အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း(၁၀၆)
အမှောင်ထဲမှတဆင့် ကျင့်ကြံသူများကို သတ်ဖြတ်သော စက်ကရာ၏ လုပ်ဆောင်မှုက ကြီးမားသောကိစ္စ မဟုတ်ပေ။ သူက ထိုကျင့်ကြံသူများကို ခြောက်လှန့်ချင်ရုံမျှသာ ဖြစ်၏။ သို့သော်လည်း လူတစ်ယောက်က လိုချင်တပ်မက်မှုရှိလာသည့်အခါ သို့မဟုတ် အလိုရမ္မက်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည့်အခါ မည်သည့်အန္တရာယ်ကိုမှ မမှုတော့ပေ။ လုပ်ကြံသတ်ဖြတ်ခြင်းကိုမဆိုထားနှင့် သူ့အရှေ့မှာ ဓားတောင်နှင့် မီးပင်လယ်ရှိနေလျှင်ပင် အရှေ့ဆက်သွားရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။
အများဆုံး သူက အားနည်းပြီး စိတ်ဓာတ်မခိုင်မာသော ကျင့်ကြံသူများကိုသာ ခြောက်လှန့်နိုင်လိမ့်မည်။
ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ယင်းက ကျင့်ကြံသူများကို ဒေါသထွက်စေပြီး အချင်းချင်း အင်အားပူးပေါင်းစေလိမ့်မည်။ ထုံးစံအားဖြင့် ကျင့်ကြံသူများ အင်အားပူးပေါင်းလိုက်သည့်အခါ သူတို့၏ အလုံးစုံအင်အားက သိသာစွာ တိုးမြှင့်သွားလိမ့်မည်။
ယင်းက ကျင့်ကြံသူများကြားမှ လက်ရွေးစင်များကို ရန်ပြုမိလိမ့်မည်။ ထိုသို့ဆိုမှတော့ သေးငယ်သော လုပ်ကြံသတ်ဖြတ်ခြင်းကို နောက်ထပ် လုပ်ဆောင်ရန် မလိုတော့ပေ။
“ အတိတ်မှာ တမင်ငါလွှတ်ပေးလိုက်တဲ့ ကျင့်ကြံသူက တခြားကျင့်ကြံသူတွေဆီ သေချာပေါက် သတင်းဖြန့်လိမ့်မယ်… အရင်နှစ်ရက်မှာ ငါလုပ်ဆောင်ခဲ့တဲ့ သတ်ဖြတ်မှုတွေအရဆို အဲ့ဒီကျင့်ကြံသူတွေက ငါ့ရဲ့ လုပ်ဆောင်မှုတွေကို ခန့်မှန်းပြီး ငါ့အတွက် ထောင်ချောက်တစ်ခု ဆင်ကြလိမ့်မယ် ”
သီရှီထျန်သည် သူ့အား မြင်တွေ့ခဲ့သော ကျင့်ကြံသူကို တမင်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူကို လွှတ်ပေးလိုက်လျှင် ဖြစ်လာနိုင်သော နောက်ဆက်တွဲကိစ္စများကို မည်သို့ သူမသိဘဲနေမည်နည်း။
သူက ဖြစ်နိုင်ခြေအမျိုးမျိုးကို စိတ်ကူးကြည့်ခဲ့သည်။ ထိုထဲမှာ အကြီးမားဆုံး ဖြစ်နိုင်ခြေက ထိုကျင့်ကြံသူများသည် သူ့အား မျှားခေါ်ပြီး သတ်ဖြတ်ရန် ထောင်ချောက်တစ်ခု ဆင်ကြလိမ့်မည်။
ထို့ပြင် ယင်းက တောင်တန်းဒေသထဲမှ ကျင့်ကြံသူအများစုကို တစ်နေရာတည်းမှာ စုဝေးစေလိမ့်မည်။
ထိုသို့စဉ်းစားမိသောအခါ သူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။
“ ဒါပေမဲ့ အဲ့ဒါက ငါလိုချင်တဲ့ ရလဒ်ပဲ… သူတို့တွေ တစ်နေရာတည်းမှာ အတူတူ စုဝေးနေတာက ငါလိုချင်နေတဲ့အရာပဲ ”
ထိုကျင့်ကြံသူများက သူ့ကို ထောင်ချောက် ဆင်ချင်ကြသည်။ သို့ဖြစ်၍ သူ့မှာလည်း အစီအစဉ်ရှိသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲသို့ မည်သို့ကြောင့် ကျင့်ကြံသူအများအပြား စုဝေးရောက်ရှိလာကြောင်း သီရှီထျန်မေးမြန်းခဲ့စဉ်က အဖြေသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်သံလိုက်အိမ်မြှောင်ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့နောက် သူက အစီအစဉ်တစ်ခုကို တွေးမိသွားသည်။
ယခု မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် သူ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ယင်းကို ကျင့်ကြံသူများ၏ အရှေ့မှာ မထုတ်ဖော်ချင်ပေ။
လတ်တလောတွင် ကျင့်ကြံသူအများအပြားသည် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာဖွေရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြသည်။ ပုန်းကွယ်ခြင်းသည် ပြဿနာကို ယာယီသာ ဖြေရှင်းပေးနိုင်လိမ့်မည်။ အကယ်၍ သူက ချိုင့်ဝှမ်းထဲမှာ ပုန်းအောင်းနေပြီး အပြင်သို့ မထွက်လျှင်ပင် အနှေးနှင့်အမြန် ဖော်ထုတ်ခံရလိမ့်မည်။ အကောင်းဆုံး နည်းလမ်းက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို သူလက်လွှတ်ရန် ဖြစ်သည်။ ထိုကျင့်ကြံသူများက ဝိညာဉ်သံလိုက်အိမ်မြှောင်ကိုသာ စိတ်ဝင်စားကြသည်။ သူတို့လိုချင်သောအရာကို ရပြီးလျှင် သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲမှ သေချာပေါက် ပြန်ထွက်သွားကြလိမ့်မည်။
သို့သော်လည်း သီရှီထျန်သည် ဝိညာဉ်သံလိုက်အိမ်မြှောင်ကဲ့သို့ ရတနာကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။
ထို့ကြောင့် မသေမျိုးကျင့်ကြံသူများကို တောင်တန်းဒေသထဲမှ အမြန်ဆုံး မောင်းထုတ်ရန် သူရွေးချယ်လိုက်သည်။
ကျင့်ကြံသူတစ်ထောင်ကျော်ကို မောင်းထုတ်ရန်သည် သီရှီထျန်တစ်ယောက်တည်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် သူက တခြားလူများထံမှ အင်အားကို ချေးငှားရန် စဉ်းစားလိုက်သည်။ ဤနှစ်ရက်အတွင်းမှာ သူလုပ်ဆောင်ခဲ့သော အရာအားလုံးက အင်အားချေးငှားရန်အတွက် ဖြစ်၏။ သူက အစီအစဉ်ကို အကောင်အထည်ဖော်ရန် အုတ်မြစ်ချနေခြင်း ဖြစ်သည်။
ထို့ပြင် သူချေးငှားမည့် အင်အားသည် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး၏ အင်အားဖြစ်သည်။
တောင်ပိုင်းမြေရိုင်းဒေသသည် အလွန်ကျယ်ပြောသည်။ ဤနေရာမှ ဝိညာဉ်စွမ်းအားသည် သေမျိုးလောကမှာထက် အဆပေါင်းအများကြီး ပိုသိပ်သည်းသည်။ တောင်တန်းဒေသက အရင်းအမြစ်ကြွယ်ဝလေရာ ဤနေရာမှာ ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသော ကျားများ ရှိကြသည်။ သူတို့သည် မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
အတိတ်၌ သူအဆင့်တတ်လှမ်းသွားခဲ့စဉ်တွင် တောင်ပိုင်းမြေရိုင်းဒေသ၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်မှ အော်မြည်သံလေးသံကို ရှင်းလင်းစွာ သူကြားခဲ့သည်။ ထိုအော်မြည်သံများသည် သူ၏ ကျားဟိန်းသံထက် နည်းနည်းမှ အားမနည်းချေ။
“ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေသာ စည်းစည်းလုံးလုံး ရှိနေမယ်ဆိုရင် အဲ့ဒါက အင်အားစုကြီး ဖြစ်လာလိမ့်မယ်… တောင်ပိုင်းမြေရိုင်းဒေသ နှစ်ပေါင်းများစွာကြာအောင် အေးချမ်းနေခဲ့တာ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ… တခြားမိစ္ဆာသားရဲတွေရဲ့ အကူအညီနဲ့ဆိုရင် အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို မောင်းထုတ်ဖို့က မခက်ခဲလောက်ဘူး… တောင်တန်းထဲက တခြားမိစ္ဆာသားရဲတွေနဲ့ ငါတွေ့ဆုံရမယ် ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ သူက ထိုအတွေးကို အစောကြီးကတည်းက ရရှိခဲ့သည်။ မည်သို့ဖြစ်ပါစေ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တသီးတခြားမနေထိုင်ချင်ပေ။ သူ့အတွက်တော့ မိစ္ဆာသားရဲများသည် ကျားရဲတောင်တန်းဒေသထဲမှ ပိုင်ယွဲနှင့် တခြားသားရဲဘုရင်များနှင့် အတူတူသာ ဖြစ်သည်။ သို့သော် သူတို့တစ်ကောင်စီသည် မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲထားကြလေရာ သာမန်ဝိညာဉ်သားရဲများထက် အများကြီး ပိုဉာဏ်ကောင်းကြသည်။ သူတို့၏ စဉ်းစားနိုင်စွမ်းသည် လူသားတစ်ယောက်ထက် မနိမ့်ကျပေ။
မိစ္ဆာသားရဲဖြစ်လာသော တိရိစ္ဆာန်များသည် သာမန်မဟုတ်ကြချေ။ ထို့ကြောင့် သူတို့နှင့် ရင်ဆိုင်ရသည့်အခါ ယင်းခုန်းနှင့် တခြားသားရဲဘုရင်များအား သူအသုံးပြုခဲ့သော နည်းလမ်းကို အသုံးမပြုနိုင်ပေ။ သူတို့ကို သိမ်းသွင်းခြင်းသည် ဖော်မပြနိုင်အောင် အလွန်ခက်ခဲလိမ့်မည်။ အတိတ်၌ ဝိညာဉ်သားရဲများကို သိမ်းသွင်းရန် သူအသုံးပြုခဲ့သော နည်းလမ်းက ယခုအချိန်မှာ အသုံးမဝင်ပေ။
ဤရက်များတွင် သူသတ်ခဲ့သော ကျင့်ကြံသူများ၏ ရုပ်အလောင်းများက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ မိစ္ဆာချီအဖြစ် အဆက်မပြတ် သန့်စင်ခံနေရသည်။ ယင်းကို အများကြီး သူအာရုံစိုက်နေရန် မလိုပေ။ အချိန်တိုင်းမှာ သူ၏ မိစ္ဆာချီက တိုးပွားလာသည်။ အကယ်၍ သူသာ မိစ္ဆာအာရုံကို အသုံးပြု၍ မိစ္ဆာစံအိမ်ကို ကြည့်မည်ဆိုလျှင် ယခုအချိန်မှာ ကျောက်စိမ်းဆေးမီးဖိုက မြန်ဆန်စွာ လှည့်ပတ်နေကြောင်း မြင်ရလိမ့်မည်။
အဖြူရောင်ကျောက်စိမ်းအလင်းက ဆေးမီးဖို၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေသည်။ ယင်းက အလွန်လှပသော မြင်ကွင်းဖြစ်သည်။ ဆေးမီးဖိုထဲတွင် ရုပ်အလောင်းနှစ်ဆယ်ကျော်ရှိသည်။ ရုပ်အလောင်းများကို အပြည့်အဝ မသန့်စင်ရသေးပေ။ သို့သော်လည်း ဆေးမီးဖို လှည့်ပတ်သွားသည့်အခါတိုင်း ရုပ်အလောင်းများထံမှ စွမ်းအင်အနှစ်သာရအမျှင်တန်းများက တိုက်ရိုက် ဆွဲထုတ်ခံလိုက်ရသည်။ စွမ်းအင်အနှစ်သာရအမျှင်တန်း ဆွဲထုတ်ခံလိုက်ရသည့်အခါ ရုပ်အလောင်းများ၏ အသွေးအသားက ကျုံ့သွားသည်။ သူတို့က ဖြည်းဖြည်းချင်း အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသည်။
စွမ်းအင်သန့်စင်သော လုပ်ငန်းစဉ်သည် အစီအစဉ်တကျ ပုံမှန်လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ယင်းကို အလျင်စလို မစေခိုင်းနိုင်ပေ။ ထိုရုပ်အလောင်းအားလုံးက မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည့်အခါ စက်ကရာ၏ ကျင့်ကြံခြင်းက အချိန်တိုလေးအတွင်းမှာ သိသာစွာ မြင့်တတ်သွားလိမ့်မည်။
မည်သို့ဖြစ်ပါစေ ယင်းက မသေမျိုးကျင့်ကြံသူအယောက်နှစ်ဆယ်ကျော်ထံမှ စွမ်းအင်အနှစ်သာရ ဖြစ်သည်။ ယင်းတို့အားလုံးကို ပေါင်းစည်းလိုက်သည့်အခါ သေးငယ်သော ပမာဏမဟုတ်နိုင်ပေ။
လူတစ်ယောက် မည်သို့သေဆုံးသွားခြင်းက အရေးမကြီးပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အနှစ်သာရသည် အချိန်ကာလတစ်ခုကြာသည်အထိ မပျောက်ကွယ်သွားနိုင်ပေ။ မသေမျိုးကျင့်ကြံသူတစ်ယောက် သေဆုံးသွားသည့်အခါ သူကျင့်ကြံထားသမျှ ဝိညာဉ်စွမ်းအားက သူ၏ အသွေးအသားထဲမှာ ပျံ့နှံ့သွားလိမ့်မည်။ ခန္ဓာကိုယ်မပုပ်သိုးသွားသရွေ့ သူအသက်ရှင်ခဲ့စဉ်က ပိုင်ဆိုင်ခဲ့သော စွမ်းအင်အနှစ်သာရ ထက်ဝက်ကျော်က ဆက်ပြီး ကျန်ရှိနေဦးလိမ့်မည်။
တစ်စုံတစ်ယောက်က ယင်းကို သန့်စင်မည်ဆိုလျှင် ကြီးမားသော အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်လိမ့်မည်။
“ ဝှစ် ”
သီရှီထျန်သည် အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ သူ၏ ပုံရိပ်က တောင်တန်းဒေသထဲမှာ ပျောက်ကွယ်သွားသည်။ သူက မြောက်ပိုင်းအရပ်ဆီသို့ ဦးတည်သွားသည်။ ထူးဆန်းသော အော်သံက မြောက်ပိုင်းမှ ထွက်ပေါ်လာခဲ့ကြောင်း ရှင်းလင်းစွာ သူမှတ်မိသည်။ သူ၏ နားထောင်မှုအရ ယင်းက ကျီးကန်းအသံ ဖြစ်နိုင်သည်။ မည်သို့ဖြစ်ပါစေ ၎င်းက မိစ္ဆာသားရဲတစ်ကောင်ဖြစ်ကြောင်း သူသေချာသည်။
မြောက်ပိုင်းသည် သူ၏ လက်ရှိတည်နေရာနှင့် အနီးဆုံးဖြစ်သောကြောင့် မြောက်ပိုင်းဆီသို့ အရင်ဦးစွာ သွားရန် သူဆုံးဖြတ်လိုက်သည်။ သီရှီထျန်သည် တောင်ပိုင်းဒေသထဲသို့ ရောက်လာပြီးနောက် မိစ္ဆာသားရဲတစ်ကောင်နှင့် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံတော့မည်။
… … …
“ မင်းတို့ကြားပြီးကြပြီလား… လီမိသားစုပြောတာက ဒီနှစ်ရက်အတွင်း ကျင့်ကြံသူတွေကို လိုက်သတ်နေတဲ့ သားရဲကို သူတို့သိသွားပြီတဲ့… အဲ့ဒီသားရဲက ငါတို့လိုက်ရှာနေတဲ့ ကျားနက်တဲ့… အခု လီမိသားစုက မိုးထိတောင်မှာ အဲ့ဒီကျားနက်ကို မျှားခေါ်ပြီး သတ်ပစ်ဖို့ ထောင်ချောက်ဆင်နေတယ် ”
