပေးကြပါ “
မဲဖောက်ရန် ပြင်ဆင်ပြီးနောက် ရှန်းထင်ရွှမ်းက အင်တာနက်အသုံးပြုသူများအား စည်းမျဉ်းများကို ထပ်ပြီး သတိပေးလိုက်သည်။
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
ချင်ယွဲ့ကျီ။ ငါကရော?
အားချီ။ အာ ဆောရီး။ ငါ မေ့သွားတယ်။ ဒါမှမဟုတ် ခဏလောက်စောင့်ပါလား။
ချင်ယွဲ့ကျီ။ ငါက ဇာတ်လိုက်မင်းသားဆိုတာ သေချာလား။
…
အခန်း (၃၃)
ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ပြီးနောက် သူမက အရင်ဆုံး ထမင်းစားခန်းကို သန့်ရှင်းရေးလုပ်ရန် သွားခဲ့သည်။ ထို့နောက် အသစ်ပြုလုပ်ထားသော စားပွဲနှင့် ထိုင်ခုံများကို အထဲသို့ ရွှေ့လိုက်သည်။
ညစာစားပြီးနောက် ရှန်းထင်ရွှမ်းက ပန်းကန်ဆေးစက်ထဲသို့ ပန်းကန်လုံးကို ထည့်လိုက်ပြီး ရေပူဖြင့် ရေချိုးလိုက်သည်။ နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက သူမကိုယ်တိုင် ရေနွေးအိုးတည်စရာ မလိုတော့ပေ။ သူမက ပျော်ရွှင်နေပေသည်။
သူမက ညအိပ်ဝတ်စုံကို လဲဝတ်ပြီးနောက် လဲလိုက်သည့် အဝတ်များကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် ပျော်ရွှင်စွာ လဲလျောင်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန် အသင့်ဖြစ်နေပေသည်။
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမစသေးခင် စပ်ကြားအချိန်ကို ရှန်းထင်ရွှမ်းက မဲပေါက်သူများ၏ လိပ်စာတချို့ကို ပရင့်ထုတ်ရန် ကောင်းကောင်း အသုံးချလိုက်သည်။
……
ယခင်က Weibo ပေါ်တွင် ရှန်းထင်ရွှမ်းက လူတစ်သောင်းအား အသီးများ မဲဖောက်ကာ ပို့ပေးမည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး များစွာသော အင်တာနက်သုံးစွဲသူများက ပြန်လည်မျှဝေခဲ့ကြသည်။ ထို့အပြင် မဲပေါက်သူများက ပို့ဆောင်ခကိုလည်း ပေးဆောင်ရန် လိုအပ်ပေသည်။
အဓိကအကြောင်းရင်းမှာ လူတစ်သောင်းအတွက် တစ်ယောက်လျှင် အနည်းဆုံး မက်မွန်သီးတစ်ကတ်တီစီ ရလိမ့်မည်ဟု ဤအင်တာနက်အသုံးပြုသူများက ထင်နေကြခြင်းဖြစ်ပြီး သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ကြည့်ခဲ့ကြသည်။ ထို့နောက် မဲပေါက်သည့် လူတစ်သောင်းက တစ်ယောက်လျှင် မက်မွန်သီးတစ်လုံးစီသာ ရရှိလိမ့်မည်ကို သူတို့က တွေ့ရှိသွားခဲ့ကြသည်။ ထပ်ပြောရလျှင် ပို့ဆောင်ခကိုလည်း သူတို့ကိုယ်တိုင် ပေးချေရမည်ဖြစ်သည်။ သူတို့က ချက်ချင်း စိတ်ပျက်သွားကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မပြီးသေးခင် ဤအင်တာနက်အသုံးပြုသူများက Weibo ပေါ်ရှိ နေရာအနှံ့တွင် ပို့စ်တင်ခဲ့ကြကာ ရှန်းထင်ရွှမ်း၏ Weibo သို့ မှတ်ချက်များပေးရန် သွားခဲ့ကြပြီး ဤအရာများကို တခြား Weibo အကောင့်များပေါ်တွင်လည်း ဖော်ပြခဲ့ကြပြီး ပြန်တင်သည့် ပမာဏက အတော်လေးမြင့်မားပေသည်။
မကြာမီ များစွာသော အင်တာနက်အသုံးပြုသူများက ဤအကြောင်းကို သိသွားကြသည်။
...
