အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အခန်း(၁၁၅)
မိစ္ဆာချီ၏ အားဖြည့်ပေးမှုအောက်မှာ မျောက်ဝံလက်သည်းက ကြောက်မက်ဖွယ်ကောင်းစွာ အသွင်ပြောင်းလဲသွားသည်။ မူလကတည်းက အရွယ်အစားကြီးမားသော မျောက်ဝံလက်သည်းက ရုတ်တရက် အဆပေါင်းများစွာ ပိုပြီးကြီးမားသွားသည်။ ယင်းက အနည်ဆုံး ဆယ်မီတာခန့် ကြီးမားသွားပြီး လက်သည်းတစ်ချောင်းစီက ချွန်ထက်သော အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်နေသည်။ လက်သည်းပေါ်တွင် အမွှေးအမျှင်များက အပ်များသဖွယ် ထောင်မတ်သွားကြသည်။ လက်သည်းက အရွယ်အစားကြီးမားသွားနေစဉ် ပေါက်ကွဲသံများက လေထဲမှာ တရစပ် ထွက်ပေါ်လာသည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့စွာ စီးဝင်သွားသည်။
“ မင်းတို့ကောင်တွေက ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို ဖျက်ဆီးချင်တယ်လား… သေလိုက်ကြစမ်း ”
အနက်ရောင်မျောက်ဝံဘုရင်၏ မျက်နှာက ရက်စက်ခက်ထန်သွားသည်။ သွေးဆာသော အလင်းက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ မဟူရာမိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ ဧရာမမျောက်ဝံလက်သည်းက သူ့အရှေ့မှ ကျင့်ကြံသူများပေါ်သို့ တိုက်ရိုက် ဖိကျသွားသည်။ မျောက်ဝံလက်သည်းသည် အရေအတွက်တစ်ရာခန့်ရှိသော ကျင့်ကြံသူများကို ဖုံးအုပ်သွားသည်။
“ ဘန်း ဘန်း ဘန်း ”
ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများနှင့် မန္တန်အမျိုးမျိုးသည် မီးရှူးမီးပန်းများနှင့် ဆင်တူသည်။ ယင်းတို့က လှပပြီး အားကောင်းသည်။ မန္တန်အမျိုးမျိုးကြောင့် ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါက ထူးဆန်းစွာ ပြောင်းလဲသွားသည်။ မီးတောက်ဘောလုံးများ ထွက်ပေါ်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် မြင့်တတ်သွားသည်။ တဖန် ရေခဲဓားသွားများ ဖွဲ့စည်းသွားသည့်အခါ အပူချိန်က ပြန်နိမ့်ကျသွားသည်။ ထို့ကြောင့် ဤဧရိယာက ဖရိုဖရဲဖြစ်နေသည်။ တစ်ခါတစ်ရံ ပူပြင်းလာပြီး တစ်ခါတစ်ရံ ချမ်းအေးသွားသည်။
အနက်ရောင်မျောက်ဝံဘုရင်က သူ၏ လက်သည်းကို အောက်သို့ ရိုက်ချလိုက်သည်နှင့် ထိုတိုက်ခိုက်မှုအမျိုးမျိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာကြသည်။
သို့သော်လည်း သာမန်သတ္တဝါများကို ပြာဖြစ်စေနိုင်သော မီးတောက်ဘောလုံးများ၊ အစွန်းရောက်အအေးဓာတ်ကို သယ်ဆောင်ထားသော ရေခဲဓားသွားများ၊ အရာအားလုံးကို ပိုင်းဖြတ်နိုင်သော လေဓားသွားများက အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အနက်ရောင်မျောက်ဝံဘုရင်၏ အနက်ရောင်အမွှေးအမျှင်များက အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက အနက်ရောင် ထွန်းလင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားများသည် မြွေများသဖွယ် လူးလွန့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အနက်ရောင်ဗာဂျရာအဖြစ် ပြောင်းလဲသွားသည်။
သူက တိုက်ခိုက်မှုအားလုံးကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေရန် ခွင့်ပြုပေးသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသော်လည်း သူက အနောက်သို့ ခြေတစ်လှမ်းပင် မဆုတ်သွားပေ။ ဆန့်ကျင်ဘက်အနေနှင့် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက တောင်ကြီးတစ်တောင်နှယ် ကျဆင်းလာသည်။
“ အို ဘုရားသခင်… ငါ့ကို ကယ်ပါ ”
“ ယီးပဲ… ဘာလို့ ငါ့ခန္ဓာကိုယ်က လှုပ်ရှားလို့ မရတော့တာလဲ ”
မျောက်ဝံလက်သည်းဖြင့် ဖုံးအုပ်ခံလိုက်ရသော ကျင့်ကြံသူများသည် အမြင်အာရုံမည်းမှောင်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာစဉ် သူတို့၏ ခန္ဓာကိုယ်က ကျောက်ရုပ်ပမာ ရပ်တန့်သွားသည်။ ဧရာမလက်သည်းက သူတို့အပေါ် ကျဆင်းလာနေသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရသည်။ သူတို့က ရှောင်တိမ်းချင်သော်လည်း သူတို့၏ ခန္ဓာကိုယ်က နေရာမှ မရွေ့လျားနိုင်ပေ။
“ ဘန်း ဘန်း ဘန်း ”
မျောက်ဝံလက်သည်းက ထိုကျင့်ကြံသူများပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။ ထိုကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ်မှ အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်သည် သာမန်လူသားများထက် အနည်းငယ်သာ ပိုပြီးသန်မာ၏။ ဆယ်မီတာခန့်ကြီးမားသော ဧရာမလက်သည်း၏ ရိုက်ချက်အောက်မှာ သူတို့၏ ခန္ဓာကိုယ်က မည်သို့ကြောင့် အကောင်းတိုင်း ဆက်ရှိနေမည်နည်း။ သွေးက မြေကြီးပေါ်မှာ အိုင်ထွန်းသွားစဉ် ထိုကျင့်ကြံသူများက အသားပြား ဖြစ်သွားကြသည်။
ထိုမျှသာ မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက မြေကြီးပေါ်သို့ ဆင်းသက်သွားသည်။ အက်ကွဲကြောင်းများသည် မျောက်ဝံလက်သည်းမှ အစပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်။ မျောက်ဝံလက်သည်းသည် မြေကြီးအောက်သို့ အနက်ပေတစ်ရာခန့် နစ်ဝင်သွားသည်။
အနက်ရောင်မျောက်ဝံဘုရင်က လက်သည်းကို ပြန်မြှောက်လိုက်လေရာ ဧရာမတွင်းပေါက်တစ်ခုက မြေကြီးပေါ်မှာ ထွက်ပေါ်လာသည်။
“ ဟွန့်… မင်းတို့အဆင့်နဲ့များ ငါကင်းကောင်ကို တိုက်ခိုက်ချင်တယ်လား… ဒီလောက်လေးက အယားတောင်မပြေဘူး… အားနည်းလိုက်တာ… ဒီလောက်ခွန်အားလေးနဲ့ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုကို လာရန်ပြုရဲတယ်လား… မင်းတို့က သေချင်နေတာပဲ ”
အနက်ရောင်မျောက်ဝံဘုရင်သည် သူ၏ ရင်ဘက်ကို တဒုန်းဒုန်း ထုရိုက်လိုက်ပြီး အထင်သေးစွာ ပြောသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးတချို့က မီးလောင်ကျွမ်းသွားသော်လည်း သူက ကြီးကြီးမားမား ဒဏ်ရာမရသွားပေ။ သူ၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ သူက လျှာထုတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သွေးဆာလောင်မှုက သူ၏ မျက်လုံးထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
