တာ့ရှား၊ ယင်းစန်း၊ တာ့ကျိုး
Vol. 6 Ch. 600
ကျူးကျားကပြုံးလိုက်ရင်း…
"ကျုပ်တို့တွေ အခု အရမ်းကို ထူးဆန်းတဲ့ ခံစားချက်တွေ ခံစားနေကြရတာပဲ၊ အတိတ်က အဖြစ်အပျက်တွေကနေ ပညာယူကြရမှာပဲ၊ အတိတ်က ခန့်မှန်းခဲ့ကြတာတွေလည်း တဖြည်းဖြည်း ဖြစ်လာခဲ့ကြပြီ၊ ပြီးတော့ ပြီးသွားခဲ့ပြီလို့ ထင်ခဲ့တဲ့ ကိစ္စတွေကလည်း မပြီးဆုံးခဲ့ဘူး မဟုတ်လား”
ထျန်းယီက ကျူးကျားကို နက်နဲသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။
"ယင်းစန်းမှာ တန်ခိုးစွမ်းအား အမြင့်မားဆုံးသူဟာ ကျုပ်ထျန်းယီလို့ လူတိုင်းက လက်ခံ ထားကြတယ်၊ ဒါပေမဲ့ ကျူးကျားဆိုတဲ့ မင်းကလည်း ကျုပ်ထျန်းယီထက် မညံ့ပါဘူးလေ၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်တုန်းက ရှီးလျန်လို ဝေးလံခေါင်သီတဲ့ နေရာတစ်ခုကို မင်းသွားခဲ့တယ်၊ အဲဒီ ဘာမဟုတ်တဲ့ မိန်းကလေးကို အသိပညာတွေ သင်ပေးပြီး စာအုပ်စာပေတွေ ရောင်းချ ပေးခဲ့တယ်၊ မင်းဘာလို့ ဒီလိုလုပ်ရလဲဆိုတာ ကျုပ်နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ကျုပ်သိသွားပြီ၊ အဲဒီမိန်းကလေးက ဆန်းလျန်ရဲ့ မိခင်ဖြစ်လာမယ့် သူဆိုတာ မင်းကြိုပြီးသိနေ ခဲ့တယ် မဟုတ်လား၊ ကျုပ်ပြောတာ မှန်တယ်မဟုတ်လား"
ဆန်းလျန်နှင့်ဝမ်ကျုန်း၏ တိုက်ခိုက်ခဲ့မှုသည် အတိတ်မှ အကြောင်းအရာ များစွာကို ပြန်လည် နားလည် စေခဲ့လေသည်။
ထျန်းယီ၏ အကြည့်ကြောင့် ကျူးကျားက ခေါင်းငုံ့ လိုက်မိသည်။
"ကျုပ်တို့တွေအသက်ရှင်နေသရွေ့ ဆုံးဖြတ်ချက်တွေ ချနေကြရမှာပဲ မဟုတ်လား၊ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက် တစ်ခုဟာ အတွေး တစ်ခုလောက်နဲ့ပဲ ပြီးဆုံးသွားတယ်၊ တစ်ခါတစ်လေ ကျတော့ လက်တွေ့ အကောင်အထည်ဖော် ဖြစ်ကြတယ်၊ အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒီ ဆုံးဖြတ်ချက်တွေက ဘဝကို အဆုံးအဖြတ် ပေးသွားတာပါပဲ၊ ကျုပ်တို့ ဘဝတွေကလည်း ကျုပ်တို့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ပြောင်းလဲ သွားကြရတယ်၊ အဲဒီ ဆုံးဖြတ်ချက် တွေကြောင့်ပဲ ကျုပ်တို့ရဲ့ဘဝတွေဟာ အဆုံးသတ်တွေ တူညီကြမှာ မဟုတ်ဘူး၊ မင်းရော…၊ လူတွေ အားလုံးရော ဘယ်အရာကမှ ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိကြမှာပါ"
