← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း ၁၉၀ - လီယန် ရောက်ရှိလာခြင်း၊ လုပင်းအာ၏ အံ့အားသင့်မှု

“[ပင်လယ်ငါး] (Cအဆင့်) ၁၀၀ ဂရမ် - [ဝေါ်ကီတော်ကီထုတ်လုပ်မှုပုံစံ] ၁၊

မှတ်ချက်: အပြီးသတ်ထုတ်ကုန်ရှိပါက C အဆင့်ပင်လယ်ငါးပမာဏ နှစ်ဆရမည်။”

“ဘယ်သူတွေ ဝေါ်ကီတော်ကီတွေ ရထားကြလဲ။ ယီရန်ပင်းက ဝေါ်ကီတော်ကီတွေကို လက်ခံနေပြီ။”

အများသုံးချန်နယ်တွင် တစ်စုံတစ်ဦးက အော်ဟစ်လိုက်၏။

“C အဆင့်ပင်လယ်ငါးနဲ့ လဲတာက တကယ့်ကို ရက်ရောတာပဲ။”

“ဟုတ်တယ်...။ အခုချိန်မှာ လူတိုင်းက ဆက်သွယ်ရေးကိရိယာတွေကို ရနေကြပြီ။ သာမန်ရေနဲ့ အစားအစာတွေကို လဲလို့ရတယ်။”

“သူဌေးကြီးက ပိုပြီးတော့ အရေးတကြီးလိုအပ်နေတာဖြစ်မယ်။”

“အားလုံးသိပြီးသားဆိုရင် အမြန်လဲလိုက်တော့။ ဒီရွာကျော်ရင် ဒီလိုဆိုင်မျိုး မရှိတော့ဘူး။”

“လဲဖို့မလိုတော့ဘူး။ ခုနက ကြည့်လိုက်ထဲက ကုန်သွားပြီ။ သူဌေးကြီးက ၈ခုပဲလိုတာ။”

ချစ်ပ်ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် စီလီကွန်ဒိုင်အောက်ဆိုဒ်နှင့် အလူမီနီယမ်တို့ကို လူများစွာ ရရှိထားကြသည်။

ရှောင်းယီက သာမန်အစားအစာအချို့ကို အသုံးပြုပြီး ကုန်ကြမ်းများနှင့် ချစ်ပ်ထုတ်လုပ်မှုပုံစံများကို ဝယ်ယူကာ ဝေါ်ကီတော်ကီ ၈ ခုလုံးကို ထုတ်လုပ်လိုက်လေသည်။

“ဒါဆို လူတိုင်း အချိန်နဲ့တပြေးညီ ဆက်သွယ်နိုင်ပြီ။”

ရှောင်းယီ စိတ်ထဲမှပြောလိုက်ပြီး ထိုဝေါ်ကီတော်ကီများနှင့်အတူ အပြင်သို့ ထွက်သွားလိုက်လေသည်။

“ဦးလေးအန်း ဦးလေးက ဒီရောက်နေတာပဲ။”

ရှောင်းယီက သူ၏လက်ထဲရှိ လက်ကိုင်ဖုန်းကို ကမ်းပေးလိုက်၏။

“နောင်ပိုင်းမှာ ကျုပ်တို့ရဲ့ အတွင်းပိုင်းအများသုံးကြိမ်နှုန်းက ၁ ပဲ။ သီးသန့်စကားပြောဖို့လိုရင် ဘယ်ကြိမ်နှုန်းနဲ့ သွားမလဲဆိုတာ ဆွေးနွေးလို့ရတယ်။”

အန်းယွဲ့က လီယန်နှင့်ဧည့်ခန်းထဲတွင် စကားပြောနေခြင်းဖြစ်ပြီး ရှောင်းယီပေးလိုက်သော ပစ္စည်းကိုမြင်သောအခါ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ဒါနဲ့ဆို အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ပြီ။”

ယခင်က အရေးပေါ်အခြေအနေတချို့၌ အသံကျယ်ကျယ်ဖြင့်အော်ပြောရခြင်းမဟုတ်လျှင် ဝမ်ချိုင်ကို ပြန်ခေါ်ခိုင်းခဲ့ရ၏။

ဥပမာ ယခင်ကတွေ့ခဲ့ရသော ပိုလာဝက်ဝံဖြူကြီးကဲ့သို့ပင်။

ကျန်းယွင်ထျန်းသည် ရှောင်းယီကို ပထမဆုံးအချိန်ကတည်းက သတင်းပို့နိုင်ခဲ့ပါက ရှောင်းယီသည် သူ့ဆီသို့ မြန်မြန်ရောက်ရှိသွားနိုင်ပြီး ကျန်းယွင်ထျန်း၏ဒဏ်ရာသည်လည်း ဤမျှ ပြင်းထန်ခဲ့မည်မဟုတ်ပေ။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဖန်သားပြင်ပေါ်တွင် လီယန်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။

“ရှောင်ယောက် ဘယ်လောက်ကြာဦးမလဲ။”

“နှစ်နာရီခန့်ကြာပါဦးမယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီ ညစာစားဖို့ မင်းပြန်ရောက်တဲ့အထိစောင့်နေမယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အပြင်ပြန်ထွက်သွားပြီး ဝေါ်ကီတော်ကီများကို လူတိုင်းထံ ဖြန့်ဝေပေးလိုက်သည်။

ရှောင်းယီသည် သူတို့ကို အမြဲဆောင်ထားပြီး အရေးပေါ်အခြေအနေနှင့်တွေ့လျှင် အချိန်နှင့်တပြေးညီ ဆက်သွယ်ရန်လည်း မှာထားလိုက်သည်။

ဝေါ်ကီတော်ကီတစ်လုံးစီတွင် အားသွင်းစက်တစ်ခုစီပါရှိပြီး ဖုန်းအတွင်းရှိဘက်ထရီသည်လည်း အားပြန်သွင်းနိုင်သောဘက်ထရီဖြစ်သည်။

ယွမ်နွန်သည် ရှောင်းယီ ယူလာသော ဝေါ်ကီတော်ကီကိုမြင်သောအခါ သူ့ကိုမေးလိုက်၏။

“ဒါက ပစ္စည်းသေတ္တာထဲကလား။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်ရာ ယွမ်နွန် မျက်မှောင်ကြုံသွားခဲ့သည်။

“ဒီကမ္ဘာက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။”

“ဘုရားပဲ သိလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ငါတို့ကို တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခိုင်းနေသလိုပဲ။”

“ဒါပေမယ့် အခုချိန်မှာ ဒီပစ္စည်းထုတ်လုပ်တာက အဓိပ္ပာယ်မရှိလှဘူး။”

ယွမ်နွန်က ပြောလိုက်သည်။

“လူအများစု...ငါတို့ကလွဲရင် အခြားအသက်ရှင်ကျန်ရစ်သူတွေမှာ လျှပ်စစ်မရှိသေးဘူး။ သုံးပြီးရင် လွှင့်ပစ်လိုက်ရမှာလား။”

“ဘက်ထရီကိုလည်း ပစ္စည်းသေတ္တာထဲက ထုတ်လို့ရတယ်လေ။”

ရှောင်းယီက သတိပေးလိုက်၏။

“ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်။”

ယွမ်နွန်က ခေါင်းငြိမ့်လိုက်သည်။

“လူတိုင်းက လယ်ယာစိုက်ပျိုးရေးကာလကိုတောင် မရောက်သေးဘူး။ ဒီလိုနည်းပညာမြင့်ပစ္စည်းတွေ ရုတ်တရက်ထုတ်လိုက်တာက နည်းနည်းထူးဆန်းနေတယ်။”