“ အဲ့ဒါဆိုရင် ငါတို့ဘာကို စောင့်နေမှာလဲ… အဲ့ဒီကျားနက်မှာ ဝိညာဉ်သံလိုက်အိမ်မြှောင်ရှိတယ်… လီမိသားစုက အဲ့ဒီကျားနက်ကို သတ်ပစ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရသွားရင် တောင်ပိုင်းမြေရိုင်းဒေသဆီ ထွက်လာခဲ့တဲ့ ငါတို့ရဲ့ စွန့်စားခရီးစဉ်က အလဟဿဖြစ်သွားလိမ့်မယ်… မဖြစ်ဘူး… မိုးထိတောင်ဆီ ငါတို့အမြန်သွားကြမယ် ”
“ ဟုတ်တယ်… လီမိသားစုက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပျောက်ဆုံးသွားခဲ့တယ်… အခု သံလိုက်အိမ်မြှောင်က ပိုင်ရှင်မဲ့ပစ္စည်းဖြစ်နေပြီ… သံလိုက်အိမ်မြှောင်ကို လီမိသားစု ပြန်ရသွားမှာကို ငါတို့ခွင့်မပြုနိုင်ဘူး ”
ဤအခိုက်အတန့်မှာ တောင်တန်းဒေသထဲမှ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲမှာ ကောလဟာလတစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။ ကောလဟာလထဲ၌ ဖော်ပြထားသည်မှာ လီမိသားစုက ကျားနက်၏ သဲလွန်စများကို ရှာတွေ့သွားပြီး ကျားနက်ကို ထောင်ချောက်ဆင်သတ်ဖြတ်ရန် ကြံစည်နေသည်။
ထို့ကြောင့် အရေအတွက်များပြားသော ကျင့်ကြံသူများက မိုးထိတောင်ဆီသို့ အပြေးအလွှား သွားနေကြသည်။
ဤအခိုက်အတန့်မှာ တောင်တန်းဒေသ၏ နေရာအသီးသီးမှာ ပြန့်ကျဲနေကြသော ကျင့်ကြံသူများသည် သူတို့၏ စိတ်ထဲမှာ မည်သို့အတွေးရှိနေပါစေ မိုးထိတောင်ဆီသို့ ဦးတည်သွားကြသည်။ သူတို့ထဲမှ တချို့က ပြပွဲကြည့်ချင်သောကြောင့်ဖြစ်ပြီး တချို့က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို လီမိသားစု၏ လက်ထဲသို့ ပြန်မရောက်သွားစေရန် တားဆီးချင်သောကြောင့် ဖြစ်သည်။
မိုးထိတောင်သည် အမှန်မှာ တောင်ကြားတစ်ခုသာ ဖြစ်သည်။ အတိတ်၌ ယင်းသည် ကောင်းကင်နှင့် ထိစပ်လုနီးပါး မြင့်မားသော ဧရာမတောင်တစ်လုံး ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အကြောင်းအရင်းတချို့ကြောင့် ထိုဧရာမတောင်သည် အလယ်မှ ထက်ခြမ်းကွဲသွားခဲ့သည်။ တောင်နှစ်ခြမ်း၏ ကြားတွင် အလွန်ကြီးမားကျယ်ပြောသော မြေကွက်လပ်တစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက ချိုင့်ဝှမ်းတစ်ခုနှင့် ဆင်တူသည်။
တချို့က ပြောကြသည်မှာ ယင်းက နတ်ဘုရား၏ လက်ချက်ဖြစ်သည်။
ချိုင့်ဝှမ်းထဲတွင် လီဝမ်က ပြုံးလိုက်ပြီး စတုတ္ထအကြီးအကဲကို ပြောသည်။
“ စတုတ္ထအကြီးအကဲက တကယ် ဉာဏ်ပညာရှိတာပဲ… ကျုပ်တို့တွေ ကောလဟာလကို ဖြန့်လိုက်တဲ့အခါ တောင်တန်းဒေသထဲက ကျင့်ကြံသူအားလုံး ဒီနေရာမှာ စုဝေးသွားကြလိမ့်မယ်… အဲ့ဒီမိစ္ဆာကျားက လူသတ်ချင်တယ်ဆိုရင် ဒီကို သေချာပေါက် ရောက်လာရလိမ့်မယ်… ဒီလို လှည့်ကွက်သေးသေးလေးနဲ့ အဲ့ဒီမိစ္ဆာကျားကို မိုးထိတောင်ဆီ မျှားခေါ်နိုင်လိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားဘူး… စတုတ္ထအကြီးအကဲက တကယ်ပဲ ဉာဏ်ကောင်းပါပေတယ် ”
“ အဲ့ဒီလေလွင့်ကျင့်ကြံသူတွေက အရမ်းရဲတင်းတယ်… သူတို့က ကျုပ်တို့လီမိသားစုပိုင်ပစ္စည်းကို လိုချင်တပ်မက်ရဲတယ်… ဒီတစ်ကြိမ် ကျုပ်တို့က ကျားနက်တင်မဟုတ်ဘဲ အဲ့ဒီလေလွင့်ကျင့်ကြံသူတွေကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်… အချိန်ကျလာတဲ့အခါ ကျုပ်တို့က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်လိမ့်မယ်… အဲ့ဒီလေလွင့်ကျင့်ကြံသူတွေကို ဒီတောင်တန်းထဲကနေ ဘယ်တော့မှ ပြန်မထွက်နိုင်အောင် လုပ်ပစ်မယ် ”
စတုတ္ထအကြီးအကဲက မျက်မှောင်ကြုတ်လိုက်လေရာ သူ့အား မြင်လိုက်ရသူတိုင်းက အလိုအလျောက် ကျောချမ်းသွားလိမ့်မည်။
လီဝမ်သည် ပြုံးလိုက်သည်။
ယင်းက စိတ်ကျေနပ်သောအပြုံး ဖြစ်သည်။
အခန်း(၁၀၇)
တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ပိုင်းသည် မည်သူမှ မချဉ်းကပ်ဝံ့သော အန္တရာယ်ဇုန်ဖြစ်သည်။ ထိုနေရာကို အရိုးဖြူစွန့်ပစ်ကုန်းမြေဟု ခေါ်ကြသည်။ ထိုနေရာကို စွန့်ပစ်ကုန်းမြေဟု ခေါ်ခြင်းမှာ မြက်ခင်းပြင်ကဲ့သို့ စိမ်းလန်းစိုပြေမှု မရှိသောကြောင့် ဖြစ်သည်။ ယင်းက ကျက်တီးမြေနှင့် ဆင်တူသည်။ ထိုနေရာမှာ တောင်ကုန်းတချို့သာ ရှိသည်။
အရိုးဖြူစွန့်ပစ်ကုန်းမြေတွင် နေရာတိုင်းမှာ အပျက်အစီးများ ရှိသည်။ ထို့ပြင် အဖြူရောင်အရိုးစုထောင်သောင်းချီက မြေကြီးပေါ်မှာ စုပုံနေကြသည်။ တချို့အရိုးစုအပုံများသည် တောင်ကုန်းငယ်တစ်ခုပမာ မြင့်မားကြသည်။ အရိုးစုအပုံများသည် အရွယ်အစားအမျိုးမျိုး ရှိကြသည်။ ယင်းက ကျောချမ်းဖွယ်ကောင်းသော ချောက်ချားမှုကို ပေးသည်။ အရိုးများသည် ပုံသဏ္ဍာန်မျိုးစုံရှိကြသည်။ တချို့အရိုးများက ရှည်လျားပြီး တချို့အရိုးများက တိုသည်။ တချို့က ထူထဲပြီး တချို့က ပိန်ပါးသည်။
မည်သို့ဖြစ်ပါစေ အရိုးစုများသည် မရေမတွက်နိုင်အောင် များပြားလှသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့သည် အသက်ရှင်ခဲ့စဉ်က သာမန်သတ္တဝါများ မဟုတ်ခဲ့ကြောင်း မြင်နိုင်ပေသည်။
ယင်းက အလွန်ချောက်ချားဖွယ်ကောင်း၏။
အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ အပေါ်တွင် အနက်ရောင်အခိုးအငွေ့က လွင့်မျောနေသည်။ အခိုးအငွေ့သည် မြူခိုးထုပမာ တစ်ချိန်လုံးရှိနေပြီး မည်သည့်အခါမှ မလွင့်ပြယ်သွားပေ။ ထိုအနက်ရောင်အခိုးအငွေ့က ဖိနှိပ်ချုပ်ချယ်သော ခံစားမှုကို ပေးသည်။
လူများကို မဆိုထားနှင့် ငှက်များနှင့် သားရဲတိရိစ္ဆာန်များသည်ပင် ဤနေရာကို မဖြတ်သွားဝံ့ကြချေ။ ထို့ကြောင့် ဤနေရာကို အန္တရာယ်ဇုန်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် ထိုသို့နေရာသည် ကျက်တီးမြေဖြစ်သင့်သည်။ ဤနေရာမှာ သစ်ပင်များနှင့် ပန်းပင်များ မရှိသင့်ပေ။
