← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း ၁၈၇ - လုပင်းအာနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ရွက်သင်္ဘောကို အားသွင်းခြင်း

ထိုမိန်းကလေးသည် ပေါင် ၈၀ သာရှိသောကြောင့် လီယန်အတွက် ထိုအလေးချိန်မှာ မများလှပေ။ အဆင့်မြင့်အစားအစာများကို တစ်ပတ်နီးပါး စားသုံးခဲ့သူဖြစ်သောကြောင့် သူမ၏အားအင်များမှာလည်း တိုးပွားလာခဲ့ပြီဖြစ်သည်။

သို့သော် ထိုမိန်းကလေးအတွက်မူ လီယန်၏အင်အားက အနည်းငယ်လွန်ကဲနေခဲ့သည်။ သူမကို လီယန်က လက်တစ်ဖက်တည်းဖြင့် လွယ်လွယ်ကူကူ ဆွဲခေါ်သွားနိုင်ခဲ့သည် မဟုတ်ပါလား။

လီယန်၏ခွန်အားကို အံ့အားသင့်၍မဆုံးမီ ထိုမိန်းကလေးသည် သူမ၏ကျွန်းဘေးတွင် အပြာရောင် ရွက်သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရ၏။

“ဒီလှေကြီးက ဘယ်ကရောက်လာတာလဲ။”

ထိုမိန်းကလေးမှာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

လီယန်သည် သူမကို သင်္ဘောပေါ်သို့ဆွဲတင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ချထားလိုက်၏။

“အရမ်းနွေးတာပဲ။”

ဤသည်မှာ ထိုမိန်းကလေး၏ ပထမဆုံးခံစားချက်ဖြစ်သည်။

ပြင်ပအပူချိန်သည် သုညအောက်တွင်သာ ရှိနေသေးသော်လည်း လှေအတွင်းအပူချိန်သည်မူ ၂၀ ဒီဂရီအထက်တွင် ရှိနေခြင်းဖြစ်သည်။ ကိုယ်ကျပ်ဝတ်စုံ မဝတ်ထားသော မိန်းကလေးအတွက် ခန္ဓာကိုယ်အပူချိန်မှာ ချက်ချင်းပင် ပြန်လည်ပူနွေးလာခဲ့၏။

ထိုစဉ် လီယန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဖန်သားပြင်ပေါ်ရှိ အမျိုးသားတစ်ဦးကို လက်ညိုးထိုးပြလိုက်သည်။

“အခုကစပြီး မင်းအတွက် အနာဂတ်မှာ အစားအစာနဲ့ အဝတ်အစားတွေ အပြည့်အစုံရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ရှိတယ်။ ဒါပေမယ့် သူနဲ့ စာချုပ်ချုပ်ရမယ်။ မင်း သဘောတူလား။”

လီယန်က မေးလိုက်သည်။

ထိုမိန်းကလေးသည် ချီတုံချတုံဖြစ်သွားပြီး ရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲက နေရောင်ခြည်ကဲ့သို့ တောက်ပနေသော ချောမောခန့်ညားသည့် အမျိုးသားကိုကြည့်လိုက်ကာ “သဘောတူပါတယ်” ဟု ချက်ချင်း ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူမအား အစားအစာတစ်ခုခု ပေးမည်ဆိုပါက သေရဆိုလျှင်ပင် သူမ နောင်တရမည်မဟုတ်‌ပေ။ ယခုအချိန်တွင်မူ မသေရဘဲ စာချုပ် ချုပ်ဆိုရုံမျှဖြစ်သည်ကိုလည်း သူမသိထား ပေသည်။

ရှောင်းယီသည် ပါးရိုးများ ထိုးထွက်နေသော ပိန်လှီလှသည့် မိန်းကလေးကို ကြည့်လိုက်သည်။

“ငါ့မှာ တောင်းဆိုချက်အများကြီး မရှိဘူး။ နာခံမှုတစ်ခုပဲ လိုတယ်။ မင်း လုပ်နိုင်လား။”

“ကျွန်မ လုပ်နိုင်တယ်။”

ထိုမိန်းကလေးက ချက်ချင်း ပြန်ဖြေလိုက်၏။

“ငါ စာချုပ်ကတ်ကို သုံးတော့မယ်။ မခုခံနဲ့။”

ရှောင်းယီက ထိုမိန်းကလေးကို ပြောလိုက်သည်။

လီယန်သည် ချက်ချင်းပင် စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

ထို့နောက် ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသိပေးချက်တစ်ခု ပေါ်လာခဲ့သည်။

“လီယန်သည် သင်၏လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လုပင်းအာနှင့် စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်ထားပါသည်။ သဘောတူပါသလား။”

“သဘောတူတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လီယန်၏လက်ထဲရှိ စာချုပ်ကတ်သည် အနီနက်ရောင် သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး လုပင်းအာ၏ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေသော ရှောင်းယီသည် သူနှင့် လုပင်းအာကြားတွင် ချိတ်ဆက်မှုတစ်ခုရှိလာသည်ကို ခံစားမိလိုက်ရ၏။

“ဒီစာချုပ်ကဒတ်က ငါနဲ့ချုပ်ဆိုလိုက်တာလား။”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

လွန်ခဲ့သည့် စက္ကန့်အနည်းငယ်အလိုက လီယန်က ထိုစာချုပ်ကတ်ကို အသုံးပြုနေခြင်းဖြစ်ပြီး အဘယ်ကြောင့် သူကိုယ်တိုင်နှင့် ချုပ်ဆိုလိုက်ရသနည်း။

“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့လုပ်ဆောင်ချက်ပါ။ လီယန်က သူမရဲ့ကိုယ်ပိုင်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်တဲ့အတွက် ဒီကတ်ကို အသုံးမပြုနိုင်တော့ပါဘူး။ ထုတ်လုပ်မှုပုံစံတွေကိုလည်း သူမအသုံးမပြုနိုင်တော့ပါဘူး။ သင်က သူမကိုခွင့်ပြုမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။”

စနစ်က ရှင်းပြလိုက်သည်။

“အဲ့ဒါကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပြီး ကာကွယ်ဖို့လိုတာပါ။”

ရှောင်းယီက ရုတ်တရက်နားလည်သွား၏။

“အဲ့ဒါကြောင့်ကိုး...အန်းရန်”

ရှောင်းယီက အပြင်ဘက်သို့ အော်ခေါ်လိုက်သည်။

ထိုအခါ ဆုဝမ် ရောက်လာခဲ့၏။

“အန်းရန်က မီးဖိုထဲမှာ...ဘာကိစ္စရှိလို့လဲ။”

“ချက်ပြုတ်ပြီးရင် အန်တီဆီ ပို့ပေးလိုက်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

“ဟင်..ခုနလေးတင် ဟင်းချိုတစ်ပန်းကန် ပို့ပေးထားတာ မဟုတ်ဘူးလား။”

ဆုဝမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“အန်တီက သေခါနီးမိန်းကလေးတစ်ယောက်ရှိတဲ့ ကျွန်းတစ်ကျွန်းတွေ့ပြီး သူ့ကို ငါတို့ကျွန်းကို ပြန်ခေါ်လာချင်နေတယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အခု အဲဒီကောင်မလေး ဗိုက်ဆာလို့ သေတော့မယ်။”

ဆုဝမ်က မျက်မှောင်ကျုံ့လိုက်၏။

“ယုံကြည်လို့ ရပါ့မလား။”

အသက်ရှင်ကျန်ရစ်သူတိုင်းသည် အခြားသူများကို သဘာဝအတိုင်း သံသယဝင်တတ်ကြပြီး တစ်ဖက်လူက မိန်းကလေးဖြစ်သည်ဆိုသော အကြောင်းပြချက်ကြောင့် ထိုသံသယကို လျှော့ချနိုင်မည်မဟုတ်ပေ။

“ကံကောင်းထောက်မစွာနဲ့ပဲ အဲ့ဒီကောင်မလေးဆီမှာ စာချုပ်ကတ်တစ်ခု ရှိနေခဲ့တယ်လေ။ အခု ငါနဲ့ စာချုပ်ချုပ်ဆိုပြီးသွားပြီ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အင်း...ခဏနေရင် ပြန်လာခဲ့မယ်။”

ထို့သို့ပြောပြီးနောက် ဆုဝမ်က အပြင်ပြန်ထွက်သွားတော့သည်။

စာချုပ်ချုပ်ဆိုပြီးသွားပြီ ဖြစ်သောကြောင့် ယခုအချိန်တွင် သူမသည်လည်း သူတို့၏အဖွဲ့ဝင်တစ်ဦး ဖြစ်သွားပြီဖြစ်သည်။

လှေပေါ်တွင် လီယန်သည် စာချုပ်အောင်မြင်စွာ ချုပ်ဆိုပြီးကြောင်း တွေ့လိုက်သောကြောင့် ငါးဖမ်းပိုက်ကို ဖြည်ပေးပြီး ပြောလိုက်သည်။

“မင်း ဒီမှာနေခဲ့ဦး။ ခဏနေရင် စားစရာ တစ်ခုခု ရောက်လာလိမ့်မယ်။ ငါ မင်းရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိစ္စကို ဖြေရှင်းလိုက်ဦးမယ်။”

လုပင်းအာ ခေါင်းငြိမ့်သောအခါ လီယန်က လှေပေါ်မှ ဆင်းသွားခဲ့လေသည်။

လုပင်းအာ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ရောက်သောအခါ လီယန်က ထပ်မံ၍ တို့ထိကြည့်လိုက်သည်။

“ဖျက်ဆီးရန် သို့မဟုတ် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် သိမ်းဆည်းရန် ရွေးချယ်ပါ။”

သူ့ရှေ့ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးလိုက်သည်။

“လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ်သိမ်းဆည်းမယ်။”

လီယန်က ရွေးချယ်လိုက်သည်။

“လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် အောင်မြင်စွာသိမ်းပိုက်ပြီးပါပြီ။ သင့်တွင် အဓိကကျွန်းကျောက်တိုင်မရှိကြောင်း တွေ့ရှိရပါသည်။ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အလိုအလျောက် သင်၏ပင်မကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဖြစ်သွားပါပြီ။”

ထိုအရာအားလုံးကို ကိုင်တွယ်ပြီးနောက် လီယန်သည် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ရှောင်းယီကို မိတ်ဆွေအဖြစ်ထည့်ကာ စာပို့လိုက်၏။

“ဒီမှာ အကုန်လုံးကိုင်တွယ်ပြီးပြီ။ ရွက်သင်္ဘောကို ပြန်ပို့ပေးရတော့မလား။”

“လုပင်းအာ တစ်ခုခုစားပြီးမှ ပြန်ပို့လိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လှေပေါ်တွင် လုပင်းအာသည် ထမင်းစားရင်း စီးကျလာသောမျက်ရည်များကို သုတ်နေခဲ့၏။

သူမ ထမင်းမစားရတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ။ အရင်က ပေါင်မုန့်တစ်ချပ်ကိုတောင် နှစ်ရက်ခွဲပြီး စားခဲ့ရတယ်။ ဒီမှာတော့ အဆီနဲ့ဆားပါတဲ့ ဝက်သားငရုတ်သီးကြော်လည်းရှိတယ်။

“အနာဂတ်မှာ အလုပ်ကြိုးစားရင် ဗိုက်ပြည့်အောင်စားရမယ်။”

ရှောင်းယီက လုပင်းအာကိုကြည့်ပြီး ပြောလိုက်သည်။

လုပင်းအာသည် ထမင်းကို အငမ်းမရစားနေရင်းဖြင့် ကျေးဇူးတင်စကားကို ပလုပ်ပလောင်းဖြင့် ပြောလိုက်၏။

ထိုအချိန်တွင် လီယန် ပြန်ရောက်လာပြီး လုပင်းအာ ထမင်းတစ်ပန်းကန်လုံးကို မြိုချလုမတက်ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။

“ဖြည်းဖြည်းစားပါ။ မင်းဆီက ဘယ်သူမှမလုစားပါဘူး။”

ထို့နောက် လီယန်က ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်သို့ သွားလိုက်သည်။

“ရှောင်းယီ အပျော်စီးရွက်သင်္ဘောကို အားသွင်းရင် ဘယ်လောက်ကြာမလဲ။”

“ဒါက ရှောင်ယောက်ကို မေးရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အားအပြည့်သွင်းရန် ၃၅ မိနစ်နှင့် ၁၇ စက္ကန့်ကြာပါမည်။”

ရှောင်ယောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

လုပင်းအာသည် ထမင်းစားနေရင်းဖြင့် အီလက်ထရောနစ်အသံတစ်ခုကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်မိ၏။ ထို့နောက် မကြာမီမှာပင် ထမင်းကိုသာ ဆက်စားနေလိုက်သည်။

“ပင်းအာ အဲ့ဒီအစားအစာတွေကိုယူပြီး ငါနဲ့အတူဆင်းလာခဲ့။ ဒီလှေကို အားသွင်းဖို့ ပြန်ပို့ရမယ်။”

လီယန်က ပြောလိုက်သည်။

လုပင်းအာသည် ချက်ချင်းပင် အစားအစာများကို ထုပ်ပိုးပြီး လှေပေါ်မှ ဆင်းလိုက်၏။ လီယန်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လုပ်ဆောင်ပြီးနောက် သင်္ဘောကို ပြန်ပို့ပေးလိုက်တော့လေသည်။

