← Chapters

မိဖုရား

Vol. 7 Ch. 602

မိဖုရား

Vol. 7 Ch. 602

တာ့ရှားဧကရာဇ်သည် ပလ္လင်ထက်မှ ထလိုက်လေသည်။ သူ၏မိစ္ဆာ ဓားကောက်ကြီးကို ကွမ်းလုန်ကျီ၏ ရင်ပတ်ဆီသို့ ချိန်ရွယ် ထားလိုက်လေသည်။

"ငါကိုယ်တော် ကြားဖူးတာတော့ သူတော်စင်တစ်ပါးရဲ့ နှလုံးသားမှာ သွေးကြောဆုံချက် (၇)ခု ရှိတယ်တဲ့၊ မောင်မင်းလည်း အဲဒီလိုပဲလားဆိုတာ သိချင်မိတယ်"

တာ့ရှားဧကရာဇ်၏ အသံသည် အဝေးဆီမှ ပျံ့လွင့် လာသကဲ့သို့ပင် ဖြစ်လေသည်။

မိစ္ဆာဓားကောက်ကြီးသည် ကွမ်းလုန်ကျီ၏ ရင်ပတ်ကို နှစ်ခြမ်းခွဲပစ်လိုက်ပြီး နှလုံးသားသည် အပြင်သို့ ခုန်ထွက် လာလေသည်။ နှလုံးသားသည် ကြမ်းပြင်ထက်သို့ ကျသွားပြီး တဖျတ်ဖျတ် ခုန်နေဆဲ ဖြစ်လေ၏။

ကွမ်းလုန်ကျီ၏ နှလုံးသားသည် သာမန်လူများနှင့် မခြားပါ။ သွေးကြောဆုံချက် (၇)ခုလည်း မရှိပါ။

ကွမ်းလုန်ကျီ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်သည့် အနေအထား ဖြစ်သွားပြီး အသက်မဲ့ သွားလေတော့သည်။

"လာကြစမ်း… ဒီအလောင်းကြီးကို ခွေးစာ ကျွေးပစ်လိုက်"

သံမဏိ မျက်နှာဖုံး စွပ်ထားပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစောင့် (၂)ယောက် ရောက်လာပြီး ကွမ်းလုန်ကျီ၏ အလောင်းနှင့် ကြမ်းပြင်ထက်မှ နှလုံးသားကို ယူဆောင် သွားကြလေသည်။

ထို့နောက် အစောင့်များက အလောင်းနှင့် နှလုံးသားကို ခွေးလှောင်အိမ် အတွင်းသို့ ပစ်ထည့် လိုက်ကြလေသည်။

ခွေးအုပ်စုကြီးသည် အလောင်းကောင်ကြီးကို ချက်ချင်းပင် စားသောက် ပစ်လိုက် ကြလေသည်။

သို့သော် … နှလုံးသားကိုတော့ ထိပင်မထိကြပေ။ မည်သည့်ခွေးမှ ကွမ်းလုန်ကျီ၏ နှလုံးသားကို မစားရဲကြပေ။ ထိုနှလုံးသားမှာ ပြင်းထန်သည့် အဆိပ်တစ်မျိုး အလား သူတို့သည် နမ်းရှုံ့၍ပင် မကြည့်ကြပေ။

တာ့ရှားဧကရာဇ်က အလောင်းနှင့် နှလုံသားကို ခွေးကျွေးပစ်ရန် အမိန့်ပေးခဲ့လေသည်။ ထို့ကြောင့် အစောင့်များသည် အမိန့်ကို မလွန်ဆန်ရဲကြပေ။ သို့သော် …. ကွမ်းလုန်ကျီ၏ နှလုံးသားကို မည်သည့်ခွေးမှ မစားသည့်အတွက် အမိန့်ကို လွတ်ဆန်ရာ ရောက်နေလေသည်။

ထိုအချိန်မှာပင် ခြေထော့ကျိုးဖြစ်နေသည့် မျက်မမြင် အဘိုးအို တစ်ယောက် ခွေးလှောင်အိမ် ရှိရာသို့ ရောက်ရှိ လာလေသည်။ သူနှင့်အတူ နေမကောင်းဖြစ်ပြီး အလွန်ပိန်လှီ နေသည့် အရုပ်ဆိုးဆိုး ခွေးတစ်ကောင်လည်း ပါလာလေသည်။ ထိုခွေးမှာ အနက်ရောင် အမွေးများက ကျိုးတိုးကျဲတဲနှင့် ခွေးဝဲစား တစ်ကောင် ဖြစ်လေ၏။