“ဟုတ်တယ်...။ ဒါပေမယ့် ဒီကမ္ဘာကဘာလုပ်ချင်တာလဲဆိုတာ မနက်ဖြန်ကျရင် သိရတော့မှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

မနက်ဖြန်သည် စတုတ္ထပတ်၏ နောက်ဆုံးနေ့ပင် ဖြစ်သည်။ ပင်လယ်ရေသည် ကျွန်းအုတ်မြစ်ကျောက်က်ကို တိုက်စားပြီးနောက် နောက်ထပ်အရိပ်အမြွက်များ ရှိသင့်ပေသည်။

ဤသို့ဖြင့် ညနေခင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီး ရှောင်းယီတို့သည်လည်း ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြ၏။ လီယန်တို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

အဝေးတွင် အပြာရောင်လှေတစ်စင်းသည် ကျွန်းဆီသို့ အလျင်အမြန် မောင်းနှင်လာနေပြီဖြစ်သည်။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ တကယ်ကို မလွယ်ဘူးပဲ။”

အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် လီယန်နှင့် တစ်လနီးပါး ခွဲခွာနေခဲ့ရပြီး နောက်ဆုံး ပြန်မတွေ့ရတော့ဘူးဟုပင် ထင်ခဲ့ဖူး၏။ ဤလူငယ်အား အမှန်တကယ် ကျေးဇူးတင်ရပေမည်။

ရွက်သင်္ဘောပေါ်တွင်ထိုင်နေသော လီယန်နှင့် လုပင်းအာတို့သည် ရှောင်းယီ၏ကျွန်းကြီးကို မြင်သောအခါ အံ့အားသင့်သွားကြခဲ့၏။

“ရှောင်းယီက တကယ်ပဲ ငါတို့နဲ့အတူတူ ဒီကမ္ဘာကိုရောက်လာခဲ့တာလား။”

လီယန်က လူတစ်ဦးတည်းရှိသောကျွန်းသည် ဤမျှကြီးမားစွာ တိုးချဲ့နိုင်သည်အား မယုံကြည်နိုင်ခဲ့ပေ။

သူမနားလည်သလောက် ကျွန်းတစ်ခုကို ဤမျှကြီးမားစွာတိုးချဲ့ရန်အတွက် အချိန်များစွာ လိုအပ်သင့်ပြီး တစ်လအတွင်း မဖြစ်နိုင်ပေ။ သို့မဟုတ် လူများစွာ၏ အင်အားကို စုစည်းမှာသာ ဤသို့ဖြစ်နိုင်ပေလိမ့်မည်။

တိလင်းထျန်းရှား၏ လုပ်ဆောင်မှုပုံစံကဲ့သို့ ဖြစ်ရမည်ဖြစ်သော်လည်း ရှောင်းယီက တစ်ယောက်တည်းဖြစ်သည်။ အန်းယွဲ့တို့ရှိသော်လည်း လူငါးယောက်သာရှိပြီး အများဆုံး တစ်ရာ့နှစ်ဆယ်စတုရန်းမီတာသာ ထပ်ပေါင်းနိုင်သင့်၏။

ယခု ဤကျွန်းသည် တစ်ရာ့နှစ်ဆယ်စတုရန်းမီတာမဟုတ်ပေ။ အနည်းဆုံး မီတာသောင်းချီ၍ပင် ရှိနိုင်ပေသည်။

လုပင်းအာအကြောင်းကိုမူ မပြောတော့ပေ။ သူမသည် ထိုင်ခုံပေါ်၌ လုံးဝထုံထိုင်းသွားပြီဖြစ်သည်။

ထိုစဉ် ရွက်သင်္ဘောသည် ဖြည်းဖြည်းချင်းရပ်တန့်လိုက်ပြီဖြစ်ပြီး အန်းယွဲ့သည် အပြေးအလွှားသွားကာ ထိုင်ခုံပေါ်တွင်ထိုင်ပြီး စိတ်ရှုပ်ထွေးနေသော လီယန်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ချုပ်ထားလိုက်တော့သည်။

လီယန်က သူ၏နောက်ကျောကို ပုတ်ပေးလိုက်၏။

“အားလုံး အဆင်ပြေသွားပါပြီ။ လူတိုင်း ဒီမှာရှိနေတယ်လေ။ အရင်ဆင်းကြရအောင်။”

လီယန်က ပြောလိုက်သည်။ အန်းယွဲ့က လီယန်ကို လွှတ်လိုက်ပြီး သူမ၏လက်ကို ဆွဲကိုင်ကာ လှေပေါ်မှဆင်းလာခဲ့လိုက်သည်။

လီယန်သည် လုပင်းအာမှာ ထိုင်ခုံပေါ်တွင် ကြက်သေသေနေဆဲဖြစ်ကြောင်း မြင်လိုက်သောအခါ “ပင်းအာ” ဟု အော်ခေါ်လိုက်၏။

“ဟင်...”

လုပင်းအာသည် ချက်ချင်းပင် သတိဝင်သွားပြီး ခါးပတ်ကိုဖြုတ်လိုက်ကာ လီယန်နောက်သို့ လိုက်သွားခဲ့သည်။

“ကြိုဆိုပါတယ်...။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

အန်းယွဲ့က လီယန်လက်ကိုဆွဲကာ ရှောင်းယီအား ဦးညွှတ်လိုက်လေသည်။ ရှောင်းယီက ချက်ချင်းရှေ့တိုးပြီး သူတို့ကို ပြန်မတ်စေလိုက်သည်။

“ဦးလေး အန်တီ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။”

“မင်းက ငါတို့မိသားစုရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ ကျေးဇူးတင်ပါတယ်။”

အန်းယွဲ့က ရိုးသားစွာ ပြောလိုက်၏။

“ကျုပ် အကြိမ်ကြိမ်ပြောပြီးပြီ။ ကျုပ်တို့အားလုံးက မိသားစုတွေပဲ။ ကျေးဇူးတင်စကားတွေ အများကြီးပြောနေရင် ကျုပ် စိတ်ဆိုးမိလိမ့်မယ်။”

ရှောင်းယီက ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဟုတ်တယ်...။ ရှောင်းယီ ပြောတာမှန်တယ်။ အချိန်မှာ ငါတို့အားလုံး စုစည်းမိသွားပြီး တစ်ယောက်ကိုတစ်ယောက်လည်း ယုံကြည်ကြတယ်။ မိသားစုတွေထက်တောင်မှ ပိုပြီးရင်းနှီးသေးတယ်။ ကျေးဇူးတင်စကားတွေ ပြောမနေပါတော့နဲ့။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်၏။ လီယန်က ခေါင်းငြိမ့်လိုက်ပြီး လုပင်းအာကို ဆွဲခေါ်ကာ မိတ်ဆက်ပေးလိုက်သည်။

“အားလုံးကို ငါမိတ်ဆက်ပေးပါရစေ။ သူမနာမည်က လုပင်းအာတဲ့။ အနာဂတ်မှာ ငါတို့ရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်။”

လူတိုင်းက ပြုံးကာ ခေါင်းပြလိုက်ကြ၏။ လုပင်းအာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်မနာမည်က လုပင်းအာပါ။ နောင်မှာ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ်။ အားလုံးကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါဦး။”

