အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း ၅၃ - ဒီညမှာ လမင်းကို ခုတ်ထစ်ပြီး ကြယ်တွေကို ခူးဆွတ်မယ့် အင်မော်တယ် တစ်ပါး ရှိတယ်
အိုးယန်က သူ၏ရှေ့ရှိ အဘိုးကြီးကို ကြည့်ကာ အနည်းငယ် မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
"ညသန်းခေါင်ကြီး ကျွန်တော့်ကို လာရှာတာ... ခင်ဗျားကများ လူလာလုနေတာတော့ မဟုတ်ပါဘူးနော်... တတိယအစ်ကို့ကို သူတော်စင် ဖြစ်ဖို့ ခင်ဗျား အတင်းအကျပ် လုပ်ခဲ့ပြီးပြီ မဟုတ်ဘူးလား..."
တုန်းရွှီကျစ်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်၏။
"အဲ့ဒါကြောင့် ငါ လာခဲ့တာ မဟုတ်ပါဘူး... ဒီအဖြစ်အပျက်က ငါ့စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းကို လုံးလုံးလျားလျား အဖြေပေးသွားလို့ပါ..."
အိုးယန်က တုန်းရွှီကျစ်ကို ဆက်ပြောရန် အချက်ပြလိုက်လေသည်။
တုန်းရွှီကျစ်က အိုးယန်ကို ကြည့်ကာ ပြောဆိုလိုက်၏။
"ငါ ငယ်ငယ်တုန်းက... မင်းရဲ့ ဆရာ့ဆရာ ဖြစ်တဲ့ ငါက ကြွားလုံးထုတ်နေတာ မဟုတ်ပါဘူး... ခေတ်တစ်ခေတ်ရဲ့ ပါရမီရှင်တွေလို့ ခေါ်တဲ့ သူတွေ အားလုံးအပေါ် တကယ်ပဲ ငါ လွှမ်းမိုးနိုင်ခဲ့တယ်... ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတောင်မှ ကျင့်ကြံခြင်း လောကမှာ ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသေးတယ်... မဟာမြင့်မြတ်နယ်မြေ ကိုးခု ကလွဲရင် ကျန်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းတွေ အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေ အသေဆိုးနဲ့ သေဆုံးခဲ့ကြရတယ်..."
"ငါတို့ခေတ်မှာလည်း ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ရတော့မယ်လို့ ခင်ဗျား ဆိုလိုချင်တာလား..."
တိဗက်မြေခွေး ဟူယန်၏ စကားများကို အိုးယန် သတိရသွားပြီး တုန်းရွှီကျစ်ကို မေးမြန်းလိုက်လေသည်။
တုန်းရွှီကျစ်က မဖြေဘဲ လမင်းကိုသာ မော့ကြည့်နေလေ၏။ သူတို့နှစ်ဦး ပို၍ မြင့်တက်လာသည်နှင့်အမျှ လမင်းနှင့် ပို၍ နီးကပ်လာပေသည်။
ဧရာမ လမင်းကြီးသည် နူးညံ့ပြီး ဖျော့တော့သော အဝါရောင် အလင်းတန်းကို ထုတ်လွှတ်နေ၏။ တုန်းရွှီကျစ်သည် နူးညံ့သော အလင်းရောင်ထဲတွင် လုံးလုံးလျားလျား ဖုံးလွှမ်းခံနေရသည်။ လရောင်ကို ကျောခိုင်းထားသော တုန်းရွှီကျစ်သည် အင်မော်တယ် တစ်ပါးကဲ့သို့ အိုးယန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အဲ့ဒါက မင်းရဲ့ ကိစ္စပဲ... ငါက အိုနေပါပြီ... ဒါပေမဲ့ ငါ လုပ်နိုင်တာက မင်းရဲ့ ဆရာ့ဆရာ လုပ်ခဲ့သလိုမျိုး မင်းတို့ မကြီးပြင်းလာခင် မင်းတို့အတွက် အရာတချို့ကို တားဆီးပေးဖို့ပဲ ဖြစ်လိမ့်မယ်..."
တုန်းရွှီကျစ်၏ အသံသည် တည်ငြိမ်ပြီး နူးညံ့သော်လည်း သူ၏ တောင်ပံများအောက်တွင် သူ၏ သားပေါက်လေးများကို ကာကွယ်နေသော ခြင်္သေ့အိုကြီး တစ်ကောင်ကဲ့သို့ ခိုင်မာနေပေ၏။
"ညသန်းခေါင်ကြီး ဒီမှာ ကိုယ့်ကိုယ်ကိုယ် သနားနေတာကို နားထောင်နေရမယ့်အစား ငါ အိမ်ပြန်ပြီး အိပ်လိုက်တာကမှ ပိုကောင်းဦးမယ်..."
အချိန်မရွေး သေဆုံးသွားနိုင်သည့်ပုံစံ ပေါက်နေသော တုန်းရွှီကျစ်ကို အိုးယန်က နှုတ်ခမ်းဆူလျက် ကြည့်ကာ မရေမရွတ်ဘဲ မနေနိုင်ခဲ့ချေ။
"ဟားဟားဟား... အဘိုးကြီးက စိတ်လှုပ်ရှားသွားရုံပါ... ကလေး... အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး... မင်းတို့ အားလုံး စောစောစီးစီး ပြင်ဆင်ထားဖို့ လိုတယ်..."