“ အို ဘုရားရေ… ကြောက်စရာကောင်းလိုက်တာ… မန္တန်တွေက အဲ့ဒီကောင်ကြီးကို ဘာမှမလုပ်နိုင်ဘူး… ငါတို့ ဘယ်လိုတိုက်ကြမလဲ ”
“ အနက်ရောင်မျောက်ဝံဘုရင်ရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတယ်… သူ့ရဲ့ ခုခံကာကွယ်မှုကလည်း အံ့ဖွယ်ကောင်းတယ်… ငါတို့လို ချီသန့်စင်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး ”
မသေမျိုးကျင့်ကြံသူအများအပြားက ချောက်ချားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ကံမကောင်းသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်ကြသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်သည် သန်စွမ်းကြံ့ခိုင်သော သူ၏ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။ မိစ္ဆာသားရဲများထဲတွင် သူ၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ အကယ်၍ သူ့နေရာမှာ တခြားမိစ္ဆာသားရဲတစ်ကောင်ဆိုလျှင် ထိုမျှများပြားသော တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ သူက အသက်မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။
ကံမကောင်းစွာပင် သူတို့၏ ပစ်မှတ်ရွေးချယ်မှုက မှားယွင်းသွားခဲ့သည်။
“ ဘာမှမကြောက်ကြနဲ့… အားလုံးပဲ… ငါတို့အတူတူ ပူးပေါင်းမယ်ဆိုရင် အဲ့ဒီမိစ္ဆာမျောက်ဝံကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မယ် ”
အနက်ရောင်မျောက်ဝံဘုရင်၏ တိုက်ခိုက်မှုအောက်မှာ ကျင့်ကြံသူများက စိတ်ဓာတ်ပြိုလဲသွားကြောင်း ကျိုးယွမ်ဖေး မြင်သောအခါ သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူက ရုတ်တရက် လက်မြှောက်လိုက်ပြီး သူ့အနောက်သို့ ညွှန်လိုက်သည်။
“ ရွှီး ”
စူးရှသော မြည်သံနှင့်အတူ မိစ္ဆာသုတ်သင်ဓားက ကျိုးယွမ်ဖေး၏ ကျောနောက်မှ ပျံသန်းထွက်လာသည်။ ထွန်းလင်းတောက်ပသော ဓားအလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားစဉ် နှင်းကဲ့သို့ ဖြူဖွေးသော ဓားချီက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။ ဓားချီသည် အလွန်ထက်ရှပြီး ကျင့်ကြံသူများကို အနောက်သို့ လွင့်စင်သွားစေသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်များနှင့် ကျောက်တုံးများက ဓားချီကြောင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။
ကျိုးယွမ်ဖေးသည် ရပ်တန့်မနေပေ။ သူက လက်နှစ်ဖက်ကို အမြန်လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူက အနက်ရောင်မျောက်ဝံဘုရင်ကို စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
“ မိစ္ဆာသုတ်သင်ဓားသိုင်း… ကျောက်စိမ်းကြာပန်း ကမ္ဘာမြေပေါ် ဆင်းသက်ခြင်း… မိစ္ဆာတွေအကုန် နှိမ်နင်းပစ် ”
ဓားချိပ်တံဆိပ်က မိစ္ဆာသုတ်သင်ဓားပေါ်သို့ ကျဆင်းသွားသည့်အခါ ရှေးဟောင်းဓားက ချက်ချင်း ပြင်းထန်စွာ တုန်ယင်သွားသည်။ မရေမတွက်နိုင်သော ဓားရောင်စဉ်တန်းများက ဓားထံမှ ပေါ်လျှိုးထွက်လာကြသည်။ ဓားသည် နေလုံးအသေးစားပမာ ထွန်းလင်းတောက်ပလာသည်။ စူးရှသော ထိုအလင်းရောင်အောက်တွင် ရှေးဟောင်းဓားက ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ အဖြူရောင်ကြာပန်းများက ဓားအလင်းရောင်အောက်မှာ တစ်ပွင့်ပြီးတစ်ပွင့် ဖွဲ့စည်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်စိမ်းကြာပန်းအရေအတွက်က အံ့ဖွယ်ကောင်းစွာ ဆယ်ပွင့်ကျော်သွားသည်။ ဓားအလင်းရောင်ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း နှင်းကဲ့သို့ ဖြူဖွေးသော ပွင့်ချပ်များက ကျောက်စိမ်းကြာပန်းများထံမှ ကျဆင်းလာကြသည်။ အဖြူရောင်ပွင့်ချပ်များသည် ထူးဆန်းသော အရှိန်အဝါနှင့်အတူ မြေကြီးပေါ်သို့ ဆင်းသက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လေထဲ၌ အဖြူရောင်ပွင့်ချပ်များဖြင့် ပြည့်နှက်သွားသည်။ ယင်းတို့သည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်နှင့် အနက်ရောင်မျောက်ဝံဘုရင်ထံသို့ မိုးရေစက်များသဖွယ် ဦးတည်သွားကြသည်။
“ အနက်ရောင်မျောက်ဝံဘုရင် သတိထားပါ… အဲ့ဒီပွင့်ချပ်တွေကို ဓားချီကနေ ဖွဲ့စည်းထားတာ… အဲ့ဒါတွေရဲ့ တိုက်ခိုက်စွမ်းအားက အရမ်းသန်မာတယ်… မင်းသတိမပေါ့ဆနဲ့ ”
အဖြူရောင်ပွင့်ချပ်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြောင်း သီရှီထျန်မြင်သောအခါ အမည်မသိချိုင့်ဝှမ်းထဲမှာ သူတိုက်ခိုက်ခဲ့သော မသေမျိုးကျင့်ကြံသူကို ချက်ချင်း ပြန်အမှတ်ရသွားသည်။ ထိုကျောက်စိမ်းပွင့်ချပ်များက လှပသော်လည်း မည်မျှကြောက်စရာကောင်းကြောင်း သူကိုယ်တွေ့ ကြုံခဲ့ဖူးသည်။ သူ၏ မိစ္ဆာသားရဲခန္ဓာကိုယ်သည်ပင် ယင်းတို့ကို မခုခံနိုင်ဘဲ အလွယ်တကူ လှီးဖြတ်ခံခဲ့ရသည်။ ယင်းတို့၏ တိုက်ခိုက်စွမ်းရည်က အလွန်သန်မာသည်။ ထို့ကြောင့် သူက အနက်ရောင်မျောက်ဝံဘုရင်ကို လှမ်းအော်၍ သတိပေးလိုက်သည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရ၏။ သို့သော်လည်း အမှန်မှာ ယင်းက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သီရှီထျန်နှင့် မဒူဆာသည်လည်း တစ်ချိန်တည်း ရောက်ရှိလာကြသည်။
“ သေစမ်း ”
မဒူဆာ၏ အေးစက်စက် အကြည့်က သူ့အရှေ့၌ စုဝေးနေကြသော ကျင့်ကြံသူများအပေါ်သို့ ဝေ့ဝိုက်ဖြတ်သန်းသွားသည်။ သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူ၏ အနီရောင်နှုတ်ခမ်းက ခပ်ရေးရေး ဖွင့်ဟသွားသည်။ အေးတိအေးစက် စကားလုံးက သူ၏ ပါးစပ်ထဲမှ ထွက်လာသည်။
ထိုစကားလုံး ထွက်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လေက ရုတ်တရက် အေးစိမ့်သွားသည်။ ထိုစကားကို ကြားလိုက်ကြသော ကျင့်ကြံသူအားလုံးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြသည်။
