← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း(၁၁၈)

စက်ကရာသည် နောက်ထပ် စဉ်းစားမနေဘဲ သူ၏ အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ဆောင့်လိုက်သည်။ သူက ဘေးတစ်ဖက်ဆီသို့ မြန်ဆန်စွာ ခုန်ရှောင်လိုက်သည်။ ထိုခုန်လွှားမှုက အလွန်အားပါသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မီတာတစ်ရာအကွာအဝေးသို့ ရောက်ရှိသွားသည်။

သို့သော်လည်း သူမျှော်လင့်မထားသော မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူခုန်လိုက်သည့်အခိုက် လှောင်ချိုင့်တစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ လှောင်ချိုင့်သည် ကိုးစတုရန်းမီတာခန့် ကျယ်ဝန်းသည်။ သူ၏ ခန္ဓာကိုယ်က လှောင်ချိုင့်ထဲမှာ ပိတ်မိသွားသည်။

သီရှီထျန်သည် သူ၏ ကျားလက်သည်းဖြင့် လှောင်ချိုင့်ကို ရိုက်ချလိုက်သည်။ လှောင်ချိုင့်က ပြင်းထန်စွာ တုန်ယင်သွားသော်လည်း မပြိုကွဲသွားပေ။ ယင်းက သူ့ကို ဆက်ပြီး ချုပ်နှောင်ထားသည်။

“ ငါက နန်းတော်ကိုးခုရဲ့ အလယ်မှာ ရှိနေတယ်… ဟိုဘက်ခြမ်းက စစ်သူကြီးကလည်း နန်းတော်ကိုးခုရဲ့ အလယ်မှာ ရှိနေတယ်… ဒီတော့ ငါက ဒီဘက်က စစ်သူကြီးလား… စစ်သူကြီးက နန်းတော်ကိုးခုကနေ မထွက်သွားနိုင်ဘူး ”

သီရှီထျန်၏ စိတ်ဝိညာဉ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ထိုသို့ကိစ္စ ဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူ့အရှေ့မှ စစ်တုရင်ခုံသည် တရုတ်လူမျိုး၏ စစ်တုရင်ခုံနှင့် အတော်လေး ဆင်တူသည်။ စစ်တုရင်ကစားနည်း၏ စည်းမျဉ်းများအရ စစ်သူကြီးသည် ကိုးစတုရန်းမီတာထဲမှ မထွက်သွားနိုင်ပေ။

ထိုရှာတွေ့မှုက သူ့ကို နှလုံးခုန်မြန်သွားစေသည်။ အကယ်၍ သူ့မှာ အချိန်အလုံအလောက်ရှိမည်ဆိုလျှင် လှောင်ချိုင့်ကို ဖျက်ဆီးရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း ယခု ဆင်ဖြူတော်၏ ဧရာမခြေထောက်လေးချောင်းက သူ့အပေါ်သို့ ကျဆင်းလာနေသည်။ သူ့မှာ ရှောင်တိမ်းရန် အချိန်မရှိတော့သကဲ့သို့ လှောင်ချိုင့်ကို ချိုးဖြတ်ရန်လည်း အချိန်မရှိတော့ပေ။

ထိုသို့ဘေးကျပ်နံကျပ် အခြေအနေမှာ သီရှီထျန်၏ စိတ်ဓာတ်ပြတ်သားမှုက အပြည့်အဝ ထွက်ပေါ်လာသည်။ သူ၏ ကျားမျက်လုံးထဲမှာ ထိတ်လန့်ချောက်ချားမှု မရှိပေ။ ယင်းအစား သူ၏ အကြည့်က ပိုပြီးအေးစက်လာသည်။ သူက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်သည်။

“ ငါမရှောင်တိမ်းနိုင်မှတော့ ဒီနေ့ ငါမင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ် ”

ကျားဟိန်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားစဉ် သီရှီထျန်က ကျားလက်သည်းကို မြှောက်လိုက်သည်။ သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အန္တရာယ်ကို အာရုံခံမိသွားဟန် ရ၏။ ယင်း၏ လှည့်ပတ်မှုက အဆပေါင်းများစွာ ပိုမြန်ဆန်သွားသည်။