ထိုခွေးဝဲစားသည် ကွမ်းလုန်ကျီ၏ နှလုံးသားကို တွေ့မြင်သည့်အခါ တစ်ချက် ထိုးပြီး ဟောင်လိုက်လေသည်။ ထို့နောက် ခွေးဝဲစားသည် အဘိုးအို၏ လက်မှ ရုန်းထွက်သွားပြီး ခွေးလှောင်အိမ်ဆီသို့ ပြေးသွားကာ နှလုံးသားကို တစ်ချက်တည်းဖြင့် ကိုက်စား ဝါးမျို ပစ်လိုက်လေတော့သည်။

နှလုံးသားကို စားလိုက်သည့် ခွေးဝဲစားသည် ချက်ချင်းပင် ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သွေးကြောများ အားလုံး ပေါက်ထွက်ကာ သွေးများ ယိုစီးကျလာပြီး ဝမ်းနည်းစရာပင် သေဆုံး သွားရ လေတော့သည်။

အစောင့်များကတော့ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ပြီ ဖြစ်ကြောင်း တာ့ရှားဧကရာဇ်ကို ပြန်လည် လျှောက်တင်ရန် ထွက်ခွာ သွားကြလေတော့သည်။

မျက်မမြင် အဘိုးအိုသည် သေဆုံးသွားသည့် ခွေးဝဲစား အနားသို့ လျှောက်သွား လိုက်လေသည်။ သူက တစ်ကိုယ်လုံး သွေးများပေကျံကာ သေဆုံးနေသည့် ခွေးဝဲစားလေး၏ ခန္ဓာကိုယ်ကို ပွတ်သပ် ပေးလိုက်ပြီး ထူးဆန်းစွာဖြင့်ပင် ရယ်မော လိုက်လေသည်။

ခွေးလှောင်အိမ်အတွင်းမှ အခြားသော ခွေးများမှာ ထိုခွေးနှင့် ခပ်ဝေးဝေး တစ်နေရာတွင် ကုပ်နေကြပြီး တအီအီ အော်မြည်လျက် ရှိကြလေသည်။

အဘိုးအိုသည် ခွေးလှောင်အိမ်တွင် ခွေးများကို အစာကျွေးသည့်အလုပ်ကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့သူ ဖြစ်လေသည်။ ထိုအဘိုးအို ရှိနေသည်ကို နန်းတော်အတွင်းမှ လူများပင် သိရှိကြခြင်း မရှိပေ။

ထိုနေ့တွင်တော့… ခွေးလှောင်အိမ်ထဲမှ ခွေးများအားလုံး သေဆုံးသွားကြပြီး အဘိုးအိုသည်လည်း ပျောက်ခြင်းမလှ ပျောက်သွား ခဲ့လေတော့သည်။

အစောင့်များသည် ခွေးသေများကို ရေတွက်ပြီး သန့်ရှင်းရေး လုပ်ရသည့် တာဝန် အပေးခံ ရလေသည်။ သူတို့သည် ခွေးသေ တစ်ကောင်စီကို စာရင်းနှင့် တိုက်ဆိုက်ကာ စစ်ဆေးကြည့်သည့် အခါတွင်တော့ ခွေးတစ်ကောင် ပျောက်နေသည်ကို သတိပြုမိ လိုက်ကြလေသည်။ ပျောက်သွားသည့် ခွေးမှာ တန်ဖိုးအကြီးဆုံး ခွေးတစ်ကောင် ဖြစ်လေသည်။ ထိုခွေးသည် မိုးမြေမှ သန့်စင်စွာ မွေးဖွားလာသည့် ခွေးတစ်ကောင် ဖြစ်ပြီး ဇာမဏီငှက်နှင့် ယူနီကွန်းများ အလား တန်ဖိုးမြင့်မား လှလေသည်။

သို့သော်… အစောင့်များသည် ပြဿနာ ရှုပ်ကုန်မည်ကို စိတ်ပူသည့် အတွက် ထိုခွေး ပျောက်ဆုံးသွားမှုကို လျှို့ဝှက် ထားခဲ့ကြလေသည်။ သူတို့က ခွေးလှောင်အိမ်မှ ခွေးများအားလုံး သေဆုံးသွားကြပြီ ဟူ၍သာ တာ့ရှားဧကရာဇ်ကို လျှောက်တင်ခဲ့ကြလေသည်။

…..