ထျန်းယီသည် တစ်ခဏကြာမျှ စဉ်းစားနေပြီးမှ စကား ဆက်ပြော လိုက်လေသည်။
"ဟုတ်တာပေါ့… ကျုပ်သိပါတယ်ဗျာ၊ ကျုပ်တို့ရဲ့ အတွေးတိုင်း၊ အပြုအမူတိုင်း၊ သိမြင်မှုတိုင်းက မတူညီတဲ့ အဆုံးသတ်တွေ ဖြစ်လာစေဖို့ ဦးတည်နေတာပါပဲ၊ တကယ်တမ်းမှာတော့ ကျုပ်တို့အားလုံး သွားရမယ့်လမ်းက တစ်လမ်းတည်းပဲ မဟုတ်လား၊ သင်္ချာပုစ္ဆာ တစ်ပုဒ်မှာ ဘယ်လောက်ပဲ ကိန်းဂဏန်းတွေ ထိုးကြွေး ထားပါစေ၊ အဆုံးသတ် အဖြေကတော့ ရှိနှင့်ပြီးသားပဲ ဆိုသလိုပေါ့လေ၊ ယင်းစန်း ပျက်စီးရတော့မယ်၊ တကယ်တော့ ယင်းစန်း ဟာတာ့ရှားပြည် နေရာမှာ အစားထိုးဖို့ပဲ၊ ဒါပေမဲ့ အခုတော့ မင်းကြိုပြီးသိခဲ့တဲ့ အတိုင်း ဆန်းလျန် ရောက်လာခဲ့ပြီ"
ကျူးကျားသည် တိတ်ဆိတ် ငြိမ်သက် နေလေသည်။
အတန်ကြာမှ သူက စကားဆက်လိုက်သည်။
"တကယ်တော့ ကျုပ်အဲဒီလို ကြိုပြီး သိခဲ့ရာတာက အမှတ်မထင် ဖြစ်ခဲ့ရတာပါ၊ မင်း ဘုန်းတော်ကြီး ရာမကို သိတယ် မဟုတ်လား"
ထျန်းယီက …
"ဘုန်းတော်ကြီး ရာမကို သိတာပေါ့ဗျာ၊ အသူရာချောက်မှာ တိကျန် ဗောဓိသကျရဲ့ တရားတော်တွေကို တစ်လုံးမကျန် အကုန် လေ့လာမှတ်သားထားတဲ့ သူပဲလေ၊ သူ့ရဲ့ဉာဏ်ပညာက လေးနက် လွန်းပါတယ်"
ထျန်းယီ ထုတ်ဖော်မပြောခဲ့သည့် အချက်တစ်ခု ရှိသေးသည်။
ထိုအချက်မှာ "ကံကြမ္မာ" ဆိုသည့် ကစားပွဲကို ပြောင်းလဲနိုင်သည့် လူတစ်ယောက် ရှိမည်ဆိုလျှင် ထိုသူသည် ထျန်းယီ ကိုယ်တိုင်လည်း မဟုတ်သလို တာ့ရှားဧကရာဇ်နှင့် ဆန်းလျန်လည်း မဟုတ်နိုင်ပေ။ ထိုသူသည် ဘုန်းတော်ကြီးရာမသာ ဖြစ်ပေလိမ့်မည်။
"အဲဒီဘုန်းတော်ကြီးမှာ ဟာနုမာန်ဆိုတဲ့ မျောက်တစ်ကောင် ရှိတယ်၊ အရင်ဘဝက အဲဒီမျောက်က သိပ်တော်တဲ့ လူတစ်ယောက်ပဲ၊ ဒါပေမဲ့ အဲဒီလူဟာ မိုးကောင်းကင်ခုံရုံးက နှင်ထုတ် ခံလိုက်ရပြီး မျောက်အဖြစ် ပြန်ဝင်စားတာ၊ အဲဒီမျောက်မှာ နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ယောက်ရဲ့ မိစ္ဆာစွမ်းအားတွေကို အပ်နှင်း ခံထားရတယ်၊ အဲဒီဖြစ်စဉ်တွေ အကုန်လုံးကို ကျုပ်တွေ့မြင်ခဲ့ရတယ်၊ အဲဒါကြောင့်လည်း ကျုပ်ကြိုပြီး သိမြင်နိုင်ခဲ့တာပဲ"
ကျူးကျားက နူးညံ့သည့် လေသံဖြင့် ပြောလိုက်လေသည်။
