အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း ၅၁ - စနစ် အချက်အလက်ပြဘုတ် ထပ်မံ ပြောင်းလဲသွားခြင်း
ဤတစ်ကြိမ် ချင်းယွင်ဂိုဏ်း ပြိုင်ပွဲကြီးသည် ကျင့်ကြံခြင်း လောက တစ်ခုလုံးကို အတင်းအဖျင်းများ ပြောဆိုရန် လုံလောက်သော အကြောင်းအရာများကို ပေးစွမ်းခဲ့ပေ၏။
ပထမဆုံးနှင့် အရေးအကြီးဆုံးမှာ နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော နတ်ဆိုးမျိုးနွယ် သည် ဤကမ္ဘာလောကတွင် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တာအိုဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်း ပဋိပက္ခ အတွင်းတွင် ကျင့်ကြံခြင်း လောက တစ်ခုလုံးသည် အလွန် ကြီးမားသော ပေးဆပ်မှုများနှင့်အတူ နတ်ဆိုးမျိုးနွယ် ကို နတ်ဆိုးနယ်မြေ ဆီသို့ ပြန်လည်မောင်းထုတ်ခဲ့ကြလေ၏။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် နတ်ဆိုးမျိုးနွယ် သည် ချိတ်ပိတ်ခြင်း ကို ချိုးဖျက်ပြီး ဤကမ္ဘာလောကသို့ ပြန်လာရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ရုံသာမက မဟာမြင့်မြတ်နယ်မြေ ကိုးခု ထဲမှ တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့် တစ်ယောက်ပင် ဖြစ်လာခဲ့မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။
ထို့ပြင် ချင်းယွင်ဂိုဏ်းတွင် အနှစ်တစ်သောင်းအတွင်း မြင်ရခဲသော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခဲ့ပေ၏။ ချင်းယွင်ဂိုဏ်း ပြိုင်ပွဲကြီး အတွင်းတွင် သူသည် လူရာပေါင်းများစွာကို ဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာကို တိုက်ရိုက် ရယူနိုင်ခဲ့ကာ ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်က သူ့အား ချင်းယွင်မြင့်မြတ်နယ်မြေ ၏ ချင်းယွင် သူတော်စင်သားတော် အဖြစ် နေရာတွင်ပင် ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပေးခဲ့လေသည်။
သူတော်စင်ကို မြင်ရခြင်းသည် ဂိုဏ်းချုပ်ကို မြင်ရခြင်းနှင့် အတူတူပင် ဖြစ်ပေ၏။ သူသည် တကယ်ပင် လူတစ်ယောက်၏ အောက်တွင်သာ ရှိပြီး လူသောင်းပေါင်းများစွာ၏ အထက်တွင် ရှိသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သို့သော် ဤချင်းယွင်မြင့်မြတ်နယ်မြေ ၏ သူတော်စင်သည် ထူးခြားစွာပင် လူလုံးသိပ်မထွက်ခဲ့ချေ။ အတွင်းစည်းဂိုဏ်း တပည့် ရာခိုင်နှုန်း ကိုးဆယ်ခန့်ကပင် ဤသူတော်စင်ကို မသိကြပေ။ သူသည် ချင်းယွင်ဂိုဏ်း အတွင်းရှိ လူမသိသူမသိ တောင်ထိပ်ငယ်လေး တစ်ခုတွင် နှစ်ပေါင်းများစွာ သီးသန့် ကျင့်ကြံနေခဲ့သည်ဟု ကြားသိရလေ၏။
ဤချင်းယွင်ဂိုဏ်း ပြိုင်ပွဲကြီးတွင် နတ်ဆိုးမျိုးနွယ် ရုတ်တရက် ပေါ်မလာခဲ့ပါက ချင်းယွင် သူတော်စင်သားတော် သည် ဂိုဏ်းကို အရှက်မကွဲစေရန်အလို့ငှာ လှုပ်ရှားရန် ဖိအားပေးခံရမည် မဟုတ်ချေ။
သူသည် မဟာမြင့်မြတ်နယ်မြေ ကိုးခု ထဲမှ တစ်ခုလည်းဖြစ်သော မဟာစိတ်ဝိညာဉ်တောင် ဘုရားကျောင်း ၏ ဗုဒ္ဓဂိုဏ်းသူတော်စင် ဟွေကျစ် အပါအဝင် သူ၏ ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံမှုဖြင့် ကျင့်ကြံသူ ရာပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့ခြင်း ဖြစ်ပေသည်။
သူ့အား ယနေ့ခေတ် လူငယ် ပါရမီရှင်များထဲတွင် ထိပ်တန်း ပါရမီရှင်အဖြစ် ခေါ်ဆိုနိုင်လေ၏။
ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် ချင်းယွင်ဂိုဏ်း တစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများထံမှ ကြီးမားသည့် အားပေးလေးစားမှုများကို သဘာဝကျကျပင် ရရှိခဲ့ပေသည်။ ချင်းယွင် သူတော်စင်သားတော် သည် သူ၏ ဂိုဏ်းတူ စီနီယာနှင့် ဂျူနီယာ ညီအစ်ကိုများကို သူ၏ ခမ်းနားမှုများကို မျက်မြင်တွေ့ခွင့်ပေးရန်အတွက် ချင်းယွင်တောင်ထိပ်ပေါ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့လေ၏။