သန့်စင်သော မိစ္ဆာချီအမျှင်တန်းများက ကျောက်စိမ်းဆေးမီးဖိုထဲမှ မြန်ဆန်စွာ ထွက်လာပြီး သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာချီက သူ၏ ကျားလက်သည်းထဲသို့ ဒလဟော စီးဝင်သွားသည်။

“ သေစမ်း ”

မိစ္ဆာချီ၏ အဆက်မပြတ် စီးဝင်မှုအောက်မှာ သူ၏ ကျားလက်သည်းက မူလထက် အဆပေါင်းများစွာ အရွယ်အစားကြီးမားသွားသည်။ ကျားလက်သည်း၏ အရွယ်အစားသည် ဆင်ခြေထောက်နှင့် မကွာခြားတော့ပေ။ မိစ္ဆာချီသည် သူ၏ မွေးညင်းပေါက်အားလုံးထံမှ အဆက်မပြတ် စိမ့်ထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာချီက ကျားလက်သည်းတစ်ခုလုံးကို အပြည့်ဖုံးအုပ်သွားသည်။ အေးစက်စက် အရှိန်အဝါနှင့် ထက်ရှသော အနက်ရောင်သတ္ထုအလင်းကြောင့် ကျားလက်သည်းက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။

သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ သူ၏ ကျားလက်သည်းကို သူ့ဦးခေါင်းပေါ်မှာ တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။

စစ်တုရင်လောကထဲတွင် သီရှီထျန်နှင့် ချီဝူကျူး၏ တိုက်ပွဲက အလွန်ပြင်းထန်နေသည်။ ထို့နည်းတူပင် စစ်တုရင်လောက၏ အပြင်ဘက်မှ တိုက်ပွဲသည်လည်း အလွန်ပြင်းထန်နေသည်။ မဒူဆာသည် တိုက်ပွဲမှာ ကိုယ်တိုင်မတိုက်ခိုက်ပေ။ သူ၏ ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက ဧရာမမြွေများအဖြစ် ပြောင်းလဲသွားကြပြီး သူ့ကိုယ်စား တိုက်ခိုက်ပေးနေကြသည်။

ကျင့်ကြံသူအများအပြားသည် ဧရာမမြွေများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်မှာ ကြောက်လန့်သွားကြပြီး ဖရိုဖရဲ ထွက်ပြေးသွားကြသည်။ မှန်ပေသည်။ သတ္တိရှိသော ကျင့်ကြံသူများက အုပ်စုဖွဲ့လိုက်ကြပြီး မြွေများကို ထိပ်တိုက် ရင်ဆိုင်ကြသည်။

ဧရာမမြွေတစ်ကောင်စီသည် ချီသန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိကြသည်။ သူတို့၏ ခွန်အားသည် အခြေတည်နယ်ပယ်နှင့် အလွန်နီးကပ်နေသည်။ ထို့ပြင် သူတို့က မည်သည့်အရာကိုမှ ကြောက်မနေဘဲ ရူးသွပ်စွာ တိုက်ခိုက်ကြသည်။ ကျင့်ကြံသူအများအပြားက သူတို့၏ ဝမ်းဗိုက်ထဲသို့ ဝါးမျိုခံလိုက်ကြရသည်။

“ အမမဒူဆာ… အကိုသီက ဟိုဓမ္မလက်နက်ရဲ့ စုပ်ယူခံလိုက်ရတယ်… သူက အခုထိ အပြင်ပြန်မထွက်လာသေးဘူး… သူအန္တရာယ်ရှိနေတာလား… ဘာလို့ ငါတို့တွေ အဲ့ဒီအစုတ်ပလုတ်ဓမ္မလက်နက်ကို ဝိုင်းမဖျက်ဆီးကြတာလဲ ”