“ဟုတ်ပါပြီ စိတ်မလှုပ်ရှားပါနဲ့။ အရင်ဆုံး အိမ်ထဲ ဝင်ကြရအောင်။”

ရှောင်းယီက ဖိတ်ခေါ်လိုက်သည်။

လူတိုင်း ကျေးလက်ဗီလာကလေးဆီသို့ ပြန်လာခဲ့လိုက်ကြ၏။ ကမ်းခြေပေါ်ရှိ တောအုပ်ငယ်လေးကို ဖြတ်သန်းပြီးသောအခါ လုပင်းအာ၏ရှေ့တွင် ကြီးမားသောတံတိုင်းကြီးတစ်ခု ပေါ်လာခဲ့လေသည်။ သူမသည် အံ့အားသင့်ပြီး အနည်းငယ် ကြက်သေသေသွားခဲ့သည်။

အန်းယွဲ့နှင့် စကားပြောနေစဉ်အတွင်း လီယန်သည် ဤနေရာ၏ ဗိသုကာလက်ရာများကို သိထားပြီးဖြစ်သော်လည်း ကိုယ်တိုင်မြင်ရသည့်အခါ အလွန်အံ့အားသင့်နေမိဆဲပင်။

တံတိုင်းတံခါးကို ဖြတ်ပြီးသောအခါ ကြီးမားသောအိမ်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။

“ဒါက ငါတို့နေတဲ့နေရာပဲ ကျေးအိမ်လေးတစ်လုံးနဲ့ တူတယ်မလား။”

အန်းရန်က ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။

“ဒါကို ဘယ်လိုဆောက်လုပ်ခဲ့တာလဲ။”

လုပင်းအာက မနေနိုင်တော့ဘဲ မေးလိုက်၏။

“ဒါက လျှို့ဝှက်ချက်ပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လုပင်းအာက ချက်ချင်းပင် သူမ၏ပါးစပ်ကို အုပ်လိုက်၏။ သူမ မေးမြန်းခဲ့သောမေးခွန်းသည် မေးသင့်သောမေးခွန်းမဟုတ်သည်ကို သိလိုက်ရလေသည်။

“ဘာမှမဖြစ်ပါဘူး...အရင်ဆုံး ညစာစားကြရအောင်။”

ရှောင်းယီက လူတိုင်းကို ဖိတ်ခေါ်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်လေသည်။

မီးဖိုချောင်ထဲတွင် ခွေးတစ်ကောင်နှင့် ဝက်ဝံဖြူကြီးတစ်ကောင်သည် ဘေးတစ်ဖက်တွင် လှဲနေပြီး သူတို့က နေရာအတော်များများ ယူထားခဲ့၏။

လုပင်းအာက ဧရာမဝက်ဝံဖြူကြီးကို မြင်သောအခါ ထိတ်လန့်သွားပြီး နောက်ဆုတ်လိုက်မိသည်။

အခန်း ၁၉၁ - အလှလေးလုပင်းအာ၊ တည်နေရာပြစက်၏အခန်းကဏ္ဍ

“မကြောက်ပါနဲ့။ ဒါက ရှောင်းယီနဲ့ စာချုပ်ချုပ်ထားတဲ့သားရဲပါ။ သူကလည်း မိသားစုဝင်တစ်ယောက်လိုပါပဲ။”

ဆုဝမ်က နှစ်သိမ့်ပေးလိုက်သည်။

ထိုအခါ ရှောင်းယီက တပိုင်ကို ခြေထောက်ဖြင့်ကန်လိုက်၏။

“တပိုင် ဒီနေ့လူအများကြီးလာတယ်။ မင်းနဲ့ဝမ်ချိုင် အပြင်မှာပဲ စားလိုက်တော့။ အန်းရန် မင်းသူတို့အတွက်အစာကို ခြံထဲမှာ ထားပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

ထို့နောက် တပိုင်သည် ဖြည်းဖြည်းချင်းထလိုက်ပြီး ခြံထဲသို့ လျှောက်သွားလိုက်၏။ ဝမ်ချိုင်သည်လည်း ချက်ချင်းထလိုက်ကာ သူနှင့်အတူ ထွက်သွားတော့သည်။

“အင်း။”

အန်းရန်က ဖြေလိုက်ပြီး ဒန်အိုးကြီးတစ်လုံးထဲ၌ ကင်ထားသော အသားတုံးကြီးနှစ်တုံးကို ခြံထဲက မြေပေါ်တွင် ချထားပေးလိုက်သည်။

တပိုင်နှင့် ဝမ်ချိုင်မှာ ချက်ချင်းပင် ဝိုင်းထိုင်ပြီး စားကြတော့လေသည်။

လုပင်းအာ ထိုမြင်ကွင်းကိုကြည့်ပြီး တံတွေးမြိုချလိုက်မိ၏။

“အသားအများကြီးကို ခွေးကို ဘယ်လိုကျွေးနိုင်တာလဲ။”

“ကောင်းပြီ ထိုင်ပြီးစားကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

တံခါးပိတ်လိုက်သောအခါ မီးဖိုချောင်အတွင်းရှိ အပူချိန်သည် ချက်ချင်းမြင့်တက်လာပြီး လူတိုင်း သူတို့၏အနွေးထည်များကို ချွတ်လိုက်ကြသည်။

လုပင်းအာသည်မူ သူမ၏အဝတ်အစားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။

“ပင်းအာ ဘာလို့ အနွေးထည် မချွတ်တာလဲ။ မဟုတ်ရင် ခဏနေရင် အရမ်းပူလာလိမ့်မယ်။”

ဆိုဝမ်က မေးလိုက်သည်။

“ဟို...ကျွန်မအဝတ်တွေက အရမ်းညစ်ပစ်နေလို့..ဝတ်ထားတာ ပိုကောင်းပါတယ်။”

လုပင်းအာက တိုးတိုးလေးပြောလိုက်၏။

လီယန်က ရွက်သင်္ဘောပေါ်တွင် ရေချိုးပြီး အဝတ်အစားများကို လျှော်ဖွတ်ထားသဖြင့် ရှောင်းယီတို့နှင့် ဆင်တူပေသည်။ သူမ၏အဝတ်အစားများမှာ အနည်းငယ်ဟောင်းနွမ်းနေသော်လည်း အနည်းဆုံးတော့ သန့်ရှင်းနေသေး၏။

သို့သော် လုပင်းအာသည် တစ်လျှောက်လုံး ရေမချိုးရသေးပေ။ သူမ၏အဝတ်အစားများသည် အလွန်ညစ်ပတ်နေပြီး ချွေးနံ့များလည်း ထွက်နေခဲ့သည်။

ဆုဝမ်က ပြုံးလိုက်၏။

“ငါ သူ့ကို အရင်ရေချိုးခိုင်းလိုက်မယ်။ မဟုတ်ရင် သူထိုင်ပြီးစားဖို့ ရှက်နေလိမ့်မယ်...။ ရှင်တို့ အရင်စားနှင့်လိုက်ကြပါ။”

ဆုဝမ်က ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ဆုဝမ်သည် လုပင်းအာ၏လက်ကို ဆွဲကာ ထွက်သွားလိုက်တော့သည်။

“မြန်မြန်လုပ်နော်..။ မဟုတ်ရင် ငါတို့ မင်းကိုမစောင့်တော့ဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ရတယ်လေ မစောင့်နဲ့ပေါ့။”

