အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း (၁၈၁) - လီယန်ကို ခေါ်ယူရန် နည်းလမ်းအသစ်နှင့် မျိုးစေ့များ စိုက်ပျိုးခြင်း
ရှောင်းယီနှင့် အခြားသူများ ယခင်က ဆွေးနွေးခဲ့ကြသည်မှာ လီယန်ကို သွားရောက်ခေါ်ယူရာတွင် ရွက်သင်္ဘောဖြင့် သွားပါက ပါဝါအပြည့်ဖြင့် သွားလာနိုင်မည် မဟုတ်ခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်၏။
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်ပြီး စဉ်းစားနေစဉ် ရုတ်တရက် စိတ်ကူးသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ငါ့ရဲ့စဉ်းစားပုံက အရမ်းတင်းမာနေတုန်းပဲ။”
ဤသို့စဉ်းစားပြီးနောက် ရှောင်းယီသည် အပြင်သို့ထွက်လာခဲ့၏။ သူ့အတွေးကို အန်ယွဲ့နှင့် အရင်ဆုံး ဆွေးနွေးရန် လိုအပ်ပေသည်။
ကမ်းခြေတစ်လျှောက် လျှောက်လာရင်း မကြာခင်မှာပင် အန်ယွဲ့ကို တွေ့လိုက်ရလေသည်။ သူသည် အလိုအလျောက်ငါးဖမ်းပိုက်ဖြင့် ပစ္စည်းသေတ္တာများကို ဖမ်းယူနေခြင်းပင်။
ပင်လယ်ထဲရှိ ရေခဲများက အဆင်ပြေနေသေးသည်။ ပစ္စည်းသေတ္တာများကို ဆွဲယူသည့်အခါ ပစ္စည်းသေတ္တာများက ရေခဲများကို တွန်းဖယ်နိုင်ပေသည်။
သို့သော် ကမ်းစပ်သို့ ရောက်သောအခါ ထိုရေခဲများကို ကျွန်းက တွန်းဖယ်၍မရတော့ပေ။ ဤအချိန်တွင် အန်ယွဲ့က ရေခဲများကို လမ်းဖွင့်ပေးရန် လိုအပ်ပေသည်။
“ဦးလေးအန်း”
ရှောင်းယီက အန်ယွဲ့ဆီသို့ လျှောက်လာကာ နှုတ်ဆက်လိုက်၏။
“ကိစ္စတစ်ခုခု ရှိလို့လား။”
အန်းယွဲ့ မေးလိုက်သည်။
“ဟုတ်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပင်လယ်ပေါ်က ရေခဲတွေလည်း အရည်ပျော်နေပြီဆိုတော့ အန်တီ့ကို သွားခေါ်ဖို့ အစီအစဉ်တစ်ခု ရှိတယ်။ အဲ့ဒါ ဦးလေးနဲ့ တိုင်ပင်ဖို့လိုတယ်။”
ရှောင်းယီ၏စကားကို ကြားသောအခါ အန်ယွဲ့က စိုးရိမ်တကြီး မေးလာ၏။
“ဘယ်လိုသွားခေါ်မှာလဲ။”
အန်ယွဲ့သည်လည်း ရွက်သင်္ဘောဖြင့်သွားပါက လောင်စာမလုံမလောက်ဖြစ်မည်ကို သိထားပြီးဖြစ်ပြီး နောက်ဆုံးကီလိုမီတာ နှစ်ထောင်အတွက် အကောင်းဆုံးဖြေရှင်းရန် နည်းလမ်းမရှိသေးပေ။
“ကျုပ်တို့ သွားမခေါ်တော့ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အန်တီ့ကို သူကိုယ်တိုင် မောင်းပြီး ပြန်လာခိုင်းလိုက်မယ်။”
ရှောင်းယီ၏စကားကို ကြားသောအခါ အန်ယွဲ့ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။
“ဒါက တကယ် ကောင်းတဲ့အကြံပဲ။ ငါတို့ သွားခေါ်မယ့်အစား သူမကိုယ်တိုင် မောင်းပြန်လာရုံပဲ။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို ရွက်သင်္ဘောရဲ့ စွမ်းအားမလုံလောက်တာကို စိတ်ပူစရာမလိုတော့ဘူး။”
“ဟုတ်တယ်... ငါသဘောတူတယ်။ အဲ့ဒီလိုပဲလုပ်ကြတာပေါ့။ လီယန်ကိုရော ပြောပြီးပြီလား။”
အန်ယွဲ့က မေးလိုက်သည်။
“မပြောရသေးဘူး။ ပြီးမှ အန်တီနဲ့ ပြောလိုက်မယ်။”
“ကောင်းပြီ။ ရှောင်းယီ ကျေးဇူးအများကြီးတင်ပါတယ်။”
အန်ယွဲ့က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ သူတို့မိသားစုကို ရှောင်းယီက ကယ်တင်ခဲ့ပြီး ဤကျေးဇူးကို ဘယ်တော့မှ ဆပ်၍မကုန်နိုင်တော့မည် မဟုတ်ချေ။
“ဦးလေးအန်းက ယဉ်ကျေးလွန်းနေပါပြီ။”
ရှောင်းယီက လက်ခါပြပြီး ထွက်ခွာသွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီ လီယန်ထံသို့ မက်ဆေ့ချ်ပို့လိုက်တော့လေသည်။
“အန်တီ ပင်လယ်ထဲက ရေခဲတွေ အရည်ပျော်စပြုနေပြီ။ ပင်လယ်ပေါ်မှာ ရေခဲတုံးတွေ များများစားစား မရှိတော့တဲ့အခါကျ ရွက်သင်္ဘောကို အန်တီကိုယ်တိုင် မောင်းပြီး ပြန်လာဖို့ တောင်းဆိုချင်ပါတယ်။ ကျုပ်တို့ လာခေါ်ရင် ခရီးအကွာအဝေးအတွက် ရွက်သင်္ဘောရဲ့လောင်စာက မလုံလောက်ဘူး။”
သို့သော် လီယန်က ချက်ချင်း အကြောင်းမပြန်ခဲ့ပေ။ သူမက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိနေပုံမရချေ။ ထို့ကြောင့် ရှောင်းယီလည်း အများသုံးချန်နယ်သို့ ပြောင်းလိုက်တော့လေသည်။
“ငါ့ကျွန်းကို ဒီနေမှ သတိမထားမိတယ်။ အပင်နဲ့ ကျောက်တုံးတွေ အများကြီး အသစ်ပေါ်လာတာပဲ။”
“ဟုတ်တယ်...ဒီလောက်အေးတဲ့ရာသီဥတုမျိုးမှာတောင် ပြန်ဖြည့်ပေးမယ်လို့ မထင်ထားမိခဲ့ဘူး။”
“အားလုံးပဲ ကျေးဇူးပြုပြီး ထပ်မခုတ်ကြနဲ့ဦး။ ယီရန်ပင်း သူဌေးကြီးပြောသလိုဆိုရင် အဲ့ဒါတွေက သစ်တောတစ်ခု ဖြစ်လာနိုင်တယ်။”
“သစ်တောတွေလား။ မင်း တွေးတာ များလွန်းနေပြီ။ မင်းတို့ ကျွန်းတွေက ဘယ်လောက်ကြီးသေးလို့လဲ။ အဲ့ဒါကို သစ်တောတွေ လိုချင်သေးတာလား။”
“ကျုပ်ကျွန်းက တကယ် သေးပါတယ်။ စတုရန်းမီတာ ၆၅ ပဲရှိတာ...။ အိပ်မက်မက်လို့တောင် မရဘူးလား။”
“စတုရန်းမီတာ ၆၅ ဟုတ်လား...။ သူဌေးကြီး ကျုပ်မှားသွားပါတယ်။ စတုရန်းမီတာ ၁၀ ဂဏန်းပဲရှိတာ ကျုပ်တစ်ယောက်တည်းလား။”
“ငါဆို ၁၀ မီတာတောင် မရှိသေးဘူး။”
“ဟူးးး ဒီဆောင်းတွင်းမှာ ငါ့ကျွန်းက အုတ်မြစ်နှစ်ခုပျက်စီးသွားခဲ့တယ်။ အခု ၆ စတုရန်းမီတာပဲ ကျန်တော့တယ်။”
“စတုရန်းမီတာ ၆၅ ရှိတဲ့ သူဌေးကြီးကို တကယ်အားကျမိတယ်။”