သို့သော်လည်း ထူးဆန်းသည်မှာ ဤနေရာတွင် သစ်ပင်ကြီးတချို့ ရှင်သန်ပေါက်ရောက်နေကြသည်။ ထိုသစ်ပင်များသည် သာမန်မဟုတ်ချေ။
တစ်စုံတစ်ယောက်သည် အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ အစွန်းဖျားမှ လှမ်းကြည့်လျှင် အဖြူရောင်အရိုးစုများကြားထဲမှာ ထူးဆန်းသော သစ်ပင်ကြီးတချို့ ရှိနေကြောင်း မြင်ရလိမ့်မည်။ ယင်းတို့က သာမန်သစ်ပင်ကြီးများနှင့် လုံးဝ ကွဲပြားခြားနားသည်။ သစ်ပင်၏ ပင်စည်သည် သစ်သားမဟုတ်ပေ။ ယင်းအစား အရိုးများ ဖြစ်သည်။ ပိုပြီးချောက်ချားဖွယ်ကောင်းသည့်အချက်မှာ ယင်းတို့က သာမန်အရိုးများ မဟုတ်ကြပေ။ ဦးခေါင်းခွံများ ဖြစ်ကြသည်။ သစ်ပင်၏ အကိုင်းအခတ်များသည်တော့ နံရိုးများ ဖြစ်ကြသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုသစ်ပင်များက ထိတ်လန့်ချောက်ချားဖွယ်ကောင်းကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။ သူရဲဘောကြောင်သော လူများဆိုလျှင် ထိုသစ်ပင်များကို မြင်သည့်အခါ ချက်ချင်း သတိမေ့သွားနိုင်၏။
ထိုသစ်ပင်ကို ကံကြမ္မာဆိုးသစ်ပင်ဟု ခေါ်ကြသည်။ သူ၏ နာမည်အတိုင်းပင် ယင်းက မင်္ဂလာရှိသောသစ်ပင် မဟုတ်ပေ။
သူ့မှာ တခြားနာမည်များလည်း ရှိသည်။ တချို့က သူ့ကို အရိုးဆွေးသစ်ပင်ဟု ခေါ်ကြပြီး တချို့က မရဏသစ်ပင်ဟု ခေါ်ကြသည်။
“ အနံ့ဆိုးကျီးကန်း… ကျင့်ကြံသူတွေအများကြီး တောင်ပိုင်းမြေရိုင်းဒေသထဲ ဝင်ရောက်လာတာ နင်မသိဘူးလို့ ငါ့ကို မပြောနဲ့… မုန်းစရာကောင်းတဲ့ အဲ့ဒီကျင့်ကြံသူတွေကို နင်ဖြေရှင်းပေးမယ်လို့ ငါ့ကို ကတိပေးမယ်ဆိုရင် နင့်အတွက် ငါ့အမဆီကနေ ပန်းပေါင်းတစ်ရာဝိုင်တစ်ပုလင်းကို ခိုးပေးမယ်… နင်ဘယ်လိုသဘောရလဲ… ငါ့အမရဲ့ ပန်းပေါင်းတစ်ရာဝိုင်ကို နင်အမြဲမျက်စိကျနေတာ မဟုတ်ဘူးလား… နင်ငါ့ကို ကူညီမယ်ဆိုရင် အဲ့ဒီဝိုင်ကို နင်သောက်ရလိမ့်မယ်လို့ ငါကတိပေးတယ် ”
ထိုအခိုက်အတန့်မှာ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ အသံသည် သာယာကြည်လင်ပြီး ရှင်းလင်းပီသသည်။ ယင်းက ငှက်တစ်ကောင်၏ အသံဖြစ်သည်။ သူ၏ အသံသည် တောင်ကျစမ်းရေကဲ့သို့ အေးမြပြီး အသံထဲမှာ ကလေးဆန်မှုပါရှိ၏။
စွန့်ပစ်ကုန်းမြေ၏ အလယ်တွင် တခြားအရိုးဆွေးသစ်ပင်များထက် ဆယ်ဆပိုကြီးမားသော ဧရာမသစ်ပင်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်ကြီး၏ ပင်စည်ကို ဦးခေါင်းခွံတစ်သောင်းဖြင့် ဖွဲ့စည်းထားလေရာ သစ်ပင်က အလွန်ထူထဲသည်။ သစ်ပင်၏ အပေါ်တွင် အရွယ်အစားကြီးမားသော ကျီးကန်းတစ်ကောင်က ရပ်နေသည်။ ကျီးကန်း၏ တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်ပြီး သူက သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက သစ်ပင်ပေါ်မှာ ရပ်နားနေလေရာ ငရဲကြီးရှစ်ထပ်ပေါ်မှာ ရပ်နေသည့်အလား အောက်မေ့ရ၏။ သူ၏ မျက်လုံးများထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ ဤလောကထဲမှ မည်သည့်အရာကမှ သူ၏ စိတ်ဝင်စားမှုကို မဖမ်းစားနိုင်သည့်အလားပင်။
ကျီးကန်း၏ အရှေ့မှာ အနီရောင်ငှက်တစ်ကောင် ရှိသည်။ ထိုငှက်သည် ပန်းပေါင်းတစ်ရာချိုင့်ဝှမ်းထဲမှ ပျံသန်းသွားခဲ့သော ဇာမဏီငှက်မှလွဲ၍ တခြားမဟုတ်ပေ။ သူက ချိုင့်ဝှမ်းထဲမှ မထွက်သွားခင် အနံ့ဆိုးကျီးကန်းကို သွားရှာမည်ဟု ပြောခဲ့သည်။ နှစ်ခါစဉ်းစားနေရန် မလိုပေ။ သူပြောသော အနံ့ဆိုးကျီးကန်းက သူ့အရှေ့၌ သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသော ကျီးကန်းနက်မှလွဲ၍ တခြားမဟုတ်ပေ။
“ မလုပ်ဘူး ”
ကျီးကန်းသည် သူ့အရှေ့မှ ဇာမဏီငှက်ကို ကြည့်လိုက်ပြီး အေးတိအေးစက် အမူအရာဖြင့် ခေါင်းခါလိုက်သည်။
“ ဘာလို့လဲ ”
ဇာမဏီငှက်က အလျင်စလို ပြောသည်။
“ ငါ့အမရဲ့ ပန်းပေါင်းတစ်ရာဝိုင်ကို နင်သောက်ချင်တယ်လို့ အရင်တစ်ခေါက်က ပြောခဲ့တယ်မဟုတ်ဘူးလား… ဒီကိစ္စပြီးသွားတဲ့အခါ နင့်ကို ဝိုင်တစ်ပုလင်းပေးဖို့ ငါ့အမကို ငါတောင်းဆိုပေးမယ် ”
ကျီးကန်းက သူ့ကို ငြင်းဆန်လိမ့်မည်ဟု ဇာမဏီငှက် မမျှော်လင့်ထားပေ။
ကျီးကန်းက မထူးမခြားနား ပြောသည်။
“ နင့်စကားကို ငါမယုံဘူး ”
စကားက တိုးတောင်းသော်လည်း ယင်းကို ဇာမဏီငှက်ကြားသောအခါ သူက သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်က နီညိုရောင်မီးတောက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ကျီးကန်းကို ဒေါသတကြီး အော်ပြောသည်။
“ မုန်းစရာကောင်းတဲ့ ကျီးကန်း… နင့်ကို ငါမီးကင်ပစ်မယ် ”
“ ကျီး ”
မီးတောက်ပျံသန်းလာသည်ကို မြင်သောအခါ အနက်ရောင်အခိုးအငွေ့က ကျီးကန်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ ယင်းက သာမန်အခိုးအငွေ့မဟုတ်ပေ။ ယင်းက သေခြင်းအရှိန်အဝါ ဖြစ်သည်။ မီးတောက်သည် သေခြင်းအရှိန်အဝါနှင့် တွေ့ဆုံသွားသည့်အခါ ရေဖြင့် ထိတွေ့သွားသကဲ့သို့ ချက်ချင်း ငြိမ်းသတ်သွားသည်။
ထိုကျီးကန်းသည် သာမန်ကျီးကန်း မဟုတ်ပေ။ မသေမျိုးကျင့်ကြံခြင်းလောကတွင် သူက အလွန်နာမည်ကျော်ကြားသည်။ ကျင့်ကြံသူများသည် သူ၏ နာမည်ကို ကြားရုံဖြင့် တုန်လှုပ်ချောက်ချားသွားလိမ့်မည်။ သူ၏ တည်ရှိမှုသည် တားမြစ်ချက်တစ်ခု ဖြစ်သည်။ သူ့ကို မရဏကျီးကန်းဟု ခေါ်သည်။