တစ်ချိန်တည်းမှာပင် တောင်ထိပ်ငယ်လေး ပေါ်တွင် အရာအားလုံးသည် ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားပုံပေါ်ပေသည်။
အိုးယန်က ထုံးစံအတိုင်း သူ၏ ကုလားထိုင်ပေါ်တွင် လှဲနေပြီး စာအုပ်တစ်အုပ်က သူ၏ မျက်နှာကို ဖုံးကွယ်ထားကာ ကျယ်လောင်စွာ ဟောက်နေလေ၏။
ပိုင်ယွီက ခြံဝင်းထဲရှိ သစ်ပင်ကြီးပေါ်တွင် ရပ်နေပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်လုံးများ မှိတ်လျက် ကျင့်ကြံနေပေသည်။
လန်ချင်းဆုန့်က တဒိုင်းဒိုင်း တဂျိုင်းဂျိုင်း အသံများနှင့်အတူ သူ၏ အိမ်ခေါင်မိုးကို ဆက်လက် ပြင်ဆင်နေလေ၏။
ဟူထူက သူမ၏ စက္ကူကြိုးကြာငှက်ကို စီးနင်းကာ တောင်ထိပ်ငယ်လေး ပတ်လည်တွင် လျှောက်သွားနေပေသည်။
တက်တူးများ အပြည့်ဖြင့် ရှောင်ဖုန်းက ချင်းယွင်ဂိုဏ်း တားမြစ်နယ်မြေ ၏ အနက်ရှိုင်းဆုံး နေရာသို့ သွားရောက်ပြီး အသိဉာဏ် ရရှိနေပြီဖြစ်သော ဝိညာဉ်သားရဲ များနှင့် နေ့စဉ် အနီးကပ် တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြုလုပ်နေလေ၏။
တောင်ထိပ်ငယ်လေး ၏ မီးဖိုချောင်ထဲတွင်မူ ချင်းယွင်တောင်ထိပ်ပေါ်၌ ရပ်နေခဲ့သော ချန်ချန်ရှန်းက ရုတ်တရက် ပေါ်လာပြီး အိုးခွက်ပန်းကန်များ ကြားထဲတွင် အလုပ်များနေပေသည်။
ချန်ချန်ရှန်းက လူများရှေ့တွင် ရပ်ပြီး မျောက်ပြပွဲ တစ်ခုလို ငေးကြည့်ခံနေရန်လောက်တော့ မမိုက်မဲခဲ့ချေ။ သူက ရုပ်သေးရုပ် တစ်ခုကို ပေါ့ပေါ့ပါးပါး ထားခဲ့ပြီး တောင်ထိပ်ငယ်လေး ဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။
သူသည် အလွန်ပင် လူသိများနေပြီ ဖြစ်ပြီး ထိုအရာက သူ၏ 'တည်တည်ငြိမ်ငြိမ်နေပါ အရမ်းမလွန်ပါစေနဲ့' ဟူသော စိတ်ကူးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။
ချန်ချန်ရှန်းက ပြင်ဆင်ထားသော ဟင်းလျာများကို အိုးယန်ထံ ယူလာပေးချိန်တွင် အိုးယန်က သူ၏ မျက်နှာပေါ်ရှိ စာအုပ်ကို ဖယ်ရှားလိုက်ပြီး နေမင်းကြီးကို ပျင်းရိစွာ ကြည့်ကာ ပြောဆိုလိုက်လေသည်။
"တတိယဂျူနီယာညီလေး... မင်းမှာ ဘာအစီအစဉ်တွေ ရှိလဲ..."
ချန်ချန်ရှန်းက ခဏမျှ အံ့အားသင့်သွားပြီးနောက် ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်လေ၏။
"စီနီယာအစ်ကို ဘာကို ဆိုလိုတာလဲ... ကျွန်တော့်မှာ ဘာအစီအစဉ်တွေ ရှိနိုင်လို့လဲ..."
အိုးယန်က ထိုင်လိုက်ပြီး အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောဆိုလိုက်လေသည်။
"မနေ့က ဂိုဏ်းချုပ် ငါ့ဆီလာပြီး ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာဖို့ မင်းကို ခေါ်သွားဖို့ ပြောခဲ့တယ်... ရိုးရိုးသားသား ပြောရရင် ဂိုဏ်းချုပ် တစ်ယောက်တည်းပဲ ဒီအရာကို ကြည့်ခွင့်ရှိတာလေ... သူ့အနေနဲ့ မင်းကို ကြည့်ခွင့်ပေးတယ်ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ မင်း မသိဘူးလား..."
ချန်ချန်ရှန်းက သက်ပြင်းချကာ ပြောဆိုလိုက်၏။
"စီနီယာအစ်ကို... ဂိုဏ်းချုပ် နေရာကို ကျွန်တော် လုံးဝ စိတ်မဝင်စားပါဘူး... ဒီအခွင့်အရေးကို ကျွန်တော် စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်လို့ ဂိုဏ်းချုပ်ကို အစ်ကို ဘာလို့ သွားမပြောတာလဲ..."
"ချင်းယွင် လျှို့ဝှက်ရတနာ ကို သာမန် ဂေါ်ဖီထုပ် တစ်ထုပ်လို့ မင်း ထင်နေတာလား... မင်းက အလွယ်တကူ ပေးပစ်လို့ ရမယ် ထင်နေတာလား..."