ဆုဝမ်က ပြုံးကာ ပြန်ဖြေလိုက်၏။

သူမ ဆုဝမ် နောက်သို့ လိုက်သွားရင်း အိပ်ခန်းထဲသို့ ရောက်သောအခါ ဆုဝမ်က လုပင်းအာကို ရေချိုးခန်းထဲသို့ တွန်းထည့်လိုက်တော့သည်။

“သေချာသန့်စင်လိုက်ဦး။ ဆပ်ပြာလည်း သုံးလို့ရတယ်။ အဲ့ဒါက သဘာဝပစ္စည်းပဲ။”

လုပင်းအာက ခေတ်မီသော ရေချိုးခန်းကိုကြည့်ပြီး ကြောင်အစွာ စိုက်ကြည့်နေမိပြန်သည်။

“မင်း မြန်မြန်လုပ်ရမယ်နော်ယ မဟုတ်ရင် ငါတို့နှစ်ယောက်တည်း စားရလိမ့်မယ်။”

ဆုဝမ်က တိုက်တွန်းလိုက်သည်။

လုပင်းအာ ချက်ချင်းလှုပ်ရှားလိုက်၏။ သူမသည် သုံးမိနစ်အတွင်း ရေချိုးပြီးသွားကာ အဝတ်များကို လျှော်ဖွတ်ပြီး ဘေးနားရှိ အခြောက်ခံစက်ဖြင့် အခြောက်ခံလိုက်သည်။

အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသောအခါ ဆုဝမ် အံ့ဩသွားခဲ့ရ၏။

“နင်က တကယ်ကို အလှလေးတစ်ယောက်ဖြစ်နေတာပဲ။”

ရေချိုးပြီးနောက် လုပင်းအာမှာ နောက်တစ်ယောက် ပြောင်းသွားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။ မူလက သူမမျက်နှာမှာ မည်းနက်နေသော်လည်း မျက်နှာသစ်ပြီးနောက် သူမ၏အသားအရေက အန်းရန်ထက်ပင် ဖြူဖွေးနေသေးသည်။ သူ့ကိုကြည့်နေသော ဆုဝမ်သည်ပင် အနည်းငယ်မနာလို ဖြစ်သွားမိ၏။

လုပင်းအာက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

‘ငါ ရှောင်းယီကို သတိထား စောင့်ကြည့်ရမယ်။ မဟုတ်ရင် ပြိုင်ဘက်တစ်ယောက် ထပ်တိုးလာတော့မယ်။’

ဆုဝမ် စိတ်ထဲမှ ပြောလိုက်သည်။

နှစ်ယောက်သား မီးဖိုချောင်သို့ ပြန်ရောက်လာသောအခါ လူတိုင်းသည် လုပင်းအာကို မြင်လိုက်ကြရပြီးနောက် မျက်လုံးများ တောက်ပသွားခဲ့ကြတော့သည်။

“ငါ အတော်လေး ကံကောင်းနေပုံပဲ။ လူတစ်ယောက်ကို ပြန်ခေါ်လာနိုင်ရုံတင်မကဘူး အလှလေးတစ်ယောက်ကိုပါ တွေ့လိုက်သေးတယ်။”

လီယန်က ပြုံးကာ ပြောလိုက်သည်။

လုပင်းအာက ရှက်ရွံ့စွာခေါင်းငုံ့လိုက်ပြီး ရင်ဘတ်ထဲသို့ပင် နစ်မြုပ်သွားတော့မည့်ပုံဖြစ်နေခဲ့၏။

“ကောင်းပြီ။ လူတိုင်းပဲ သူမကို စနောက်နေတာ ရပ်လိုက်ကြတော့။ မဟုတ်ရင် သူမ ကောင်းကောင်း စားနိုင်တော့မှာ မဟုတ်ဘူး။”

ယွမ်နွန်က လုပင်းအာအား ကယ်တင်လိုက်လေသည်။

“ဟုတ်တယ်...။ လူတိုင်းပဲ စားကြရအောင်။”

ရှောင်းယီကလည်း ပြုံးကာ ပြောလိုက်သည်။

“ပင်းအာ နင်စားချင်တာ ယူစားနော်။ အားနာစရာမလိုဘူး။”

အန်းရန်က သူမအတွက် နံရိုးဟင်းတစ်ခွက် ခပ်ထည့်ပေးပြီး ပြောလိုက်သည်။ လုပင်းအာက ခေါင်းညိတ်ပြလိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်၏။

နံရိုးဟင်းမသောက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။

ထို့နောက် သူမသည် ပြောင်းဖူးတစ်ဖူးကိုကောက်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက်နောက် ချက်ချင်းပင် ကွာခြားမှုတစ်ခုကို သတိထားမိသွားခဲ့သည်။

“ဒါက...”

လုပင်းအာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ထိုအခါ ဆုဝမ်က ရှင်းပြလိုက်သည်။

“အဲ့ဒါက S အဆင့်ပြောင်းဖူးလေ။”

“ဘာ...။”

လုပင်းအာ လက်ထဲရှိ ပြောင်းဖူးသည် ချက်ချင်းပင် လွတ်ကျသွားပြီး သူမ၏ပန်းကန်ထဲသို့ ပြုတ်ကျသွားခဲ့တော့သည်။

သူမသည် C အဆင့် အစားအစာကိုပင် မမြင်ဖူးသေးပေ။ ရုတ်တရက် S အဆင့်အစားအစာကို စားလိုက်ရသည်မှာ အမှန်တကယ် ဖြစ်သည်ဟုပင် မယုံကြည်နိုင်ခဲ့ပေ။

ထို့ထက်ပို၍ လွန်ခဲ့သော အချိန်အနည်းငယ်အလိုကပင် သူမ ဘာမှမစားခဲ့ရသေးပေ။ ယခုမှာမူ အဆင့်မြင့်အစားအစာများကို စားနေရပြီဖြစ်သည်။

“ကောင်းကောင်းစားပါ။ နောင်တစ်ချိန် စိုက်ပျိုးမှုတိုးချဲ့နိုင်ပြီဆိုရင် ဒီပြောင်းဖူးတွေကို နေ့တိုင်းစားရတော့မှာ။”

ရှောင်းယီက ပြောလိုက်သည်။

လုပင်းအာသည် ချက်ချင်းပင် စားပွဲပေါ်တွင် ပေကျံသွားသော ဟင်းရည်များကိုသုတ်ပစ်လိုက်ပြီး သေသေချာချာ စားသောက်လိုက်တော့သည်။

“အန်းရန် ဒီညတော့ မင်းတို့နဲ့ လုပင်းအာနဲ့ နှစ်ယောက်အတူ ကျပ်ကျပ်တောက်တောက်နဲ့ အိပ်လိုက်ပါဦး။ အဆင်ပြေမလား။”

“ရပါတယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး..မဟုတ်ဘူး။ ကျွန်မ အပြင်မှာပဲ တဲထိုးပြီး အိပ်လိုက်ပါ့မယ်။”

လုပင်းအာက သူမ၏လက်များကို အလျင်အမြန်ခါယမ်းပြီး ပြောလိုက်သည်။

“ငါတို့တွေ ရှောင်းယီဆီ ရောက်လာတုန်းက တဲနဲ့မနေခဲ့ရဘူး။ ဘာလဲ နင်က ငါတို့နဲ့ မနေချင်လို့လား။”

ဆုဝမ်က နောက်ပြောင်ကာ ပြောလိုက်၏။

“မဟုတ်..မဟုတ်ဘူး..ဒါပေမယ့်...”