မရဏကျီးကန်းများသည် သင်္ချိုင်းမြေများ၊ ရှေးဟောင်းစစ်မြေပြင်များနှင့် သေခြင်းအရှိန်အဝါကိန်းအောင်းနေသော နေရာများတွင်သာ နေထိုင်ကြသည်။ သူတို့က သေခြင်းအရှိန်အဝါကို လွန်စွာ နှစ်ချိုက်ကြသည်။ တစ်စုံတစ်ယောက် သေဆုံးခါနီးလျှင် မရဏကျီးကန်းများက အလိုအလျောက် ထွက်ပေါ်လာကြလိမ့်မည်။ သူတို့က သေခါနီးလူထံမှ သေခြင်းအငွေ့အသက်ကို စုပ်ယူကြလိမ့်မည်။
သေခြင်းအငွေ့အသက်သည် သူတို့၏ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ဖြစ်၏။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် မရဏကျီးကန်းများကို သေမင်းတမန်များဟုလည်း ခေါ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် မရဏကျီးကန်းများ၏ ထွက်ပေါ်လာမှုက သေခြင်းတရားကို ကိုယ်စားပြုသည်။
ထို့ပြင် မရဏကျီးကန်းများသည် အစပိုင်းတွင် အလွန်မသန်မာကြချေ။ မွေးခါစ မရဏကျီးကန်းတစ်ကောင်ကို ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများသည်ပင် အလွယ်တကူ ရင်ဆိုင်နိုင်ကြသည်။ မှန်ပေ၏။ ယင်းက မရဏကျီးကန်းတစ်ကောင်တည်းကို ရည်ရွယ်သည်။ သို့သော် ကံမကောင်းသည်မှာ ကျီးကန်းများသည် အုပ်စုဖွဲ့နေထိုင်သော မျိုးနွယ်စု ဖြစ်သည်။ ကျီးကန်းတစ်ကောင်က ကြောက်စရာမကောင်းသော်လည်း ကျီးကန်းအုပ်စုက အလွန်ကြောက်စရာကောင်းသည်။ ဒဏ္ဍာရီအရ ကျီးကန်းအုပ်စုကို မြင်လျှင် သက်တမ်းတစ်နှစ် ကုန်ဆုံးသွားလိမ့်မည်။
ကျီးကန်းအုပ်စု၏ တည်ရှိမှုသက်သက်ဖြင့်ပင် သက်ရှိများ၏ သက်တမ်းကို ကုန်ဆုံးစေနိုင်၏။ ယင်းကို ကြည့်ခြင်းအားဖြင့် ကျီးကန်းများက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
သက်တမ်းသည် သက်ရှိများအတွက် မည်မျှအရေးကြီးကြောင်း ရှင်းပြရန် မလိုပေ။ ထို့ကြောင့် သေမျိုးများသော်လည်းကောင်း မသေမျိုးကျင့်ကြံသူများသော်လည်းကောင်း သူတို့က ကျီးကန်းများကို ဝေးဝေးမှ ရှောင်ရှားကြသည်။
ဒဏ္ဍာရီအရ မရဏကျီးကန်းများ အရွယ်ရောက်သွားသည့်အခါ သူတို့က သေမင်းနတ်ဘုရား၏ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်သွားကြလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ ဟွန့်… နင့်ကို ဆက်ပြီး မပြောတော့ဘူး… နင်မကူညီပေးလည်း ကိစ္စမရှိဘူး… ဒီသခင်မက အမပင်းကို သွားရှာမယ်… အမပင်းက ငါ့ကို ကူညီပေးမှာ သေချာတယ် ”
သူ၏ မီးတောက်များက မရဏကျီးကန်းအပေါ် မည်သည့်သက်ရောက်မှုမှ မရှိကြောင်း ဇာမဏီငှက်မြင်သောအခါ သူက မပျော်ရွှင်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ဒေါသတကြီး အတောင်ပံခတ်၍ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ အမြန်ထွက်သွားသည်။ သူပျံသန်းသွားသော ဦးတည်ရာက တောင်ပိုင်းအရပ် ဖြစ်သည်။
ဇာမဏီငှက် ထွက်သွားပြီး သိပ်မကြာမီ ကျားနက်တစ်ကောင်က အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ အစွန်းဖျားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ကျစ်… ဒီနေရာမှာ အရိုးစုတွေ များလှချည်လား ”
ယခုရောက်လာသော ကျားနက်သည် သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ သူက အမြန်ဆုံးအလျင်ကို အသုံးပြု၍ သူ့စိတ်ထဲမှာ မှတ်သားထားသော မြောက်ပိုင်းဆီသို့ ဦးတည်သွားသည်။ သူ့အရှေ့မှ မြင်ကွင်းကို မြင်သွားသောအခါ သူ၏ စိတ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာမဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဒီလိုထူးဆန်းတဲ့နေရာ ရှိနေတယ်လို့ ငါယုံကြည်နိုင်မှာ မဟုတ်ဘူး ”
ဤစွန့်ပစ်ကုန်းမြေထဲမှ လေထဲမှာ သေခြင်းအရှိန်အဝါက အလွန်သိပ်သည်းနေကြောင်း သူအာရုံခံနိုင်သည်။ ထိုသေခြင်းအရှိန်အဝါက မြေကြီးပေါ်မှ အရိုးစုအပုံများထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ယင်းက သက်ရှိများကို ဤနေရာအား အလိုအလျောက် စက်ဆုပ်ရွံရှာစေသည်။
“ ဘယ်လောက်စက်ဆုပ်ဖို့ကောင်းတဲ့ နေရာလဲ… အရင်က ငါအာရုံခံမိခဲ့တာ ဒီနေရာဖြစ်လောက်မယ်… ကြည့်ရတာ ဒီနေရာမှာနေထိုင်တဲ့ မိစ္ဆာသားရဲက သာမန်မဟုတ်တဲ့ပုံပဲ ”
သီရှီထျန်က အာရုံစုစည်းလိုက်သည်။ သူက စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
ဤတစ်ကြိမ် သူရောက်လာခြင်းက စိန်ခေါ်ရန် မဟုတ်ပေ။ ထို့ပြင် မိစ္ဆာသားရဲများသည် အလွန်ဉာဏ်ကောင်းကြသည်။ ထို့ကြောင့် သီရှီထျန်သည် စွန့်ပစ်ကုန်းမြေထဲသို့ အလျင်စလို မဝင်ရောက်ပေ။ သူက ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။
“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အရှင်သခင် သီရှီထျန်က ဒီနေရာရဲ့ ပိုင်ရှင်ကို တွေ့ဆုံဖို့ ရောက်လာပါတယ် ”
သူ၏ အသံထဲမှာ မိစ္ဆာချီအမျှင်တန်းက ကိန်းအောင်းနေလေရာ သူ့အသံက အလွန်ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ သူ့အသံကို စွန့်ပစ်ကုန်းမြေတစ်ခုလုံးက ရှင်းလင်းပီသစွာ ကြားနိုင်ပေသည်။ ထို့ပြင် သူ၏ အသံထဲမှာ အလွန်အားကောင်းသော သားရဲဘုရင်အရှိန်အဝါလည်း ပါရှိ၏။ ယင်းက သူ၏ သရုပ်အဆင့်အတန်းနှင့် ခွန်အားကို ဖော်ပြပေးသည်။ သူက တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အရည်အချင်းပြည့်မီသည်။
“ အူး… အူး… အူး… ”
သီရှီထျန်၏ အသံက တိတ်ဆိတ်နေသော စွန့်ပစ်ကုန်းမြေထဲမှာ မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ ယင်းက စွန့်ပစ်ကုန်းမြေ၏ တိတ်ဆိတ်အေးချမ်းမှုကို ဖြိုခွင်းလိုက်သည်။ မကြာမီ နားဝင်စူးရှသော အသံများက တရစပ် ထွက်ပေါ်လာသည်။
ထို့နောက် အရေအတွက်များပြားသော ကျီးကန်းနက်များသည် အရိုးဆွေးသစ်ပင်တစ်သောင်းထံမှ ပျံသန်းထွက်လာကြသည်။