မဒူဆာသည် ကိုယ်တိုင်မတိုက်ခိုက်ပေ။ သူက စကားပြောပြီးသည်နှင့် သူ၏ ဦးခေါင်းကို ညင်သာစွာ လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက အပြင်းအထန် စတင်လှုပ်ရှားသွားကြသည်။ အဆိပ်ပြင်းသော ရောင်စုံမြွေများသည် ကျိုင်းကောင်အုပ်စုသဖွယ် အရှေ့သို့ အဆက်မပြတ် ခုန်ထွက်သွားကြသည်။
အဆိပ်မြွေများ မြေကြီးပေါ် ပြုတ်ကျသွားသည်နှင့် ၎င်းတို့က အကြိမ်ရေအနည်းငယ် လူးလွန့်လိုက်ကြသည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့က ထူးဆန်းသော စွမ်းအားတစ်မျိုးကို ရရှိသွားကြဟန် ရ၏။ မူလက အလွန်သေးငယ်သော ၎င်းတို့၏ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစားကြီးမားသွားသည်။ ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်ကို လေထိုးလိုက်သည့်အလားပင်။
“ ရှဲ… ရှဲ ”
အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အဆိပ်မြွေများသည် လူရွယ်တစ်ယောက်၏ ခါးကဲ့သို့ တုတ်ခိုင်သော ဧရာမမြွေများအဖြစ် ပြောင်းလဲသွားကြသည်။ ဧရာမမြွေတစ်ကောင်စီသည် အလွန်အားကောင်းသော အသက်ဓာတ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ပုံရိပ်ယောင်မဟုတ်ကြပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ နောက်အခိုက်အတန့်မှာ ဧရာမမြွေများသည် ကျင့်ကြံသူများကြားထဲသို့ ပြေးဝင်သွားကြပြီး အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။
“ ငါထင်ထားသလိုပဲ… မိစ္ဆာသားရဲအားလုံးဆီမှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေ ရှိတယ်… အနက်ရောင်မျောက်ဝံဘုရင်က သန်စွမ်းကြံ့ခိုင်တဲ့ ရုပ်ခန္ဓာကိုယ်နဲ့ အံ့ဖွယ်ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်… မဒူဆာရဲ့ ခေါင်းပေါ်က မြွေတွေက ဧရာမမြွေတွေအဖြစ် ပြောင်းလဲသွားမယ်လို့ ငါမမျှော်လင့်ထားဘူး… ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ ”
မိစ္ဆာသားရဲဘုရင်များ၏ တိုက်ခိုက်ပုံများကို မြင်သွားသောအခါ သီရှီထျန်က နှလုံးတုန်သွားသည်။ ဘုရင်အဆင့်အတန်းကို ပိုင်ဆိုင်ထားသော မိစ္ဆာသားရဲများက သာမန်မဟုတ်နိုင်ကြောင်း အစကတည်းက သူမျှော်လင့်ထားခဲ့သည်။ သူတို့က တခြားမိစ္ဆာသားရဲများထက် ပိုပြီးသန်မာကြသည်။
“ ဟွန့်… အဲ့ဒီကျင့်ကြံသူတွေကများ ငါ့ကို သတ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူချင်တယ်လား… ဒီတစ်ကြိမ် မဒူဆာနဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေရဲ့ အင်အားပေါင်းစည်းမှုကြောင့် ငါစိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နိုင်ပြီ ”
သီရှီထျန်၏ မျက်လုံးထဲမှာ အေးစက်မှု ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းသည် သူ့အတွက် အလွန်အကျိုးရှိသည်။ လူသေကောင်များ၏ ဝိညာဉ်များက သူ၏ ခရမ်းရောင်ဘုရင်စာလုံးကို အစွမ်းတိုးမြှင့်ပေးနိုင်သည်။ ထို့ပြင် သူတို့၏ ရုပ်အလောင်းများကို သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပေသည်။
“ စကြာဝဠာဟာ စစ်တုရင်ခုံရဲ့ လောကပဲ… မြစ်တွေ… ပင်လယ်တွေ… အရာအားလုံး စုပ်ယူခံရမယ် ”
သီရှီထျန် လှုပ်ရှားတော့မည့်အချိန် လေထဲ၌ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူမြင်လိုက်ရသည်မှာ အဖြူရောင်အလင်းက သူ၏ အရှေ့၌ ဝင်းလက်သွားသည်။ သူ၏ ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက ရစ်ပတ်သွားဟန် ရ၏။ သို့သော်လည်း ယင်းက အလွန်အမင်း မြန်ဆန်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အဖြူရောင်အလင်းက ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သူ့အရှေ့မှ မြင်ကွင်းက လုံးဝ ပြောင်းလဲသွားသည်။
“ ဒါ ဘယ်နေရာလဲ ”
သူက အနီးကပ် သေချာကြည့်လိုက်လေရာ အဖြူရောင်ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ သူ၏ ခန္ဓာကိုယ်က ရပ်နေကြောင်း ရှာတွေ့သွားသည်။ ထို့ပြင် ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ ဒေါင်လိုက်မျဉ်းကြောင်းများနှင့် အလျားလိုက်မျဉ်းကြောင်းများ ရှိသည်။ ယင်းတို့က ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ ကန့်လန့်ဖြတ်၍ တည်ရှိနေကြသည်။
အခန်း(၁၁၆)
စက်ကရာ အံ့ဩသွားသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က သူ့အရှေ့မှ မြင်ကွင်းကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အလျားလိုက်မျဉ်းကြောင်းများနှင့် ဒေါင်လိုက်မျဉ်းကြောင်းများ ကန့်လန့်ဖြတ်သွားသည့်အခါ ကြက်ခြေခတ်များ ဖွဲ့စည်းသွားကြသည်။ သူက နန်းတော်ကိုးခု၏ အလယ်မှာ ရှိနေကြောင်း မြင်တွေ့သွားသည်။
သူ၏ အရှေ့တွင် မျက်စိတစ်ဆုံးမြင်နိုင်သော တိုက်ပွဲမြေပြင် ရှိသည်။ အခြားတစ်ဖက်မှ တိုက်ပွဲမြေပြင်သည်လည်း သူ့ဘက်မှ တိုက်ပွဲမြေပြင်နည်းတူ အလွန်ကျယ်ပြောသည်။ ထို့ပြင် ဆန့်ကျင်ဘက် တိုက်ပွဲမြေပြင်ထဲမှာ သူ့ကဲ့သို့ ပုံရိပ်တစ်ခုတည်း ရှိနေခြင်းမဟုတ်ပေ။
အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ပလ္လင်ပေါ်မှာ ထိုင်နေသည်။ သူ၏ အရှေ့တွင် သူနှင့် အရွယ်အစားသိပ်မကွာသော ဆင်ဖြူတော်တစ်ကောင် ရှိသည်။ သူ၏ ဘေးတွင် အေးတိအေးစက် အမူအရာဖြင့် ရပ်နေသော လေးသည်တော်တစ်ဦး ရှိသည်။ ကောင်းကင်ယံတွင်မူ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် တည်ငြိမ်မှုနှင့် ယုံကြည်မှုကို အားကောင်းစွာ ထုတ်လွှတ်နေသည်။
“ အဲ့ဒါက… ”
သီရှီထျန်၏ အကြည့်ထဲမှာ သံသယအရိပ်အယောင် ထွက်ပေါ်လာသည်။ အကြောင်းအရင်းကို သူမသိသော်လည်း သူ့အရှေ့မှ တိုက်ပွဲမြေပြင်ကို သူမြင်သွားသည့်အခါ ရင်းနှီးကျွမ်းမှုကို ခံစားမိသွားသည်။ ဤသည်မှာ ယင်းကို ယခင်က သူမြင်ဖူးသည့်အလားပင်။
တိုက်ပွဲမြေပြင်ကို အချိန်ကြာကြာ သူကြည့်လေ သူ့နှလုံးသားထဲမှ ရင်းနှီးကျွမ်းဝင်သော ခံစားမှုက ပိုပြီးအားကောင်းလေ ဖြစ်သည်။
