အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း(၁၁၂)
မဒူဆာ…
ထိုအမျိုးသမီးသည် သေချာပေါက် မဒူဆာ ဖြစ်သည်။
သီရှီထျန်သည် မဒူဆာကို မြင်သွားသောအခါ နှလုံးတုန်ယင်သွားပြီး အံ့ဩသွားသည်။ သူ၏ စိတ်ထဲတွင် ယခင်ဘဝ၌ သူကြားခဲ့ဖူးသော ဒဏ္ဍာရီများအကြောင်း တွေးတောလိုက်သည်။
မဒူဆာသည် ဂရိပုံပြင်များထဲမှာ မကြာခဏ ထည့်သွင်းဖော်ပြခံရသော မိစ္ဆာမတစ်ကောင် ဖြစ်သည်။ ထူးခြားချက်မှာ သူ၏ ဆံပင်များက မြွေများ ဖြစ်သည်။ ဂရိပုံပြင်များအရ သူက အလွန်ချောမောလှပသော အမျိုးသမီး ဖြစ်သည်။ သို့သော်လည်း သူက အလွန်မောက်မာထောင်လွှားပြီး အတ္တကြီးသည်။ သူက နတ်ဘုရားမအသီနာ၏ အရှေ့မှာ မတ်တတ်ရပ်၍ သူက နတ်ဘုရားမထက် ပိုပြီးလှပသည်ဟု ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့ကြောင့် သူက မြွေဆံပင်ရှိသော မိစ္ဆာမတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးက မြွေများဖြင့် ပြည့်နှက်နေပြီး သူ၏ ပါးစပ်ထဲမှာ မြွေအစွယ်နှစ်ချောင်းရှိသည်။ သူ၏ လည်ပင်းပေါ်မှာပင် မြွေအကြေးခွံများရှိသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း မြွေခန္ဓာကိုယ် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားမအသီနာက မဒူဆာအား သူကြည့်လိုက်သော လူတိုင်းကို ကျောက်ရုပ်ဖြစ်စေနိုင်သည့် မျက်လုံးတစ်စုံအား ချီးမြှောက်လိုက်သည်။
ဒဏ္ဍာရီအရ မဒူဆာဆီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည် ရှိသည်။ သူ၏ မျက်စိဖြင့် အကြည့်ခံလိုက်ရသော လူများသည် အသက်မဲ့သော ကျောက်ရုပ်တုအဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။
မှန်ပေသည်။ ယင်းက အတိတ်ဘဝတွင် သီရှီထျန်ဖတ်ခဲ့ဖူးသော ဂရိဒဏ္ဍာရီ ဖြစ်သည်။ ဤနေရာသည် ခရမ်းရွှေကုန်းမြေ ဖြစ်သည်။ ခရမ်းရွှေကုန်းမြေတွင် မဒူဆာသည် မြွေဘုရင်ဖြစ်ပြီး မိစ္ဆာမျိုးနွယ်စုထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
သူက လူဦးခေါင်း၊ မြွေခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ပြီး သူ၏ ဦးခေါင်းပေါ်မှာ အဆိပ်ရှိမြွေအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် သူ့မှာ သက်ရှိများကို ကျောက်ရုပ်ဖြစ်စေနိုင်သော မွေးရာပါသဘာဝစွမ်းရည်ရှိသည်။
မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားသည့်အခါ သူ၏ မြွေခန္ဓာကိုယ်က လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် သူ၏ မြွေဆံပင်များက မပြောင်းလဲဘဲ ဆက်လက် ရှိနေဆဲပင်။ ထို့ပြင် သူ၏ ကျောက်ဖြစ်မှော်စွမ်းရည်က ပိုပြီးအားကောင်းလာသည်။
ကြောက်စရာအကောင်းဆုံးမှာ သူ၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူ၏ မွေးရာပါသဘာဝစွမ်းရည်က သူ့ထက် အဆင့်ပိုမြင့်သော ရန်သူများကိုပင် ထိခိုက်စေနိုင်လာသည်။
တစ်နည်းဆိုရသော် မဒူဆာသည် မိစ္ဆာသားရဲတစ်ကောင်မျှသာ ဖြစ်သော်လည်း အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် နယ်ပယ်တူတွင် မဒူဆာက ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်သည်။ သို့ဖြစ်၍ လူအများအပြားသည် မဒူဆာကို အဝေးမှ ရှောင်ကြဉ်ကြသည်။
“ အရင်တစ်ခေါက်က ကျူးအာ သူအကူအညီသွားခေါ်မယ်လို့ ပြောတဲ့လူက မဒူဆာလား ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ မကြာသေးခင်က ဇာမဏီငှက်သည် သူခဏအပြင်သွားမည်ဟု ပြောသည်။ သူက မထွက်သွားခင် အလွန်သန်မာသော အကူအညီကို ခေါ်လာခဲ့မည်ဟု ပြောသည်။ ထိုအချိန်တုန်းက သူသည် ဇာမဏီငှက်၏ စကားကို သိပ်အလေးမထားခဲ့ပေ။ ယခုအခြေအနေအရ ဇာမဏီငှက် သွားခေါ်လာခဲ့သော အကူအညီက မဒူဆာဖြစ်နေသည်။
မဒူဆာကို ကြည့်နေရင်း သီရှီထျန်က စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ပုန်းနေသော နဂါးများနှင့် ဝပ်နေသော ကျားများ အမှန်တကယ် ရှိသည်။
ယခု တောင်ကုန်းပေါ်တွင် မရဏကျီးကန်းဘုရင်၊ သရဖူနီကြိုးကြာဘုရင်၊ အနက်ရောင်မျောက်ဝံဘုရင်၊ ရွှေခြင်္သေ့ဘုရင်၊ ဘုရင်မမဒူဆာနှင့် သီရှီထျန်တို့ စုဝေးရှိနေကြသည်။
ယင်းက တောင်ပိုင်းမြေရိုင်းဒေသ၏ လက်ရှိ အထွတ်အထိပ်အင်အား ဖြစ်သည်။
“ အမမဒူဆာ… နင်လည်း ရောက်လာတယ်လား ”
ဘုရင်မမဒူဆာရောက်လာသည်ကို မြင်သောအခါ သရဖူနီကြိုးကြာက မျက်လုံးဝင်းလက်သွားသည်။ သူက အလွန်ဝမ်းသာစွာ ပြောသည်။
“ နင်ရောက်လာပြီဆိုတော့ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ စုပေါင်းအင်အားက ကြီးကြီးမားမား တိုးမြှင့်သွားပြီ… အဲ့ဒီကျင့်ကြံသူတွေကို မောင်းထုတ်နိုင်ဖို့ ငါတို့ဘက်မှာ အခွင့်အရေးပိုများသွားပြီ… ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက အမြူတေဓာတ်လုံး ဖွဲ့စည်းဖို့ နင်တံခါးပိတ်ကျင့်ကြံခြင်းဝင်တော့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား… အခု ဘာလို့ထွက်လာတာလဲ ”
မဒူဆာသည် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။
သီရှီထျန်သည် နောက်တစ်ကြိမ် အံ့ဩသွားရပြန်သည်။ သူ၏ နားလည်ထားမှုအရ မိစ္ဆာသားရဲများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ ခွဲခြားထားသည်။ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲများသည် အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်ရန် စတင်ပြင်ဆင်နိုင်ကြပြီ ဖြစ်သည်။ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲများဆီမှာ သာလွန်ထူးခြားသော စွမ်းအားများရှိကြသည်။