သူတို့ပျံသန်းထွက်လာသော နေရာများသည် အလွန်ကျောချမ်းဖွယ်ကောင်း၏။ သူတို့က အရိုးဆွေးသစ်ပင်များကို ဖွဲ့စည်းထားသော ဦးခေါင်းခွံများထဲမှ ပျံသန်းထွက်လာကြသည်။ ထိုကျီးကန်းများသည် ဦးခေါင်းခွံများကို သူတို့၏ အသိုက်များအဖြစ် အမှန်တကယ် အသုံးပြုနေကြသည်။
ထိုမြင်ကွင်းက သတ္တိမကောင်းသူကို ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိစေနိုင်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးက ထောင်မတ်သွားကြလိမ့်မည်။ ကျီးကန်းများသည် အရေအတွက်ထောင်သောင်းချီသည်။ သူတို့အားလုံးက လေထဲမှာ စုဝေးသွားသည့်အခါ တိမ်မည်းများက ကောင်းကင်ကို ဖုံးအုပ်သွားဟန် အောက်မေ့ရ၏။
ကျီကန်းများသည် သီရှီထျန်ကို မြင်သောအခါ အေးစက်စက်အကြည့်ကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က သီရှီထျန်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
“ အူး ”
ထိုအခိုက်အတန့်မှာ ကောင်းကင်အထိ ပျံတတ်သွားမည့် စူးရှသော အော်သံက ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ကောင်းကင်ပေါ်မှ တိမ်တိုက်များက လွင့်ပြယ်သွားကြသည်။ မရဏကျီးကန်းအုပ်စုသည် အချက်ပေးမှုတစ်ခုကို ရရှိသွားသည့်အလား ဝေဟင်ပေါ်၌ အကြိမ်ရေအနည်းငယ် လှည့်ပတ်ပျံသန်းပြီးလျှင် မြန်ဆန်စွာ ပြန်ဆုတ်ခွာသွားကြသည်။ သူတို့က အရိုးဆွေးသစ်ပင်များပေါ်မှ ဦးခေါင်းခွံများထဲသို့ ပြန်ဝင်သွားကြသည်။
မရဏကျီးကန်းအုပ်စု ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း အလွန်ကျယ်လောင်သော အော်သံသည်လည်း ပျောက်ကွယ်သွားသည်။
ဤသည်မှာ အစောနက အဖြစ်အပျက်က စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။
“ ဝင်လာခဲ့ပါ ”
သီရှီထျန်သည် စွန့်ပစ်ကုန်းမြေပိုင်ရှင်၏ အော်သံမှ အဓိပ္ပာယ်ကို နားလည်သည်။ ထို့ကြောင့် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ စွန့်ပစ်ကုန်းမြေထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
အခန်း(၁၀၈)
“ ခရက် ”
အရိုးစုများပေါ်သို့ စက်ကရာခြေချလိုက်သည့်အခါ ယင်းတို့ထဲမှ အများစုက အက်ကွဲသွားကြပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။ အစောနက အော်သံက စွန့်ပစ်ကုန်းမြေ၏ အလယ်မှ ထွက်ပေါ်လာကြောင်း သူမှတ်မိသည်။ ထို့ကြောင့် သူက စွန့်ပစ်ကုန်းမြေ၏ အလယ်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ လမ်းတစ်လျှောက်တွင် သူက သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာနေသည်။ အရိုးဆွေးသစ်ပင်များကို သူဖြတ်လျှောက်သွားသည့်အခါ သစ်ပင်များသည် အေးတိအေးစက် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါသည် သူ့အား ယိုယွင်းတိုက်စားရန် သူ၏ ခန္ဓာကိုယ်နားသို့ ချဉ်းကပ်လာသည်။
သို့သော်လည်း ထိုအရှိန်အဝါ သူ့အနားသို့ မရောက်လာမီ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တအိအိလှုပ်ခတ်သွားပြီး အံ့ဖွယ်ကောင်းသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်အလင်းဖြင့် တွေ့ဆုံသွားသည့်အခါ ထိုအရှိန်အဝါက လွင့်ပြယ်သွားသည်။
သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ဖြည်းဖြည်းမှန်မှန် လျှောက်သွားပြီး စွန့်ပစ်ကုန်းမြေ၏ အလယ်ဆီသို့ ဦးတည်သွားသည်။ သူ၏ ခြေဖဝါးအောက်မှာ အရိုးအက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေစဉ် သိပ်မကြာမီ တခြားသစ်ပင်များထက် အရွယ်အစားပိုကြီးမားသော အရိုးဆွေးသစ်ပင်ထံသို့ သူရောက်ရှိသွားသည်။
ထိုအရိုးဆွေးသစ်ပင်က ချောက်ချားဖွယ်ကောင်းသော်လည်း သီရှီထျန်က မကြောက်ပေ။ သူက ခေါင်းမော့လိုက်သည်။ သူ၏ ကျားမျက်လုံးထဲမှ အကြည့်က အရိုးဆွေးသစ်ပင်၏ အပေါ်မှာ ရပ်နေသော ဧရာမကျီးကန်းနက်ပေါ်သို့ ကျရောက်သွားသည်။ ဤတစ်ကြိမ် သူရှာဖွေနေသော ပုဂ္ဂိုလ်က ထိုဧရာမကျီးကန်းနက်ဖြစ်ကြောင်း မသိစိတ်မှ သီရှီထျန် ခံစားမိသွားသည်။ ကျီးကန်းနက်သည် မရဏကျီးကန်းမျိုးနွယ်၏ ဘုရင်ဖြစ်သည်။
သူက ခေါင်းမော့ထားသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ သားရဲဘုရင်အရှိန်အဝါကြောင့် သူက တစ်ဖက်လူကို မော့ကြည့်နေရသည်ဟု မခံစားရပေ။ ယင်းအစား သူက မရဏကျီးကန်းဘုရင်နှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသည်ဟု ခံစားမိသည်။
မရဏကျီးကန်းဘုရင်သည် မထူးမခြားနား အမူအရာဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ သူက အေးတိအေးစက် လေသံဖြင့် ပြောသည်။
“ မကြာသေးခင်က မိစ္ဆာသားရဲအဖြစ် အဆင့်တတ်သွားခဲ့တဲ့ ဝိညာဉ်သားရဲက မင်းမလား ”
ယင်းက မေးခွန်းဖြစ်သော်လည်း သူ၏ လေသံထဲမှာ သေချာမှုဖြင့် ပြည့်နှက်နေသည်။
“ အင်း… အဲ့ဒါ ငါပဲ ”
သီရှီထျန်က ထိုကိစ္စကို မဖုံးကွယ်ပေ။ ယင်းကို ဖုံးကွယ်ရန် မည်သည့်အကြောင်းမှ မရှိပေ။ ခွန်အားသည် အရာအားလုံး၏ အခြေခံဖြစ်သည်။ သူက အလုံအလောက်သန်မာလျှင် မည်သည့်အရာကိုမှ ကြောက်နေစရာ မလိုပေ။ ထို့ကြောင့် သူက ပြတ်သားစွာ ပြန်ပြောသည်။
“ မင်း ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ ”
မရဏကျီးကန်းဘုရင်သည် ကွေ့ပတ်ပြောနေရန် ဆန္ဒမရှိပေ။ သူက တဲ့တိုးမေးသည်။ သူ၏ အသံက အေးစက်နေသော်လည်း ယင်းက သူ၏ မွေးရာပါဖြစ်သည်။ သူ၏ အေးတိအေးစက် အသံထဲမှာ စူးစမ်းလိုသော အရိပ်အယောင်ပါရှိသည်။