နောက်ဆုံးအခေါက်က ဝယ်ယူခဲ့သည့် ရေတပ်များနှင့်ပတ်သက်ပြီး ဝမ့်ချန်က အလွန်မကျေမနပ်ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက စတိုးဆိုင်မှ ဝမ့်ချန်အား မှတ်ချက်ကောင်းများ ပြောရန် တောင်းဆိုခဲ့ပြီး မကောင်းသော မှတ်ချက်များကို ဖျက်ပေးရန်နှင့် သူတို့ရေတပ်က ဆိုးဝါးသည်ဟု ကြေညာခြင်းများအား ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ထိုမှတ်ချက်များကို ယနေ့ Weibo တွင် မြင်ပြီး ဝမ့်ချန်က သူတို့၏ ကောင်းကျိုးကို အဖတ်ဆယ်ရန် စတိုးဆိုင်အား အခွင့်အရေးတစ်ခု ပေးရန် ရည်ရွယ်လိုက်သည်။
...
မကြာမီ ဤရေတပ်များက တဖန် စေလွှတ်ခံလိုက်ရသည်။
ရှန်းထင်ရွှမ်း၏ ဆိုးရွားသည့်သတင်းများအကြောင်းက Weibo တွင် ပိုပိုပြီးများလာခဲ့သည်။
[@အပင်စိုက်တဲ့အားရွှမ်းက ထင်ပေါ်ကျော်ကြားချင်ရုံသက်သက်ပဲ။ သူမက လူတစ်သောင်းကို မက်မွန်သီးတစ်လုံးပေးပြီး မဲဖောက်ပေးတယ်။ ပြီးတော့ ပို့ဆောင်ခကိုလည်း ကိုယ်တိုင်ပေးချေရသေးတယ်။ သူမက ငါတို့ရဲ့ အချက်အလက်တွေကို ခိုးယူနေရင် ဘယ်သူသိမှာလဲ။]
[အများပြည်သူနဲ့ဆိုင်တဲ့ အချက်အလက်တွေ။ အဲဒါတွေကို ရောင်းလိုက်ရင်တောင် တစ်ခုကို ၃ဆင့်လောက် ရှိတယ်။ တစ်နေ့ကို လူတစ်သောင်းဆိုရင် မင်းက ယွမ် ၃၀၀ တောင် ရနိုင်တယ်။ တစ်လဆို ဘယ်လောက်တောင် ရမလဲ။ ပြီးတော့ @အပင်စိုက်တဲ့အားရွှမ်း က မက်မွန်သီးတစ်လုံးပဲ ပေးတာလေ။]
[ယုံချင်ယုံ မယုံချင်နေ။ မနက်ဖြန်ကျရင် အဲ့ဒီအားရွှမ်းက လူတစ်သောင်း ဒါမှမဟုတ် လူနှစ်သောင်းကို မဲဖောက်ပေးပြီး မင်းတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ခိုးယူနေဦးမှာပဲ။ အဲ့လိုမဟုတ်ရင် ငါ ချီးစားပြီး တိုက်ရိုက်ထုတ်လွှင့်ပြမယ်။]
[ငါ အင်တာနက်အသုံးပြုသူတွေကို ပြောချင်တာက အာရုံစိုက်မှုပေးပြီး အလိမ်မခံကြနဲ့။]
[အမှိုက်တွေ။ @အပင်စိုက်တဲ့အားရွှမ်းက ဖေးမိသားစုနဲ့ အဆက်အသွယ် ရှိတယ်။ ပြီးတော့ သူမအသီးတွေကို အဲ့ဒီမှာ ရောင်းတာ။]
…
လူတချို့ကလည်း ၎င်းကို ပြန်လည်ချေပကြသည်။
[ဘယ်အချက်အလက်က အခိုးခံရတာလဲ။ သူမ ပူးပေါင်းဆောင်ရွက်နေတာက ဝိုင်ပို့ဆောင်ရေးလေ။]
[မဲဖောက်ပေးတာက စေတနာအလျောက်လေ။ နင် မပါချင်ရင် ထွက်သွားလို့ရတယ်။]
[မက်မွန်သီးတွေက စူပါမောမှာ ဝယ်ရင် တစ်လုံးကို ၅ယွမ် ရှိတယ်။]
[အားရွှမ်းရဲ့အသီးတွေက တကယ်ပဲ အရသာရှိတာ။ ပြီးတော့ စျေးကွက်တင်ရောင်းစရာတောင် မလိုဘူး။]
...