တုန်းရွှီကျစ်က သူ၏ ခွက်ကို ချလိုက်ပြီး အရက်ခွက်ကို ကောက်ကိုင်ကာ သူ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။
မွှေးကြိုင်သော အရက်များသည် သူ၏ မုတ်ဆိတ်မွေးများတစ်လျှောက် စီးကျလာပြီး သူ၏ တာအိုဝတ်ရုံကို စိုရွှဲသွားစေခဲ့လေ၏။ တုန်းရွှီကျစ်သည် မဟာမြင့်မြတ်နယ်မြေ ဂိုဏ်းချုပ် တစ်ဦး၏ ပုံမှန် တည်ကြည်ခမ်းနားမှုများ လုံးဝ ကင်းမဲ့နေပြီး လွတ်လပ်ပေါ့ပါးနေပုံရသည်။
အရက်ကောင်း၏ အကူအညီဖြင့် တုန်းရွှီကျစ်သည် လွန်ခဲ့သော အနှစ်တစ်ထောင်က တာအိုနှင့်နတ်ဆိုး ပဋိပက္ခ အကြောင်းကို အိုးယန်အား စတင် ပြောပြလေတော့၏။
တုန်းရွှီကျစ်၏ တည်ငြိမ်သော စကားလုံးများကြားတွင် ခမ်းနားကြီးကျယ်သော မော်ကွန်းဝင် အင်မော်တယ် စစ်ပွဲကြီးတစ်ခုသည် အိုးယန်၏ အရှေ့တွင် ဖြည်းညင်းစွာ ဖြန့်ကျက်လာပေသည်။
အရာခပ်သိမ်းက သွေးမျက်ရည်ကျခဲ့ပြီး မိုင်ပေါင်း သောင်းချီ၍ အရိုးများ ပြန့်ကျဲနေခဲ့၏။
ထိုဖရိုဖရဲဖြစ်နေသော ခေတ်ကာလကြီးတွင် အသက်ရှင်သန်နိုင်စေရန် သူတို့၏ အနောက်ရှိ ဂိုဏ်းများ၏ မျိုးစေ့များကို ကာကွယ်ရန်အတွက် ကျင့်ကြံသူကြီးများသည် မိုးရေများကဲ့သို့ လဲကျသေဆုံးခဲ့ကြရပေသည်။
တုန်းရွှီကျစ်၏ စကားလုံးများသည် တည်ငြိမ်နေပြီး လွန်ခဲ့သော အနှစ်တစ်ထောင်က စစ်ပွဲကြီးအကြောင်းကို ရိုးရှင်းသော ဝါကျအနည်းငယ်ဖြင့် ဖော်ပြသွားကာ မှတ်သားလောက်စရာ မရှိသကဲ့သို့ ပြောဆိုသွားလေ၏။
သို့သော် ၎င်းက အိုးယန်၏ စိတ်ခံစားမှုများကို လှိုင်းထသွားစေခဲ့ပေသည်။
"ပြောဆိုလို့ရတဲ့ တာအိုဟာ ထာဝရ တာအို မဟုတ်ဘူး..."
တုန်းရွှီကျစ်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်ရာ အသက်စွမ်းအား အနည်းငယ်ကို ရုတ်တရက် ခံစားလိုက်ရသော်လည်း နောက်တစ်စက္ကန့်တွင် သူက သက်သာရာရသွားလေ၏။
တုန်းရွှီကျစ်က ခေါင်းလှည့်ကာ အိုးယန်ကို ကြည့်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ငါ့ရဲ့ တာအို ဟောပြောချက်တွေက ပျင်းစရာကောင်းတယ်လို့ မင်း အမြဲတမ်း ပြောနေတာ မဟုတ်ဘူးလား... ဒီနေ့ မင်းအတွက် မတူညီတဲ့ သင်ခန်းစာတစ်ခု ပေးဖို့ ငါ ရောက်လာတာ..."
အိုးယန်က စနစ်၏ အစွမ်းအစ အားလုံး ပြည့်စုံသူအဖြစ် အကဲဖြတ်ခံထားရသော ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ကို ကြည့်လိုက်လေ၏။ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် သူ၏ မျက်လုံးများထဲတွင် လည်ပတ်နေသကဲ့သို့ ထင်မှတ်ရပေသည်။
တုန်းရွှီကျစ်က ခေါင်းခါရမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
"ပြောဆိုလို့ရတဲ့ တာအိုဟာ ထာဝရ တာအို မဟုတ်ဘူး..."
၎င်းသည် ယခင်ကကဲ့သို့ ဟန်ဆောင်နေသော အဖွင့်စကားပင် ဖြစ်သော်လည်း တုန်းရွှီကျစ်က ခေါင်းလှည့်ကာ လမင်းကို စူးရှသော မျက်လုံးများဖြင့် ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"တာအိုက ငရဲကို သွားပါစေ... တာအိုက ငရဲကို သွားပါစေ..."