ကျူးကျားသည် ဟာနုမာန်မျောက်၏ ဖြစ်စဉ်ကို အမှန်တကယ် မြင်တွေ့ခဲ့ရပြီး "နှိုင်းယှဉ်သိမြင်" နိုင်သည့် အင်းပညာကို တတ်မြောက် ခဲ့လေသည်။ စီးမူဝူတင်ကိုလည်း ထိုပညာဖြင့်ပင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် အနည်းငယ် လိုအပ်ချက် ရှိနေခဲ့လေသည်။ ထိုအင်းပညာကို မြင့်မားလွန်းသည့် တန်ခိုးစွမ်းအား တစ်ခုနှင့် ပေါင်းစပ်နိုင်မှသာ စီးမူဝူတင်သည် ပြီးပြည့်စုံ နိုင်မည် ဖြစ်လေသည်။
မြင့်မားလွန်းသည့် တန်ခိုးစွမ်အားဟု ဆိုရာတွင် စကြဝဠာ တစ်ခုလုံးကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် ဖျက်စီးပစ်နိုင်စွမ်း ရှိသည့် တန်ခိုးစွမ်းအားမျိုးကို ဆိုလိုခြင်း ဖြစ်လေသည်။ ထိုသို့ ဖြစ်ရန်မှာ မယ်တော်ဝမ်မူ၏ နတ်မက်မွန်သီးနှင့် ထိုက်စန့်လောင်ကျွင်း ဘိုးဘိုး၏ ဖိုထဲမှ ပြဒါးဆေး (၂)မျိုးလုံးကို စားမှသာ ဖြစ်နိုင်ပေလိမ့်မည်။
(မယ်တော်ဝမ်မူ၏ နတ်မက်မွန်သီးနှင့် ထိုက်စန့်လောင်ကျွင်း၏ ပြဒါးဆေး ဆိုသည်မှာ စွန်းဝူခုံး မိုးကောင်းကင်ကို တက်မွှေစဉ် စားပစ်ခဲ့သည့်အရာတွေပါ - ဘာသာပြန်သူ)
ကျူးကျားတွင် ထိုအချက် ပြည့်စုံခြင်း မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် လက်ရှိ အချိန်တွင် ရှေ့ဆက်လို့လည်း မရ နောက်ဆုတ်လို့လည်း မရသည့် အခြေအနေနှင့် ရင်ဆိုင် နေရလေသည်။ အဘယ်ကြောင့် ဆိုသော် စီးမူဝူတင်နှင့် ကျူးကျားမှာ တဖြည်းဖြည်းနှင့် ဆက်နွှယ်နေမိကြပြီ ဖြစ်သောကြောင့်ပင်။
ကျူးကျား လှုပ်ရှားနေသရွေ့ စီးမူဝူတင်လည်း လှုပ်ရှားနေမည် ဖြစ်လေသည်။ ထိုသို့ဖြင့် ကျူးကျားသည် ကျောက်ကယ် မြို့တော်တွင် ပိတ်မိနေရလေတော့သည်။
ကျူးကျားသည် ထျန်းယီကို သူ့စိတ်ထဲတွင် ရှိသည့် အရာအားလုံးကို ပြောပြခဲ့ပြီးပြီး ဖြစ်လေသည်။
ထျန်းယီက တစ်ချက် တုံ့ဆိုင်းနေပြီးမှ ရေရွတ်လိုက်လေသည်။
"ဒါဖြင့် ကျုပ်မှားသွားပြီ ထင်တယ်၊ ကြည့်ရတာ 'သူ' က အရာအားလုံးကို ထိန်းချုပ်နိုင်ပုံ မရလောက်ဘူး၊ ပွင်ပွင့်လင်းလင်း ပြောရရင် အခုအတိုင်းဆို ဆန်းလျန် ထွက်ပေါ် လာတာကိုတောင်မှ ဝမ်းသာရမလို ဖြစ်နေပြီ"
"ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ ကိစ္စတစ်ခုကို ကျုပ်နားလည် သွားခဲ့လို့ပဲ၊ သူက ယင်းစန်းကို ထိန်းချုပ်ဖို့ အတွက် သူ့တိုင်းပြည်ရဲ့ အမည်ကို ‘တာ့ကျိုး’ လို့ ပေးခဲ့တာ မဟုတ်လား၊ သူက ကံကြမ္မာကို ပြောင်းပြန် လှန်ပစ်ချင်တာလေ၊ အဲဒီလိုသာဆိုရင် ကျုပ်တို့ကလည်း သူပြောင်းပြန်လှန်တဲ့ ကံကြမ္မာကို ထပ်ပြီး ပြောင်းပြန် လှန်လိုက်ကြတာပေါ့၊ ကျုပ်တို့ ယင်းစန်းက တာ့ကျိုးကို ပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားမယ်လေ၊ ဒါဆို အောင်မြင်နိုင်တာပဲ မဟုတ်ဘူးလား"
