အခန်း (၄၅၉-၄၆၀)
Vol. 43 Ch. 459-460
အခန်း (၄၅၉)။
“မူလဝိညာဉ်နတ်ဘုရားက လူသားအသွင် ပြောင်းလဲလိုက်ရင် ဒီလိုပုံစံမျိုးလား။ တကယ့် ကို ခန့်ညားထည်ဝါပြီး အလယ်ခေတ် ပညာရှင် သူတော်စင်တစ်ဦးရဲ့ အငွေ့အသက်မျိုး ရှိနေတာပဲ။ အဆင့်ခုနစ် မုန်ကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး၊ ‘ဟင်းလင်းပြင်ထဲနေ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ‘ဖန်ဆင်းရှင်’တစ်ဦးဟာ တကယ်ကို အစွမ်းထက်တာပဲ။ ငါ သူ့ကို မယှဉ်နိုင်ရင်တောင် ဒါက မဆန်းပါဘူး။”
ရှေးဟောင်းရာရှိုမွန် အတွင်းမှ လမ်းလျှောက်ထွက်လာသော မူလဝိညာဉ်နတ်ဘုရား၏ ရုပ်သွင်ကို မြင်လိုက်ရသည့်အခါ ဟုန်ယွိ၏ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။
ယခုအခါ မူလဝိညာဉ်နတ်ဘုရားသည် ဖရိုဖရဲစွမ်းအင်များဖြင့် စုစည်းထားသည့် မုတ်ဆိတ် ရှည်နှင့် ‘လူခေါင်း နဂါးကိုယ်ထည်’ မိစ္ဆာပုံစံ မဟုတ်တော့ဘဲ အသွေးအသားရှိသော လူသားတစ်ယောက်အဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခင်က သဲကန္တာရထဲတွင် မင်းသား အယ်လ်ဖာနှင့် ရင်ဆိုင်ရစဉ်က ဟုန်ယွိသည် မူလ ဝိညာဉ်နတ်ဘုရား၏ စွမ်းအားနှင့် တွေ့ကြုံခဲ့ဖူးသည်။ ထိုစဉ်က ပေါ်လာသော မူလဝိညာဉ် နတ်ဘုရား၏ အရိပ်မှာ ကြီးမားသော စွမ်းအားကိုသာ ပြသနိုင်ခဲ့ပြီး ထိတ်လန့်စရာ ကောင်းသော်လည်း ဟုန်ယွိ ကို ယခုကဲ့သို့ ဖိအားမျိုး မပေးနိုင်ခဲ့ပေ။
ထိုစဉ်က မူလစွမ်းအင်များ၊ နတ်ဘုရားတန်ခိုး စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ထိုပုံရိပ် မှာ အကောင်ကြီးသော ဝက်ကြီးတစ်ကောင်နှင့်သာ တူလှသည်။ လူတွေ မြင်လိုက်ရသည့် အခါ သူ၏ အရွယ်အစားကို ကြောက်ရွံ့နေမည့်အစား သူ့ကို မည်သို့သတ်ဖြတ်ပြီး အသား ကို မည်သို့ လှီးဖြတ်ယူရမည်ကိုသာ စဉ်းစားကြပေလိမ့်မည်။
ကျိရှန်းထျန်း ပြောခဲ့သလိုပင် ထိုစဉ်က မူလဝိညာဉ်နတ်ဘုရားမှာ ဆူဖြိုးသော ဝက်တစ်ကောင်နှင့် သာ၍တူလှသည်။
သို့သော် ယခုမူ မူလဝိညာဉ်နတ်ဘုရားသည် လုံးဝ ခြားနားသွားခဲ့ပြီ။
အလယ်ခေတ် ပညာရှင်တစ်ဦး၏ အငွေ့အသက်များဖြင့် ရှေးဟောင်းရာရှိုမွန် အတွင်းမှ လမ်းလျှောက်ထွက်လာသည့် ခဏမှာပင် ဤလူကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း ဟုန်ယွိ သိလိုက်သည်။ အနည်းဆုံးတော့ သူ၏ ယခုလက်ရှိ အစွမ်းဖြင့် မယှဉ်နိုင်သေးပေ။
ကိုယ့်ကိုယ်ကို သိပြီး၊ ရန်သူကိုအခြေအနေကိုလည်း သိထားမှသာလျှင် တိုက်ပွဲတိုင်း အောင်နိုင်သည် မဟုတ်ပါလား။
ဟုန်ယွိ၏ စိတ်အာရုံခံစားမူမှာ မည်မျှ လျင်မြန်ပြီး သိမ်မွေ့လိုက်သနည်း။ လူသားအင်မော် တယ် အဆင့်ကို ရောက်ရှိထားသူပီပီ သူသည် ကံကောင်းခြင်းနှင့် ကံဆိုးခြင်း နိမိတ်များကို ကြိုတင် ခံစားသိရှိနိုင်သည်။ ရန်သူ၏ အစွမ်းကိုပင် မခန့်မှန်းနိုင်ဘဲ ရှေ့တိုးကာ ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ ပညာရှိတို့၏ လုပ်ရပ်မဟုတ်ပေ။
ပညာရှိတစ်ဦးသည် နဂါးနှင့်တူ၏။
နဂါးတစ်ကောင်သည် အင်အားပြည့်ဝသည့်အခါ ကောင်းကင်နှင့် မြေကြီးကြား ဝဲပျံကာ တိမ်တိုက်များကို ဖြတ်သန်း၏။ သို့သော် အင်အားမရှိသေးသည့် ငယ်ရွယ်စဉ်အခါ၌မူ လယ်ကွင်းထဲရှိ ငါးရှဉ့််ကျင်းများတွင် ပုန်းကွယ်ကာ တီကောင်များနှင့်အတူ ယှဉ်တွဲနေထိုင် တတ်၏။ ၎င်းသည် ပတ်ဝန်းကျင်အလိုက် ကျုံ့နိုင်၊ ဆန့်နိုင်ပြီး အခြေအနေအရ သေးငယ် အောင်လည်း နေတတ်ရ၏။ အခွင့်အခါကောင်းကို စောင့်ဆိုင်းကာ လုပ်ဆောင်တတ်ရ မည်။
“ရှေးဟောင်းရာရှိုမွန်က မူလဝိညာဉ်နတ်ဘုရားရဲ့ လက်ထဲကို ရောက်သွားပြီ။ ဒီနတ်ဘုရား လက်နက်က သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားပြီမို့ ငါတို့ လုယူလို့ မရတော့ ဘူး။ သွားကြစို့၊ နောက်ထပ် အစီအစဉ်တွေကို တစ်ခုချင်းစီ ဆက်လုပ်ကြတာပေါ့။”
မူလဝိညာဉ်နတ်ဘုရား ပေါ်လာသည်နှင့် ဟုန်ယွိသည် ပြင်းထန်သော စွမ်းအားလှိုင်း တစ်ခုကို ထုတ်လွှတ်ကာ အားလုံးကို အချက်ပေးလိုက်သည်။ နဂါးသမီးတော်၊ ယွမ်ရှန်းရှန်း၊ ဆန်းဝေဝေ၊ ရှဲ့ဝန်ယွမ်၊ ချီလင်၊ ကျိရှန်းထျန်း...
တစ်ချိန်တည်းမှာပင် သူ၏ ပါးစပ်မှ မိုးကြိုးသံကဲ့သို့သော အမိန့်တစ်လုံး ထွက်ပေါ်လာ သည်။
“သွားကြစို့”
ထိုအသံ ထွက်ပေါ်လာသည်နှင့် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်က ပေါက်ကွဲထွက်လာပြီး ‘ကမ္ဘာငယ်လေး’ တစ်ခုကို ဖန်တီးကာ လူအားလုံးကို လွှမ်းခြုံလိုက် သည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ လက်ထဲရှိ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ရှေးဟောင်း ရာရှိုမွန်တံခါး အတွင်းမှ ထွက်လာသော မူလဝိညာဉ်နတ်ဘုရားထံသို့ တွန့်ဆုတ်မနေဘဲ ခုတ်ပိုင်းလိုက်တော့သည်။
ရွှပ်.... ရွှပ်... ရွှပ်...။
ဤတစ်ကြိမ်တွင်မူ ဟုန်ယွိသည် သူ့အစွမ်းရှိသမျှကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှ ထွက်ပေါ်လာသော ဓားအလင်းတန်းမှာ ကမ္ဘာကြီးကို လင်းထိန်သွားစေပြီး ဖရိုဖရဲစွမ်းအင်များ ပြည့်နှက်နေသော ဟင်းလင်းပြင်ကို ထိုးဖောက် သွားသည်။ ရွှေရောင်အလင်းတန်းများ မြည်ဟိန်းနေစဉ်မှာပင် ဟုန်ယွိသည် လူအားလုံးနှင့် အတူ ‘ကမ္ဘာငယ်လေး’ အတွင်း ပုန်းကွယ်လျက် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
...
