← Chapters

ယွမ်စီမှော်မိစ္ဆာကျင့်စဉ်

Vol. 7 Ch. 601

ယွမ်စီမှော်မိစ္ဆာကျင့်စဉ်

Vol. 7 Ch. 601

"ဒီတော့ သူတို့တိုင်းပြည်နှစ်ခုပူးပေါင်းသွားရင် ငါကိုယ်တော်ရဲ့ တာ့ရှားပြည်က သူတို့ကို အနိုင်မယူနိုင်ဘူးလို့ မောင်မင်းက ပြောချင်တာလား"

တာ့ရှားဧကရာဇ်၏ အသံက မိုးခြိမ်းသံအလား ဟိန်းထွက် လာလေသည်။

အမတ်မင်းများ အားလုံးမှာလည်း လေ့ဟုန်ကဲ့သို့ပင် တွေးထားကြသည် ဖြစ်လေရာ တာ့ရှား ဧကရာဇ်၏ အော်ဟစ် လိုက်သံကြောင့် ရင်တုန်ပန်းတုန်ပင် ဖြစ်သွား ကြရလေသည်။ မည်သို့ပင် ဖြစ်စေ ယင်းစန်းနှင့်တာ့ကျိုး ပူးပေါင်းသွား လျှင်တော့ တာ့ရှားပြည်မှာ ကျိန်းသေ ရှုံးနိမ့်ရမည်ပင် ဖြစ်လေ၏။

တာ့ရှားဧကရာဇ်က အမတ်မင်း တစ်ယောက်ချင်းစီကို စူးရှသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ အမတ်မင်းများ အားလုံးမှာ တာ့ရှားဧကရာဇ်ကို မော်မဖူးဝံ့ကြသလို မေးသည့် မေးခွန်းကိုလည်း အဖြေမပေးရဲကြပေ။

လေ့ဟုန်သည်လည်း စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းငုံ့လျက်သာ ရှိတော့သည်။

"ထားလိုက်တော့… ညီလာခံ သိမ်းမယ်"

တာ့ရှားဧကရာဇ်က ခက်ထန်သည့် လေသံဖြင့် ပြောလိုက်လေသည်။

ပြဿနာသည် အဖြေမထွက်ဘဲ ဘုရင့်ညီလာခံ ပြီးဆုံး သွားရလေသည်။ ညီလာခံ ပြီးသွားသည်နှင့် တာ့ရှားဧကရာဇ် သည် မေရှီ၏ သီဆိုကခုန်မှုများကိုသာ ရှုစားနေတော့သည်။

အချိန် (၉) နှစ်ကြာခဲ့သည့်တိုင် တာ့ရှားဧကရာဇ်သည် မေရှီကို ချစ်ခင်မြတ်နိုးခြင်းများ တစ်စက်ပင် လျော့မသွားခဲ့ပေ။ တစ်ချိန်တုန်းက မြင့်မြတ်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်ဝသူ တာ့ရှားဧကရာဇ်သည် ယခုတော့ မိန်းမ လိုက်စားခြင်းနှင့် အရက်သောက်ခြင်းတွင် နစ်မျော ပျောက်ကွယ်လျက် ရှိလေတော့သည်။ သို့သော် မပြောင်းလဲသည့်အရာကတော့ သူ၏ဒေါသပင် ဖြစ်လေသည်။

နန်းတော်အတွင်းမှ တူရိယာတီးမှုတ်သံများ ပျံ့လွင့်လာသည့်အခါတွင်တော့ နန်းရင်ပြင်မှ အမတ်မင်းများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြလေသည်။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်လျက် ရှိနေကြတော့သည်။

တာ့ရှားဧကရာဇ်သည် ရက်စက် ကြမ်းကြုတ်သူ တစ်ယောက် ဖြစ်သည့်တိုင် တာ့ရှားပြည်၏ အဓိက မဏ္ဍိုင် ဖြစ်လေသည်။ သို့သော်… ယခုတော့ တာ့ရှားဧကရာဇ် အပေါ်ထားသည့် သူတို့၏ ယုံကြည်မှုများသည် တဖြည်းဖြည်း ပျက်ယွင်းစ ပြုလာခဲ့ပြီ ဖြစ်လေသည်။

အမတ်မင်းများသည် အသီးသီး နန်းရင်ပြင်မှ ထွက်ခွာ သွားကြလေသည်။

နောက်ဆုံးထွက်ခွာသွားသူမှာ လေ့ဟုန် ဖြစ်လေ၏။ သူက နန်းရင်ပြင်မှ ထွက်ခွာရန် ခြေလှမ်းလိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ၏ အမည်ကို ခေါ်သံကို ကြားလိုက် ရလေသည်။

မထင်မှတ်စွာပင်….