မကြာမီ ဤဆွေးနွေးသံများက အားနည်းလာပြီး ရှာဖွေမှုအမြင့်ဆုံးက အင်တာနက်သုံးစွဲသူများကို ဆွဲဆောင်သွားခဲ့သည်။
#’ဓားနတ်သမီး’ မိတ်ကပ်ဓာတ်ပုံ#
‘ဓားနတ်သမီး’ က ဒါရိုက်တာကျန်းချန် ရိုက်ကူးမည့် နောက်ဇာတ်လမ်းတွဲတစ်ခု ဖြစ်သည်။
ကျန်းချန်က မူလကတည်းက ထိပ်တန်းဒါရိုက်တာတစ်ယောက် ဖြစ်သည်။ သူရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲက ကြော်ငြာစရာမလိုပေ။ ၎င်းတွင် သူ့ကိုယ်ပိုင်လမ်းကြောင်း ရှိပေသည်။ ထို့အပြင် မကြာသေးခင်က ‘ဓားနတ်သမီး’ ၏ အဓိကခေါင်းဆောင်မင်းသားက ချင်ယွဲ့ကျီဖြစ်သည်ဟု ဝန်ထမ်းတစ်ယောက်မှ ခိုးကြောင်ခိုးဝှက် သတင်းထုတ်ပြန်ခဲ့သည်။
ချင်ယွဲ့ကျီက ဖြတ်လျှောက်အနုပညာရှင်တစ်ယောက်မှ အင်အားကြီးသည့် သရုပ်ဆောင်တစ်ယောက် အဖြစ်သို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ပရိသတ်များစွာ ရှိပေသည်။ ထိုသတင်းကို ကြားပြီးနောက် များစွာသော ပရိသတ်များက သူတို့၏ မျှော်လင့်ချက်များကို ဖော်ပြလာကြသည်။
သူတို့က Weibo ပို့စ်ကို မြင်သောအခါ လူတိုင်းက မှင်တက်သွားကြသည်။
[ဓားနတ်သမီး။ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပါ။ မင်္ဂလာပါ။ @ကန်းချန်ယွင် @ရှန်းရွှမ် ......]
တရားဝင်ကြေညာချက်တွင် ချင်ယွဲ့ကျီ၏ပုံ မပါရှိပေ။ ပရိသတ်များက ရုတ်တရက် ဒေါသထွက်လာကြသည်။
[ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်က ငါတို့အစ်ကိုလို့ မပြောခဲ့ဘူးလား။]
[ချီးပဲ။ ဝန်ထမ်းတွေက တော်တော်မရိုးသားဘူး။ ဒါက လှည့်စားမှုတစ်ခုလား။]
[ကန်းချန်ယွင်က အရမ်းချောပေမဲ့ ချင်ယွဲ့ကျီရဲ့ သရုပ်ဆောင်စွမ်းရည်က ပိုကောင်းတာ အသိသာကြီးပဲ။]
[ဒါက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။]
...
ကန်းချန်ယွင်က အနည်းငယ် လတ်ဆတ်သည့် အသားများထဲမှ တစ်ခုဖြစ်သည်။ သူကလည်း ပရိသတ်များစွာ ရှိပေသည်။ သို့သော် သူက ချင်ယွဲ့ကျီနှင့် မယှဉ်နိုင်ပေ။ ပြောရလျှင် သရုပ်ဆောင်သောအခါတွင် သူတို့နှစ်ယောက်က အမှန်တကယ် အဆင့်မတူကြပေ။ (မှတ်စု။ လတ်ဆတ်သည့်အသားအနည်းငယ်ဟူသည့် စကားလုံးသည် ငယ်ရွယ်ချောမောသည့် အမျိုးသားများကို ဖော်ပြရာတွင် အသုံးပြုပြီး တရုတ်ပြည်ရှိ အင်တာနက်တွင် လူအများပြောကြသည့် စကားလုံးဖြစ်သည်။ သာမန်အားဖြင့် ထင်ရှားကျော်ကြားသူများ အထူးသဖြင့် တက်သစ်စ ကြယ်ပွင့်များအတွက် အများဆုံးသုံးလေ့ရှိသည်။)
ထို့ကြောင့် ခေါင်းဆောင်မင်းသားက ချင်ယွဲ့ကျီမဟုတ်သည်ကို ကန်းချန်ယွင်၏ ပရိသတ်များက မြင်သောအခါ သူတို့က တခြားတစ်ဖက်မှ အပြစ်ရှာခဲ့ကြသည်။
[ငါတို့မိသားစုရဲ့ ချန်ယွင်က စီနီယာချင်ယွဲ့ကျီရဲ့ဇာတ်လမ်းကို သေချာပေါက် ဘေးပေါက်ကနေ ယူခဲ့တာ မဟုတ်ဘူး။ အစောပိုင်း လွန်ခဲ့တဲ့ လအနည်းငယ်ထဲက ဒါရိုက်တာကျန်းက ခေါင်းဆောင်မင်းသားကို ရွေးဖို့ စလုပ်ခဲ့တာ။ ချန်ယွင်က လူရွေးပွဲပြီးတော့ အရွေးခံလိုက်ရတာ။]
...