သူ၏ အသံသည် ခေါင်းလောင်းကြီး တစ်ခုကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေခဲ့သည်။
တုန်းရွှီကျစ်က သူ၏ လက်ထဲရှိ မြင်းမြီးယပ်တံကို မြှောက်လိုက်၏။ မြင်းမြီးယပ်တံသည် ဓားရှည်တစ်လက်ကဲ့သို့ ချက်ချင်း ဖြောင့်တန်းသွားသည်။ ပေါ့ပါးသော ခုန်ပေါက်မှုတစ်ခုနှင့်အတူ တုန်းရွှီကျစ်သည် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး မြင်းမြီးယပ်တံကို အရှေ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။
စက္ကူပေါ်တွင် မင်များ ပက်ဖျန်းလိုက်သကဲ့သို့ ဓားချီများသည် မြင်းမြီးယပ်တံ၏ ထိပ်ဖျားတွင် လင်းလက်လာပေသည်။
ကောင်းကင်နှင့်မြေကြီးကို ခွဲခြားပစ်လိုက်သကဲ့သို့ အဆုံးအစမရှိသော ဓားချီများသည် ဧရာမ အဖြူရောင် မျဉ်းကြောင်းကြီး တစ်ခုကို လင်းထိန်သွားစေခဲ့၏။
စနစ်က အစွမ်းအစ အားလုံး ပြည့်စုံသူနှင့် အင်မော်တယ် အဖြစ် အကဲဖြတ်ထားသော ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်၏ သာမန်ဟု ထင်ရသော ဤတိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီးကို မှောက်လှန်ပစ်လုမတတ် ဖြစ်သွားပြီး လှိုင်းထနေသော ဓားချီများသည် ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် မွှေနှောက်သွားလေ၏။
ဓားချီ၏ ပစ်မှတ်မှာ သူတို့ရှေ့ရှိ ဧရာမ လမင်းကြီးပင် ဖြစ်ပေသည်။
ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်ငယ်လေး အထက်တွင် အရှေ့မှ အနောက်သို့ ဖြတ်သန်းသွားသော ဓားချီတစ်ခု ရုတ်တရက် လင်းလက်လာပြီး လမင်းဆီသို့ ခုတ်ပိုင်းသွားသော ငွေကြိုးတစ်ချောင်းနှင့် တူနေပေ၏။
ဤဓားချီ၏ အောက်တွင် ဧရာမ လမင်းကြီးသည် ထက်ဝက်ကွဲသွားသကဲ့သို့ ထင်မှတ်ရလေသည်။
ဧရာမ လပြည့်ဝန်းကြီးသည် အထက်နှင့် အောက် နှစ်ပိုင်းကွဲသွားသကဲ့သို့ ရေးရေးလေး ဖြစ်သွားပေ၏။
ဤသည်မှာ မည်သို့သော ကြီးမားသည့် စွမ်းအားမျိုးနည်း...
သို့သော် နောက်တစ်စက္ကန့်တွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ လမင်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သို့တိုင်အောင် လမင်း ထက်ဝက်ကွဲသွားသည့် အချိန်တွင် တာအိုစိတ်ဆန္ဒ လှိုင်းတစ်ခုက မြူခိုးများကဲ့သို့ ထိုနှစ်ပိုင်းကြားမှ ထွက်ပေါ်လာပေသည်။
ကောင်းကင်နှင့်မြေကြီး ဖုံးကွယ်ထားသော တစ်ခုခုက အလယ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေ၏။
ကြီးမားကျယ်ပြောလှသော ဓားချီ၏ အောက်တွင် တာအိုစိတ်ဆန္ဒ များ စီးဆင်းလာပြီး ဓားစိတ်ဆန္ဒ များက ချင်းယွင်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ချင်းယွင်ဂိုဏ်းရှိ ဓားကျင့်ကြံသူများ အားလုံးသည် ဤအခိုက်အတန့်တွင် တစ်ခုခုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပေ၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံသည် ဓားတာအို၏ ဧရာမ တံခါးကြီးတစ်ခု ပွင့်လာသကဲ့သို့ ဖြစ်နေသည်။ ဓားတာအိုနှင့် ပတ်သက်သော မရေမတွက်နိုင်သည့် အသိအမြင်များသည် ကောင်းကင်မှ ဆင်းသက်လာပေ၏။ ယခင်က ရှင်းလင်းမှုမရှိဘဲ ဖြေရှင်း၍မရခဲ့သော ဓားပညာရပ်များနှင့် ဓားနည်းစနစ်များသည် သူတို့၏ စိတ်ထဲတွင် ရုတ်တရက် ရှင်းလင်းသွားကြလေသည်။
ချင်းယွင်ဂိုဏ်း၏ ဓားကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ယံသို့ ဦးညွတ်လိုက်ကြ၏။ ဤသည်မှာ တစ်စုံတစ်ယောက်က သူ၏ ကိုယ်ပိုင် တာအိုကို ဟောပြောနေခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို စုတ်တံအဖြစ် အသုံးပြုကာ လောက၏ ဓားတာအိုကို ဟောပြောနေခြင်းပင် ဖြစ်လေသည်။
လူတိုင်းက ကျင့်ကြံရန် ဤအချိန်ကို ရွေးချယ်လိုက်ကြ၏။ ဤညအချိန်တွင် ကျင့်ကြံခြင်းက သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းကို ပုံမှန်ထက် အဆပေါင်းများစွာ တိုးမြှင့်ပေးမည် ဖြစ်သည်။
ပြီးတော့ ဓားကျင့်ကြံသူများအတွက် ၎င်းသည် သူတို့၏ တစ်သက်တာတွင် တစ်ခါမျှ မကြုံတွေ့နိုင်သော အခွင့်အရေးတစ်ခု ဖြစ်ပေ၏။
ပိုင်ယွီနှင့် လန်ချင်းဆုန့်တို့က မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
အဖြူရောင် ဝတ်ဆင်ထားသော ပိုင်ယွီသည် သစ်ကိုင်းပေါ်သို့ ပျံတက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း သူ့ရှေ့ရှိ ကြီးမားကျယ်ပြောလှသော ဓားစိတ်ဆန္ဒ များကို ကြည့်နေပေ၏။ ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါးအနေဖြင့်ပင် သူသည် အနည်းငယ် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။
ဤကမ္ဘာလောကရှိ ဓားတာအိုကို ဤမျှလောက်အထိ ကျင့်ကြံနိုင်ပြီး သူ၏ ယခင်ဘဝနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်ဟု တွေးမိသောကြောင့်ပင်။
ကောင်းကင်နှင့်မြေကြီး ဖုံးကွယ်ထားသော ဓားတာအို၏ အစစ်အမှန် အဓိပ္ပာယ်ကို ဖော်ထုတ်ရန် သူ၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို တစ်စုံတစ်ယောက်က အသုံးပြုနိုင်လိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။
ဤခေတ်မှ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးကို လေးစားကြသော ရှေးဟောင်းခေတ်က အင်မော်တယ်များထက်ပင် ပို၍ ရူးသွပ်နေကြသလော...