နန်းတော် တံခါးဝတွင် ရပ်နေသည့် ကွမ်းလုန်ကျီကို တွေ့မြင်လိုက်ရလေသည်။

အချိန် (၉)နှစ် ကြာခဲ့ပြီးသည့်နောက် ….

ကွမ်းလုန်ကျီသည် ဆံပင်များ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေပြီး မျက်နှာတွင်လည်း မှဲ့ခြောက်များ ပေါက်လျှက်ရှိလေ သည်။ မပြောင်းလဲသည့် အချက်မှာ လောကရေးရာများကို ထိုးထွင်း သိမြင်နိုင်စွမ်းဖြင့် ပြည့်နှက်နေသည့် စူးရှ တောက်ပသည့် မျက်ဝန်းများပင် ဖြစ်လေသည်။

တာ့ရှားပြည်၏ တော်ဝင်မျိုးနွယ်များထဲတွင် လေ့ဟုန်သည်လည်း အသက်အရွယ် ငယ်ရွယ်သူ တစ်ယောက် မဟုတ်ပါ။ သူသည် အတွေ့အကြုံ ရင့်ကျက်ပြီး လူအများ၏ လေးစားမှုကို ခံရသူ တစ်ယောက် ဖြစ်လေသည်။ သို့သော်… ကွမ်းလုန်ကျီကတော့ ထိုသူများနှင့်မတူပေ။

လေ့ဟုန်သည် ပုံမှန်ဆိုလျှင် စကားကျယ်ကျယ် ပြောတတ်သူ ဖြစ်လေသည်။

ကွမ်းလုန်ကျီကို တွေ့သည့် အခါတွင်တော့ သူကလေသံကို အနည်းငယ် နှိမ့်လိုက်ပြီး …

"ကျုပ်ကို ဘာလို့ခေါ်ရတာလဲ နက္ခတ်ဗေဒ ပညာရှင်မင်း ဆရာကြီး…"

"လေ့အကြီးအကဲ… ခင်ဗျား မင်းကြီးကို စိတ်ပျက်နေပြီလား"

ကွမ်းလုန်ကျီ၏ စူးရှသည့် အကြည့်များက လေ့ဟုန်၏ အတွင်းစိတ်ကို နားလည်နေသည့် အလား ဖြစ်လေသည်။

လေ့ဟုန်က…

"ကျုပ်က အမတ်မင်း တစ်ယေက်အနေနဲ့ မင်းကြီးအပေါ်မှာ သိပ်ကို လေးစားပါတယ်၊ အဲဒီလို အတွေးမျိုး မထားဝံ့ပါဘူး"

ကွမ်းလုန်ကျီက…

"မင်းကြီးက ထုတ်မပြောပေမယ့် ယင်းစန်းကို တိုက်ခိုက်ဖို့အတွက် သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးပါပြီ၊ ကျုပ်စကား ကိုမယုံဘူးဆိုရင် မင်းသမီးလေးကို မေးကြည့်လို့ ရပါတယ်၊ အခုဆိုရင် လျှို့ဝှက် အမိန့်တော်ကိုတောင် မင်းသမီးလေး လက်ခံ ရရှိထားလောက်ပြီ၊ တုန်းယီ ဒေသက အကြံပေး အမတ်မင်းက ဒီကိစ္စကို ဦးဆောင်လိမ့်မယ်"

ကွမ်းလုန်ကျီ၏စကားကြောင့် လေ့ဟုန် တုန်လှုပ် သွားရလေသည်။

သူက တာ့ရှားနန်းတော်ရှိရာသို့ လှမ်းကြည့် လိုက်လေသည်။

ရုတ်တရက်…

တာ့ရှား နန်းတော်သည် ခန့်မှန်း၍ မရနိုင်ခြင်း များစွာဖြင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်မိလေသည်။