အိုးယန်က မျက်လုံးလှန်ပြလိုက်ပြီး စကားစ ပျောက်သွားလေ၏။
အိုးယန် စကားပြော၍ပင် မဆုံးသေးမီ အဝေးမှ ဓားမြည်သံတစ်ခု ထွက်ပေါ်လာပြီး လူမရောက်လာမီမှာပင် ထူးဆန်းသော ပန်းရနံ့တစ်ခုက လွင့်ပျံလာကာ ဇိမ်ကျကျ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လင်းဖုန်းက အိုးယန်၏ အရှေ့တွင် ဆင်းသက်လာပေသည်။
ဤအချိန်တွင် လင်းဖုန်းသည် သူ၏ ပုံမှန် လူလုံးသိပ်မထွက်ဘဲ အနေအေးသော အမူအကျင့်များကို လုံးဝ စွန့်ပယ်လိုက်လေပြီ။ သူသည် တောက်ပနေပြီး သူ၏ မျက်လုံးများက မာနများဖြင့် ပြည့်နှက်နေပေ၏။ ကျောက်စိမ်း ဆံထိုးတစ်ခု တိမ်တိုက်ကူး ဖိနပ်များနှင့်အတူ သူ၏ ရွှေချည်ထိုး တာအိုဝတ်ရုံက သူ့ကို အထူးတလည် ဂုဏ်သရေရှိပုံ ပေါ်စေသည်။
သူ၏ မျက်လုံးထောင့်များတွင် ဖျော့တော့သော နီရဲရဲ မျက်လုံးအရိပ် နှစ်ခု ရှိနေပြီး သူ့ကို အနည်းငယ် ပို၍ ဆွဲဆောင်မှုရှိစေ၏။
"လင်းအိုကြီး... ရက်အနည်းငယ်ပဲ ရှိသေးတယ်... မင်း တော်တော်လေး ပြောင်းလဲသွားတာပဲ..."
အိုးယန်က အသစ်ရောက်လာသူကို အံ့အားတသင့် ကြည့်ကာ ပြောဆိုလိုက်လေသည်။
ယခင်က လင်းဖုန်းသည် ရိုးရှင်းသော ဝတ်ရုံကို အမြဲဝတ်ဆင်လေ့ရှိပြီး အံဝင်ခွင်ကျဖြစ်ကာ နူးညံ့သိမ်မွေ့သော်လည်း လက်ရှိ လင်းဖုန်းကမူ ပြင်းထန်သော ရန်လိုမှုများကို ထုတ်လွှတ်နေပေ၏။
အိုးယန်က လင်းဖုန်း၏ အချက်အလက်ပြဘုတ်ကို မသိမသာ ဖွင့်ကြည့်လိုက်ရာ လင်းဖုန်း၏ အချက်အလက်ပြဘုတ်လည်း ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
အမည် - လင်းဖုန်း (ဂိုဏ်းချုပ်၏ အကြီးဆုံးတပည့်)
ကျင့်ကြံခြင်း - စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းအဆင့်၊ အဆင့် နှစ်
အရိုးအမြစ် - ၈
ကံကြမ္မာ - ၈
ဆွဲဆောင်မှု - ၉
နတ်ဘုရားဝိညာဉ် ပါရမီ - ၁၀+၁
သီးသန့်စွမ်းရည် - ကြေးမုံပန်း ရေလမင်း
အကဲဖြတ်ချက် - သူ၏ ဂျူနီယာညီလေး ဆုံးရှုံးသွားသည့် ဝမ်းနည်းစရာ အဖြစ်အပျက်ပြီးနောက် အံ့မခန်းဖွယ် အပြောင်းအလဲတစ်ခုကို ဖြတ်သန်းခဲ့ရသော ဂိုဏ်းချုပ်၏ အကြီးဆုံးတပည့်။
လင်းဖုန်း၏ အရိုးအမြစ်နှင့် ကံကြမ္မာက မပြောင်းလဲခဲ့သော်လည်း သူ၏ ဆွဲဆောင်မှုက တစ်မှတ် တိုးလာခဲ့ပေ၏။ ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ မူလ ဓားတာအို ပါရမီသည် နတ်ဘုရားဝိညာဉ် ပါရမီအဖြစ် ပြောင်းလဲသွားပြီး အဆင့်က ၁၀ ကိုပင် ကျော်လွန်သွားခဲ့ခြင်း ဖြစ်ပေသည်။
စနစ်၏ အကဲဖြတ်ချက်အရ ပါရမီ ၁၀ ကို ကျော်လွန်နိုင်သည်ဟူသည် ဤလူသည် သက်ရှိ ကောင်းကင်တာအို၏သားတော် ဖြစ်နေပြီဆိုသည်ကို ဆိုလိုပေ၏။
သူ ချစ်ရသော ဂျူနီယာညီလေး ဆုံးရှုံးသွားသည့် ဝမ်းနည်းစရာ အဖြစ်အပျက်က တကယ်ပင် လင်းဖုန်းအတွက် စွမ်းအားတိုးလာစေမည့် အရာတစ်ခု ဖြစ်လာနိုင်သလော။
၎င်းသည် ရုပ်ပြစာအုပ်များထဲတွင် ဘယ်ကမှန်းမသိ စွမ်းအားများ တိုးလာတတ်သော ဇာတ်လိုက်များတွင်သာ ရှိသည့် အချက်အလက်မျိုး မဟုတ်ပါလော။
အိုးယန်က လင်းဖုန်းကို ကြည့်လိုက်လေ၏။ မူလက သာမန် ပါရမီသာ ရှိခဲ့သော လင်းဖုန်းသည် ဤအဖြစ်အပျက်ကြောင့် ကောင်းကင်တာအို၏သားတော် ဖြစ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ချေ။ ဤလောကရှိ ကောင်းကင်တာအို၏သားတော် သည် ဤမျှလောက်ပင် တန်ဖိုးမရှိသလော။
လွန်ခဲ့သော တစ်လခန့်က လင်းဖုန်းသည် အခြေတည်စဝိညာဉ်အဆင့် သုံးတွင်သာ ရှိသေးသည်ကို သူ မှတ်မိနေပေ၏။ ယခု သူက မဟာ နယ်ပယ်တစ်ခုကို တိုက်ရိုက် ကျော်ဖြတ်ပြီး စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းအဆင့် သို့ ရောက်သွားခြင်းလော။
အခြေတည်စဝိညာဉ်အဆင့် အထက်သို့ ရောက်ရှိသွားပါက ကျင့်ကြံသူကြီး တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး အပြင်လောကသို့ ထွက်ရန် လုံလောက်နေပြီ ဖြစ်၏။ သာမန် ဂိုဏ်းငယ်လေးများ၏ ကိုးကွယ်ခံပုဂ္ဂိုလ် အကြီးအကဲများပင် ဤအဆင့်တွင်သာ ရှိကြပြီး ဂိုဏ်းတစ်ခု တည်ထောင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
နတ်ဆိုးမျိုးနွယ် ဂျူနီယာညီလေး တစ်ယောက် သေဆုံးသွားခြင်းက ဤမျှ ကြီးမားသော အခွင့်အရေးကို ယူဆောင်လာပေးနိုင်သလော။
ထိုသို့ဆိုလျှင် ငါသာဆိုလျှင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ တက်လှမ်းနိုင်မည်လော။
အိုးယန်၏ သံသယဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရင်း လင်းဖုန်းက ဂရုမစိုက်စွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်လေ၏။
"မကြာသေးခင်က အဖြစ်အပျက်တချို့ကြောင့် ကျွန်တော် အများကြီး နားလည်သွားခဲ့တယ်... ဒီနေ့ တောင်းဆိုစရာတစ်ခုရှိလို့ လာခဲ့တာပါ... စီနီယာအစ်ကို အိုးယန် သဘောတူမယ်လို့ မျှော်လင့်ပါတယ်..."
