အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း ၅၅ - သေမျိုးလောကဆိုတာ ကောင်းတဲ့ နေရာတစ်ခု မဟုတ်ဘူး
"သေမျိုးလောက..."
ဟူထူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ကြယ်လေးများ တောက်ပနေသကဲ့သို့ ဖြစ်နေပေ၏။
ဤကမ္ဘာလောကကြီးသည် မည်မျှ ကျယ်ဝန်းလှသည်ဆိုလျှင် ဓားပျံစီးသော အင်မော်တယ်များပင် သူတို့၏ တစ်သက်တာလုံးတွင် ကမ္ဘာလောကကြီး၏ အပြည့်အစုံကို မမြင်တွေ့နိုင်ကြချေ။
သို့တိုင်အောင် ဤမျှ ကျယ်ပြောလှသော ကမ္ဘာလောကကြီးတွင် လူသားမျိုးနွယ်ကို နေရာတိုင်း၌ တွေ့ရှိရပေသည်။
ဘီလီယံနှင့်ချီသော လူသားများသည် ဤကမ္ဘာလောက၏ ထောင့်တိုင်းတွင် နေထိုင်ကြပြီး အင်အားကြီးမားသော အင်ပါယာများကို တစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့ကြ၏။
ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ထိုသာမန်လူများသည် သက်တမ်းတိုတောင်းကြသော်လည်း သူတို့သည် ကျင့်ကြံသူများ မည်သို့မျှ မယှဉ်သာသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများကို ဖန်တီးခဲ့ကြပေသည်။
ဤကမ္ဘာလောကတွင် ကျင့်ကြံနိုင်သူများမှာ အလွန် ရှားပါးလှပြီး များသောအားဖြင့် သူတို့၏ တစ်သက်တာလုံးတွင် ကျင့်ကြံသူ တစ်ဦးကိုမျှ မမြင်ဖူးသော သာမန်လူများသာ ရှိကြလေသည်။
ထိုမရေမတွက်နိုင်သော သာမန်လူများ နေထိုင်ရာ နေရာများကို ကျင့်ကြံသူများက သေမျိုးလောက ဟု ခေါ်ဆိုကြပေ၏။
ဟူထူသည် သေမျိုးလောက အကြောင်းကို သူမ၏ အဘိုးထံမှသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
သေမျိုးလောက သည် အလွန် အန္တရာယ်များသော်လည်း ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်ပြီး ကျင့်ကြံသူများနှင့် နတ်ဆိုးမျိုးနွယ် များ နှစ်မျိုးစလုံးအတွက် ဖြစ်ပေ၏။
သေမျိုးလောက နှင့် ပိုမို နီးကပ်လာလေလေ မူလချီ များမှာ ပိုမို ပါးလွှာလာပြီး ကျင့်ကြံရန် ပိုမို ခက်ခဲလာလေလေ ဖြစ်သည်။
ကျင့်ကြံသူများသည် သေမျိုးလောက သို့ ချဉ်းကပ်လာချိန်တွင် သူတို့၏ ကျင့်ကြံမှုသည် လူသားမျိုးနွယ်၏ ကံကြမ္မာကြောင့် ဆက်တိုက် ဖိနှိပ်ခြင်းကို ခံရမည် ဖြစ်၏။
သေမျိုးလောက အတွင်းရှိ မရေမတွက်နိုင်သော ကံကြမ္မာဆက်နွှယ်မှု များကို ဆိုဖွယ်ရာပင် မရှိတော့ချေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာဆက်နွှယ်မှု များထဲတွင် မတော်တဆ ရစ်ပတ်မိသွားပါက အကောင်းဆုံး အခြေအနေတွင် သူတို့၏ ကျင့်ကြံမှုမှာ တန့်သွားမည်ဖြစ်ပြီး အဆိုးဆုံး အခြေအနေတွင်မူ ချီသွေဖည်ခြင်း ကို ခံစားရကာ သူတို့၏ တာအို ပျက်စီးသွားမည် ဖြစ်သည်။
သေမျိုးလောက ၏ မီးခိုးငွေ့များနှင့် မီးတောက်များသည် တာအို နှလုံးသား ကို အဆိုးရွားဆုံး ထိခိုက်စေနိုင်ပေ၏။
စက္ကူကြိုးကြာငှက်ပေါ်တွင် စီးနင်းနေသော အိုးယန်သည် ဟူထူကို ပွေ့ချီထားပြီး လန်ချင်းဆုန့်က သူ၏ ဓားဖြင့် သူတို့၏ နံဘေးမှ လိုက်ပါလာသည်။
သူတို့ သုံးဦးစလုံးသည် တာအိုဝတ်ရုံများကို ချွတ်ထားပြီး သိုင်းလောက မှ လူငယ် သူရဲကောင်းများအဖြစ် ဝတ်ဆင်ထားကြ၏။
သေမျိုးလောက တွင် တာအိုဝတ်ရုံများကို ပေါ့ပေါ့ဆဆ မဝတ်ဆင်သင့်ချေ။ မလျော်ကန်စွာ ဝတ်ဆင်ခြင်းက မလိုအပ်သော ပြဿနာများကို ဆွဲဆောင်လာနိုင်ပေသည်။