သူတို့သည် မိစ္ဆာချီကို အထွတ်အထိပ် အခြေအနေအထိ စုဆောင်းထားနိုင်သော ပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ မိစ္ဆာချီသည် နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် ပြည့်လျှံနေပြီ ဖြစ်သည်။
ထိုအချိန်မှာ သူတို့က မိစ္ဆာချီကို ဆက်လက် သိပ်သည်းမည်ဆိုလျှင် အရည်အခြေအနေဖြင့်ရှိနေသော မိစ္ဆာချီက နောက်တစ်ကြိမ် အရည်အသွေးဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ မိစ္ဆာချီသည် သူတို့၏ အသက်ဓာတ်နှင့် ချိတ်ဆက်နေသော အမြူတေဓာတ်လုံးအဖြစ် တိုက်ရိုက် ဖွဲ့စည်းသွားလိမ့်မည်။
အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သည် စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာရန် ခြေလှမ်းဝက်မျှသာ ဝေးကွာတော့၏။
သရဖူနီကြိုးကြာဘုရင်၏ စကားအရ မဒူဆာသည် ထိုအဆင့်မှာ ဖြစ်သည်။ သူက မိစ္ဆာချီကို အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မဒူဆာက မည်မျှသန်မာကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ အင်း… ညီမကြိုးကြာ… နင်လည်း မကြာခင် အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာတော့မှာပါ ”
မဒူဆာက သရဖူနီကြိုးကြာကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူ၏ ခေါင်းပေါ်မှ ရောင်စုံမြွေများကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူက ပြိုင်စံရှား ချောမောလှပသော မိန်းမလှတစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ အသံသည် အေးစက်ပြီး ရှင်းလင်းသည်။
ရှင်းလင်းစွာပင် မဒူဆာသည် အလွယ်တကူ ချဉ်းကပ်နိုင်သူ မဟုတ်ပေ။ ယင်းက သူ၏ မျိုးနွယ်နှင့် သက်ဆိုင်နေပုံပေါ်သည်။ သူ၏ ဦးခေါင်းပေါ်မှာ ရောင်စုံအဆိပ်မြွေများရှိနေလေရာ မည်သူက သူ့အနားသို့ ချဉ်းကပ်ဝံ့မည်နည်း။ မြွေသည် ယင်ဒြပ်စင်သားရဲ ဖြစ်သည်။ ထို့ကြောင့် မြွေများ၏ မွေးရာပါဗီဇသည် အေးတိအေးစက်ပုံစံ ရှိသည်။ ယင်းကို နားလည်ပေးနိုင်၏။
“ အမမဒူဆာ ရောက်လာမယ်ဆိုတာ ကျူးအာ သေချာသိတယ် ”
မဒူဆာကို ဇာမဏီငှက်မြင်သွားသောအခါ သူက ပျော်ရွှင်စွာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး မဒူဆာ၏ အရှေ့မှာ လှည့်ပတ်ပျံသန်းလိုက်သည်။ သူက စိတ်လှုပ်ရှားစွာ တတွတ်တွတ် ပြောသည်။ မဒူဆာ၏ ရောက်လာမှုက သူနှင့် သက်ဆိုင်နေသည်။
မည်သို့ဖြစ်ပါစေ သူက မဒူဆာကို သွားရောက်ဖိတ်ခေါ်ခဲ့သူ မဟုတ်ပါလော။ မဟုတ်လျှင် မဒူဆာက တံခါးကျင့်ကြံခြင်းသို့ ဝင်ရောက်သွားလိမ့်မည်။ ထိုအခါ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မည်သူမှ သူ့ကို ဖိတ်ခေါ်နိုင်တော့မည် မဟုတ်ချေ။
ဇာမဏီငှက်ကို ကြည့်လိုက်သည့်အခါ မဒူဆာ၏ အေးတိအေးစက် အမူအရာက ပျော့ပျောင်းသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဒီကိစ္စက တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာမျိုးနွယ်စုရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတယ်… ငါဘယ်လိုလုပ် မလာရမှာလဲ… ငါတို့မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီဆိုပေမဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ အနိုင်ကျင့်တာကို ငါတို့ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ ”
သူ၏ အကြည့်က တဖြည်းဖြည်း အေးစက်သွားသည်။ သူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။
“ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူအုပ်စုတစ်စုကများ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိကျရဲတယ်လား… ငါတို့မိစ္ဆာတွေက မွေးဖွားလာကတည်းက ကောင်းကင်ဘုံရဲ့ ပျိုးထောင်ပေးခြင်းခံရတယ်… ဘယ်သူက ဒီလောကထဲက မိစ္ဆာတွေအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မှာလဲ ”
သူ၏ လေသံထဲမှာ အထင်သေးရှုံ့ချမှု ပါဝင်နေသည်။
“ ပြောတာ ကောင်းတယ်… ဒီဘုရင်သီရှီထျန်က ဘုရင်မမဒူဆာကို နှုတ်ဆက်ပါတယ် ”
သီရှီထျန်သည် မတင်းလွန်း မပျော့လွန်းသော လေသံဖြင့် တည်ငြိမ်စွာ ပြောသည်။
“ ဒီတစ်ကြိမ် ခင်ဗျားတို့အားလုံးကို ကျုပ် ခေါ်ယူစုဝေးလိုက်တာက အကြောင်းအရင်းတချို့ကို ရှာတွေ့ထားလို့ပဲ… လတ်တလောမှာ ကျင့်ကြံသူအများအပြားက ကျုပ်တို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲ ရုတ်တရက် ဝင်ရောက်လာကြတယ်… ဒါ့အပြင် အဲ့ဒီကျင့်ကြံသူတွေက အတူတူ စုဝေးနေကြတယ်… ကျုပ်အမြင်မှာ သူတို့ရဲ့ ပစ်မှတ်က တောင်ပိုင်းမြေရိုင်းဒေသထဲက ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စု ဖြစ်နိုင်တယ် ”
သီရှီထျန်၏ ပထမစကားက တောင်ကုန်းပေါ်မှာ စုဝေးနေကြသော မိစ္ဆာသားရဲဘုရင်အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။
သူက တည်ကြည်လေးနက်သော လေသံဖြင့် ချက်ချင်း ပြောသည်။
“ ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စုက အတိတ်တုန်းကလို ကြီးကျယ်မခမ်းနားတော့ဘူးဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသက ကျုပ်တို့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တယ်… ဒီနေရာက မိစ္ဆာမျိုးနွယ်စု အေးအေးချမ်းချမ်း ရှင်သန်နိုင်တဲ့ နေရာဖြစ်တယ်… ဒီနေရာက ကျုပ်တို့ကို လုံခြုံမှုပေးနိုင်တဲ့ နေရာဖြစ်တယ်… ဒါ့အပြင် ဒီနေရာက ခင်ဗျားတို့ရဲ့ နောင်မျိုးဆက်တွေ ရှင်သန်ကြီးထွားနိုင်တဲ့ နေရာဖြစ်တယ် ”
“ ဒါပေမဲ့ အခု… ဒီလောကရဲ့ အကန့်အသတ်မဲ့ ဧရိယာကို သိမ်းပိုက်ထားပြီးကြတဲ့ မသေမျိုးကျင့်ကြံသူတွေက ကျုပ်တို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို နောက်ထပ် မျက်စိကျလာကြပြီ ”