“မင်းက ထွက်ပြေးချင်တာလား။ အဲဒီလောက် မလွယ်ပါဘူး။”
ရှေးဟောင်းရာရှိုမွန် အတွင်းမှ ထွက်လာသော မူလဝိညာဉ်နတ်ဘုရားသည် ဟုန်ယွိ ထွက်ပြေးသွားသည်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးအရောင်မှာ ချက်ချင်း ပြောင်းသွားပြီး သူ၏ မျက်ဆံအိမ်များမှာ အပြာနုရောင် ဂြိုဟ်နှစ်လုံးအဖြစ်သို့ ပြောင်းလဲ သွားကာ အပြင်သို့ ပျံထွက်သွားသည်။
၎င်းတို့မှာ အတွေးစနှစ်ခု ဖြစ်သည်။
အတွေးစ တစ်ခုချင်းစီမှာ တစ်ဧကခန့် ကြီးမားလှသည်။ ၎င်းမှာ အမှောင်ဧကရာဇ်၏ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်နှင့် အရွယ်အစား တူညီသည်။
ဝုန်း ဝုန်း....။
ပထမဆုံး အတွေးစမှာ ပျံထွက်သွားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းတန်းနှင့် တိုက်မိသည်။ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ဦးစွာ အရာအားလုံး အစိတ်စိတ်မွှာမွှာ ကြေမွသွားသည့် အသံများ ထွက်ပေါ်လာပြီးနောက် မျော်လင့်ချက် ကင်းမဲ့နေသော သတ္တဝါများ၏ အဆုံးမဲ့ အော်ဟစ်ညည်းတွားသံများနှင့် ပျက်စီးခြင်း နိမိတ် များ လွှမ်းမိုးသွားသည်။ အဆုံးတွင် ထိုအတွေးစမှာ ပေါက်ကွဲသွားပြီး ကျယ်ပြောသော အလင်းဖြူကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုပေါက်ကွဲသံမှာ ဘုံသုံးပါးမူလစွမ်းအင် အမြောက်အသံပင် ဖြစ်သည်။
ဘုံသုံးပါးမူလစွမ်းအင်အမြောက်နှင့် ဓားအလင်းတန်းတို့ အပြင်းအထန် တိုက်မိပြီးနောက် အပိုင်းပိုင်း ပေါက်ကွဲကာ ပျောက်ကွယ်သွားကြသည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုမှာ ဟင်းလင်းပြင်အဖြစ် ကျန်ရစ်ခဲ့ပြီး အကြီးအကျယ် ပျက်စီးခြင်း၏ ဖရိုဖရဲဖြစ်နေသော စွမ်းအင် အခြေအနေကို ပြသနေ၏။ ထိုနေရာတွင် ဘာမျှ မရှိတော့သော်လည်း အရာအား လုံး ပြန်လည် မွေးဖွားလာတော့မည့်အလား ခံစားရသည်။
ဤအတွေးစ ပေါက်ကွဲမှုသည် ဘုံသုံးပါးမူလစွမ်းအင်အမြောက် အဖြစ် ပြောင်းလဲသွားကာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ကျန်ရှိနေသော နောက်ထပ် အတွေးစတစ်ခုမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဟုန်ယွိနောက်သို့ လိုက်လံ တိုက်ခိုက်တော့သည်။ တစ်ချိန်တည်းမှာပင် မူလဝိညာဉ် နတ်ဘုရား၏ ခန္ဓာကိုယ်မှာ အသာအယာ လှုပ်ရှားသွားပြီး ရှေးဟောင်းရာရှိုမွန် အတွင်းသို့ လှမ်းဝင်ကာ တံခါးကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
...
“အခုမှပဲ ဘုံသုံးပါးမူလစွမ်းအင်အမြောက်ရဲ့ စွမ်းအားအစစ်ကို သိရတော့တယ်။”
လူအားလုံးကို လွှမ်းခြုံခေါ်ဆောင်ကာ ထွက်ပြေးလာရင်း ဟုန်ယွိသည် မူလဝိညာဉ် နတ်ဘုရား ကိုယ်တိုင် အသုံးပြုလိုက်သော ဘုံသုံးပါးမူလစွမ်းအင်အမြောက်၏ အသံကို ကြားနေရသည်။ ထိုအသံမှာ စိတ်ထဲတွင် အမှန်တကယ် စွဲထင်နေစေသည်။
၎င်းမှာ ဟုန်ယွိ ကိုယ်တိုင် ကြီးမားသော ကြယ်ကြီးတစ်လုံးပေါ်တွင် ရောက်နေသကဲ့သို့ ပင်။ ထိုကြယ်ပေါ်တွင် သက်ရှိပေါင်း ကုဋေကုဋာ ရှိနေပြီး သူသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ သို့သော် တစ်နေ့တွင်မူ လောကပျက်ကပ်ကြီး ကျရောက်လာသည်။ ကောင်းကင်အထိ လွှမ်းမိုးနေသော ရေကြီးမှုများ၊ ငလျင်များ၊ ချော်ရည်များ ထွက်ပေါ်လာ သည်။ သက်ရှိအားလုံးမှာ နာကျင်စွာ အော်ဟစ်နေကြသည်။ သူတို့၏ စိတ်ဝိညာဉ်များမှာ ပျက်သုဉ်းခြင်းကပ်၏ အငွေ့အသက်များ လွှမ်းခြုံကာ အဆုံးမဲ့သော မျှော်လင့်ချက်မဲ့ခြင်း များဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် ထိုကြယ်ကြီးမှာ အပိုင်းပိုင်း ပြိုကွဲ ပေါက်ကွဲ သွားပြီး အရာအားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤသည်မှာ မူလဝိညာဉ်နတ်ဘုရားကိုယ်တိုင် အသုံးပြုလိုက်သည့် ဘုံသုံးပါးမူလစွမ်းအင် အမြောက်၏ စွမ်းအားဖြစ်သလို၊ ‘ဖန်ဆင်းရှင်’ အဆင့်ရှိသော မဟာပညာရှင်တစ်ဦး ကိုယ်တိုင် အသုံးပြုလိုက်သည့် ဖျက်ဆီးခြင်း တာအိုပညာရပ်တစ်ခုလည်း ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ၏လက်ထဲတွင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား ရှိနေ၍သာ ဖြစ်သည်။ မဟုတ်ပါက မည်သည့် တာအိုပညာရပ်၏ စွမ်းအားကို အသုံးပြုသည်ဖြစ်စေ ဟုန်ယွိသည် လွတ်မြောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
“ဘုံသုံးပါးမူလစွမ်းအင်အမြောက်က အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါက ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်း’ ပညာရပ်နဲ့ ဆင်တူတယ်။ အတုမရှိတဲ့ စွမ်းအားကို ရဖို့အတွက် မိမိရဲ့ ကိုယ်ပိုင်အတွေးစတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်ရတာပဲ။” ကမ္ဘာငယ်လေးအတွင်းမှာပင် ရှဲ့ဝန်ယွမ်က ရုတ်တရက် စကားဆိုလာသည်။
“ဒါဆိုရင် ငါတို့ ကြောက်စရာ မလိုဘူးပေါ့။ ဟုန်ယွိ... မင်းရဲ့လက်ထဲမှာ ဖန်ဟွမ် အသက်ဝိညာဉ်ဓား ရှိနေတာပဲ။ အဲဒီ မူလဝိညာဉ်နတ်ဘုရားမှာ မင်းကို တားဖို့ အတွေးစ ဘယ်လောက်များများ ရှိနေမလဲ ကြည့်ကြတာပေါ့။” ဆန်းဝေဝေက အလျင်အမြန် ပြောလိုက်သည်။
“ကောင်မလေး... မင်းက ‘ဖန်ဆင်းရှင်အဆင့်’ အကြောင်းကို မသိသေးဘူးပဲ။ အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူဘယ်သူမဆို သူတို့ရဲ့အတွေးစတွေဟာ ‘ဝမ်းယွမ်’ အဆင့်မှာ ကိန်းသေ ဖြစ်သွားပြီ။ အဲဒီ အတွေးစတွေ လုံးဝဥဿုံ ပျက်စီးမသွားသရွေ့၊ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ တစ်ခုပြီးတစ်ခု ပြန်လည် မွေးဖွားလာနိုင်တယ်။ အရာ အားလုံးဟာ အသစ်တဖန် ပြန်စနိုင်တယ်။ လေဟာနယ်ထဲကနေ အရာရာကို အဆုံးမဲ့ ဖန်တီးနိုင်တယ်။ ဒါဟာ ဖန်ဆင်းရှင်တစ်ဦးရဲ့ စွမ်းအားပဲ။ ဒီမူလဝိညာဉ်နတ်ဘုရားဟာ သူ့စွမ်းအားရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် နယ်ပယ်ထဲကို ရောက်နေပြီ။”