အနက်ရောင် ဝတ်ဆင်ထားသော လန်ချင်းဆုန့်သည် သူ၏ ဓားကို ပိုက်ကာ ရပ်နေပြီး ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒ များကို ကြည့်နေ၏။ လက်ရှိ သူသည် သူ့ရှေ့ရှိ ကြီးမားကျယ်ပြောလှသော ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်းကို သူ နားလည်သော်လည်း သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။
တစ်နေ့နေ့တွင် သူလည်း ဤသို့ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်၏။
မဟုတ်ချေ...
သူက ဤထက်ပင် ပို၍ အားကောင်းလာလိမ့်မည်...
သူတို့နှစ်ဦးစလုံးက ကောင်းကင်ယံသို့ အနည်းငယ် ဦးညွတ်လိုက်ကြ၏။
ယနေ့ညတွင် ကျင့်ကြံသူကြီး တစ်ဦးက ကောင်းကင်နှင့်မြေကြီး၏ ဓားတာအို မဟာ တံခါးကြီးနှင့် ချိတ်ဆက်ရန် သူ့ကိုယ်သူ စုတ်တံအဖြစ် အသုံးပြုခဲ့ပြီး သူတို့ကို ဓားတာအိုအကြောင်း ဟောပြောခဲ့လေသည်။ သူတို့သည် တပည့်တစ်ဦး၏ ဦးညွတ်မှုကို ပြုလုပ်သင့်ပေ၏။
သူတို့၏ ဓားစိတ်ဆန္ဒကို သန့်စင်ရန် ဤကဲ့သို့ ကြီးမားကျယ်ပြောလှသော ဓားစိတ်ဆန္ဒ ကို အသုံးပြုခြင်းမှ သူတို့ပင်လျှင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သဖြင့် သူတို့သည် တကယ်ပင် ဦးညွတ်သင့်ပေသည်။
တုန်းရွှီကျစ်ကလည်း အနည်းငယ် ပင်ပန်းနေပုံရ၏။ သူက တရားထိုင်ဖျာ တစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး အရက်တစ်ငုံ ထပ်သောက်ကာ သူ၏ လက်ကို မြှောက်လျက် ကောင်းကင်ယံရှိ အဝေးတစ်နေရာသို့ လက်ညှိုးထိုးလိုက်သည်။
သူ၏ လက်ညှိုးထိုးလိုက်သော ဦးတည်ရာတွင် တောက်ပနေသော ကြယ်တစ်ပွင့် ရှိနေလေ၏။
ကြယ်သည် ကောင်းကင်မှ ကျဆင်းလာပြီး တုန်းရွှီကျစ်၏ လက်ထဲသို့ ကျရောက်လာသည်။
တုန်းရွှီကျစ်က သူ၏ လက်ထဲရှိ ကြယ်ကို အိုးယန်ဆီသို့ ဝှေ့ယမ်းပြလိုက်ပြီး ကျောက်တုံးတစ်တုံးကဲ့သို့ အိုးယန်ဆီသို့ ပစ်ပေးလိုက်၏။
အိုးယန်က ကြယ်ကို ဂရုတစိုက် ဖမ်းယူလိုက်သည်။ ထိုအရာက ဘာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် ကြယ်သည် သူ၏ လက်ထဲမှ ပျောက်ကွယ်သွားလေတော့၏။
တုန်းရွှီကျစ်သည် အရက်မူးနေပုံရပြီး တရားထိုင်ဖျာ ပေါ်တွင် လှဲလျောင်းကာ အိပ်မက်မက်နေသကဲ့သို့ တီးတိုးရေရွတ်နေသည်။
အိုးယန်ကလည်း မတ်မတ်ထိုင်လိုက်ပြီး တုန်းရွှီကျစ်ကို ရိုသေစွာ ဦးညွတ်လိုက်ပေ၏။
ဤအခိုက်အတန့်တွင် တုန်းရွှီကျစ်သည် သူ ပုံမှန် စိတ်အနှောင့်အယှက် ဖြစ်ရသော စိတ်အနှောင့်အယှက်ပေးသည့် အဘိုးကြီး မဟုတ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ယနေ့ညတွင်...
အင်မော်တယ် တစ်ပါးက...