နန်းတော်ကိုးခုကို အလျားလိုက်မျဉ်းကြောင်းများနှင့် ဒေါင်လိုက်မျဉ်းကြောင်းများက ပိုင်းဖြတ်ထားကြသည်။ အလယ်တွင် မြစ်နယ်နိမိတ်တစ်ခု ရှိသည်။ မြစ်နယ်နိမိတ်၏ အကျယ်အဝန်းသည် တိုက်ပွဲမြေပြင်ကဲ့သို့ပင် နှစ်ဖက်စလုံးမှာ အတူတူ ဖြစ်သည်။
သီရှီထျန်၏ စိတ်ထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအချက်အလက်အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ အံ့ဩသောအကြည့် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အလန့်တကြား ပြောသည်။
“ ဒီဟာက စစ်တုရင်လား ”
ယင်းကို ရင်းနှီးကျွမ်းဝင်သည်ဟု သူခံစားမိနေခြင်းက မထူးဆန်းတော့ပေ။ ဤနေရာသည် ယခင်ဘဝမှာ သူမြင်ခဲ့ဖူးသော စစ်တုရင်ခုံနှင့် တစ်ထပ်တည်းနီးပါး တူညီသည်။ သူက နန်းတော်ကိုးခု၏ တည်နေရာမှာ ရပ်နေသည်။ ယင်းက စစ်သူကြီး၏ တည်နေရာဖြစ်ကြောင်း ထင်ရှားသည်။ အလယ်တွင် ချူဟန်မြစ်နယ်နိမိတ် ရှိသည်။
သူက စစ်တုရင်ခုံပေါ်မှာ အမှန်တကယ် ရပ်နေသည်လော။ ကြည့်ရသည်မှာ ယင်းက ဓမ္မလက်နက်တစ်ခု ဖြစ်ရမည်။ ထိုဓမ္မလက်နက်က အစောနက သူ့ကို ဤစစ်တုရင်ခုံပေါ်သို့ အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရမည်။
သို့သော်လည်း ဤစစ်တုရင်ဓမ္မလက်နက်ဆီမှာ မည်သို့သော တိုက်ခိုက်စွမ်းရည်ရှိသနည်း။
“ မိစ္ဆာကျား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ လေ့ကျင့်ရေးကို ဘယ်တုန်းကမှ ဝင်မနှောင့်ယှက်ခဲ့ဘူး… ဒီနေ့ မင်းက မိစ္ဆာသားရဲအများကြီးကို စုဝေးပြီး ငါတို့ကို တိုက်ခိုက်ခဲ့တယ်… မင်းက မသေမျိုးကျင့်ကြံသူတွေကို စိန်ခေါ်နေတာလား…တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရမှာ မင်းမစိုးရိမ်ဘူးလား ”
လေထဲမှာ ရပ်နေသူသည် စစ်တုရင်ရူးသွပ်သူ ချီဝူကျူး ဖြစ်သည်။ သူက သီရှီထျန်ကို စစ်တုရင်ခုံပေါ်သို့ ဆွဲခေါ်လာသူလည်း ဖြစ်သည်။ ချီဝူကျူးသည် စစ်တုရင်ခုံပေါ်မှ သီရှီထျန်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
မိစ္ဆာသားရဲများက လူသားဘာသာစကားကို ပြောနိုင်ပြီး လူသားဘာသာစကားကို နားလည်နိုင်ကြောင်း သူသိသည်။ ထို့ပြင် သူတို့၏ အသိဉာဏ်က လူသားတစ်ယောက်ထက် လုံးဝ မနိမ့်ကျပေ။ ထို့ကြောင့် သူတို့ကို အသိဉာဏ်မရှိသော သားရဲတိရိစ္ဆာန်များအဖြစ် သဘောမထားနိုင်ပေ။
ဤတစ်ကြိမ်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးက ပူးပေါင်းသွားကြပြီး သူတို့ကို စတင်တိုက်ခိုက်လာကြသည်။ ယင်းက မူမမှန်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သူဇဝေဇဝါဖြစ်မိသည်။
ထို့ကြောင့် သူက သီရှီထျန်ကို သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက် စစ်တုရင်လောကထဲသို့ ခေါ်ဆောင်လာသော်လည်း ချက်ချင်း တိုက်ခိုက်ရန် ဆန္ဒမရှိပေ။
“ ဟွန့် ”
မှန်ပေသည်။ သီရှီထျန်က အကြောင်းအရင်းကို သိထားသည်။ ထိုအရာအားလုံးကို သူကိုယ်တိုင် အစီအစဉ်ဆွဲခဲ့ခြင်း မဟုတ်ပါလော။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ မင်းကို မသတ်ဘဲ လွှတ်ပေးလိုက်ရင် တကယ်ဒုက္ခရောက်မယ့်လူက ငါဖြစ်သွားမှာပေါ့… အရင်တိုက်ခိုက်တဲ့လူက အားသာချက်ရှိတယ်… နောက်မှ တိုက်ခိုက်တဲ့လူက ထိခိုက်ဆုံးရှုံးရလိမ့်မယ်… ဒီဟာကို အရင်ဘဝကတည်းက ငါနားလည်သဘောပေါက်ခဲ့တယ် ’
မှန်ပေသည်။ သူက စိတ်ထဲမှာသာ ထိုစကားကို ပြောနေခြင်း ဖြစ်သည်။ အပြင်မှာ ထုတ်မပြောခဲ့ပေ။ သူက ချီဝူကျူးကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ တောင်ပိုင်းမြေရိုင်းဒေသဟာ မိစ္ဆာမျိုးနွယ်စုအပိုင် နယ်မြေပဲ… မင်းတို့ ကျင့်ကြံသူတွေက တောင်တန်းထဲ ဝင်လာကြပြီး ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်… မင်းတို့က ငါ့အမျိုးအနွယ်ကို အရင်သတ်ခဲ့ကြတယ်… ဒီနေ့ ငါတို့က မင်းတို့ကျင့်ကြံသူတွေကို သတ်ပစ်မယ်… ဟွန့်… မင်းတို့ကျတော့ ငါတို့မိစ္ဆာမျိုးနွယ်စုကို သတ်နိုင်တယ်လား… အဲ့ဒါကို ငါတို့က ဘာမှမမြင်သလို ရပ်ကြည့်နေရမှာလား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက အလွယ်တကူ ငြိမ်ခံနေမယ်လို့ မင်းတို့ထင်နေလား ”
သီရှီထျန်၏ အေးတိအေးစက် စကားက ချီဝူကျူး၏ အမူအရာကို သိသာစွာ ပြောင်းလဲသွားစေသည်။ သို့သော်လည်း သူက ငြင်းဆန်သော မည်သည့်စကားကိုမှ မဆိုနိုင်ပေ။
မင်းတို့က ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်… ဒါပေမဲ့ မိစ္ဆာသားရဲတွေက မသေမျိုးကျင့်ကြံသူတွေကို ပြန်သတ်မှာကိုတော့ ခွင့်မပြုဘူးတဲ့လား…
ဘယ်လောက်တရားကျလိုက်လဲ…
“ တကယ်လို့ ဒီနေ့ ကျင့်ကြံသူတစ်ထောင်ကျော် ဒီနေရာမှာ သေဆုံးသွားမယ်ဆိုရင် အဲ့ဒါက မသေမျိုးကျင့်ကြံခြင်းလောကရဲ့ တန်ခိုးရှင်တွေကို ဆွဲဆောင်သွားမှာ မင်းမကြောက်ဘူးလား ”
ချီဝူကျူးက သီရှီထျန်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ မင်းမသိလောက်သေးဘူးဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသ ဒီနေ့အချိန်ထိ ဆက်ပြီး တည်ရှိနိုင်နေတာ အဆင့်နိမ့်ကျင့်ကြံသူတွေကို အတွေ့အကြုံရအောင် ကိုယ့်ဘာသာလေ့ကျင့်နိုင်အောင် ခွင့်ပြုပေးထားလို့ပဲ… မင်းတို့မှာ မသေမျိုးကျင့်ကြံသူတွေကို ခြိမ်းခြောက်နိုင်တဲ့ အင်အားရှိတယ်ဆိုတာ သူတို့သိသွားရင် တောင်ပိုင်းမြေရိုင်းဒေသထဲက ဘယ်သက်ရှိသတ္တဝါမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး… မင်းတို့အားလုံး အသတ်ခံကြရလိမ့်မယ် ”
သီရှီထျန်သည် ချီဝူကျူး၏ စကားကြောင့် ထိတ်လန့်သွားသည်။ သို့သော်လည်း သူက စိတ်ဓာတ်ခိုင်မာသူဖြစ်လေရာ မကြာမီ ပြန်တည်ငြိမ်သွားသည်။ သူက အေးစက်စက် ပြောသည်။
“ ငါတို့မသေခင် မင်းကို အရင်သတ်ပစ်မယ် ”
“ ဝေါင်း ”