ရှဲ့ဝန်ယွမ်က တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။ သူ၏အဆင့်တွင် သူသည် စိတ်နှင့်စွမ်းအင်ကို ထိန်းညှိရန် နှစ်ပေါင်းရာချီ စာဖတ်ခဲ့သူ ဖြစ်ရာ အရာရာကို လျစ်လျူရှုထားနိုင်ပြီ ဖြစ်သည်။ မူလဝိညာဉ်နတ်ဘုရား၏ အတွေးစ များ လိုက်လံ တိုက်ခိုက်နေသော်လည်း သူသည် တုန်လှုပ်ခြင်း မရှိပေ။
“အော်... အတွေးစတွေက ဝမ်းယွမ်အဆင့်မှာ ကိန်းသေ ဖြစ်သွားတာလား။ ပျက်စီးသွား ရင်တောင် တစ်ခုပြီးတစ်ခု ပြန်မွေးလာနိုင်တယ်ပေါ့။ ဆရာရှဲ့က တကယ်ပဲ ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်တော်တောင် ဆရာ့ကို မမီပါဘူး။” ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
‘ဝမ်းယွမ်’ ဆိုသည်မှာ နှစ်ပေါင်း ၁၂၉,၆၀၀ ပင် ဖြစ်သည်။
ရှေးဦးကာလက လူသားများသည် အချိန်ကာလကို နေ၊ လ၊ နှစ်၊ ခေတ်၊ ကံကြမ္မာ၊ ဆုံစည်းမှုနှင့် ‘ယွမ်’ ဟု ခွဲခြားခဲ့ကြသည်။ ဝမ်းယွမ် ဆိုသည်မှာ နှစ်ပေါင်း ၁၂၉,၆၀၀ ဖြစ်ပြီး စကြဝဠာအတွင်းရှိ အရာအားလုံး မွေးဖွားလာသည့် သံသရာစက်ဝန်းတစ်ခုကို ကိုယ်စားပြု သည်။
ဒဏ္ဍာရီများအရ ရှေးဦး ‘ယန်နတ်ဘုရား’ ပညာရှင်များပင်လျှင် ဝမ်းယွမ် တစ်ခုထက် ပို၍ မရှင်သန်နိုင်ကြပေ။
သို့သော် ယခုမူ ရှဲ့ဝန်ယွမ် ပြောသည်မှာ အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပါ က ဟင်းလင်းပြင်အတွင်းမှ အရာရာကို ဖန်ဆင်းနိုင်သည့် အတွေးစပေါင်း ၁၂၉,၆၀၀ (ဝမ်းယွမ်) ရှိလာမည် ဖြစ်သည်။ ထိုအတွေးစများအနက် ရာဂဏန်း၊ ထောင်ဂဏန်းမျှ ပျက်စီးဆုံးရှုံးသွားလျှင်ပင် အချိန်အနည်းငယ် ကျင့်ကြံအားထုတ်ပြီး မှော်စွမ်းအင်များဖြင့် ပြန်လည် သန့်စင်လိုက်ပါက ဟင်းလင်းပြင်အတွင်းမှ ၎င်းတို့ကို အသစ်တဖန် ပြန်လည် မွေးဖွားလာစေနိုင်သည်။ ထို့ပြင် ထိုအတွေးစများသည် နောက်ထပ် မိုးကြိုးကပ်ဘေးများ ကိုလည်း ထပ်မံခံယူရန် မလိုတော့ပေ။
၎င်းမှာ လူတစ်ယောက်သည် မိမိ၏ အင်အားများကို အကုန်အစင် အသုံးပြုလိုက်ပြီးနောက် ခဏတဖြုတ် အနားယူလိုက်ရုံဖြင့် အင်အားများ ပြန်လည် ပြည့်ဝလာသကဲ့သို့ပင် ဖြစ်သည်။
ဤစွမ်းရည်မှာ မသေနိုင်သော၊ မဖျက်ဆီးနိုင်သော နယ်ပယ်နှင့်ပင် နီးစပ်လှပေသည်။ ဤသည်မှာ ဖန်ဆင်းရှင်ပင် ဖြစ်သည်။
ထို့ကြောင့်ပင် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ‘ဖန်ဆင်းရှင်’ အဆင့်ရှိ ပညာရှင်တစ်ဦးသည် အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများ၏ အဆင့်နှင့် ညီမျှနေခြင်း ဖြစ်သည်။
ဟုန်ယွိသည် ထန်းဟိုင်လုံ၏ အတွေးစများအကြောင်းကို ရုတ်တရက် သတိရလိုက်သည်။ ထန်းဟိုင်လုံ၏ အတွေးစများမှာ ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ ကြားတွင် ရှိနေပြီး အသေအချာ စစ်ဆေးကြည့်မည်ဆိုပါက စုစုပေါင်း အတွေးစ ၁၂၉,၆၀၀ တိတိ ရှိနေသည်ကို တွေ့ရ ပေလိမ့်မည်။
ထန်းဟိုင်လုံသည် ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’နှင့် ‘မသေမျိုးဂူဗိမာန်’ များရှိ ရှေးဟောင်း ကျင့်ကြံသူများထံမှ အတွေးစ ပုံဆောင်ခဲများစွာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ၁၂၀,၀၀၀ ထက်ပင် ပိုပေလိမ့်မည်။ သို့သော် ၎င်းတို့ကို သူ့စိတ်ဝိညာဉ်အတွင်း သွတ်သွင်း၍ သန့်စင်လိုက်သည့်အခါတွင်မူ အများဆုံး ‘ဝမ်းယွမ်’ (၁၂၉,၆၀၀) အထိသာ ရရှိနိုင်ပြီး ထိုအရေအတွက်ကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
သို့သော်ငြားလည်း ထိုစွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။
...
“မှန်ပါတယ်။ ဒါပေမဲ့ အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ခံယူပြီးတိုင်းမှာ စွမ်းအင်တွေ ပိုကုန်ဆုံးတတ်တယ်။ ဒါက အသစ်တဖန် ပြန်လည်မွေးဖွားလာသလိုပဲ။ မိုးကြိုးကပ်ဘေး ခံယူပြီးနောက်ပိုင်း အင်အားချည့်နဲ့တဲ့ ကာလတွေမှာဆိုရင် စွမ်းအားတွေ အားလုံးနီးပါး ဆုံးရှုံးသွားပြီး သာမန်လူတစ်ယောက်အဆင့်အထိတောင် လျှော့ကျသွားနိုင်တယ်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးရင်တော့ အတွေးစတွေ ထပ်ပြီး တိုးမလာတော့ဘဲ ‘ဝမ်းယွမ်’ အဆင့်မှာပဲ ကိန်းသေရှိနေဦးမှာ ဖြစ်ပေမဲ့ အတွေးစတွေရဲ့ စွမ်းအားကတော့ ပိုသန်မာလာလိမ့်မယ်။ ‘ယန်နတ်ဘုရား’ အဆင့်ကို ရောက်သွားတဲ့ အခါ မှာတော့ အတွေးစတွေဟာ ကုဋေကုဋာအထိ ဖြစ်သွားပြီး ဝမ်းယွမ်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သွားလိမ့်မယ်။” ရှဲ့ဝန်ယွမ်က ရှင်းပြသည်။
“အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးရင် အဲဒီလောက်တောင် အားနည်းသွား တာလား။ ဒါကြောင့်လည်း သူတော်စင်တူယွမ်ဟာ မုန့်ရှန်းကျီ အဆင့်ရှစ် မိုးကြိုကပ်ဘေး ခံယူနေချိန်မှာ သွားသတ်ဖို့ ကြိုးစားတာကိုး။ သူက မုန့်ရှန်းကျီ အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်း ယူချင်နေတာပဲ။” ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ချက် လင်းလက်သွား ခဲ့သွားသည်။
ရုတ်တရက် သူ့နောက်မှ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သည့် အသံကို ကြားလိုက်ရသည်။ မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ် အတွေးစက သူ့နောက်သို့ အမှန်တကယ်ပင် လိုက်မီလာခြင်း ဖြစ်သည်။
ဝုန်း....