“သူများကို အားကျမနေနဲ့။ ပစ္စည်းသေတ္တာတွေသာ အမြန်ဖမ်းစမ်းပါ။ မင်းလည်း အဲဒီလိုကျွန်းကြီးကို ပိုင်ဆိုင်နိုင်တယ်။”
“ဟင်းးး ဒီနေ့ ပစ္စည်းသေတ္တာတွေက ကျွန်းနဲ့ အရမ်းဝေးလွန်းနေတယ်။ လက်လှမ်းမမှီဘူး။”
ပင်လယ်ထဲရှိ ရေခဲများ အရည်ပျော်မကျမီက သူတို့သည် ရေခဲပေါ်သို့သွားပြီး ပစ္စည်းသေတ္တာများကို တိုက်ရိုက် ဖွင့်ယူနိုင်ခဲ့၏။ အကွာအဝေး ကန့်သတ်ချက်ဟူ၍ မရှိခဲ့ပေ။
သို့သော် ယခုအခါ ရေခဲများ အရည်ပျော်သွားပြီဖြစ်ရာ သူတို့သည် ငါးဖမ်းပိုက်၏ ငါးဖမ်းနိုင်သည့် အကွာအဝေးကိုသာ အားကိုးရပေတော့မည်။
ငါးဖမ်းပိုက်ပသ်နိုင်သည့် အဝေးထက် ကျော်လွန်သွားပါက ကြည့်ရုံသာ ကြည့်နေရတော့မည်ဖြစ်သည်။
ထိုအချိန်၌ လီယန်က ရှောင်းယီထံသို့ စာပြန်လာခဲ့သည်။
“ဒါပေမယ့် ငါ ရွက်လှေ မမောင်းတတ်ဘူးလေ။”
“စိတ်မပူပါနဲ့။ ဒီကမ္ဘာရဲ့စည်းမျဉ်းက ရွက်လှေမောင်းခြင်းကို ရိုးရှင်းအောင်ပြုလုပ်ပေးထားပါတယ်။ လောင်ယွမ်တောင် ရွက်သင်္ဘောနဲ့ ဆုဝမ်ရဲ့ ကျွန်းကို ရှာဖွေဖို့ မောင်းနှင်ခဲ့ဖူးတယ်။ ဒါ့အပြင် ကျုပ်ရဲ့ရွက်သင်္ဘောက အလိုအလျောက်စနစ်နဲ့ ကိရိယာအပြည့်အစုံပါတယ်။ မောင်းတတ်ဖို့မလိုပါဘူး။ အမိန့်ပေးလိုက်ရုံပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက အဲ့လောက်တောင် ရိုးရှင်းတာလား။”
လီယန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်...။ တစ်ရက်လောက်ပဲ ထပ်စောင့်ပေးပါ။ ပင်လယ်က ရွက်လွှင့်လို့ရတဲ့အခြေအနေရောက်ရင် လှေကို အန်တီဆီ လွှဲပြောင်းပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။ လီယန်က ခေါင်းငြိမ့်ပြလိုက်သည်။
“ပြဿနာမရှိပါဘူး။”
ထို့နောက် ရှောင်းယီက သူမ၏ကျွန်းမှ ထွက်ခွာလာသည့်အခါ ရွက်သင်္ဘောအား မည်သို့လုပ်ဆောင်ရမည်ကို လီယန်နှင့် ဆွေးနွေးခဲ့သည်။
အဓိကအားဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချိုးဖျက်ပြီး အုတ်မြစ်ကျောက်များကို ပြန်လည်ရယူခြင်းဖြစ်သည်။
“ဒါတွေကတော့ သတိထားရမယ့်အချက်တွေပါ။ အခြားပြဿနာတွေရှိရင် ထပ်ပြောပြပါ့မယ်။”
ရှောင်းယီက နောက်ဆုံးတွင် ပြောလိုက်၏။
“ကောင်းပြီ။”
စကားပြောပြီးသွားသောအခါ ရှောင်းယီသည် အပြင်ထွက်လာပြီး ယွမ်နွန်နှင့်အတူ ဖန်လုံအိမ်ကို ပြန်လည်ပြုပြင်ရာ၌ ကူညီပေးလိုက်သည်။
ဖန်လုံအိမ်ကို ပြန်လည်ပြုပြင်ခြင်းသည် တစ်နေ့လုံးနီးပါး ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် မျိုးစေ့များကို စိုက်ပျိုးခဲ့လေသည်။
ဤတစ်ကြိမ်တွင် အဓိကအားဖြင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အစားအစာအဖြစ် အသုံးပြုနိုင်သော သီးနှံများဖြစ်သည့် အာလူးနှင့် ဆန်စပါးများကို စိုက်ပျိုးခဲ့၏။
ထိုအရာများ စိုက်ပျိုးပြီးသောအခါ နေ့လည် ၂ နာရီထုးခါနီးပင် ဖြစ်သွားခဲ့လေသည်။
ရှောင်းယီ အပူချိန်ကို ကြည့်လိုက်သောအခါ အနှုတ် ၁၉ ဒီဂရီခန့်သာ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
“ငြိမ်သွားပြီထင်တယ်။”
ထို့နောက် ယွမ်နွန်နှင့်အတူ ကျေးလက်ဗီလာထဲသို့ ပြန်လာခဲ့ကာ နေ့လည်စာစားပြီးနောက် ကျွန်းအထိမ်းအမှန်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်ကာ ကုထောင်ချွေ့ရှန်းကို ရှာဖွေ၍ မေးခွန်းများ မေးမြန်းလိုက်လေသည်။
“တားမြစ်ချက်မှာ တစ်ခုခု ဖြစ်နေတာရှိလား။”
“မရှိဘူး။ ကျုပ် အမြဲစောင့်ကြည့်နေပါတယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“အင်း ပင်ပန်းသွားပြီ။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး C အဆင့် ငါးကင် တစ်ခုကို လဲလှယ်ပေးလိုက်သည်။
“ကျေးဇူးပါ သူဌေး။ ကျေးဇူးတင်ပါတယ်။”
ကုထောင်ချွေ့ရှန်းက ကျေးဇူးတင်စကားပြောရင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် C အဆင့် အစားအစာကို နှစ်ကြိမ်စားလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ခံစားခဲ့ရသည်။
“ရပါတယ်။ ဒါက မင်းနဲ့ ထိုက်တန်တဲ့အရာပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထို့နောက် ကုထောင်ချွေ့ရှန်းသည် အနည်းငယ်စဉ်းစားလိုက်ပြီး လဲလှယ်မှုတစ်ခု ပေးပို့လိုက်လေသည်။
“[အုတ်မြစ်ကျောက်] ၂ - အခမဲ့လဲလှယ်ခြင်း။”
“သူဌေးကြီး...ဒါက ကျုပ်ရဲ့စိတ်ရင်းပါ။ လက်ခံပေးပါ။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
ရှောင်းယီသည် အနည်းငယ် မှင်သက်သွားပြီး ပြုံးမိလိုက်၏။
“ဟုတ်ပြီ။ ငါလက်ခံလိုက်မယ်။”
ရှောင်းယီ လက်ခံလိုက်သည်ကို မြင်သောအခါ ကုထောင်ချွေ့ရှန်း အလွန်ပျော်ရွှင်သွားခဲ့သည်။
“ရှောင်းယီ...ဒီနေ့ ပစ္စည်းသေတ္တာ ၃၄ လုံးဖမ်းမိခဲ့တယ်။ အကုန်လုံး ဂိုဒေါင်ထဲထည့်ထားပြီးပြီ။”
အန်ယွဲ့က ဧည့်ခန်းထဲသို့ဝင်လာပြီး အိပ်ခန်းထဲတွင်ရှိနေသော ရှောင်းယီကို ပြောလိုက်ကာ ရေနွေးတစ်ခွက် သောက်လိုက်သည်။
“ဟုတ်ကဲ့”
ရှောင်းယီက ပြန်ဖြေပြီး ဂိုဒေါင်သို့သွားကာ ပစ္စည်းသေတ္တာများအားလုံးကို ဖွင့်ကြည့်လိုက်သည်။
“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၃၊ ကြေး ၄၊...”