တာ့ရှားဧကရာဇ်သည် မေရှီကိုလည်း စွန့်လွှတ် လိုက်လေသည်။

သူမသည် ယိုရှီပြည်မှ မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ တာ့ရှားနန်းတော်သို့ ရောက်လာပြီး ကတည်းက တာ့ရှားဧကရာဇ်က သူမကို အလိုလိုက်ကာ ချစ်ခင်ခဲ့လေသည်။ တာ့ရှား ဧကရာဇ်သည် သူမ တောင်းဆိုသမျှကို တစ်ချက်မှ မငြင်းခဲ့ပေ။ သို့သော် တာ့ရှားဧကရာဇ်သည် အလွန်မှ အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် ဖြစ်သည်ကိုတော့ သူမ သိခဲ့ပါလေ၏။ ကွမ်းလုန်ကျီ အသတ်ခံ လိုက်ရသည့် အခါ သူမသည် ပိုပြီးသတိထား နေရလေသည်။

ယခုတော့...

တာ့ရှားဧကရာဇ်က သူမကို စွန့်ပစ်လိုက်ပြီ ဖြစ်လေရာ သူမသည် အလွန်ကြောက်ရွံ့ ထိတ်လန့် နေတော့သည်။

သေသေချာချာ လေ့ကျင့်ပေးထားသည့် နန်းတွင်းသူ ကချေသည်လေးများမှာလည်း အသတ်ခံ လိုက်ရသလို ကွမ်းလုန်ကျီမှာလည်း အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။

သူမ အလှည့်များ ရောက်လာတော့မည်လား....။

မေရှီ၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နေလေသည်။ မျက်ရည်ကြည် လေးများသည် ဆောင်းဦးရာသီ နှင်းရည်လေးများအလား ဖြစ်လေသည်။ မေရှီ၏ ကြောက်ရွံ့ နေသည့် ပုံစံလေးမှာ ယုန်ငယ်လေး တစ်ကောင်နှင့်ပင် တူလေ၏။ သူမ၏ တစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ် နေတော့သည်။

တာ့ရှားဧကရာဇ်က ဓားသွား အဖျားလေးဖြင့် သူမ၏ မေးဖျားလေးကို ပင့်မော့ လိုက်လေသည်။ ဓားသွားထက်တွင် သွေးစများ ရှိမနေပါ။ သို့သော်... ဓားသွားဆီမှ ကွမ်းလုန်ကျီ၏ သွေးရနံ့ကို ရရှိနေပြီး နောက်ထပ် သွေးစွန်းရမည့် သူမှာသူမ ဖြစ်ရပေတော့မည်။

"မင်း ကြောက်နေတာလား...."

တာ့ရှားဧကရာဇ်က မေးလိုက်လေသည်။

မေရှီသည် ခေါင်းပင်မခါရဲချေ။

"မ... မကြောက်ပါဘူး..."

တာ့ရှားဧကရာဇ်သည် အကြင်နာတရားဖြင့် ပြည့်ဝနေသည့် မျက်ဝန်းများဖြင့် မေရှီကို ရွှန်းရွှန်းစားစား ကြည့်လိုက် လေသည်။

"မင်းက ငါကိုယ်တော်ရဲ့ ချစ်ရသူနဲ့ သိပ်တူတာပဲ..."

တာ့ရှားဧကရာဇ်က တိုးလျနူးညံ့သည့် လေသံဖြင့် ပြောလိုက်သည်။

မေရှီမှာ ငိုချင်နေမိတော့သည်။

တာ့ရှား ဧကရာဇ်သည် သူမကို သတ်တော့မည်ဟု ယုံကြည် ထားမိလေသည်။

ကွမ်းလုန်ကျီကဲ့သို့ သစ္စာရှိ မင်းမှုထမ်း တစ်ယောက်ကိုပင် သတ်ဖြတ်ပြီး ခွေးစာ ကျွေးလိုက်သည့် တာ့ရှားဧကရာဇ်မှာ မိစ္ဆာကျင့်စဥ်ကြောင့် လူစိတ် ပျောက်နေခဲ့ပြီ ဖြစ်လေသည်။

သို့သော်...