လမင်းကို ခုတ်ပိုင်းပြီး ကြယ်တစ်ပွင့်ကို ခူးဆွတ်ခဲ့သောကြောင့်ပင် ဖြစ်လေ၏...
အခန်း ၅၄ - ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော ပထမဆုံး နှင်း
ထိုညသည် အိပ်မက်တစ်ခုလို ကုန်လွန်သွားခဲ့လေ၏။ သူ၏ အခန်းထဲသို့ ပြန်ရောက်သွားသော အိုးယန်သည် ချက်ချင်း အိပ်ပျော်သွားပြီး နောက်နေ့ နံနက်အထိ နိုးမလာခဲ့ချေ။
အိပ်မက်မက်နေဆဲဖြစ်သော အိုးယန်သည် ဟူထူ၏ အံ့အားသင့်စွာ အော်ဟစ်သံကြောင့် နိုးလာခဲ့လေသည်။
"နှင်းတွေ ကျနေတယ်... နှင်းတွေ ကျနေတယ်..."
ဟူထူ၏ ရွှင်လန်းသော အသံက ခြံဝင်းငယ်လေး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။
အိုးယန်သည် တာအိုဝတ်ရုံကို ခြုံကာ အခန်းထဲမှ ထွက်လာခဲ့ပြီး ကျယ်ပြောလှသော အဖြူရောင် အခင်းအကျင်းကြီးနှင့် ရင်ဆိုင်လိုက်ရလေသည်။
ညသန်းခေါင်ကျော်တွင် ရွာကျခဲ့သော နှင်းထုကြီးက တောင်ထိပ်ငယ်လေး ၏ ရာသီဥတုကို ချက်ချင်း ပြောင်းလဲသွားစေခဲ့၏။ ဖြူစင်သော နှင်းများက ဆောင်းရာသီလို ခံစားရစေသော်လည်း သစ်ကိုင်းများပေါ်ရှိ အရွက်များသည် စိမ်းလန်းနေဆဲ ဖြစ်သည်။
ဘာကြောင့် နှင်းကျနေသနည်းကို ဟူထူ ဂရုမစိုက်ခဲ့ချေ။ ချင်းချိုးတောင် တွင် နှင်းမကျဖူးဘဲ သူမ အသက်သုံးနှစ် အရွယ်က နှင်းကို တစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး ၎င်းမှာလည်း နှင်းပေါက်လေးများ သက်သက်သာ ဖြစ်ပေ၏။
ဤကဲ့သို့ နှင်းထုကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ရသဖြင့် ဟူထူသည် အိပ်မက်ထဲတွင်သာ ရှိသော ကမ္ဘာတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
"မကစားခင် အနွေးထည် ပိုဝတ်ဦး... ပြီးတော့ မီးဖိုချောင် တံခါးပေါက်နားက သံတိုင်ကို မလျက်နဲ့နော်..."
တိဗက်မြေခွေး နှင့်အတူ မြူးတူးဆော့ကစားနေသော ဟူထူကို အိုးယန်က လှမ်းအော်လိုက်၏။
အိုးယန်က နောက်ထပ် အဝတ်တစ်ထပ် ဝတ်ရန် သူ၏ အခန်းထဲသို့ ပြန်ဝင်တော့မည့်ဆဲဆဲတွင် လှည့်လိုက်ရာ သူ၏ ဓားကို ကိုင်ဆောင်ထားသော လန်ချင်းဆုန့်နှင့် ဝင်တိုက်မိမတတ် ဖြစ်သွားလေသည်။
လန်ချင်းဆုန့်က အာရုံစိုက်မှု ကင်းမဲ့နေသော မျက်လုံးများဖြင့် ကြည့်ကာ အိုးယန်ကို ပြောဆိုလိုက်၏။
"စီနီယာအစ်ကို..."
သူ၏ ပုံမှန် အာဏာရှင်ဆန်သော စီအီးအို၏ အေးစက်မှုများ လုံးဝ ကင်းမဲ့နေသည့် သူ့ရှေ့ရှိ လန်ချင်းဆုန့်ကို အိုးယန် ကြည့်လိုက်လေသည်။ ထိုအစား သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ရှိနေပေ၏။ သူက ချက်ချင်း နားလည်သွားပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ဟုတ်တယ်... ပထမဆုံး နှင်းပဲ... အဲ့ဒီနေ့ ရောက်လာပြီ..."
အိုးယန်၏ အဖြေကို ကြားချိန်တွင် လန်ချင်းဆုန့်၏ တွေဝေနေသော အမူအယာက နူးညံ့သွားလေ၏။ ဖျော့တော့သော အပြုံးတစ်ခုက လန်ချင်းဆုန့်၏ မျက်နှာပေါ်တွင် လင်းလက်သွားပြီးနောက် သူက ဓားကို ပိုက်ကာ သူ၏ အခန်းဆီသို့ လျင်မြန်စွာ လျှောက်သွားလေတော့သည်။
ဤကလေးက တကယ်ပင် ပြုံးသွားခဲ့သလော...
ခုလေးတင် သူ အမြင်မှားသွားသလားဟု အိုးယန် အနည်းငယ် သံသယဖြစ်သွားလေ၏။ သူက ခေါင်းလှည့်ကာ သူ့အား နောက်ထပ် အပြုံးတစ်ခု ပြသရန် သူ၏ ဂျူနီယာညီလေးကို တောင်းဆိုတော့မည့်ဆဲဆဲတွင် သစ်သားဓား တစ်လက်က သူ၏ နှာခေါင်းကို ရှပ်တိုက်သွားပြီး တံခါးတွင် စိုက်ဝင်သွားပေသည်။
"ကျွန်တော် မပြုံးပါဘူး..."