ထို့ကြောင့် သူတို့ သုံးဦးသည် ခရီးသွားနေသော သိုင်းလောက လူငယ် သူရဲကောင်းများအဖြစ် အသွင်ပြောင်းကာ သေမျိုးလောက ဆီသို့ ဦးတည်သွားကြ၏။
တောင်ထိပ်ငယ်လေး မှ စတင် ထွက်ခွာလာပြီးနောက် သူတို့သည် အရှေ့ဘက်သို့ ခရီးနှင်ကာ ချင်းယွင်ဂိုဏ်း၏ နယ်မြေထဲမှ ပျံသန်းထွက်ခွာလာခဲ့ကြသည်။
အိုးယန်နှင့် လန်ချင်းဆုန့်တို့ သွားမည့် သေမျိုးလောက သည် ချင်းယွင်ဂိုဏ်းနှင့် အလွန် ဝေးကွာလှ၏။ ပျံသန်းသွားလျှင်တောင်မှ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့် ကြာမည်ဖြစ်ရာ အိုးယန်၏ ခရီးစဉ်မှာ မည်မျှ ဝေးကွာကြောင်း ပြသနေသည်။
ထိုနေရာသည် ကူးပြောင်းလာခြင်း ပြီးနောက် အိုးယန် ရောက်ရှိခဲ့သော နေရာဖြစ်ပြီး အိုးယန်နှင့် လန်ချင်းဆုန့်တို့ တွေ့ဆုံခဲ့ကြသော နေရာလည်း ဖြစ်ပေ၏။
သူနှင့် လန်ချင်းဆုန့်တို့သည် ထိုနေရာတွင် နှစ်နှစ်ခန့် နေထိုင်ခဲ့ကြပြီး ဆရာ ဟူယွမ် က သူတို့ကို ချင်းယွင်ဂိုဏ်းသို့ ခေါ်ဆောင်လာချိန်တွင် နှစ်စဉ် ပထမဆုံး နှင်းကျသည့်နေ့သည် သူတို့ အလည်အပတ် ပြန်သွားမည့်နေ့အဖြစ် သဘောတူညီခဲ့ကြလေသည်။
သူတို့ နှစ်ဦးစလုံး ငယ်ရွယ်စဉ်က ဆရာ ဟူယွမ် သည် သူတို့ကို ပြန်လည်ခေါ်ဆောင်သွားလေ့ရှိပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ သူတို့ဘာသာ သူတို့ စတင် သွားရောက်ခဲ့ကြခြင်း ဖြစ်၏။
ထိုနေရာသည် အမှတ်တရများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်ပြီး အိုးယန်သည်လည်း ထိုနေရာကို ဤကမ္ဘာလောကရှိ သူ၏ မွေးရပ်မြေအဖြစ် သတ်မှတ်ထားပေသည်။
သူ၏ နံဘေးတွင် အေးစက်သော အမူအယာဖြင့် ပျံသန်းနေသည့် လန်ချင်းဆုန့်ကို အိုးယန် ကြည့်လိုက်လ၏။ ထိုနေရာသည် သူ၏ ဒုတိယညီလေး၏ မွေးရပ်မြေလည်း ဖြစ်ပြီး ထိုနေရာတွင် သူ့ကို စောင့်နေသော မိန်းကလေး တစ်ဦးပင် ရှိသေးသည်။
ဤအချက်ကို တွေးမိချိန်တွင် အိုးယန်၏ မျက်ခုံးများကြား၌ စိုးရိမ်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။ ထိုမိန်းကလေးသည် တော်တော်လေး ကောင်းမွန်သော မိန်းကလေး တစ်ဦး ဖြစ်သည်။
ထိုအချိန်က သူတို့ နှစ်ဦးစလုံး ငယ်ရွယ်သေးပြီး မြို့အနှံ့ရှိ သေးငယ်သော ခိုးဝှက်မှုများတွင် လန်ချင်းဆုန့်ကို ဦးဆောင်ရန် အိုးယန်က သူတို့၏ ငယ်ရွယ်မှုကို အမြဲတမ်း အခွင့်ကောင်းယူလေ့ရှိကာ ထိုမိန်းကလေးက သူတို့ကို အစားအစာများ အမြဲတမ်း လျှို့ဝှက်စွာ ယူဆောင်လာပေးလေ့ ရှိ၏။
အေးစက်သော မျက်နှာထားရှိသည့် သူ၏ ဒုတိယညီလေးသည် သူနှင့် ရင်းနှီးသည့်အပြင် ထိုမိန်းကလေး တစ်ဦးတည်းနှင့်သာ ရင်းနှီးလေသည်။
သို့သော် ထိုမိန်းကလေးမှာ သာမန်လူ တစ်ဦးသာဖြစ်ပြီး မည်သည့် ကျင့်ကြံခြင်း စွမ်းရည်မျှ မရှိသော သေမျိုး တစ်ဦးသာ ဖြစ်ပေ၏။
ယခုအခါ သူတို့ နှစ်ဦးသည် သေမျိုး များနှင့် အခြေခံကျသော ကွာခြားချက်တစ်ခု ရှိနေပြီ ဖြစ်သည်။ လန်ချင်းဆုန့်၏ အဆုံးအစမရှိသော အနာဂတ် နှစ်များနှင့် နှိုင်းယှဉ်လျှင် သေမျိုး တစ်ဦး၏ အနှစ်တစ်ရာ သက်တမ်းမှာ အလွန်တရာ တိုတောင်းလွန်းလှပေ၏။
အကယ်၍ သူ၏ ဒုတိယညီလေးသည် ထိုမိန်းကလေးအပေါ် တကယ်ပဲ နက်နဲသော သံယောဇဉ် ရှိနေပါက မဝေးသော အနာဂတ်တွင် ထိုမိန်းကလေး သူမ၏ ဘဝအဆုံးသတ်သို့ ရောက်ရှိသွားချိန်၌ သူ၏ ဒုတိယညီလေး ခံနိုင်ရည် ရှိပါ့မလားဟု သူ တွေးမိလေသည်။
"စီနီယာအစ်ကို..."