ပင်လယ်ကမ်းခြေတွင် ပစ္စည်းသေတ္တာများကို ဂိုဒေါင်ထဲသို့ ဆွဲသယ်နေသော အန်းယွဲ့သည် ရုတ်တရက် ပေါ်လာသော ရွက်သင်္ဘောကို မြင်လိုက်ရသောအခါ ရင်ထိတ်သွားခဲ့၏။

ဤရွက်သင်္ဘောအား လီယန်ကို ကိုယ်တိုင်မောင်းခိုင်းထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရုတ်တရက်ပြန်ပေါ်လာခြင်းမှာ မည်သည်ကို ဆိုလိုသနည်း။

ငှားရမ်းထားသောပစ္စည်းများသည် ငှားရမ်းသူက ပြန်ပို့ခြင်း သို့မဟုတ် သေဆုံးခြင်းမျိုးမဟုတ်လျှင် ပြန်မရနိုင်ပေ။

လီယန် သေသွားတာလား။

ထိုသို့တွေးမိလိုက်သောအခါ အန်းယွဲ့သည် ရှောင်းယီထံသို့ အမြန်ပြေးသွားပြီး ဘာဖြစ်နေသည်ကိုမေးရန် ပြင်လိုက်သော်လည်း ရှောင်းယီက ဝါယာကြိုးတစ်ချောင်းကိုဆွဲကာ ကမ်းခြေဆီသို့လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

“ဘာဖြစ်တာလဲ။ ဒီသင်္ဘောက ဘာလို့ပြန်ရောက်လာတာလဲ။”

အန်းယွဲ့က အလျင်အမြန် မေးလိုက်သည်။

“အားမရှိတော့လို့ပါ။ အားပြန်သွင်းပြီးမှ အန်တီဆီကို ပြန်ပို့ပေးမယ်။ ကြိုးဆွဲရတာက တစ်ခါတစ်လေကျရင် တကယ်စိတ်ညစ်စရာပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။ အန်းယွဲ့၏မေးခွန်းကို သိသောကြောင့် ရှောင်းယီက ဝါယာကြိုးကို ဆွဲလာရင်း ရှင်းပြလိုက်လေသည်။

လီယန်က ရှေးဦးဧရာမမိကျောင်းကြီးနှင့်တွေ့ခဲ့ရပြီး ပင်လယ်ထဲဆွဲချခံရကြောင်း ကြားလိုက်ရသောအခါ အန်းယွဲ့ စိတ်ပူသွားခဲ့သည်။

“ပင်လယ်ပြင်က အဲ့ဒီလောက်တောင် အန္တရာယ်များတာလား။”

အန်းယွဲ့က စိုးရိမ်စွာပြောလိုက်၏။

“ဟုတ်တယ်...။ ကျုပ်တို့ရဲ့လက်ရှိအင်အားနဲ့ဆိုရင်တောင် အဲဒီသားရဲကြီးတွေနဲ့တွေ့ရင် တကယ်ပဲ အန္တရာယ်များလွန်းတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ဝါယာကြိုးကို အားသွင်းရန် ချိတ်ဆက်လိုက်လေသည်။ လှေသည် ချက်ချင်းပင် လျင်မြန်သောအားသွင်းမှုနှုန်းဖြင့် စတင်လိုက်တော့သည်။

လီယန်နှင့် လုပင်းအာတို့သည် တဲထဲဝင်သွားပြီး လှေအားပြည့်မည့်အချိန် စောင့်ဆိုင်းနေကြ၏။

လုပင်းအာသည် အစားအစာများကို မြန်မြန်စားလိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် သွေးရောင်အနည်းငယ် ပြန်လွှမ်းလာခဲ့သည်။

ထို့နောက် သူမသည် လီယန်က ပါးလွှာသော ကိုယ်ကျပ်ဝတ်စုံတစ်ခုတည်းကိုသာ ဝတ်ထားကြောင်း မြင်လိုက်ရ၏။

“အစ်မကြီး...အစ်မကြီးရဲ့အဝတ်အစား ပါးလွန်းတယ်။ ဒီ အနွေးထည်ကို ဝတ်လိုက်ပါလား။ ဒီနေ့ အရမ်းအေးတယ်။”

အခန်း ၁၈၈ - ကံဆိုးမှုများပြီးဆုံး၍ ကံကောင်းလာသည့် လုပင်းအာနှင့် အရင်းအမြစ်အသစ်များ

လီယန်က ပြုံးလိုက်၏။

“မလိုပါဘူး။ ငါဝတ်ထားတဲ့ ကိုယ်ကျပ်ဝတ်စုံက အပူချိန်ကို ထိန်းပေးနိုင်တဲ့ အဆင့်မြင့် အဝတ်အစားပဲ။ အနာဂတ်မှာ အလုပ်ကြိုးစားရင် ရှောင်းယီက မင်းကိုလည်း တစ်ခုပေးလိမ့်မယ်။”

လုပင်းအာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“အဝတ်အစားတွေမှာလည်း အဆင့်သက်မှတ်ချက်တွေ ရှိတာပဲလား။”

သူမသည် အစားအစာများတွင်သာ အဆင့်များရှိသည်ဟု အမြဲထင်ထားခဲ့မိခြင်းပင်။

“ဟုတ်တယ်...။ ဒီကမ္ဘာပေါ်က အရာအားလုံးမှာ အဆင့်တွေရှိတယ်။”

လီယန်က ပြန်ဖြေလိုက်သည်။

“အနာဂတ်မှာ မင်း တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ အခုတော့ မင်းအကြောင်း ပြောကြရအောင်။”

“ကျွန်မ အကြောင်းလား။”

လုပင်းအာက ချီတုံချတုံ ဖြစ်သွားခဲ့၏။

“ကျွန်မမှာ ပြောစရာဘာမှမရှိပါဘူး။ အရာအားလုံးက ကံဆိုးမှုတွေချည်းပါပဲ။”

လီယန်၏တောင်းဆိုမှုကြောင့် လုပင်းအာက သူမအကြောင်းများကို ဖြည်းဖြည်းချင်း ပြောပြခဲ့လေသည်။

လုပင်းအာသည် မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက စွန့်ပစ်ခံခဲ့ရ၏။ ထို့ကြောင့်လည်း အရင်က ဤကမ္ဘာက သူမကိုမနှစ်သက်ဘူးဆိုသည့်စကားကို ပြောခဲ့ခြင်း ဖြစ်ပေသည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်တွင်လည်း ကံဆိုးမှုများက ကပ်ပါလာသလို ဖြစ်နေခဲ့ပြီး ပစ္စည်းသေတ္တာဖွင့်တိုင်း ရေနှင့်အစားအစာများ မရရှိခဲ့ပေ။ ကံကောင်းစွာဖြင့် ပစ္စည်းအနည်းငယ် ရှိသောကြောင့်သာ အစားအစာနှင့် ရေအတွက် အလဲအလှယ်လုပ်၍ ရခဲ့ခြင်းဖြစ်သည်။