ယင်းစန်း ကဲ့သို့သော တိုင်းပြည်ကြီး တစ်ပြည်ကို တိုက်ခိုက်မည့်ကိစ္စမှာ နေ့ချင်းညချင်း ထပြီးစီစဉ်၍ ရသည့် ကိစ္စမျိုး မဟုတ်ပေ။ တာ့ရှား ဧကရာဇ်သည် သူ၏ အချုပ်အချာ အာဏာကို အသုံးပြုကာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခဲ့မည်မှာ ထင်ရှားနေလေသည်။

စစ်သည်တော်များ၏ ရဲစွမ်းသတ္တိသည် စစ်သေနာပတိများ အပေါ်တွင် မူတည်လေသည်။ တိုက်ရည်ခိုက်ရည်သာ ရှိပြီး ရဲစွမ်းသတ္တိ မရှိပါက ရှေ့တန်းတွင် ရှုံးနိမ့်ရမည်သာ ဖြစ်လေသည်။ ထို့ကြောင့် စောစောက ဘုရင့်ညီလာခံတွင် သူလျှောက်တင်ခဲ့သည့် စကားသည် သတ္တိ ကြောင်လွန်းရကား တာ့ရှား ဧကရာဇ်ကို စိတ်ပျက် စေခဲ့သည်မှာ ထင်ရှား နေခဲ့လေသည်။

လေ့ဟုန်က ကွမ်းလုန်ကျီကို ဦးညွှတ်လိုက်ရင်း…

"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းဆရာကြီး"

"မင်းသမီးလေးကို ဒီကိစ္စတွေမှာ ဝင်မပါဖို့ ကျုပ်သတိ ပေးခဲ့ဖူးတယ်၊ အခုတော့ သူဝင်ပါနေပြီလေ၊ ကြည့်ရတာ သူက ကျုပ်စကားကို နားမထောင်တော့ဘူး ထင်ပါရဲ့၊ ဒါကြောင့် သူ့ကို နောက်ဆုံးအနေနဲ့ ပစ္စည်းလေးတစ်ခု လက်ဆောင်ပေးချင်လို့ပါ"

ကွမ်းလုန်ကျီက အဝါရောင် ပိုးစလေး တစ်စကို ထုတ်ယူလိုက်လေသည်။

ထိုပိုးစလေးထက်တွင် ပုံများနှင့် စာများပါရှိလေ၏။ စာများမှာ ကွမ်းလုန်ကျီ၏ လက်ရေး ဖြစ်ကြောင်း လေ့ဟုန်သိလိုက် လေသည်။ သို့သော် ရေးသားထားသည့် စာများ၏ အဓိပ္ပာယ်ကိုတော့ နားလည်သိရှိခြင်း မရှိပေ။

"ဒါက ဘာများလဲ"

လေ့ဟုန်က မေးလိုက်လေသည်။

ကွမ်းလုန်ကျီက…

"ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းသမီးလေးကို ပေးဖြစ်အောင် ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ဒါလေးက သူ့အတွက် နောက်ဆုံးအနေနဲ့ ကျုပ်လုပ်ပေးနိုင်တဲ့ အရာလေးပါပဲ"

"နောက်ဆုံး" ဆိုသည့် စကားကို ကြားလိုက်ရသည့် အခါတွင်တော့ လေ့ဟုန်၏ ခန္ဓာကိုယ်သည် တစ်ချက် တုန်ခါသွားရ လေသည်။

ထိုအချိန်မှာပင် နန်းတော်တံခါးဝသို့ ကုန်းကုန်း တစ်ယောက် ရောက်ရှိလာလေသည်။

"မင်းကြီးက နန်းတော်ထဲကို လာခဲ့ဖို့ နက္ခတ်ဗေဒပညာရှင် မင်းဆရာကြီးကို အမိန့်ပေး လိုက်ပါတယ်"

ကွမ်းလုန်ကျီက ဦးညွတ် ဂါရဝပြုရင်း အမိန့်စကားကို လက်ခံလိုက်လေသည်။

ကွမ်းလုန်ကျီ ထွက်ခွာ မသွားမီမှာပင် ကွမ်းလုန်ကျီ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာ ရမှုတစ်ခုကို လေ့ဟုန် မြင်တွေ့ လိုက်ရလေသည်။ ကြည့်ရသည်မှာ ကွမ်းလုန်ကျီသည် ထိုအချိန်ကို စောင့်နေခဲ့ဟန် တူလေသည်။