လန်ချင်းဆုန့်၏ အသံက အိုးယန်၏ အတွေးများကို အနှောင့်အယှက် ပေးလိုက်၏။ လန်ချင်းဆုန့်က အိုးယန်ကို ထူးဆန်းသော အမူအယာဖြင့် ကြည့်ကာ အိုးယန်က သူ့ကို အဘယ်ကြောင့် ဤသို့ ကြည့်နေရသနည်းဟု စဉ်းစားနေသည်။
အိုးယန်က လန်ချင်းဆုန့်ကို ပြုံးပြကာ ပြောဆိုလိုက်လေ၏။
"ဒုတိယညီလေး... ရွှမ်အာ ကို တွေ့ရင် ဘာပြောရမလဲဆိုတာ မင်း စဉ်းစားပြီးပြီလား..."
လန်ချင်းဆုန့်သည် အနည်းငယ် ကြောင်အသွားပြီး ပုံမှန်ထက် အနည်းငယ် ပို၍ အနေရခက်သော အမူအရာကို ပြသကာ ခေါင်းကို ကုတ်လျက် မသေချာစွာဖြင့် ပြောဆိုလိုက်သည်။
"မင်္ဂလာပါ..."
"မင်္ဂလာပါ ဟုတ်လား... မင်းက ဓားပညာတွေ သင်နေရင်းနဲ့ အရူးဖြစ်သွားတာလား..."
အိုးယန်က မျက်လုံးလှန်ပြကာ ပြောဆိုလိုက်လေ၏။
ရွှမ်အာ သည် ထိုမိန်းကလေးဖြစ်ပြီး အိုးယန်ထက် သုံးနှစ် ကြီးကာ လန်ချင်းဆုန့်ထက် ငါးနှစ် ကြီးပေသည်။
သူမ၏ အသက်အရွယ်အရ သူမသည် အသက်နှစ်ဆယ် ရှိနေပြီဖြစ်ပြီး လက်ထပ်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။ သူမက သူ၏ ဒုတိယညီလေးကို စောင့်နေပါ့မလားဟု သူ တွေးမိလေသည်။
ရွှမ်အာ နှင့် ပတ်သက်၍ အိုးယန်တွင် အထူးတလည် ကောင်းမွန်သော အထင်အမြင်မျိုး မရှိခဲ့ချေ။ စူးစမ်းနေသော ထိုမျက်လုံးများကို သူ ပထမဆုံး မြင်တွေ့ခဲ့ရချိန်တွင် ထိုမိန်းကလေးသည် အကြံအစည်လေးများဖြင့် ပြည့်နှက်နေကြောင်းကို သူ သိရှိခဲ့လေ၏။
သူတို့ သုံးဦးသည် တိမ်တိုက်များကြားမှ ပျံသန်းသွားကြပြီး ပင်ပန်းလာသည့်အခါ တောအုပ်တစ်ခုတွင် ဆင်းသက်ကာ အနားယူကြပြီး ရေကူးကာ ဆော့ကစားကြသည့် ပေါ့ပေါ့ပါးပါး အမူအကျင့်ဖြင့် သူတို့၏ အိမ်ဟု ခေါ်ဆိုသော နေရာဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေသည်။
သူတို့ ပိုမို နီးကပ်လာသည်နှင့်အမျှ အောက်ဘက်တွင် လူသားမျိုးနွယ် မြို့များနှင့် ရွာများ ပိုမို များပြားလာပြီး အိုးယန်နှင့် အခြားနှစ်ဦးတို့သည် သေမျိုးလောက ၏ နယ်စပ်သို့ ရောက်ရှိလာကြ၏။
အိုးယန်က မည်သည့် အဆင်မပြေမှုကိုမျှ မခံစားရသော်လည်း ဟူထူနှင့် လန်ချင်းဆုန့်တို့မှာမူ အဆင်မပြေဖြစ်နေကြောင်း ရှင်းလင်းစွာ ခံစားနေရလေသည်။
သူတို့ ရှေ့သို့ ပိုမို သွားလေလေ သူတို့၏ စစ်မှန်သောချီများ သည် ပိုမို ဂနာမငြိမ် ဖြစ်လာလေလေဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များမှ အလိုအလျောက်ပင် စီးထွက်လာကာ သူတို့၏ မူလက ရှင်းလင်းနေသော တာအို နှလုံးသား သည် စတင် ယိမ်းယိုင်လာပေ၏။
"စီနီယာအစ်ကိုကြီး... ထူထူ နည်းနည်း နေလို့မကောင်းဘူး... သေမျိုးလောက က လုံးဝ မပျော်စရာကောင်းဘူး..."