လုပင်းအာ၏စကားများကို နားထောင်ပြီးနောက် လီယန်က သက်ပြင်းချလိုက်မိ၏။

“ဒီလိုဆိုရင်တော့ မင်းရဲ့ကံက အရမ်းဆိုးတာပဲ။ ဒါပေမယ့် သေဆုံးသွားသူတွေနဲ့ယှဉ်ရင် မင်းက အရမ်းကံကောင်းနေပါသေးတယ်။”

လုပင်းအာက မှင်သက်သွားခဲ့သည်။

“ဟုတ်ပါတယ်...။ ဒီလိုတွေးကြည့်ရင်တော့ ကျွန်မက အရမ်းကံကောင်းတယ်။ အထူးသဖြင့် ရှင့်နဲ့ တွေ့လိုက်ရတဲ့ အချိန်မှာပေါ့။”

သူမက ပြန်ဖြေလိုက်၏။ လီယန်က ခေါင်းခါလိုက်သည်။

“မင်းက ငါ့ကိုတွေ့လို့ ကံကောင်းတာမဟုတ်ဘူး။ ရှောင်းယီကို တွေ့တာကမှ တကယ့်ကံကောင်းခြင်းပဲ။”

သူမက ပြောလိုက်သည်။

လုပင်းအာသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ပြီး လီယန်က ရှောင်းယီကို အဘယ်ကြောင့် ဤမျှကျေးဇူးတင်ပြီး လေးစားရသည်ကို နားမလည်နိုင်ခဲ့ပေ။

လီယန်က ပြုံးလိုက်သည်။

“မင်း ယီရန်ပင်းကို သိလား။”

“သိတာပေါ့...။ ဈေးကွက်ပေါ်က ရေနဲ့အစားအစာရဲ့ ၉၀% ကျော်လောက်က သူ့ဥစ္စာတွေပဲ။”

လုပင်းအာက ချက်ချင်း ပြန်ဖြေလိုက်သည်။

“သူ့မှာ အဆင့်မြင့်အစားအစာတွေ အများကြီးရှိတယ်လို့လည်း ကြားဖူးတယ်။”

လီယန်က ပြုံးလိုက်သည်။

“၉၀% ကျော်မဟုတ်ဘူး။ ၉၉% က ယီရန်ပင်းရဲ့ ပစ္စည်းတွေပဲ။”

သူမက ပြောလိုက်၏။

“ရှင်က ဘယ်လိုလုပ်သိတာလဲ။”

လုပင်းအာက အံ့အားသင့်စွာ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ရှောင်းယီက ယီရန်ပင်းဖြစ်နေလို့ပဲ။”

လီယန်က ပြန်ဖြေလိုက်၏။

“ဘာ!”

“ဒုတ်...”

“အာ့...”

လုပင်းက ထိတ်လန့်သွားပြီး ထရပ်လိုက်ရာ တဲခေါင်မိုးကို ခေါင်းနှင့် စောင့်မိသွားခဲ့ပြီး ပြန်ထိုင်လိုက်ရ၏။ သို့သော်လည်း သူမ၏မျက်နှာပေါ်တွင်မူ မယုံကြည်နိုင်ဟန်များ ဖြတ်ပြေးနေခဲ့သည်။

“အံ့ဩမနေပါနဲ့။ မင်းမြင်ရတာက ရေခဲတောင်ရဲ့ ထိပ်ပိုင်းလေးပဲ ရှိပါသေးတယ်။ ဒီရွက်သင်္ဘောကလည်း သူ့အပိုင်ပဲ။”

လီယန်က ဆက်ပြောလိုက်သည်။

“သူ့နောက်ကိုသာ လိုက်မယ်ဆိုရင် အဆင့်မြင့်အစားအစာတွေကို နေ့တိုင်းနီးပါးစားရလိမ့်မယ်။”

“နေ့တိုင်းနီးပါးလား။”

လုပင်းအာ၏မျက်လုံးများ ထပ်မံ ပြူးကျယ်သွားခဲ့သည်။

“ဒါဆို သူ့မှာ Cအဆင့်အစားအစာတွေ ဘယ်လောက်တောင် ရှိနေတာလဲ။”

“C အဆင့်လား။”

လီယန်က ခေါင်းခါလိုက်၏။

“Cအဆင့်ဆိုတာက အခြေခံအစားအစာလေးပါပဲ။ သူ့မှာ B အဆင့်၊ A အဆင့်နဲ့ S အဆင့် အစားအစာတွေ အများကြီးရှိပြီး အချို့ဆိုရင် အစုအပြုံလိုက်ရနေတာပဲ။”

လုပင်းအာသည် အံ့အားသင့်မှုကြောင့် ပါးစပ်ဟောင်းလောင်းဖြစ်သွားခဲ့ပြီး ဘာပြောရမှန်းပင် မသိတော့ပေ။

“အဲ့ဒါကြောင့် မင်းရဲ့ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ စာချုပ်ကိုသဘောမတူရင် ငါ မင်းကိုသတ်ပစ်လိုက်မှာ။”

လီယန်က ပြောလိုက်သည်။ လုပင်းအာ ခါးသီးစွာ ပြုံးလိုက်မိ၏။

“ကျွန်မလိုမျိုး ဗိုက်ဆာပြီး သေတော့မယ့်သူအတွက်တော့ ဒါကဆုံးဖြတ်ချက်မဟုတ်ဘူး...။ အသက်ရှင်ဖို့အတွက်ရုန်းကန်မှုပါပဲ။”

“မင်းဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်...အနည်းဆုံးတော့ မင်းရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်။”

လီယန်က ပြုံးပြီကာ ပြန်ပြောလိုက်သည်။

“ရှောင်းယီရဲ့ ကျွန်းကိုရောက်ပြီးရင် မင်း ငါနဲ့ အတူချည်ငင်ပြီး ရက်ကန်းယက်ရမယ်။ ငါတို့တာဝန်က အထည်နဲ့အဝတ်အစားတွေကို အမြန်ဆုံးထုပ်လုပ်ဖို့ပဲ။”

“ဟုတ်ကဲ့ နားလည်ပါပြီ။”

လုပင်းအာက ပြန်ဖြေလိုက်သည်။

“ရှောင်းယီမှာ အရင်းအမြစ်တွေ ကြွယ်ဝတယ်ဆိုပေမယ့် ဒီကမ္ဘာက အသုံးမကျတဲ့လူတွေကို မထောက်ပံ့ဘူးဆိုတာလည်းညမင်း သိထားရမယ်။”

လီယန်က နောက်ဆုံး၌ ပြောလိုက်သည်။

“ဟုတ်ကဲ့ နားလည်ပါပြီ။ ကျွန်မ အလုပ်ကြိုးစားမှာပါ။”