ဟုန်ယွိသည် ဟင်းလင်းပြင်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲတွင် ရပ်တန့် လိုက်သည်။ သူသည် သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ မှ ဓားအလင်းတန်းများ ထပ်မံပေါက်ကွဲထွက်လာပြီး သူ့နောက်သို့ လိုက်ပါလာသော တစ်ဧကခန့် ကြီးမားသော ဖရိုဖရဲစွမ်းအင် အတွေးစကို တိုက်ခိုက်လိုက်သည်။
နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်မိကြသည်။
ထိုအတွေးစနှင့် ဓားအလင်းတန်းတို့မှာ ချက်ချင်းပင် အစိတ်စိတ်မွှာမွှာ ကြေမွသွားပြီး ဘာမျှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်မှာပင် ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ထပ်မံ တုန်ခါလာပြန်သည်။ ရှေးဟောင်း ရာရှိုမွန်တံခါးသည် ဟင်းလင်းပြင်အတွင်းမှ အတင်းအကျပ် တိုးထွက်လာပြီး ၎င်းအတွင်းမှ မူလဝိညာဉ်နတ်ဘုရား ပေါ်ထွက်လာသည်။
“မင်းတို့ အရင်ဆုတ်ကြ။”
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဟုန်ယွိ၏ မျက်လုံးများက လက်ခဲနဲ လင်းလက်သွား သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ဖြင့် အားလုံးကို အကာအကွယ်ပေးလိုက်သည်။ ထို့နောက် မိုင်ပေါင်းများစွာ ဝေးသော နေရာတွင် ဓားကို ကိုင်ဆောင်လျက် မူလဝိညာဉ်နတ်ဘုရားကို ရင်ဆိုင်ရင်း စိုက်ကြည့် လိုက်သည်။
မူလဝိညာဉ်နတ်ဘုရားက အလျှော့မပေးဘဲ အသည်းအသန် လိုက်လံတိုက်ခိုက်နေသဖြင့် ဟုန်ယွိအနေဖြင့်လည်း ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ကို အားကိုးကာ အသက်နှင့်လဲ၍ တိုက်ခိုက်ရန်သာ ရှိတော့သည်။ ဖန်ဆင်းရှင်အဆင့် ပညာရှင်ကြီးတစ်ဦး၏ စွမ်းအားမှာ မည်မျှ ကြီးမားသည်ကို သူကိုယ်တိုင် မြင်တွေ့လိုနေသည်။
“ဟုန်ယွိ... မင်းမှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ သာ မရှိရင် မင်းရဲ့ ဘယ်တာအိုပညာရပ် ကမှ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။” ဤအခိုက်တွင် မူလဝိညာဉ်နတ်ဘုရားက ထိုဓား ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ရှင်က ရှင့်မှော်စွမ်းအားတွေကို သုံးပြီး ဒီနတ်ဘုရားဓားထဲက ဝိညာဉ်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်တာ မဟုတ်လား။ ဒါပေမဲ့ ဖန်ဟွမ်ဓားထဲက ဝိညာဉ်အသိစိတ်ဆိုတာ သေးသေးမွှားမွှား မဟုတ်ဘူး။ အဲဒါကို ဖျက်ဆီးလိုက်ချိန်မှာ ရှင်လည်း တော်တော်လေး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခုထိ ပြန်မကောင်းသေးဘူးလို့ ကျွန်မ ယုံကြည်တယ်။” ကျိရှန်းထျန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
“အော်... ကျိရှန်းထျန်း... မင်းက တကယ်ပဲ ဉာဏ်ကောင်းပြီး ဗဟုသုတ ကြွယ်ဝတာပဲ။ အမှောင်ဧကရာဇ် လေ့ကျင့်ပေးထားတဲ့ နတ်ဘုရားမ ပီသပါတယ်။ မင်းက ငါ့ရဲ့ 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ' ကိုးခုကို လိုချင်နေတာလို့ ငါ ကြားထားတယ်။”
မမျှော်လင့်ဘဲ မူလဝိညာဉ်နတ်ဘုရားသည် ကျိရှန်းထျန်း၏ စကားကို ကြားပြီးနောက် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ ပြန်လည်စကားဆိုလာသည်။
“မှန်တာပေါ့။ ဒါပေမဲ့ ရှင်က ဒီလောက် မြန်မြန်ဆန်ဆန် လူသားအသွင်ပြောင်းနိုင်ပြီး ယုံကြည်မှု စွမ်းအားတွေရဲ့ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ အခုဆိုရင် ရှင်က လူသားတစ်ယောက်လိုပဲ မှော်စွမ်းအားတွေကို ကျင့်ကြံနိုင်နေပြီပေါ့။” ကျိရှန်းထျန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“နတ်ဘုရားတွေထဲမှာ မင်းက အဉာဏ်အရှိဆုံးပဲ။” မူလဝိညာဉ်နတ်ဘုရား၏ မျက်လုံးများ တွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာသည်။
“မူလဝိညာဉ်နတ်ဘုရား... ခင်ဗျား ကျုပ်နောက်ကို ဒီလောက်အထိ လိုက်နေတာကို ကြည့်ရင် ကျုပ်နဲ့ အသေအကြေ တိုက်ချင်နေတာလား။” ဟုန်ယွိက ကျိရှန်းထျန်း၏ စကား ကို ဖြတ်ပြောလိုက်ပြီး သူ၏ စွမ်းအားများကို စုစည်းလိုက်သည်။
“အသေကြေ တိုက်မယ် ဟုတ်လား။” မူလဝိညာဉ်နတ်ဘုရားက ရယ်မောလိုက်ပြီး ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ ကို ထပ်မံ ကြည့်လိုက်သည်။ “မင်းမှာ ဒီဓားသာ မရှိရင် အဲဒီစကားကို ပြောဖို့ အရည်အချင်း မရှိဘူး။ နှမြောဖို့ ကောင်းလိုက်တာ... တကယ်ဆို ဒီဓားကို ငါ ရသင့် တာ။ ဒါပေမဲ့ ငါနဲ့ မုန့်ရှန်းကျီတို့က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းချုပ်နေ ရလို့ ငါလည်း မရ၊ သူလည်း မရ ဖြစ်ခဲ့ရတယ်။ နှစ်ပေါင်း ၆,၃၀၀ ကြာအောင် ရှင်သန်လာ ခဲ့တဲ့ ငါလို နတ်ဘုရားတစ်ပါးက အနှစ် ၃၀၀ လောက်ပဲ ကျင့်ကြံထားတဲ့ လူတစ်ယောက်ရဲ့ တားဆီးမူကို ခံနေရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ အခုတော့ ၁၀ နှစ်ကျော်ကျော်လေးပဲ ကျင့်ကြံထားတဲ့ မင်းက ငါ့ကို အသေအကြေ တိုက်မယ်လို့ ပြောနေပြန်ပြီ။”
“ခင်ဗျား လူသားအသွင် မပြောင်းခင်တုန်းကဆိုရင်တော့ ခင်ဗျားကို ဆူဖြိုးတဲ့ ဝက်ကြီး တစ်ကောင်လို သတ်မှတ်ပြီး ကျုပ်က သတ်ပစ်လိုက်မှာ။” ဟုန်ယွိက ရယ်မောလျက် လက်ထဲက ဓားကို အသာအယာ လှုပ်ရှားလိုက်သည်။ သူသည် မူလဝိညာဉ်နတ်ဘုရားကို ဒေါသထွက်လာအောင် ဆွပေးနေခြင်း ဖြစ်သည်။