ယင်းကို သီရှီထျန်ကြားသောအခါ သူ၏ ကျားမျက်လုံးက ဝင်းလက်တောက်ပသွားသည်။ သူ့အရှေ့မှ မိစ္ဆာသားရဲက သူမျှော်လင့်ထားသကဲ့သို့ ပေါင်းသင်းရခက်ခဲသူ မဟုတ်ကြောင်း သူသိလိုက်သည်။
မည်သို့ဖြစ်ပါစေ သူတို့က သေမျိုးလောကနှင့် ကင်းဝေးရာမှာ နေထိုင်ကြသော မိစ္ဆာသားရဲများ ဖြစ်ကြသည်။ သူတို့က တောင်တန်းများနှင့် တောအုပ်ထဲမှာ ကြီးပြင်းလာခဲ့သော သားရဲများ ဖြစ်ကြသည်။ သူတို့၏ အသိဉာဏ်က လူသားများထက် မလျော့သော်လည်း သူတို့၏ အကျင့်စရိုက်က လူသားများနှင့် လုံးဝ ခြားနားသည်။
လူသားများသည် များသောအားဖြင့် ဟန်ဆောင်မှုများကြသည်။ သူတို့၏ အပြုအမူများနှင့် စကားများထဲမှာ စစ်မှန်မှု အလွန်နည်းပါးသည်။ အထူးသဖြင့် နှစ်ပေါင်းများစွာကြာ အသက်ရှင်သန်ပြီးသော လူသားများ ဖြစ်ကြသည်။ ထိုသို့လူများ၏ စကားများထဲမှာ ပုန်းကွယ်နေသော တခြားအဓိပ္ပာယ်ရှိသည်။ သူတို့ပြောသော စကားများက ရိုးရှင်းဟန်ထင်ရသော်လည်း ထိုထဲမှာ အနက်များစွာ ပါရှိနေ၏။
မိစ္ဆာသားရဲများသည်တော့ သူတို့က လူသားများကဲ့သို့ ဟန်ဆောင်မှုကင်းမဲ့ကြသည်။ သူတို့ပြောသော စကားများက များသောအားဖြင့် စစ်မှန်သည်။
မှန်ပေသည်။ အကယ်၍ မိစ္ဆာသားရဲတစ်ကောင်က စစ်မှန်သော မိစ္ဆာဖြစ်လာပြီး လူသားအသွင်ပြောင်းလဲသွားသည့်အခါ ထိုအတိုင်း ဆက်ရှိနေဦးမည်လော အာမမခံနိုင်ပေ။
သီရှီထျန်သည်လည်း သွယ်ဝိုက်မနေဘဲ တိုက်ရိုက် ပြောသည်။
“ မသေမျိုးကျင့်ကြံသူအများအပြားက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲ ဝင်ရောက်လာကြတာ ကျီးကန်းဘုရင် သိပြီးပြီလား ”
သူ၏ စကားထဲမှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ သူ၏ တည်ရှိမှုအကြောင်း ထည့်သွင်းဖော်ပြလိုက်သည်။ “ ငါတို့ ”ဟူသော စကားလုံးသည် သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုလိုသည်။
မည်သို့ဖြစ်ပါစေ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် သူ၏ အနာဂတ်အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။
“ ငါသိတယ် ”
မရဏကျီးကန်းဘုရင်သည် သီရှီထျန်ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။ သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လေရာ သူ၏ အသိဉာဏ်က လူသားများထက် မနိမ့်ကျပေ။ သီရှီထျန်၏ စကားကို ကြားလိုက်သည်နှင့်ချက်ချင်း တစ်ဖက်လူ၏ လာရင်းရည်ရွယ်ချက်ကို သူခန့်မှန်းနိုင်သွားသည်။ သို့သော်လည်း သူက စကားအများကြီး မပြောပေ။ သူက စကားလုံးနည်းနည်းဖြင့် ထိရောက်စွာ ပြောသည်။
မရဏကျီးကန်းဘုရင်၏ စွမ်းရည်အရ တောင်ပိုင်းမြေရိုင်းဒေသထဲမှ အပြောင်းအလဲများကို လုံးဝ သူမသိထားခြင်းက မည်သို့မှ မဖြစ်နိုင်ပေ။ မသေမျိုးကျင့်ကြံသူအများအပြားက တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြောင်း သူသိသည်။ သို့သော်လည်း သူက လှုပ်ရှားရန် စိတ်မဝင်စားချေ။ ယင်းက သူ၏ စိတ်ဝင်စားမှုကို ရရှိရန် လုံလောက်စွာ မဆွဲဆောင်နိုင်ဟန် ရ၏။
ဤတစ်ကြိမ်တွင် သီရှီထျန်ရောက်လာသည့် ရည်ရွယ်ချက်က တောင်တန်းဒေသအတွင်းမှ မိစ္ဆာအားလုံးကို စည်းလုံးညီညွတ်စေပြီး တောင်တန်းဒေသထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူအားလုံးကို တစ်ခါတည်း အပြတ်ရှင်းပစ်ရန် ဖြစ်သည်။
အကယ်၍ သူ့မှာ ယုံကြည်ချက်မရှိလျှင် ဤနေရာသို့ အလွယ်တကူ သူရောက်လာလိမ့်မည် မဟုတ်ချေ။
“ ကျီးကန်းဘုရင်… ကျင့်ကြံသူတွေအများကြီး ရောက်လာကြတာ မင်းသိပြီးလောက်ပြီ… ဒါပေမဲ့ မင်းမသိသေးတာ တစ်ခုရှိတယ် ”
သီရှီထျန်၏ ကျားမျက်လုံးထဲမှ အလင်းက ထွန်းလင်းတောက်ပသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သားရဲဘုရင်အရှိန်အဝါက ပိုပြီးသိပ်သည်းလာသည်။ သူက သစ်ပင်ပေါ်မှာ ရပ်နားနေသော မရဏကျီးကန်းဘုရင်ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ သူတို့က ငါတို့တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့ ကြံစည်နေကြတယ် ”
သီရှီထျန်က ထိုစကားကို တည်ကြည်ပြတ်သားစွာ ပြောလိုက်ခြင်းဖြစ်လေရာ ယင်းကို ကြားသော တခြားလူများသည် မယုံကြည်ဘဲ မနေနိုင်ပေ။
ထိုစကားက တခြားလူများကို ထိတ်လန့်ချောက်ချားသွားစေရန် လုံလောက်သည်။
တောင်ပိုင်းမြေရိုင်းဒေထဲမှ ဝိညာဉ်သားရဲများဖြစ်စေ သို့မဟုတ် မိစ္ဆာသားရဲများဖြစ်စေ သူတို့သည် ထိုစကားကို ကြားသည့်အခါ သေချာပေါက် အံ့ဩထိတ်လန့်သွားကြလိမ့်မည်။ မရဏကျီးကန်းဘုရင်၏ အကျင့်စရိုက်က အေးတိအေးစက်ပုံစံရှိကြောင်း သီရှီထျန် မြင်နိုင်ပေသည်။ သာမန်စကားလုံးများက မရဏကျီးကန်းဘုရင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက သွယ်ဝိုက်မနေဘဲ ထိတ်လန့်ဖွယ်အကောင်းဆုံး စကားကို ပြောသည်။
“ ဘာ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်တဲ့လား ”
ယင်းကို မရဏကျီးကန်းဘုရင်ကြားသောအခါ အေးစက်စက် အလင်းတန်းနှစ်ခုက သူ၏ စိတ်ခံစားချက်ကင်းမဲ့သော မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သေခြင်းအရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေရာ ဤနေရာမှ အပူချိန်က ရုတ်တရက် မြန်ဆန်စွာ နိမ့်ကျသွားသည်။ မီးခိုးရောင်အခိုးအငွေ့က သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ထိုထဲမှ အမျှင်တန်းတစ်ခုက သီရှီထျန်ဆီသို့ ဦးတည်သွားသည်။
“ အဲ့ဒီစွမ်းအားက… အရမ်းရက်စက်တယ်… ငါ့အနားကို ချဉ်းကပ်လာဖို့ ခွင့်မပြုနိုင်ဘူး ”