ချင်ယွဲ့ကျီ၏ ပရိသတ်များက သူတို့ပြောသည်ကို ကြားသောအခါ ပိုပြီးတောင် ဒေါသထွက်လာခဲ့ကြသည်။ ချင်ယွဲ့ကျီက ကန်းချန်ယွင်ထက် ပိုပြီး သရုပ်ဆောင်မကောင်းကြောင်း ရှင်းလင်းစွာ ဖော်ပြနေပေသည်။
နှစ်ဖက်လုံးရှိ ပရိသတ်များက ထိုနေ့က လူရွေးပွဲသို့ သွားခဲ့သည့် လူများကို ရှာလိုက်ကြသည်။ ရလဒ်အနေဖြင့် ချင်ယွဲ့ကျီက လူရွေးပွဲသို့ မသွားခဲ့ကြောင်း သူတို့က ရှာတွေ့သွားခဲ့ကြသည်။
ချင်ယွဲ့ကျီ၏ ပရိသတ်များက အိုက်မင်ကို ဆက်သွယ်လိုက်ကြပြီး ထိုအကြောင်း မေးလိုက်ကြသည်။
မကြာသေးမီက အိုက်မင်သည် ချင်ယွဲ့ကျီနှင့်အတူ သူ၏ အချိန်ဇယားများကို ပြီးမြောက်ရန် သွားလိုက်ပြန်လိုက် ပြေးလွှားနေခဲ့ရပြီး အင်တာနက်ပေါ်မှ သတင်းများကို မြင်ခဲ့သည်။ ပထမ၌ သူက အနည်းငယ် သဘောမကျခဲ့ပေ။ နောက်ပြီး ရုပ်ရှင် မစတင်ခင်တွင် ရုပ်ရှင်အဖွဲ့သားများစွာက တစ်ခါတစ်ရံ ချင်ယွဲကျီ၏နာမည်ကို ကိုးကားခဲ့ကြသည်။
သူတို့က မအံ့ဩခဲ့ပေ။ အဆုံးတွင် သူတို့က လူတိုင်းက ပါးစပ်ပေါက်ကို လိုက်မပိတ်နိုင်ပေ။ ယင်းက တကယ်ပဲ ရုပ်ရှင်ရိုက်သည်ဖြစ်စေ၊ မရိုက်သည်ဖြစ်စေ၊ ၎င်းကို တရားဝင်ကြော်ငြာသောအခါ လူတိုင်းက သိသွားပေလိမ့်မည်။
သို့သော် ဤအချိန်တွင် ၎င်းက အလွန်ကျယ်လောင်သွားပုံရပေသည်။
အိုင်မင်က ပထမဆုံး ဖုန်းခေါ်ဆိုသည့် ပရိသတ်များကို ပြန်ပြောလိုက်သည်။ ချင်ယွဲ့ကျီက ဇာတ်ညွှန်းကို လက်ခံခဲ့သော်လည်း အချိန်ဇယားများက အဆင်မပြေသောကြောင့် ငြင်းဆိုခဲ့ကြောင်း သူက ပြောလိုက်သည်။
အမှန်တကယ်တော့ ဒါရိုက်တာကျန်း၏ ဇာတ်ညွှန်းက သာမန်အားဖြင့် အရည်အသွေး ကောင်းမွန်သော်လည်း ဇာတ်ကွက်တစ်ခုချင်းစီက အနည်းငယ် ဆိုးဝါးသည်ဟု ခံစားခဲ့ရသည်။ နတ်သမီးစကြ၀ဠာအမျိုးအစား(ရှန်းရှ)၏ ပရိသတ်များက အလွန်များပြားပြီး ပုံများက အထူးကောင်းမွန်ပေသည်။ ယင်းက သေချာပေါက် လူအများအပြားကို ဆွဲဆောင်နိုင်ပေသည်။
သို့သော် ဇာတ်ကြောင်းက မပြည့်စုံပေ။ ပုံများက အတုအယောင်ဖြစ်လွန်းပေသည်။ ၎င်းက သေချာပေါက် ကျော်ကြားလိမ့်မည်မဟုတ်ပေ။
ပိုပြီးပြောရလျှင် ဤဇာတ်လမ်းတွဲက အမျိုသမီးများကို အနည်းငယ် နှိမ့်ချထားပေသည်။ ထို့ကြောင့် ချင်ယွဲ့ကျီက ငြင်းဆိုခဲ့သည်။
......