“မင်းပြောတာ မှန်ပါတယ်။ ငါ လူသားအသွင် မပြောင်းခင်က ငါ့ရဲ့ 'ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေ'ကို လိုချင်တပ်မက်ကြတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိခဲ့ကြတယ်။ ဒီနှစ်ပေါင်း ခြောက်ထောင်အတွင်းမှာ ငါ့ရဲ့စွမ်းအားတွေကို လိုချင်လို့ လာရောက်တိုက်ခိုက် ကြတဲ့လူတွေကို ငါ သတ်ခဲ့တာ ဘယ်နှယောက်မှန်းတောင် မမှတ်မိတော့ဘူး။””
မမျှော်လင့်ဘဲ မူလဝိညာဉ်နတ်ဘုရားသည် ဒေါသထွက်ရမည့်အစား လွမ်းဆွတ်တမ်းတနေ သော အမူအရာ ပေါ်လာသည်။ ဤအမူအရာက ဟုန်ယွိကို တွေးရခက်စေပြီး မူလဝိညာဉ် နတ်ဘုရား ၏ စိတ်နေစိတ်ထားကို ခန့်မှန်းရခက်သွားစေသည်။
“ငါ ယန်အန်းကို သတိထားမိတာ ကြာပြီ။ အစတုန်းကတော့ သူဟာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်တစ်ဦးလို့ ငါ ထင်ခဲ့တာ။ ပြီးတော့ သူဟာ ‘ကောင်းကင်အပြင်ပ နယ်မြေ’ ကနေ ဆင်းသက်လာတဲ့ စိတ်ဝိညာဉ်တစ်ခုလေ။ ဒါကြောင့်လည်း ငါ သူ့ကို ကူညီခဲ့တာ။ ဒါပေမဲ့ မင်းရဲ့လက်ထဲမှာ သူ သေသွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ ဒါဟာ ငါ့ဘဝမှာ ပထမဆုံးအကြိမ် တွက်ချက်မှု မှားယွင်းသွားတာပဲ။”
မူလဝိညာဉ်နတ်ဘုရားက ခဏရပ်ပြီးမှ ဆက်ပြောသည်။ “သူ သေသွားတာနဲ့ ငါ ချက်ချင်း သိလိုက်ရပြီး ရှေးဟောင်းရာရှိုမွန်ကို သုံးပြီး ဟင်းလင်းပြင် ဖရိုဖရဲဟင်းလင်းပြင် နယ်မြေ တွေထဲကနေ ချက်ချင်း လာခဲ့တာပဲ။ ဒါဟာ ငါ့ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုတောင် နှောင့်နှေးစေခဲ့တယ်။”
“ဒါပေါ့... ခင်ဗျားရဲ့ အရေးကြီးတဲ့ ကိစ္စဆိုတာ ဖန်ဆင်းခြင်းသင်္ဘော နောက်ကို လိုက်နေ တာ မဟုတ်လား။” ဟုန်ယွိက အေးစက်စွာ ပြောလိုက်သည်။
“ဖန်ဆင်းခြင်းသင်္ဘောဆိုတာ ‘ဝမ်းယွမ်’ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်တဲ့ တစ်ခု တည်းသော အထွတ်အထိပ် ရတနာပဲ။ ‘ယန်နတ်ဘုရား’ တစ်ဦးက အဲဒါကို ရရှိသွားရင် နှစ်ပေါင်း ၁၂၉,၆၀၀ ကျော်အောင် ရှင်သန်နိုင်သလို အလယ်လတ်ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲဖို့လည်း မလိုတော့ဘူး။ ဒီရတနာက ငါ့ရဲ့ စွမ်းအားကိုတောင် တိုးမြှင့်ပေးနိုင်တာ မို့ ဘာပဲဖြစ်ဖြစ် ငါ ရအောင် ယူရမယ်။ ချန်ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ဟာ ဒီသင်္ဘော ကို သုံးပြီး လူအများကြီးကို သူတို့ဘက်ပါအောင် ဆွဲခေါ်နေကြပြီ။ အချိန်ကြာလာလေလေ သူတို့ရဲ့ အင်အားက ပိုကြီးလာလေလေပဲ။”
မူလဝိညာဉ်နတ်ဘုရား၏ မျက်နှာတွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာပြီး ဟုန်ယွိ ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်ပြန်သည်။
အခန်း (၄၆၀)။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ။ စကားကို ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့တော့။”
မူလဝိညာဉ်နတ်ဘုရားက တိုက်ခိုက်ခြင်း မပြုဘဲ ဟုန်ရွှန်ကျိ၊ ယန်ဖန်နှင့် ဖန်ဆင်းခြင်း သင်္ဘော အကြောင်းများကိုသာ ပြောဆိုနေသဖြင့် ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနတ်ဘုရား ဘာကြံစည်နေသည်ကို သူ ခန့်မှန်းရခက်နေသည်။
အကယ်၍ မူလဝိညာဉ်နတ်ဘုရားနှင့် အမှန်တကယ် ယှဉ်ပြိုင်ရမည်ဆိုပါက ဟုန်ယွိအနေ ဖြင့် အနိုင်ရရန် အခွင့်အရေး မရှိသလောက် နည်းပါးသော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိပေ။
အဆင့်ခုနှစ် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားသည့် ဖန်ဆင်းခြင်းများကိုပင် သတ်ဖြတ်နိုင် သည့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ပိုင်ဆိုင်ထားသဖြင့် အနည်းဆုံးတော့ သူသည် မူလ ဝိညာဉ်နတ်ဘုရားကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ အကယ်၍၊ သူ ရှုံးနိမ့်ခဲ့လျှင်ပင် တဖက်လူ၏ စိတ်ဝိညာဉ် အတွေးစပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်ပြီး သူ၏ မူလစွမ်းအင်ကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိသည်။
ထို့ပြင် မူလဝိညာဉ်နတ်ဘုရားသည်လည်း အခြားသော ရန်သူများကို သတိထားနေရသူ ဖြစ်ရာ ဟုန်ယွိတစ်ယောက်တည်းအတွက်နှင့် သူ့စွမ်းအင်များကို အလွန်အကျွံ အသုံးပြုရဲ မည် မဟုတ်ပေ။ မဟုတ်ပါက သူကိုယ်တိုင်ပင် သားကောင် ဖြစ်သွားနိုင်သည်။
ဟုန်ယွိသည် ရုတ်တရက်ပင် မူလဝိညာဉ်နတ်ဘုရား၏ သတိကြီးစွာ ထားနေသည့် စိတ်အခြေအနေကို ရိပ်မိသွားသည်။
“မင်းက တကယ်ပဲ ဉာဏ်ကောင်းတာပဲ။ ငါ ဘာကို ဆိုလိုတယ်ဆိုတာ မင်း မသိဘူးလား။ မင်းမှာ ချန်ပီယံမြို့စားထက် ပိုတောက်ပတဲ့ အနာဂတ် ရှိနေတာပဲ။” မူလဝိညာဉ် နတ်ဘုရား၏ ထူးဆန်းသော မျက်လုံးများမှာ တည်ငြိမ်အေးစက်သွားပြီး စကားဆိုလိုက် သည်။
“ခင်ဗျားက ကျုပ်နဲ့ ပူးပေါင်းချင်တာလား။ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိကို အတူတူ ရင်ဆိုင်ဖို့ လား။” ဟုန်ယွိသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ထားရင်း လုံးဝ သတိလက် လွတ်မနေခဲ့ပေ။ သူ့စိတ်ထဲတွင် ချီဝိညာဉ်ဝဲဂယက်၊ စစ်နတ်ဘုရားကျမ်း၊ မဟာလေဟာ နယ်လက်ဝါးနှင့် အလင်းမှောင်မန္တလာ မဟာအတားအဆီးစသည့် တာအိုပညာရပ်များစွာ က လျှပ်စီးကဲ့သို့ စီးဆင်းနေ၏။