“ရရှိသော ပစ္စည်းများ- ပဲတောင့်ရှည်မျိုးစေ့ ၅၊ ပလပ်စတစ် ၄၊...”
“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၂၊ ဂေါ်ဖီထုပ်မျိုးစေ့ ၅၊...”
ပစ္စည်းသေတ္တာ ၃၄ လုံးမှ အုတ်မြစ်ကျောက် ၄၁ ခု၊ ဟင်းသီးဟင်းရွက်မျိုးစေ့ နှစ်မျိုးနှင့် အခြေခံပစ္စည်းအချို့ကို ရရှိခဲ့သည်။
ရှောင်းယီသည် ဟင်းသီးဟင်းရွက်မျိုးစေ့နှစ်မျိုးကို ကြည့်ရှုပြီး အံ့အားသင့်သွားခဲ့လေသည်။
“ဟင်းသီးဟင်းရွက်မျိုးစေ့ နှစ်မျိုး တစ်နေ့တည်းမှာ ဘယ်လိုထွက်လာတာလဲ။”
သူသည် ထိုမျိုးစေ့နှစ်မျိုးကို ယူဆောင်ပြီး ခြံထဲသို့သွားကာ ယွမ်နွန်ဆီသို့ တိုက်ရိုက်ပေးအပ်လိုက်တော့သည်။
“ကျုပ် အခုလေးတင် ပဲတောင့်ရှည်နဲ့ ဂေါ်ဖီထုပ်တွေကို ရခဲ့တယ်။ ဘယ်အချိန်စိုက်လို့ရမလဲဆိုတာ ဦးလေး ကြည့်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။ ယွမ်နွန်၏ မျက်လုံးများ တောက်ပသွားခဲ့၏။
“ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ထပ်ရလာတာပဲ...။ အရမ်းကောင်းတယ်။”
စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးအတွက် မျိုးစေ့များထက် ပို၍စိတ်လှုပ်ရှားစေသောအရာ မရှိပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီ၏ သီးသန့်ချန်နယ်တွင် စာတိုများ အလွန်အမင်း များပြားနေသည်ကို တွေ့ရှိလိုက်ရလေသည်။
အခန်း ၁၈၂ - လူတိုင်း မျိုးစေ့များရရှိခြင်းနှင့် တိလင်းထျန်းရှား၏ ပြုပြင်ပြောင်းလဲမှုများ
“သူဌေး ကျုပ် ဟင်းသီးဟင်းရွက်မျိုးစေ့တစ်မျိုး ရလာတယ်။ သူဌေး လိုချင်လား [ဖရဲစေ့] ၂။”
“[ကြက်သွန်နီမျိုးစေ့] ၁၀၊ သူဌေး ဒါကိုရော ယူမလား။”
“[ကြက်သွန်ဖြူ] ၆၊ ကျုပ် ဒီဟာရခဲ့တယ်။ ဒါကို B အဆင့်အသားနဲ့ လဲလို့ရမလား။”
ရှောင်းယီသည် သူ၏သီးသန့်ချန်နယ်ကိုကြည့်လိုက်သောအခါ မျိုးစေ့များနှင့်ပတ်သက်သော စကားဝိုင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် အများသုံးချန်နယ်တွင် ပြောလိုက်သည်။
“ဒီနေ့ ပစ္စည်းသေတ္တာကနေ မျိုးစေ့ထုတ်နိုင်ခြေနှုန်း မြင့်တက်နေတယ်။ အဲ့ဒါကြောင့် ကျုပ်လည်း မျိုးစေ့တွေကိုစုဆောင်းမယ်ဆိုပေမယ့် ဈေးနှုန်းကတော့ အရင်လိုတော့ မလှတော့ဘူး။ ဈေးကွက်မှာ ကျုပ် လဲလှယ်မယ့်အရာတစ်ခုတင်ထားလိုက်မယ်။ ကြည့်လိုက်ကြပါ။ ဈေးနှုန်းသင့်တော်ရင် တိုက်ရိုက်လဲလှယ်လို့ရတယ်။ မသင့်တော်ဘူးလို့ထင်ရင် မေ့လိုက်ပါ။ ပြီးတော့ ကျုပ်ကို သီးသန့်စာတွေမပို့ပါနဲ့။ အဆင့်မြင့်မျိုးစေ့တွေကတော့ ခြွင်းချက်ရှိတယ်။”
အများသုံးချန်နယ်တွင် ထိုသို့ပြောပြီးနောက် ရှောင်းယီ ဈေးကွက်စာမျက်နှာသို့ ပြောင်းလိုက်၏။
“[ပင်လယ်ငါး] (C အဆင့်) ၁၀၀ ဂရမ် - မည်သည့်သီးနှံမျိုးစေ့ ၂ ခု။
မှတ်ချက်- တူညီသောမျိုးစေ့များကို တစ်ကြိမ်သာ လဲလှယ်နိုင်ပါသည်။ C အဆင့် (သို့) အထက်ရှိသောမျိုးစေ့များအတွက် သီးသန့်စာပို့ပါ။”
မည်သို့ပင်ဆိုစေကာမူ ရှောင်းယီအတွက် မျိုးစေ့ရှိရုံနှင့် စိုက်ပျိုးနိုင်ပြီး S အဆင့်ရေသန့်ကလည်း အလွန်အစွမ်းထက်ပေသည်။
မျိုးစေ့နှစ်ခုဆိုရင် နှစ်ထပ်အာမခံဖြစ်ပြီးသားပင်။
“ယီရန်ပင်း သူဌေးကြီးပြောတာက ဘာကိုဆိုလိုတာလဲ။ မျိုးစေ့ထွက်နိုင်ခြေမြင့်တယ်ဆိုတာ ဘာလဲ။ ငါ့ကျ မရသေးဘူးလေ။”
“ဆိုလိုတာက မင်း အရည်အချင်းမရှိလို့ပေါ့။ ငါ့မှာတော့ မျိုးစေ့ရှိတယ်။”
“ငါလည်း ရလိုက်ပြီ။ ဒီတစ်ခါ သူဌေးကြီးက C အဆင့်အစားအစာနဲ့ပဲ စုဆောင်းတာဆိုတော့ နည်းနည်းတော့ စိတ်ပျက်စရာပဲ။”
“အဆင့်သတ်မှတ်ချက်ရှိတာကတင် ကောင်းနေပြီ။ မင်းရဲ့မျိုးစေ့က ဘာအဆင့်မှ မရှိဘူး။ ယီရန်ပင်းကို နှစ်ခုပဲ လိုချင်တာ။ ပြီးရင် မင်းကို သိမ်းထားဖို့ ချန်ထားပေးသေးတယ်လေ။ အဲ့ဒါနဲ့တင် ကျေးဇူးတင်စရာ ကောင်းနေပြီ။”
“ဟုတ်တယ်။ ကျုပ်လည်း လဲလှယ်ပြီးသွားပြီ။ ဒီညတော့ C အဆင့်ငါးကင် စားရတော့မယ်။”
“မျိုးစေ့... မျိုးစေ့လိုချင်တယ်။”
“ငါ့ခန္ဓာကိုယ်ထဲမှာ ဘီလီယံနဲ့ချီပြီးရှိတယ်။ မင်းလိုချင်လား။”
“လူငယ်လေး မင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားစမ်းပါ။ လူငယ်တစ်ယောက်က ကိုယ့်ကိုယ်မထိန်းချုပ်ဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဒူးနဲ့မျက်ရည် သုတ်ရလိမ့်မယ်။”