သူမ မသေချင်သေးပါ။ အဘယ်ကြောင့်ဆိုသော် သူမတွင် ရင်သွေးလေး ရှိနေပြီ ဖြစ်သောကြောင့်ပင်။

တာ့ရှားဧကရာဇ်က ရယ်မော လိုက်လေသည်။

"ငါကိုယ်တော် မင်းကိုမသတ်ပါဘူးကွာ..."

မိစ္ဆာဓားကောက်ကြီးသည် ထူးဆန်းစွာပင် ပျောက်ကွယ် သွားလေသည်။

ယခုမှမေရှီမှာ စိတ်သက်သာရာရသွားပြီး....

"ကျေးဇူးတင်ပါတယ် မင်းကြီး..."

"ငါကိုယ်တော် မင်းကို ဘာလို့ မသတ်ရသလဲဆိုတာ သိလား"

တာ့ရှားဧကရာဇ်က မေးလိုက်လေသည်။

"မသိပါဘူး..."

မေရှီက ပြန်ဖြေလိုက်လေသည်။

"မင်းကိုမသတ်တာ ငါကိုယ်တော်ရဲ့ ကလေးကြောင့်လို့တော့ မထင်နဲ့”

တာ့ရှားဧကရာဇ်က ပြောလိုက်သည်။

မေရှီ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး သူမက ချက်ချင်းပင် ဒူးထောက် ချလိုက်လေသည်။

"မင်းကြီး... ယွမ်ယန်ဘယ်မှာ ပုန်းနေလဲဆိုတာ ကျွန်မသိထားပါတယ်... ကျွန်မရဲ့ကလေးကို ချမ်းသာပေးပါ...."

တာ့ရှားဧကရာဇ်က အေးစက်စွာ ပြုံးလိုက်လေသည်။ ထို့နောက် မေရှီ၏ ဝမ်းဗိုက် အောက်ပိုင်းဆီသို့ ခြေထောက်ဖြင့် စောင့်ကန် လိုက်လေသည်။

မေရှီ၏ ခြေထောက်များကြားမှ သွေးများ ကျဆင်းလာပြီး မေရှီမှာ ကြမ်းပြင်ထက်သို့ ဖြူဖျော့စွာဖြင့် လဲကျသွားကာ မထနိုင်တော့ပေ။

"ထွက်သွားစမ်း...."

မေရှီသည် အားတင်းကာ မတ်တတ်ရပ်လိုက်ပြီး သံမဏိမီးတိုင် အပြစ်ပေးခန်းထဲမှ ထွက်ခွာ သွားလေတော့သည်။ ထို့နောက်တွင်တော့ သူမသည် တိချိုးမြို့တော်မှ ထွက်ခွာ သွားခဲ့လေတော့သည်။

တာ့ရှားဧကရာဇ်သည် သူမကို မသတ်ရသည့် အကြောင်းရင်းကို သူမ နားမလည်ခဲ့ပါ။ သို့သော်... သူမ၏ကလေး အပေါ်တွင် ရက်ဆက် ဆက်သတ်ဖြတ်ပစ်ခဲ့သည့် တာ့ရှားဧကရာဇ်ကို ဒေါသထွက်ကာ နာကျည်းလျက် ရှိလေသည်။

မေရှီထွက်ခွာသွားသည့်ည….

ထိုညတွင်တော့ အေးစက်စက် လရောင်သည် တာ့ရှားဧကရာဇ်၏ ကိုယ်ပေါ်သို့ ဖြာကျနေလေသည်။

တာ့ရှားဧကရာဇ်သည် လမင်းကို စိုက်ကြည့် နေခဲ့လေသည်။

နူးညံ့ပြီးကြည်လင်သည့် မိန်းကလေး အသံတစ်သံ ထွက်ပေါ် လာလေသည်။

"ရှင့်အပေါ်မှာ သစ္စာအရှိဆုံးမင်းဆရာကြီးကို ရှင်သတ်ပစ်လိုက်တယ်...၊ ရှင့်ရဲ့ ရင်သွေးကိုလည်း ရှင်ကိုယ်တိုင် သတ်ပစ်လိုက်တယ်....၊ ဒါတောင်မှ ရှင့်ရဲ့ ခံစားချက်တွေက အကုန်လုံး ပျက်စီး မသွားသေးပါလား"

"အဲဒါ အရေးကြီးလို့လား..."