သီရှီထျန်က ဤအဖြစ်အပျက်၏ အစပျိုးသူဖြစ်ကြောင်း ထင်ရှား၏။ သို့သော်လည်း သူစကားပြောသည့်အခါ ဤကိစ္စက သူတစ်ယောက်တည်းနှင့် မသက်ဆိုင်တော့ဘဲ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးနှင့် သက်ဆိုင်သွားသည်။
သူစကားဆက်ပြောသည့်အခါ သူ၏ ကျားမျက်လုံးထဲမှ အလင်းက ပိုပြီးတောက်ပလာသည်။
“ ဒါကြောင့် ကျုပ်တို့အတွက်ပဲဖြစ်ဖြစ် တောင်ပိုင်းမြေရိုင်းဒေသထဲက ကျုပ်တို့ရဲ့ နောင်မျိုးဆက်အတွက်ပဲဖြစ်ဖြစ် အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးရမယ်လို့ ကျုပ်ထင်တယ်… တောင်ပိုင်းမြေရိုင်းဒေသက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ အဲ့ဒီကျင့်ကြံသူတွေကို ကောင်းကောင်း သိစေမယ် ”
သူ၏ စကားများထဲမှာ တရားမျှတမှုနှင့် တည်ကြည်ဖြောင့်မတ်မှု ရှိသည်။ သူပြောခဲ့သော စကားအားလုံးသည် တောင်ပိုင်းမြေရိုင်းဒေသနှင့် မိစ္ဆာမျိုးနွယ်စု၏ အကျိုးအတွက်သာ ဖြစ်သည်။ ယင်းထဲမှာ အလွန်ပြင်းထန်သော စိတ်ခံစားချက် ပါဝင်နေသည်။
ယင်းကို အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ ကြားသွားသောအခါ သူတို့၏ မျက်လုံးထဲမှာ ဒေါသမီးတောက် လောင်မြိုက်လာသည်။
“ ဘန်း ”
အနက်ရောင်မျောက်ဝံဘုရင်သည် သူ့ဘေးမှ ဧရာမကျောက်တုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။ မီတာအနည်းငယ် မြင့်မားသော ဧရာမကျောက်တုံးသည် ကြီးမားသော အင်အားဖြင့် သက်ရောက်ခံလိုက်ရသောအခါ အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ကျောက်တုံးအပိုင်းအစများက မြေကြီးပေါ်မှာ ပြန့်ကျဲသွားကြသည်။
သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
“ အကိုသီပြောတာ မှန်တယ်… ငါကင်းကောင် ငါ့ရဲ့ လက်အောက်ငယ်သားတွေကို စေလွှတ်ပြီး စုံစမ်းကြည့်ခဲ့တယ်… ကျင့်ကြံသူတွေအများကြီး မိုးထိတောင်ပေါ်မှာ တကယ်ပဲ စုဝေးနေကြတယ်… အဲ့ဒါ မမှားနိုင်ဘူး… သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲက ငါတို့ရဲ့ မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ချင်နေတာ ရှင်းလင်းတယ်… ငါကင်းကောင်က တိုက်ခိုက်တာလွဲလို့ ဘာမှမသိဘူး… သွေးမြစ်ချောင်းစီးတဲ့အထိ သူတို့တွေကို ငါမသတ်ရင် ငါကင်းကောင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဆက်မနေတော့ဘူး ”
“ အားလုံးကို သတ်ပစ်မယ် ”
မရဏကျီးကန်းဘုရင်က တိုတောင်းစွာ ပြောသည်။ ယင်းက စာကြောင်းတစ်ကြောင်းမျှသာ ဖြစ်သော်လည်း သူ၏ သဘောထားက ပေါ်လွင်ထင်ရှားပေသည်။
“ ငါသဘောတူတယ်… သူတို့တွေကို သင်ခန်းစာတစ်ခု ပေးရမယ် ”
သရဖူနီကြိုးကြာက ခေါင်းညိတ်လိုက်သည်။
“ ဟွန့်… အဲ့ဒီကျင့်ကြံသူအုပ်စုက ဘာအားကိုးအားထားရှိလို့ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိကျရဲတာလဲ ဒီဘုရင်မ ကြည့်ဦးမယ်… ငါ့ရဲ့ ကလေးတွေအားလုံးက ဗိုက်ဆာနေကြပြီ ”
ဘုရင်မမဒူဆာက မောက်မာထောင်လွှားစွာ ပြောသည်။ သူစကားပြောလိုက်သည့်အခါ သူ၏ ဦးခေါင်းပေါ်မှ မြွေများက လျှာတစ်လစ်ထုတ်လိုက်ကြပြီး ဂနာမငြိမ် လှုပ်ရှားလိုက်ကြသည်။
အဆိပ်မြွေများဖြင့် ပြည့်နှက်နေသော ဦးခေါင်းကို ကြည့်လိုက်သည့်အခါ တောင်ကုန်းပေါ်မှ မိစ္ဆာသားရဲဘုရင်အားလုံးက တစ်ချိန်တည်းမှာ ကျောရိုးချမ်းစိမ့်မှုကို ခံစားမိသွားကြသည်။ ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ ကောင်းပြီ… ဒီတစ်ကြိမ် ကျုပ်တို့အားလုံး အတူတကွ စုပေါင်းပြီး အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးရအောင်… မိစ္ဆာသားရဲတွေ ဘယ်လောက်သန်မာလဲ သူတို့တွေ သိစေရမယ် ”
မိစ္ဆာသားရဲဘုရင်အားလုံးက မသေမျိုးကျင့်ကြံသူများအပေါ် ရွံရှာမုန်းတီးကြောင်း သီရှီထျန်မြင်သောအခါ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အဲ့ဒီကျင့်ကြံသူတွေက အခု မိုးထိတောင်ပေါ်မှာ စုဝေးနေကြတယ်… သူတို့ကို တိုက်ခိုက်ဖို့ ကျုပ်တို့တွေ အကြောင်းပြချက်ရှာနေစရာ မလိုဘူး… မိုးထိတောင်ဆီ တိုက်ရိုက် သွားပြီး သူတို့ကို သတ်ပစ်ကြမယ်… ကျုပ်တို့ရဲ့ စုပေါင်းအင်အားအရ အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးနိုင်မယ်လို့ ကျုပ်ယုံကြည်တယ် ”
သူက စကားပြောနေရင်း မိုးထိတောင်ဆီသို့ လှမ်းကြည့်လိုက်လေရာ သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။
အခန်း(၁၁၃)
စက်ကရာက ဤတစ်ကြိမ် လုပ်ဆောင်မှုကို စတင်ခဲ့သော်လည်း အားလုံး၏ ရည်ရွယ်ချက်က အတူတူဖြစ်သည်။ ဤအုပ်စုတွင် မည်သူက ခေါင်းဆောင်ဖြစ်သည်က အရေးမကြီးပေ။ သူတို့၏ ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက် မိစ္ဆာသားရဲဘုရင်အားလုံးသည် တုံ့ဆိုင်းမနေဘဲ တောင်ကုန်းပေါ်မှ အတူတကွ ထွက်သွားကြသည်။
တောအုပ်ထဲမှာ သူတို့ဖြတ်သန်းသွားသည့်အခါ အလွန်သိပ်သည်းသော မိစ္ဆာအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူတို့၏ ဦးခေါင်းပေါ်မှ ကောင်းကင်ယံတွင် အရွယ်အစားအလွန်ကြီးမားသော တိမ်မည်းတိမ်စိုင်ခဲတစ်ခု ဖွဲ့စည်းသွားသည်။
တိမ်မည်းသည် အလွန်နက်မှောင်ပြီး ပရမ်းပတာ လှုပ်ခတ်နေသည်။ တိမ်မည်းအောက်မှ သက်ရှိများသည် လွှမ်းမိုးဖိနှိပ်ခြင်းကို အလိုအလျောက် ခံစားသွားကြရသည်။
တိမ်မည်းသည် မိုးထိတောင်ဆီသို့ တလိပ်လိပ် ရွေ့လျားသွားနေသည်။
… … …
“ စတုတ္ထအကြီးအကဲ စောစောက ဟိန်းသံက မိစ္ဆာကျားရဲ့ ဟိန်းသံပဲ… ကြည့်ရတာ ကျင့်ကြံသူတွေအားလုံး မိုးထိတောင်ဆီ ပြောင်းရွှေ့လာတာက မိစ္ဆာကျားရဲ့ အာရုံကို ဒီနေရာဆီ ဆွဲဆောင်သွားတဲ့ပုံပဲ ”