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် ထျန်းယီ၏ မျက်နှာသည် အတန်ငယ် စိတ်သက်သာရာ ရသွားသည့်ဟန် ရှိလေသည်။
ကျူးကျားက…
"မင်းမေ့နေတာတစ်ခုရှိတယ် ထျန်းယီ၊ ဆန်းလျန်က တာ့ကျိုးကို တည်ထောင်တာဟာ ယင်းစန်းကို ထိန်းချုပ်ဖို့ဆို တာသေချာလို့လား"
"မိုးကောင်းကင်က ယင်းစန်းကို မွေးဖွားစေဖို့ အတွက် ပျံလွှားငှက်ကို စေလွှတ်ခဲ့တယ်၊ အဲဒါက ရည်ရွယ်ချက် အပြည့် ရှိတယ်ဆိုတာကို မင်းမေ့မသွားသင့်ဘူး၊ ကျုပ်တို့ယင်းစန်းက တာ့ရှားပြည်ကို အစားထိုးမယ်ဆိုတာ ခေတ်ရေစီးကြောင်းအတိုင်း စီးမျောသွားဖို့ပဲ၊ ပြီးတော့ ယွမ်ကျွင်းဧကရီရဲ့ တပည့်ဖြစ်တဲ့ ဝမ်ကျုန်းက ကျုပ်တို့ကို ကူညီနေတာကို ကြည့်လိုက်ရင် ယွမ်ကျွင်း ဧကရီကိုယ်တိုင် ကျုပ်တို့ဘက်မှာ ရပ်တည်ပေးနေတယ်ဆိုတဲ့ သဘောပဲ၊ ဘာတွေပဲ ဖြစ်လာဖြစ်လာ နောက်ဆုံးတော့ ကျုပ်တို့ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝလာရမှာပဲပေါ့"
ထျန်းယီက အာမခံချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
ကျူးကျားကို ပြောလိုက်ခြင်း ဖြစ်သလို သူ့ကိုယ်သူလည်း အာမခံလိုက်မိခြင်း ဖြစ်လေသည်။
ကျူးကျားက…
"ဘာပဲဖြစ်လာဖြစ်လာ ဘာမှ မထူးခြားပါဘူးလေ၊ ဒါပေမဲ့ အနာဂတ်မှာ စတေးခံရမယ် ဆိုရင်တော့ ကျုပ်က စတေးခံဖို့ အသင့်ပါပဲ"
ထျန်းယီက တိတ်ဆိတ် ငြိမ်သက် နေလေသည်။
ကျူးကျားက စကား ဆက်ပြော လိုက်လေသည်။
"ယင်းစန်းမှာ ကျူးကျားမရှိလို့ ဘာမှဖြစ်မသွားပါဘူး၊ ဒါပေမဲ့ ထျန်းယီ မရှိလို့တော့ မဖြစ်ဘူးလေ၊ မင်းက ကျုပ်ကို ဒီလိုစကားမျိုးပြောစေချင်နေတာ မဟုတ်လား"
ထိုစကားများကို ပြောနေသည့်အချိန်တွင် ကျူးကျား၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခြင်း မရှိပါ။ သူ့အကြောင်း ပြောနေခြင်း မဟုတ်ဘဲ အခြားသူ တစ်ယောက်အကြောင်း ပြောနေသည့် အလားပင် ပေါ့ပေါ့ပါးပါးပြော နေခြင်း ဖြစ်လေသည်။
သက်ပြင်းချသံ သဲ့သဲ့တစ်ချက် ထွက်ပေါ်လာပြီး ထျန်းယီသည် တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