“ကောင်းပြီ..မဟုတ်ဘူးတွေ လုပ်မနေတော့နဲ့။ ငါတို့ ညီအစ်မသုံးယောက်လုံး ဒီညအတူတူအိပ်ရမယ်။ ဒါဆို ငါတို့ စကားပြောလို့လည်း ရတာပေါ့။”

လုပင်းအာ ခေါင်းညိတ်လိုက်တော့သည်။

ညစာစားပြီးနောက် လုပင်းအာသည် တက်တက်ကြွကြွဖြင့် ပန်းကန်ခွက်ယောက်များကို ဆေးကြောလိုက်၏။

ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်သောအခါ အများသုံးချန်နယ်တွင် ယနေ့ ဖြစ်ပေါ်လာသော အရင်းအမြစ်အသစ်များအကြောင်း ဆွေးနွေးနေကြဆဲပင်။

“ဒီနေ့ တည်နေရာပြစက် ထုတ်လုပ်မှုပုံစံတွေ အများကြီး ထွက်နေတယ်။ မြေပုံပေါ်မှာ အကုန်လုံး မှတ်ထားတာကမှ ပိုကောင်းသေးတယ်။ ဒီလိုလုပ်ရတာက တကယ်ခက်တာပဲ။”

“ဒီကမ္ဘာက ဒီလောက်ကောင်းနေရင် မင်းကို တိုက်ရိုက်အိမ်ပြန်ပို့လိုက်မှာပေါ့။”

“ဟုတ်တယ်...။ အခု မင်းကိုမျှော်လင့်ချက် နည်းနည်းပေးထားတယ်။ ဒါပေမယ့် အဲ့ဒီမျှော်လင့်ချက်က မင်းနဲ့ အဝေးကြီးမှာ ရှိနေသေးတယ်ဆိုတာ မင်း တွေ့ရလိမ့်မယ်။”

“မနက်ဖြန်က စတုတ္ထပတ်ရဲ့နောက်ဆုံးနေ့ပဲ။ အုတ်မြစ်ကျောက်တွေ အဆင်သင့် ပြင်ထားပြီးပြီလား။”

“အုတ်မြစ်ကျောက် မရှိတဲ့သူတော့ မရှိသင့်တော့ပါဘူး။ တလောကမှ အုတ်မြစ်ကျောက် ရနိုင်ချေ အရမ်းများနေတယ်လေ။”

“မပြောတတ်ဘူး...။ နောက်ဆုံးမှာ ဒါက ကံအပေါ် မူတည်ထားတာပဲလေ။ ပြောရခက်တယ်။”

“ဒီအခြေအနေမှာတောင် အုတ်မြစ်ကျောက်တွေ မရှိဘူးဆိုရင် အဲ့လူက ဘယ်လောက်တောင် ညံ့ဖျင်းလိုက်သလဲ။”

လုပင်းအာကဲ့သို့ အလွန်အခြေအနေဆိုးသောသူများ ရှိနေသေးသည်ကိုမူ သူတို့မသိကြပေ။

“တည်နေရာပြစက်လုပ်ပြီးတဲ့သူရှိလား။ ဘာထူးလဲကြည့်ရအောင်။”

“ငါလုပ်ပြီးပြီ။”

“မြန်မြန်ပြောပါဦး။ ဘာထူးလဲ။”

“အဲ့ဒါကို လုပ်ပြီးသွားရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ပေါင်းစပ်နိုင်တယ်။ ပြီးရင် လူတိုင်းမြင်နိုင်တဲ့ဟာရယ်၊ သတ်မှတ်ထားတဲ့ လူတွေပဲ မြင်နိုင်တာရယ်နဲ့ လူတိုင်းမမြင်နိုင်တာရယ်ဆိုပြီးတော့ ရွေးချယ်စရာသုံးခုရှိတယ်။”

ဤရွေးချယ်မှုသုံးခုကို နားလည်ရန်မှာ လွယ်ကူပေသည်။ လူတိုင်းမြင်နိုင်သည် ဆိုသည်မှာ သင့်ကျွန်း၏တည်နေရာကို လူတိုင်း၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြသထားမည်ဖြစ်သည်။

သတ်မှတ်ထားသည့်လူများကိုသာမြင်နိုင်သည် ဆိုသည်မှာ မိသားစုနှင့် မိတ်ဆွေများကဲ့သို့ သူများကိုသာ သင်၏တည်နေရာကို ပြသမည်ဖြစ်သည်။

လူတိုင်းမမြင်နိုင်ဘူး ဆိုသည်မှာ မည်သူမျှ သင့်ကိုမတွေ့စေလိုသည့်ဆန္ဒဖြစ်ပေသည်။

ဤတည်နေရာပြစက်၏ လုပ်ဆောင်ချက်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ဤတည်နေရာပြစက်အသစ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် ပေါင်းစပ်ရန် ရည်ရွယ်ထားခြင်းပင်။

အစက သူသည် သူ၏စနစ်လက်ဆောင်များနှင့်တူသည်ဟု ထင်ခဲ့မိခြင်းဖြစ်သည်။

“အဲ့ဒီလောက်တောင် စမတ်ကျတာလား။”

“ဟုတ်တယ်...။ ဒါနဲ့ဆိုရင် မိသားစုနဲ့ မိတ်ဆွေတွေအတွက် တစ်ယောက်နဲ့တစ်ယောက် တည်နေရာကို ပိုပြီးလွယ်လွယ်ကူကူ ရှာတွေ့နိုင်လိမ့်မယ်။”

“အရမ်းကောင်းတာပဲ။ ငါလည်း မြန်မြန်လုပ်ရမယ်။”

“ကျုပ်လည်း လုပ်ပြီးပြီ။ ကျုပ်နဲ့ ကျုပ်ညီကြားက အကွာအဝေးက ကီလိုမီတာတစ်ထောင် ဝေးတယ်။ ကျုပ်တော့ လုံးဝမျှော်လင့်ချက်ကင်းမဲ့သွားပြီ။”

“ဒီလောက်တောင် ဝေးတာလား။”

“မင်းကမှ နီးသေးတယ်။ ငါနဲ့ ငါ့အဖေရဲ့ကျွန်းကြား အကွာအဝေးက ကီလိုမီတာနှစ်ထောင်တောင်ကွ။”

“ငါနဲ့ ငါ့အဒေါ်က ကီလိုမီတာရှစ်ရာကျော်ဝေးတယ်။”

“လူတွေအများကြီးပဲ။ မင်းတို့မိသားစုဝင်တွေကို ရှာတွေ့ပြီးပြီလား။ ငါကျ ဘာလို့မတွေ့ရတာလဲ။အချစ်ကလေးရှောင်ရှင်း နင်ဘယ်မှာလဲ။”

အခန်း ၁၉၂ - ပေါ်တင်ချိန်းတွေ့ခြင်းနှင့် မနက်ခင်းလေ့ကျင့်ခန်း

“မင်းရဲ့မိသားစုကို ရှာမတွေ့သေးရင်တောင် မစိတ်ပျက်ပါနဲ့။ နောက်တစ်ခါ ဧရိယာပေါင်းစည်းတဲ့အခါကျရင် တွေ့နိုင်ပါသေးတယ်။”

“ဟေ့! ဒီတစ်ပတ်ရဲ့အဆုံးမှာ နယ်မြေတွေပြန်ပေါင်းစည်းလောက်လား။”

“အရင်စည်းမျဉ်းအရဆိုရင်တော့ ပေါင်းစည်းသင့်တယ်။”