ရုတ်တရက် အဝေးပေးလမ်းမကြီးပေါ်သို့ အလျင်အမြန် ပြေးတက်သွားကြသည်ကိုမြင်သောအခါ ရှောင်းယီ ခေါင်းခါကာ ပြုံးလိုက်မိသည်။
တစ်ချိန်နည်းမှာပင် တိလင်းထျန်းရှာသည်လည်း ရှောင်းယီ၏စာကိုဖတ်လိုက်ရပြီး လင်းအင်ပါယာ အုပ်စုထဲတွင် အမြန်ပြောလိုက်သည်။
“ငါတို့အဖွဲ့ကလူတွေ ယီရန်ပင်းကို မျိုးစေ့တွေ မရောင်းရဘူး။ လူတိုင်း ငါ့ဆီကို တစ်ညီတစ်ညွတ်တည်းအပ်နှံရမယ်။”
“အမ်...အဲ့လိုလုပ်တာတော့ သိပ်မကောင်းဘူးနော်။”
တစ်စုံတစ်ဦးက မေးခွန်းထုတ်လိုက်သည်။
“ကျုပ်တို့က ဥက္ကဌကို အကုန်အပ်လိုက်ရင် ငါတို့အတွက် ဘာကောင်းကျိုးမှ မရှိဘူး။”
“ဘာလို့ ကောင်းကျိုးမရှိရမှာလဲ။ ငါ့ကျွန်းက အရမ်းကြီးတယ်။ ပြီးပြည့်စုံတဲ့ ဆင့်ကဲဖြစ်စဉ်ဖြစ်လာခဲ့ရင် စိုက်ပျိုးမြေလည်း ရှိလာလိမ့်မယ်။ ငါစိုက်ပျိုးပြီးရင် လူတိုင်း ရိတ်သိမ်းခြင်းရဲ့ အကျိုးအမြတ်ကို ခံစားကြရလိမ့်မယ်။”
တိလင်းထျန်းရှားက ချက်ချင်းပြန်ပြောလိုက်သည်။ တိလင်းချင်းလုံကလည်း ချက်ချင်းပင် ထောက်ခံပြောကြားလိုက်သည်။
“ဥက္ကဋ္ဌပြောတာ မှန်တယ်။ ခင်ဗျားတို့ကျွန်းမှာ စိုက်ပျိုးလို့ရတဲ့ မြေမရှိဘူး။ မြေဆီလွှာရနိုင်ခြေကလည်း အရမ်းနည်းတယ်။ အဲ့တော့ မျိုးစေ့တွေကိုလက်ထဲမှာ ထားထားရင်လည်း အသုံးမဝင်ဘူး။ ယီရန်ပင်းနဲ့လဲလှယ်ရင် အစားအစာ နည်းနည်းပဲရမယ်။ ဒါပေမယ့် ကျုပ်တို့ဥက္ကဋ္ဌကို အပ်နှံရင် ရေရှည်အတွက် စားစရာရလိမ့်မယ်။”
ချင်းလုံ၏ထောက်ခံမှုကိုမြင်သောအခါ တိလင်းထျန်းရှားက ခေါင်းငြိမ့်မိလိုက်သည်။
“မင်းကိုပျိုးထောင်ထားတာ အချည်းနှီးမဖြစ်ဘူးပဲ။”
ချင်းလုံ၏စကားကို ကြားလိုက်ရပြီးနောက် အချို့လူများက စိတ်လှုပ်ရှားသွားကြကာ သီးနှံမျိုးစေ့များကို တိလင်းထျန်းရှားထံသို့ ပေးအပ်လိုက်ကြသည်။ သို့သော် အချို့လူများကမူ မပေးဘဲ ထားခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် တိလင်ထျန်းရှားသည် ယခုအချိန်တွင် အနာဂတ်အတွက် ပါးစပ်ကတိတစ်ခြကိုသာ ပေးထားခြင်းဖြစ်ပြီး စိုက်ပျိုးပြီးသည့်အချိန်တွင် ထို အစားအစာများကို မည်သို့ဝယ်ယူရမည်ကို မသိရသေးသောကြောင့်ပင်။
ထို့အပြင် ယီရန်ပင်းမှပေးသော အစားအစာများမှာ C အဆင့်အစားအစာဖြစ်၏။ ထိုအစားအစာကို စားသုံးပါက ရုပ်ခန္ဓာကို တိုးတက်ကောင်းမွန်စေနိုင်ပေသည်။ ဤသည်မှာ လက်တွေ့ကျသောသော အကျိုးကျေးဇူးပင်။
မည်သို့ပင်ဆိုစေကာမူ တိလင်းထျန်းရှားသည် သူတို့ သီးနှံမျိုးစေ့များ ရထားသလားဆိုသည်ကိုလည်း သိမည်မဟုတ်ပေ။ ပေးမလား၊ မပေးဘူးဆိုသည်မှာ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ပေသည်။
တိလင်းထျန်းရှားသည် သူစုဆောင်းထားသော သီးနှံမျိုးစေ့ ဒါဇင်ခန့်ကိုကြည့်ပြီး အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ လင်းအင်ပါယာ၏ တပ်ဖွဲ့ဝင်များထဲတွင် သီးနှံမျိုးစေ့များကို ပေးအပ်သူ ဆယ်ယောက်ထက်ပို၍ ရှိသင့်၏။ အချို့လူများက ဝှက်ထားပြီး မပေးဘဲနေကြခြင်း ဖြစ်နိုင်ပေသည်။
“လူတိုင်းပဲ လင်းအင်ပါယာ တပ်ဖွဲ့ထဲ ဝင်ပြီးကတည်းက ငါတို့က မိသားစုတွေပဲ။ မင်းတို့ ဝှက်ထားစရာမလိုဘူး။ လင်းအင်ပါယာ တပ်ဖွဲ့နဲ့ပူးပေါင်းရတာက မင်းတို့ကို စိတ်မသက်မသာဖြစ်စေခဲ့ရင် အချိန်မရွေးထွက်သွားနိုင်တယ်။ ဒီမှာနေဖို့ရွေးချယ်ထားတယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားသင့်တယ်။”
“ဒီ! စွန်းတရှန်းသည် ဂရုထဲမှ ထွက်ခွာသွားပါသည်။”
“ဒီ! ....ဂရုထဲမှ ထွက်ခွာသွားပါသည်။”
လူဒါဇင်ခန့် ဂရုချက်ထဲမှ တစ်ပြိုင်နက်တည်း ထွက်ခွာသွားကြ၏။
ထိုအခါ တိလင်းထျန်းရှားက ဆက်ပြောလိုက်သည်။
“ဒီလူတွေက ထွက်သွားချင်တယ်ဆိုမှတော့ ငါမတားတော့ဘူး။ ဒါက သူတို့ရဲ့ရွေးချယ်မှုပဲ။ ဒါပေမယ့် နောက်တစ်ခါ ပြန်ဝင်လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ချင်းလုံ သူတို့ကို ငါတို့ရဲ့ အနက်ရောင်စာရင်းထဲထည့်လိုက်ပါ။”
“ဟုတ်ကဲ့။”
တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။