လန်ချင်းဆုန့်က ဤစကားတစ်ခွန်းကိုသာ ချန်ရစ်ခဲ့ပြီးနောက် ထွက်ပြေးသွားသကဲ့သို့ သူ၏ အခန်းထဲသို့ ပြန်လည်ပြေးဝင်သွား၏။
အိုးယန်က သူ၏ နှာခေါင်းထိပ်ကို ထိလိုက်ရာ သူ၏ နှလုံးသားက ခုန်ပေါက်နေပေသည်။
လခွီး... ဤကလေးက မိသွားသည်ကို ဝန်မခံရုံသာမက နှုတ်ပိတ်ရန်ပင် ကြိုးစားနေခြင်းလော...
အပြုံးလေး တစ်ပွင့်အတွက်နှင့်ပင်လော...
သို့သော် နှစ်တစ်နှစ်၏ ဤအချိန်သည် လန်ချင်းဆုန့် အမျှော်လင့်ဆုံး အချိန်ဖြစ်သည်မှာ သေချာပေ၏။ အကြောင်းမှာ ပထမဆုံး နှင်းကျသည့်နေ့တိုင်းသည် အိုးယန်နှင့် လန်ချင်းဆုန့်တို့ တောင်အောက်သို့ ဆင်းပြီး သူတို့ တစ်ခါက နေထိုင်ခဲ့ဖူးသော မြို့ငယ်လေးဆီသို့ ပြန်သွားကြမည့်နေ့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
၎င်းသည် သူနှင့် လန်ချင်းဆုန့်တို့အကြား သဘောတူညီချက်တစ်ခု ဖြစ်ပြီး လန်ချင်းဆုန့်နှင့် မိန်းကလေး တစ်ဦးတို့အကြား သဘောတူညီချက်တစ်ခုလည်း ဖြစ်လေ၏။
"မင်းရဲ့ မိန်းမကို သတိရနေတာလား... အမြဲတမ်း အေးစက်စက် မျက်နှာထားနဲ့ဆိုတော့ မင်းက နှာဘူး တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး..."
အိုးယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ပစ္စည်းများကို သိမ်းဆည်းရန် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။
"အား... ဝူးဝူးဝူး..."
ဟူထူ၏ ငိုသံက ခြံဝင်းထဲတွင် ပဲ့တင်ထပ်သွား၏။
အခန်းထဲသို့ ခြေချလိုက်ခါစရှိသေးသော အိုးယန်သည် လှည့်ပြီး ပြေးထွက်လာခဲ့သည်။ သူ တံခါးဝသို့ ရောက်ရောက်ချင်း ပိုင်ယွီနှင့် ရှောင်ဖုန်းတို့က ဟူထူကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရ၏။
မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော ဟူထူသည် သူမ၏ လျှာက သံတိုင်တွင် ကပ်နေပြီး ခွာ၍မရဘဲ နာကျင်စွာ အော်ဟစ်ကာ သွားရည်များ ကျနေလေသည်။
"ဒီကလေးမလေးတော့... သံတိုင်ကို မလျက်နဲ့လို့ ငါ ခုလေးတင် ပြောထားတာကို... ဘာလို့ လျက်နေသေးတာလဲ..."
အိုးယန်က ဟူထူဆီသို့ ဒေါသတကြီး လျှောက်သွားလေ၏။
"ငါ... ဘာလို့ လျက်လို့မရလဲဆိုတာကို စမ်းကြည့်ချင်ရုံလေးပါ... "
ဟူထူက ထူအမ်းနေသော လျှာဖြင့် ငိုယိုကာ အော်ဟစ်လိုက်သည်။
သံတိုင်တွင် လျှာကပ်နေသော ဟူထူကို ကြည့်ကာ ရှောင်ဖုန်းသည်လည်း စိုးရိမ်လာပြီး ပြောဆိုလိုက်၏။
"ဂျူနီယာညီမလေး... သည်းခံထားနော်... ဒီသံတုံးကြီးကို ငါ လက်သီးတစ်ချက်တည်းနဲ့ ခွဲပစ်လိုက်မယ်..."
"သူ့လျှာပါ ကြေမွသွားမှာကို မင်း မကြောက်ဘူးလား... ငါပဲ လုပ်လိုက်မယ်..."
ပိုင်ယွီက ရှောင်ဖုန်းကို မျက်လုံးလှန်ပြလိုက်ပြီးနောက် ပြဿနာကို အမြန် ဖြေရှင်းရန် ဟူထူကို အမြန် ခုတ်ပိုင်းပေးရန် ပြင်ဆင်လျက် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်လေသည်။
"မင်းရဲ့ ဓားကို သိမ်းထားစမ်း... လျှာကို ကယ်တင်ရမယ်... ငါပဲ လုပ်လိုက်မယ်... ငါ လုပ်မယ်..."