လင်းဖုန်း မည်သည့် အကြံအစည်များ ရှိနေသနည်းကို အိုးယန် မသိရှိဘဲ ပြန်လည်ပြောဆိုလိုက်လေသည်။
"စီနီယာနဲ့ ဂျူနီယာ ညီအစ်ကိုတွေကြားမှာ တောင်းဆိုစရာ မလိုပါဘူး... လင်းအိုကြီး... ဘာပဲဖြစ်ဖြစ် ပြောသာပြောပါ... ငါ လုပ်နိုင်သရွေ့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး... လင်းအိုကြီး... ကျူးယွမ်က နတ်ဆိုးမျိုးနွယ် က ဆိုတာ မင်းလည်း သိပါတယ်... ငါ့ရဲ့ တတိယဂျူနီယာညီလေးက အဲ့ဒီ နတ်ဆိုးမျိုးနွယ် အကြွင်းအကျန် အပေါ်မှာ နက်ရှိုင်းတဲ့ ရန်ငြိုးတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်..."
လင်းဖုန်းက ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်၏။
"နတ်ဆိုးမျိုးနွယ် သူလျှိုတစ်ယောက်ကို သူတော်စင်က သတ်ချင်ရင် သတ်နိုင်ပါတယ်... ဒီအထဲမှာ ဘာမှားယွင်းမှုမှ ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး... ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာဖို့ သူတော်စင်က ကျွန်တော့်ကို ခေါ်သွားပေးဖို့ တောင်းဆိုချင်လို့ လာခဲ့တာပါ..."
သူက တတိယဂျူနီယာညီလေးနှင့်အတူ ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာချင်သည်ပေါ့လေ။
ထို့ပြင် သူက ချန်ချန်ရှန်း ကျူးယွမ်ကို သတ်ခဲ့သည့်အကြောင်းကို ခွေးတစ်ကောင်ကို သတ်လိုက်သကဲ့သို့ တည်ငြိမ်စွာ ပြောဆိုသွားခြင်းက အရင်က သူသိခဲ့သော သံယောဇဉ်ကြီးသည့် လင်းဖုန်းနှင့် လုံးဝကို ကွာခြားနေပေ၏။
အိုးယန်သည် သူ့ရှေ့ရှိ လင်းဖုန်းက အရမ်းကို စိမ်းသက်နေသလို ခံစားလိုက်ရလေသည်။ ဤကလေးက အလွန်ကြီးမားသော ထိုးနှက်ချက်ကို ခံစားလိုက်ရသဖြင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်လာခဲ့ခြင်းလော။
"လင်းအိုကြီး... မင်း အဆင်ပြေရဲ့လား..."
အိုးယန်က စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်လေ၏။
လင်းဖုန်းက မဆိုင်းမတွ ပြန်လည်ဖြေကြားလိုက်ပေသည်။
"စီနီယာအစ်ကို အိုးယန်... ကျွန်တော်က ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာချင်ရုံ သက်သက်ပါ... ပြီးတော့ ဆရာ့ကိုလည်း တိုင်ပင်ပြီးပါပြီ... ကျွန်တော်က စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းအဆင့် ကို တက်လှမ်းပြီးပြီလေ... ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ တောင်ပေါ်က ဆင်းရမယ့်အချိန် ရောက်နေပြီဆိုတော့ မသွားခင် အသိဉာဏ် တစ်ခုခု ရနိုင်မလားဆိုတာ ကြည့်ချင်လို့ပါ..."
"ငါက အဲ့ဒါကို ပြောနေတာ မဟုတ်ဘူး... ငါ ဆိုလိုတာက... ထားလိုက်ပါတော့... မင်းက ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာချင်တယ်ဆိုတော့ လဲလှယ်မယ့် အခြေအနေတွေကို မင်း ပြင်ဆင်ထားပြီးပြီ မဟုတ်လား..."
အိုးယန်က ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်ပြီး မေးမြန်းလိုက်လေ၏။
လင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်ပေသည်။
"စီနီယာအစ်ကို့ကို ကျွန်တော် အာမခံနိုင်ပါတယ်... တကယ်လို့ ချင်းယွင် သူတော်စင်သားတော် က ဒီတစ်ကြိမ် ချင်းယွင် လျှို့ဝှက်ရတနာ ကို လေ့လာဖို့ ကျွန်တော့်ကို ခေါ်သွားပေးမယ်ဆိုရင် အနာဂတ်မှာ ဂိုဏ်းချုပ် နေရာအတွက် ချင်းယွင် သူတော်စင်သားတော် ရဲ့ လမ်းညွှန်မှုကို ကျွန်တော် သေချာပေါက် လိုက်နာပါ့မယ်..."