မိုးထိတောင်၏ ချိုင့်ဝှမ်းထဲတွင် လီဝမ်သည် သီရှီထျန် ထုတ်လွှတ်ခဲ့သော ထိတ်လန့်ဖွယ်ကျားဟိန်းသံကို ကြားသွားသည်။ ထိုကျားဟိန်းသံက သူတို့ရှာဖွေနေသော မိစ္ဆာကျား၏ ဟိန်းသံဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ သူတို့၏ အစီအစဉ်က အလုပ်ဖြစ်သည်ဟု သူတွေးလိုက်သည်။ အဖြစ်မှန်က သူတို့မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကြောင်း မည်သူသိမည်နည်း။
စတုတ္ထအကြီးအကဲသည် တည်ငြိမ်စွာ ဆက်ရှိနေပြီး ယုံကြည်ချက်ရှိစွာ ပြောသည်။
“ အကြီးအကဲဝမ်… ဘာမှမစိုးရိမ်ပါနဲ့… မိုးထိတောင်ပေါ်မှာ ကျုပ်တို့တွေ သတ်ကွင်းထောင်ချောက် ဆင်ပြီးပြီ… ပြီးတော့ ဒီနေရာမှာ လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော် ရှိနေကြတယ်… သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေမဲ့ အင်အားပူးပေါင်းလိုက်တဲ့အခါ သူတို့က အရမ်းသန်မာကြတယ် ”
“ သူတို့နဲ့တင် မိစ္ဆာကျားကို သတ်ပစ်နိုင်တယ်… သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်နေရင်တောင် မိုးထိတောင်ပေါ် သူရောက်လာတဲ့အခါ အသက်ရှင်ရက် ပြန်မထွက်နိုင်စေရဘူး ”
စတုတ္ထအကြီးအကဲ၏ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ထွက်ပေါ်လာသည်။
လီဝမ်က ခေါင်းခါလိုက်ပြီး ပြောသည်။
“ မိစ္ဆာကျားကို ကျုပ်မကြောက်ဘူး… သူက ဘယ်လောက်ပဲ သန်မာပါစေ သေခြင်းကံကြမ္မာကိုတော့ မရှောင်လွှဲနိုင်ဘူး… ကျုပ်စိုးရိမ်တာက မိစ္ဆာကျားသေပြီးနောက်ပိုင်း ဖြစ်လာမယ့်အရာပဲ… မိစ္ဆာကျားသေသွားတဲ့အခါ ဝိညာဉ်သံလိုက်အိမ်မြှောင်က မိုးထိတောင်ပေါ်က ကျင့်ကြံသူတွေကို ဖရိုဖရဲ ဖြစ်စေလိမ့်မယ်… ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျုပ်တို့ ကြိုသိထားရင်တောင် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူဖို့က လွယ်ကူမှာမဟုတ်ဘူး… ဒါ့အပြင် မိုးထိတောင်ပေါ်မှာ ကျင့်ကြံသူတွေအများကြီး သေဆုံးသွားတာက ကျုပ်တို့ရဲ့ လီမိသားစုလက်ချက်ကြောင့်လို့ သတင်းပေါက်ကြားသွားမယ်ဆိုရင် လီမိသားစုက အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်… အဆိုးဆုံးအခြေအနေက လီမိသားစုကို ဒီလောကကနေ ထာဝရ ပျောက်ကွယ်သွားစေလိမ့်မယ် ”
လီဝမ်၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးထဲမှာ တုံ့ဆိုင်းမှု၊ စိတ်မသက်မသာဖြစ်မှု ရှိသည်။
“ ခင်ဗျားက ဘာကို ကြောက်နေတာလဲ… ဒီရက်တွေမှာ ကျုပ်တို့ရဲ့ လူတွေကို သတ်မှတ်ထားတဲ့ တည်နေရာတွေဆီမှာ နေရာယူခိုင်းထားတယ်… မိစ္ဆာကျားတိုက်ခိုက်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က သံသယဝင်မယ်ဆိုရင်တောင် သူတို့က မိစ္ဆာကျားအပေါ်ပဲ အပြစ်ပုံချနိုင်လိမ့်မယ်… ပြီးတော့ ဘယ်လိုစတေးမှုမျိုး ပြုလုပ်ရပါစေ ကိစ္စမရှိဘူး… ဝိညာဉ်သံလိုက်အိမ်မြှောင် ကျုပ်တို့လက်ထဲ ပြန်ရောက်လာဖို့က အရေးကြီးဆုံးပဲ… ဝိညာဉ်သံလိုက်အိမ်မြှောင်ရှိမှ ကျုပ်တို့ရဲ့ ဘိုးဘေးက နောက်ထပ်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်မှာ ”
စတုတ္ထအကြီးအကဲက စကားပြောလိုက်သည့်အခါ သူ၏ အရှိန်အဝါက ပိုပြီးအေးစက်လာသည်။
“ ဘိုးဘေးအဆင့်တတ်နိုင်ဖို့အတွက် လီမိသားစုတစ်ခုလုံးကို စတေးသင့်ရင် စတေးရမှာပဲ… လီမိသားစု ဖျက်ဆီးခံရမယ်ဆိုရင်တောင် ဘိုးဘေးအသက်ရှင်နေသေးသရွေ့ ကျုပ်တို့ဘဝ အဆင်ပြေနေဦးမှာပါ ”
လီမိသားစုဝင်များသည် သူတို့မိသားစု၏ အကျိုးအမြတ်ကို နံပါတ်တစ်အဖြစ် သတ်မှတ်ထားကြသည်။
“ မိစ္ဆာကျားရောက်လာပြီ ”
ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအများအပြားထဲတွင် ကျိုးယွမ်ဖေးသည် ကျားဟိန်းသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဦးတည်ရာတွင် အစွမ်းထက်သော မိစ္ဆာအရှိန်အဝါက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားနေကြောင်း သူအာရုံခံမိသောကြောင့်ပင်။ ထို့ပြင် ထိုမိစ္ဆာအရှိန်အဝါက မိုးထိတောင်ဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်။
“ အဲ့ဒါ မဖြစ်နိုင်လောက်ဘူး ”
မင်းသမီးချူယွမ်က ယင်းကို မယုံကြည်ပေ။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ ကျားရဲတောင်တန်းဒေသထဲမှာ အဲ့ဒီမိစ္ဆာကျားနက်နဲ့ ခဏခဏ ငါတွေ့ဆုံခဲ့တယ်… သူက အရမ်းဉာဏ်ကောင်းတယ်… သာမန်ဝိညာဉ်သားရဲတွေက သူ့ကို မယှဉ်နိုင်ဘူး… သူ့ရဲ့ ဉာဏ်ရည်အရ တစ်စုံတစ်ခု မူမမှန်ဘူးဆိုတာ သိရင် ဒီထောင်ချောက်ထဲ သူတိုးဝင်လာမှာမဟုတ်ဘူး ”
“ ဟား ဟား… အဲ့ဒီကျားနက် ဘာပဲ တွေးနေပါစေ အရေးမကြီးပါဘူး… တကယ်လို့ သူရောက်မလာဘူးဆိုရင် ကိစ္စမရှိဘူး… အဲ့လိုမဟုတ်ဘဲ သူရောက်လာရင်တော့ ငါ့ရဲ့ နဂါးဖမ်းကြိုးကနေ သူလွတ်မြောက်နိုင်မှာ မဟုတ်ဘူး… အချိန်ကျလာတဲ့အခါ ကျားနက်ကို ဖမ်းဆီးပြီး ညီမလေးယွမ်ကို လက်ဆောင်ပေးမယ် ”
ကျိုးယွမ်ဖေးက ယုံကြည်မှုရှိစွာ ပြောသည်။ ယခင်တစ်ခေါက် သူရှုံးနိမ့်သွားခြင်းသည် ကျားနက်ကို အထင်သေးစွာ လျော့တွက်ခဲ့ခြင်းကြောင့် ဖြစ်၏။ ဤတစ်ကြိမ်တွင် သူက နဂါးဖမ်းကြိုးကို အသုံးပြုမည်ဖြစ်လေရာ ထိုကျားနက်က မိစ္ဆာတစ်ကောင်ဖြစ်လျှင်ပင် သူ၏ လက်ထဲမှ မည်သို့မှ မလွတ်မြောက်နိုင်ပေ။
မိုးထိတောင်ပေါ်၌ စုဝေးနေကြသော တခြားကျင့်ကြံသူများသည်လည်း ကျားဟိန်းသံကို ကြားပြီးနောက် စိတ်ဓာတ်တတ်ကြွသွားကြသည်။ ယင်းက မိစ္ဆာကျားတစ်ကောင်၏ ဟိန်းသံဖြစ်ကြောင်း သူတို့သိသော်လည်း မည်သူမှ မကြောက်ကြချေ။ မည်သို့ဖြစ်ပါစေ ဤနေရာမှာ ကျင့်ကြံသူတစ်ထောင်ကျော်က စုဝေးနေကြသည် မဟုတ်ပါလော။
သာမန်မိစ္ဆာကျားတစ်ကောင်ကို မဆိုထားနှင့် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မိစ္ဆာကျားဖြစ်နေလျှင်ပင် သူတို့က ၎င်းကို ထိပ်တိုက်ရင်ဆိုင်ဝံ့ကြသည်။