ဤအခြေအနေသို့ ရောက်မှတော့ ကျူးကျားကို နှစ်သိမ့်စကား ပြောဆိုသည်မှာ အပိုလုပ်ခြင်းမျှသာ ဖြစ်လေသည်။ ထို့ပြင် ကျူးကျားကဲ့သို့သော လူမျိုးကလည်း နှစ်သိမ့်စကား တစ်ခွန်းတစ်လေမှ လိုအပ်သူ တစ်ယောက် မဟုတ်ပါ။
ထို့အတူ ထျန်းယီသည်လည်း အောင်မြင်မှုကို မဖြစ်မနေ ရယူချင်နေသည့် လူတစ်ယောက် မဟုတ်ပါ။ သို့သော် ယင်းစန်းကတော့ အောင်မြင်မှုရရန်လိုအပ်လေသည်။
ယင်းစန်းတွင် ထျန်းယီမရှိလျှင်မဖြစ်သလို ရှီးလျန်တွင်လည်း ဆန်းလျန်မရှိ၍ မဖြစ်ပါ။
ဆန်းလျန်သည် အချိန် (၉)နှစ်တိတိ ကျီမုမြစ်ရေအောက်တွင် တစ်ယောက်တည်း ကျင့်ကြံမှု ပြုလုပ် နေခဲ့လေသည်။
အသစ်ဖြစ်တည် လာသည့် ဆန်းလျန်၏ ရုပ်ခန္ဓာသည် ကျီမုမြစ်ရေမှ သန္ဓေတည်ကာ မွေးဖွားလာသည့် ရှီးလျန်မှ မိန်းကလေးတိုင်းကို ထူးဆန်းသည့် ခံစားချက်များ ဖြစ်ပေါ်စေလေသည်။ ထိုခံစားချက်မှာ သူတို့ဘဝ၏ အရာအားလုံး ကိုဆန်းလျန်အတွက် နှင်းအပ်လိုခြင်း ဖြစ်လေသည်။ ချန်ချင်သည်လည်း ထို့အတူပင် ခံစားရလေသည်။
ထိုသို့ဖြင့် ဆန်းလျန်သည် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့လေသည်။
ရှီးလျန်ပြည်တွင် ဆန်းလျန်ဧကရာဇ် အဖြစ် ခံယူလိုက်ခြင်းကို မည်သူ တစ်ဦးတစ်ယောက်ကမှ ကန့်ကွက်ခဲ့ကြခြင်း မရှိ သလိုရှီးလျန်ပြည်ကို တာ့ကျိုးပြည်ဟု အမည် ပြောင်းလဲလိုက်ခြင်းကိုလည်း ကန့်ကွက်သည့်သူ တစ်ယောက်မှမရှိခဲ့ ပေ။
ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်သည် တိုင်းပြည်တစ်ခုကို တကယ်ပင် တည်ထောင်ခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်သည် သူ့ကိုယ်သူ တာ့ကျိုးပြည်၏ ဝမ်ဧကရာဇ်အဖြစ် ခံယူခဲ့လေသည်။ တာ့ကျိုးပြည်သည် လုံး၀ လွတ်လပ်သည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ မည်သည့် တိုင်းပြည်၏ အမိန့်ကိုမှ မနာခံသလို မည်သည့်တိုင်းပြည်၏ လက်အောက် ခံနိုင်ငံမှလည်း မဟုတ်ပေ။
ထိုအချက်သည် အလွန်မှ ကြောက်မက်ဖွယ်ရာ ဖြစ်ခဲ့လေသည်။
တာ့ကျိုးသည် ယင်းစန်းထက် သာသည်ဟု ဆိုရမလို ဖြစ်သွားခဲ့လေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းစန်းသည် တာ့ရှားပြည်၏ လက်အောက်ခံ ဖြစ်နေသေးသည် မဟုတ်ပါလား။