အခန်း ၅၂ - မွေးရာပါ အသိပညာ
ချင်းယွင် လျှို့ဝှက်ရတနာ ကို ချန်ချန်ရှန်းက ရရှိခဲ့ခြင်း ဖြစ်သဖြင့် အိုးယန် ကိုယ်တိုင် ဆုံးဖြတ်ချက် မချဘဲ ချန်ချန်ရှန်းကို ခေါ်လိုက်လေ၏။
ချန်ချန်ရှန်းက မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ချေ။ သူ၏ ယခင်ဘဝက ကြေကွဲဖွယ် အရောင်အသွေးများဖြင့် ပြည့်နှက်နေခဲ့သော ဤစီနီယာအစ်ကိုကို သူ အများကြီး လေးစားဆဲ ဖြစ်ပေသည်။
အနာဂတ်တွင် ကျူးယွမ်က လင်းဖုန်းကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်လိမ့်မည် ဖြစ်သော်လည်း ယခု ကျူးယွမ် သေသွားပြီဖြစ်သဖြင့် သူက သွယ်ဝိုက်သောနည်းဖြင့် လင်းဖုန်း၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပြီး ဖြစ်လေ၏။
သူ၏ မှတ်ဉာဏ်ထဲတွင် လင်းဖုန်းသည် အမြဲတမ်း သစ္စာရှိပြီး ဖြောင့်မတ်သူ တစ်ယောက် ဖြစ်ပေသည်။ သူက လင်းဖုန်း၏ ဂျူနီယာညီလေးကို သတ်ပစ်လိုက်ပြီ ဖြစ်သဖြင့် ချန်ချန်ရှန်းက သူ့အနေဖြင့် အလျော်အစား ပြန်ပေးသင့်သည်ဟု ခံစားလိုက်ရလေ၏။
"စီနီယာအစ်ကို လင်းဖုန်း... ကျွန်တော်တို့ ချင်းယွင် လျှို့ဝှက်ရတနာ ကို အတူတူ လေ့လာဖို့ ဘာကန့်ကွက်မှုမှ မရှိပါဘူး..."
ချန်ချန်ရှန်းက လေးနက်စွာ ပြောဆိုလိုက်လေသည်။
လင်းဖုန်းက ချန်ချန်ရှန်းကို နှုတ်ဆက်သည့်အနေဖြင့် လက်အုပ်ချီလိုက်ပြီး သူ၏ မျက်လုံးများကလည်း အံ့အားသင့်မှုများကို ပြသနေပေ၏။ သူ၏ ယခင်ဘဝက သာမန်သာဖြစ်သည့် ဤချန်ချန်ရှန်းကို သူ မှတ်မိနေဆဲ ဖြစ်လေသည်။ သို့သော် ထိုဘဝက ချန်ချန်ရှန်း၏ ပါရမီသည် သူ့ထက်ပင် ပိုညံ့နေခဲ့ခြင်း ဖြစ်ပေ၏။ အဘယ်ကြောင့် သူက ယခု ဤကဲ့သို့သော အဆင့်တစ်ခုသို့ ရောက်ရှိနိုင်ခဲ့ရသနည်း။
၎င်းက အပြောင်းအလဲ တစ်ခုများ ဖြစ်နေသလော။
ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့သည် ချင်းယွင်တောင်ထိပ် သို့ အတူတကွ သွားခဲ့ကြပြီး ထိုနေရာတွင် ဂိုဏ်းချုပ်က သူတို့ကို စောင့်နေခဲ့၏။
"ဒီလင်းဖုန်းက တစ်ခုခု ကွဲပြားနေသလို ခံစားရတယ်... သူက ငါ့ကို အဆင်မပြေတဲ့ ထင်ယောင်ထင်မှားမှုတွေ ပေးနေတယ်..."
ပိုင်ယွီက မျက်မှောင်ကြုတ်ကာ အိုးယန်၏ အရှေ့တွင် ဆင်းသက်ရင်း ပြောဆိုလိုက်ပေသည်။
အိုးယန်ကမူ ထွက်ခွာသွားသော သူတို့၏ ပုံရိပ်များကို ကြည့်ကာ အေးအေးဆေးဆေး ပြောဆိုလိုက်၏။
"လူတွေက အမြဲတမ်း ပြောင်းလဲနေတာပဲလေ... ဘယ်သူက သိနိုင်မှာလဲ..."
လန်ချင်းဆုန့်က တူရိုက်နေခြင်းကို ရပ်လိုက်ပြီး အိုးယန်ကို မေးမြန်းလိုက်ပေသည်။
"သူ့ကို သတ်လိုက်ရမလား..."
"မင်း အိမ်ခေါင်မိုးကို သွားပြင်စမ်းပါ..."