“ဒီကမ္ဘာက စည်းမျဉ်းမလိုက်နာမှာကိုပဲ ငါကြောက်မိတယ်။”

“အဲ့လိုတော့ မဖြစ်သင့်ဘူး။ ဘာပဲပြောပြော လေးပတ်တိတိ လည်ပတ်ပြီးသွားပြီလေ။ စနစ်တည်ငြိမ်ဖို့အတွက် စည်းမျဉ်းတွေကိုတော့ ဆက်ပြီးလိုက်နာရမယ်။”

ရှောင်းယီ လူတိုင်းပြောနေသော စကားပြောများကို ကြည့်နေစဉ် ရုတ်တရက် သီးသန့်ချန်နယ်၌ တောင်းဆိုမှုတစ်ခု ရောက်လာခဲ့သည်။

“သူဌေးကြီးယီရန်ပင်း၊ ဒါရော လက်ခံနိုင်မလား။ [အဝေးထိန်း ဆက်သွယ်ရေးကိရိယာ ထုတ်လုပ်မှုပုံစံ] ၁။”

တစ်ဖက်ကလူက မေးလာခဲ့သည်။ ရှောင်းယီ ထိုထုတ်လုပ်မှုပုံစံကို ကြည့်လိုက်၏။

“အခုအချိန်မှာတော့ မလိုအပ်သေးဘူး။ မင်းရောင်းချင်ရင်တော့ C အဆင့်ပင်လယ်ငါး ၁၀၀ ဂရမ်ပဲပေးနိုင်မယ်။”

သူက ပြန်ဖြေလိုက်သည်။

“အာ...အရမ်းနည်းသလိုပဲ။ ဒါဆို ကျုပ် မရောင်းတော့ဘူးနော်။”

တစ်ဖက်ကလူက ပြောလိုက်၏။

“ကောင်းပြီ။”

ရှောင်းယီက စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

တစ်ဖက်ကလူက ရှောင်းယီက ဈေးနှိမ်နေသည်ဟုထင်ပြီး ထိုသို့ပြောခဲ့သော်လည်း ရှောင်းယီက ဤမျှရိုးရှင်းစွာဖြင့် စကားဝိုင်းကို ရပ်တန့်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဟမ့်! မင်းဆီမှာ မရောင်းရရင် လင်းအင်းပါယာရဲ့ သူဌေးကြီးဆီသွားရောင်းမယ်။”

ထိုလူက နှာမှုတ်ကာ ပြောလိုက်၏။ ထို့နောက် သူ ထိုအရာကို တိလင်းထျန်းရှား ထံပို့လိုက်သောအခါ တိလင်းထျန်းရှားက ဤသို့ပြန်ဖြေ၏။

“အခုအချိန်မှာ မလိုအပ်သေးဘူး။ မင်းထုတ်လုပ်ပြီးပြီဆိုရင်တော့ C အဆင့်ရေသန့် ၅၀ မီလီပေးမယ်ာ”

“သူဌေးကြီးယီရန်ပင်း ပေးတာထက်တောင် နည်းသေးတယ်။”

ထိုလူက နှုတ်ခမ်းကို တွန့်လိမ်ပြီး ထိုပစ္စည်းကို လက်ထဲတွင်သိမ်းထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

“နောက်ပိုင်းမှာ အသုံးဝင်လာမှာပဲ။ အသုံးဝင်တဲ့အချိန်ကိုပဲ စောင့်လိုက်တော့မယ်။”

ထိုလူက ပြောလိုက်သည်။

“မေ့လိုက်ပါတော့...။ ကျုပ် မရောင်းတော့ဘူး။”

ထိုသူက တိလင်းထျန်းရှားကို ပြန်ဖြေလိုက်၏။

တိလင်းထျန်းရှားက ထိုလူ၏အဖြေကို မြင်လိုက်ရသောအခါ အနည်းငယ်မျက်မှောင်ကြုံသွားခဲ့သည်။ သူမမျှော်လင့်ထားသည်မှာ တစ်ဖက်ကလူက ဤမျှရိုးရှင်းစွာဖြင့် ရောင်းချခြင်းအား ရပ်တန့်လိုက်ခြင်းကိုပင်။

သို့သော် လက်ရှိတွင် သူသည်လည်း ထိုအရာကို အမှန်တကယ် မလိုအပ်သေးပေ။ တစ်ဖက်ကလူ မရောင်းလျှင်လည်း အတင်းအကျပ် လုပ်မည်မဟုတ်ပေ။

နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူ၏ ၃၀% ခန့်သည် တည်နေရာပြစက်များ ပြုလုပ်ပြီး ၎င်းတို့၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များတွင် ပေါင်းစပ်လိုက်ကြတော့လေသည်။

ရှောင်းယီ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံသို့ ပြောင်းကြည့်လိုက်သောအခါ အချို့နေရာများတွင် အလင်းစက်များရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအရာမှာ တည်နေရာပြစက်မှ ပြသထားသော နေရာများဖြစ်ပေသည်။

“တည်နေရာပြစက် ပေါင်းစပ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေက တည်နေရာကို လူတိုင်းမြင်နိုင်အောင် ထားထားကြတာလား။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။

“ချစ်ရပါသောအစ်ကိုတို့...။ ဒီကောင်မလေးရဲ့တည်နေရာကို လူတိုင်းမြင်နိုင်အောင် လုပ်ထားပါတယ်။ ကျွန်မနဲ့နီးစပ်ရင် ဘယ်သူမဆို ကျေးဇူးပြုပြီး လာခဲ့ပါ။ ကျွန်မ ဘာမဆိုလုပ်ပေးနိုင်ပါတယ်။”

“အပေါ်ကညီမလေး.. ငါနဲ့ ပေါင်းစည်းမလား။ ငါ မင်းကို လိင်ပိုင်းဆိုင်ရာမှာသေချာပေါက် ပျော်ရွှင်စေရမယ်လို့ အာမခံတယ်။”

“ဒါက ဘယ်လိုအခြေအနေကြီးလဲ။ ဒါက ပေါ်တင်ကြီး ချိန်းတွေ့နေကြတာလား။ ဒါကို ကိုင်တွယ်ဖို့ ဆိုက်ဘာရဲတွေ မရှိကြဘူးလား။”

“အဲ့ကောင်မကို သတိထား။ ဒီကမ္ဘာမှာ ငါတို့ရဲ့ သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်နိုင်သူတိုင်းက ငါတို့ကို ဒီလောက်ဂရုစိုက်မှာမဟုတ်ဘူး။”

“ဟုတ်တယ်...။ ဒါပေမယ့် အွန်လိုင်းမှာ ချိန်းတွေ့တာက အန္တရာယ်များတယ်လို့ ငါပြောချင်တယ်။ အဲ့ဒါကြောင့် မင်းတို့တွေ့တဲ့အခါသတိထား။”

“မှန်တယ်...။ သူတို့က တပ်မက်မှုနဲ့ ရောက်လာတဲ့သူတွေပဲ။ အွန်လိုင်းရဲ့လှည့်ဖြားမှုတွေကို သတိထားဦး။”

“အပေါ်ကလူ...မင်း အရင်က ဆိုက်ဘာရဲတစ်ယောက်လား။ ဒီအချိန်ထိ ဆိုက်ဘာလှည်ဖြားမှုတွေအကြောင်းကို တွေးနေသေးတာလား။”

“လူတစ်ယောက်က အမြဲတမ်း သတိရှိနေရမယ်။”

“ဟုတ်တယ်...။ အကယ်၍ အဲ့ဒီကောင်မလေးက အခြောက်သာဖြစ်နေရင် မင်းရောက်သွားတဲ့အချိန်ကျရင်...အကျိုးဆက်တွေ ကြောက်စရာကောင်းလိမ့်မယ်။”

“မင်းအတွက် သီချင်းတစ်ပုဒ်- ‘ရေကန်ထဲကညဂန္ဓမာပန်း: ဂန္ဓမာပန်းတစ်ပွင့်...ကျိုးပဲ့ပြီး...တင်ပါတွေ ဒဏ်ရာရနေတယ်။ မင်းရဲ့အပြုံးလေး အဝါရောင်ပြောင်းသွားတဲ့အခါ...”