သူတို့စကားပြောနေစဉ်အတွင်း ရွက်သင်္ဘောမှာ အားပြည့်သွားပြီဖြစ်ပြီး ရှောင်းယီက လီယန်ထံသို့ အသုံးပြုခွင့်ကို ပြန်လည်လဲလှယ်ပေးလိုက်သည်။

လီယန်သည် လုပင်းအာ၏ကျွန်းပေါ်ရှိ အရာအားလုံးကို ရှောင်းယီအား လဲလှယ်ပေးပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးကာ အုတ်မြစ်ကျောက်ငါးခု ရရှိခဲ့သည်။ ထို့နောက် လုပင်းအာကို သူမ၏ကျွန်းမှ ခေါ်ဆောင်သွားပြီး ရွက်သင်္ဘောပေါ်သို့ တက်လိုက်ကြတော့သည်။

“ခါးပတ်ပတ်ထား။ ပင်လယ်ပြင်က တည်ငြိမ်မှုမရှိဘူး။”

“ရှောင်ယောက် အရှိန်အပြည့်နဲ့ ခရီးဆက်မယ်။”

လီယန်က အမိန့်ပေးလိုက်၏။

“အမိန့်ကိုလက်ခံရရှိပါပြီ မိန်းမလှလေး။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။

ထို့နောက် ဘေးနှစ်ဖက်ရှိ ပင်လယ်ပြင်သည် လျင်မြန်စွာဖြင့် အနောက်တွင် ကျန်ရစ်ခဲ့သည်ကိုကြည့်ပြီး လုပင်းအာက အံ့ဩနေခဲ့သည်။

“ဒီမြန်နှုန်းက အရမ်းမြန်တာပဲ။”

“လက်ရှိအမြန်နှုန်းမှာ တစ်နာရီကို ကီလိုမီတာ ၄၈၀ ဖြစ်ပါတယ်။”

ရှောင်ယောက်က အသိပေးလိုက်သည်။

“စက္ကန့်နှစ်ဆယ်အတွင်း အမြန်ဆုံးနှုန်းဖြစ်တဲ့ တစ်နာရီကို ကီလိုမီတာ ၆၀၀ သို့ရောက်ရှိပါတော့မယ်။”

“အဲ့လောက်တောင် မြန်တာလား။ ဒါဆိုအနီးအနားက ကျွန်းတွေအားလုံးကိုစုပြီး လူအင်အားတွေ အများကြီး ရှာလို့ရမှာပေါ့။”

လုပင်အားက ပြောလိုက်သည်။

ဤမြန်နှုန်းဖြင့်ဆိုလျှင် ကီလိုမီတာ ၆၀၀ အတွင်းရှိ ကျွန်းတစ်ခုကို တစ်နာရီအတွင်းရောက်နိုင်မည်ဖြစ်သည်။

လီယန်က ခေါင်းခါလိုက်၏။

“ငါ ဘာလို့ မင်းရဲ့ကျွန်းမှာ ရပ်တာလဲဆိုတာ မင်းသိလား။”

“ကျွန်မရဲ့ကျွန်းက သေးပြီး ဖွံ့ဖြိုးတိုးတက်မှုမကောင်းတော့ ရှင့်အတွက် ခြိမ်းခြောက်မှုမရှိဘူးလို့ ထင်လို့လား။”

လုပင်းအာက မသေချာမရေရာစွာ ပြန်ဖြေလိုက်သည်။ လီယန်က ထပ်မံခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး...ငါအရင်က ရှေးဦးဧရာမမိကျောင်းကြီးတစ်ကောင်နဲ့ တွေ့ခဲ့ရတယ်။ သူနဲ့တိုက်ခိုက်ရင်း ရွက်သင်္ဘောကအားအရမ်းကုန်သွားခဲ့တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှာပြီး ပြန်အားသွင်းဖို့လိုလို့ပဲ။”

“ရှေးဦးဧရာမမိကျောင်းကြီးလား။”

လုပင်းအာသည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် နားထောင်နေရသလိုပင် ခံစားလိုက်ရသည်။

လီယန်က ခေါင်းငြိမ်ပြလိုက်ပြီး သူမတွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြလိုက်၏။ လုပင်းအာသည်လည်း နားထောင်နေသည့်တစ်ချိန်လုံး ပါးစပ်ဟောင်းလောင်းဖြစ်နေခဲ့ရသည်။

“အဲ့ဒါကြောင့် ပင်လယ်ပြင်က အရမ်းအန္တရာယ်များတယ်။”

ထိုသို့ပြောရင်း လီယန်က သူမ၏စကားကို နိဂုံးချုပ်လိုက်သည်။

“ရွေးချယ်စရာရှိရင် ငါ့ရဲ့ကျွန်းပေါ်မှာပဲ တစ်သက်လုံးနေချင်တယ်။ ပင်လယ်ပြင်ပေါ်မှာ အမြဲပြေးလွှားနေမယ်ဆိုရင် ဒီသားရဲကြီးတွေနဲ့ အမြဲတွေ့နေရမှာပဲ။ ဒီတစ်ခါ ကံကောင်းခဲ့တယ်ဆိုပေမယ့် နောက်တစ်ခါ ကံကောင်းချင်မှ ကောင်းလိမ့်မယ်။ အဲ့ဒါကြောင့် လူတွေအများကြီးကို တစ်ကျွန်းတည်းမှာ စုဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“နောက်ပြီး ပိုအရေးကြီးတာက လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ဓာတ်ချင်း မတူကြဘူး။ တစ်နေ့ မင်းရဲ့နောက်ကျောကနေ ဓားထိုးခံရရင် ဘာဖြစ်မလဲ။”

လီယန်က ပြောလိုက်သည်။ လုပင်းအာက အနည်းငယ် မှင်သက်သွားခဲ့သည်။

“ကျွန်မ အဲ့ဒီရှေးဦးယဧရာမမိကျောင်းကြီးကို ကျေးဇူးတင်ရမှာပေါ့။ မဟုတ်ရင် ရှင့်က ကျွန်မရဲ့ကျွန်းမှာ ရပ်ခဲ့မှာမဟုတ်ဘူး။ ကျွန်မလည်း မကြာခင်မှာ သေသွားရလိမ့်မယ်။”

သူမက ပြောလိုက်သည်။

“အဲ့ဒါကြောင့် မင်းက တကယ်ကံကောင်းတယ်လို့ ငါပြောတာပေါ့။”

လီယန်က ပြုံးကာ ပြောလိုက်၏။ လုပင်းအာ ခေါင်းငြိမ့်လိုက်မိသည်။

ရှောင်းယီသည် လီယန် လဲလှယ်ပေးခဲ့သောပစ္စည်းများကို လက်ခံလိုက်သည်။ သိပ်တော့မများပေ။ အနွေးထည်၊ စောင်များ၊ တဲ၊ သံလှံ၊ တည်နေရာပြစက်ထုတ်လုပ်မှုပုံစံတစ်ခုတို့ဖြစ်သည်။