သူသည် မကြုံစဖူး အစွမ်းထက်လှသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသဖြင့် သူ၏ အတွေးစများနှင့် တာအိုပညာရပ်အားလုံးမှာ တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားသကဲ့ သို့ ခံစားနေရသည်။
သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ အတိုင်းအဆမရှိ မြင့်တက်လာခဲ့သည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားပုံရပြီး သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အတွင်း ကိန်းအောင်းနေသကဲ့သို့ပင်။
ဟုန်ယွိ၏ ထူးကဲသော အငွေ့အသက်နှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအားတို့ ပေါင်းစပ်သွားမှုကို အာရုံခံမိသည့်အခါ မူလဝိညာဉ်နတ်ဘုရားသည်ပင် ခဏတာ မှင်သက် သွားမိသည်။
ဟုန်ယွိသည် သူ့အပေါ်တွင် လုံးဝ သတိလက်လွတ် မထားမှန်း သူ သိလိုက်သည်။
အကယ်၍ သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဟုန်ယွိက ချက်ချင်း သိရှိပြီး လျှပ်စီးကဲ့ သို့ မြန်ဆန်သော တန်ပြန်တိုက်ခိုက်မူကို ဆင်နွှဲပေလိမ့်မည်။
မူလဝိညာဉ်နတ်ဘုရား၏ ခရမ်းရောင်နက်နက်သန်းသော ဆံပင်များမှာ လေထဲတွင် လွင့်မျောနေပြီး သူ၏စိတ်ထဲတွင် ခန့်မှန်းရခက်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။ ထို့နောက် သူက ခေါင်းကို အသာအယာမော့ကာ ပြောလိုက်သည်။ “မဆိုးပါဘူး။ မင်းရဲ့ တာအိုကျင့်စဉ်က အဆင့်လေး မိုးကြိုးကပ်ဘေးအဆင့်မှာပဲ ရှိသေးပေမဲ့ မင်းက လူသား အင်မော်တယ် တစ်ယောက် ဖြစ်နေပြီ။ မင်းအနေနဲ့ အချိန်မရွေး အဆင့်ငါး အဆင့်ခြောက် မိုးကြိုးကပ်ဘေးတွေကို ကျော်ဖြတ်နိုင်တယ်။ မင်းရဲ့ စိတ်စွမ်းအားနဲ့ဆိုရင် ‘ဖန်ဆင်းရှင်’ တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။ ငါ တကယ်ပဲ မင်းနဲ့အတူ ပူးပေါင်းပြီး အလုပ်လုပ် ချင်ပါတယ်။ ဘာလို့လဲဆိုတော့ မင်းမှာ အနာဂတ် ရှိနေလို့ပဲ။ ဒီလောကမှာ မုန့်ရှန်းကျီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အခု နှစ်ပေါင်း ၃၀၀ ကြာပြီးနောက်မှာ နောက်ထပ် ဖန်ဆင်းရှင်တစ်ယောက် ပေါ်ထွက်လာဖို့ အချိန်တန်ပြီ။ အဲဒီ ဖန်ဆင်းရှင်ဟာ ချန်ပီယံမြို့စား ယန်အန်း ဖြစ်လိမ့်မယ်လို့ ငါ ထင်ခဲ့ပေမဲ့ အခုတော့ အဲဒီလူက မင်း ဖြစ်နေပြီ ထင်တယ်။”
“ကျုပ်မှာ ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာဖို့ ပါရမီရှိနေရင် ခင်ဗျားအနေနဲ့ ကျုပ်ကို အခုက တည်းက သတ်ပစ်သင့်တာ မဟုတ်လား။” ဟုန်ယွိက ပြုံးလျက် သူ၏စိတ်ကို ပိုပြီး အာရုံ စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အထက်တွင် ပြင်းထန်သော သွေးနှင့်စွမ်းအင် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး မီးခိုးတန်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ထိုစွမ်းအင်များအလယ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ‘ဟိုဘက် ကမ်းကူးတံတား’ ပုံရိပ်တစ်ခု ပေါ်လာသည်။
“ဒါ ဘယ်လို သိုင်းဆန္ဒမျိုးလဲ။”
မူလဝိညာဉ်နတ်ဘုရားမှာ ခဏတာ မှင်သက်သွားရသည်။ သူ၏ စိတ်ထဲတွင် အတွေးများ စွာ ဖြစ်ပေါ်လာသော်လည်း အပြင်သို့ ထုတ်မပြောဘဲ မထူးဆန်းသည့်အသံဖြင့် ပြောလိုက် သည် “ဒါက မင်းရဲ့ လူသားအင်မော်တယ် သိုင်းပညာရဲ့ သိုင်းဆန္ဒလား။ ကြည့်ရတာ ဖန်ဆင်းခြင်းသင်္ဘောနဲ့တောင် ဆင်တူနေသလိုပဲ။ အဆုံးမဲ့ ကျယ်ပြောပြီး ဟိုဘက်ကမ်းကို ရောက်ရှိနိုင်တဲ့ စွမ်းအားမျိုးပဲ။ ဒါပေမဲ့ ငါ မင်းကို သတ်လိမ့်မယ်လို့ မင်း ပြောလိုက်တာ လား။ အဲဒီလို မဟုတ်ပါဘူး။ ဖန်ဆင်းရှင်အဆင့် ပါရမီရှိတဲ့သူတွေကို အလွယ်တကူ သတ်လို့မရဘူး။ ယန်အန်းလို လူမျိုးတောင် ကံတရားအကြီးအကြီး ပိုင်ဆိုင်ခဲ့တာပဲ။ သူဟာ အခက်အခဲနဲ့ တွေ့တိုင်း ပိုပြီး သန်မာလာတတ်တယ်။ မင်းကတော့ သူထက်တောင် ပိုပြီး ဉာဏ်ကောင်းသေးတယ်။ တကယ်လို့, ငါ မင်းကို တစ်ခဏအတွင်းမှာ မဖျက်ဆီးနိုင်ရင် မင်းအနေနဲ့ ငါ့ရဲ့ဘုံသုံးပါးမူလစွမ်းအင်အမြောက်ရဲ့ လျှို့ဝှက်ချက်တွေကိုပါ နားလည်သွား ပြီး မင်းရဲ့ တာအိုပညာရပ်တွေထဲကို ပေါင်းစပ်သွားလိမ့်မယ်။”
“ဒီမူလဝိညာဉ်နတ်ဘုရားက တစ္ဆေတစ်ကောင်ထက်တောင် ဉာဏ်ပိုများသေးတယ်။”
ဟုန်ယွိ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူသည် အမှန်တကယ်ပင် မူလဝိညာဉ် နတ်ဘုရားနှင့် အသေအကြေ တိုက်ခိုက်ရင်း ဘုံသုံးပါးမူလစွမ်းအင်အမြောက်၏ ရှေးဟောင်းကြယ်များ ပေါက်ကွဲသည့်ဖြစ်စဉ် လျှို့ဝှက်ချက်ကို လေ့လာလိုခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏ အလင်းမှောင်မန္တလာ မဟာအစီအရင်ပညာရပ်ကို ပိုမိုပြည့်စုံအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
သို့သော် မူလဝိညာဉ်နတ်ဘုရားက သူ၏ အတွေးကို ရိပ်မိသွားပုံရသည်။ ဤနတ်ဘုရား၏ မျက်လုံးများက လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
...