“အဲ့ဒါက အရမ်းချဲ့ကားနေတာ မဟုတ်ဘူးလား။”

တစ်ခဏအတွင်းမှပင် ခန္ဓာကိုယ် အောက်ပိုင်းဖြင့် တွေးနေသော အသက်ရှင်ကျန်ရစ်သူမှာ ခဏမျှ ပြန်လည်အေးစက်သွားခဲ့သည်။

“လှည်စားခံရမှာကြောက်ရင် အရင်ဆုံး ဗီဒီယိုကောလ်နဲ့ ဆက်သွယ်ပြီးမှ ဒီမှာဆွေးနွေးလို့ရတယ်။”

“အေးဟ..‌အဲ့ဒါ အလုပ်ဖြစ်လောက်တယ်။ လာ လာ...သီးသန့်စကားပြောကြရအောင်။”

ရှောင်းယီက အများသုံးချန်နယ်သည် အကြီးစား ချိန်းတွေ့ခြင်းပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲလာသည်ဟု ချက်ချင်းပင် ခံစားလိုက်ရသည်။

ယခင်ကလည်း လူအများအပြား စကားပြောခဲ့ကြသော်လည်း ယခုအချိန်တွင် တစ်ယောက်နှင့်တစ်ယောက် တည်နေရာကို အမှန်တကယ်ရှာဖွေနိုင်ပြီး နှစ်လိုဖွယ်နွေဦးရာသီသဖွယ် စိတ်အစဥ်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

“နွေဦးက မကြာခင်မှာ တကယ် ရောက်လာတော့မှာပဲ။”

ရှောင်းယီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ ကျန်သူများအားလုံးက ဧည့်ခန်းထဲတွင် တီဗီကြည့်နေပြီး စကားပြောနေကြလေသည်။

လုပင်းအာမှာ မှင်တက်နေခဲ့ပြီး သူမ ယခင်ကမ္ဘာသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။

ထိုစဉ် ရှောင်းယီက တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားခဲ့ပြီး အခန်းမှထွက်လာကာ လီယန်ကို ရှာလိုက်၏။

“အန်တီ မနက်ဖြန်ကျရင် ချည်ငင်ပြီး အဝတ်အစားတွေ စလုပ်လိုက်ကြရအောင်။”

သူက ပြောလိုက်သည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ လူတိုင်း၏အဝတ်အစားများသည် အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားပြီးပြီ ဖြစ်သည်။

“ကောင်းပြီ။ အရင်ကငါပေးခဲ့တဲ့ ပိုးဥတွေရှိသေးလား။”

လီယန်က မေးလိုက်၏။

“အဲ့ဒါကို ရေခဲသေတ္တာထဲမှာ သိမ်းထားတယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ အပူချိန်မှန်သွားရင် ပိုးတွေကို ချက်ချင်းမွေးနိုင်ပြီ။ ပိုးချည်က လူသားတွေအသုံးပြုခဲ့တဲ့ ပထမဆုံးတိရစ္ဆာန်အမျှင်ပဲ။”

လီယန်က ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။

“ကျုပ်မှာ အဲ့ဒါတင်မကဘူး။ S အဆင့် ဝါဂွမ်းလည်းရှိလား။”

“ကောင်းပြီး...ဒါဆို မြန်မြန်စိုက်လိုက်ပါ။ ချည်သားစစ်စစ်ကိုဝတ်ရတာက အရမ်းနေလို့ကောင်းတယ်။”

လီယန်က ပြောလိုက်သည်။ ထိုအခါ ယွမ်နွန်က ရှောင်းယီကို ကြည့်ကာ မေးလိုက်သည်။

“မင်းဆီမှာ ဝါဂွမ်းမျိုးစေ့ရှိတဲ့အကြောင်း ငါဘာလို့ မကြားမိတာလဲ။”

“အရင်က အန်တီ ဒီမှာမရှိဘူးလေ။ ကျုပ်တို့ စိုက်ထားရင်တောင် အသုံးမဝင်ဘူး။ အဲ့ဒါကြောင့် ဘေးဖယ်ထားလိုက်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မနက်ဖြန် ဖန်လုံအိမ်ထဲမှာ နေရာလွတ်တစ်ခုလုပ်ပြီး ဝါဂွမ်းပင်စိုက်လိုက်ပါ။”

“ကောင်းပြီ”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ ကြည့်လိုက်ကြပါဦး။ ကျုပ် အခန်းထဲ ပြန်ဝင်တော့မယ်။”

ရှောင်းယီက ပြောလိုက်ပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

အန်းယွဲ့နှင့် လီယန်တို့သည်လည်း ထရပ်လိုက်ကြ၏။ သူတို့ဇနီးမောင်နှံသည် အချိန်အကြာကြီး ခွဲခွာနေခဲ့ရပြီး ယခုမှ ပြန်လည်ဆုံဆည်းရသည်ဖြစ်ရာ ပြောစရာစကားအများကြီး ရှိနေခဲ့လေသည်။

ရုပ်ရှင်ကြည့်ပြီးနောက် ကျန်သည့်သူများလည်း ၎င်းတို့၏အခန်းများသို့ ပြန်ဝင်သွားကြတော့သည်။

“အစ်မဝမ် အစ်မတို့ ဒီလိုအိမ်မျိုးမှာပဲ အမြဲနေခဲ့ရတာလား။”

လုပင်းအာက စိတ်ဝင်တစား မေးလိုက်သည်။

“မဟုတ်ဘူး။ အစတုန်းက တစ်ထပ်တစ်ခန်းလေးပဲ ရှိတာ။ အခုအပတ်ကျမှ ဒီလိုမျိုး အဆင့်မြင့်လာတာ။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

“ဒီမှာအမြဲတမ်း လျှပ်စစ်မီးရနေတာလား။”

“ဟုတ်တယ်။ မနက်ဖြန်ကျရင် ငါ နင့်ကိုလိုက်ပြမယ်။”

“ဟုတ်ကဲ့ အစ်မဝမ် ကျေးဇူးတင်ပါတယ်။”

လုပင်းအာက ပြန်ဖြေလိုက်၏။

နောက်တစ်နေ့မနက် ငါးနာရီခွဲတွင် အခန်းထဲရှိဖုန်းများမှ ရုတ်တရက် အသံမြည်လာခဲ့လေသည်။

လုပင်းအာ နိုးလာခဲ့ပြီးနောက် ဆုဝမ်နှင့် အန်းရန်တို့သည် သူမတို့၏အဝတ်အစားများကို အလျင်အမြန်ဝတ်ဆင်ပြီး အပြင်သို့ အမြန်ထွက်သွားကြသည်ကို တွေ့လိုက်ရ၏။

အကြောင်းရင်းကို မသိရသေးသော လုပင်းအာသည်လည်း ချက်ချင်းပင် သူမ၏အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး အပြင်သို့ ပြေးထွက်ခဲ့လိုက်သည်။

အပြင်ရောက်သောအခါ အန်းရန်တို့မှာ စီတန်းနေကြပြီး ကျန်းယွင်ထျန်းက အရှေ့မှ မိန့်ခွန်းပြောနေသည်ကို တွေ့လိုက်ရလေသည်။

“ဒီတစ်ခါစုရုံးချိန်က တစ်မိနစ်နဲ့ နှစ်ဆယ့်ခုနစ်စက္ကန့်ပဲကြာတယ်...မဆိုးဘူး။”

ကျန်းယွင်ထျန်း ပြောလိုက်သည်။

“အခု သွေးပူသွားအောင် ၂၀ ကီလိုမီတာပြေးမယ်။ ညာလှည့်! ပြေး!။”

လုပင်းအာက ဘာလုပ်ရမှန်း မသိတော့ပေ။

“လုပင်းအာ!”