အိုးယန်က မျက်လုံးလှန်ပြလိုက်၏။ ဒုတိယအစ်ကိုက အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်ရန်ချည်းသာ ပြောနေတတ်ပေသည်။ သူ၏ ထိုစရိုက်ကို ပြောင်းလဲပစ်ရန် လိုအပ်ပေ၏။
တောင်ထိပ်ငယ်လေး ၏ ယေဘုယျ ဂေဟစနစ်က အလွန် အေးချမ်းနေဆဲ ဖြစ်လေသည်။ ချင်းယွင်မြင့်မြတ်နယ်မြေ ၏ သူတော်စင် တစ်ယောက် တိုးလာခြင်းက မီးဖိုချောင်ထဲတွင် ကြက်တစ်ကောင် သတ်တာလောက်တောင် အရေးမကြီးလှချေ။
ညဘက်တွင် အိပ်ရာဝင်တော့မည့် အိုးယန်သည် သူ၏ ခါးမှ တံဆိပ်ပြား လင်းလက်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။
အိုးယန်က ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး တံဆိပ်ပြားကို အခန်းအပြင်ဘက်သို့ ပေါ့ပေါ့ပါးပါး ပစ်ထုတ်လိုက်ကာ အိပ်ရန် ပြင်ဆင်လိုက်သည်။
တံဆိပ်ပြားက ဘားတစ်ခုထဲရှိ အရောင်စုံ မီးရောင်များကဲ့သို့ အရူးအမူး လင်းလက်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။
"ခင်ဗျား နေမကောင်းဘူးလား... နေ့ဘက်တွေမှာ ကျွန်တော့်ကို လာမရှာဘဲ ညသန်းခေါင်ကြီးကျမှ လာရှာရလား..."
အိုးယန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထိုင်လိုက်လေ၏။
ညည်းညူနေသော်လည်း သူက အဝတ်အစားများ ဝတ်ပြီး အပြင်သို့ ထွက်လာခဲ့ပေသည်။
သူ အပြင်ထွက်လာသည်နှင့် အင်မော်တယ် တစ်ပါးကဲ့သို့ တုန်းရွှီကျစ်က ခြံဝင်းထဲတွင် ရပ်နေပြီး မြင်းမြီးယပ်တံကို ကိုင်ကာ မျက်နှာပေါ်၌ အပြုံးတစ်ခုနှင့် ရပ်နေသည်ကို မြင်လိုက်ရ၏။
"အဘိုးကြီး... ညသန်းခေါင်ကြီး မအိပ်ဘဲ ကျွန်တော့်ကို ဘာကိစ္စ လာရှာတာလဲ..."
အိုးယန်က ဒေါသတကြီးဖြင့် မေးမြန်းလိုက်ပေသည်။
"ဒီလောက် ကောင်းတဲ့ လရောင်လင်းတဲ့ ညလေးမှာ ငါ ရုတ်တရက် စိတ်ကူးပေါက်သွားလို့... ငါ့လူတွေနဲ့အတူ အရက် နည်းနည်းလောက် သောက်ဖို့ လာရှာတာ..."
တုန်းရွှီကျစ်က အပြစ်ရှိသလို ချောင်းဟန့်လိုက်ပြီး သူ၏ မြင်းမြီးယပ်တံကို ဝှေ့ယမ်းလိုက်ရာ ကံကောင်းစေသော တိမ်တိုက် တစ်ခုက သူတို့ရှေ့ရှိ စားပွဲနှင့် တရားထိုင်ဖျာများ အောက်မှ ထွက်ပေါ်လာပြီး လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်သွားလေ၏။ တုန်းရွှီကျစ် ဤသို့ဖြစ်နေသည်ကို မြင်ချိန်တွင် အိုးယန်သည် သတင်းကြီး တစ်ခုကို ချက်ချင်း နားလည်သဘောပေါက်သွားလေသည်။
အိုးယန်က သူ့ရှေ့ရှိ အဘိုးကြီးကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်ပြီး တရားထိုင်ဖျာ တစ်ခုပေါ်တွင် ထိုင်ကာ ပြောဆိုလိုက်ပေသည်။
"ခင်ဗျားရဲ့ ကိုယ်ပိုင်လူက ကျွန်တော့် ဂျူနီယာညီလေးရဲ့ ဓားနဲ့ သူ့ရဲ့ ခွေးခေါင်း အခုတ်ခံလိုက်ရတာ မဟုတ်ဘူးလား..."
သူ၏ စကားအဓိပ္ပာယ်က ချန်ချန်ရှန်း၏ ဓားဖြင့် အသတ်ခံလိုက်ရသော ကျူးယွမ်ကို ရည်ညွှန်းခြင်းပင် ဖြစ်လေ၏။
တုန်းရွှီကျစ်က ချောင်းဟန့်လိုက်ပြီး အိုးယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ တီးတိုးပြောဆိုလိုက်ပေသည်။
"ကျူးယွမ်က နတ်ဆိုးမျိုးနွယ် က ဆိုတာကို မင်းတို့ အစောကြီးကတည်းက သိထားကြတာလား..."
အိုးယန်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်လေ၏။
"မဟုတ်ပါဘူး... တတိယအစ်ကို တစ်ယောက်တည်းပဲ သိတာပါ... တောင်ပေါ်ကို မတက်လာခင်ကတည်းက တတိယအစ်ကိုက သူ့ဆီမှာ တစ်ခုခု တွေ့ခဲ့တာ ဖြစ်နိုင်တယ်..."
သူက သိမြင်ခဲ့သော်လည်း စနစ်၏ အကူအညီဖြင့်သာ ဖြစ်ပေသည်။ ပိုင်ယွီသည် ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး ဖြစ်သော်လည်း ကျူးယွမ်၏ ဇာစ်မြစ်ကို မမြင်တွေ့ခဲ့ရချေ။ ထို့ကြောင့် သူက တစ်ခုခု မှားယွင်းနေသည်ဟု သတိထားမိခဲ့ကြောင်းကို ပြောရန် မဖြစ်နိုင်ချေ။
တုန်းရွှီကျစ်က မုတ်ဆိတ်ကို ပွတ်သပ်ကာ ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်လေ၏။
"နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက် သက်သက်ပါပဲ... အရေးမကြီးပါဘူး... အဲ့ဒီတုန်းက ဒီတာအို သခင်က မြို့ရိုးတွေ တည်ဆောက်ဖို့ လုံလောက်တဲ့ နတ်ဆိုးမျိုးနွယ် တွေကို သတ်ခဲ့တာလေ... လင်း ကလေးက ဒီကိစ္စကြောင့် နောက်ဆုံးတော့ သူရဲ့ စွဲလမ်းမှုထဲကနေ ရုန်းထွက်နိုင်ခဲ့တယ်... အဲ့ဒါက မျှော်လင့်မထားတဲ့ ကောင်းတဲ့ အရာတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်..."