“[တည်နေရာပြစက်ထုတ်လုပ်မှုပုံစံ]: ချစ်ပ်(chip) ၁၊ ပလတ်စတစ် ၁၊ ဖန် ၁။”

ဤထုတ်လုပ်မှုပုံစံအတွက် လိုအပ်သည့်အရာများကို မြင်လိုက်ရသောအခါ ရှောင်းယီက ကြောင်အသွား၏။

“ချစ်ပ်ကို ပစ္စည်းသေတ္တာထဲက တန်းပြီးရလို့ရနိုင်လား။”

ထိုအချိန်တွင် တစ်စုံတစ်ဦးက ရှောင်းယီနှင့် သီးသန့်စကားပြောရန် တောင်းဆိုလာခဲ့သည်။

ရှောင်းယီက သီးသန့်စာတိုကို ဖွင့်ကြည့်လိုက်၏။

“ယီရန်ပင်းသူဌေးကြီး ကျုပ် ဒါရထားတယ်...သူဌေး လိုချင်မလားမသိဘူး။ [ချစ်ပ် ထုတ်လုပ်မှုပုံစံ] ၁။”

ရှောင်းယီက ထိုထုတ်လုပ်မှုပုံစံကိုမြင်သောအခါ “အိပ်ချင်နေတုန်း ခေါင်းအုံးပေးလိုက်သလိုပဲ” ဟုတွေးလိုက်မိလေသည်။

ထို့နောက် ရှောင်းယီက ထိုလူကို ပြန်ဖြေလိုက်သည်။

“ငါလိုချင်တယ်...မင်း ဘာနဲ့လဲချင်လဲ။”

“C အဆင့်အစားအစာ ၁ ကီလိုဂရမ်ဆိုရင် အဆင်ပြေမလား။”

တစ်ဖက်ကလူက ပြန်ဖြေလာခဲ့သည်။

ယခုအခါ လူတိုင်းသည် ရှောင်းယီ၏ အလေ့အထကို နားလည်လာကြပြီး သေချာစွာဆွေးနွေးပါက ရှောင်းယီသည် ရက်ရက်ရောရောပေးလေ့ရှိကြောင်း သိလာကြပြီဖြစ်သည်။

အခန်း ၁၈၉ - အရင်းအမြစ်အသစ်များအကြောင်း ဆွေးနွေးခြင်းနှင့် ဝေါ်ကီတော်ကီ

ဤပစ္စည်းကို လူတိုင်း ရရှိထားသလားဆိုသည်ကို မသိသော်လည်း C အဆင့်ပင်လယ်ငါး ၁ကီလိုဂရမ်နှင့်တော့ လဲလို့၍ နိုင်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ။ လဲကြတာပေါ့။”

“[ချစ်ပ် ထုတ်လုပ်မှုပုံစံ] ၁ - [အစားအစာ] (Cအဆင့်) ၁ကီလိုဂရမ်။”

ရှောင်းယီသည် C အဆင့် ပင်လယ်ငါးဖြင့် ချစ်ပ်ထုတ်လုပ်မှုပုံစံကို ချက်ချင်းလဲလှယ်လိုက်သည်။

“[ချစ်ပ် ထုတ်လုပ်မှုပုံစံ]: စီလီကာ ၁၊ အလူမီနီယမ် ၁။”

“ကျစ်...။ နောက်ထပ်မမြင်ဖူးတဲ့ အရင်းအမြစ်တစ်ခုပဲ။”

ရှောင်းယီသည် ချစ်ပ်ထုတ်လုပ်မှုပုံစံအတွက် လိုအပ်သော စီလီကွန်ဒိုင်အောက်ဆိုဒ်ကိုကြည့်ပြီး အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။

ထို့နောက် အများသုံးချန်နယ်ကို ပြောင်းလိုက်ပြီး လူအများက ယခင်ကနှင့် မတူသော ပစ္စည်းများ တင်ထားသလားဆိုသည် ကြည့်လိုက်၏။

“ဟေး... ငါလည်း တည်နေရာပြစက်ထုတ်လုပ်မှုပုံစံ ရလိုက်တယ်။”

“ထုတ်လုပ်မှုပုံစံ ရလိုက်ရုံနဲ့ ဘာလုပ်လို့ရမှာလဲ။ ထုတ်လုပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ် မရှိဘဲနဲ့။”

“အပေါ်ကလူက အချဉ်ပေါက်နေတာပဲ။ ထုတ်လုပ်မှုပုံစံ ရနိုင်ရင် ထုတ်လုပ်ဖို့လည်း အခွင့်အလမ်းရှိတာပေါ့။ မဟုတ်လို့ အရင်းအမြစ်ရှိပြီး ပုံစံမရှိရင် ဒုံးရင်းကဒုံးရင်းပဲ ဖြစ်နေမှာ။”

“ငါ ဒါရလိုက်တယ်။ [အဝေးထိန်းဆက်သွယ်ရေးကိရိယာ ထုတ်လုပ်မှုပုံစံ] ၁။”

“အဲ့ဒါက အသုံးမဝင်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့လည်း ဆက်သွယ်လို့ရနေတာပဲ။”

“အဝေးထိန်းဆက်သွယ်ရေးကိရိယာရှိရင် ပိုအဆင်ပြေမယ်ထင်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကျွန်းပေါ်မှာပဲ ရှိတာလေ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ ခွာလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒါဆို ဆက်သွယ်ဖို့ ဘာလို့ လိုအပ်ဦးမှာလဲ။”

“ဘယ်သူက ပြောလဲ။ သူဌေးကြီးတစ်ယောက်နဲ့သာ ချိတ်ဆက်မိသွားရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မလိုဘဲ အလုပ်ကြိုးစားရုံနဲ့လည်း ကောင်းကောင်းနေနိုင်တယ်။”

“ဒီလိုပြောရင်တော့ အဓိပ္ပာယ်ရှိပါတယ်။ ဒါဆို မေးခွန်းက ဘယ်သူဌေးကြီးနဲ့ချိတ်ဆက်မှာလဲ။”

“ကျွန်းတွေ ကြီးလာတာနဲ့အမျှ သူဌေးကြီးတွေက ကျွန်းကိုစောင့်ကြပ်ကြည့်ရှုဖို့ အကူအညီလိုလာမှာပဲ။ အနာဂတ်မှာ လူတွေ ပေါင်းစည်းပြီး အဓိကကျွန်းတစ်ကျွန်းတည်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာက ပိုကောင်းတယ်။”

