အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း ၅၉ - ပုန်ကန်သော အမတ်များနှင့် သစ္စာဖောက်များ
မြင်းလှည်းထဲတွင် ရှဲ့ချုံယန်၏ လေးလံသော အသက်ရှူသံများကိုသာ ကြားနိုင်လောက်အောင် တိတ်ဆိတ်နေပေ၏။ ရှဲ့ချုံယန်က သူ၏ လက်ထဲရှိ ကြွေဖြူပုလင်းကို တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ကြည့်နေလေသည်။
ဤကြွေဖြူပုလင်း၏ အစစ်အမှန် တန်ဖိုးကို အခြားသူများ မသိနိုင်သော်လည်း သူက အလွန် ရှင်းလင်းစွာ သိရှိပေ၏။ သူတို့တွင် ရှန်းထျန်းအဆင့် မဟာဆရာသခင် တစ်ရာ ရှိနေသရွေ့ ရှဲ့မိသားစု တစ်ခုလုံးသည် ထန်နိုင်ငံကို လွှမ်းမိုးနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ဤစွမ်းအားဖြင့် အင်ပါယာ အာဏာကို လွှမ်းမိုးခြင်း သို့မဟုတ် ၎င်းကို အစားထိုးခြင်းပင်လျှင် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာမည် ဖြစ်၏။
ရှဲ့ချုံယန်က အိုးယန်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ ဤသည်မှာ သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးရှိ လောဘကို အသုံးချနေသော အိုးယန်၏ ပွင့်လင်းသည့် အကြံအစည် ဖြစ်ကြောင်းကို သူ အလွန် ကောင်းစွာ သိရှိငြားလည်း သူ တကယ်ပင် ငြင်းဆန်နိုင်မည်လော။
ရှဲ့မိသားစုသည် မက်မွန်ပွင့်ရွက်မြို့တွင် နှစ်ရာပေါင်းများစွာ ရှိနေခဲ့ပြီး မြို့ပြင်ရှိ တောင်ပေါ် ဓားပြ ရာပေါင်းများစွာကိုပင် မရှင်းလင်းနိုင်ဘဲ သူတို့၏ ထောင့်လေးတွင်သာ ရောင့်ရဲနေခဲ့ရပေ၏။
အချိန်အတော်ကြာ ရှဲ့မိသားစုသည် သိုင်းပညာထက် ပညာရေးကိုသာ ဦးစားပေးခဲ့ကြလေသည်။ ဤအရာကို ပြောင်းလဲလိုသော်ငြား ရှဲ့မိသားစု တပည့်များ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံမှာ သိုင်းပညာအတွက် မသင့်တော်သဖြင့် ရှဲ့မိသားစုသည် ပတ်ဝန်းကျင်ရှိ နယ်စားများထံသို့ အမြဲတမ်း အားနည်းမှုကိုသာ ပြသခဲ့ရပေ၏။
သို့ရာတွင် သူတို့တွင် ဤ ရှန်းထျန်းအဆင့် မဟာဆရာသခင် တစ်ရာ ရှိနေပါက ထန်နိုင်ငံ တစ်ခုလုံးတွင် သူတို့ ရှဲ့မိသားစု မမက်မောရဲသော အရာတစ်ခုခု ရှိဦးမည်လော။
ပုန်ကန်ရန် စစ်တပ်တစ်ခု ဖွဲ့စည်းခြင်းလော...
ဤသည်မှာ မျိုးဆက် ကိုးဆက်တိုင်အောင် သုတ်သင်ရှင်းလင်းခြင်း ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် ကြီးမားသော ရာဇဝတ်မှုတစ်ခု ဖြစ်ပြီး အာဏာကို ဒုတိယ အသက်အဖြစ် ရှုမြင်သော တော်ဝင်မြို့တော်ရှိ ထိုလူအား ဆန့်ကျင်ခြင်းမှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
လက်ခံမည်လော... ငြင်းဆန်မည်လော...
ရုန်းကန်မှုက ရှဲ့ချုံယန်၏ မျက်လုံးများထဲတွင် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေလေ၏။ တစ်ဖက်တွင် မိသားစု ကြီးပွားတိုးတက်ရေးအတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ မျိုးဆက် ကိုးဆက်တိုင်အောင် သုတ်သင်ရှင်းလင်းခြင်း ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် ပုန်ကန်မှု ရာဇဝတ်မှုကြီး ဖြစ်နေပေသည်။
ရှဲ့ချုံယန်က သွားကြိတ်ကာ သူ၏ လက်ထဲရှိ ကြွေဖြူပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြောဆိုလိုက်လေ၏။
"အင်မော်တယ်... အင်မော်တယ့်ရှေ့မှာ ပုန်ကန်မှုအကြောင်း ပြောတာက ငါတို့ ရှဲ့မိသားစုရဲ့ သစ္စာရှိမှုကို စမ်းသပ်နေတာလား... အင်မော်တယ်... စိတ်ချပါ... ငါတို့ ရှဲ့မိသားစုက အင်မော်တယ့် လမ်းညွှန်မှုကို လိုက်နာပါ့မယ်..."
အိုးယန်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
"သေမျိုးတွေရဲ့ အာဏာက ငါတို့အတွက် ကြက်ရိုး တစ်ရိုးလိုပဲ... သေမျိုးတွေရဲ့ ကံကြမ္မာဆက်နွှယ်မှုထဲမှာ ငါတို့ မပတ်သက်ချင်ဘူး... ဒါကြောင့် ခင်ဗျား ဘာမှ သံသယဖြစ်နေစရာ မလိုဘူး... ငါ့ရဲ့ ဂျူနီယာညီလေး ကလဲ့စားချေဖို့အတွက် ငါက ခင်ဗျားတို့ရဲ့ လက်တွေကို အသုံးချချင်ရုံ သက်သက်ပါ..."