ထိုနေ့မှစပြီး…

လေ့ဟုန်သည် ကွမ်းလုန်ကျီကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့ပေ။

ကွမ်းလုန်ကျီသည် အပြစ်ပေးသည့် သံမဏိ မီးတိုင်များဘေးတွင် တာ့ရှားဧကရာဇ်နှင့် တွေ့ဆုံခွင့် ရခဲ့လေသည်။ တာ့ရှားဧကရာဇ်သည် ကြင်ယာတော်မေရှီကို ပွေ့ဖက်ထားလေသည်။ ကြမ်းပြင်ထက်တွင်တော့ လှပသည့် နန်းတွင်း သူဆယ့်ခြောက်ယောက်က ကပြ ဖျော်ဖြေနေပြီး ဂီတသံက သာယာစွာ ထွက်ပေါ် နေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အလွန်မှ မှော်ဆန်လွန်း လှလေသည်။

"ကြည့်ရတာ မောင်မင်းက ငါကိုယ်တော်ရဲ့ အတွေးတွေကို သိနေပုံရတယ်"

တာ့ရှားဧကရာဇ်က ပြောလိုက်လေသည်။

ကွမ်းလုန်ကျီသည် ကြမ်းပြင်ထက်တွင် ချက်ချင်းပင် ဒူးထောက်ပြီး တာ့ရှားဧကရာဇ်ကို ဦးညွတ် ဂါရဝ ပြုလိုက်လေသည်။

"မြင့်မြတ်တဲ့ သူတော်စင်မင်းကြီး၊ မင်းကြီးရဲ့ မိုးကောင်းကင်လို ကြည်လင်နေတဲ့ အတွေးတွေကို မသိမြင်နိုင်ဘူး ဆိုရင် ကျွန်တော်မျိုး ကန်းနေလို့ပဲ ဖြစ်မှာပါ"

"ထစမ်း…"

တာ့ရှားဧကရာဇ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ"

ကွမ်းလုန်ကျီက ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်လေသည်။ သူက ကြမ်းပြင်ထက်တွင် ဒူးထောက် နေခဲ့သည့် တိုင်သူ၏ ပုံသဏ္ဌာန်က ကြည်လင် သန့်ရှင်းနေဆဲ ဖြစ်လေ၏။

"မောင်မင်းသိလား၊ ငတုံးတွေနဲ့ ပြောဆို ဆက်ဆံရတာ တကယ်ပဲ ပင်ပန်းလွန်းတယ်၊ ဒါပေမဲ့ သိပ်ပြီး ဉာဏ်ရည် ထက်မြက်တဲ့ သူတွေကိုလည်း ငါကိုယ်တော် သဘောမကျဘူး၊ ဉာဏ်ရည် ထက်မြက်တဲ့ သူတွေထဲမှာ ငါကိုယ်တော် အနားမှာ အချိန်အကြာကြီး နေခွင့်ရခဲ့တဲ့ သူဆိုလို့ မောင်မင်းပဲ ရှိတယ်"

တာ့ရှားဧကရာဇ်က ပြောလိုက်လေသည်။

"ကျွန်တော်မျိုး သိပါတယ်၊ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက ကျွန်တော်မျိုး မကျေမနပ် ဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်မျိုး နားလည် သွားခဲ့ပါပြီ၊ (၉)နှစ်တာ ကာလအတွင်းမှာ မင်းကြီးလည်း မှော်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံအောင်မြင် သွားခဲ့ပြီ မဟုတ်လား၊ ဒီနှစ်တွေအတွင်းမှာ တော်ဝင်မိသားစု အချို့ကိုလည်း သံမဏိ မီးတိုင်မှာ ကွက်မျက် ခဲ့ပြီးပါပြီ၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလူတွေက သေဆုံးသွားတာ မဟုတ်ပါဘူး၊ မင်းကြီးရဲ့ မှော်မိစ္ဆာ စစ်သေနာပတိတွေ ဖြစ်သွားကြတာပါ၊ ကျွန်တော်မျိုးဟာ သူတော်စင်တစ်ပါးလို ဉာဏ်ရည် ထက်မြက်ပေမယ့် ဒီအချက်ကို မသိမြင်နိုင်ခဲ့ပါဘူး၊ စိုးရွံ့မိပါတယ်"