တာ့ရှားဧကရာဇ်က တီးတိုး ရေရွတ် လိုက်လေသည်။

"အရေးကြီးတာပေါ့...၊ ရှင်သာ ယွမ်စီမှော်မိစ္ဆာ ကျင့်စဉ်ရဲ့ ခံစားချက် ဖျက်ဆီးတဲ့ အဆင့်ကို မအောင်မြင်နိုင်ရင် ကျွန်မက ရှင်နဲ့ဆက်ပြီး မပူးပေါင်းနိုင်တော့ဘူးနော်...."

အကယ်၍ တစ်စုံတစ်ယောက်ကသာ တာ့ရှားဧကရာဇ်၏ နေရာမှ လမင်းဆီလို့ လှမ်းကြည့်မည်ဆိုလျှင် မြူခိုးဝေနေ သည့်လရောင်များကြားတွင် အလွန်ချောမော လှပသည့် နတ်သမီး တစ်ပါးကို မထင်မရှား မြင်တွေ့ရမည် ဖြစ်လေသည်။

"လဆိုတာက ဆန်းလိုက်၊ ဆုတ်လိုက်၊ ပြည့်လိုက်နဲ့၊ ကြည်လင် အေးချမ်းပေမယ့် အပြောင်းအလဲများ လွန်တယ်၊ ဒါပေမဲ့ နေမင်းကတော့ အမြဲတမ်း ပြီးပြည့်စုံမှု ရှိတယ်၊ ဒါကြောင့် နေမင်းနဲ့ တူတဲ့ ငါကိုယ်တော်ဟာလည်း ပြီးပြည့်စုံပြီးသားပဲ...."

တာ့ရှားဧကရာဇ်က ပြောလိုက်လေသည်။

လရောင်သည် သိမ်မွေ့စွာဖြင့် တာ့ရှားဧကရာဇ်ပေါ်သို့ ဖြာကျ နေလေသည်။ ထိုလရောင်သည် ချက်ချင်းပင် အလွန် ချောမောလှပသည့် နတ်သမီး တစ်ပါးအသွင် ပြောင်းလဲသွားပြီး တာ့ရှား ဧကရာဇ်ကို အနောက်မှ သိုင်းဖက် လိုက်လေသည်။

ထို့နောက်.... ချစ်သူတစ်ယောက်အလား နားနားသို့ကပ်ကာ ချိုသာသည့် အသံလေးဖြင့်....

"အဲဒီလိုဆိုရင်လည်း ကောင်းပါတယ်နော်...၊ ဒါပေမယ့် သူ့ရဲ့ နတ်ဘုရား ထောင်ချောက် ဓားကနေတော့ ရှင့်အတွက် လွတ်လမ်းရှိမှာ မဟုတ်ဘူး၊ ရှင့်မှာ မူလမိစ္ဆာ ခန္ဓာရှိမယ် ဆိုရင်တောင် လွတ်ပါ့မလားပဲ”

တာ့ရှားဧကရာဇ်က သူ့ကိုလာဖက်သည့် နတ်သမီး၏ လက်ဖျားများကို ဆွဲဖြုတ်လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင် လိုက်လေသည်။

"မင်းရဲ့လေသံကို ငါကိုယ်တော် မကြိုက်ဘူး၊ နားလည်လား..."

နတ်သမီးက နူးညံ့စွာ ရယ်မောလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။

တာ့ကျိုးပြည်၏ ဧကရာဇ်တစ်ပါး ဖြစ်လာသည့်တိုင် ဆန်းလျန်က အလုပ်များနေခြင်း မရှိပါ။

အဘယ်ကြောင့် ဆိုသော်… သူ၏ကျယ်ပြန့်သော ဉာဏ်ပညာကို အသုံးပြုကာ တိုင်းရေးပြည်ရာများ အားလုံးကို စီမံအုပ်ချုပ် နိုင်သောကြောင့် ဖြစ်လေသည်။