သူ၏ နံဘေးရှိ လူငယ်က ရှဲ့ချုံယန်ကို တီးတိုးပြောဆိုလိုက်လေ၏။
"အဖေ... အမတ်တွေအနေနဲ့ ငါတို့ရဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားပြီး တော်ဝင်မိသားစုကို စောင့်ကြည့်ရအောင်..."
လူငယ်၏ စကားကို ကြားချိန်တွင် အိုးယန်သည် အံ့အားသင့်သွားသော အမူအယာကို မပြသဘဲ မနေနိုင်ခဲ့ချေ။
ဤစကားလုံးများသည် စံနှုန်းမီ သူပုန်တစ်ယောက်သာ ပြောရဲသော စကားများ ဖြစ်ပေ၏။
မည်သို့ဖြစ်သွားသနည်း... ခုလေးတင် အမတ်တစ်ယောက်၏ ကျင့်ဝတ်များကို ထိန်းသိမ်းထားသော လူငယ်က သူ၏ ပုန်ကန်တတ်သည့် စရိုက်ကို ချက်ချင်းပင် ထုတ်ပြလိုက်ခြင်းလော...
မင်း၏ ဖြောင့်မတ်သောချီများက အော်ဟစ်နေပြီဟေ့...
ထူးဆန်းစွာ စတိုင်ပြောင်းသွားသူမှာ စာဖတ်လွန်းသဖြင့် ရူးမိုက်နေသည်ဟု အိုးယန် ခုလေးတင် ထင်မှတ်ထားခဲ့သော လူငယ် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
လူငယ်က အိုးယန်ကို လက်အုပ်ချီကာ ပြောဆိုလိုက်လေ၏။
"အင်မော်တယ်က ငါတို့ ရှဲ့မိသားစုကို ဒီလို အခွင့်အရေးမျိုး ပေးလာမှတော့ တကယ်လို့ ငါတို့ ရှဲ့မိသားစုက လက်မခံဘူးဆိုရင် အင်မော်တယ်ကို မနှစ်မြို့စေသလို ဖြစ်မသွားဘူးလား..."
သူ၏ အမူအယာမှာ နူးညံ့နေပြီး သဘာဝကျကျ ပြောဆိုလိုက်သော်လည်း ၎င်းက အမတ် တစ်ယောက်၏ ကျင့်ဝတ်များအကြောင်း အော်ဟစ်နေခဲ့သည့် ခုလေးတင်က ဖြောင့်မတ်သော ဒေါသများနှင့်မူ အတော်လေး ကွာခြားနေပေ၏။
"မင်းကို ဘယ်လို ခေါ်ရမလဲ မသိဘူး..."
အိုးယန်လည်း စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်လေသည်။
လူငယ်က ရိုသေစွာ ပြောဆိုလိုက်၏။
"ကျွန်တော်က မက်မွန်ပွင့်ရွက်မြို့ရဲ့ မြို့စားငယ် ရှဲ့ရှင်းကျစ် ပါ..."
"မင်းက... အရမ်း ကောင်းတယ်... မင်းနဲ့ဆိုရင် ရှဲ့မိသားစုက ကြီးပွားတိုးတက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး..."
အိုးယန်သည် အချိန်အတော်ကြာ ကြောင်အသွားပြီး ခြောက်ကပ်ကပ် ချီးကျူးစကား တစ်ခွန်းကိုသာ ပြောဆိုနိုင်တော့၏။
ရှဲ့ရှင်းကျစ်က ပြောဆိုလိုက်လေသည်။
"အင်မော်တယ်နဲ့ ကျွန်တော့် ဇနီး ရွှမ်အာတို့က အသိဟောင်းတွေ ဖြစ်ပြီး ယခင်မင်းဆက်က မင်းသားက ထီးနန်းကို စိတ်မဝင်စားတဲ့အတွက် ငါတို့ ရှဲ့မိသားစုက လေကြောကို စီးနေရုံ သက်သက်ပါ..."
သူက ယခုကတည်းက 'ယခင်မင်းဆက်' ဟု ခေါ်နေပြီလော... သစ္စာဖောက် တစ်ယောက်၏ ဇာတ်ကောင်ကို သူ ဤမျှ မြန်မြန် လက်ခံလိုက်ပြီလော...
နေပါဦး... ငါ့ဇနီး ရွှမ်အာ ဟုတ်လော...
အိုးယန်၏ ပါးစပ် တွန့်ကွေးသွားပြီး ထပ်တူ ဝေခွဲမရဖြစ်နေသော လန်ချင်းဆုန့်ကို ကြည့်လိုက်လေ၏။ ကြည့်စရာ ပွဲတစ်ပွဲ ရှိနေပြီ...
"ရွှမ်အာက မင်းနဲ့ ဘာတော်တာလဲ..."