“ဒီနေ့ကစပြီး လင်းအင်ပါယာက ညီလာခံဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်လို့ ကြေညာတယ်။ ပစ္စည်းတွေကို အပတ်စဉ်မဖြစ်မနေ ပေးပို့ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုဖျက်သိမ်းပြီး စေတနာအလျောက်တင်သွင်းခြင်းအဖြစ် ပြောင်းလဲမယ်။ ပစ္စည်းတစ်ခုစီက မတူညီတဲ့ ထောက်ပံ့ရေးအမှတ်တွေနဲ့ ကိုက်ညီမှာဖြစ်ပြီး ဒီတစ်ကြိမ် အပ်နှံထားတဲ့မျိုးစေ့တွေကိုလည်း ထောက်ပံ့ရေးအမှတ်တွေအဖြစ် ပြောင်းလဲနိုင်တယ်။ လူတိုင်းက ထောက်ပံ့ရေးအမှတ်တွေ စုဆောင်းခြင်းအားဖြင့် အဆင့်မြှင့်တင်နိုင်ပြီး အဖွဲ့အစည်းအတွင်း အထူးအခွင့်အရေးအချို့ ရရှိနိုင်တယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“အသေးစိတ်စည်းမျဉ်းတွေအတွက်တော့ တိလင်းချင်းလုံက အများသိအောင်ကြေညာပေးလိမ့်မယ်။”
“ကောင်းလိုက်တာ။ နောက်ဆုံးတော့ ပစ္စည်းတွေ ပေးစရာ မလိုတော့ဘူး။”
“ဧကရာဇ်လင်း ထာဝရအသက်ရှည်ပါစေ။”
တိလင်းထျန်းရှား၏ လုပ်ဆောင်မှုသည် မူလက အနည်းငယ် လျော့ရဲနေသော လင်းအင်ပါယာ၏ တပ်ဖွဲ့များကို ပြန်လည်စုစည်းစေခဲ့သည်။
သို့သော် ရှောင်းယီသည်မူ လင်းအင်ပါယာ၏ မျိုးစေ့အနည်းငယ်ကို ဂရုမစိုက်ပေ။ သူသည် မျိုးစေ့များအမြောက်အများကို စုဆောင်းပြီးဖြစ်ကာ ဈေးကွက်တွင် တွေ့မြင်နိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစုံကိုလည်း စုဆောင်းပြီးဖြစ်သည်။
သို့သော် ဤမျိုးစေ့များအားလုံးသည် သာမန်အဆင့်မျိုးစေ့များဖြစ်ပြီး C အဆင့် ဟူ၍ တစ်စေ့မျှပင် မရှိချေ။ ထိုအဆင့်နှင့်အထက်ရှိသော မျိုးစေ့များကိုမူ ပြောစရာပင် မလိုတော့ပေ။
စုဆောင်းပြီးနောက် ရှောင်းယီသည် ၎င်းတို့အားလုံးကို ယွမ်နွန်ထံသို့ ပေးအပ်လိုက်တော့၏။ ယွမ်နွန်သည် အမျိုးမျိုးသော မျိုးစေ့များကိုမြင်သောအခါ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။
ရှောင်းယီက ရုတ်တရက် စဉ်းစားမိလိုက်သည်။
“ဒီလိုမျိုး ရုတ်တရက်ကြီး မျိုးစေ့တွေ ပေါများလာတာ လူတိုင်းရဲ့ကျွန်းတွေက လယ်ယာစိုက်ပျိုးရေးခေတ်ကို ဝင်ရောက်တော့မယ်လို့ ဆိုလိုနေတာများလား။”
“ဒါပေမယ့် လူတိုင်းရဲ့ ကျွန်းတွေက မကြီးမားဘူး။ ပြီးတော့ မြေဆီလွှာပြုပြင်ရေးကတ်တွေလည်း များများစားစားမရှိဘူး။”
“ဖြစ်နိုင်တာက ဆင့်ကဲဖြစ်စဉ်ရဲ့ စွမ်းအားကနေတစ်ဆင့် စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေကို ပြောင်းလဲစေချင်နေတာဖြစ်နိုင်တယ်။”
“ဒါပေမယ့် ဒီလိုမျိုး ဆင့်ကဲဖြစ်စဉ်က မြေဆီလွှာ စိုက်ပျိုးလို့မရတဲ့ သဲကန္တာရမြေဆီလွှာအဖြစ် လွယ်လွယ်လေး ပြောင်းလဲသွားနိုင်တယ်လေ။ ဒါက လူတိုင်းစိုက်ပျိုးနိုင်တဲ့ အစားအစာပမာဏကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားလိမ့်မယ်။”
ထို့ကြောင့် ဤကမ္ဘာကြီးက ထိုမျှမကောင်းနိုင်ပေ။ လူတိုင်းကို ကိုယ်တိုင်လုပ်ဆောင်စေသော်လည်း သူတို့တွင် ဗိုက်ပြည့်အောင်စားနိုင်ရန်မှာ မသေချာပေ။
ညရောက်သောအခါ ကျန်းယွင်ထျန်းသည် တပိုင်၊ ဝမ်ချိုင်နှင့် ကျွင်းကျွင်းတို့နှင့်အတူ ပြန်ရောက်လာခဲ့သည်။
“ဘယ်လိုလဲ တိုက်ခိုက်မှုအရေအတွက်တိုးလာသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“မတိုးဘူး။ 36 ကြိမ်ပဲရှိတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။
“အများစုကို တပိုင်ပဲ ဖြေရှင်းလိုက်တာပါ။”
ရှောင်းယီက တပိုင်ကို လက်မထောင်ပြလိုက်သည်။ တပိုင်က ရှက်ရှက်နှင့် သူ့ခေါင်းကို ပြန်ကုတ်လိုက်လိုက်၏။
“ဝုတ် ဝုတ် ဝုတ်”
ရှောင်းယီက သူ့ကို မချီးမွမ်းသေးသည်ကို မြင်သောအခါ ဝမ်ချိုင်က ချက်ချင်း ဟောင်လိုက်သည်။
“ငါ သိပါတယ်။ မင်းလည်း အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။”
ရှောင်းယီက ဝမ်ချိုင်၏ ခေါင်းကိုပွတ်ပေးရင်း ပြောလိုက်၏။
“သွားစားကြရအောင်။ စားရင်း စကားပြောကြတာပေါ့။”
ထို့နောက် လူတိုင်း မီးဖိုချောင်ထဲကို ရောက်ရှိလာခဲ့ကြလေသည်။
ယွမ်နွန်က မျက်မှောင်ကျုံ့ပြီး ပြောလိုက်၏။
“အခုဆို ဈေးကွက်ထဲက သစ်သီးဝလံတွေနဲ့ စားသုံးနိုင်တဲ့သီးနှံတွေရဲ့ မျိုးစေ့အများစုကို စုဆောင်းပြီးသွားပြီ။ ဒါပေမယ့် အခု ငါတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက မြေဆီလွှာ လိုအပ်နေတာပဲ။”
မျိုးစေ့များ လုံလောက်နေသော်လည်း စိုက်ပျိုးလို့ရသည့် မြေဆီလွှာ မရှိသေးပေ။