လင်းဖုန်း၏ အပြောင်းအလဲအကြောင်း ပြောရလျှင် အဘိုးကြီးသည် အများကြီး နှစ်သိမ့်မှု ရခဲ့လေ၏။ ၎င်းက သူ၏ ထင်ယောင်ထင်မှားမှုလောဟု အိုးယန် တွေးမိသော်လည်း တုန်းရွှီကျစ်သည် လင်းဖုန်းအတွက် အမြဲတမ်း ပို၍ ဂရုစိုက်မှု ရှိနေပုံရပေသည်။
အိုးယန်က မသေချာစွာဖြင့် မေးမြန်းလိုက်လေ၏။
"အဘိုးကြီး... ဒီလင်းအိုကြီးကများ ခင်ဗျားရဲ့ အရင်းအချာ သားများလား..."
လခွီး... ဒီအဘိုးကြီးက အသက်ထောင်ချီ နေပြီ... ပြီးတော့ လင်းဖုန်းက အသက်နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ...
၎င်းက ဤအဘိုးကြီးသည် ပိုဆိုးသော တိရစ္ဆာန် တစ်ကောင် ဖြစ်နေလျှင်တောင်မှ အပြင်တွင် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ် လှပသော အမျိုးသမီး တစ်ယောက် ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုခြင်းလော။
"ကလေး... မင်းရဲ့ ဂျူနီယာ ညီအစ်ကို ညီအစ်မ တွေအပေါ် မင်း ဘယ်လိုထင်လဲ..."
တုန်းရွှီကျစ်က အိုးယန်၏ ပိုမို အတင်းပြောချင်နေသော အကြည့်များကို အလျင်အမြန် ဖြတ်တောက်လိုက်ပြီး အကြောင်းအရာကို အတင်းအကျပ် ပြန်ဆွဲယူလိုက်၏။
"ကျွန်တော့်ရဲ့ ဂျူနီယာ ညီအစ်ကို ညီအစ်မ တွေ အားလုံးက လူတွေကြားထဲမှာ နဂါးတွေချည်းပဲ... အားလုံးက မဟာ ဧကရာဇ် တစ်ပါးရဲ့ အလားအလာတွေ ရှိကြတယ်..."
အိုးယန်က ခြွင်းချက်မရှိ ပြောဆိုလိုက်သည်။
စနစ်၏ အချက်အလက်ပြဘုတ် အရ သူ၏ တပည့်များ အားလုံးသည် တစ်ယောက်ထက် တစ်ယောက် ပိုကြောက်စရာ ကောင်းကြလေ၏။ အိုးယန်က ဤသို့သော စကားများ ပြောဆိုခြင်းသည် ဘာမှ မမှားဟု ခံစားရပေသည်။
မျက်နှာချင်းဆိုင်ရှိ တုန်းရွှီကျစ်ကလည်း ခေါင်းညိတ်ပြီး ပြောဆိုလိုက်လေ၏။
"မင်းပြောတာတွေက နားထောင်ရတာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမယ့်... မင်းပြောတာတွေ အားလုံးက အမှန်တွေချည်းပဲလို့ ငါ ပြောရလိမ့်မယ်..."
"ဒါဆိုရင် ဘာလို့ ဒီအရာတွေကို မေးနေတာလဲ..."
အိုးယန်က မျက်လုံးလှန်ပြလိုက်ပြီး စားပွဲပေါ်ရှိ အရက်အိုးကို ကောက်ကိုင်ကာ သူ့အတွက် အရက်တစ်ခွက် ငှဲ့ပြီး ပျင်းရိစွာ မေးမြန်းလိုက်လေသည်။
တုန်းရွှီကျစ်က ဒေါသ မထွက်ခဲ့ချေ။ သူက ပြုံးပြီး သူ့အတွက် တစ်ခွက် ငှဲ့ကာ ပြောဆိုလိုက်၏။
"ငါ ဘယ်လိုထင်လဲဆိုတာ မင်း ကြားချင်လား..."
အိုးယန်က အရက်ခွက်ကို ချလိုက်ပြီး နားထောင်မည့် ပုံစံ လုပ်လိုက်ပေသည်။ မည်သို့ပင်ဆိုစေ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သော အဘိုးကြီး တစ်ယောက်သည် အမြင်ရော စွမ်းရည်မှာပါ သူ ယှဉ်နိုင်တာထက် အများကြီး သာလွန်လှပေ၏။
တုန်းရွှီကျစ်က လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး စားပွဲပေါ်တွင် အလျားလိုက် မျဉ်းတစ်ကြောင်း ဆွဲလိုက်ကာ အိုးယန်ကို ကြည့်ပြီး သူ၏ မျက်လုံးများက ထူးဆန်းစွာ တောက်ပလာရင်း ပြောဆိုလိုက်သည်။
"အဲ့ဒီ ပိုင် ကလေးနဲ့ ချန် ကလေး... ပြီးတော့ မင်းတောင်မှလေ... မင်းတို့ သုံးယောက်လုံးက လူတစ်မျိုးတည်းပဲ... မင်းတို့ အားလုံးက မွေးရာပါ အသိပညာ တွေနဲ့ မွေးဖွားလာတဲ့ လူတွေပဲ..."