မူလဝိညာဉ်နတ်ဘုရားက စကားပြောပြီးနောက် ဟုန်ယွိကို စိုက်ကြည့်နေသည်။ ဟုန်ယွိက အတန်ကြာ အတွေးနက်နေပြီးနောက် မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ “ခင်ဗျား ဘယ်လောက်ပဲ စကားတွေ တတ်နေပါစေ၊ ကျုပ်က ခင်ဗျားနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ ခင်ဗျားက တိုင်းတစ်ပါးက နတ်ဘုရားတစ်ပါးပဲ။ ကျုပ်က မင်းနဲ့ ဘယ်လိုလုပ် လက်တွဲနိုင် မှာလဲ။”
“တိုင်းတစ်ပါး နတ်ဘုရား ဟုတ်လား” မူလဝိညာဉ်နတ်ဘုရားက ပြုံးလိုက်သည်။ “ငါက အခု လူသားတစ်ယောက် ဖြစ်နေပြီလေ။ ယုံကြည်မှုစွမ်းအားတွေကို မလိုအပ်တော့ဘူး။ အနောက်ဘက်ဒေသက လူဦးရေ သန်း ၇၀၀ နဲ့ ရာနဲ့ချီတဲ့နိုင်ငံတွေဟာ ငါနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိတော့ဘူး။ မင်းသာ ငါနဲ့ ပူးပေါင်းရင် ငါတို့ တော်ဝင်ချန် တော်ဝင်မိသားစုကို ဖြိုချပြီး ဖန်ဆင်းခြင်းသင်္ဘောကို သိမ်းပိုက်လို့ ရတယ်။ ငါ အနာဂတ်ဟောကိန်းတစ်ခု ထုတ်ပြန်ပေးမယ်။ မင်း ကမ္ဘာလောကကြီးကို အုပ်စိုးတဲ့အခါ အနောက်ဘက်ဒေသကိုပါ မင်း အုပ်ချုပ်ရလိမ့်မယ်။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် မလုပ်နိုင်ခဲ့တဲ့ အရာကို မင်း လုပ်နိုင်လိမ့်မယ်။”
မူလဝိညာဉ်နတ်ဘုရား၏ စကားမှာ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ရှဲ့ဝန်ယွမ်ပင်လျှင် မျက်နှာပျက်သွားရသည်။
အလယ်ပိုင်းကောင်းကင်နိုင်ငံနှင့် အနောက်ဘက်ဒေသတို့မှာ မျိုးဆက်ပေါင်းများစွာ စစ်ဖြစ်လာခဲ့ကြသည်။ နောက်ဆုံးဖြစ်သော ရှေးခေတ် သူတော်စင် ဧကရာဇ်ဖြစ်သော ‘ယွီ’ သည်ပင် မဟာဧကရာဇ် မိုရာနှင့် တိုက်ခိုက်ခဲ့ရသည်။ အကယ်၍ အနောက်ဘက်ဒေသကို အမှန်တကယ် အုပ်စိုးနိုင်မည်ဆိုပါက ထိုသူ၏ နာမည်မှာ သမိုင်းတွင် ကျန်ရစ်ပေလိမ့်မည်။
အကယ်၍ ဤစကားကို အခြားသူက ပြောပါက သူတို့အနေဖြင့် လှောင်ပြောင်မိကြပေလိမ့် မည်။ သို့သော် အနောက်ဘက်ဒေသ၏ အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဖြစ်သော မူလ ဝိညာဉ်နတ်ဘုရား ကိုယ်တိုင် ပြောဆိုနေခြင်း ဖြစ်ရာ သံသယဖြစ်စရာ မရှိပေ။
“ဟုတ်လား။” ဟုန်ယွိ ကြားလိုက်ရသော်လည်း စိတ်လှုပ်ရှားခြင်း မရှိပေ။ သူ၏ စိတ်မှာ ဝေခွဲမရ ဖြစ်မသွားဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည် “ဒီစကားမျိုး ပြောဖို့ အချိန်စော လွန်းပါသေးတယ်။ အနောက်ဘက်ဒေသနဲ့ အလယ်ပိုင်းကောင်းကင်နိုင်ငံတို့ဟာ နှစ်ပေါင်း ထောင်ချီပြီး တစ်ဖက်နဲ့တစ်ဖက် သတ်ဖြတ်လာခဲ့ကြတာ။ တကယ်လို့ ကျုပ်တို့သာ စစ်မတိုက်ကြဘဲ ပူးပေါင်းပြီး ကုန်သွယ်မှုတွေ လုပ်နိုင်ရင်တော့ ဒါက ကောင်းတဲ့အရာပဲ။ ခင်ဗျား ကျုပ်နဲ့ တကယ် ပူးပေါင်းချင်ရင် ‘ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ’ တစ်ခု ပဲ ပေးလိုက်စမ်းပါ။ ဒါဆိုရင် ကျုပ်တို့ ဆက်ဆွေးနွေးလို့ ရသေးတယ်။”
“‘ကောင်းကင်အနှစ်သာရ အမြုတေ’ ဆိုတာ ငါ့ခန္ဓာကိုယ် အစစ်ပဲ။ ကြည့်ရတာ မင်းက ငါနဲ့ တကယ် မပူးပေါင်းချင်ဘူး ထင်တယ်။” မူလဝိညာဉ်နတ်ဘုရား၏ မျက်နှာထားက ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီး တစ်ခု ထွက်ပေါ်လာသည်။
“ဒါဆိုရင်လည်း... ကျုပ် ခင်ဗျားကို ဖျက်ဆီးပစ်ရတော့မှာပေါ့။”
...
“သွားစို့”
မူလဝိညာဉ်နတ်ဘုရားထံမှ စွမ်းအားများကို ခံစားမိသည်နှင့် ဟုန်ယွိ မျက်နှာပျက်သွား သည်။ သူသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သည်။ ကြီးမား သော ဓားစွမ်းအင်ကြီးက လေထုကို ဆွဲဖြဲကာ မူလဝိညာဉ်နတ်ဘုရား ထံသို့ တိုးဝင်သွား သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိနှင့် အခြားသူများမှာ ‘ကမ္ဘာငယ်လေး’ အတွင်းသို့ ခုန်ဝင်ကာ ထွက်ပြေးလွတ်မြောက်သွားကြသည်။
မူလဝိညာဉ်နတ်ဘုရားက ရှေးဟောင်းရာရှိုမွန်တံခါးကို ညွှန်လိုက်သည်။
ထိုကြီးမားသော နတ်ဘုရားလက်နက်ကြီးမှာ ဓားစွမ်းအင်ကို တားဆီးကာ ဝါးမြိုလိုက် သည်။ ထို့နောက် တံခါးအတွင်းရှိ ဖရိုဖရဲစွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ တံခါးကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးမှ ရပ်တန့်သွားရာ၊ တံခါးကြီးမှာ အနည်း ငယ် ပျက်စီးသွားကြောင်း ထင်ရှားသည်။
ထူးဆန်းသည်မှာ မူလဝိညာဉ်နတ်ဘုရားသည် ဟုန်ယွိနောက်သို့ လိုက်မတိုက်တော့ပေ။ ထို့ပြင် သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
ထိုအခိုက်တွင် ဟင်းလင်းပြင်မှာ ကွဲအက်သွားပြီး အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်ကြီး ထွက်ပေါ်လာသည်။
“နတ်ဘုရားအရှင်... ဟုန်ယွိကို ဖမ်းမိခဲ့ပါသလား။” ယဇ်ပုရောဟိတ်၏ အသံထွက်ပေါ် လာပြီး သူမသည် မူလဝိညာဉ်နတ်ဘုရားကို ဦးညွှတ်လိုက်သည်။
“ငါ သူ့ကို လိုက်မီခဲ့တယ်၊ ဒါပေမဲ့ သူ့ကို ပြန်လွှတ်ပေးလိုက်တယ်။”
“အရှင်... ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ။” ယဇ်ပုရောဟိတ်ကြီး အံ့အားသင့်သွား သည်။