အေးစက်မှု အရှိဆုံး လန်ချင်းဆုန့်ပင်လျှင် မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဒီနှစ် ရွှမ်အာနဲ့ ကျွန်တော် စေ့စပ်ခဲ့ကြတယ်... ကျွန်တော်တို့က လင်မယားတွေ ဖြစ်နေကြပြီလေ... အင်မော်တယ် နှစ်ပါးက အင်မော်တယ်တွေရဲ့ တာအိုကို ကျင့်ကြံနေကြတာဆိုတော့ ငါတို့ သေမျိုးတွေက သဘာဝကျကျ အသိမပေးနိုင်ခဲ့ပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
လူငယ်က ရိုးသားစွာ ပြောဆိုလိုက်လေ၏။
အပြောအဆိုများမှာ ထုံအသွားစေသည်။
သူ၏ ဒုတိယညီလေးသည် ကံကြမ္မာက သတ်မှတ်ထားသော ရွေးချယ်ခံရသူ ဖြစ်ပေ၏။ ပထမဆုံး သူ၏ ကိုယ်ပိုင် နိုင်ငံက သူ့ရှေ့ရှိ လူငယ်၏ ခိုးယူခြင်းကို ခံရတော့မည် ဖြစ်ပြီး ယခု သူ၏ ပထမဆုံး အချစ်ကလည်း ခိုးယူခံရတော့မည် ဖြစ်သည်။
သူက သူ၏ ဒုတိယညီလေး၏ ကောင်းမြတ်သော ကံကြမ္မာကို အညှာအတာမဲ့စွာ အသုံးချတော့မည်လော။
အိုးယန်၏ မျက်လုံးက တွန့်ကွေးသွားပြီး သူ၏ ဝေခွဲမရဖြစ်နေသော ဒုတိယညီလေးကို ကြည့်ကာ မျက်နှာကို အုပ်ထားရင်း ဘာပြောရမှန်း မသိဖြစ်နေ၏။
လန်ချင်းဆုန့်က မြင်းလှည်းထဲတွင် ဖုတ်ခနဲ ထိုင်ချလိုက်ပြီး သူ၏ ရင်ဘတ်ထဲတွင် အသက်ရှူကြပ်သွားသကဲ့သို့ ဖြစ်ကာ ဘာပြောရမှန်း မသိဖြစ်နေပေသည်။
သို့ရာတွင် ရှဲ့ရှင်းကျစ်က အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အမူအယာဖြင့် မတ်တတ်ရပ်ကာ ပြောဆိုလိုက်လေ၏။
"ငါတို့ မက်မွန်ပွင့်ရွက်မြို့မှာ ရိက္ခာတွေ ပေါများပေမယ့် စစ်အင်အားကတော့ အားနည်းနေတယ်... အခု ရှန်းထျန်းအဆင့် မဟာဆရာသခင် တစ်ရာ ထပ်တိုးလာတော့ ငါတို့ရဲ့ အကြီးမားဆုံး အားနည်းချက်ကို ဖာထေးနိုင်သွားပြီ... ထန်နိုင်ငံ အတွင်းက မြို့ပေါင်း နှစ်ဆယ့်တစ်မြို့နဲ့ ငါတို့ မဟာမိတ်ဖွဲ့ပြီး တော်ဝင်မြို့တော်ဆီ တိုက်ရိုက် ချီတက်ကြမယ်..."
လခွီး... ဤကလေး၌ ပုန်ကန်လိုသည့် အရိုးများ ရှိနေသည်မှာ ကြာလောက်ပြီ ဖြစ်မည်...
သူက အခြေအနေ တစ်ခုတည်းကိုသာ ပစ်ချခဲ့ခြင်းဖြစ်ရာ ဤကလေးသည် ပုန်ကန်မည့် လမ်းကြောင်းကိုပင် အကွက်ချ စီစဉ်ပြီးဖြစ်နေလေ၏။
သူက ထို ဖြောင့်မတ်သောချီကို မည်သို့ ကျင့်ကြံခဲ့သနည်း...
လန်ချင်းဆုန့်သည် တစ်ဖက်လူ၏ မရပ်မနား ပြောဆိုနေမှုများကို ဆက်လက် သည်းမခံနိုင်တော့ချေ။ သူက ဓားကို ပိုက်ကာ မြင်းလှည်းထဲမှ ပျံသန်းထွက်ခွာသွားလေ၏။
အိုးယန်က ကျောက်စိမ်းဖြူ ဆွဲကြိုးကို ကိုင်ထားပြီး စိတ်လှုပ်ရှားနေသော ရှဲ့ရှင်းကျစ်ကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောဆိုလိုက်သည်။
"မင်း ဘယ်လို ပုန်ကန်မလဲဆိုတာ မင်းရဲ့ ကိစ္စပဲ... ငါ့မှာ အခြေအနေ တစ်ခုတည်းပဲ ရှိတယ်... အင်ပါယာမြို့တော်ကို မင်းတို့ သိမ်းပိုက်ပြီးရင် အဲ့ဒီလူကို ငါ အရှင်လတ်လတ် လိုချင်တယ်..."
"အင်မော်တယ် တောင်းဆိုချက်ကို ကျွန်တော် မငြင်းဆန်ရဲပါဘူး..."
ရှဲ့ရှင်းကျစ်က ဦးညွတ်ကာ ပြောဆိုလိုက်လေ၏။
အိုးယန်က သူ့ရှေ့ရှိ ရှဲ့ရှင်းကျစ်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ငိုက်မျဉ်းနေပြီဖြစ်သော ဟူထူကို ကောက်ချီကာ မြင်းလှည်းထဲမှ ထွက်လာခဲ့ပေသည်။
လန်ချင်းဆုန့်၏ တည်နေရာကို ခံစားသိရှိပြီးနောက် အိုးယန်သည် ခုန်ပေါက်မှု အနည်းငယ်ဖြင့် လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေတော့၏။
"ရှင်းကျစ်... မင်း တကယ်ပဲ ပုန်ကန်ချင်နေတာလား..."
ရှဲ့ချုံယန်က ကြွေဖြူပုလင်းကို ဂရုတစိုက် ကိုင်ထားပြီး မေးမြန်းလိုက်လေသည်။
"အဖေ... အဲ့ဒီ ဧကရာဇ်အိုကြီးက ရွှမ်အာကို ခေါ်သွားကတည်းက သူ့ကို အစားထိုးဖို့ စိတ်ကူး ကျွန်တော့်မှာ ရှိနေခဲ့တာ... အင်မော်တယ် နှစ်ပါးမှာလည်း ဒီရည်ရွယ်ချက် ရှိနေမှတော့ ဘာလို့ ငါတို့ မလုပ်ရမှာလဲ..."
အိုးယန် ပျောက်ကွယ်သွားသော ဦးတည်ရာကို ကြည့်ကာ ရှဲ့ရှင်းကျစ်က တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။
ရှဲ့ချုံယန်ကလည်း လေးလံစွာ ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"ဒါဆိုရင်လည်း မင်းနဲ့ငါ မက်မွန်ပွင့်ရွက်မြို့ကို ပြန်သွားပြီး မိသားစု တပည့်တွေကို စုစည်းမယ်... ရှန်းထျန်းအဆင့် မဟာဆရာသခင် တစ်ရာကို ပြုစုပျိုးထောင်ပြီးရင် ဒီကိစ္စကို ငါတို့ စီစဉ်ကြမယ်..."