သတိပေး ခေါင်းလောင်းသံတစ်ခုက အိုးယန်၏ စိတ်ထဲတွင် ချက်ချင်း မြည်ဟည်းသွားပေမယ့် သူ၏ မျက်နှာက တည်ငြိမ်နေပြီး ပြောဆိုလိုက်လေ၏။
"မွေးရာပါ အသိပညာ လား... ဘာကို ဆိုလိုတာလဲ..."
တုန်းရွှီကျစ်က ရယ်မောလိုက်ပြီး အိုးယန်ကို လက်ညှိုးထိုးကာ ဆူပူလိုက်ပေသည်။
"မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ ကလေး... မွေးကတည်းက သေတဲ့အထိ လူတစ်ယောက်ဟာ အသက်အရွယ်အလိုက် အသိပညာတွေကို ရရှိလာတယ်... အသိပညာနဲ့ အတွေ့အကြုံ အားလုံးဟာ အချိန်နဲ့အမျှ စုဆောင်းရတာလေ... မွေးကတည်းက ပါလာတဲ့ အရာ မဟုတ်ဘူး... လူကြီးတစ်ယောက်လို ငယ်ငယ်လေးကတည်းက မင်းရဲ့ ပါးနပ်မှုလိုမျိုးပေါ့..."
မွေးရာပါ အသိပညာ... မွေးရာပါ အသိပညာ... မွေးကတည်းက အရာအားလုံးကို သိနေခြင်း...
အိုးယန် ပြန်မဖြေသည်ကို မြင်တော့ တုန်းရွှီကျစ်က ဆက်ပြောဆိုလိုက်၏။
"ငါက ပိုင် ကလေးနဲ့အတူ တာအိုကို ဆွေးနွေးဖူးတယ်... ဒီလောက် ငယ်ရွယ်တဲ့ အရွယ်မှာတင် ဓားတာအို ရဲ့ မဟာတာအို ဟာ သူ့အတွက် မလုံလောက်တော့ဘူးလေ... ချန် ကလေးရဲ့ ခေါင်းထဲမှာ ပြည့်နေတဲ့ ဂိုဏ်းပေါင်း ရာချီက လျှို့ဝှက် နည်းစနစ်တွေကရော... ဘယ်က ရောက်လာမှန်းတောင် ငါ မသိဘူး... အဲ့ဒါကြောင့် မင်းတို့ သုံးယောက်က မွေးရာပါ အသိပညာ တွေနဲ့ မွေးဖွားလာတယ်လို့ ငါ ကောက်ချက်ချနိုင်တာပဲ..."
အိုးယန်က ခေါင်းငုံ့ပြီး အရက်ကို သောက်လိုက်သည်။ ရှောင်ပိုင်သည် ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး၏ ဝင်စားမှု ဖြစ်ပြီး တတိယအစ်ကိုက ပြန်လည်မွေးဖွားလာသူ ဖြစ်ကာ သူကိုယ်တိုင်က ကူးပြောင်းလာသူ တစ်ယောက် ဖြစ်ပေ၏။
တကယ်တော့ သူတို့ သုံးယောက်လုံးသည် မှတ်ဉာဏ်များနှင့်အတူ ဤကမ္ဘာလောကသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ခိုင်မာသော အခြေအနေများအရ အဘိုးကြီး ပြောတာ မမှားခဲ့ချေ။
သို့သော် အဘိုးကြီးက အတိအကျ ဘာကို ဆိုလိုသနည်း။ အဘယ်ကြောင့် ဤအကြောင်းအရာများကို ရုတ်တရက် ထုတ်ပြောလာရသနည်း။
အိုးယန်၏ စိတ်များ လှုပ်ရှားသွားပြီး သူ၏ ဂျူနီယာ ညီအစ်ကို လန်ချင်းဆုန့်၊ ဟူထူ နှင့် ယခုမှ လက်ခံထားသော ရှောင်ဖုန်း တို့ကို ရုတ်တရက် သတိရသွားလေ၏။ သူက တုန်းရွှီကျစ်ကို မော့ကြည့်လိုက်သည်။
တုန်းရွှီကျစ်က ခေါင်းညိတ်ပြီး ပြောဆိုလိုက်လေ၏။
"မွေးရာပါ အသိပညာ တွေနဲ့ မွေးဖွားလာတဲ့ မင်းတို့တွေဟာ မင်းတို့ရဲ့ တာအို လမ်းကြောင်းကို နားလည်ပြီးသား ဖြစ်နေပြီ... ဒါပေမဲ့ မင်းတို့က သူတို့ရဲ့ တာအိုကို ရှာဖွေနေဆဲဖြစ်တဲ့ သူတွေကိုတော့ ဟန့်တားလိမ့်မယ်..."
"သူတို့ရဲ့ စီနီယာအစ်ကို တစ်ယောက်အနေနဲ့ သူတို့ အဲ့ဒါကို ရှာတွေ့ဖို့ ကူညီပေးဖို့ ကျွန်တော် တာဝန်ယူမှာပါ..."
အိုးယန်က ဖြေကြားလိုက်ပေသည်။
တုန်းရွှီကျစ်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်လေ၏။
"လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိကြတယ်... ပြီးတော့ လူတိုင်းမှာ လျှောက်လှမ်းရမယ့် ကိုယ်ပိုင် လမ်းကြောင်းတွေ ရှိကြတယ်... သူတို့ကို မင်း ကူညီပေးလို့ မရတဲ့ အရာတချို့ ရှိတယ်..."
သူတို့အတွက်...
တောင်ထိပ်ငယ်လေး က သေးငယ်လွန်းတယ်...
ချင်းယွင်ဂိုဏ်း က သေးငယ်လွန်းတယ်...
အပြင်က ကမ္ဘာကြီးက သူတို့နဲ့ သက်ဆိုင်တယ်...