ကွမ်းလုန်ကျီ၏ စူးရှသည့် အကြည့်သည် နန်းတွင်းသူ ကချေသည်လေးများကို ဖြတ်ကျော်ကာ တာ့ရှားဧကရာဇ်၏ မျက်နှာထက်သို့ ကျရောက် သွားလေသည်။ တာ့ရှားဧကရာဇ်၏ မျက်နှာသည် ခွန်ဝူကျောက်တုံးတွင် ထွင်းထုထားသည့် ပန်းပုရုပ်တုအလား အပြစ်အနာအဆာ တစ်စက်ကလေးမှ ပြောစရာ မရှိလောက်အောင် ခန့်ညား လွန်းလှလေသည်။

တာ့ရှားဧကရာဇ်၏ မျက်ဝန်းများသည် သန်းပေါင်းများစွာသော မိစ္ဆာစွမ်းအားများနှင့် ပြည့်နေလေသည်။ ထိုမျက်ဝန်းများဖြင့် လူတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်နိုင်သလို ဝိညာဉ်ကိုလည်း ဖိနှိပ်ချိုးနှိမ် နိုင်စွမ်း အပြည့် ရှိလေသည်။

ကွမ်းလုန်ကျီ၏စကားများကြောင့် တာ့ရှားဧကရာဇ်က အံ့သြသွားခြင်း မရှိပါ။

"မှန်တယ်၊ လွန်ခဲ့တဲ့ (၉)နှစ်က ငါကိုယ်တော် ထျန်းယီကို လွှတ်ပေးခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီနေ့လိုနေ့မျိုးကို ရောက်လာမယ်ဆိုတာ ကြိုပြီးသိခဲ့လို့ပဲ၊ ဒီနေ့ကိုရင်ဆိုင်ဖို့လည်း ငါကိုယ်တော် အများကြီး ပြင်ဆင်ထားခဲ့တယ်၊ မှော်မိစ္ဆာကျင့်စဉ်ကို အောင်မြင်သွားတာ သိပ်တော့မကြာသေးဘူး၊ ဒါပေမဲ့ ဒီလမ်းစဉ်က စိတ်ခံစားမှုနဲ့ လူသားဆန်မှုတွေကို ပျက်စီးစေတယ်၊ စိတ်ဆန္ဒ မပြင်းထန်ရင်လည်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အခု အချိန်မှာ မောင်မင်းကို မေးခွန်းတစ်ခု မေးချင်တယ်၊ စိတ်မပြောင်းဘဲ ငါကိုယ်တော် အပေါ်မှာ သစ္စာရှိမှာလား"

"ကျွန်တော်မျိုး သစ္စာရှိပါ့မယ်"

ကွမ်းလုန်ကျီက ပြန်ပြောလိုက်လေသည်။

"ကောင်းပြီ… မောင်မင်းက သစ္စာရှိမယ်ဆိုရင် ငါကိုယ်တော် မောင်မင်းကို သတ်ရလိမ့်မယ်၊ မောင်မင်းရဲ့ လူသား ဖြစ်ခြင်းက ကွယ်ပျောက် သွားလိမ့်မယ်၊ ငါကိုယ်တော်ကို အပြစ်တင်မယ် ဆိုလည်း ကိစ္စမရှိပါဘူး"

ပြောပြီးသည်နှင့် တာ့ရှားဧကရာဇ်က မျက်ဝန်းများကို တစ်ချက် ရွေ့လျား လိုက်လေသည်။

ရုတ်တရက်ပင်…

ကချေသည် (၁၆)ယောက်သည် သွေးမှုံများအဖြစ်သို့ ပြောင်းလဲသွားသွားပြီး မိုးနှင့်မြေမှ ပျောက်ချင်းမလှ ပျောက်ကွယ် သွားလေတော့သည်။

တာ့ရှားဧကရာဇ်၏ ရင်ခွင်ထဲမှ မေရှီ၏ ခန္ဓာကိုယ်လေးမှာ တစ်ချက်တုန်ခနဲ ဖြစ်သွား ရလေသည်။ သို့သော်… သူမသည် စကားတစ်ခွန်းပင် မပြောရဲပါချေ။