ဟူထူက အိုးယန်ဘက်သို့ လှည့်ကာ နှုတ်ခမ်းဆူလျက် ပြောဆိုလိုက်သည်။
အိုးယန်က လှမ်း၍ ဟူထူ၏ လက်ငယ်လေးကို ဖမ်းဆုပ်လိုက်ပြီး ဟူထူ၏ ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောချီများကို တည်ငြိမ်စေရန် ကူညီပေးဖို့ စစ်မှန်သောချီ ရေစီးကြောင်းတစ်ခုကို ပို့လွှတ်ပေးကာ ပြောဆိုလိုက်၏။
"သေမျိုးလောက က အစကတည်းက ကောင်းတဲ့နေရာတစ်ခု မဟုတ်ပါဘူး... ကျင့်ကြံသူတွေအတွက်တော့ သေမျိုးလောက က တာအို နှလုံးသား ကို သွေးပူလေ့ကျင့်ပေးတဲ့ နေရာပဲ... လူသားမျိုးနွယ် တည်ဆောက်ထားတဲ့ မြို့ကြီးတွေနားကို ကပ်သွားလေလေ မင်းရဲ့ ကျင့်ကြံမှုက ပိုပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရလေလေပဲ..."
လူသားမျိုးနွယ်များ စုဝေးနေသော နေရာများတွင် လူသားမျိုးနွယ်၏ ကံကြမ္မာ ကောင်းချီးမင်္ဂလာ ရှိပြီး ကောင်းကင်နှင့်မြေကြီး၏ ဇာတ်လိုက်များအနေဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာသည် မကျင့်ကြံနိုင်သော သာမန် လူသားမျိုးနွယ်ဝင် အားလုံးကို သဘာဝကျကျ ကာကွယ်ပေးထားကြောင်း သူ၏ ဆရာက တစ်ခါက ပြောဖူးလေ၏။
ထို့ကြောင့် သေမျိုးလောက သည် ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာ ကျင့်ကြံသူများအတွက် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ချေ။ မြို့တစ်မြို့ကို သတ်ဖြတ်ရန် လုံးဝ မလိုအပ်ပါက မိစ္ဆာ ကျင့်ကြံသူများပင်လျှင် လူသားမျိုးနွယ်များ အကြားတွင် အလွယ်တကူ မနေထိုင်လိုကြချေ။
အိုးယန်၏ နယ်ပယ်က အလွန် နိမ့်ကျနေသဖြင့် ဖိနှိပ်ခြင်း ဟုခေါ်သော အရာကို သူ မခံစားနိုင်ခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
သာမန် လူသားမျိုးနွယ်ဝင်များ အကြားတွင် ချီစုဆောင်းခြင်းအဆင့် သည် လူသားမျိုးနွယ်၏ အထွတ်အထိပ် ဖြစ်နေပြီ ဖြစ်သည်။
ချီစုဆောင်းခြင်းအဆင့် ကို လူသားမျိုးနွယ် အကြားတွင် ရှန်းထျန်းအဆင့် ဟုလည်း ခေါ်ဆိုကြ၏။ သိုင်းပညာရှင်များနှင့် ကျင့်ကြံသူများသည် သူတို့၏ တစ်သက်တာလုံးတွင် ချီစုဆောင်းခြင်းအဆင့် ကိုး သို့သာ အများဆုံး ရောက်ရှိနိုင်ကြပေသည်။
သူသည် ချင်းယွင်ဂိုဏ်းတွင် နယ်ပယ်အနိမ့်ဆုံး၌ ရှိနေသော်လည်း သာမန် လူသားမျိုးနွယ်ဝင်များ အကြားတွင်မူ သူသည် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် လုံလောက်နေပြီ ဖြစ်၏။
အိုးယန်နှင့် အခြားနှစ်ဦး၏ အမြန်နှုန်းသည်လည်း ပို၍ ပို၍ နှေးကွေးလာလေသည်။ လန်ချင်းဆုန့်၏ စစ်မှန်သောချီသည် သူ၏ ဓားဖြင့် ပျံသန်းရန်ပင် မလုံလောက်တော့ဘဲ သူ၏ ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့် စစ်မှန်သောချီသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ ဖိနှိပ်ခံလိုက်ရပေ၏။
ဟူထူသည် မှော်ရတနာ စက္ကူကြိုးကြာငှက်ကို အသုံးပြုသော်လည်း သူမ၏ ကုန်ကျစရိတ်များကို ကာမိရန် မလုံလောက်သေးဟု ခံစားနေရဆဲ ဖြစ်လေသည်။
ဤနေရာရှိ မူလချီ များသည် ချင်းယွင်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် အရည်အသွေးပိုင်း၌ ကောင်းကင်နှင့်မြေကြီးလို ကွာခြားနေပေ၏။ စုပ်ယူလိုက်သော မူလချီများသည် သူတို့ ကုန်ဆုံးသွားသည်များနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ချေ။
သူတို့ နှစ်ဦးစလုံး ရုန်းကန်လာရသည်ကို မြင်ချိန်တွင် အိုးယန်က လူသူကင်းမဲ့သော နေရာတစ်ခုသို့ ဆင်းသက်ရန် အချက်ပြလိုက်၏။
သူတို့ သုံးဦးစလုံးသည် လမ်းမကြီး တစ်ခုဘေးတွင် ဆင်းသက်လိုက်ကြပြီး အိုးယန်က မှတ်တမ်းကျောက်တုံး တစ်ခုကို ထုတ်ယူကာ မှတ်တမ်းကျောက်တုံးကို ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဒီလမ်းမကြီးအတိုင်း ဆက်သွားရင် မက်မွန်ပွင့်ရွက်မြို့ ကို ရောက်ဖို့ နှစ်ရက်လောက် လမ်းလျှောက်ရလိမ့်မယ်..."
"စီနီယာအစ်ကို... နေ့ဘက်မှာ လမ်းလျှောက်ပြီး ညဘက်ကျမှ ပျံသန်းရင်ရော မရဘူးလား..."