သီရှီထျန်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးသည် မီးခိုးရောင်အခိုးအငွေ့၏ ချဉ်းကပ်လာမှုကို အာရုံခံမိသွားဟန် ရသည်။ ဘုရင်စာလုံးသည် ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ဘုရင်စာလုံးသည် ခရမ်းရောင်မီးတောက်ဘောလုံးတစ်ခုနှယ် သူ၏ နဖူးပေါ်မှ ခုန်ထွက်သွားသည်။ ယင်းက မီးခိုးရောင်အခိုးအငွေ့၏ အရှေ့မှာ ထွန်းလင်းတောက်ပစွာ ရပ်လိုက်ပြီး အခိုးအငွေ့ကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။ ထို့နောက် ယင်းက သီရှီထျန်၏ နဖူးပေါ်သို့ ပြန်ရောက်သွားသည်။
အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုမီးခိုးရောင်အခိုးအငွေ့သည် မရဏကျီးကန်းပိုင်ဆိုင်သော သေခြင်းအရှိန်အဝါ ဖြစ်သည်။
မီးခိုးရောင်အခိုးအငွေ့က သူ့အနားသို့ မချဉ်းကပ်နိုင်ကြောင်း သီရှီထျန် မြင်သောအခါ သူက တည်ငြိမ်စွာ ဆက်ပြောသည်။
“ ဟုတ်တယ်… ငါသိထားတာတော့ တောင်တန်းဒေသထဲ ဝင်ရောက်လာကြတဲ့ ကျင့်ကြံသူတွေက တစ်နေရာတည်းမှာ စုဝေးနေကြတယ်… ကျင့်ကြံသူတစ်ယောက် နှစ်ယောက်က ငါတို့အတွက် ပြဿနာမရှိပေမဲ့ ကျင့်ကြံသူတစ်ထောင် အတူတကွ စုပေါင်းလိုက်မယ်ဆိုရင်ရော… အဲ့ဒီအင်အားစုက ငါတို့တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်မှာ ငါစိုးရိမ်တယ်… တကယ်လို့ သူတို့က မိစ္ဆာသားရဲတစ်ကောင်ချင်းစီကို လိုက်လံသုတ်သင်မယ်ဆိုရင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ငါတို့အတွက် နေစရာမရှိတော့မှာ ငါစိုးရိမ်တယ်… သူတို့ တကယ်စုဝေးနေတာ ဟုတ်မဟုတ် သိချင်ရင်… ကျီးကန်းဘုရင် မင်းရဲ့ လက်အောက်ငယ်သားတွေကို စေလွှတ်ပြီး စုံစမ်းကြည့်ခိုင်းနိုင်တယ်… အချိန်ကျလာတဲ့အခါ အားလုံးရှင်းသွားလိမ့်မယ် ”
သူက စကားလုံးတိုင်းကို ယုံကြည်ချက်အပြည့်ရှိစွာ ပြောသည်။ သူ၏ ကျားမျက်လုံးထဲမှာ အသိဉာဏ်အလင်း တောက်ပနေသည်။
မှန်ပေ၏။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲများကို သူစည်းရုံးရန် အသုံးပြုမည့် နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သူက လွန်ခဲ့သော နှစ်ရက်တွင် ကြိုတင်အစီအစဉ်ချခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်တွင် သူက ကျင့်ကြံသူများကို အမဲလိုက်သတ်ဖြတ်ခဲ့ပြီး သူ့အား မြင်သွားသော ကျင့်ကြံသူတစ်ယောက်ကို တမင်လွှတ်ပေးလိုက်သည်။ ထိုကျင့်ကြံသူက သူ့အကြောင်း သတင်းဖြန့်လိမ့်မည်ဟု သူယုံကြည်သည်။ ယင်းက သူ့အပေါ် မကောင်းကြံစည်ချင်သော ကျင့်ကြံသူများနှင့် ဝိညာဉ်သံလိုက်အိမ်မြှောင်အား လိုချင်ကြသော ကျင့်ကြံသူများကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်။ သူ၏ ခန့်မှန်းမှုအရ ထိုကျင့်ကြံသူများသည် အတူတကွ ပူးပေါင်း၍ သူ့ကို ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ကြလိမ့်မည်။ ထို့ကြောင့် သူတို့က သေချာပေါက် တစ်နေရာတည်းမှာ စုဝေးရှိနေကြလိမ့်မည်။
ထိုသို့စုဝေးရှိနေခြင်းသည် သူလိုချင်သောရလဒ် ဖြစ်သည်။
ကျင့်ကြံသူများ စုဝေးရှိနေခြင်းကို သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲများအား စည်းရုံးနိုင်မည့် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုမည်။
ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲများကို စည်းရုံးသိမ်းသွင်းနိုင်မည့် သီရှီထျန်၏ အကောင်းဆုံး ဝှက်ဖဲကတ် ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူက ကျင့်ကြံသူများ၏ လွှမ်းမိုးနိုင်စွမ်းကို အသုံးပြု၍ မိစ္ဆာသားရဲများကို အချင်းချင်း စည်းလုံးစေမည်။ ထို့နောက် မိစ္ဆာသားရဲများ၏ အကူအညီဖြင့် ထိုကျင့်ကြံသူများကို တစ်ခါတည်း အပြတ်ရှင်းထုတ်ပစ်မည်။ သာမန်မိစ္ဆာသားရဲများသည် ထိုသို့စဉ်းစားတွေးတောနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သီရှီထျန်သည် သာမန်မိစ္ဆာသားရဲ မဟုတ်ပေ။ သူက ယခင်ဘဝတွင် အောင်မြင်ကျော်ကြားသော စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ဤကိစ္စက သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်ပေ။
သူသည် အစီအစဉ်မချခင်ကတည်းက နောက်ဆက်တွဲ ဖြစ်လာနိုင်သော ဖြစ်နိုင်ခြေအမျိုးမျိုးကို ထည့်သွင်းစဉ်းစားခဲ့သည်။
မိစ္ဆာသားရဲများသည် သာမန်ဝိညာဉ်သားရဲများထက် အများကြီး ပိုဉာဏ်ကောင်းကြသည်။ အကယ်၍ သူက အစီအစဉ်ကြိုမချထားလျှင် သူတို့ကို အလွယ်တကူ စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည် မဟုတ်ချေ။
“ ကောင်းပြီ… နောက်သုံးရက်ကြာရင် ငါမင်းကို အဖြေပြန်ပေးမယ် ”
သီရှီထျန်၏ စကားကို ကြားပြီးနောက် မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ အကြည့်က တည်ကြည်လေးနက်လာသည်။ သူက ဤကိစ္စကို အရေးကြီးသော အရာအဖြစ် သတ်မှတ်လိုက်သည်။
သီရှီထျန်က စိတ်ထဲမှာ ပြောသည်။
‘ အောင်မြင်ပြီ ’
သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ နောက်သုံးရက်ကြာရင် ကျားဟိန်းသံကို ငါထုတ်လွှတ်လိုက်မယ်… ကျီးကန်းဘုရင်… ဒီအစီအစဉ်မှာ မင်းပါဝင်ဖို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် ကျားဟိန်းသံထွက်ပေါ်လာတဲ့ နေရာဆီ လာခဲ့ပါ… ငါတို့မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီဆိုပေမဲ့ သူများအနိုင်ကျင့်တာကို ခေါင်းငုံ့ခံနေစရာမလိုဘူး ”
သူ့စကား၏ နောက်ကွယ်မှာ အားမာန်ဖြင့် ပြည့်နှက်နေသည်။ ယင်းက လူသန်းပေါင်းများစွာက တားဆီးပိတ်ဆို့နေလျှင်ပင် အရှေ့ဆက်သွားနိုင်စေမည့် သတ္တိကို ပေးသည်။