“ဟုတ်တယ်...။ အပေါ်ကလူ ပြောတာဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီလိုတည်နေရာပြစက်တွေ၊ ဆက်သွယ်ရေးကိရိယာတွေကို ကမ္ဘာ့စည်းမျဉ်းတွေက ပေးမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ ပစ္စည်းအသစ်တစ်ခုထွက်လာတိုင်း ကမ္ဘာ့စည်းမျဉ်းတွေပါ ပြောင်းသွားတတ်တယ်။ ဒါဆိုအခုက ဘာကိုပြောင်းလဲနေတာလဲ။”

“ငါတို့ကို ပူးပေါင်းဆောင်ရွက်ဖို့ အရိပ်အမြွက်ပြနေတာ ဖြစ်မယ်။”

“ပူးပေါင်းဆောင်ရွက်ဖို့လား။ အခုအခြေအနေက အရမ်းမတည်ငြိမ်သေးဘူး။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြတုန်းပဲ။ နောက်ကျော ဓားနဲ့အထိုးခံရမှာကို လူတိုင်းကြောက်နေကြတယ်။ စိတ်ရင်းမှန်နဲ့ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“မင်းပြောတဲ့ အခြေအနေအတိုင်းဆို ဘယ်တော့မှ တည်ငြိမ်တော့မှာ မဟုတ်ဘူး။”

“လူတိုင်းက တစ်ယောက်ကို တစ်ယောက် မသိကြဘူး။ အဲ့ဒါကြောင့် သတိထားကြရမယ်။ အဲ့ဒါက ပူးပေါင်းပြီး ကူညီရုံပဲရှိမယ်။ ပေါင်းစည်းဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။”

“ဟုတ်တယ်။ ပေါင်းစည်းပြီးရင် အကြီးဆုံးပြဿနာက ဘယ်သူ့စကားကို နားထောင်မလဲဆိုတာပဲ။ ဘယ်သူမှ အခြားသူတစ်ယောက်ရဲ့စကားကို နားမထောင်ချင်ကြဘူး။ ပေါင်းစည်းဖို့ နည်းလမ်းမရှိဘူး။”

“ငါကတော့ စည်းလုံးညီညွတ်မှုဆိုတာက စိတ်ချရတယ်လို့ မယုံချင်ဘူး။ ငါ ဒီမှာအန္တရာယ်တွေ့နေရင် တစ်ယောက်ယောက်က လာပြီးကူညီမှာလား။ မလာရင် ဒီစည်းလုံးညီညွတ်မှုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။”

“ကံဆိုးစွာပဲ...နောက်ဆုံးတော့ တစ်ယောက်တည်း တိုက်ခိုက်ကြရမှာပါပဲ။”

“တကယ်လို့ အရမ်းအစွမ်းထက်တဲ့သူတစ်ယောက်ထွက်ပြီး ဦးဆောင်မယ်ဆိုရင်ကော။”

“ဒီလိုဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူက ရှေ့ထွက်ပြီး ဦးဆောင်မှာလဲ။ ယီရန်ပင်းသူဌေးကြီးလား။ ဒါမှမဟုတ် သူဌေးကြီး တိလင်းထျန်းရှားလား။”

“ငါကတော့ ယီရန်ပင်းသူဌေးကြီးကိုမဲပေးမယ်။”

“ငါလည်း ယီရန်ပင်းကို ထောက်ခံတယ်။”

“မင်းတစ်မဲ၊ ငါတစ်မဲ၊ သူဌေးကြီး ဘယ်တော့ထွက်လာမှာလဲ။”

“မင်းမဲပေးရင် ငါလည်းမဲပေးမယ်။ သူဌေးကြီးဘယ်တော့ထွက်လာမှာလဲ။”

“အပေါ်ကနှစ်ယောက်က ဘယ်အနုပညာရှင်ရဲ့ NC ပရိသတ်တွေလဲ။”

အများသုံးချန်နယ်တွင် ရှောင်းယီအား မဟာမိတ်အဖွဲ့ကို ဦးဆောင်ရန် တောင်းဆိုနေကြ၏။ သို့သော် ရှောင်းယီက သူတို့၏တောင်းဆိုမှုကို လုံးဝလျစ်လျူရှုလိုက်သည်။

သူ့အမြင်တွင် မဟာမိတ်အဖွဲ့သည်လည်း စိတ်မချရပေ။ လက်ရှိအခြေအနေတွင် မဟာမိတ်သဘောတူညီချက်ကို ချိုးဖောက်သည့်အတွက် ဆုံးရှုံးမှုလုံးဝမရှိပေ။

ချိုးဖောက်ခြင်းအတွက် ဆုံးရှုံးမှုမရှိပါက လူတိုင်း ချိူးဖောက်နိုင်သည်။ ဤမဟာမိတ်အဖွဲ့က လုံးဝတာဝန်ခံမှု မရှိပေ။ ထို့ကြောင့် မိမိကျွန်းကို မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းသည်သာ မှန်ကန်သောနည်းလမ်းဖြစ်သည်။

တိလင်းထျန်းရှားသည်လည်း ရှောင်းယီနှင့် အတွေးတူပေသည်။ ထို့ကြောင့် သူသည် အမည်ခံခေါင်းဆောင်တစ်ဦးအဖြစ်ရှေ့ထွက်မည်မဟုတ်ပေ။ သူ၏ကိုယ်ပိုင်အင်အားစု၌သာ သမ္မတဖြစ်ရန် ပိုမိုလိုလားပေသည်။

“ချင်းလုံ အဖွဲ့အစည်းထဲက ဆက်သွယ်ရေးကိရိယာ ထုတ်လုပ်မှုပုံစံတွေကို ချက်ချင်းစုဆောင်းပြီး ထုတ်လုပ်နိုင်မလားဆိုတာ ကြည့်လိုက်ပါ။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

အနည်းငယ် စဉ်းစားပြီးနောက် တိလင်းထျန်းရှားသည် လင်းအင်ပါယာ၏ အုပ်စုအတွင်းစာမျက်နှာတွင် သတင်းတစ်ပုဒ်တင်လိုက်သည်။

“လူတိုင်းလည်း သတိထားမိပြီး ဖြစ်မှာပါ။ ဒီကမ္ဘာက ငါတို့ရဲ့ ဆက်သွယ်ရေးကို အားကောင်းစေချင်နေတယ်။ ချင်းလုံက အဲ့ဒီဆက်သွယ်ရေးကိရိယာတွေကို ပြုလုပ်ပြီးရင် ငါ့မှာ အိုင်ဒီယာတစ်ခုရှိတယ်။ နီးစပ်တဲ့အသင်းဝင်တွေက ငါတို့နဲ့လာပြီး ပေါင်းစည်းနိုင်တယ်။ ပေါင်းစည်းပြီးရင် ကျွန်းက ကြီးမားလာပြီး ပိုပြီးမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်။ အဖွဲ့အစည်းထဲက လူတွေအကုန်လုံးက ညီအစ်ကိုတွေချည်းပဲမို့ လူတိုင်းယုံကြည်စိတ်ချနိုင်တယ်။”