ကွမ်းလုန်ကျီက သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"မင်းကြီး ယွမ်စီမှော်မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကြံနေတယ် ဆိုတာ စောစောကသိခဲ့ရင် ကျွန်တော်မျိုး တားဆီးခဲ့မိမှာပါ"

"သိပ်နောက်ကျသွားပြီ၊ အကြိမ်ပေါင်းများစွာ ငါကိုယ်တော် မောင်မင်းအပေါ်မှာ အမျက်ရှခဲ့တယ်၊ ဒါပေမဲ့ မောင်မင်းက အမြဲတမ်း ငါကိုယ်တော်အပေါ်မှာ သစ္စာစောင့်သိတယ်၊ ဒါကြောင့် ငါကိုယ်တော်ဟာ မောင်မင်းကို မသတ်ရက်ခဲ့ဘူး၊ ဒါပေမယ့် အခုတော့ သတ်ရတော့မယ်၊ အခုတော့ ငါကိုယ်တော် မောင်မင်းကို သတ်ပြီး လူသား အဖြစ်ကို ဆုံးရှုံးစေမယ်၊ မောင်မင်းဟာ မူလ မိစ္ဆာတစ်ပါး ဖြစ်လာလိမ့်မယ်"

တာ့ရှားဧကရာဇ်က မေရှီ၏ ပါးပြင်လေးကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း ထိုစကားများကို ပြောလိုက်လေသည်။

သူ၏ မျက်ဝန်းများသည် ရုတ်တရက် ခရမ်းရောင် မြူခိုးများ ဖုံးလွှမ်းသကဲ့သို့ ဖြစ်သွားပြီး မျက်စံများမှာလည်း ခရမ်းရောင် တောက်ပ လာလေသည်။

ကွမ်းလုန်ကျီက…

"ယွမ်စီမှော်မိစ္ဆာ ကျင့်စဉ်က စိတ်ခံစားချက်တွေကို ဖျက်စီးပစ်တယ်၊ မေတ္တာတရားနဲ့ လူသားဆန်မှု အားလုံးကို မေ့ပျောက် သွားလိမ့်မယ်၊ မင်းကြီး…  မိစ္ဆာလမ်းစဉ်ကို လိုက်မိပြီ ဆိုရင်တော့ နောက်ပြန်ဆုတ်လို့ မရနိုင်တော့ဘူးနော်"

"ငါကိုယ်တော် မေ့ပစ်ချင်တယ်၊ ဒါပေမဲ့ မေ့ပစ်ဖို့ တခြားနည်းလမ်း ရှိသလား… ဖြေစမ်းပါ”

တာ့ရှားဧကရာဇ်၏ အသံသည် မိုးခြိမ်းသံအလား ထွက်ပေါ် လာလေသည်။

ကွမ်းလုန်ကျီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ကျွန်တော်မျိုး သေသင့်ပါတယ် မင်းကြီး"

ယခုအချိန်တွင် ကွမ်းလုန်ကျီ၏ဘဝတွင် နောင်တ အရဆုံး ကိစ္စတစ်ခုကို ပြောပါဆိုလျှင် ရဟန်းမင်းကြီးကို မကယ်တင်ခဲ့မိခြင်းပင် ဖြစ်လေသည်။ ရဟန်းမင်းကြီးကို မေ့ပစ်နိုင်ရန် အတွက် တာ့ရှား ဧကရာဇ်သည် ယွမ်စီ မှော်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်လေသည်။

သို့သော်… တာ့ရှားဧကရာဇ်သည် ယွမ်စီး မှော်မိစ္ဆာကျင့်စဉ်ကို မကျင့်ကြံခဲ့လျှင် ပိုပြီးကောင်းမည် ဖြစ်လေသည်။

ယွမ်စီ မှော်မိစ္ဆာကျင့်စဉ်သည် အမှန်တကယ်ပင် တန်ခိုးစွမ်းအား မြင့်မားလွန်းသည့် ကျင့်စဉ် ဖြစ်ပါသည်။ သို့သော်… သံသရာ (၆) ဘုံကျင်လည်ခြင်းနှင့် ပျက်စီးခြင်း၏ ဒြပ်စင်ငါးမျိုးမှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။

***

All Chapters