“ ဘန်း ဘန်း ဘန်း ”
သို့သော်လည်း လူတိုင်းက ယုံကြည်ချက်ပြည့်ဝနေကြစဉ် သူတို့၏ ခြေဖဝါးအောက်မှ မြေကြီးက ပြင်းထန်စွာ သိမ့်သိမ့်တုန်သွားသည်။ ဤသည်မှာ မြေအောက်ထဲမှ မြေနဂါးတစ်ကောင်က ဂနာမငြိမ် လှုပ်ယမ်းနေသည့်အလားပင်။ သစ်ပင်ကြီးများက ဘယ်ညာလှုပ်ယမ်းသွားကြပြီး မြေကြီးပေါ်မှ ကျောက်တုံးအပိုင်းအစများက ခုန်ပေါက်သွားကြသည်။ မရေမတွက်နိုင်သော သစ်ရွက်များက အပင်ပေါ်မှ ပြုတ်ကျလာကြသည်။ တစ်ချိန်တည်းမှာ အရွယ်အစားအလွန်ကြီးမားသော တိမ်မည်းအစိုင်အခဲတစ်ခုက မိုးထိတောင်၏ ကောင်းကင်ကို အပြည့်ဖုံးအုပ်သွားသည်။
တောင်ကြားထဲမှ စမ်းချောင်းပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ မြေကြီးတုန်ယင်မှုကြောင့် အရာဝတ္ထုအားလုံးက အဆက်မပြတ် လှုပ်ခါသွားကြသည်။ မတည်ငြိမ်သော အရာအားလုံးက ဘယ်ညာလှုပ်ခါသွားကြသည်။ သေးငယ်သော ကျောက်တုံးအပိုင်းအစများက အဆက်မပြတ် စတင်ခုန်ပေါက်နေကြသည်။
“ ယီး… ဘာဖြစ်နေတာလဲ… ဘာလို့ မြေကြီးက တုန်ခါနေတာလဲ… ဒီနေရာမှာ ငလျင်မရှိသင့်ဘူးမလား ”
“ အို ဘုရားရေ… ကောင်းကင်ကို မြန်မြန် ကြည့်ကြစမ်း… ဘယ်လောက်ကြီးလိုက်တဲ့ အနက်ရောင်တိမ်တိုက်လဲ ”
“ မဟုတ်ဘူး… အဲ့ဒါက ဘယ်လိုလုပ် အနက်ရောင်တိမ်တိုက်ဖြစ်မှာလဲ… အဲ့ဒါက မိစ္ဆာတိမ်တိုက်… အဲ့ဒါက အရမ်းအားကောင်းတဲ့ မိစ္ဆာအရှိန်အဝါကနေ ဖွဲ့စည်းသွားတာ… ရန်သူက မိစ္ဆာကျားတစ်ကောင်တည်း မဟုတ်ဘူးလား… ဘာလို့ မိစ္ဆာအရှိန်အဝါက အဲ့လောက်ကြီးမားနေတာလဲ ”
“ မြန်မြန် ကြည့်ကြစမ်း… အဲ့ဒါ မိစ္ဆာကျားမဟုတ်ဘူး… ယီး အဲ့ဒါ ကင်းကောင်ဟ… ဘယ်ခွေးကောင်က တောင်ပိုင်းမြေရိုင်းဒေသထဲက အနက်ရောင်မျောက်ဝံဘုရင်ကို ရန်သွားစလိုက်တာလဲ… အဲ့ဒီကောင်က မိစ္ဆာသားရဲဘုရင်တွေထဲမှာ စစ်နတ်ဘုရားပဲ… သူ့ရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခုခံကာကွယ်မှုက အရမ်းအားကောင်းတယ်… အို ဘုရားရေ… သူက ငါတို့ဆီ တန်းတန်းမတ်မတ် ပြေးလာနေတာပဲ ”
မိုးထိတောင်၏ အလွန်ကျယ်ပြောသော မြေကွက်လပ်ထဲတွင် တောင်ကုန်းငယ်များနှင့် ကျောက်ဆောင်ကြီးများက ပြင်းထန်စွာ တုန်ခါသွားကြသည်။ တဒုန်းဒုန်းမြည်သံက အဆက်မပြတ် ထွက်ပေါ်နေသည်။ မိစ္ဆာတိမ်တိုက်က မိုးထိတောင်၏ ကောင်းကင်ယံကို အပြည့်ဖုံးလွှမ်းသွားစဉ် မိစ္ဆာအငွေ့အသက် ကိန်းအောင်းနေသော လေကြမ်းများက တောင်ကြားထဲမှာ စတင်တိုက်ခတ်လာသည်။ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က မိုးထိတောင်ကို ဖုံးလွှမ်းသွားသည်။
“ ဘန်း ဘန်း ဘန်း ”
မီတာနှစ်ဆယ်နီးပါး မြင့်မားသော ကင်းကောင်သည် မြေကြီးကို ပြင်းထန်စွာ ခြေဆောင့်လိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြောင့် ခြေတစ်လှမ်း သူလှမ်းလိုက်တိုင်း မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက ကြီးမားတုတ်ခိုင်သော လက်မောင်းများကို လှုပ်ရှားလိုက်ပြီး သူ၏ ရင်ဘက်ကို စစ်ပွဲဗုံပမာ ထုရိုက်လိုက်သည်။ အလွန်ကျယ်လောင်သော စစ်ပွဲဗုံသံက မိုးထိတောင်၏ မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ယင်းကို မြင်သောအခါ မိုးထိတောင်ပေါ်မှ ကျင့်ကြံသူများက အမူအရာပြောင်းလဲသွားကြပြီး ချက်ချင်း မျက်နှာဖြူဖျော့သွားကြသည်။ အစက ယုံကြည်မှုပြည့်ဝနေသော သူတို့၏ မျက်နှာပေါ်မှာ ထိတ်လန့်ချောက်ချားမှု ထွက်ပေါ်လာသည်။
ကင်းကောင်၏ သရုပ်ကို သိထားကြသူများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ယင်းက ကျင့်ကြံသူအများအပြားကို ကြောက်ဒူးတုန်သွားစေသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် တစ်စုံတစ်ယောက်သည် မည်သည့်အရာကိုမဆို ရန်ပြုနိုင်သည်။ သို့သော် သူတို့သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များကို လုံးဝ သွားမထိသင့်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုမိစ္ဆာသားရဲဘုရင်များသည် အလွန်အမင်း သန်မာကြသည်။ သူတို့ထဲမှ တချို့က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေ့ရှိကြပြီး တချို့က ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ တချို့က အုပ်စုဖွဲ၍ တိုက်ခိုက်လေ့ရှိကြသည်။
ထို့ကြောင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် မလိုအပ်လျှင် ထိုမိစ္ဆာသားရဲဘုရင်များကို ရန်မပြုဝံ့ကြချေ။ အစတွင် သူတို့က မိစ္ဆာကျားကို ထောင်ချောက်ဆင်သတ်ဖြတ်ရန် ဤနေရာမှာ စုဝေးနေကြသည်။ သို့သော် မိစ္ဆာကျားရောက်မလာမီ ကြောက်စရာကောင်းသော အနက်ရောင်မျောက်ဝံဘုရင်က ရောက်လာမည်ဟု မည်သူတွေးထားမည်နည်း။
“ စတုတ္ထအကြီးအကဲ… အခု ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ… ဘယ်ကောင်က အနက်ရောင်မျောက်ဝံဘုရင်ကို ရန်သွားစလိုက်တာလဲ… ကျုပ်တို့ရဲ့ ဘိုးဘေးတောင် အဲ့ဒီကောင်ကို ထိပ်တိုက် မရင်ဆိုင်ရဲဘူး ”
လီဝမ်က အံ့ဩထိတ်လန့်သွားသည်။ သူမမျှော်လင့်ထားသော တစ်စုံတစ်ခုဖြစ်လာလိမ့်မည်ဟု လုံးဝ မတွေးထားပေ။
“ မင်း စိတ်ငြိမ်ငြိမ်ထားစမ်းပါ… အနက်ရောင်မျောက်ဝံဘုရင် ရောက်လာတော့ရော ဘာကြောက်စရာလိုလို့လဲ… ငါတို့ဘက်မှာ ကျင့်ကြံသူတစ်ထောင်ကျော်တောင် ရှိတယ်… သူတို့ထဲက အများစုက ချီသန့်စင်ခြင်းနယ်ပယ်မှာဆိုပေမဲ့ သူတို့အားလုံး အင်အားစုပေါင်းလိုက်မယ်ဆိုရင် အနက်ရောင်မျောက်ဝံဘုရင်ကို ရင်ဆိုင်ဖို့က ငါတို့အတွက် မခက်ခဲလောက်ပါဘူး ”
စတုတ္ထအကြီးအကဲက အေးစက်စက်အကြည့်ဖြင့် ပြောသည်။