သီရှီထျန်က စစ်တုရင်လောက၏ စုပ်ယူခံလိုက်ရကြောင်း ဇာမဏီငှက် မြင်ခဲ့သည်။ သီရှီထျန်က ချီဝူကျူးနှင့်အတူ ပျောက်သွားခဲ့သည်။ ယခု လေထဲမှာ အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံသာ လွင့်မျောနေသည်။ စစ်တုရင်ခုံက လေထဲမှာ တိတ်တဆိတ် လွင့်မျောနေပြီး ထူးဆန်းသော အဖြူရောင်အလင်းကို ထုတ်လွှတ်နေသည်။

မဒူဆာက အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ညီမလေးကျူးအာ… နင့်ရဲ့ အကိုသီဆီမှာ အဲ့ဒီဓမ္မလက်နက်ကို ချိုးဖြတ်နိုင်တဲ့ စွမ်းအားမရှိတာ မဟုတ်ဘူး… သူအဆင်ပြေပါတယ်… ဘာမှစိုးရိမ်စရာမလိုပါဘူး ”

မဒူဆာ၏ စကားအရ သူ့မှာ သီရှီထျန်ကို ကူညီပေးရန် ဆန္ဒမရှိပေ။

ဇာမဏီငှက်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက စူးရှသော အော်သံကို ကြားလိုက်ရသည်။

“ ကျီး ”

မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ ထောင်သောင်းချီသော မရဏကျီးကန်းများက တိုက်ပွဲမြေပြင်၏ ကောင်းကင်ယံမှာ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသည်။ ထောင်သောင်းချီသော မရဏကျီးကန်းများက တစ်ပြိုင်နက် အော်မြည်လိုက်ကြသည်။ ကျီးကန်းအော်သံက ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့က ပြင်းထန်စွာ နှလုံးတုန်ယင်သွားကြသည်။ အကြောင်းအရင်းတချို့ကြောင့် သေခြင်းစိတ်ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ အနံ့ဆိုးကျီးကန်းက သူ့ရဲ့ သေမင်းနတ်ဘုရားအကြည့်ကို အသုံးပြုတော့မယ် ”

ဇာမဏီငှက်က စိတ်လှုပ်ရှားစွာ ပြောသည်။

ဇာမဏီငှက်သည် သူ့အရှေ့မှ တိုက်ပွဲမြေပြင်ကို စိတ်ဓာတ်တတ်ကြွစွာ ကြည့်လိုက်သည်။ မရဏကျီးကန်းမျိုးနွယ်၏ ကြောက်မက်ဖွယ်အကောင်းဆုံး စွမ်းရည်က “ သေမင်းနတ်ဘုရားရဲ့ အကြည့် ”ဖြစ်ကြောင်း သူသိသည်။

မည်သို့ကြောင့် ယင်းကို သေမင်းနတ်ဘုရား၏ အကြည့်ဟု ခေါ်ဆိုသနည်း။ လေးလေးနက်နက် စဉ်းစားနေရန် မလိုပေ။ သူ့နာမည်အတိုင်းပင် ယင်းက သေမင်းနတ်ဘုရား၏ အကြည့် ဖြစ်သည်။ သေမင်းနတ်ဘုရားသည် သေခြင်းတရားကို ကိုယ်စားပြုသည်။ မကြာခဏဆိုသလို လူများသည် သေမင်းနတ်ဘုရားအကြောင်း ပြောကြလေ့ ရှိသည်။ သေမင်းနတ်ဘုရားသည် သက်ရှိတစ်ယောက် အသက်ဆုံးရှုံးခါနီးတွင် ရောက်လာလေ့ရှိသော တည်ရှိမှုဖြစ်သည်။ ရှင်းလင်းစွာပင် ထိုသို့သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခံလိုက်ရသော လူများက အဆုံးသတ်မကောင်းမွန်နိုင်ပေ။

ဆိုးရိုးစကားတစ်ခု ရှိသည်။

အကယ်၍ ငရဲမင်းက တစ်စုံတစ်ယောက်၏ အသက်ကို ယနေ့ နုတ်ယူရန် စိတ်ဆုံးဖြတ်ထားလျှင် ထိုလူသည် နောက်တစ်နေ့ နေထွက်သည်အထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