“အဲ့ဒါကြောင့် စိုက်ပျိုးဖို့အတွက် သစ်တောရဲ့တစ်စိတ်တစ်ပိုင်းကို ခုတ်ထွင်ဖို့ တိုက်တွန်းချင်တယ်ာ”
ယွမ်နွန်က အကြံပြုလိုက်သည်။
အခန်း ၁၈၃ - အထူးတိုက်ခိုက်ရေး နည်းစနစ်များနှင့် ရေသန့်စက်ကို နောက်တစ်ကြိမ်အဆင့်မြှင့်တင်ခြင်း
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်၏။
“နောက်နှစ်ရက်လောက် ထပ်စောင့်ပါဦး။ ဘာပဲဖြစ်ဖြစ် ခုတ်လိုက်ရင်တောင် ချက်ချင်း စိုက်လို့မရသေးဘူး။ အပူချိန်တက်လာတာနဲ့ ဖြေရှင်းချက်ကောင်းကောင်းမရှိရင် သစ်တောကို ဖျက်စီးပြီး မြေပြန်ဖော်ပေးပါ့မယ်။”
သူက ပြန်ဖြေလိုက်သည်။ ယွမ်နွန်က ခေါင်းငြိမ့်လိုက်၏။
“ဒီနေ့ လူတိုင်း မျိုးစေ့တွေ ရခဲ့ကြတာလား။”
ဘေးနားတွင်ထိုင်နေသော အန်းယွဲ့က စူးစမ်းကာ မေးလိုက်သည်။
“ဟုတ်တယ် လူအများစုက ရထားကြပြီးပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ် C အဆင့်ငါးနဲ့ အဲ့ဒီမျိုးစေ့တွေရဲ့ တစ်စိတ်တပိုင်းကို စုဆောင်းခဲ့တယ်။ အားလုံးက သာမန်မျိုးစေ့တွေချည်းပဲ။”
“ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါတို့ကို ကိုယ်တိုင်စိုက်ပျိုးစေချင်တာ ဖြစ်မယ်။”
အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်...။ ဒါပေမယ့် ဒီလယ်ယာလုပ်ငန်းက လွယ်ကူမှာတော့ မဟုတ်ဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အမှန်ပဲ...။ မြေဆီလွှာပြုပြင်ရေးကတ်တွေက အရမ်းနည်းနေသေးတယ်။ သစ်တောကို ဖျက်စီးပြီး မြေပြန်ဖော်ရင်တောင် ဆင့်ကဲဖြစ်စဉ်အတွက် အချိန်လိုအပ်သေးတယ်။ လူအများစုက မျိုးစေ့ရထားကြပေမယ့် အရင်းအနှီးနဲ့အကျိုးအမြတ်က တကယ်ကိုမမျှတဘူး။”
ယွမ်နွန်က ပြောလိုက်သည်။
“တကယ်တော့ ခင်ဗျားတို့ ပိုပြီးအရေးကြီးတဲ့ ပြဿနာတစ်ခုကို လွတ်သွားတယ်။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
လူတိုင်းက ရှောင်းယီကို သံသယမျက်လုံးများဖြင့် ကြည့်ပြီး သူ၏နောက်လာမည့် စကားလုံးများကို စောင့်နေလိုက်ကြ၏။
“အဲဒါက မင်းတို့ လယ်ယာစိုက်ပျိုးနည်ူကို သိရဲ့လားဆိုတာပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“လူတိုင်းက ဦးလေးယွမ်လို စိုက်ပျိုးရေးဗဟုသုတ ကြွယ်ကြဝတာ မဟုတ်ဘူး။”
အန်းရန်ကလည်း ထောက်ခံလိုက်သည်။
“ဟုတ်တယ်...။ လူအများစုက ကြက်သွန်နီနဲ့ ဂျုံပင်ကိုတောင် မခွဲခြားနိုင်ကြဘူး။”
“တကယ်လို့ အဲ့ဒီလိုဆိုရင် လယ်သမားတွေက အများကြီး အားသာချက်ရှိသွားပြီလို့ မဆိုလိုဘူးလား။”
ဆုဝမ်က ပြောလိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“အနည်းဆုံးတော့ အခုချိန်မှာ လယ်သမားတွေက ဘယ်သူ့ထက်မဆို အားသာချက်ရှိတယ်။ သူတို့က အလုပ်ကြမ်းလုပ်ရတာကို ကျင့်သားရနေပြီး မြို့ထဲမှာ ရုံးထိုင်နေတဲ့လူတွေထက် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ ခံနိုင်ရည်က ပိုပြီးအားကောင်းတယ်။ သူတို့က ဒီကြမ်းတမ်းတဲ့ပတ်ဝန်းကျင်နဲ့ ပိုပြီးလိုလျောညီထွေဖြစ်အောင် နေနိုင်တယ်။ အခုဆို လယ်ယာစိုက်ပျိုးမှာလည်း အသာချက်ရှိလာပြီ။”
လူတိုင်းလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ ရှောင်းယီနှင့်သာ မတွေ့ခဲ့လျှင် သူတို့သည်လည်း အခုအချိန်ထိ ကျွန်းပေါ်တွင် ရုန်းကန်နေရပေလိမ့်မည်။
ဟုတ်ပါသည်။ သူတို့ လွတ်မြောက်နေပြီးသားပင် ဖြစ်နေနိုင်၏။
“ဒေသခံတွေဘက်မှာရော တစ်ခုခု လှုပ်ရှားတာမျိုး ရှိလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“ကုထောင်ချွေ့ရှန်းက အဲ့ဒီမှာ စောင့်ကြည့်နေတုန်းပဲ။ အခုထိတော့ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ ဒါကလည်း ငါမျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ရုတ်တရက်ကြီး ဒီလောက်အေးခဲသွားတာဆိုတော့ အဲဒီဒေသခံတွေလည်း အငိုက်မိသွားမှာပေါ့။ တချို့ဆို အအေးမိပြီး သေကောင်းသေသွားနိုင်တယ်။”
ညနေစာစားပြီးနောက် လူတိုင်းသည် ခြံဝင်းငယ်လေးရှေ့တွင် စုဝေးလိုက်ကြပြီး ကျန်းယွင်ထျန်းက အထူးတိုက်ခိုက်ရေးနည်းလမ်းများကို စတင်ရှင်းပြတော့လေသည်။
လူတိုင်းသည် အဆင့်မြင့်အစားအစာများကို ကာလအတန်ကြာစားသုံးခဲ့ကြပြီးဖြစ်သောကြောင့် ၎င်းတို့၏ သင်ယူနိုင်စွမ်းမှာ အတော်လေး အားကောင်းကြ၏။