"အားလုံး အဖေ့ သဘောအတိုင်းပါပဲ..."
ရှဲ့ရှင်းကျစ်က ပြောဆိုလိုက်လေ၏။
ဤအခိုက်အတန့်တွင် ရှဲ့ရှင်းကျစ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဖြောင့်မတ်သောချီ သည် အင်ပါယာချီ အရိပ်အယောင်တစ်ခုဖြင့် ဖြည်းညင်းစွာ စွန်းထင်းလာပေသည်။
အိုးယန်က ဟူထူကို ရေတံခွန် တစ်ခုဆီသို့ သယ်ဆောင်လာခဲ့၏။ လန်ချင်းဆုန့်သည် မီတာတစ်ရာမြင့်သော ရေတံခွန်ရှေ့တွင် ဓားကို ကိုင်ဆောင်လျက် ရပ်နေပေသည်။
သူ၏ ဆေဘာဓားစိတ်ဆန္ဒ လှိုင်းထလာပြီး သူ၏ လက်တစ်ချက် မြှောက်မှုနှင့်အတူ မမြင်ရသော ဓားရှည်တစ်လက်က ရေတံခွန် တစ်ခုလုံးကို ဖြတ်ပိုင်းသွားလေ၏။
မျက်တောင်တစ်ခတ်အတွင်း သူက အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်လိုက်ပြီး ရေတံခွန် တစ်ခုလုံးသည် ဓားချီများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားပေသည်။
ကြမ်းတမ်းသော စစ်မှန်သောချီများ သည် ရေတံခွန်ပေါ်တွင် သောင်းကျန်းနေသော်လည်း လန်ချင်းဆုန့်၏ မျက်နှာပေါ်တွင် မည်သည့် အမူအယာမျှ မရှိခဲ့ချေ။
အိုးယန်က ဧရာမ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဆင်းသက်လိုက်ပြီး ခြေချိတ်ထိုင်ကာ အိပ်ပျော်နေသော ဟူထူကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားလေ၏။ သူ၏ လက်တစ်ချက် မြှောက်မှုနှင့်အတူ စစ်မှန်သောချီ အတားအဆီးတစ်ခုက သူ့ရှေ့ရှိ ရေများကို ပိတ်ဆို့လိုက်ပေသည်။
"အစ်ကို... အစ်ကိုက ကျွန်တော် ကံကြမ္မာဆက်နွှယ်မှုတွေထဲမှာ မပတ်သက်မိအောင် တခြားသူတွေကို အသုံးချပြီး သတ်ခိုင်းနေတာလား..."
ဒေါသထွက်ပြီးနောက် လန်ချင်းဆုန့်က အိုးယန်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်လေသည်။
အိုးယန်က ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။
"ပြီးခဲ့တဲ့ တစ်ခေါက်က ဂျူနီယာညီလေး ရှောင်ကို နဂါးနဲ့ ဖီးနစ်ငှက် ဖြစ်အောင် ငါ ဉာဏ်အလင်း ပွင့်စေခဲ့တုန်းက ကောင်းကင်ဘုံ ပြစ်ဒဏ်ရဲ့ စွမ်းအားက အရမ်း အားနည်းလွန်းလို့ အခွင့်အရေး တစ်ခု ရခဲ့တာ... ထို့ပြင် နတ်ဘုရားသားရဲတွေ ဉာဏ်အလင်း ပွင့်တာကို မိုးကောင်းကင်တာအိုက လုံးဝ ခွင့်မပြုတဲ့အတွက် ရိုးရှင်းတဲ့ မိုးကြိုး ပြစ်ဒဏ်တွေပဲ ရှိခဲ့တာလေ... တကယ်လို့ မင်းက သေမျိုးတွေရဲ့ ကံကြမ္မာဆက်နွှယ်မှုထဲမှာ ပတ်သက်မိသွားရင် မြင်လည်းမမြင်ရ ထိတွေ့လို့လည်း မရတဲ့ အဲ့ဒီ အပြစ်ပေးမှုက နောက်ဆုံးမှာ မင်းအပေါ် ကျရောက်လာလိမ့်မယ်... ကာကွယ်လို့မရတဲ့ အဲ့ဒီလို ကံကြမ္မာ ပြစ်ဒဏ်တွေထဲမှာ မပါဝင်တာက ပိုကောင်းတယ်..."
လန်ချင်းဆုန့်က ဓားကို သိမ်းလိုက်ပြီး ဧရာမ ကျောက်တုံးကြီးပေါ်တွင် ဆင်းသက်ကာ မေးမြန်းလိုက်လေသည်။
"ဒါဆို ငါ့မိဘတွေအတွက် ကလဲ့စားချေတာကရော ဘယ်လိုလုပ်မလဲ... တခြားသူတွေကို အသုံးချပြီး သတ်ခိုင်းတာကလည်း ငါ့ရဲ့ တာအို နှလုံးသားကို မထိခိုက်စေဘူးလား..."
အိုးယန်က ပြုံးပြီး ပြောဆိုလိုက်၏။
"ဧကရာဇ်အိုကြီးရဲ့ ကံကြမ္မာက ကြီးမားပေမယ့် တကယ်လို့ သူက ဧကရာဇ်အိုကြီး မဟုတ်တော့ဘူးဆိုရင် ဘာကံကြမ္မာ ရှိတော့မှာလဲ..."