အိုးယန်က လျှောက်သွားပြီး သံတိုင်ကို လှမ်းကိုင်လိုက်လေ၏။ သူ၏ စစ်မှန်သော အနှစ်သာရ က သိမ်မွေ့စွာ လှိုင်းထသွားပြီး မူလက အေးစက်နေသော သံတိုင်သည် ဖြည်းညင်းစွာ ပူနွေးလာပေသည်။ မကြာမီမှာပင် ဟူထူ၏ လျှာကို သံတိုင်မှ ဖယ်ရှားလိုက်နိုင်သည်။
ခါးသီးသော မျက်နှာဖြင့် ဟူထူသည် အိုးယန်၏ ဆူပူခြင်းကို ခံနေရပေ၏။ သူမ၏ ပါးစပ်ထဲတွင် စူးရှရှ ခံစားချက်တစ်ခုကိုသာ ခံစားနေရပြီး သူမ၏ စီနီယာအစ်ကို၏ လက်ညှိုးက သူမ၏ ခေါင်းရှေ့တွင် လှုပ်ယမ်းနေလေသည်။ အိုးယန်၏ ပါးစပ်က ရေကန်ထဲမှ ဖားပြုတ် တစ်ကောင်လို ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပေ၏။
ဖားပြုတ် အကြောင်း ပြောရမည်ဆိုလျှင် တတိယအစ်ကို၏ ဖားကြော် မစားရသည်မှာ တော်တော်ကြာပြီ ဖြစ်၏...
ဟူထူ၏ သွားရည်များက သူမ၏ ပါးစပ်ထောင့်မှ အလိုအလျောက် ထပ်မံ စီးကျလာတော့၏။
သူ၏ ဆူပူခြင်းကို ခံနေရပြီး မျက်လုံးများက အာရုံလွင့်ကာ သွားရည်များ ကျနေသော ဟူထူကို အိုးယန် ကြည့်လိုက်လေသည်။ ဤကလေးမလေးက အစားအသောက်အကြောင်းကို ထပ်တွေးနေပြန်ပြီဖြစ်ကြောင်းကို သူ ချက်ချင်း သိလိုက်၏။
အနည်းငယ် ဒေါသထွက်နေဆဲဖြစ်သဖြင့် သူက ဟူထူကို ကောက်ချီကာ သူမ၏ တင်ပါးကို နှစ်ချက်ခန့် ဖွဖွလေး ရိုက်လိုက်လေသည်။
ဟူထူက ဒေါသ မထွက်ခဲ့ချေ。 သူမက သူမ၏ တင်ပါးကို ပွတ်သပ်ကာ အရူးတစ်ယောက်လို တခစ်ခစ် ရယ်မောနေပေ၏။
တစ်နေ့နေ့တွင် ချင်းချိုးတောင် ကို စီမံခန့်ခွဲရမည့် ဤအနာဂတ် ဆက်ခံသူကို ကြည့်ကာ တိဗက်မြေခွေး ဟူယန်က ချင်းချိုးတောင် ၏ ပျက်စီးကိန်းမှာ တကယ်ပင် နီးကပ်နေပြီဟု ခံစားရပြီး သက်ပြင်းချလိုက်လေတော့၏။
ဤအခိုက်အတန့်တွင် လန်ချင်းဆုန့်သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းပြီးဖြစ်ကာ သူ၏ အခန်းထဲမှ ထွက်လာခဲ့လေပြီ။ သူက အိုးယန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"သွားကြစို့..."
"ခဏလေး စောင့်ဦး... ငါ အရင်သွားသိမ်းလိုက်ဦးမယ်... ဒီကလေးမလေးက ခုနက အရမ်း ဆူညံနေလို့..."
အိုးယန်က ဟူထူကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပစ္စည်းများ စတင် သိမ်းဆည်းရန် သူ၏ အခန်းထဲသို့ ပြန်ဝင်သွားလေ၏။
"စီနီယာအစ်ကို... ဘယ်သွားမလို့လဲ..."
ဟူထူက အရိပ်တစ်ခုလို အိုးယန် အနောက်မှ အခန်းထဲသို့ လိုက်ဝင်လာပြီး သူ ပစ္စည်းသိမ်းနေသည်ကို ကြည့်ကာ အနည်းငယ် ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုနဲ့ ငါက တောင်အောက်ကို ဆင်းမလို့... နှင်းကျတဲ့ အချိန်တိုင်း ငါတို့ အပြင်ထွက်ကြတယ်လေ..."
အိုးယန်က ပစ္စည်းသိမ်းရင်း ပြန်လည်ဖြေကြားလိုက်၏။
"ထူထူ လိုက်လို့ ရလား..."
ဟူထူက အိုးယန်ကို မျှော်လင့်တကြီး ကြည့်ကာ မေးမြန်းလိုက်သည်။
"မရဘူး... ငါတို့ သွားမယ့်နေရာက အရမ်းဝေးပြီး မင်းနဲ့ မသင့်တော်ဘူး..."
အိုးယန်က မဆိုင်းမတွ ငြင်းဆန်လိုက်၏။
"မရဘူး... မရဘူး... ထူထူ သွားချင်တယ်... ငါ လိုက်ချင်တယ်..."
ဟူထူက အခန်းထဲတွင် ဂျီကျလာပြီး ကြမ်းပြင်ပေါ်တွင် ခဏမျှ လိမ့်ကာ ကုတင်ပေါ်သို့ လိမ့်တက်သွားသည်။
"လိမ္မာပါတယ် ထူထူရယ်... စီနီယာအစ်ကို ပြန်လာရင် မင်းအတွက် အရသာရှိတာ တစ်ခုခု ယူလာခဲ့မယ်နော်..."