“သူ ငါ့ထောင်ချောက်ထဲကို ကျရောက်သွားပြီ။ အခု ဒီကို ရောက်နေတာက ငါ့ရဲ့ ကိုယ်ပွား ကိုးခုထဲက တစ်ခုပဲ။ ငါ့စွမ်းအား ၉၀ ရာခိုင်နှုန်းဟာ ဧကရာဇ် ယန်ဖန်ရဲ့ ထောင်ချောက်ထဲ မှာ ပိတ်မိနေတယ်။ သူက ရှေးဟောင်းမှော်ရတနာတစ်ခုကို ယဇ်ပူဇော်ပြီး ငါ့ကို ရှေးဟောင်းကြယ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာက သဘာဝအတားအဆီး တစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့တာ။ တကယ်လို့, ဟုန်ယွိသာ အခု ငါနဲ့ တိုက်ခိုက်ခဲ့ရင် သူက ဖန်ဟွမ် အသက်ဝိညာဉ်ဓားကို သုံးပြီး ငါ့ကိုယ်ပွားကို သတ်ပြီးနောက် ‘ကောင်းကင်အနှစ်သာရ အမြုတေ’ကို ရသွားနိုင်တဲ့ အခွင့်အရေး ၆၀ ရာခိုင်နှုန်း ရှိနေတယ်။ နှမြောဖို့ ကောင်းတာက သူက သတိလွန်ကဲလွန်းပြီး သူ့အပေါင်းဖော်တွေ ထိခိုက်မှာကို အရမ်းကြောက်နေတာပဲ။”
မူလဝိညာဉ်နတ်ဘုရားက မျက်လုံးများကို မှေးစင်းလျက် ပြောသည် “အခု သူ ထွက်သွား တာက ငါ့အတွက် အဖိုးတန်တဲ့ အချိန်တွေ ပေးလိုက်သလိုပဲ။ ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က သိပ်မကြာခင်မှာ အဲဒီပိတ်လှောင်မှုကို ချိုးဖျက်နိုင်တော့မယ်။”
“အရှင်... ဒါဆို မုန့်ရှန်းကျီကိုကော။” ယဇ်ပုရောဟိတ်က မေးသည်။
“မုန့်ရှန်းကျီလည်း ငါ့ကို လှည့်စားသွားတာပဲ။ သူက ငါနဲ့ ပူးပေါင်းပြီး ဖန်ဆင်းခြင်းသင်္ဘော ကို ရင်ဆိုင်မယ်လို့ ပြောခဲ့ပေမဲ့ အခု သူ ဘယ်ရောက်သွားလဲ ငါမသိဘူး။ ငါ့အထင်တော့ သူဟာ အဆင့်ကိုး မိုးကြိုးကပ်ဘေးကို ခံယူဖို့ သွားတာ ဖြစ်လိမ့်မယ်။ သူက သူ့အတွက် အချိန်ရအောင် ဒီအနှစ်သာရနတ်ဘုရားကျောင်း တိုက်ပွဲကို အစီအစဉ်ချခဲ့တာပဲ။ ငါတောင် သူ့လှည့်ကွက်ထဲ မိသွားခဲ့တယ်။”
မူလဝိညာဉ်နတ်ဘုရား၏ မျက်လုံးများမှာ ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့ သည်။
“အဆင့်ကိုး မိုးကြိုးကပ်ဘေး...” ယဇ်ပုရောဟိတ် အသက်ရှူမှားသွားရသည်။
“ပြီးခဲ့တဲ့အခေါက် သူ အဆင့်ရှစ် မိုးကြိုးကပ်ဘေးကို ခံယူတုန်းက ငါ့ရဲ့ နတ်ဘုရား စွမ်းအား တွေကို သူတော်စင်တူယွမ်ရဲ့ ကိုယ်ထဲ ထည့်ပြီး သူ့နောက်ကို လိုက်ခဲ့သေးတယ်။ ဒါပေမဲ့ သူဟာ အဆင့်ရှစ် မိုးကြိုးကပ်ဘေး ခံယူပြီးတာတောင် တကယ်ကို သန်မာလွန်းတယ်။ သူက ငါ့စွမ်းအားတွေကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ တကယ်လို့, သူသာ အဆင့်ကိုး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ရင် သူက ပိုပြီး ကြောက်စရာကောင်းလာလိမ့်မယ်။” မူလဝိညာဉ်နတ်ဘုရားက ဆက်ပြောသည်။ “ယန်အန်းကတော့ သေသွားပြီ။ ငါ့အထင် နောက်ထပ် စိတ်ဝိညာဉ်တစ်ခုတော့ ကောင်းကင်ပြင်ပနယ်မြေ’ ကနေ ဆင်းသက်လာဦး မယ် ထင်တယ်။ ဒီတစ်ခါ ဘယ်နေရာ ဘယ်သူ့ဆီ ရောက်လာမလဲဆိုတာ စောင့်ကြည့်ရ မှာပဲ။ မင်းတို့လည်း သတိထား စောင့်ကြည့်ရမယ်။ အလယ်ပိုင်းကောင်းကင်နိုင်ငံက ရှေးဟောင်း ပညာရှင် သူတော်စင်တွေ ပျောက်ကွယ်သွားတာကလည်း ကောင်းကင်ပြင်ပ နယ်မြေ’ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်နေတယ်။”
“အရှင်... ကောင်းကင်ပြင်ပနယ်မြေ’ ဆိုတာ ဘယ်လို ကမ္ဘာမျိုးလဲ။” ယဇ်ပုရောဟိတ်က မေးသည်။
“ငါ မင်းတို့ကို ရှင်းပြလို့ မရသေးဘူး။ မင်း အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် ဖြစ်လာတဲ့အခါမှာတော့ အဲဒီကမ္ဘာရဲ့ တည်ရှိမှုကို အာရုံခံမိပြီး အစအနအချို့ ရလာလိမ့်မယ်။ ငါတို့လည်း အဲဒီ လျှို့ဝှက်ချက်တွေကို သိချင်နေသလို ဧကရာဇ် ယန်ဖန် ရော မုန့်ရှန်းကျီပါ သိချင်နေကြတာ။ ဒါကြောင့်လည်း ယန်အန်းကို အချိန်အကြာကြီး အသက်ရှင်ခွင့် ပေးထားခဲ့ကြတာပေါ့။ သူတို့က သူ့ဆီကနေ လျှို့ဝှက်ချက်တွေကို သိချင်နေကြတာ။ ကံမကောင်းစွာနဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားက သူ့စိတ်ဝိညာဉ်ကို အမြဲ ကာကွယ်ပေးထားခဲ့တယ်။ အခုတော့ သူ သေသွားပါပြီ။ ကောင်းကင်ပြင်ပနယ်မြေ’ ရဲ့ လျှို့ဝှက်ချက်တွေလည်း ပြတ်တောက်သွားခဲ့ပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကောင်းကင်ပြင်ပ နယ်မြေ’က လူတွေ နောက်ထပ် ဆင်းသက်လာဦးမှာပဲ။”
မူလဝိညာဉ်နတ်ဘုရားက မိန့်ကြားသည် “မင်းတို့ နန်းတော်ကို အရင်ပြန်နှင့်ကြ။ ငါ့ဆီက သတင်းကို စောင့်နေပါ။ ဟုန်ယွိကတော့ ငါ့ရဲ့ဟန်ရေးပြ ခြိမ်းခြောက်မှုကို ကြောက်ပြီး အချိန်အတော်ကြာအောင် ငါတို့ကို လာနှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး။ ငါ အစစ်မှန် ခန္ဓာကိုယ်နဲ့ အမြန်ပြန်လာပြီး ဟုန်ယွိ မိုးကြိုးကပ်ဘေး မခံယူခင်မှာ သူ့ကို ငါ့ရဲ့ ကျွန်အဖြစ် သိမ်းသွင်းပစ်မယ်။”
ထို့နောက် မူလဝိညာဉ်နတ်ဘုရားသည် ရှေးဟောင်းရာရှိုမွန်တံခါး အတွင်းသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွားတော့သည်။
...
မူလဝိညာဉ်နတ်ဘုရား ပျောက်ကွယ်သွားသည့် ခဏမှာပင် ဟုန်ယွိ၊ ရှဲ့ဝန်ယွမ်နှင့် အခြား သူများသည် ကြယ်တာရာလေထုလွှာကို ဖြတ်သန်းပြီး သဲကန္တာရပြည်နယ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
“ချန်ပီယံမြို့စား ယန်အန်းကတော့ သေသွားပြီ။ ဒါဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ သူ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က ချင်ပြည်နယ်မှာ စစ်တပ်ကြီးကို ဦးဆောင်နေတုန်းပဲ။ တကယ်လို့, တစ်စုံတစ်ယောက်သာ သူ့ခန္ဓာကိုယ်ကို သုံးပြီး ဝင်စားသွားမယ်ဆိုရင်တော့ မလွယ်ဘူး။”
မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဟုန်ယွိသည် ချန်ပီယံမြို့စား ယန်အန်း သေဆုံးမှု ၏ နောက်ဆက်တွဲပြဿနာများကို ချက်ချင်း သတိရလိုက်မိတော့သည်။
စာစဉ် (၄၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။