လန်ချင်းဆုန့်က အနည်းငယ် မလိုလားစွာဖြင့် မေးမြန်းလိုက်၏။
နှစ်ရက်ဆိုတာက လန်ချင်းဆုန့်အတွက် အလွန် နှေးကွေးလွန်းသည်ဟု ခံစားရဆဲ ဖြစ်ပေသည်။
အိုးယန်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
"မင်း စမ်းကြည့်လိုက်လေ... မင်းရဲ့ စစ်မှန်တဲ့ချီ ပြန်ပြည့်ဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာ..."
လန်ချင်းဆုန့်က ခြေချိတ်ထိုင်ပြီး စတင် ကျင့်ကြံလေ၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူက မျက်လုံးများကို ဖွင့်ကာ သက်ပြင်းချလိုက်သည်။ ဤနေရာရှိ မူလချီ များမှာ အလွန် ပါးလွှာလွန်းပေ၏။
ထို့ကြောင့် သူသည် အိုးယန်၏ စီစဉ်မှုများကို လိမ္မာပါးနပ်စွာသာ လိုက်နာနိုင်တော့သည်။
ဤသို့ဖြင့် တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားများ လွယ်ထားသော ဓားကျင့်ကြံသူ လူငယ် နှစ်ဦးနှင့် အလွန် ချစ်စရာကောင်းသော မိန်းကလေးငယ် တစ်ဦးတို့သည် လမ်းမကြီးပေါ်တွင် ပေါ်လာကြပြီး သူတို့ သုံးဦးသည် လမ်းမကြီးတစ်လျှောက် ပုံရိပ်ယောင်များကဲ့သို့ ရွေ့လျားသွားကြလေတော့၏။
အခန်း ၅၆ - အင်ပါယာမြို့တော်က ဘယ်အရပ်မှာလဲ
သူတို့ သုံးဦးစလုံးသည် ဓားပျံစီးခြင်းကို လက်လျှော့လိုက်ကြသော်လည်း သူတို့တွင် အခြား နည်းလမ်းများ ရှိနေသေးသည်။ ပျံသန်းခြင်းက စစ်မှန်သော အနှစ်သာရ များကို များစွာ ကုန်ဆုံးစေသော်လည်း ၎င်းကို သူတို့၏ ခြေထောက်များတွင်သာ အသုံးပြုမည်ဆိုပါက ကုန်ဆုံးမှုကို လျစ်လျူရှုထားနိုင်ပေ၏။
သေမျိုးလောက ၏ ကိုယ်ဖော့နည်းစနစ် များနှင့် ဆင်တူစွာပင် သူတို့ သုံးဦးသည် လမ်းမကြီး၏ နှစ်ဖက်စလုံးရှိ သစ်ပင်ကြီးများကြားတွင် ဟိုဟိုဒီဒီ ခုန်ပျံသွားလာကြပြီး မျက်တောင်တစ်ခတ်အတွင်း မီတာဆယ်ဂဏန်းကျော်ကို ဖြတ်သန်းသွားနိုင်ကြသည်။
အိုးယန်က ဟူထူကို ပွေ့ချီထားပြီး သူ၏ နံဘေးရှိ လန်ချင်းဆုန့်ကမူ ခြေလျင်ခရီးသွားခြင်းနှင့် လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ သူသည် အမြဲတမ်း တိုက်ရိုက် ပျံသန်းလေ့ရှိပြီး ရုတ်တရက် လမ်းလျှောက်ရခြင်းက အနည်းငယ် စိမ်းသက်နေသလို ခံစားရသော်လည်း အနည်းငယ် ပြုပြင်ပြောင်းလဲပြီးနောက်တွင် အိုးယန်၏ အနောက်မှ လိုက်ပါလာနိုင်ခဲ့သည်။
သူတို့နှစ်ဦး သစ်ပင်များကြားတွင် ခုန်ပျံသွားလာနေစဉ် ရှေ့မှ ရုတ်တရက် အော်ဟစ်သံများနှင့် သတ်ဖြတ်သံများ ထွက်ပေါ်လာ၏။
အိုးယန်က မျက်မှောင်ကြုတ်လိုက်ပြီး ဤကဲ့သို့သော ကိစ္စများတွင် မပတ်သက်လိုချေ။
ယခင်က ဖော်ပြခဲ့သည့်အတိုင်း ကျင့်ကြံသူ တစ်ဦးအနေဖြင့် သေမျိုး များအကြားရှိ ကံကြမ္မာဆက်နွှယ်မှု များတွင် အလွယ်တကူ ဝင်ရောက်မစွက်ဖက်သင့်ချေ။ မဟုတ်ပါက ထိုအရာသည် သူတို့၏ ကျင့်ကြံခြင်းအတွက် အနည်းငယ်မျှပင် အကျိုးပြုမည် မဟုတ်ပေ။
အိုးယန် စကားမပြောနိုင်မီမှာပင် သူ၏ အနောက်မှ လန်ချင်းဆုန့်သည် ထိုနေရာသို့ ပြေးထွက်သွားခဲ့ပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ သူက ငယ်ရွယ်သေးသည်။ မတရားမှုတစ်ခုနှင့် ကြုံတွေ့ရသည့် အခိုက်အတန့်တွင် သူသည် အကျိုးဆက်များကို လုံးဝ လျစ်လျူရှုကာ ဓားကို ဆွဲထုတ်ပြီး လှုပ်ရှားလေ့ရှိပေ၏။