အိုးယန်က သက်ပြင်းချကာ ဟူထူကို သွေးဆောင်ရန် ကြိုးစားလိုက်လေ၏။
'အရသာရှိတာ' ဟု ကြားချိန်တွင် ဟူထူက မသိစိတ်မှ သဘောတူချင်သွားသော်လည်း အကယ်၍ သူမက စီနီယာအစ်ကိုနှင့်အတူ တောင်အောက်ကို ဆင်းသွားပါက အရသာရှိသော အစားအစာများကို ချက်ချင်း စားရမည် မဟုတ်ပါလောဟု ချက်ချင်း တွေးလိုက်မိသည်။
အဝစားရမည့် အစားအစာ တစ်နပ်နှင့် နေ့တိုင်း အဝစားရမည့် အစားအစာများ... အသက်ငါးနှစ်အရွယ် ဟူထူသည် ကွာခြားချက်ကို အလွန် ရှင်းလင်းစွာ နားလည်နေပြီ ဖြစ်၏။
ဟူထူက ချက်ချင်းပင် သနားစရာကောင်းအောင် ပြောဆိုလိုက်သည်။
"စီနီယာအစ်ကို... တတိယအစ်ကိုက ပြန်မလာသေးဘူးလေ... တကယ်လို့ အစ်ကိုနဲ့ ဒုတိယအစ်ကို ထွက်သွားရင် တောင်ထိပ်ငယ်လေး တစ်ခုလုံးမှာ ကျွန်မရယ်၊ စီနီယာအစ်ကို ပိုင်ရယ်၊ ဂျူနီယာမောင်လေး ရှောင်ရယ်ပဲ ရှိတော့မှာ... သူတို့ရဲ့ ဟင်းချက်လက်ရာက အရမ်း ဆိုးတယ်... အစ်ကို ပြန်လာတဲ့ အချိန်ကျရင် ထူထူက ငတ်သေနေလောက်ပြီ..."
ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူများသည် အစာမစားဘဲ နေနိုင်သည်မှာ ကြာလှပြီ ဖြစ်သည်။ သူမက ဘာကြောင့် နေ့တိုင်း အစားအစာများကို ဤမျှ အချိန်မှန် စားသောက်နေရသနည်းကို သူ မသိရှိချေ။
အိုးယန်က မျက်လုံးလှန်ပြလိုက်ပြီး ဟူထူကို ခေါ်သွားရန် အစီအစဉ် မရှိသေးချေ။ မည်သို့ပင်ဆိုစေ ဤတစ်ကြိမ် သူနှင့် လန်ချင်းဆုန့် သွားမည့်နေရာသည် ကျင့်ကြံသူများ သွားသင့်သော နေရာမျိုး မဟုတ်ချေ။
အိုးယန်၏ ပြတ်သားသော ငြင်းဆန်မှုကို မြင်ချိန်တွင် ဟူထူက ချက်ချင်း ငိုယိုကာ အပြင်သို့ ပြေးထွက်သွားလေတော့၏။
အိုးယန် ပစ္စည်းသိမ်းပြီး အပြင်သို့ ထွက်လာချိန်တွင် ဟူထူက သူမ၏ လွယ်အိတ်ငယ်လေးကို လွယ်ကာ လန်ချင်းဆုန့်၏ လက်ကို ကိုင်ထားပြီး အိုးယန်ကို ကျေနပ်ဂုဏ်ယူနေသော အမူအယာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"ဟွန့်..."
ထို့နောက် သူမက သူမ၏ မျက်နှာငယ်လေးကို လှည့်ကာ လန်ချင်းဆုန့်၏ လက်ကို ပွတ်သပ်ပြီး ချိုသာစွာ ပြောဆိုလိုက်၏။
"ဒုတိယအစ်ကိုက အကောင်းဆုံးပဲ... ခပ်ဆိုးဆိုး စီနီယာအစ်ကို တစ်ယောက်နဲ့ မတူဘူး... ဟွန့်..."
အိုးယန်က လန်ချင်းဆုန့်ကို ကြည့်လိုက်ရာ သူ၏ အမူအယာက အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်း သူက အိုးယန်ကို ခေါင်းညိတ်ပြကာ ပြောဆိုလိုက်လေသည်။
"အဆင်ပြေပါတယ်..."
"ထားလိုက်ပါတော့... သွားကြစို့..."
'ငါ တာဝန်ယူပါတယ်' ဟု ပြောနေပုံရသော သူ၏ ဂျူနီယာညီလေး၏ အမူအယာကို မြင်ချိန်တွင် အိုးယန်က အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်၏။
ဟူထူက အောင်ပွဲခံ အော်ဟစ်လိုက်ပြီး ကိရိယာတစ်ခုကဲ့သို့ ဖြစ်နေသော ဒုတိယအစ်ကို၏ လက်မှ ရုန်းထွက်ကာ အိုးယန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာပြီး ပြုံးလျက် မေးမြန်းလိုက်သည်။
"ငါတို့ ဘယ်သွားကြမလို့လဲ စီနီယာအစ်ကို..."
အိုးယန်က အတိတ်ကို လွမ်းဆွတ်တမ်းတမှု အနည်းငယ်ဖြင့် အဝေးသို့ ကြည့်ကာ ပြောဆိုလိုက်၏။
"သေမျိုးလောက ကို သွားကြမယ်..."