ရှဲ့မိသားစုက ပုန်ကန်ရန် စစ်တပ်တစ်ခု ဖွဲ့စည်းပြီး ထီးနန်းကို သိမ်းပိုက်ပြီးနောက် ဧကရာဇ်အိုကြီးသည် ဧကရာဇ်အိုကြီး ဖြစ်တော့မည် မဟုတ်ဘဲ သဘာဝကျကျပင် ကံကြမ္မာဆက်နွှယ်မှု ရှိတော့မည် မဟုတ်ချေ။
ထိုအခါမှသာ လန်ချင်းဆုန့်သည် သူ၏ အစ်ကိုကြီး ဘာလုပ်ချင်သနည်းကို နားလည်သွားလေ၏။ သူက ခေါင်းညိတ်ပြီး ပြောဆိုလိုက်သည်။
"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ..."
အိုးယန်က တော်ဝင်မြို့တော်ဆီသို့ လက်ညှိုးထိုးပြကာ ပြောဆိုလိုက်လေ၏။
"မင်းရဲ့ ရည်းစားဟောင်းက ဒုက္ခရောက်နေတုန်းပဲလေ... သေချာပေါက် ငါတို့ အဲ့ဒီကို သွားရမှာပေါ့..."
အခန်း ၆၀ - ကြေးနီရောင် ပိတ်ပါးစ
ထန်နိုင်ငံ၏ တော်ဝင်မြို့တော်သည် ကြီးမားကျယ်ပြန့်သော မြို့တော်တစ်ခုဖြစ်ပြီး အလွန် ကြီးမားလွန်းသဖြင့် လူသန်းပေါင်းများစွာ ၎င်းအတွင်း စုပြုံနေထိုင်ကြကာ ဤမြို့တော်သည် သေမျိုးလောကတွင် အစည်ကားဆုံး မြို့တော်လည်း ဖြစ်ပေ၏။
တော်ဝင်မြို့တော်ကို ရပ်ကွက် ငါးဆယ့်ခြောက်ခု အဖြစ် ခွဲခြားထားပြီး တစ်ခုစီကို မြင့်မားသော နံရံများဖြင့် ပိုင်းခြားထားကာ အရှေ့နှင့် အနောက် ဧရာမ စျေးကြီး နှစ်ခုတွင်သာ မြို့တော်၏ စည်ကားလှသော မြင်ကွင်းကို မြင်တွေ့နိုင်လေသည်။
အရှေ့စျေးတွင် လူများ သွားလာနေကြပြီး သကြားရုပ်တု ပြုလုပ်သူများ၊ မျက်လှည့်သမားများ၊ အရုပ်ငယ်လေးများ ရောင်းချသော ဈေးသည်များနှင့် ဈေးသည်များ၏ အမျိုးမျိုးသော အော်ဟစ်သံများ၊ စျေးဆစ်သံများ ဆူညံနေပေ၏။
အပျော်ဆုံးမှာ သဘာဝကျကျပင် ဟူထူ ဖြစ်လေ၏။ ကလေးမလေးက အော်ဟစ်ပြီး လူအုပ်ထဲသို့ တိုးဝင်သွားကာ သူမ ယခင်က တစ်ခါမျှ မကြုံဖူးသော စိတ်လှုပ်ရှားမှုများကို နှစ်ခြိုက်စွာ ခံစားနေပေသည်။
အိုးယန်ပင်လျှင် ဤမျှ ကြီးမားသော မြို့တော်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ မက်မွန်ပွင့်ရွက်မြို့တွင် အသက်ငါးနှစ် အရွယ်ကတည်းက အသက်ရှင်သန်ရေးကိုသာ အာရုံစိုက်ခဲ့ရသော အိုးယန်သည် သေမျိုးလောက၏ အစစ်အမှန် အသွင်အပြင်ကို ခံစားရန် အချိန်မရှိခဲ့ချေ။
ယခုအခါ ဤနေရာတွင် အေးအေးဆေးဆေး လမ်းလျှောက်ခွင့် ရရှိသဖြင့် ခေတ်ကာလများကို ဖြတ်သန်းလာရသကဲ့သို့ သူ တကယ်ပင် ခံစားလိုက်ရလေ၏။
"ဟွန့် ဟွန့် ဟွန့်... စီနီယာအစ်ကို... အဲ့ဒါက ဘာလဲ..."
လက်တစ်ဖက်တွင် သကြားရုပ်တု တစ်ခုကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် သကြားလုံးချောင်း တစ်ချောင်းကို ကိုင်ထားသော ဟူထူသည် အိုးယန်၏ ပခုံးပေါ်တွင် ထိုင်ကာ ဆန်ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"အဲ့ဒါက ဆန်ဆိုင်လေ..."
အိုးယန်က တစ်ချက်ကြည့်ပြီး ပြန်လည်ဖြေကြားလိုက်၏။
"အဲ့ဒီနေရာက ဘာလုပ်ဖို့လဲ..."
"အဲ့ဒါက စားသောက်ဆိုင်လေ... အစားအသောက် စားတဲ့ နေရာပေါ့..."
"ဟိုမှာ... ဟိုမှာ... အဲ့ဒီနေရာကရော..."
"အဲ့ဒါက အဝတ်အစား ချုပ်ဖို့ အထည်တွေ ရောင်းတဲ့ နေရာလေ..."
"အော်... ဟိုမှာ... ဟိုမှာ... လှပတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ အဲ့ဒီ စီနီယာအစ်မတွေက ငါ့ကို လက်ပြနေတယ်..."
သူမ၏ လက်ထဲရှိ သကြားရုပ်တုကို လှုပ်ယမ်းရင်း ဟူထူက တခစ်ခစ် ရယ်မောကာ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်များ ပြသနေသည့် ဒုတိယထပ်မှ အမျိုးသမီးများကို လက်ပြနှုတ်ဆက်လိုက်လေ၏။
အိုးယန်က ပြည့်တန်ဆာအိမ် ၏ စာလုံးကြီးများကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အနေရခက်စွာဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒါက ကလေးတွေ ကြည့်ဖို့ နေရာ မဟုတ်ဘူး..."
"ဘာလို့လဲ... ထူထူလည်း လှပတဲ့ အဝတ်အစားတွေ ဝတ်ချင်တယ်လေ..."