တစ်ညအတွင်းမှာပင် ကျန်းယွင်ထျန်းသည် လှုပ်ရှားမှုအားလုံးကို အမှန်တကယ် ရှင်းပြပြီးစီးခဲ့လေသည်။
သူတို့လည်း မှတ်မိနေကြပြီဖြစ်ပြီး ကျန်သည့်အရာများမှာ တကယ့်တိုက်ပွဲတွင် ဆက်တိုက်လေ့ကျင့်ပြီး အသုံးချရန်ဖြစ်သည်။
“မင်းတို့ ဒီလိုမြန်မြန်သင်ယူတာကို မြင်ရတော့ ငါ့အရင်ရဲဘော်တွေနဲ့ငါက အရမ်းအားနည်းနေသလိုတောင် ခံစားရတယ်။”
ကျန်းယွင်ထျန်းက ညည်းညူရင်း ပြောလိုက်သည်။ ရှောင်းယီက သူ့ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အရင်ကမ္ဘာမှာ အဆင့်မြင့်အစားအစာတွေ မရှိခဲ့ဘူးလေ။ ရှိခဲ့ရင် မင်းတို့က ငါတို့ထက်ပိုပြီး အစွမ်းထက်မှာပဲ။”
ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။
“ကောင်းပြီ...ဒီနှစ်ရက်အတွင်း လူတိုင်း ကိုယ်တိုင်လေ့ကျင့်ကြပါ။ နှစ်ရက်အတွင်းမှာ အစစ်အမှန် တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ စလုပ်ရမယ်။ လိုအပ်ချက်ကတော့ ငါ့လက်ထဲမှာ သုံးမိနစ်ကြာတောင့်ခံထားနိုင်ဖို့ပဲ။”
“ဟုတ်ကဲ့”
လူတိုင်းက တုန့်ပြန်လိုက်ကြသည်။
“တန်းဖြုတ်!”
ကျန်းယွင်ထျန်းက ပြောလိုက်၏။
ထို့နောက် လူတိုင်း တန်းဖြုတ်ကာ အနားယူရန် ပြန်သွားလိုက်ကြပြီးနောက် အန်းရန်ကမူ ကျန်းယွင်ထျန်းကို စပ်စုလိုက်၏။
“နည်းပြ.. ရှောင်းယီက ရှင့်လက်ထဲမှာ ဘယ်နှမိနစ်လောက် ထိန်းထားနိုင်လောက်လဲ။”
ထိုမေးခွန်ကိုကြားသောအခါ ကျန်းယွင်ထျန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားခဲ့သည်။
“ငါက သူ့လက်ထဲမှာ စက္ကန့် ၃၀ လောက်ထိန်းထားနိုင်ရင်တောင် မဆိုးဘူးလို့ပြောရမယ်။”
သူက ထိုသို့ပြန်ဖြေပြီးနောက် လှည့်ထွက်သွားလိုက်၏။
ဒီလိုပြောရတာ ရှက်စရာပဲ။
ငါက ကြေးစားစစ်သည်တစ်ယောက်အဖြစ် မွေးဖွားခဲ့တာပါ...။ အခုတော့ အရင်က ကုမ္ပဏီဝန်ထမ်းတစ်ယောက်လောက်တောင် အားမကောင်းတော့ဘူး။
“စက္ကန့် ၃၀ လား။”
အန်းရန်၏ မျက်လုံးများ အပြူးကျယ်သွားပြီး ရှောင်းယီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
သူတို့သည် ယခင်တိုက်ပွဲများတွင် ပါဝင်ခဲ့ဖူးခြင်းမရှိသောကြောင့် ရှောင်းယီ၏အားစွမ်းကို လုံးဝမသိကြပေ။
ယနေ့ ကျန်းယွင်ထျန်းထံမှ ထိုသတင်းကိုကြားသောအခါ ရှောင်းယီကို ထိတ်လန့်အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။
ရှောင်းယီက ပခုံးတွန့်ကာ ပြန်ဖြေလိုက်၏။
“ငါက မင်းတို့ထက် အဆင့်မြင့်အစားအစာတွေ ပိုစားရတယ်လေ။”
ရှောင်းယီ ထိုသို့ပြောလိုက်သော်လည်း လူတိုင်းသိကြပေသည်။ သူသည် အခြားသူများထက် တစ်ပတ်ကျော်ပိုပြီး အဆင့်မြင့်အစားအစာများ စားခဲ့ရသော်လည်း ဤမျှကွာဟမှု မရှိသင့်ပေ။
ဤနေရာတွင် အခြားအကြောင်းရင်းများရှိမည်ဖြစ်သော်လည်း ရှောင်းယီက မပြောလိုသောကြောင့် အခြားသူများကလည်း ထပ်ပြီး မမေးမြန်းကြတော့ပေ။
အထူးလေ့ကျင့်ခန်းများပြီးနောက် လူတိုင်းသည်လည်း အနည်းငယ်ပင်ပန်းနေကြပြီးဖြစ်ရာ ရေချိုးကာ အိပ်ရာဝင်လိုက်ကြတော့သည်။
နောက်တစ်နေ့ ရှောင်းယီ နိုးပြီးချိန်တွင် ချက်ချင်းကမ်းခြေသို့ ပြေးသွားလိုက်၏။ ပင်လယ်ပြင်ပေါ်ရှိ ရေခဲအားလုံး အရည်ပျော်သွားပြီဖြစ်သည်။
“ပြင်ပအပူချိန် အနှုတ် ၁၅.၈ ဒီဂရီစင်တီဂရိတ်။”
စနစ်က အသိပေးလာခဲ့သည်။
“နွေဦးက တကယ်ကို နီးကပ်လာပြီပဲ။”
ရှောင်းယီ တီးတိုးရေရွတ်လိုက်၏။
ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး လီယန်ကိုရှာကာ ရွက်သင်္ဘောကို ပေးပို့လိုက်တော့သည်။
“[အသေးစားဘက်စုံသုံးရွက်သင်္ဘော) (SSS အဆင့်) သုံးရက်အသုံးပြုခွင့် ၁ - အခမဲ့လဲလှယ်ခြင်း။”
“ဒီရွက်သင်္ဘောမှာ ဉာဏ်တုအကူ ရှောင်ယောက်ပါတယ်။ အန်တီ့ရဲ့အမိန့်ကိုနာခံဖို့ ကျုပ်ပြောထားပြီးပြီ။ ကျွန်းပေါ်က အရာတွေကို ဖြေရှင်းပြီးလို့ ရွက်သင်္ဘောပေါ်တက်တဲ့အခါ ခါးပတ်ပတ်ထားရမယ်။ ဒီရွက်သင်္ဘောက အရမ်းခိုင်ခံ့ပြီး ဘယ်ပင်လယ်သတ္တဝါကမှ မဖျက်ဆီးနိုင်ပေမယ့် တိုက်မိနိုင်သေးတယ်။”
လီယန်က ထိုရွက်သင်္ဘောကို မြင်သောအခါ ထပ်မံအံ့အားသင့်သွား၏။ ထိုအရာက SSS အဆင့်ရွက်သင်္ဘောဖြစ်ပေသည်။
“သူက ဒီလိုအဆင့်မြင့်ရွက်သင်္ဘောမျိုးကို သူ ဘယ်လိုရနိုင်ခဲ့တာလဲ။”