“ဟုတ်တယ်...။ ဥက္ကဋ္ဌရဲ့စကားကို ကျုပ်သဘောတူပါတယ်။ လူနှစ်ယောက်က ရေနှင့်အစားအစာ ပိုမိုစားသုံးနိုင်ပေမယ့် အန္တရာယ်တွေ့တဲ့အခါမှာလည်း အခြားတစ်ယောက်က ကူညီပေးနိုင်တယ်။”

“ဟုတ်တယ်... ကျုပ်လည်းသဘောတူတယ်။”

“ကျုပ်လည်း သဘောတူပါတယ်။ တည်နေရာပြစက် ပြုလုပ်ပြီးတာနဲ့ လူတိုင်းအသုံးပြုပြီး ကျုပ်တို့အားလုံး မြေပုံပေါ်မှာ အမှတ်အသားလုပ်နိုင်မလားဆိုတာ ကြည့်ရအောင်။”

“ဟုတ်တယ်...။ တစ်ယောက်တည်းနေရတာ အရမ်းအထီးကျန်ဆန်လွန်းတယ်။ ညီအစ်ကိုတစ်ယောက်ရှိလာတာက တကယ်ကောင်းပါတယ်။”

တိလင်းထျန်းရှားသည် သူ၏အသင်းမှ တုံ့ပြန်ချက်များကို ကျေနပ်စွာကြည့်ရှုလိုက်၏။ အကယ်၍ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက သူ၏အင်အားသည်လည်း အလျင်အမြန်တိုးတက်လာမည်ဟု သူယုံကြည်ပေသည်။

နေ့လယ် ၄နာရီတွင်.....

အန်းယွဲ့ အပြင်မှ ပြန်ရောက်လာခဲ့သည်။

“ပစ္စည်းသေတ္တာတွေ အကုန်လုံး ဂိုဒေါင်ထဲရောက်နေပြီ။ အချိန်ရရင် သွားဖွင့်လိုက်ဦး။”

“ဟုတ်ကဲ့...ပင်ပန်းသွားပြီ ဦးလေးအန်း။”

ရှောင်းယီက ပြန်ဖြေပြီး ထရပ်ကာ ဂိုဒေါင်ဆီသို့ လျှောက်သွားလိုက်၏။

ပစ္စည်းသေတ္တာစုစုပေါင်း အလုံး ၄၀ ရှိပြီး အားလုံးကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၃၊ စီလီကွန်ဒိုင်အောက်ဆိုဒ် ၁၊ ကြေး ၂၊ ...”

“ရရှိသောပစ္စည်းများ: အလူမီနီယမ် ၂၊ ဝေါ်ကီတော်ကီထုတ်လုပ်မှုပုံစံ ၁၊ ...”

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၄၊ သံ ၃၊ ဘက်ထရီ ၃၊ ...”

ပစ္စည်းသေတ္တာအလုံး ၄၀ တွင် အုတ်မြစ်ကျောက် ၅၆ ခု၊ တေါ်ကီတော်ကီထုတ်လုပ်မှုပုံစံတစ်ခုနှင့် ချစ်ပ်ထုတ်လုပ်ရန်အတွက် စီလီကွန်ဒိုင်အောက်ဆိုဒ်နှင့် အလူမီနီယမ်တို့ကို ရရှိခဲ့သည်။

နောက်ထပ်မမြင်ဖူးသောပစ္စည်းတစ်ခုလည်းရရှိသေး၏။

ဘက်ထရီ!

“[ဝေါ်ကီတော်ကီထုတ်လုပ်မှုပုံစံ]: ချစ်ပ် ၁၊ ပလတ်စတစ် ၁၊ ဖန် ၁၊ ကြေး ၁၊ ဘက်ထရီ ၁။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ချစ်ပ်ကို ချက်ချင်းထုတ်လုပ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက ဝေါ်ကီတော်ကီကိုပါ ဆက်လက်ထုတ်လုပ်လိုက်လေသည်။

တည်နေရာပြစက်ကိုမူ မထုတ်လုပ်ခဲ့ပေ။ ၎င်းက သူ့အတွက်လုံးဝမလိုအပ်ပေ။ စနစ်မှပေးထားသော အသေးစား တည်နေရာပြစက်က လုံလောက်နေပြီဖြစ်သည်။

၎င်းတို့ကို ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် အကုန်လုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုနေရာမှ ထုတ်ယူလိုက်၏။ သူ၏လက်ထဲတွင် အရင်ကမ္ဘာမှ ဝေါ်ကီတော်ကီနှင့်တူ သောပစ္စည်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ဝေါ်ကီတော်ကီ: တာတိုဆက်သွယ်မှုများကို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်သည်။ ကြိမ်နှုန်းလေးကြိမ် ပြောင်းလဲနိုင်ပြီး အဝေးဆုံးအကွာအဝေးမှာ ၂ကီလိုမီတာဖြစ်သည်။”

ရှောင်းယီက စနစ်၏အသိပေးချက်ကိုကြည့်လိုက်သည်။

“နှစ်လုံး မထုတ်လုပ်နိုင်ရင် အသုံးမဝင်ဘူး။ တစ်လုံးတည်းနဲ့ ဘယ်လိုစကားပြောရမှာလဲ။”

သူက ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် အစဉ်အမြဲ ဆက်သွယ်နိုင်ပါသည်။”

စနစ်က အသိပေးလာ၏။ ရှောင်းယီက ရုတ်တရက် သဘော‌ပေါက်သွားခဲ့သည်။

“ဒါက နည်းနည်းတော့ အသုံးဝင်ပါတယ်။ နောင်တစ်ချိန်ကျရင် ကျွန်းပေါ်မှာ အချိန်နဲ့တပြေးညီ စကားပြောနိုင်ဖို့ ဝေါ်ကီတော်ကီ များများရှာထားဖို့ လိုအပ်လာလိမ့်မယ်။”

လက်ရှိတွင် ရှောင်းယီ၏ကျွန်းသည် ၄၀၀၀၀ စတုရန်းမီတာပင် မရှိသေးပေ။ အရှည်ဆုံးအနားသည် ၂၀၀ မီတာဖြစ်ပြီး အရှည်ဆုံးထောင့်ဖြတ်အကွာအဝေးမှာ ၂၉၀ မီတာထက်နည်းပေသည်။ ဝေါ်ကီတော်ကီ၏ စကားပြောနိုင်သည့် အကွာအဝေးမှာ လုံလောက်ပြီဖြစ်သည်။

ထိုသို့တွေးပြီးနောက် ရှောင်းယီသည် ဈေးကွက်ပေါ်တွင် လဲလှယ်မှုတစ်ခု တင်သွင်းလိုက်တော့သည်။

All Chapters