ပြည့်တန်ဆာအိမ်မှ အဝတ်အစား ပါးပါးလေးများ ဝတ်ဆင်ထားသော အမျိုးသမီးများကို တောင့်တစွာ ကြည့်ရင်း ဟူထူက ပြောဆိုလိုက်လေ၏။
"အဲ့ဒါက မိန်းကလေးဆိုးတွေပဲ သွားတဲ့ နေရာတွေလေ... ထူထူလို ချစ်စရာကောင်းတဲ့ မိန်းကလေးက အဲ့ဒီလို နေရာတွေကို မသွားသင့်ဘူး..."
အိုးယန်က လေးနက်စွာ ပြောဆိုလိုက်၏။
ထို့နောက် သူက ခေါင်းလှည့်ကာ ပြည့်တန်ဆာအိမ်ရှိရာဘက်သို့ အနည်းငယ် မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ကူးပြောင်းလာခြင်း ဖြစ်သော်လည်း ပြည့်တန်ဆာအိမ်သို့ တစ်ခါမျှ မရောက်ဖူးသဖြင့် သူသည် ကျရှုံးသော ကူးပြောင်းလာသူ တစ်ဦးကဲ့သို့ တကယ်ပင် ခံစားလိုက်ရပေ၏။
"အစ်ကို... ကျင့်ကြံသူတွေ ရှိတယ်..."
လန်ချင်းဆုန့်က သူ၏ နံဘေးမှ ရုတ်တရက် ပြောဆိုလိုက်လေသည်။
"ကျင့်ကြံသူတွေ..."
အိုးယန်က မျက်ခုံးပင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။
သူကိုယ်တိုင်ကမူ ဘာကိုမျှ မတွေ့ရှိခဲ့ချေ။ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိနေသဖြင့် ကျင့်ကြံသူများကို အာရုံခံနိုင်စွမ်း သူ့ထံတွင် မရှိသေးချေ။
ထိုအကြောင်း ပြောရမည်ဆိုလျှင် တော်တော်လေး ကံဆိုးလှပေသည်။
အခြေခံအကျဆုံး ဒြပ်စင်ငါးပါး နည်းစနစ်အချို့ကိုသာ သိရှိပြီး သူ၏ ကိုယ်ပိုင် ပါရမီက ညံ့ဖျင်းနေခြင်းက လုံလောက်အောင် ဆိုးရွားနေပြီ ဖြစ်သည်။
သူ၏ ဒုတိယညီလေး၏ ပါရမီက ထူးခြားပြောင်မြောက်သော်လည်း ဓားတာအိုမှလွဲ၍ အခြားမည်သည့်အရာကိုမဆို သူက အထင်အမြင်သေးလေ၏။
ရလဒ်အနေဖြင့် သူတို့နှစ်ဦး တော်ဝင်မြို့တော်သို့ ရောက်ရှိလာကြသော်လည်း ဧကရာဇ်အိုကြီးက တော်ဝင်မြို့တော်သို့ ခေါ်ဆောင်သွားခဲ့သော ရွှမ်အာနှင့် အခြားသူများ မည်သည့်နေရာတွင် ရှိနေသနည်းဆိုတာကို သူတို့ ရှာမတွေ့နိုင်ခဲ့ကြချေ။
အကယ်၍ သူတို့၏ တတိယအစ်ကို သို့မဟုတ် လူသစ်လေးသာ ဤနေရာတွင် ရှိနေပါက ဤမျှလောက်အထိ ဒုက္ခရောက်မည် မဟုတ်သည်မှာ သေချာပေ၏။
ထိုနှစ်ဦးစလုံးက အရာအားလုံး အနည်းငယ်စီ သိရှိသော ကျင့်ကြံသူကြီးများ ဖြစ်ကြလေသည်။
အိုးယန်က သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ မည်သည့် ခြိမ်းခြောက်မှုကိုမျှ မခံစားရသဖြင့် လန်ချင်းဆုန့်ကို မေးမြန်းလိုက်၏။
"သူတို့က အရမ်း အားကောင်းလား..."
"အရမ်း အားကောင်းတယ်..."
လန်ချင်းဆုန့်က ရိုးသားစွာ ဖြေကြားလိုက်လေသည်။
လန်ချင်းဆုန့်က "အရမ်း အားကောင်းတယ်" ဟု ခေါ်ဆိုသူ မည်သူမဆို အနည်းဆုံးတော့ အခြေတည်စဝိညာဉ်အဆင့် သို့မဟုတ် အထက်ရှိ ကျင့်ကြံသူကြီးများ ဖြစ်ရမည်မှာ သေချာပေ၏။
ထိုကဲ့သို့သော ကျင့်ကြံသူကြီး တစ်ဦးက ဤ တော်ဝင်မြို့တော်တွင် ရှိနေရန်ဆိုသည်မှာ... ဤ သေမျိုးလောကကို စွဲလမ်းသွားပြီး ကျင့်ကြံခြင်းကို ဆက်လက် မလိုက်စားတော့သော ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်သလော။
အိုးယန် စဉ်းစားနေစဉ် ရုတ်တရက် အနီရောင် ဖဲကြိုးတစ်ချောင်းက သူ၏ မျက်လုံးရှေ့သို့ ကျဆင်းလာပေသည်။
သူက လှမ်း၍ အနီရောင် ဖဲကြိုးကို ဖမ်းဆုပ်လိုက်ရာ ရင်းနှီးနေသော ရနံ့တစ်ခုက သူ့ထံသို့ လွင့်ပျံလာလေ၏。
"ဒီရနံ့... လခွီး... စီနီယာအစ်မ ရှောင်ယွဲ့ပဲ..."
အိုးယန် အလွန်အမင်း ထိတ်လန့်သွားပြီး ရှုပ်ထွေးသော အမူအယာဖြင့် လန်ချင်းဆုန့်ကို လှည့်ကြည့်လိုက်လေသည်။
သူ၏ ဒုတိယညီလေးက ထိုမျှလောက်တောင် ကံဆိုးနေသလော...