သူ၏ အုပ်ချုပ်မှုအောက်တွင် အနိမ့်ဆုံးသော နိုင်ငံသားများသည်ပင်လျှင် တန်းတူညီမျှ အခွင့်အရေး ရကြလေသည်။ ဆန်းလျန်၏ အုပ်ချုပ်မှုတွင် တိုင်းသူပြည်သားတိုင်း “တန်းတူညီမျှ” ဆိုသည့် စကား၏အဓိပ္ပာယ်ကို အပြည့်အဝ နားလည်ကြရလေသည်။

တာ့ကျိုး၏ တိုင်းရေးပြည်ရာ ကိစ္စရပ်များ အားလုံးမှာ ကျစ်ကျစ်လျစ်လျစ် ရှိလေသည်။ ထို့ပြင် ဆန်းလျန်က လေနှင့်မိုးကို ဆင့်ခေါ်ပေးပြီး ရာသီဥတု မျှတစေသည့် အတွက် ပြည်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများလည်း အတိုင်းထက် အလွန် အဆင်ပြေလျက် ရှိကြလေသည်။

ရာသီဥတု ကောင်းမွန်ခြင်းသည် ကျင့်ကြံသူများအတွက် အရေးမပါလှသော်လည်း သာမန် တိုင်းသူပြည်သားများ အတွက်တော့ အရေးကြီးလေသည်။

ကျင့်ကြံသူများကတော့ အစားအစာ စားသောက်ရန် သိပ်ပြီး မလိုကြပေ။ သို့သော် သာမန် တိုင်းသူ ပြည်သားများကတော့ လူသားများ ဖြစ်ကြသည့် အတွက် စားရေးရိက္ခာများ လိုအပ်လေသည်။

ဆန်းလျန်၏ နန်းတော်အတွင်းသို့ လိပ်ပြာလေး တစ်ကောင် ပျံသန်း ဝင်ရောက် လာလေသည်။

ထိုလိပ်ပြာလေးက လူသားပုံသဏ္ဌာန် ပြောင်းလဲသွားပြီး ဆန်းလျန်ရှေ့တွင် ဒူးထောက် ဂါရဝ ပြုလိုက်သည်။

ထိုလိပ်ပြာနတ်မိစ္ဆာ၏ အမည်မှာ လျိုစစ်ပေ့ ဖြစ်လေ၏။

သူသည် နက်နဲသည့် ပုံရိပ်ရောင် ကျင့်စဉ်ပညာတစ်ခုမှ မွေးဖွားဖြစ်တည်လာသူ ဖြစ်လေသည်။ သူက ဆန်းလျန်ဆီတွင် ခိုလှုံခဲ့ပြီး သတင်းထောက်လှမ်းသည့် တာဝန်ကို ယူထား ရလေသည်။ သူ၏တန်ခိုးစွမ်းအားများမှာ အခြားသူများနှင့် မတူဘဲ ထူးခြားသည့် အတွက် တိချိုးမြို့တော်မှ သတင်းများကို ဆန်းလျန်အတွက် စုံစမ်းပေးသည့် အလုပ်ကို လုပ်ကိုင် ရလေသည်။

သူ့ကို တွေ့လိုက်သည့်အခါ ဆန်းလျန်က မေးလိုက်သည်။

“အကြောင်းထူးများရှိသလား၊ မင်းက ကျုပ်ပေးလိုက်တဲ့ ဓားအင်းချပ်ကိုတောင် အသုံးပြုပြီး ကျုပ်ဆီ ပြန်လာတယ်ဆိုတော့ အရေးကြီး ကိစ္စတစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်”

လျိုစစ်ပေ့က…

“တာ့ရှားဧကရာဇ်က မိန်းမပျိုတစ်ယောက်နဲ့ လက်ထပ် လိုက်ပါတယ်၊ အဲဒီမိန်းမပျိုကို အခု မိဖုရား မြှောက်လိုက်ပါပြီ၊ မိဖုရားရဲ့ဇာစ်မြစ်က ထူးဆန်းပြီး ခန့်မှန်းလို့ မရနိုင်ပါဘူး၊ ပြီးတော့ သူ့ရဲ့ တန်ခိုးစွမ်းအား တွေကလည်း မင်းကြီးနဲ့ ထျန်းယီ အကြီးအကဲတို့ထက် မလျော့နိုင်ဘူး”