ထိုသို့ပြောပြီးနောက် ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ဧရာမခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက တစ်ချိန်တည်းမှာ ပွင့်သွားကြသည်။ မဟူရာမိစ္ဆာချီသည် မွေးညင်းပေါက်များထဲမှ အဆက်မပြတ် စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်ထူထဲသော မိစ္ဆာမြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖွဲ့စည်းသွားသည်။ အတွေးတစ်ချက်ဖြင့်ပင် သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာမြူခိုးက ပွက်ပွက်ဆူနေသော ရေနွေးပမာ ပြင်းထန်စွာ လှုပ်ခတ်လာသည်။
“ ဘန်း ဘန်း ဘန်း ”
မိစ္ဆာမြူခိုးက အပြင်ဘက်သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာမြူခိုးက အနောက်သို့ ပြန်ဆုတ်လာပြီး ကျုံ့သွားသည်။ ထိုသို့အနောက်ဆုတ်သွားနေစဉ် မိစ္ဆာမြူခိုးထဲမှာ သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။
“ ချလွင်… ချလွင်… ချလွင်… ”
“ အဲ့ဒါက… ”
ချီဝူကျူး၏ မျက်လုံးထဲမှာ အံ့ဩမှု ထွက်ပေါ်လာသည်။
စက်ကရာ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မူလက စုဝေးနေသော မိစ္ဆာမြူခိုးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ မိစ္ဆာမြူခိုးအစား ထိုနေရာမှာ လခြမ်းကွေးသဏ္ဍာန် အနက်ရောင်ဓားများ ထွက်ပေါ်လာကြသည်။ မဟူရာလခြမ်းကွေးဓားများသည် စက်ကရာ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။ လခြမ်းကွေးဓားတစ်လက်စီသည် အေးစက်စက်အရှိန်အဝါနှင့် ထက်ရှသော ဓားအလင်းကို ထုတ်လွှတ်နေကြသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ ဒီလောကမှာ သန်မာတဲ့သူက ရိုသေလေးစားခံရတယ်… မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသက ငါတို့ရဲ့ ပိုင်နက် ဖြစ်နေတုန်းပဲ… မင်းတို့ လုပ်ချင်တာ လုပ်လို့မရဘူး… မိစ္ဆာမြူနှင်းဓားသွား… ပိုင်းဖြတ်လိုက်စမ်း ”
သီရှီထျန်၏ ဘေးပတ်ပတ်လည်တွင် မိစ္ဆာမြူနှင်းဓားသွား(၁၅)ခုက လှည့်ပတ်နေကြသည်။ ယင်းတို့ကို အာရုံခံမိသောအခါ သူ၏ တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အနာဂတ်မှာ ပိုပြီးအစွမ်းထက်သော မသေမျိုးကျင့်ကြံသူများ ရောက်လာမည်လော သူသေချာမသိပေ။ သို့သော် တစ်စုံတစ်ခုကို သူသေချာသိသည်။ ယနေ့ ထိုကျင့်ကြံသူများကို သူလွှတ်ပေးမည်ဆိုလျှင် သေချာပေါက် သူအန္တရာယ်ကြုံရလိမ့်မည်။ ယခုအချိန်မှာ အရေးကြီးဆုံးက သူ့အရှေ့မှ ကိစ္စကို အရင်ဖြေရှင်းရန် ဖြစ်သည်။ အနာဂတ်ကို နောက်မှ သူစဉ်းစားမည်။
“ ချလွင် ”
ကြွပ်ဆပ်သော မြည်သံနှင့်အတူ မိစ္ဆာမြူနှင်းဓားသွားတစ်ခုက ဝေဝါးသော အနက်ရောင်မြူခိုးအလွှာတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဓားသွားက ပြင်းထန်စွာ တုန်ယင်သွားစဉ် သူ၏ ဘေးပတ်ပတ်လည်မှ လေသည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။
သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာမြူနှင်းဓားသွားက လေထဲသို့ ပျံသန်းသွားသည်။ ဓားသွားသည် စစ်တုရင်ခုံပေါ်မှာ မတ်တတ်ရပ်နေသော ချီဝူကျူးထံသို့ လျှပ်စီးတန်းပမာ ဦးတည်သွားသည်။
သူရှိနေသော ဤနေရာက အလွန်ထူးဆန်းသည်။ ထိုသို့ထူးဆန်းသောအရာကို စက်ကရာ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။ စစ်တုရင်ခုံပေါ်မှာ သူရပ်နေစဉ် သူက တစ်ဖက်လူ၏ စစ်တုရင်အရုပ်တစ်ရုပ်ဖြစ်သည်ဟု အလိုအလျောက် ခံစားမိနေသည်။ ယင်းက သူ့ကို စိတ်မသက်မသာ ခံစားရစေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ စတင်တိုက်ခိုက်လိုက်သည်။ ထို့ပြင် သူ၏ ပစ်မှတ်သည် ရန်သူ့စစ်မြေပြင်ပေါ်မှ ပုံရိပ်သုံးခု မဟုတ်ပေ။ ယင်းအစား လေထဲမှ ချီဝူကျူးဖြစ်သည်။
ဓမ္မလက်နက်က မည်မျှအစွမ်းထက်ပါစေ ယင်းက လူတစ်ယောက်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်သည်။ ဓမ္မလက်နက်၏ ပိုင်ရှင် အသတ်ခံရလျှင် ဓမ္မလက်နက်သည် ယင်း၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သူက တစ်ချက်တည်းဖြင့် ထူးဆန်းသော ဤစစ်တုရင်ခုံပေါ်မှ ဖောက်ထွက်နိုင်လိမ့်မည်။
မိစ္ဆာမြူနှင်းဓားသွားသည် မြေကြီးမှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ဤသည်မှာ ဟုန်ယိက နေကို လေးဖြင့် ပစ်ခွင်းလိုက်သည့်အလားပင်။ မိစ္ဆာချီမှ သိပ်သည်းသွားသော လခြမ်းကွေးဓားက ချီဝူကျူးထံသို့ ပျံသန်းသွားသည်။
လခြမ်းကွေးဓားထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက ချီဝူကျူး၏ အမွှေးအမျှင်များကို ထောင်မတ်သွားစေသည်။ သို့သော်လည်း သူက မကြောက်ပေ။ သူက တည်ငြိမ်စွာ အော်လိုက်သည်။
“ စစ်တုရင်လောကရဲ့ စစ်ဝိညာဉ်… လေးနတ်ဘုရားရဲ့ အမိန့်တော်… အံ့ဖွယ်ရေခဲမြား ”
ထူးဆန်းသော စကားများကို သူအော်ပြောလိုက်သည်နှင့်ချက်ချင်း မြေကြီးပေါ်မှ စစ်တုရင်ခုံပေါ်မှာ ထူးဆန်းသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ စစ်တုရင်ခုံပေါ်မှာ ရပ်နေသော လေးသည်တော်ရုပ်တုက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက နောက်ကျောထံမှ ဝါးကျည်တောက်ထဲမှ မြားတစ်ချောင်းကို ဆွဲထုတ်၍ လေးပေါ်မှာ တင်လိုက်ပြီး လေးကြိုးကို ဆွဲလိုက်သည်။ လေးကြိုးကို ဆွဲလိုက်သည်နှင့် သူ၏ လက်မောင်းများထဲမှ ကြွက်သားများက မြွေများသဖွယ် လူးလွန့်သွားကြသည်။ သူ့လက်ထဲတွင် လေးက လပြည့်ဝန်းသဖွယ် ပြောင်းလဲသွားသည်။
ဘေးပတ်ဝန်းကျင်မှ စွမ်းအင်အမျှင်တန်းများက နှင်းကဲ့သို့ ဖြူဖွေးသော မြားထဲသို့ စီးဆင်းသွားကြသည်။ ရလဒ်အနေဖြင့် မြားတံပေါ်တွင် အဖြူရောင်အခိုးအငွေ့များ စုဝေးသွားသည်။ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည့်အခိုက် စစ်တုရင်လောက၏ အပူချိန်က ရုတ်တရက် နိမ့်ကျသွားသည်။
စစ်တုရင်လောကထဲမှ စွမ်းအင်အမျှင်တန်းများက မြားတံထဲသို့ ဒလဟော စီးဆင်းသွားသည့်အခါ မြားတံ၏ အရွယ်အစားက မူလထက် နှစ်ဆပိုကြီးမားသွားသည်။
“ ဝှစ် ”