ထို့နောက် ရှင်းလင်းသော အမျိုးသမီး အသံတစ်ခုက သူ၏ စိတ်ထဲတွင် မြည်ဟည်းလာလေ၏。
"မင်းတို့ ဘယ်သွားမလို့လဲ... ဆုန့်ဆုန့်လေးကို အပေါ်ခေါ်လာခဲ့..."
ပြေးရန် ပြင်နေသော အိုးယန်သည် အနေရခက်စွာဖြင့် နောက်သို့ ပြန်လှည့်လာပြီး သူ့ရှေ့ရှိ ပြည့်တန်ဆာအိမ်ကို ကြည့်ကာ လန်ချင်းဆုန့်အား အနည်းငယ် အရှက်ရစွာဖြင့် ပြောဆိုလိုက်လေသည်။
"ဒုတိယညီလေး... မင်း ပြည့်တန်ဆာအိမ်ကို ရောက်ဖူးလား..."
လန်ချင်းဆုန့်က ခေါင်းခါမ်းလိုက်လေ၏။ အိုးယန် ပြောသော "ပြည့်တန်ဆာအိမ်" ဆိုသည်မှာ ဘာမှန်း သူ မသိရှိသလို အထူးသဖြင့် သူ၏ စိတ်နှလုံးသည် ရွှမ်အာ၏ လက်ထပ်မည့်ကိစ္စကြောင့် လောလောဆယ် ဒုက္ခရောက်နေသောကြောင့် ဖြစ်ပေ၏။
အိုးယန်၏ ပခုံးပေါ်ရှိ ဟူထူက ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ထူထူလည်း ပြည့်တန်ဆာအိမ်ကို တစ်ခါမှ မရောက်ဖူးဘူး... ထူထူလည်း ပြည့်တန်ဆာအိမ်ကို သွားချင်တယ်..."
သူမ၏ အပြစ်ကင်းသော အသံက ပတ်ဝန်းကျင်ရှိ လူများထံမှ စူးစမ်းလိုသော အကြည့်များကို ဆွဲဆောင်သွားလေ၏။ အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက် နှစ်ဦးနှင့် အသက်ငါးနှစ်အရွယ် ကလေးမလေး တစ်ဦးတို့က ပြည့်တန်ဆာအိမ်သို့ သွားရောက်ရန် ကျယ်လောင်စွာ ဆွေးနွေးနေကြသည်ကို သူတို့ မြင်တွေ့လိုက်ရချိန်တွင်...
အိုးယန်အပေါ် ထားရှိသော သူတို့၏ အကြည့်များက အနည်းငယ် ညစ်ညမ်းသွားလေ၏။ ဘယ် သခင်လေးက ဒီလောက်တောင် အရှက်မရှိရတာလဲဟု သူတို့ တွေးလိုက်ကြသည်။
အိုးယန်က သူ၏ စိတ်ကိုတင်းကျပ်လိုက်ပြီး ဟူထူနှင့် လန်ချင်းဆုန့်တို့ကို ပြည့်တန်ဆာအိမ်ရှိရာသို့ ခေါ်ဆောင်သွားလေ၏။
သူတို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ထူးခြားသော ရနံ့တစ်ခုက သူတို့ကို လာရောက် ရိုက်ခတ်လေသည်။ အနီရဲရဲ အလှဆင်မှုများက ထိုနေရာကို နူးညံ့ပြီး ဆုတ်ယုတ်နေသော နားခိုရာ နေရာတစ်ခု ဖြစ်စေခဲ့လေ၏။
အဝတ်အစား ပါးပါးလေးများ ဝတ်ဆင်ထားသော စီနီယာအစ်မ ဒါဇင်ပေါင်းများစွာသည် သူတို့ သုံးဦးအတွက် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်များ ပြသနေကြပေသည်။
ထိုအရာက အမျိုးသားများနှင့် အမျိုးသမီးများ၏ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြဲတမ်း ရိုးအလွန်းသော လန်ချင်းဆုန့်ကို ချက်ချင်း မျက်နှာနီရဲသွားစေခဲ့လေ၏။ သူက အိုးယန်ကို ကြည့်ကာ ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်သည်။
"အစ်ကို... ငါတို့ ဘာလို့ ဒီကို ရောက်နေတာလဲ..."
"ငါတို့ အသိဟောင်း တစ်ယောက်နဲ့ သွားတွေ့မလို့... မင်း အများကြီး အံ့အားသင့်သွားမယ်လို့ ငါ အာမခံတယ်..."
အိုးယန်က တီးတိုး သတိပေးလိုက်လေ၏။
"ဒီလို နေရာမျိုးမှာ ဘယ်လို အသိဟောင်းမျိုး ရှိနိုင်မှာလဲ... ဆရာ့ရဲ့ သူငယ်ချင်းလား..."
သူ၏ ငယ်ရွယ်သေးသော စိတ်ကို ရိုက်ခတ်နေသည့် ဆုတ်ယုတ်နေသော အသံများနှင့် မလျော်ကန်သော မြင်ကွင်းများကို လန်ချင်းဆုန့် ကြည့်လိုက်လေသည်။
သူ၏ ဆရာ တစ်ယောက်တည်းသာ ဤကဲ့သို့သော နေရာမျိုးသို့ လာလိမ့်မည် ဖြစ်၏။ အကယ်၍ လူကြီး တစ်ဦးဦး ရှိနေပါက သူတို့သည် သူ၏ ဆရာ၏ မိတ်ဆွေဟောင်းများ ဖြစ်ရမည်မှာ သေချာပေသည်။
သူတို့ သုံးဦး ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် စူးစမ်းလိုသော အကြည့်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့ကြလေ၏။
မည်သို့ပင်ဆိုစေ ကလေးငယ် တစ်ဦး ပါလာသော ဆယ်ကျော်သက် နှစ်ဦးသည် ဖောက်သည်များအဖြစ် လာရောက်ပုံ မပေါ်သောကြောင့် ဖြစ်ပေသည်။
အနီရောင် ပိုးသား ဂါဝန်ကို ဝတ်ဆင်ထားသော အမေကြီး တစ်ဦးက ယိမ်းနွဲ့လာပြီး သူမ၏ လက်ကိုင်ပဝါကို ဆွဲဆိတ်ကာ အိုးယန်ကို မေးမြန်းလိုက်လေ၏။
"သခင်လေး... ရှင်က သခင်မလေး ရှောင်ယွဲ့ရဲ့ အသိဟောင်းလား..."