လန်ချင်းဆုန့်ကို ရပ်တန့်ရန် သူ အော်မခေါ်နိုင်မီမှာပင် လန်ချင်းဆုန့်က ဓားကို ဆွဲထုတ်ပြီး အောက်သို့ ပြေးဆင်းသွားခဲ့ပြီ ဖြစ်သည်။ အိုးယန်က ဟူထူကို ပြင်ချီလိုက်ပြီး အနောက်မှ လိုက်ပါသွား၏။
အိုးယန်သည် သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
အောက်ဘက်တွင် နှစ်ဖက်စလုံးသည် အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့ကြပြီး အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေကာ သူတို့၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မသိရှိရချေ။
သို့သော် တစ်ဖက်မှာ ကြမ်းတမ်းသော ပိတ်ကြမ်းများကို ဝတ်ဆင်ထားသည့် မျက်နှာဖုံးစွပ် ဓားပြများဖြစ်ပြီး အခြားတစ်ဖက်မှာမူ တူညီသော လေ့ကျင့်ရေးဝတ်စုံများကို ဝတ်ဆင်ထားသည့် အစောင့်များ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့ရပေ၏။
အစောင့်များသည် လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသော်လည်း လူအင်အား နည်းပါးကာ လူနှစ်ဆယ်ခန့်သာ ရှိပြီး သူတို့၏ အနောက်ရှိ မြင်းလှည်း အနည်းငယ်ကိုလည်း ကာကွယ်ရသေးသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဓားပြများသည် သူတို့၏ လက်ထဲတွင် ပေါက်ပြားများနှင့် တံစဉ်များကဲ့သို့သော လက်နက်များ ကိုင်ဆောင်ထားသည့် လူအုပ်စုဖြစ်သော်လည်း သူတို့တွင် လူအင်အား အားသာချက် ရှိနေပြီး များပြားလှသော လူအုပ်ကြီးသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကာ သူတို့၏ အော်ဟစ်သံများက ကောင်းကင်ယံကို တုန်လှုပ်သွားစေ၏။
ထို့ကြောင့် အစောင့်များသည် ဓားပြများ၏ ဝန်းရံခြင်းကို လျင်မြန်စွာ ခံလိုက်ရပြီး ဝိုင်းရံမှုက ဆက်တိုက် ကျုံ့ဝင်လာကာ သေဆုံးဒဏ်ရာရသူများ တဖြည်းဖြည်း တိုးများလာ၏။
လန်ချင်းဆုန့်သည် သူ၏ ဓားဖြင့် သစ်ပင်ပေါ်မှ ဆင်းသက်လာချိန်တွင် တိုက်ပွဲ၏ အခြေအနေမှာ နောက်ဆုံး၌ ပြောင်းလဲသွားလေတော့၏။
သူ၏ ကျင့်ကြံမှုမှာ ဖိနှိပ်ခံထားရသော်လည်း ဓားတာအို ပါရမီ ၁၁ မှတ်အထိ ရှိသော လန်ချင်းဆုန့်အတွက် သူ၏ ကျင့်ကြံမှု အဆင့်သည် လူများကို ဓားဖြင့် သတ်ဖြတ်ခြင်းနှင့် သိပ်မသက်ဆိုင်လှချေ။
ငွေရောင် နဂါးတစ်ကောင်သည် ဓားပြများကြားတွင် ကူးခတ်သွားပြီး သူ၏ အနောက်တွင် ဖရိုဖရဲ အခြေအနေများကို ချန်ရစ်ခဲ့၏။ ဘာတွေ ဖြစ်ပျက်နေသနည်းကို ဓားပြများ မတုံ့ပြန်နိုင်မီမှာပင် သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ထပ်မံ မထနိုင်တော့ချေ။
သေဆုံးသွားသော ဓားပြတိုင်း၏ လည်ပင်းတွင် တစ်လက်မခန့်ရှိသော ဓားဒဏ်ရာ တစ်ခုစီ ရှိနေပြီး မီလီမီတာအထိ တိကျလှပေ၏။
"ရှန်းထျန်းအဆင့် မဟာဆရာသခင် တစ်ယောက် ရှိနေတယ်... အားလုံးပဲ နောက်ဆုတ်ကြ..."
ဓားပြများကြားမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သူတို့ အားလုံး နောက်ဆုတ်သွားကြရာ အနက်ရောင် ဝတ်ဆင်ထားသော လန်ချင်းဆုန့်သည် သူ၏ မျက်နှာမှာ ရေကဲ့သို့ အေးစက်နေလျက် နေရာတွင် ရပ်နေပေ၏။
ပြီးတော့ ဓားပြများကြားမှ ပုဆိန်နှစ်လက် ကိုင်ဆောင်ထားသော နှစ်မီတာ အရပ်ရှိ လူသန်ကြီး တစ်ဦး ထွက်လာပြီး လန်ချင်းဆုန့်ကို လှောင်ပြောင်ကာ ပြောဆိုလိုက်သည်။
"မင်းလို ကောင်လေးက ကိုယ့်နေရာကိုယ် မသိဘဲ သူရဲကောင်း လုပ်ပြီး အလှမယ်လေးကို ကယ်တင်ချင်နေတာလား... မင်းရဲ့ အဘိုးက..."