လေးကြိုးကို လွှတ်လိုက်သည်နှင့် မြားက လနောက်လိုက်သော ဥက္ကာခဲပမာ ပျံသန်းထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မြားက အလွန်ကျယ်ပြောသော အကွာအဝေးကို ဖြတ်သန်းသွားသည်။ မြား၏ ပစ်မှတ်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားနေသော မိစ္ဆာမြူနှင်းဓားသွားမှလွဲ၍ တခြားမဟုတ်ပေ။
နတ်ဘုရားမြား ဖြတ်သန်းသွားသည့်နေရာတိုင်း အအေးဓာတ်ချီက စစ်တုရင်ခုံပေါ်မှာ ပျံ့နှံ့သွားသည်။
“ ဘန်း ”
နတ်ဘုရားမြားသည် မိစ္ဆာမြူနှင်းဓားသွားနှင့် ထိမှန်သွားသည်။ မိစ္ဆာမြူနှင်းဓားသွားက ပြင်းထန်စွာ တုန်ယင်သွားပြီး ထက်ရှသော ဓားအလင်းနှင့် အလွန်သိပ်သည်းသော မိစ္ဆာချီကို ထုတ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားက ပိုပြီးအားကောင်းသွားသည်။ နတ်ဘုရားမြားခေါင်းက မိစ္ဆာမြူနှင်းဓားသွားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အဖြူရောင်အခိုးအငွေ့က မြားထံမှ ထွက်ပေါ်လာသည်။ အခိုးအငွေ့သည် လေထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ ရေခဲအလွှာချပ်သည်ပင် လေထဲမှာ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားက ရေခဲရုပ်တုအဖြစ် ချိပ်ပိတ်ခံလိုက်ရသည်။
အအေးဓာတ်ချီက အလွန်အားကောင်းလေရာ မိစ္ဆာချီသည်ပင် အေးခဲသွားသည်။
အခန်း(၁၁၇)
“ အဲ့ဒီဆင်နဲ့ စစ်သည်တော်တွေက စစ်တုရင်အရုပ်တွေ ဖြစ်ကြတယ်… ဒီနေရာက စစ်မြေပြင် ဖြစ်တယ်… မသေမျိုးကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက တကယ်အံ့ဩစရာပါလား… သူတို့က စစ်တုရင်ကိုတောင် တိုက်ခိုက်မှုအဖြစ် အသုံးပြုနိုင်ကြတယ် ”
ယင်းကို မြင်သောအခါ သီရှီထျန် အံ့ဩသွားသည်။ သို့သော်လည်း သူက မကြောက်လန့်သွားပေ။ သူ၏ တိုက်ခိုက်မှုက ချီဝူကျူးကို ဒဏ်ရာရစေလိမ့်မည်ဟု အစကတည်းက သူမမျှော်လင့်ထားပေ။ ယင်းက တစ်ဖက်လူ၏ တိုက်ခိုက်ပုံကို စူးစမ်းရန်အတွက်သာ ဖြစ်သည်။
သူမျှော်လင့်ထားသကဲ့သို့ပင် ဤစစ်တုရင်ခုံမှာ ထူးဆန်းသောစွမ်းအား အမှန်တကယ် ရှိသည်။ စစ်တုရင်ခုံပေါ်မှ စစ်တုရင်အရုပ်များဆီမှာ အံ့ဖွယ်ကောင်းသော တိုက်ခိုက်စွမ်းရည်များ ရှိကြသည်။ ထို့ပြင် တိုက်ခိုက်စွမ်းရည်က အလွန်အားကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းသည်။
“ စစ်တုရင်ဆင်ဝိညာဉ်… မိုးကောင်းကင်ကို လှုပ်ခါပြီး မြေကြီးကို တုန်ယင်စေ ”
ချီဝူကျူးသည် တိုက်ပွဲအတွေ့အကြုံများပြားသူ ဖြစ်သည်။ ထို့ပြင် သူက သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ကောင်းမွန်စွာ အသုံးပြုနိုင်သည်။ မိစ္ဆာမြူနှင်းဓားသွားက ရေခဲရုပ်တုဖြစ်သွားပြီး နောက်ထပ် မရွေ့လျားနိုင်တော့ကြောင်း မြင်သောအခါ သူက နောက်တစ်ကြိမ် အော်လိုက်ပြီး စစ်တုရင်လောက၏ အံ့ဖွယ်စွမ်းရည်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
“ မူး ”
ဧရာမဆင်ဖြူတော်သည် အစက လှုပ်ရှားမှုကင်းမဲ့နေရာမှ လေးနတ်ဘုရားကဲ့သို့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။ စက်ကရာကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။
သူက ဦးခေါင်းကို ရုတ်တရက် လွှဲယမ်းလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ အကန့်အသတ်မဲ့ခွန်အားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။ ထို့နောက် အဖြူရောင်အလင်းက ဆင်ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ နောက်အခိုက်အတန့်မှာ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ဆင်၏ နှာမောင်းသည် စွန်းဝူခုန်း၏ ရွှေတုတ်ကဲ့သို့ အကန့်အသတ်မဲ့စွာ ရှည်လျားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက မီတာဒါဇင်ခန့် ရှည်လျားသွားသည်။ သူ့ခန္ဓာကိုယ်က နေရာမှ မရွေ့လျားသွားသော်လည်း ဆင်နှာမောင်းသည် ဝိညာဉ်မြွေတစ်ကောင်သဖွယ် ရွေ့လျားသွားပြီး စက်ကရာထံသို့ ဦးတည်သွားသည်။
စစ်တုရင်လောက ဓမ္မလက်နက်သည် ချီဝူကျူး၏ သွေး၊ ချွေး၊ မျက်ရည်ဖြင့် ဖန်တီးထားသောအရာ ဖြစ်သည်။ သူက ဤသက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်ရန် ရှားပါးသော သတ္ထုပစ္စည်းအများအပြားကို အသုံးပြုခဲ့သည်။
ဤစစ်တုရင်ခုံပေါ်မှာ စစ်တုရင်အရုပ်သုံးရုပ်တည်း ရှိသော်လည်း ယင်းတို့က သာမန်စစ်တုရင်အရုပ်များ မဟုတ်ကြချေ။
စစ်တုရင်ခုံကို ဖန်တီးသန့်စင်ရန် သတ္ထုပစ္စည်းအများအပြားကို လိုအပ်ရုံသာမက စစ်တုရင်ဝိညာဉ်သည် ပိုပြီးရှုပ်ထွေးနက်နဲသည်။ ထိုအတွက် အသုံးပြုထားသော နည်းစနစ်သည် ပိုပြီးအံ့ဖွယ်ကောင်းသည်။ ယင်းက ရုပ်သေးရုပ် သန့်စင်သော လျှို့ဝှက်နည်းစနစ် ဖြစ်သည်။ ထို့ပြင် ထိုရုပ်သေးရုပ်များသည် တခြားရုပ်သေးရုပ်များနှင့် ကွဲပြားခြားနားကြသည်။ ရုပ်သေးတစ်ရုပ် ဖန်တီးရန်အလို့ငှာ လိုအပ်သော သတ္ထုပစ္စည်းများကို သာမန်ကျင့်ကြံသူတစ်ယောက် သူ့တစ်ဘဝလုံး အသုံးပြုလျှင်ပင် ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
အရေးကြီးဆုံးနှင့် အံ့ဖွယ်အကောင်းဆုံးမှာ ထိုရုပ်သေးရုပ်များသည် အသက်မဲ့သော သာမန်သစ်သားအရုပ်များ မဟုတ်ကြချေ။ သူတို့အားလုံးဆီမှာ စစ်ဝိညာဉ်ရှိကြသည်။
စစ်ဝိညာဉ်မှာ အဘယ်နည်း။
ရိုးရှင်းစွာဆိုရလျှင် သူတို့သည် သက်ရှိသတ္တဝါများ သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော ဝိညာဉ်များ ဖြစ်ကြသည်။
ဥပမာ စစ်တုရင်လောကထဲမှ လေးသည်တော်၏ စစ်ဝိညာဉ်သည် သေမျိုးလောက၏ စစ်မြေပြင်ပေါ်မှာ သေဆုံးသွားခဲ့သော လေးပညာရှင်တစ်ယောက်၏ ဝိညာဉ်ဖြစ်သည်။ ချီဝူကျူးက ထိုလေးပညာရှင်၏ ဝိညာဉ်ကို သိမ်းယူ၍ စစ်ဝိညာဉ်အဖြစ် သန့်စင်ကာ ရုပ်သေးရုပ်နှင့် ပေါင်းစည်းလိုက်သည်။ ထို့နောက် သူက လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ရုပ်သေးရုပ်ကို အချိန်ကြာမြင့်စွာ ပျိုးထောင်ပေးသည်။