လန်ချင်းဆုန့်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး အိုးယန်ကို ပြောဆိုလိုက်သည်။
"သွားကြစို့..."
လန်ချင်းဆုန့် ပြေးတော့မည့်ဆဲဆဲတွင် သူတို့ ပတ်လည်ရှိ လေထုသည် ရုတ်တရက် စေးပျစ်သွားလေ၏။ အဆောက်အအုံ အတွင်းရှိ အရာအားလုံးသည် လုံးဝ ရပ်တန့်သွားသည်အထိ မြင်သာသော အမြန်နှုန်းဖြင့် နှေးကွေးသွားပေသည်။ အမေကြီး၏ ပါးစပ်မှ ပန်းထွက်လာသော တံတွေးများ လေထဲတွင် တွဲလောင်းဖြစ်နေသည်ကိုပင် အိုးယန် မြင်တွေ့နိုင်လေ၏။
"ဆုန့်ဆုန့်လေးက အပြင်ဘက်မှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
စွဲမက်ဖွယ်ကောင်းသော အသံတစ်ခု အပေါ်ထပ်မှ ထွက်ပေါ်လာလေသည်။
ပုံမှန်အားဖြင့် အေးစက်စက် နေတတ်သော လန်ချင်းဆုန့်၏ ဓားကို ဆုပ်ကိုင်ထားသည့် လက်မှာ အနည်းငယ် တုန်ယင်သွားပေ၏။ သူက အပေါ်ထပ်ရှိ အမျိုးသမီးကို တောင့်တင်းစွာ ဦးညွတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"စီနီယာအစ်မ... နှုတ်ခွန်းဆက်သပါတယ်..."
ဒုတိယထပ်ရှိ လှေကားထစ်တွင် အနီရဲရဲ ဂါဝန်ကြီးကို ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦး တိတ်ဆိတ်စွာ ရပ်နေပေ၏။ သူမက သူမ၏ မျက်နှာ တစ်ဝက်ကို ဖုံးကွယ်ထားသော ယပ်တောင်ဝိုင်း တစ်ခုကို ကိုင်ဆောင်ထားလေသည်။ သူမ၏ မိတ်ကပ် ပါးပါးလေး အောက်တွင် သူမ၏ မြေခွေး မျက်လုံးများသည် ဆွဲဆောင်မှုရှိသော စွဲမက်ဖွယ်ရာများဖြင့် ပြည့်နှက်နေပေ၏။
သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းပြီး ကျက်သရေရှိစွာ ယိမ်းနွဲ့နေကာ ပြီးပြည့်စုံစွာ ရင့်မှည့်နေသော မက်မွန်သီး တစ်လုံးကဲ့သို့ ဖြစ်နေလေသည်။
သို့ရာတွင် အိုးယန်နှင့် လန်ချင်းဆုန့်တို့သည် သူတို့ရှေ့ရှိ ပြိုင်ဘက်ကင်း လှပသော အမျိုးသမီးငယ်ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ ကြည့်နေကြပေ၏။ အိုးယန်က မသိမသာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး လန်ချင်းဆုန့်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီ ဖြစ်လေသည်။
"ဘာဖြစ်လို့လဲ... ဒီလောက် အချိန်တွေ အကြာကြီး နေမှ ငါတို့က စိမ်းသက်သွားကြတာလား..."
သူမ၏ အနည်းငယ် နာကြည်းနေပုံရသော တီးတိုးစကားသံက လူတစ်ဦး၏ စိတ်နှလုံးကို ကုတ်ခြစ်နေသကဲ့သို့ ဖြစ်ပြီး သနားစရာကောင်းသလို ခံစားရစေလေ၏။
ခေါင်းကိုက်လုမတတ် ဖြစ်နေသော လန်ချင်းဆုန့်က မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ကြည့်ကာ ခြောက်ကပ်ကပ် ပြောဆိုလိုက်သည်။
"စီနီယာအစ်မ... မကြာသေးခင်က နေကောင်းရဲ့လား..."
"ဟက်..."
အမျိုးသမီးက တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူမ၏ ယပ်တောင်ဝိုင်းကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ အနီရောင် ပိတ်ပါးစ တစ်ခုက အရပ်မျက်နှာ အသီးသီးမှ အိုးယန်နှင့် လန်ချင်းဆုန့်တို့ဆီသို့ ပျံသန်းလာလေ၏။
သူတို့၏ မျက်လုံးရှေ့တွင် ကျန်ရစ်ခဲ့သမျှမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော အနီရောင် ပိတ်ပါးစများသာ ဖြစ်ပေသည်။ ရုတ်တရက် ကျောက်စိမ်းရောင် လက်တစ်ဖက်က လန်ချင်းဆုန့်၏ လည်ပင်းပေါ်သို့ ကျရောက်လာပြီး နူးညံ့သော အသံတစ်ခုဖြင့် ပြောဆိုလိုက်လေ၏။
"ငါက ဆုန့်ဆုန့်လေးနဲ့ အတူတူတောင် ရေချိုးခဲ့ဖူးတာကို... အခု နင်က ငါ့ကို မြင်တော့ ပြေးချင်နေတာလား... နင်က စီနီယာဦးလေးဟူယွမ်လို နှလုံးသားမဲ့တဲ့ ယောကျာ်းတစ်ယောက် ဖြစ်ချင်နေတာလား..."
Book 6 end.