သူ စကားပြော၍ပင် မဆုံးသေးမီ ပုဆိန်နှစ်လက် ကိုင်ဆောင်ထားသော လူသန်ကြီးသည် မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားပြီး အသက်ရှူရပ်သွားလေ၏။ သူ့ရှေ့ရှိ ကောင်လေးသည် ဓားဖြင့် ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ချေ။ သူ၏ နာမည်ကိုပင် မကြေညာရသေးဘဲ သူ ဤမျှ ရုတ်တရက် သေဆုံးသွားခြင်းလော။
"စကားများလိုက်တာ..."
လန်ချင်းဆုန့်က သူ၏ ဓားကို ခါလိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော လူသန်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေ၏။
လူသန်ကြီး လဲကျသွားသည်နှင့်အတူ ဓားပြများသည် ချက်ချင်း ဖရိုဖရဲ ဖြစ်သွားကြပေ၏။
"ခေါင်းဆောင်ကြီး အသတ်ခံလိုက်ရပြီ..."
"လခွီးပဲ... ခေါင်းဆောင်ကြီး က ဒီလိုကြီး သေသွားတာလား..."
"မင်းမှာ သိုင်းပညာ ကျင့်ဝတ်ဆိုတာ မရှိဘူးလား... ခေါင်းဆောင်ကြီး က စကားတောင် ပြောလို့မဆုံးသေးဘူး မင်းက ချုံခိုတိုက်ခိုက်ရတာလား..."
....
လန်ချင်းဆုန့်က သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ထွက်သွား... မဟုတ်ရင် သေမယ်..."
ဓားပြများက အချင်းချင်း ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ရုတ်တရက် ပေါ်လာသော ဤလူငယ်အတွက် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
မက်မွန်ပွင့်ရွက်မြို့ ၏ အသန်မာဆုံး ဓားသမားပင်လျှင် သူတို့၏ ခေါင်းဆောင်ကြီး နှင့် မယှဉ်နိုင်ခဲ့ချေ။
ဤရုတ်တရက် ပေါ်လာသော လူငယ်သည် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့မှန်းမသိဘဲ အပြန်အလှန် တိုက်ခိုက်မှု တစ်ချက်ကိုမျှ သူတို့ မမြင်တွေ့လိုက်ရဘဲ ခေါင်းဆောင်ကြီး မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သာမန် အဆင့်နိမ့် လူဆိုးများအနေဖြင့် သူတို့သည် ဝက်များကဲ့သို့ အသတ်ခံရမည် မဟုတ်ပါလော။
ဓားပြ ရာပေါင်းများစွာသည် လန်ချင်းဆုန့်ကို ရင်ဆိုင်ရချိန်တွင် သူတို့၏ အသက်ရှူသံများ လေးလံလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး အသက်နှုတ်မည့် မိစ္ဆာ တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပေ၏။
ဓားပြ ရာပေါင်းများစွာသည် အရပ်မျက်နှာ အသီးသီးသို့ စတင် ထွက်ပြေးကြပြီး မျက်တောင်တစ်ခတ်အတွင်း မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်တော့၏။
လန်ချင်းဆုန့်သည် ဓားတစ်လက်ဖြင့် တစ်ကိုယ်တည်း ဓားပြ ရာပေါင်းများစွာကို နောက်ဆုတ်သွားစေခဲ့လေသည်။ သူ လှည့်ပြီး ထွက်ခွာတော့မည့်ဆဲဆဲတွင် မြင်းလှည်းများ ပတ်လည်ရှိ အစောင့်များက လျှောက်လာကြသည်။
သံချပ်ကာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းလာပြီး လက်အုပ်ချီကာ ပြောဆိုလိုက်လေ၏။
"ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး... နာမည်လေးများ သိခွင့်ရမလား... ကျွန်တော်တို့ ရှဲ့ မိသားစုက သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်..."
လန်ချင်းဆုန့်က လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် ပြောဆိုလိုက်သည်။
"ဖယ်စမ်း..."
သူတို့ကို ကယ်တင်ခြင်းသည် လန်ချင်းဆုန့်အတွက် စိတ်ကူးပေါက်၍ လုပ်ဆောင်ခြင်းသာ ဖြစ်ပေ၏။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရက်ရောသော ဆုကြေးငွေ ကမ်းလှမ်းမှုကို သူ စိတ်မဝင်စားချေ။ သေမျိုး များနှင့် သက်ဆိုင်သော အရာများသည် သူ့အတွက် အသုံးမဝင်ပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ လက်များကို အနေရခက်စွာ အောက်ချလိုက်ပြီး လှည့်ကာ လန်ချင်းဆုန့်အတွက် လမ်းဖယ်ပေးလိုက်၏။
လန်ချင်းဆုန့် သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်တော့မည့်ဆဲဆဲတွင် သူ၏ အနောက်မှ လူငယ်တစ်ဦး၏ အသံ ထပ်မံ ထွက်ပေါ်လာပေသည်။
"အဲ့ဒါ အစ်ကိုလန် လား..."
လန်ချင်းဆုန့်က ရပ်ပြီး ကြည့်လိုက်၏။ မြင်းလှည်းတစ်စီးဘေးတွင် ဆေဘာဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူငယ် အစောင့်တစ်ဦးက သူ့ကို မသေချာစွာဖြင့် ကြည့်နေသည်။
ထိုသူမှာ လန်ချင်းဆုန့် ဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် လူငယ် အစောင့်၏ မျက်နှာသည် အံ့အားသင့်မှုများဖြင့် လင်းလက်သွားလေ၏။ သူက အလျင်အမြန် ပြေးလာပြီး လန်ချင်းဆုန့်၏ အရှေ့တွင် ရပ်ကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
"တကယ်ပဲ အစ်ကိုလန် ဖြစ်နေတာကိုး... ကျွန်တော်ပါ... ဝမ်မင် လေ..."