လီယန် စဉ်းစားမိလိုက်၏။
သို့သော် ယခင် ခင်ပွန်းဖြစ်သူအန်းယွဲ့နှင့်စကားပြောစဉ်က အန်းယွဲ့သည် ရှောင်းယီထံ၌ အဆင့်မြင့်ပစ္စည်းများစွာရှိကြောင်း သူမကို ပြောခဲ့ပေသည်။ ၎င်းတို့ကို မည်သို့ရရှိသည်ကိုသိရန် မလိုအပ်ကြောင်းနှင့် မေးခွန်းတွေအများကြီး မမေးရန်လည်း သူမကို သတိပေးထားခဲ့၏။
ထို့ကြောင့် လီယန်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့သော်လည်း ထပ်မမေးဘဲ တိုက်ရိုက်သဘောတူလိုက်သည်။
ထို့နောက် အပြာရောင်ဇိမ်ခံရွက်သင်္ဘောတစ်စီး လီယန်၏ ကျွန်းဘေးတွင် ထွက်ပေါ်လာခဲ့တော့လေသည်။
ရှောင်းယီ၏ ယခင်တောင်းဆိုချက်အတိုင်း သူမ၏ပစ္စည်းအားလုံးကို ရှောင်းယီဆီသို့ လဲလှယ်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်စီးကာ အုတ်မြစ်ကျောက်ရှစ်ခု ရရှိပြီးနောက် ရွက်သင်္ဘောပေါ်သို့ တက်လိုက်တော့သည်။
“ကြိုဆိုပါတယ်...အလှလေးလီယန်။ ကျေးဇူးပြုပြီး ထိုင်ခါးပတ်ကို ပတ်ထားပေးပါ။ ကျုပ်တို့ ချက်ချင်းထွက်ခွာပါတော့မယ်။”
ထို့နောက် လီယန်သည် ယာဉ်မောင်းခန်းအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် ထိုင်ကာ ခါးပတ်ပတ်လိုက်ပြီးနောက် ရွက်သင်္ဘောသည် ရှောင်းယီ၏ကျွန်းသို့ ဦးတည်ကာ ထွက်ခွာသွားခဲ့တော့၏။
လီယန်ကို စီစဉ်ပေးပြီးနောက် ရှောင်းယီသည် ယနေ့အတွက် လက်မှတ်ရေးဝင်ခြင်းကို ချက်ချင်းစတင်လိုက်လေသည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်”
“ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်- မည်သည့်ပစ္စည်းကိုမဆို အဆင့်တစ်ဆင့်မြှင့်တင်နိုင်သည်။ အများဆုံးမှာ SSS အဆင့်အထိဖြစ်သည်။”
ရှောင်းယီသည် ယခင်က ဤကဲ့သို့ကတ်မျိုး ရခဲ့ဖူးပြီး နောက်ဆုံးအကြိမ်တုန်းက ရေသန့်စက်ပေါ်တွင် အသုံးပြုခဲ့၏။ ဤကြိမ်တွင်လည်း တွန့်ဆုတ်မနေဘဲ ရေသန့်စက်ပေါ်တွင်သာ အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
ရေကို နေ့စဉ်သောက်သုံးနေရခြင်းဖြစ်ပြီး အဆင့်မြင့်ရေသန့်၏ နေ့စဉ်အာဟာရသည် ရုပ်ခန္ဓာအဆင့်ကို ပို၍ မြန်မြန်မြင့်တက်စေမည်ဖြစ်သည်။
ထို့အပြင် ရှောင်းယီ၏ရုပ်ခန္ဓာသည် S အဆင့်သို့ရောက်နေပြီဖြစ်ရာ SS အဆင့်ရေသန့်ကိုသာ သောက်သုံးနိုင်ပါက ရုပ်ခန္ဓာတိုးတက်မှုက ပိုမိုထင်ရှားလာမည်ဖြစ်သည်။
ထို့နောက် စနစ်သိုလှောင်ခန်းမှ ထြိပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူလိုက်တော့သည်။
“ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်တစ်ခု ရရှိထားသည်ကို တွေ့ရပါသည်။ မြှင့်တင်လိုသောပစ္စည်းကိုရွေးချယ်ပါ။”
“S အဆင့်ရေသန့်စက်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အသုံးပြုခြင်း အောင်မြင်ပါသည်။ S အဆင့်ရေသန့်စက်ကို SS အဆင့်ရေသန့်စက်အဖြစ် မြှင့်တင်လိုက်ပါသည်။”
ထို့နောက် ရှောင်းယီသည် ဧည့်ခန်းသို့ သွားပြီး အဆင့်မြှင့်ထားသော ရေသန့်စက်ကို ကြည့်လိုက်သည်။ စက်တစ်ခုလုံး၏အရွယ်အစားမှာ ပို၍ကြီးမာူလာပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သောပုံစံမျိုး ဖြစ်လာခဲ့ လေသည်။
“ရေသန့်စက် (SS အဆင့်) - ရေအမျိုးမျိုးကို ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ရေထောက်ပံ့မှုလုံလောက်ပါက တစ်နာရီလျှင် ရေသန့် ၃၂၀ မီလီလီတာအထိ ထုတ်လုပ်နိုင်သည်။ စက်ထဲတွင် ပင်လယ်ရေပမာဏ ၁၀လီတာ နှင့် ရေသန့်ပမာဏ ၁၀လီတာ ထိန်းသိမ်းထားနိုင်သည်။ ရေပိုက်စနစ်နှင့် ချိတ်ဆက်ပါက အများဆုံးပမာဏသတ်မှတ်ချက်ကို အလိုအလျောက်သိရှိနိုင်ပြီး အလိုအလျောက် ပိတ်သိမ်းနိုင်သည်။”
တစ်နာရီအတွင်း ထုတ်လုပ်မှုပမာဏမှာ နှစ်ဆတိုးလာခဲ့ပြန်သည်။ ယင်းသည် ၃၀၀ မီလီလီတာကျော်သာဖြစ်သော်လည်း လုံလောက်ပြီဖြစ်သည်။
“ဒီဒီ!!”
ရှောင်းယီ ပြန်လျှောက်လာနေစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးသံတစ်ခုကို ကြားလိုက်ရလေသည်။
“ရှောင်းယီ ရွက်သင်္ဘောက အကိုက်ခံနေရပြီ။”
လီယန်၏ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသောအသံက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်ပေါ်လာခဲ့လေသည်။