သေမင်းနတ်ဘုရား၏ အကြည့်က ထိုအတိုင်းပင်။ တစ်စုံတစ်ယောက်က သေမင်းနတ်ဘုရား၏ အကြည့်ဖြင့် အကြည့်ခံရလျှင် သူက သေမိန့်ချခံလိုက်ရသော လူတစ်ယောက်နှယ် အဆုံးသတ်သွားလိမ့်မည်။ သူတို့၏ စိတ်ဝိညာဉ်က နေရာမှာတင် ဖျက်ဆီးခံရလိမ့်မည်။

ထုံးစံအားဖြင့် စိတ်ဝိညာဉ် ဖျက်ဆီးခံရသည့်အခါ ရုပ်ခန္ဓာကိုယ်က အသက်ရှူရပ်သွားပြီး နေရာမှာတင် လဲကျသေဆုံးသွားလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သော အထွတ်အမြတ် မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ မှန်ပေသည်။ ယင်းက မရဏကျီးကန်းမျိုးနွယ်၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။

မရဏကျီးကန်းမျိုးနွယ်ကို ကြောက်စရာကောင်းသော မိစ္ဆာမျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်ထားခြင်းသည် သူတို့၏ မွေးရာပါသဘာဝစွမ်းရည်ကြောင့် ဖြစ်သည်။

“ အင်း… မရဏကျီးကန်းမျိုးနွယ်ရဲ့ သေမင်းနတ်ဘုရားအကြည့်က မိစ္ဆာသားရဲတွေထဲမှာ အရမ်းအစွမ်းထက်တဲ့ မွေးရာပါသဘာဝစွမ်းရည်တစ်ခုပဲ… တစ်စုံတစ်ယောက်ဆီမှာ အားကောင်းတဲ့ စိတ်ဝိညာဉ်မရှိရင် ဒါမှမဟုတ် စိတ်ဝိညာဉ်ကို ကာကွယ်ပေးမယ့် ရတနာတစ်ခုမရှိရင် လူအနည်းစုကပဲ မရဏကျီးကန်းမျိုးနွယ်ရဲ့ သေမင်းနတ်ဘုရားအကြည့်အောက်ကနေ အသက်ရှင်ရက် လွတ်မြောက်နိုင်လိမ့်မယ် ”

မဒူဆာသည် မရဏကျီးကန်းဘုရင်၏ ‘ သေမင်းနတ်ဘုရားအကြည့် ’ကို ချီးမွမ်းရန် မတုံ့ဆိုင်းနေပေ။

“ ဟီး ဟီး… အနံ့ဆိုးကျီးကန်းရဲ့ သေမင်းနတ်ဘုရားအကြည့်က တကယ်ပဲ အရမ်းအစွမ်းထက်တယ်… ဒါပေမဲ့ အဲ့ဒါက အမမဒူဆာရဲ့ အကြည့်လောက် အစွမ်းမထက်ပါဘူး… သူ့ရဲ့ သေမင်းနတ်ဘုရားအကြည့်က တစ်ကြိမ်မှာ လူတစ်ယောက်ပဲ သတ်နိုင်တယ်… အမမဒူဆာရဲ့ အကြည့်က တစ်ကြိမ်တည်းနဲ့ သက်ရှိအားလုံးကို ကျောက်ရုပ်ဖြစ်စေလိမ့်မယ်… ဒါကြောင့် အမမဒူဆာက မိစ္ဆာသားရဲဘုရင်တွေထဲမှာ အစွမ်းထက်ဆုံးပဲ ”

ဇာမဏီငှက်သည် ရယ်ရယ်မောမော ပြောနေရင်း သူ၏ ဦးခေါင်းဖြင့် မဒူဆာ၏ လည်ပင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်လိုက်သည်။

သူတို့စကားပြောနေကြစဉ် မရဏကျီးကန်းဘုရင်က စလှုပ်ရှားလိုက်သည်။ သူ၏ ပစ်မှတ်သည် လေထဲမှာ ရပ်နေသော အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုကျင့်ကြံသူသည် ရွှေရောင်တလက်လက် တောက်ပသော ဓားပျံကို မြန်ဆန်စွာ စီးနင်း၍ အနက်ရောင်မျောက်ဝံဘုရင်၏ အစောင့်အရှောက်သားရဲလေးကောင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