သူ့ရှေ့ရှိ စိတ်လှုပ်ရှားနေသော လူငယ်ကို လန်ချင်းဆုန့် ကြည့်လိုက်ရာ လူငယ်နှင့် ပတ်သက်သော အမှတ်တရများသည် သူ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာ၏။ သူ၏ မျက်နှာပေါ်ရှိ အမူအယာက နူးညံ့သွားပေသည်။
"အစ်ကိုလန်... ဘော့စ်အိုးယန် ရော ဘယ်မှာလဲ... ဘာလို့ အစ်ကို တစ်ယောက်တည်း ပြန်လာတာလဲ..."
ဝမ်မင်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်လေ၏။
ရုတ်တရက် သစ်ကိုင်းငယ်လေး တစ်ခုက ဝမ်မင်၏ ခေါင်းကို လာမှန်လေသည်။ ဝမ်မင်က သူ၏ ခေါင်းကို အုပ်ကာ မော့ကြည့်လိုက်၏။
ဟူထူကို ပွေ့ချီထားသော အိုးယန်က ပြုံးလျက် ဝမ်မင်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဝမ်ရှောင်မင်... တစ်နှစ်လောက်ကြာတော့ မင်းက အပြင်ထွက်ပြီး အလုပ်လုပ်နေပြီပဲ..."
သူ့ရှေ့ရှိ ဝမ်မင်သည် မက်မွန်ပွင့်ရွက်မြို့ တွင် သူ ရှိနေစဉ်က သူ လက်ခံထားခဲ့သော နောက်လိုက်လေးများ အုပ်စုထဲမှ တစ်ဦး ဖြစ်ပေ၏။
"ဘော့စ်အိုးယန်..."
ဝမ်မင်က အိုးယန်ကို မြင်ချိန်တွင် ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် မျက်ရည်များ ပေါက်ကွဲထွက်လာတော့၏။
မော့ကြည့်ကာ ငိုယိုနေသော ဝမ်မင်ကို မြင်ချိန်တွင် သစ်ပင်ပေါ်၌ ရပ်နေသော အိုးယန်သည်လည်း သူ၏ အပြုံးကို ရုပ်သိမ်းလိုက်သည်။ သူက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ငိုယိုနေသော ဝမ်မင်ကို ကြည့်ကာ သူ၏ အမူအယာက အနည်းငယ် မှုန်ကုပ်သွားပြီး ပြောဆိုလိုက်၏။
"ဘာတွေဖြစ်ခဲ့တာလဲ..."
"ဘော့စ်... ဘာလို့ အခုမှ ပြန်လာရတာလဲ..."
ဝမ်မင်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသည်းအသန် ငိုယိုနေသည်။
ဤသည်ကို ကြားချိန်တွင် အိုးယန်က ဘာတွေ ဖြစ်ခဲ့သနည်းကို နောက်ဆုံးတွင် နားလည်သွား၏။ သူက လက်ကို မြှောက်ကာ ဝမ်မင်၏ ကော်လာကို ဆွဲဆုပ်ပြီး သူ့ကို မ တင်လိုက်ကာ စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။
"မငိုနဲ့တော့... မြန်မြန်ပြောစမ်း..."
ထိုအခါ ဝမ်မင်က ရှိုက်ငိုကာ ပြောဆိုလေ၏။
"အားလုံးပဲ... အားလုံးပဲ အစောင့်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်... ကျွန်တော်... ကျွန်တော် တစ်ယောက်တည်းပဲ လွတ်လာတာ... အစ်မရွှမ်အာ တို့က တော်ဝင်မြို့တော် ကို အခေါ်ခံသွားရပြီ..."
စူးရှသော ဓားစိတ်ဆန္ဒ တစ်ခုက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လျက် လန်ချင်းဆုန့်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
မူလက စိတ်အေးလက်အေး ဖြစ်နေခဲ့သော အစောင့်များသည် ချက်ချင်း တင်းမာသွားကြပြီး သူတို့၏ လက်နက်များကို ပြန်လည်ဆုပ်ကိုင်ကာ လန်ချင်းဆုန့်ကို ကြည့်လိုက်ကြသည်။
ပုံမှန်အားဖြင့် လွတ်လပ်ပေါ့ပါးလေ့ရှိသော အိုးယန်၏ မျက်နှာသည် ယခုအခါ မည်းမှောင်နေ၏။ သူက သူ၏ နံဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို စောင်းကာ မေးမြန်းလိုက်သည်။
"တော်ဝင်မြို့တော် က ဘယ်အရပ်မှာလဲ..."
"သူရဲကောင်းလေး... မက်မွန်ပွင့်ရွက်မြို့ မှာ ဖြစ်ခဲ့တာတွေက မင်းတို့ ထင်နေသလိုမျိုး မဟုတ်ပါဘူး..."
လူလတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန် ရှင်းပြလိုက်လေ၏။
ဘုန်း...
လူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်သို့ တိုက်ရိုက် လွင့်ပျံသွားပြီး သစ်ပင်ကြီး တစ်ပင်နှင့် ဝင်တိုက်ကာ သတိလစ်သွားတော့၏။
အိုးယန်က သူတို့၏ လက်နက်များကို ပြန်လည်ဆုပ်ကိုင်ထားသော အစောင့်များကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အခု... တခြားတစ်ယောက်ယောက် ငါ့ကို ဖြေစမ်း..."