သို့သော် တာ့ကျိုးပြည်သည် တာ့ရှားပြည်၏ မြေကွက်လေး တစ်ကွက်စာမျှလောက်သာ ကျယ်ဝန်းပြီး သေးငယ်သည့် တိုင်းပြည်တစ်ပြည် ဖြစ်လေသည်။ သို့သော်…. တာ့ကျိုးသည် ကိုယ်ပိုင် လွတ်လပ်မှုနှင့် ရပ်တည်သည့် တိုင်းပြည်တစ်ခု ဖြစ်သည့်အတွက် တာ့ရှားနှင့် တာ့ကျိုးသည် တန်းတူ အနေအထားရှိကြောင်း ပြသနိုင်ခဲ့လေသည်။
ဆန်းလျန်၏ ဂုဏ်သတင်း ကျော်ကြားမှုကြောင့်သာ မဟုတ်လျှင် တာ့ရှားပြည်ကို ဦးမညွှတ်သည့် တာ့ကျိုးပြည်ကို အရူးတိုင်းပြည်ဟု အခြားသူများက မှတ်ယူကြမည် ဖြစ်လေသည်။
တာ့ရှားပြည်ကို ဆန့်ကျင်မည်ဆိုလျှင် အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသကို ဥပမာအဖြစ် ကြည့်နိုင်လေ သည်။ သို့သော် တုန်းယီဒေသတွင် တာ့ရှားဧကရာဇ်၏ အမျက်ကို ပြေစေနိုင်သည့် မေရှီမင်းသမီး ကဲ့သို့သော မိန်းကလေး တစ်ယောက် ရှိလေသည်။ တာ့ကျိုးပြည်တွင်တော့ တာ့ရှားဧကရာဇ်ကို ဆက်သရန်အတွက် မေရှီကဲ့သို့ မိန်းကလေးမျိုး ရှိမည်မဟုတ်ပေ။
သို့သော် တာ့ကျိုးသည် တာ့ရှားပြည်ကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။
တကယ်တမ်း ကြောက်ရွံ့ တုန်လှုပ်နေကြသူများမှာ တာ့ကျိုးပြည်၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်လေသည်။ အထူးသဖြင့် ကုန်းစန်းပြည်က အဆိုးဆုံး ဖြစ်လေ၏။ သူတို့သည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလေသည်။ သူတို့က တာ့ကျိုးပြည်၏ လက်အောက်သို့ ခိုလှုံမည်ဆိုလျှင်လည်း တာ့ရှားပြည်၏ အမျက်ရှခြင်းကို ခံကြရမည် ဖြစ်လေသည်။ တာ့ကျိုးပြည် လက်အောက်သို့ မခိုလှုံပြန်ဘူး ဆိုလျှင်လည်း တာ့ကျိုးပြည်က သူတို့ကို အမျက်ရှမည် ဖြစ်လေသည်။
လောကတစ်ခုလုံးတွင်….
တာ့ကျိုးပြည် အကြောင်း ပြောမဆုံး ရှိနေကြစဉ်မှာပင် ယင်းစန်းက တစ်စခန်း ထလာပြန်လေသည်။
ထျန်းယီ အကြီးအကဲက ယင်းစန်းသည် တာ့ရှားပြည်၏ လက်အောက်မခံ မဟုတ်တော့ကြောင်း တရားဝင် ကြေညာ လိုက်ပြီးသူ့ကိုယ်သူ ဝူဧကရာဇ် အဖြစ်ခံယူကာ ယင်းစန်းတိုင်းပြည်ကို တည်ထောင်လိုက်သောကြောင့် ဖြစ်လေသည်။
ထိုသို့ဖြင့်…
အရှေ့ဘက် ယင်းစန်းပြည်တွင် ဝူဧကရာဇ်၊ အနောက်ဘက် တာ့ကျိုးပြည်တွင် ဝမ်ဧကရာဇ်တို့ အုပ်ဆိုး ကြလေတော့သည်။
ဝူဧကရာဇ်နှင့် ဝမ်ဧကရာဇ် ဆိုသည်က နှယ်နှယ်ရရတော့ မဟုတ်ကြပေ။ အသူရာချောက်မှ သူတော်စင် (၃)ပါးထဲတွင် (၂)ပါး ဖြစ်လေသည်။