ထိုတုံ့ပြန်ချက်ကို ရရှိခဲ့သည့် ပရိသတ်များက လျင်မြန်စွာ ပြန်လည် တုံ့ပြန်လိုက်ကြသည်။
[@ကျန်းချန်၊ ရှင့်ကို ဒီလိုဒါရိုက်တာမျိုး ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ ငါတို့အစ်ကိုက ရိုက်ကူးရေးမှာ မပါဝင်ခဲ့ဘူး။ ရုပ်ရှင်အဖွဲ့သားက ပရိသတ်တွေကို ဟာသတစ်ခုလို အစပြုခဲ့တယ်။ ဒါက ပျော်ဖို့ကောင်းလား။]
[နေပါဦး။ @ကျန်းချန်က ဒီလိုလုပ်တာတော့ တကယ်မမိုက်ဘူး။]
[ဒါရိုက်တာ @ကျန်းချန် က သေချာပေါက် ဒီလိုအရာတွေ လုပ်ဖို့ စိတ်ရှုပ်ခံမှာမဟုတ်ဘူးလို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ အခု ငါက ကန်းနေခဲ့တာပဲ။ ကိစ္စမရှိဘူး။ ပုဂ္ဂိုလ်ရေးအရ #ဓားနတ်သမီး# ကို ဆန့်ကျင်တယ်။]
[ဆန့်ကျင်တယ်။ +၁]
......
ဒါရိုက်တာတစ်ယောက်အနေဖြင့် ကျန်းချန်က ကွန်ရက်၏အင်အားနှင့် ပတ်သက်ပြီး သေချာပေါက် စိုးရိမ်မိပေသည်။ ယင်းက ဒရာမာတစ်ခု၏နောက်ကွယ်ရှိ အရေးပါသော စျေးကွက်၏ အကျိုးသက်ရောက်မှု ရှိပေသည်။
မိတ်ကပ်ဓာတ်ပုံများ ပြီးနောက် အင်တာနက်အသုံးပြုသူများက သူတို့၏ မင်းသားနှင့် မင်းသမီးကို အမွှန်းမတင်ကြဘဲ သူ့ကို ဆူပူနေကြသည်လား။
ဤမိတ်ကပ်ပြင်ဆင်ထားသည့် ဓာတ်ပုံများက ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက် ပြင်ဆင်ပေးထားသည့် ပုံစံတစ်ခု ဖြစ်ကြောင်း သူသိပေသည်။
အင်တာနက် အသုံးပြုသူများက ဆူပူနေကြသည်ကို မြင်သောအခါ ကျန်းချန်က ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။
ရုပ်ရှင်အဖွဲ့သားတစ်ယောက်က ချင်ယွဲ့ကျီကို ငှားထားလားဟု သူ့ကို မေးခဲ့ဖူးသည်။ ထိုအချိန်၌ သူက သတင်းထောက်ဆီသို့ ပြန်လာခဲ့ပြီး ခေါင်းဆောင်မင်းသားမှာ ချင်ယွဲ့ကျီ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
မမျှော်လင့်စွာပင် ယင်းက ချင်ယွဲ့ကျီဖြစ်သည်ဟု ထင်နေကြသည့် အင်တာနက် အသုံးပြုသူများစွာက ယနေ့ထိ ရှိနေဆဲဖြစ်သည်။ သူက ချင်ယွဲ့ကျီကို “ဓားနတ်သမီး” တွင် ခေါင်းဆောင်မင်းသားဖြစ်စေချင်သော်လည်း ချင်ယွဲ့ကျီက ငြင်းဆိုခဲ့သည်။
ကျန်းချန်က သူ့အတွင်းရေးမှူးအား သတင်းလွှင့်သည့်သူကို စစ်ဆေးခိုင်းလိုက်သည်။
……
ရှန်းရွှမ်ကလည်း အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကို လိုက်ကြည့်နေခဲ့သည်။ ယနေ့ သူမ၏သွင်ပြင်က အဖြူရောင်ဝတ်စုံဖြင့် တကယ့်နတ်သမီးလေးတစ်ပါးကဲ့သို့ အလွန်လှပနေပေသည်။
ဓာတ်ပုံများက ထွက်ပေါ်လာသောအခါ သူမနှင့်ပတ်သက်ပြီး ချီးမွှမ်းကြသည့်သူ အများအပြား မရှိခဲ့ချေ။ အများစုက ချင်ယွဲ့ကျီနှင့် ရုပ်ရှင်အဖွဲ့သားကို ဆန့်ကျင်တိုက်ခိုက်နေသည်ကိုသာ ဆွေးနွေးနေကြသည်။
ရှန်းရွှမ်က သူမနှင့် မပတ်သက်သည့် ရှာဖွေမှုအမြင့်ဆုံးစာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆန့်ကျင်ဘက်အနေဖြင့် သူမက ရှန်းထင်ရွှမ်း၏ ရှာဖွေမှုစာရင်းကို မြင်လိုက်ရသည်။