ကျန်းယွင်ထျန်းက အော်ခေါ်လိုက်သည်။

“ရှိပါတယ်!”

လုပင်းအာက ချက်ချင်း ထူးလိုက်၏။

“ဒီနေ့က မင်းရဲ့ပထမဆုံးနေ့ဖြစ်တဲ့အတွက် အတူတူပြေးရမယ်။ မင်းခံနိုင်သလောက်ပဲ‌ပြေးပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

လုပင်းအာက ပြန်ဖြေလိုက်ပြီး စပြေးလိုက်သည်။

ကျွန်းတစ်ခုလုံးသို့ ပတ်ပြေးနေသော အဖွဲ့နောက်သို့ လိုက်သွားရင်းဖြင့် နောက်ဆုံးတွင် လုပင်းအာသည်လည်း ကျွန်းတစ်ခုလုံးကို မြင်လိုက်ရတော့သည်။

ပထမခံစားချက်: အရမ်းကြီးတယ်။

ဒုတိယခံစားချက်: သစ်ပင်တွေအများကြီးပဲ။ တောင်တစ်လုံးတောင်ရှိတယ်။

အကယ်၍ ယခင်ကမ္ဘာတွင်ဆိုလျှင် ဤကျွန်းသည်ကြီးမားသည်ဟု မယူဆနိုင်သော်လည်း လုပင်းအာသည် စတုရန်းမီတာ ၁၀ အောက်သာရှိသော ကျွန်းပေါ်တွင် တစ်လနီးပါးနေထိုင်ခဲ့ရခြင်းဖြစ်သည်။

လုပင်းအာသည် သူမပြေးနေစဉ် လမ်းတစ်လျှောက်၌ ပင်လယ်ငါးများ ကမ်းခြေပေါ်သို့ ခုန်တက်နေသည်ကိုလည်း မြင်လိုက်ရသည်။

“ဘာလို့ပင်လယ်ငါးတွေ ဒီလောက်အများကြီး ကမ်းပေါ်တက်လာတာလဲ။”

လုပင်းအာ အံ့အားသင့်စွာ တွေးလိုက်မိသော်လည်း မည်သူမျှ သူမ၏မေးခွန်းကို မဖြေဘဲ ဆက်၍သာပြေးနေကြဆဲကြ၏။

လုပင်းအာမှာ ၁၅၀၀ မီတာသာ ခံနိုင်ရည်ရှိခဲ့သည်။

“လုပင်းအာ မင်း လမ်းလျှောက်ရင်း နားလိုက်ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

လုပင်းအာက အသက်ပြင်းပြင်းရှူကာ ပြောလိုက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

ခဏအကြာတွင် သူမ ပြန်လည်သက်သာလာခဲ့ပြီး သူမ၏ရှေ့တွင် တစ်စုံတစ်ဦးက ငါးများကောက်နေသည်ကို သတိထားမိလိုက်သောကြောင့် ချက်ချင်းပင် ထိုနေရာသို့ လျှောက်သွားလိုက်၏။

“အစ်ကိုရှောင်းယီ မင်္ဂလာနံနက်ခင်းပါ။”

လုပင်းအာ အနီးသို့လျှောက်သွားသောအခါ ရှောင်းယီဖြစ်ကြောင်း သိလိုက်ရလေသည်။

ရှောင်းယီ ခေါင်းမော့ကြည့်လိုက်သောအခါ သူမကို မြင်လိုက်ရသောကြောင့် ပြန်နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ...။ ငါ့ကို ငါးတွေကောက်ကူပါဦး။”

လုပင်းအာသည် ချက်ချင်းပင် ပင်လယ်ငါးများကို ရှောင်းယီကိုင်ထားသော ငါးဖမ်းပိုက်ထဲသို့ ကောက်ထည့်ပေးလိုက်၏။

“ဒီပင်လယ်ငါးတွေက ဘာလို့ ကမ်းပေါ်ခုန်တက်နေကြတာလဲ။”

“ပင်လယ်ငါးတွေက ကမ်းပေါ်ကို ခုန်တက်လာတာမဟုတ်ဘူး။ သူတို့ကို အလိုအလျောက်ငါးဖမ်းပိုက်နဲ့ ဖမ်းထားတာ။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် သူတို့နှင့် မနီးမဝေးတွင်ရှိနေသော စက်တစ်ခုကို ညွှန်ပြလိုက်သည်။

“အလိုအလျောက် ငါးဖမ်းပိုက်လား။”

လုပင်းအာ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

“ဟုတ်တယ်...။ ငါက လမ်းကြောင်းနဲ့ပစ်မှတ်ကို သတ်မှတ်ပေးဖို့ပဲလိုတယ်။ ပြီးရင် အဲ့ဒါက၂၄နာရီလုံး အလုပ်လုပ်နိုင်တယ်။”

ရှောင်းယီက ပြောပြလိုက်သည်။ လုပင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“အဲ့ဒါကြောင့် ရှင့်မှာ ရေနဲ့အစားအစာတွေ အများကြီးရှိနေတာပဲ။”

သူမက ပြောလိုက်သည်။

“အဲ့ဒါကလည်း အကြောင်းပြချက်တစ်ခုပေါ့။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။

မကြာမီ ကျန်းယွင်ထျန်းက သွေးပူအောင် ပြေးနေသော လူတစ်စုကို ဦးဆောင်လာခဲ့သည်။ ရှောင်းယီက သူတို့ကိုကြည့်ပြီးပြောလိုက်သည်။

“ဒီနေ့ ရိတ်သိမ်းရမယ့် အရာတွေအားလုံးကို ငါ့အတွက်ချန်ထားကြနော်။”

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်နွန်နှင့် အခြားသူများအားလုံး၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားကြပြီး “ဟုတ်ကဲ့” ဟု ဖြေလိုက်ကြသည်။

ထိုအရာမှာ ရှောင်းယီ၏ နှစ်ဆအခြေအနေ ပြန်လည်ရောက်ရှိလာပြီဟု ဆိုလိုခြင်းဖြစ်ကြောင်း သူတို့နားလည်ကြပေသည်။

ယခုမနက် ရှောင်းယီ အိပ်ရာနိုးလာသောအချိန်လေးတင်ကမှ စနစ်က အသိပေးခဲ့၏။

“ဒင်...နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို စတင်လိုက်ပါပြီ။ အကျိုးသက်ရောက်မှုမှာ တစ်ရက်ကြာမြင့်မည်။”

All Chapters