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် တာ့ရှားပြည်သည် ယခင်ကကဲ့သို့ ထိပ်ဆုံးတွင် ရပ်တည်နေသည့် တစ်ခုတည်းသော တိုင်းပြည် မဟုတ်တော့ကြောင်းကို အားလုံးက လက်ခံ လိုက်ကြလေသည်။
ကိစ္စရပ်အချို့မှာလည်း အချိန်နှင့်အမျှ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသ မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်ကာ အဖြူရောင် မင်းကြီး၏ သားတော် ယွမ်ယန်ပုန်ကန်ခဲ့သည့် အချိန်နှင့် မတူညီတော့ပါ။
ယင်းစန်းတွင် ခိုင်မာသည့် အင်အား ရှိလေသည်။ ထျန်းယီသည် မရေမတွက်နိုင်အောင် များပြားသည့် ကျင့်ကြံသူများကို ထိန်းချုပ်ထားနိုင်ခဲ့သလို အခြေခံ အုတ်မြစ်သည် နက်ရှိုင်းလေသည်။
ယွမ်ယန်ကတော့ သူ၏ ဖြောင့်မတ်ခြင်းနှင့် အဖြူရောင်မင်းကြီး၏ သားတော်ဖြစ်ခြင်း ဆိုသည့် အချက်ကိုသာ မီခိုအားထားခဲ့ခြင်း ဖြစ်လေသည်။
ယွမ်ယန်နှင့် ထျန်းယီ၏ အခြေအနေသည် တူညီခြင်းမရှိပါ။ ထို့ကြောင့် တာ့ရှားပြည် အနေဖြင့် ယင်းစန်းကို စစ်ချီမည် ဆိုလျှင် လုံးဝလွယ်ကူမည် မဟုတ်ပေ။
တာ့ရှားနန်းရင်ပြင်…၊ ဘုရင့်ညီလာခံ … ။
တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် ရယ်မော လိုက်လေသည်။
"ဘာတဲ့… ဝူဧကရာဇ်၊ ဝမ်ဧကရာဇ် ဟုတ်လား၊ ဟွန်း … ကျုပ်ကတော့ အသိပညာလည်း ရှိပြီးသား၊ စစ်ရေးလည်း ကြွယ်ဝပြီးသားပဲ၊ ပြောကြစမ်း… အဲဒီ ဝူနဲ့ဝမ် ဘယ်အကောင်ကို အရင်သွားတိုက်ရင် ကောင်းမလဲ"
"မင်းကြီး… ယင်းစန်းပြည်ပဲ ဖြစ်ဖြစ် တာ့ကျိုးပြည်ပဲ ဖြစ်ဖြစ် တာ့ရှားပြည်ကို ဘယ်ယှဉ်နိုင်မှာတဲ့လဲ၊ ဒါပေမဲ့ ကျွန်တော်မျိုး စိတ်ပူတာက အဲဒီတိုင်းပြည်နှစ်ခု ပူးပေါင်း သွားမှာကိုပဲ"
ထိုစကားကို ပြောလိုက်သူမှာ လေ့ဟုန်ဖြစ်လေ၏။
ယခုနှစ်များ အတွင်းတွင် တာ့ရှားဧကရာဇ်သည် လေ့နော်ကို မကျေနပ်သည့်အတွက် သိပ်ပြီး လူရာ မသွင်းခဲ့ပေ။ သို့သော် လေ့နော်၏ ဖခင်ဖြစ်သည့် လေ့ဟုန်ကတော့ ရာထူး တိုးမြှင့် ခန့်အပ်ခြင်းပင် ခံခဲ့ရလေသည်။
(ဝူ = ဆိုသည်မှာ စစ်ရေး၊ သိုင်းပညာ ဟု အဓိပ္ပါယ်ရပြီး ဝမ်ဆိုသည်က = စာပေ၊ အသိပညာဟု အဓိပ္ပာယ်ရပါသည်၊ ဝူဧကရာဇ် = စစ်ဘုရင်၊ ဝမ်ဧကရာဇ် = အသိပညာဘုရင် ဟု အနီးစပ်ဆုံး အဓိပ္ပာယ်ယူနိုင်သည့် အတွက် တာ့ရှားဧကရာဇ်က အသိပညာလည်း ရှိပြီးသား စစ်ရေးလည်း ကြွယ်ဝပြီး သားဟု ပြောခြင်း ဖြစ်ပါကြောင်း - ဘာသာပြန်သူ)
***