ရှန်းရွှမ်းက ပို့စ်တစ်ခုကို ပြင်လိုက်ပြီး မကြာမီ ၎င်းကို တင်လိုက်သည်။
[ရှန်းရွှမ်။ ရှင်တို့ ကျွန်မအစ်မကို ဒုက္ခမပေးဖို့ မျှော်လင့်ပါတယ်။ သူမက အရင်က ပုန်ကန်တတ်ပေမဲ့ ဒီလိုမျိုး လုပ်တာတော့ မဖြစ်နိုင်ပါဘူး။ ရှင်တို့ အချိန်ရရင် ကျွန်မရဲ့ ဒရာမာအသစ် #ဓားနတ်သမီး# ကို စောင့်ကြည့်ပေးပါဦး။]
ရှန်းရွှမ်ကို follow လုပ်ထားသည့်လူများက သန်းနှစ်ဆယ်နီးပါး ရှိပြီဖြစ်သည်။ တင်ပြီးသည်နှင့် များစွာသော ပရိသတ်များက မှတ်ချက်များပေးကြတော့သည်။
[ရွှမ်ရွှမ်။ ရှင်က အရမ်းကြင်နာတတ်တာပဲ။ ဒါပေမဲ့ ငါတို့ ဒရာမာအသစ် #ဓားနတ်သမီး# ကို သေချာပေါက် အားပေးမှာပါ။]
[ငါနားမလည်နိုင်ဘူး။ ရှန်းရွှမ်လို အရမ်းကောင်းတဲ့လူတစ်ယောက်မှာ ဘယ်လိုလုပ် ဒီလိုအစ်မတစ်ယောက်ရှိနေရတာလဲ။]
[သူမကို ရှန်းအိမ်ကနေ နှင်ထုတ်ပြီးပြီလေ။ မင်းက သူ့ကို အစ်မလို့ခေါ်နေတုန်းပဲ။ ရွှမ်ရွှမ် မင်းက အရမ်းရိုးသားတာပဲ။]
…
ပရိသတ်များက အောက်တွင် ရှန်းထင်ရွှမ်းကို ဆန့်ကျင်တိုက်ခိုက်နေကြပြီး ရှန်းရွှမ်ကို ချီးမွှမ်းနေကြသည်။ သူတို့ကလည်း ရှန်းရွှမ်၏ ဒရာမာအသစ်ကို သေချာပေါက် အားပေးမည်ဟု ပြောခဲ့ကြသည်။
ခဏကြာပြီးနောက် #ရှန်းရွှမ်က သူမအစ်မအတွက် စကားပြောပေးတယ်# ဟူသည့် ခေါင်းစဉ်ကလည်း ရှာဖွေခံလာရသည်။
အတွင်းဘက်ရှိ အင်တာနက်အသုံးပြုသူများအားလုံးက @အပင်စိုက်တဲ့အားရွှမ်း ကို ဆူပူနေခဲ့ကြသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ရှန်းရွှမ်းက ဘယ်လိုကောင်းမွန်ကြောင်း ပြောဆိုနေကြပေသည်။
ရှောင်ဖုန်းက ယနေ့ Weibo တွင် ပို့စ်တင်ပြီးနောက် သူက ရှာဖွေမှုအမြင့်ဆုံးစာရင်းကို မြင်လိုက်ရသည်။ သူက ရှန်းထင်ရွှမ်း ဝေဖန်ခံနေရသည်ကို မြင်သောအခါ သူက ရှန်းထင်ရွှမ်းကို ကူပြောပေးရန် လုပ်လိုက်သည်။ သို့သော် ရှန်းရွှမ်၏ Weibo ပို့စ်ကို မြင်သောအခါ သူက သူ၏ အဓိကအကောင့်ကို ဝင်လိုက်သည်။
[Feng Ge Street Photography V။ အားရွှမ်းက ဘယ်တုန်းကမှ ကိုယ်ပိုင်အချက်အလက်တွေကို ရောင်းမှာမဟုတ်ဘူး။ အနိုင်ရတဲ့လိပ်စာတွေက ဆန္ဒအလျောက်ပေးတာပဲ။ အားရွှမ်းရဲ့အသီးတွေကို စားဖူးတဲ့သူတိုင်း အဲဒီအသီးတွေက ဘယ်လောက်အရသာရှိလဲ သိကြတယ်။ မဟုတ်ရင် စူပါမောမှာ ဝယ်ယူမှုကို ကန့်သတ်ထားမှာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ တကယ့်ပင်ကိုအရည်အသွေးက နောက်ဆုံးကျရင် အမြဲတမ်း ပေါ်လာမှာပဲ။]
အမှန်တကယ်တော့ ရှောင်ဖုန်း၏ Weibo က အလွန်ကောင်းမွန်သော အနေအထားရှိပေသည်။ သို့သော် ၎င်းက ရှန်းရွှမ်ပရိသတ်များ၏ နှလုံးသားကို ထိမှန်သွားပေသည်။ ရှောင်ဖုန်းက ရှန်းရွှမ်၏ဇာတ်ကောင်ပြဿနာများကို အကောင်အထည်ဖော်နေသည်ဟု ထင်သွားခဲ့ကြသည်။
[ငါ နင့်ကို အချိန်အကြာကြီး follow လုပ်ခဲ့တာ ငါ တကယ်ပဲ ကန်းနေတာပဲ။]
[ဟီးဟီး။ ငါ နင့်ကို ဒီနေ့ unfollow လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မတွေ့ကြရအောင်။]
......