အချိန်ကာလတစ်ခုကြာပြီးနောက် ရုပ်သေးရုပ်က စစ်တုရင်လောက၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး စစ်တုရင်ဝိညာဉ် ဖြစ်လာသည်။
ဆင်ဖြူတော်သည်လည်း ထို့နည်းတူပင်။ ၎င်း၏ စစ်ဝိညာဉ်က သေမျိုးလောက၏ စစ်မြေပြင်ပေါ်မှာ သေဆုံးသွားခဲ့သော တိုက်ဆင်တစ်ကောင်၏ ဝိညာဉ် ဖြစ်သည်။ စစ်တုရင်လောက၏ ပျိုးထောင်ပေးမှုအောက်မှာ ထိုစစ်တုရင်ဝိညာဉ်များက အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်လာကြပြီး သန်စွမ်းလာကြသည်။ အထူးသဖြင့် စစ်တုရင်လောက၏ စွမ်းအားပံ့ပိုးမှုအောက်မှာ သူတို့သည် မသေဆုံးခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာလာကြသည်။
ယခု စစ်တုရင်လောကထဲမှာ စစ်တုရင်ဝိညာဉ်သုံးကောင် ရှိကြသည်။ သူတို့တစ်ကောင်စီက အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ ချီဝူကျူးသာ စစ်တုရင်ခုံပေါ်မှ စစ်တုရင်အရုပ်အားလုံးကို အမှန်တကယ် ဖန်တီးသန့်စင်နိုင်မည်ဆိုလျှင် သူ၏ သက်စောင့်ဓမ္မလက်နက်က အများကြီး ပိုအစွမ်းထက်လာလိမ့်မည်။
“ ဝေါင်း ”
သီရှီထျန်က ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားစဉ် ကြီးကျယ်မြင့်မြတ်သော ကျားခွန်အားက ဒီရေလှိုင်းသဖွယ် ပျံ့နှံ့သွားသည်။ မိစ္ဆာမြူနှင်းဓားသွားတစ်ခုက ရေခဲဖြစ်သွားသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်မှာ မိစ္ဆာမြူနှင်းဓားသွား(၁၄)ခုက ဆက်လက် ကခုန်နေကြဆဲပင်။
ဆင်ဖြူတော်၏ နှာမောင်းက အဆုံးမဲ့စွာ ဆန့်တန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ရန် ကြိုးစားနေကြောင်း သီရှီထျန် မြင်သောအခါ အံ့ဩထိတ်လန့်သွားသည်။ ဆင်နှာမောင်းသည် ဆင်တစ်ကောင်၏ အသန်မာဆုံး အစိတ်အပိုင်းဖြစ်သည်။ တစ်စုံတစ်ယောက်က မည်မျှသန်မာပါစေ ဆင်တစ်ကောင်၏ နှာမောင်းဖြင့် ရစ်ပတ်ခံလိုက်ရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများက ကျိုးကြေသွားလိမ့်မည်။ ထို့ပြင် ချွန်ထက်သော ဆင်အစွယ်နှစ်ချောင်းလည်း ရှိသေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဆင်နှာမောင်းဖြင့် ရစ်ပတ်ခံရပြီး ဆင်အစွယ်ဖြင့် အထိုးခံရလျှင် သူက နေရာမှာတင် အသက်ဆုံးရှုံးသွားလိမ့်မည်။
ရှည်လျားသော ဆင်နှာမောင်းက ဟင်းလင်းပြင်ထဲမှ နဂါးငွေ့တန်းပမာ သူ့ဆီသို့ ဆန့်တန်းလာနေကြောင်း သီရှီထျန်မြင်သောအခါ ယင်းက အန္တရာယ်များသော တိုက်ခိုက်မှုဖြစ်ကြောင်း သူသိလိုက်သည်။ သူ့မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။
“ မိစ္ဆာမြူနှင်းဓားသွားတွေ တစ်ခုတည်း ပေါင်းစည်းစေ… အဲ့ဒီဆင်နှာမောင်းကို ငါ့အတွက် ပိုင်းဖြတ်လိုက်စမ်း ”
သူ၏ အော်သံကြောင့် သူ့အနားမှာ ရစ်ဝဲနေကြသော မိစ္ဆာမြူနှင်းဓားသွားများက စူးရှသော အနက်ရောင်အလင်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ ဓားတစ်သောင်းက မူလဘူတသို့ ပြန်သွားသည့်အလား မိစ္ဆာမြူနှင်းဓားသွားဆယ်ခုကျော်က သီရှီထျန်၏ ဦးခေါင်းထက်မှာ အချင်းချင်း ပေါင်းစည်းသွားကြသည်။
“ ချလွင်… ချလွင်… ”
မိစ္ဆာမြူနှင်းဓားသွားများ အချင်းချင်း ထိတွေ့သွားသည့်အခါ ရှင်းလင်းပီသသော သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ဓားသွားများ အချင်းချင်း ပေါင်းစည်းသွားသည့်အခါ အနက်ရောင်မိစ္ဆာအလင်းက ပေါက်ကွဲသွားသည်။ ယင်းက အနက်ရောင်နေလုံးအသေးစားတစ်ခုပမာ ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော အနက်ရောင်ဓားချီများက လေထဲမှာ ပြန့်ကျဲသွားကြစဉ် စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမလခြမ်းကွေးဓားတစ်လက်က သီရှီထျန်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ဓားသွားပေါ်တွင် ထက်ရှသော ဓားချီက အဆက်မပြတ် ပေါ်လျှိုးနေသည်။ ယင်းက မိစ္ဆာမြူနှင်းဓားသွားဆယ်ခုကျော်ဖြင့် ဖွဲ့စည်းထားသော ဧရာမလခြမ်းကွေးဓား ဖြစ်သည်။ ယင်း၏ စွမ်းအားသည် မိစ္ဆာမြူနှင်းဓားသွားတစ်ခုထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။
ဧရာမလခြမ်းကွေးဓားသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း စလှုပ်ရှားလိုက်သည်။ ယင်းက သီရှီထျန်ဆီသို့ ဦးတည်လာနေသော ဆင်နှာမောင်းပေါ်သို့ ရက်စက်ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်သည်။
“ ထန် ”
မိစ္ဆာမြူနှင်းဓားသွားက ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းကို ထုတ်လွှတ်လိုက်ပြီး လျှပ်စီးပမာအလျင်ဖြင့် အောက်သို့ ခုတ်ပိုင်းလိုက်သည်။ ဧရာမလခြမ်းကွေးဓား အောက်သို့ ကျဆင်းသွားသည့်အခိုက် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မိုးမြေကြားမှ ထွက်ပေါ်လာပြီး ဓားသွားပေါ်မှာ စုဝေးသွားသည်။
မြန်ဆန်သည်။ အလွန်မြန်ဆန်သည်။
ဖော်မပြနိုင်သော အလျင်ဖြင့် ဧရာမလခြမ်းကွေးဓားက အောက်သို့ ကျဆင်းသွားသည်။ ထို့ကြောင့် သီရှီထျန်၏ ခန္ဓာကိုယ်အနားသို့ ရောက်လာတော့မည့် ဆင်နှာမောင်းသည် အလယ်မှ တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရလေသည်။
“ မူး ”
ဆင်ဖြူတော်သည် ခေါင်းမော့လိုက်ပြီး နားကွဲလုမတတ် ကျယ်လောင်သော အော်သံကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းလွှာသည် ဆင်နှာမောင်းထံမှ ထွက်ပေါ်လာပြီး မိစ္ဆာမြူနှင်းဓားသွား၏ ခုတ်ပိုင်းမှုကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မိစ္ဆာမြူနှင်းဓားသွားသည် ဓားသွားဆယ်ခုကျော်၏ ပေါင်းစည်းမှုမှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ယင်းက မိစ္ဆာမြူနှင်းဓားသွားတစ်ခုထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။
ထို့ကြောင့် ဓားသွား၏ ခုတ်ပိုင်းမှုအောက်မှာ အဖြူရောင်အလင်းလွှာက တိုက်ရိုက် အက်ကွဲသွားပြီး မိစ္ဆာမြူနှင်းဓားသွားက ဆင်နှာမောင်းပေါ်သို့ ချက်ချင်း ကျဆင်းသွားသည်။ အနက်ရောင်ဓားအလင်း၏ ပေါက်ကွဲမှုအောက်မှာ ဆင်နှာမောင်းက တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရသည်။
“ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ… မင်းကို ငါသတ်ပြီး ဝါးမျိုနိုင်မယ်ဆိုရင် ငါ့ရဲ့ ခွန်အားက အချိန်တိုလေးအတွင်း ပိုပြီးသန်မာလာလိမ့်မယ် ”
သီရှီထျန်က ချီဝူကျူးကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ မိစ္ဆာသားရဲတွေက ဝိညာဉ်သားရဲတွေထက် အများကြီး ပိုအစွမ်းထက်ကြတယ်… အဲ့ဒီထူးဆန်းတဲ့ အနက်ရောင်ဓားကွေးက ဆင်နှာမောင်းကို တကယ်ကြီး ခုတ်ပိုင်းနိုင်ခဲ့တယ်… အဲ့ဒီလိုအစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင်ရဲ့ ဝိညာဉ်က ငါ့စစ်တုရင်လောကရဲ့ စစ်တုရင်ဝိညာဉ်ဖြစ်လာဖို့ ထိုက်တန်တယ်… သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ မိစ္ဆာချီက မိစ္ဆာအမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားဦးလိမ့်မယ် ”
ဤအခိုက်အတန့်မှာ ချီဝူကျူး၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
မိစ္ဆာသားရဲတစ်ကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်ကျလေရာ သူအသက်ရှင်နေစဉ်မှာ မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ဦးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မိစ္ဆာသားရဲတစ်ကောင် သေဆုံးသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီနှင့် ဝိညာဉ်ချီက ပြင်းထန်စွာ ပေါက်ကွဲသွားလိမ့်မည်။ ထိုသို့ပေါက်ကွဲသွားသည့်အခါ မိစ္ဆာသားရဲ၏ စွမ်းအင်အနှစ်သာရအားလုံးက အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။
မိစ္ဆာသားရဲများဆီမှာ အမြူတေဓာတ်လုံး မရှိကြပေ။ စစ်မှန်သော မိစ္ဆာများဆီမှာသာ အမြူတေဓာတ်လုံး ရှိကြသည်။ သို့သော် စစ်မှန်သော မိစ္ဆာများသည် မသေမျိုးကျင့်ကြံသူများအတွက် လွယ်ကူသော ပစ်မှတ်များ မဟုတ်ကြချေ။ ထို့ကြောင့် များသောအားဖြင့် မသေမျိုးကျင့်ကြံသူများသည် မိစ္ဆာသားရဲများကို သတ်ဖြတ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ အမြူတေဓာတ်လုံးကို ဆွဲထုတ်ကြသည်။
ယင်းက ဘုန်းတော်ကြီးတချို့ ပျံလွန်တော်မူပြီးနောက် ဓာတ်တော်မွေတော်တချို့ ချန်ထားခဲ့ခြင်းနှင့် ဆင်တူသည်။ ထိုဓာတ်တော်မွေတော်များထဲမှာ သူတို့တစ်ဘဝလုံး စုဆောင်းရှာဖွေခဲ့သော အနှစ်သာရများ ပါဝင်သည်။
ထို့နည်းတူပင် မိစ္ဆာသားရဲများသည် သူတို့သေဆုံးသွားသည့်အခါ သူတို့၏ စွမ်းအင်အနှစ်သာရအားလုံးကို အမြူတေဓာတ်လုံးအဖြစ် ချန်ထားခဲ့ကြလိမ့်မည်။
“ စစ်တုရင်လောကရဲ့ စစ်ဝိညာဉ်… လေးနတ်ဘုရားရဲ့ အမိန့်တော်… မီးမြား ”
“ စစ်တုရင်လောကရဲ့ စစ်ဝိညာဉ်… ဆင်ဖြူတော်ရဲ့ အမိန့်တော်… ဆင်နတ်သားရဲရဲ့ ခြေထောက် ”
ချီဝူကျူးသည် တိုက်ပွဲအတွေ့အကြုံများပြားသော ကျင့်ကြံသူ ဖြစ်သည်။ ယာယီရှုံးနိမ့်မှုကြောင့် သူက စိတ်ဓာတ်မကျသွားပေ။ သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ အမိန့်ပေးမှုအောက်မှာ လေးနတ်ဘုရားသည် လေးကြိုးကို လပြည့်ဝန်းပုံစံ နောက်တစ်ကြိမ် ဆွဲလိုက်သည်။ ဤတစ်ကြိမ်တွင် အနီရောင်မီးတောက်များက မြားတံပေါ်မှာ စုဝေးသွားကြသည်။
ဘေးပတ်ဝန်းကျင်မှ အဆုံးမဲ့သော စွမ်းအား၏ အားဖြည့်ပေးမှုကြောင့် မြားပေါ်မှ မီးတောက်က တစ်စတစ်စ ပိုပြီးအားကောင်းလာသည်။ ဝှစ်ဟူသော လေခွင်းသံနှင့်အတူ မီးတောက်မြားက ဧရာမမိစ္ဆာမြူနှင်းဓားသွားထံသို့ ဦးတည်ပျံသန်းသွားသည်။
မြားဖြတ်သန်းသွားသည့်နေရာတိုင်း အနီရောင်အလင်းစီးကြောင်းတစ်ခုက အနောက်မှာ ကျန်နေခဲ့သည်။ ယင်းက မီးတောက်စွတ်ကြောင်းနှင့် ဆင်တူသည်။ အစောနက နိမ့်ဆင်းသွားခဲ့သော အပူချိန်သည် ရုတ်တရက် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ ဤသည်မှာ စစ်တုရင်လောကထဲမှ အရာအားလုံးက လောင်ကျွမ်းခံရတော့မည့်အလားပင်။
ဆင်ဖြူတော်က ပိုပြီးကြောက်စရာကောင်းသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်က လေထဲသို့ မြှောက်ကြွသွားပြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတတ်သွားသည်။ ၎င်းက သီရှီထျန်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်း၏ ခြေထောက်လေးချောင်းက ရုတ်တရက် အဆပေါင်းများစွာ ကြီးမားသွားကြသည်။ ယင်းတို့က မိုးကောင်းကင်ကို ထောက်ပံ့ထားသော ဧရာမတိုင်လုံးများသဖွယ် အရွယ်အစားကြီးမားကြပြီး တောက်ပသော အဖြူရောင်ကျောက်စိမ်းအလင်းကို ထုတ်လွှတ်နေကြသည်။
နောက်အခိုက်အတန့်မှာ ဧရာမခြေထောက်များက မည်သည့်သတိပေးမှုမှမရှိဘဲ သီရှီထျန်၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လာကြသည်။ ခြေထောက်တစ်ချောင်းစီသည် သီရှီထျန်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ကြီးမားကြသည်။ အကယ်၍ သူသာ ထိုခြေထောက်လေးချောင်းဖြင့် ဖိချခံလိုက်ရမည်ဆိုလျှင် သူ၏ မိစ္ဆာခန္ဓာကိုယ်က မည်မျှသန်မာပါစေ သူက အသားပြား ဖြစ်သွားလိမ့်မည်။
ကြီးမားလေးလံသော ဖိအားက သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ဖိအားက အလွန်ကြီးမားလေရာ သူ၏ ခန္ဓာကိုယ်သည်ပင် မလှုပ်ရှားနိုင်တော့ဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ အဲ့ဒါကို ငါထိပ်တိုက် မရင်ဆိုင်နိုင်ဘူး… ငါရှောင်တိမ်းရမယ်… ပြီးသွားမှ အခွင့်အရေးရှာပြီး ငါတိုက်ခိုက်ရမယ် ”
ဆင်ဖြူတော်၏ ခွန်အားက တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံကြောင်း စက်ကရာ ခံစားမိသောအခါ ထိုတိုက်ခိုက်မှုက သူခုခံနိုင်သောအရာ မဟုတ်ကြောင်း ချက်ချင်း သိသွားသည်။ သို့မဟုတ်လျှင် သူက ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။ ယင်းကို ယာယီတိမ်းရှောင်ပြီး တန်ပြန်တိုက်ခိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။