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

“မင်းသွားလို့ရပြီ၊ မင်းမှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးဖို့ တာဝန်လည်း ရှိသေးတယ် မဟုတ်လား၊ သူတို့ကို သတင်း သွားပေးလိုက်ပါဦး၊ ပြီးရင် ကျုပ်ဆီပြန်လာခဲ့ပါ၊ မင်းကို ခိုင်းစရာ ရှိသေးတယ်”

လျိုစစ်ပေ့ ထွက်ခွာ သွားလေသည်။

ဆန်းလျန်က စာရေးရန်အတွက် စုတ်တံကိုကိုင်လိုက်လေသည်။

သို့သော် … စာရွက်ဖြူပေါ်တွင် စာမရေးမီမှာပင် သူသည် စုတ်တံကိုကိုင်ပြီး အတန်ကြာ စဉ်းစား နေခဲ့လေသည်။ နောက်ဆုံးတွင်တော့ သူသည် စာရွက်ပေါ်တွင် စာမရေးဘဲ ပန်းချီတစ်ခုကို ရေးဆွဲ လိုက်လေသည်။ ထိုပန်းချီမှာ အစိမ်းရောင် တောင်တန်းများနှင့် အစိမ်းရောင် ရေကန်များ ပါဝင်သည့် ပန်းချီကား ဖြစ်လေသည်။ တောင်တန်းစိမ်းများမှာ မိန်းမပျိုတစ်ယောက်၏ လှပသည့် မျက်ခုံးလေးများ အလား လခြမ်းပုံသဏ္ဌာန် ဖြစ်လေသည်။

တာ့ရှား ဧကရာဇ်သည် ဇာစ်မြစ် မခန့်မှန်းနိုင်သည့် မိန်းမပျို တစ်ယောက်ကို မိဖုရား မြှောက်ပေတော့မည်။ ဆန်းလျန်သည် အရိပ်အမြွက်တော့ နားလည်နေလေသည်။

တာ့ကျိုးပြည်၏ အခြေခံအုတ်မြစ်သည် အခြေမခိုင်သေး သည့်ပြင် သူ့တွင်လည်း အမှန်တကယ် စွမ်းရည် မြင့်မားသည့် လက်အောက်ငယ်သားများ အနည်းငယ်သာ ရှိသည့်အတွက် ဆန်းလျန်သည် အနည်းငယ် နောင်တ ရနေမိလေသည်။

လီယွမ်လျန်နှင့် ဂိုဏ်းတူညီ (၃)ယောက်ကတော့ တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြလေသည်။ သို့သော် သူတို့သည် ဖြောင့်စင်းသည့် စိတ်ထားကို ပိုင်ဆိုင်ကြသည့် အတွက် အခြေအနေအပေါ် မူတည်ပြီး ပရိယာယ် ကြွယ်၀စွာဖြင့် မလှုပ်ရှား တတ်ကြပေ။ တစ်ဖြောင့်တည်းသာ သွားတတ်ကြသူများ ဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါးတစ်ခုလုံး၏ အကူအညီသာ ရမည်ဆိုလျှင် ဆန်းလျန် အတွက် အရာရာသည် ပိုပြီး လွယ်ကူလိမ့်မည် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ စိတ်နှလုံးကို စစ်ဆေးသည့် ဝမ့်ရှင်းလမ်းကို ကျော်ဖြတ် လာကြသည့် တပည့်များသည် အလွန်မှ ထူးချွန် ထက်မြက်သူများ ဖြစ်ကြလေသည်။ သူတို့သည် တာအိုကျင့်စဉ် အမျိုးမျိုးကို ကျင့်ကြံထားကြပြီး စရိုက်လက္ခဏာ အမျိုးမျိုးလည်း ရှိကြလေသည်။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များသာ ယခုအချိန်တွင် ရှိနေလျှင် သူ့အတွက် များစွာ အကူအညီရမည် ဖြစ်လေသည်။

သို့သော်… မတူညီသည့် လောက (၂) ခု ဖြစ်သည့်အတွက် သူ့အနေဖြင့် ချင်းရွှမ်နတ်တံခါးကို ဆက်သွယ်ရန်မှာ မဖြစ်နိုင်ပါချေ။

ဆန်းလျန်သည် ခေါင်းထဲသို့ ဝင်လာသည့် မဖြစ်နိုင်သည့် အတွေးများကို ချက်ချင်းပင် မေ့ပစ် လိုက်လေတော့သည်။

***

All Chapters