“ မဟုတ်ဘူး အကြီးအကဲ… အနက်ရောင်မျောက်ဝံဘုရင်တစ်ကောင်တည်း မဟုတ်ဘူး… မိစ္ဆာသားရဲတွေ အများကြီးပဲ… မြန်မြန် ကြည့်… ”
ထိုအခိုက်အတန့်မှာ လီမိသားစုဝင်တစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။ အဝေးသို့ သူလှမ်းကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ သူက မျက်နှာဖြူဖျော့နေပြီး အဝေးမှ ဦးတည်ရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
“ ဘာပြောတယ် ”
လူတိုင်းက အပြင်ဘက်သို့ အမြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
“ ဘာဖြစ်ကုန်တာလဲ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေအားလုံး ရူးသွားကြပြီလား… ဘာလို့ သူတို့က အခုချိန်မှာ ထွက်ပေါ်လာကြတာလဲ ”
“ အို ဘုရားရေ… မရဏကျီးကန်းတစ်သောင်းတောင်မှ… ပြီးတော့ မရဏကျီးကန်းဘုရင်လည်း ရှိသေးတယ်… ခေါင်းသုံးလုံးရွှေခြင်္သေ့၊ သရဖူနီကြိုးကြာနဲ့ ဘုရင်မမဒူဆာလည်း ထွက်လာကြတယ်… သွားပြီ… ဒီတစ်ခေါက်တော့ ငါတို့တွေ ဒုက္ခအကြီးကြီးရောက်ပြီ ”
ဤတစ်ကြိမ်တွင် အမြဲတမ်း အေးဆေးတည်ငြိမ်ခဲ့သော စတုတ္ထအကြီးအကဲက မျက်နှာပျက်ယွင်းသွားပြီး ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ သူ့အရှေ့မှ မြင်ကွင်းက အလွန်ကြောက်စရာကောင်းလေရာ သူ၏ တည်ငြိမ်မှုပင် ပျောက်ဆုံးသွားသည်။
ကောင်းကင်သည် လုံးဝ မည်းမှောင်သွားသည်။ မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ အရေအတွက်ထောင်သောင်းချီသော မရဏကျီးကန်းများက တိမ်မည်းများသဖွယ် အရှေ့သို့ ပျံသန်းလာကြသည်။ အမင်္ဂလာနိမိတ်ပါဝင်နေသော စူးရှရှ အော်မြည်သံက သူတို့၏ ဝိသေသလက္ခဏာ ဖြစ်သည်။
သရဖူနီကြိုးကြာဘုရင်သည် နှစ်မီတာခွဲခန့် ရှည်လျားသော သူ၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်သည်။ သူက မွန်မြတ်ထည်ဝါသော ကောင်းချီးမင်္ဂလာတိမ်တိုက်တစ်ခုသဖွယ် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားသည် တခြားမည်သည့်မိစ္ဆာသားရဲဘုရင်ထက်မှ မလျော့ချေ။
အခန်း(၁၁၄)
အနက်ရောင်မျောက်ဝံဘုရင်သည် အစောင့်အရှောက်သားရဲလေးကောင်ကို ဦးဆောင်လျက် အရှေ့ဆုံးမှ ပြေးသွားနေသည်။ သူတို့သည် လမ်းကြောင်းတစ်လျှောက်ရှိ မည်သည့်အတားအဆီးကိုမှ မရှောင်ရှားကြပေ။ သူတို့သည် သန်စွမ်းကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ အတားအဆီးအားလုံးကို တိုက်ရိုက် ချိုးဖြတ်လိုက်ကြသည်။ သူတို့၏ အနောက်တွင် အလွန်ကျယ်ပြောပြီး ဖြောင့်တန်းသော လမ်းကြောင်းတစ်ခု ဖွင့်လှစ်သွားသည်။
ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်နှင့် သီရှီထျန်သည် သူတို့၏ အသန်မာဆုံး အသွင်သဏ္ဍာန်ကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ပေငါးဆယ်မြင့်မားသော မိစ္ဆာသားရဲများ ဖြစ်ကြသည်။
ဘုရင်မမဒူဆာသည် ကြော့ရှင်းတင့်တယ်ပြီး ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ဦးခေါင်းကို ကြည့်လိုက်မည်ဆိုလျှင် နှလုံးတုန်ယင်သွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားလိမ့်မည်။ ဘုရင်မမဒူဆာသည် တခြားမိစ္ဆာသားရဲဘုရင်များ၏ အနောက်မှ အေးအေးဆေးဆေး လျှောက်လာနေသည်။
သူက သူ့ပခုံးပေါ်မှ ဇာမဏီငှက်နှင့် ပျော်ရွှင်စွာ စကားပြောနေသည်။ သူ၏ အမူအရာအရ သူက ဤတိုက်ပွဲကို နည်းနည်းမှ ဂရုမစိုက်သည့်အလားပင်။
ဖြစ်နိုင်သည်မှာ ထိုကျင့်ကြံသူအုပ်စုက သူ၏ တိုက်ခိုက်ချင်စိတ်ကို မနှိုးဆော်ပေးနိုင်ဟန် ရ၏။
ပုံမှန်အားဖြင့် တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ကျင့်ကြံသူများက ထိုမိစ္ဆာသားရဲဘုရင်များကို သွားရောက်ရန်မပြုသရွေ့ သူတို့သည် ကိုယ်ပိုင်နယ်နိမိတ်ထဲမှ ထွက်ခွာကြလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ယခု ကျင့်ကြံသူအားလုံး၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသော မိစ္ဆာသားရဲဘုရင်အုပ်စုက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး၏ အထွတ်အထိပ်အင်အား ဖြစ်သည်။
မိစ္ဆာသားရဲဘုရင်အုပ်စုသည် မြန်ဆန်သော အရှိန်အဟုန်ဖြင့် မိုးထိတောင်ဆီသို့ ဦးတည်ပြေးသွားနေကြသည်။ သူတို့၏ အနောက်တွင် မိစ္ဆာမီးတောက်များက တဟုန်းဟုန်း တောက်လောင်နေသည်။
ထိုအခိုက်အတန့်မှာ မိုးထိတောင်ပေါ်မှ လေလွင့်ကျင့်ကြံသူအုပ်စုတစ်ခုထဲတွင် အသက်သုံးဆယ်ခန့်ရှိနိုင်သော သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတတ်သွားသည်။ သူ၏ ရုပ်ရည်က သာမန်ဖြစ်ပြီး သူက ရိုးရှင်းသော အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူက အဝါရောင်ဓားပျံတစ်လက်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ၏ လက်ထဲတွင် ကျောက်စိမ်းဖြူဖြင့် ဖန်တီးထားသော စစ်တုရင်ခုံတစ်ခုကို ဆုပ်ကိုင်ထားသည်။ ထိုစစ်တုရင်ခုံကို အလယ်မှ မြစ်နယ်နိမိတ်တစ်ခုဖြင့် ပိုင်းခြားထားသည်။ အံ့ဖွယ်ကောင်းသည်မှာ မြစ်နယ်နိမိတ်ပေါ်တွင် “ ချူ ဟန် ”ဟူသော စကားလုံးနှစ်လုံးကို ရေးသားထားသည်။
ယင်းက အမှန်တကယ်ပင် ချူဟန်မြစ်နယ်နိမိတ် ဖြစ်သည်။ မြစ်နယ်နိမိတ်၏ အခြားတစ်ဖက်စီတွင် အလျားလိုက်မျဉ်းကြောင်းဆယ်ခုနှင့် ဒေါင်လိုက်မျဉ်းကြောင်းကိုးခုက စစ်တုရင်ခုံပေါ်မှာ ကြက်ခြေခတ်သဖွယ် အပြန်အလှန် ဖြတ်သန်းနေကြသည်။ အလျားလိုက်မျဉ်းကြောင်းများနှင့် ဒေါင်းလိုက်မျဉ်းကြောင်းများ ဖြတ်သန်းသွားသည့်အခါ ဆုံမှတ်အခု(၉၀) ထွက်ပေါ်လာကြသည်။ စစ်တုရင်ခုံ၏ အဆုံးတစ်ဖက်တွင် “ မီ ”ဟူသော စကားလုံးနှင့် ဆင်တူသည့် နန်းတော်ကိုးခုအစီအရင်တစ်ခု ရှိ၏။