ရှန်းထင်ရွှမ်း၏ ဓာတ်ပုံကြောင့် ရှောင်ဖုန်း၏ ပရိသတ်များက မူလက တစ်သန်းကျော် ရှိပေသည်။ Weibo ၌ ပို့စ်တင်ပြီးသည်နှင့် သူတို့က စတင်လျော့ကျသွားပေသည်။ ခဏကြာပြီးနောက် ယင်းက ကိုးသိန်းဝန်းကျင်သာရှိတော့ပေသည်။
သို့သော်လည်း ရှောင်ဖုန်းက ၎င်းကို နောင်တမရပေ။ သူ၏ အရင်တုန်းက အတွေ့အကြုံများကြောင့် သူက ရှန်းရွှမ်းအပေါ် အမြင်ကောင်းများ သိပ်မရှိပေ။ အချိန်တချို့ကြာပြီးနောက် သူက ရှန်းရွှမ်ကိုတောင် မနှစ်သက်တော့ပေ။ သူ့တွင် ယခင်က ရှန်းရွှမ်အပေါ်အမြင်ကောင်းတစ်ခု ဘယ်လိုလုပ်ရှိခဲ့မှန်း တကယ်ပဲ မသိတော့ချေ။
သူက Weibo မှ ထွက်လိုက်ပြီး အားလုံးကို ဒေါသထွက်နေပေသည်။
...
ရှန်းထင်ရွှမ်းက အသစ်အသစ်များကို နောက်တစ်ကျော့ ဝယ်ပြီးရင်း ဝယ်နေခဲ့သည်။ မကြာသေးမီက စူပါမောမှ တစ်ရက်ဝင်ငွေသည် လေးသောင်းထက်ကျော်လွန်နေခဲ့သောကြောင့် ရှန်းထင်ရွှမ်း၏ Alipay က ရှစ်သောင်းမှ တစ်သိန်းနှစ်သောင်းသို့ တိုးပွားလာခဲ့သည်။
ယနေ့ည ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုက အိမ်တွင်းမွမ်းမံမှုပွဲတော် ဖြစ်သည်။
ကြမ်းအခင်း၊ ကော်ဇောနှင့် တခြား အလှဆင်ပစ္စည်းများကိုလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရောင်းချမည်ဖြစ်သည်။
ဗီဗီက စတင်မိတ်ဆက်လိုက်သည်။
“ဒီကြမ်းခင်းက အရမ်းကောင်းတယ်နော်၊ အကုန်လုံးက သစ်မာသားကိုယ်ထည်တွေပဲ၊ ရေစိုခံပြီး တပ်ဆင်ဖို့လည်း အရမ်းလွယ်ကူတယ် ... “
ရှန်းထင်ရွှမ်းက ပေတံတစ်ချောင်းနှင့် အခန်း၏အရွယ်အစားကို သွားတိုင်းလိုက်ပြီးနောက် လိုအပ်သည့် ကြမ်းခင်းအရေအတွက်ကို မှတ်စုစာအုပ်တွင် မှတ်ထားလိုက်သည်။
ကော်ဇောအတွက်လည်း သူမက တစ်ခု ဝယ်လိုက်သည်။ ရှန်းထင်ရွှမ်းက ၎င်းကို အိပ်ခန်းထဲတွင် ထားရန် ရည်ရွယ်ထားပေသည်။ ဆောင်းတွင်းတွင် မွေးပွကော်ဇော်ပေါ်၌ လှဲပြီး နေပူစာလှုံခြင်းက အလွန်သက်သောင့်သက်သာရှိပေလိမ့်မည်။
မီးသီးများလည်း ရှိပေသည်။ ရှန်းထင်ရွှမ်းက အခန်းတစ်ခန်းစီအတွက် တစ်ခုစီ ဝယ်လိုက်သည်။
ခြံဝန်းထဲရှိ အခန်းတိုင်းတွင်ရှိသည့် မီးသီးများအားလုံးက ဟောင်းနေပြီဖြစ်သည်။ ဤကဲ့သို့ LED မီးသီးခေါင်း အမျိုးအစားများက အရမ်းမတောက်ဘဲ ကြည့်လို့ကောင်းပေသည်။ ရှန်းထင်ရွှမ်းက ၎င်းတို့ကို အလွန်နှစ်သက်ပေသည်။