နန်းတော်ကိုးခုအစီအရင်၏ အလယ်ဗဟိုတွင် အံ့ဖွယ်ကောင်းသော အနီရောင်ပလ္လင်တစ်ခု ရှိသည်။ ပလ္လင်ပေါ်တွင် အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က မြင့်မြတ်ထည်ဝါစွာ ထိုင်နေသည်။ အကန့်အသတ်မဲ့ခွန်အားက သူ၏ တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေသည်။ သူ၏ ဘေးတွင် မြေကြီးပေါ်မှာ စိုက်ဝင်နေသော အနီရောင်ဓားမော့တစ်လက် ရှိသည်။ စစ်သူကြီးသည် မည်သည့်အချိန်မဆို ဓားမော့ကို ဆွဲထုတ်နိုင်ပေသည်။
စစ်သူကြီး၏ အရှေ့တွင် ပုံရိပ်နှစ်ခုသာ ရှိသည်။ ပုံရိပ်တစ်ခုသည် သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ဆင်ဖြူတော်ဖြစ်ပြီး အခြားပုံရိပ်တစ်ခုသည် ကြက်သွေးရောင်လေးကို ကိုင်ထားသော မြားစစ်သည်တော် ဖြစ်သည်။ ထိုပုံရိပ်သုံးခုမှလွဲ၍ တခြားမည်သည့်အရာမှ မရှိပေ။
အခြားတစ်ဖက်သည်တော့ လုံးဝ ဗလာဖြစ်သည်။
ယင်းက အံ့ဖွယ်ထူးခြားသော စစ်တုရင်ခုံ ဖြစ်သည်။ တစ်ချိန်တည်းမှာ စစ်တုရင်ခုံက လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက နက်နဲသိမ်မွေ့ပြီး အံ့ဖွယ်ထူးခြားသည်။
“ အားလုံးပဲ… ဘာမှမကြောက်ကြပါနဲ့… ကျုပ်တို့မှာ လူတစ်ထောင်ကျော်တောင်ရှိတယ်… အဲ့ဒီမိစ္ဆာသားရဲတွေက ဘယ်လောက်ပဲ သန်မာပါစေ ကျုပ်တို့ရဲ့ စုပေါင်းအင်အားထက်တော့ မသာလွန်နိုင်ပါဘူး… ကျုပ်တို့တွေ အင်အားပူးပေါင်းလိုက်မယ်ဆိုရင် မိစ္ဆာသားရဲတွေ ကျု်ပတို့ကို ဘာမှမလုပ်နိုင်ပါဘူး ”
လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြော၏။ သူ၏ အသံထဲမှာ ဝိညာဉ်စွမ်းအားက ပါဝင်နေသည်။ ထို့ကြောင့် အသံက မကျယ်လောင်သော်လည်း မိုးထိတောင်ပေါ်မှ ကျင့်ကြံသူအားလုံးက ယင်းကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
ထိုစကားသံကို ကြားသောအခါ ကြောက်လန့်တုန်လှုပ်နေကြသော ကျင့်ကြံသူများသည် ရေနစ်ခါနီး ကောက်ရိုးတစ်မျှင်ကို ရှာတွေ့သွားသည့်အလား မျှော်လင့်ချက်အလင်းရောင်ကို မြင်သွားကြသည်။ သူတို့က ချက်ချင်း စိတ်တည်ငြိမ်သွားကြပြီး လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူကို လှည့်ကြည့်လိုက်ကြသည်။
ထိုသက်လတ်ပိုင်းကျင့်ကြံသူကို မြင်သွားသောအခါ လူအများအပြားက အံ့ဩစွာ အော်ပြောလိုက်ကြသည်။
“ ငါ သူ့ကို သိတယ်… သူက ချီဝူကျူး… သူက ငါတို့လို တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေထဲမှာ စစ်တုရင်ကို အရမ်းရူးသွပ်တဲ့ နာမည်ကျော်ကျင့်ကြံသူပဲ… သူ့ရဲ့ ကျင့်ကြံခြင်းက အခြေတည်နယ်ပယ်ကို ရောက်နေပြီလို့ ငါကြားဖူးတယ် ”
“ သူက ရှားပါးသတ္ထုပစ္စည်းတွေနဲ့ သူစုဆောင်းထားတဲ့ ဓမ္မလက်နက်တွေကို အသုံးပြုပြီး စစ်တုရင်လောကလို့ခေါ်တဲ့ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ခဲ့တယ်တဲ့… စစ်တုရင်လောကရဲ့ စွမ်းအားက အကန့်အသတ်မဲ့တယ်… စစ်တုရင်လောကရဲ့ စွမ်းအားနဲ့ဆိုရင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး… သူရှိနေရင် ငါတို့တွေ ဘယ်မိစ္ဆာသားရဲကိုမှ ကြောက်နေစရာမလိုတော့ဘူး ”
မျက်စိတစ်မှိတ်အတွင်းမှာ လူအများအပြားက လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူအကြောင်း ဖော်ထုတ်လိုက်ကြသည်။
ချီဝူကျူးသည် စစ်တုရင်ရူးသွပ်မှုကြောင့် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲမှာ အလွန်နာမည်ကျော်ကြားသည်။ သူက သူ့ဘဝတစ်ခုလုံးကို စစ်တုရင်တာအိုအား ရှာဖွေရန် ရင်းနှီးမြှုပ်နှံထားသည်။ အစတွင် သူက ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူက စစ်တုရင်ရူးသွပ်သူတစ်ယောက်မျှသာ ဖြစ်၏။ သူက စစ်တုရင်အကြောင်း နက်နက်နဲနဲ တွေးတောနေစဉ် မမျှော်လင့်ဘဲ ဉာဏ်အလင်းရသွားပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ ကျင့်ကြံသူဖြစ်လာပြီးနောက် သူက စစ်တုရင်ကို မစွန့်လွှတ်ခဲ့ပေ။ ယင်းအစား သူက စစ်တုရင်ကို ပိုပြီးရူးသွပ်လာသည်။
သူက စစ်တုရင်၏ အနှစ်သာရကို ရှာဖွေရန်အလို့ငှာ သေမျိုးလောက၏ စစ်ပွဲအများအပြားကို စောင့်ကြည့်လေ့လာခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် စစ်တုရင်နှင့်ပတ်သက်သော ဉာဏ်အလင်းများက သူ၏ စိတ်ထဲမှာ စုပြုံထွက်ပေါ်လာပြီး သူက စစ်တုရင်တာအို၏ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားသည်။ သူက ရှားပါးသတ္ထုပစ္စည်းများနှင့် သူရှာဖွေစုဆောင်းထားသမျှ ဓမ္မလက်နက်များကို စတေး၍ စတုရင်လောကဟုခေါ်သော သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကိုပင် ဖန်တီးသန့်စင်ခဲ့သည်။ စစ်တုရင်လောက၏ အထောက်အပံ့ကြောင့် သူ၏ စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲတွင် သူက အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိသည်။
“ ဟုတ်တယ်… ဒီနေရာမှာ ငါတို့ရဲ့ အရေအတွက်က အများကြီးပဲ… ငါတို့တစ်ယောက်စီက တံတွေးဝိုင်းထွေးမယ်ဆိုရင်တောင် အဲ့ဒီမိစ္ဆာသားရဲတွေ ရေနစ်သေသွားလိမ့်မယ်… ငါတို့တွေ အတူတူ အင်အားပူးပေါင်းမယ်ဆိုရင် အဲ့ဒီမိစ္ဆာသားရဲတွေကို ရပ်တန့်နိုင်လိမ့်မယ်… ပြီးတော့ မိစ္ဆာသားရဲတွေရဲ့ အစိတ်အပိုင်းအားလုံးက ရတနာတွေဆိုတာ ငါတို့မေ့ထားလို့ မဖြစ်ဘူး… သူတို့ကို ငါတို့သတ်နိုင်မယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဓမ္မလက်နက်တွေအဖြစ် ငါတို့သန့်စင်နိုင်လိမ့်မယ် ”
သူ့စကားဆုံးသွားသည်နှင့် ဝတ်စုံဖြူဝတ်ဆင်ထားသော ကျိုးယွမ်ဖေးသည် လေဟုန်စီးမှော်အဆောင်ကို အသုံးပြု၍ လေပေါ်သို့ ပျံတတ်သွားသည်။ သူက သူတို့ဆီသို့ မြန်ဆန်စွာ ပြေးလာနေကြသော မိစ္ဆာသားရဲဘုရင်များကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များသည် သူတို့ကို တိုက်ခိုက်ရန် အင်အားပူးပေါင်းသွားကြသည်။ ယင်းက မမျှော်လင့်ထားသောအရာ ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် အနောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ ကျင့်ကြံသူတစ်ထောင်ကျော်က စိတ်ဓာတ်ပြိုလဲသွားလျှင် ဤနေရာမှာ ရှိနေကြသော လူတိုင်းက ဘေးဒုက္ခရောက်ကြလိမ့်မည်။
မကြာမီ လူအုပ်ကြားထဲမှာ ပုန်းလျှိုးနေကြသော ပညာရှင်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် အရှေ့ထွက်လာကြသည်။ သူတို့ထဲမှာ အခြေတည်နယ်ပယ် ကျင့်ကြံသူတချို့ ပါရှိကြသည်။ ဤတစ်ကြိမ်တွင် အခြေတည်နယ်ပယ် ကျင့်ကြံသူများသည် နောက်ထပ် ပုန်းကွယ်မနေကြဘဲ သတ္တိရှိစွာ အရှေ့ထွက်လာကြသည်။
“ ဟုတ်တယ်… ငါတို့ဆီမှာ လူအများကြီးပဲ… ဘာကို ကြောက်နေရမှာလဲ… အဲ့ဒီမိစ္ဆာသားရဲတွေနဲ့ အသေအကြေ တိုက်ခိုက်ကြမယ် ”
“ ဟုတ်တယ်… မိစ္ဆာသားရဲတွေက အခြေတည်နယ်ပယ် ကျင့်ကြံသူတွေနဲ့ အဆင့်အတူတူပဲ… ငါတို့ဆီမှာလည်း အခြေတည်နယ်ပယ် ကျင့်ကြံသူတွေ ရှိတယ်… ဒီတော့ ငါတို့တွေ သူတို့ကို ရပ်တန့်နိုင်တယ်… အားကုန်ထုတ်သုံးကြမယ် ”
ချီဝူကျူးနှင့် တခြားပညာရှင်ကျင့်ကြံသူများ၏ စိတ်ဓာတ်မြှင့်တင်ပေးမှုအောက်မှာ အရေအတွက်တစ်ထောင်ကျော်သော ကျင့်ကြံသူများက မြန်ဆန်စွာ စိတ်တည်ငြိမ်သွားကြသည်။ သူတို့အားလုံးက ဓမ္မလက်နက်အမျိုးမျိုးကို ထုတ်လိုက်ကြပြီး မှော်အဆောင်အမျိုးမျိုးကို လက်ထဲမှာ ဆုပ်ကိုင်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် အခြေတည်နယ်ပယ် ကျင့်ကြံသူများက သုံးယောက်တစ်အုပ်စု ငါးယောက်တစ်အုပ်စု ဖွဲ့စည်းလိုက်ကြသည်။ အလွန်အားကောင်းသော တိုက်ပွဲအရှိန်အဝါက ပျံ့လွင့်သွားစဉ် သူတို့က အဝေးမှ မိစ္ဆာသားရဲများကို စူးစိုက်ကြည့်လိုက်ကြသည်။
သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ၏ ချောက်ချားဖွယ်ကောင်းသော ဖိအားအောက်မှာပင် ထိုကျင့်ကြံသူများက အံ့ဖွယ်ကောင်းစွာ စည်းလုံးသွားကြသည်။
“ ဘန်း ဘန်း ဘန်း ”
မဟူရာမိစ္ဆာချီက အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးက တုန်ခါသွားသည်။ သူ့အရှေ့မှ သစ်ပင်ကြီးများက အပိုင်းပိုင်းအစစ ကျိုးပဲ့သွားကြစဉ် ကျောက်တုံးများက သူ၏ ခြေဖဝါးအောက်မှာ ဖုန်မှုန့်ဖြစ်သွားကြသည်။ ဤသည်မှာ ဘီလူးတစ်ကောင်က အရှေ့သို့ မကြောက်မရွံ့ ချီတတ်သွားနေသည့်အလားပင်။ သူ၏ ဦးခေါင်းထက်မှာ မိစ္ဆာချီက ပိုပြီးသိပ်သည်းသွားသည်။ သူ့အရှေ့မှ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်စဉ် သူ၏ သားရဲမျက်လုံးက အနီရောင်ပြောင်းလဲသွားသည်။ သွေးဆာလောင်မှုနှင့် ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ မင်းတို့လို ငချွတ်ကျင့်ကြံသူတွေက ငါကင်းကောင်ရဲ့ အရှေ့မှာ မောက်မာရဲတယ်လား… ဒီဖိုးဖိုးက မင်းတို့ကောင်တွေကို ဘယ်လိုဆုံးမမလဲ ကြည့်လိုက်ကြစမ်း ”
အနက်ရောင်ဝက်ဝံဘုရင်က မောက်မာထောင်လွှားစွာ အော်လိုက်သည်။ သူ၏ ပါးစပ်မှ ထွက်လာသော စကားက လူသားဘာသာစကား ဖြစ်သည်။ ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်ယွင်းသွားကြပြီး ဒေါသထွက်သွားကြသည်။
“ သတ်… အဲ့ဒီကင်းကောင်ကို သတ်ပစ်… ”
“ အားလုံးပဲ… အတူတူ တိုက်ကြမယ်… ဒီကောင်က ငါတို့တွေကို အထင်သေးရဲတယ်… ငါတို့တွေ ဒီကောင်ကို ဒီအတိုင်း မလွှတ်ထားနိုင်ဘူး ”
တရားမျှတပြီး တည်ကြည်ဖြောင့်မတ်သော ကျင့်ကြံသူများသည် ဤအခိုက်အတန့်မှာ လုံးဝ ဒေါသထွက်သွားကြသည်။ သူတို့က လက်ထဲမှာ ဆုပ်ထားသော ဝိညာဉ်မှော်အဆောင်များကို သာမန်စက္ကူရွက်များသဖွယ် တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ကြသည်။ မှော်အဆောင်များသည် လေထဲမှာ တိုက်ခိုက်မှုအမျိုးမျိုးအဖြစ် ပြောင်းလဲသွားကြသည်။
ချွန်ထက်သော လှံများက မြေကြီးထဲမှ ထွက်ပေါ်လာကြပြီး မီးဘောလုံးများက လေထဲမှာ ဖွဲ့စည်းသွားကြသည်။ လေဓားသွားများ၊ ရေခဲဓားသွားများ အစရှိသော တိုက်ခိုက်မှုများက အနက်ရောင်မျောက်ဝံဘုရင်ထံသို့ အရပ်မျက်နှာအသီးသီးမှ ပျံသန်းသွားကြသည်။
ဓမ္မလက်နက်အမျိုးမျိုးသည်လည်း ရောင်စုံအလင်းများကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့က ကျိုင်းကောင်အုပ်စုသဖွယ် အနက်ရောင်မျောက်ဝံဘုရင်ထံသို့ ဦးတည်သွားကြသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်က အလွန်ကြီးမားလေရာ ထိုတိုက်ခိုက်မှုများကို သူမရှောင်တိမ်းနိုင်ပေ။
ထိုအခိုက်အတန့်မှာ ရောင်စုံအလင်းများ၊ အားကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးက အနက်ရောင်မျောက်ဝံဘုရင်၏ ဧရာမခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကြသည်။
“ ဂရား ”
အနက်ရောင်မျောက်ဝံဘုရင်သည် သူ့ထံသို့ ဦးတည်လာနေသော တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်နေပေ။ သူက ဘယ်ခြေကို မြှောက်၍ မြေကြီးကို အကြမ်းပတမ်း ဆောင့်နင်းလိုက်သည်။ သူ၏ သားရဲမျက်လုံးထဲမှာ တအိအိလှုပ်ခတ်နေသော မိစ္ဆာမီးလျှံက ပေါ်လျှိုးလာသည်။ “ ဘန်း ”ဟူသော မြည်သံကြောင့် မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားပြီး အက်ကွဲသွားသည်။ အက်ကွဲကြောင်းများသည် ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
အရွယ်အစားကြီးမားသော မျောက်ဝံလက်က အပေါ်သို့ မြှောက်တင်သွားသည်။ မိစ္ဆာချီသည် မျောက်ဝံလက်သည်းထံမှ ရူးသွပ်စွာ ထွက်ပေါ်လာသည်။ ယင်းက အလွန်ထူးဆန်းပြီး မျောက်ဝံလက်သည်းကို စက္ကန့်ပိုင်းလေးအတွင်း အပြည့်ဖုံးလွှမ်းသွားသည်။