ထိုအရာများအပြင် ရှန်းထင်ရွှမ်းက နံရံကပ်စက္ကူများနှင့် စတင်ခဲ့သည်။ တခြားအရာများ၊ စားပွဲများ၊ ခွေးခြေခုံများအတွက်တော့ ရှန်းထင်ရွှမ်းက မဝယ်တော့ပေ။ သူမက ထိုအရာများအားလုံးကို သူမကိုယ်တိုင်ပြုလုပ်နိုင်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် ရှန်းထင်ရွှမ်းက လိုင်းပေါ်မှ ဆင်းသွားခဲ့ပြီး ဗီဗီ၏တိုက်ရိုက်ထုတ်လွှင့်မှုရှိသူမ၏အဆင့်ကို တစ်ချက်ကြည့်လိုက်သည်။ ယင်းက အနှစ်သက်ဆုံးပရိသတ်အဆင့် ၅ ဖြစ်သည်။
...
လောင်တုက ရှန်းထင်ရွှမ်း၏ ပစ္စည်းများကို ပို့ပြီးနောက် သူက အိမ်ပြန်ရန်အလျင်မလိုခဲ့ပေ။ သို့သော် ဂိတ်ပေါက် တာဝန်ခံက လာမည့်သူကို စောင့်နေပေသည်။
“မင်းဘာလို့ မပြန်သေးတာလဲ “ တာဝန်ခံက ဝင်လာပြီးနောက် ထိုနေရာတွင် ရှိနေဆဲဖြစ်သည့် လောင်တုကို သူက မြင်လိုက်ရသည်။
လောင်တု။ “ကျွန်တော် ခင်ဗျားကို တင်ပြစရာရှိလို့ “
လောင်တုက နှိုင်းချင့်မျှော်တွေးတတ်ကြောင်း တာဝန်ခံက သိပေသည်။ အရေးကြီးသည့် ကိစ္စမဟုတ်လျှင် လောင်တုက သူပြန်လာသည့်တိုင်အောင် စောင့်နေလိမ့်မည်မဟုတ်ပေ။ စကားများကို ကြားပြီးနောက် သူက ပြောလိုက်သည်။ “ဘာကိစ္စရှိလို့လဲ “
လောင်တုက ထိုင်ခုံတစ်လုံးကို ယူလိုက်သည်။ “အရင်ဆုံး ထိုင်ပါဦး “
တာဝန်ခံက လက်ကို ဝေ့ယမ်းလိုက်သည်။
“အဆင်ပြေပါတယ်၊ မင်းငါ့ကို တိုက်ရိုက်ပြောလို့ရတယ် “
တာဝန်ခံက အရင်ဆုံး ထိုင်လိုက်ခြင်းက ပိုကောင်းသည်ဟု လောင်တုက ထင်ပေသည်။ “ခင်ဗျား ထိုင်လိုက်ပါ “
“ကောင်းပြီလေ “ တာဝန်ခံက ထိုင်လိုက်သည်။
လောင်တုက တာဝန်ခံထိုင်သည်ကို မြင်သောအခါ သူက ပြောလိုက်သည်။
“ဖောက်သည်က ရှင်းယွမ်ရှန်က ရှန်းလို့ခေါ်တဲ့သူ။ မနက်ဖြန်ကျရင် ငါတို့က လူတစ်သောင်းကို အမှာတွေ ပို့ပေးရမယ် “
သူက ထိုင်နေသော်လည်း ဤအကြောင်းကို ကြားသောအခါ ထိတ်လန့်ပြီး ရှေ့သို့ ယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို လောင်တုက မြင်သွားခဲ့သည်။
တာဝန်ခံက ခုံပေါ်တွင် ထိုင်လိုက်ပြီးတာတောင် သူက မြေပေါ်လဲကျသွားလိမ့်မည်ဟု လောင်တုက မမျှော်လင့်ခဲ့ပေ။ တာဝန်ခံကို တိတ်တဆိတ် ထူပေးလိုက်သည်။
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
တာဝန်ခံ။ ငါ ဒီကမ္ဘာကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး ...
…