သူ၏ ဓားပျံက အလွန်ထက်ရှသည်။ မျောက်ဝံလေးကောင်သည် အနက်ရောင်မျောက်ဝံဘုရင်ကဲ့သို့ အံ့ဖွယ်ကောင်းသော ခုခံကာကွယ်နိုင်စွမ်းကို မပိုင်ဆိုင်ထားကြချေ။

ထို့ပြင် ဓားပျံက ရွှေရောင်တလက်လက် တောက်ပနေသည်။ ရှင်းလင်းစွာပင် ယင်းက သတ္ထုဒြပ်စင်အထူးပြု ဓားပျံဖြစ်သည်။ အခြေခံဒြပ်စင်ငါးမျိုးထဲတွင် သတ္ထုဒြပ်စင်က ထက်ရှမှုနှင့် သတ်ဖြတ်ခြင်းကို အထူးပြုသည်။ ယင်း၏ တိုက်ခိုက်မှုက အခြေခံဒြပ်စင်ငါးမျိုးထဲမှာ အထက်ရှဆုံးနှင့် အားအကောင်းဆုံး ဖြစ်သည်။

ရွှေရောင်ဓားအလင်းတန်းများက မိုးရေစက်များသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းသွားကြပြီး မျောက်ဝံလေးကောင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ဓားအလင်းတစ်ခုစီက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ နက်ရှိုင်းသော ဓားဒဏ်ရာကို ကျန်ရစ်စေသည်။ သွေးသည် ဒဏ်ရာများထဲမှ စီးကျလာသည်။

“ ကျီး ”

မရဏကျီးကန်းဘုရင်က လေထဲမှာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ထူထဲသော မီးခိုးရောင်အလင်းက သူ၏ အေးတိအေးစက် မျက်လုံးထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမီးခိုးရောင်အလင်းသည် ပမာဏများပြားသော သေခြင်းစွမ်းအားမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ မီးခိုးရောင်အလင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အထွတ်အထိပ်အခြေအနေသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာ အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

မြေကြီးပေါ်တွင် ပန်းပင်များနှင့် သစ်ပင်များသည် အစက အသက်ဓာတ်ဖြင့် ပြည့်နှက်နေရာမှ ရုတ်တရက် မြန်ဆန်စွာ ခြောက်သွေ့သွားကြပြီး ညှိုးနွမ်းသွားကြသည်။ သစ်ပင်ကြီးများပေါ်မှ သစ်ရွက်များသည် အဝါရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ကြွေကျသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သစ်ပင်များက အဝါရောင်သို့ ပြောင်းလဲသွားကြပြီး လုံးဝ ညှိုးခြောက်သွားကြသည်။ သူတို့ဆီမှာ အသက်ဓာတ်တစ်စက်မှ မကျန်ရှိတော့ပေ။

သေခြင်းစွမ်းအား… ။

ယင်းက သေခြင်းစွမ်းအား ဖြစ်သည်။

“ မရဏကျီးကန်းဘုရင်… မကောင်းတော့ဘူး ”

ရွှေရောင်ဓားပျံစီးနင်းထားသော အခြေတည်နယ်ပယ် ကျင့်ကြံသူသည် အမင်္ဂလာနိမိတ်ပါဝင်သည့် စူးရှရှအော်သံကို ကြားသွားသောအခါ နှလုံးတုန်ယင်သွားသည်။ အပေါ်သို့ သူမော့ကြည့်လိုက်သည့်အခါ မရဏကျီးကန်းဘုရင်၏ ခန္ဓာကိုယ်ကို သေခြင်းစွမ်းအားက အပြည့်အဝ ဖုံးလွှမ်းထားကြောင်း မြင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ထိတ်လန့်ချောက်ချားမှု ထွက်ပေါ်လာသည်။ မရဏကျီးကန်းဘုရင်က မည်မျှကြောက်စရာကောင်းကြောင်း သူကြားဖူးသည်။ အထူးသဖြင့် သူ၏ မွေးရာပါသဘာဝစွမ်းရည်ဖြစ်သော သေမင်းနတ်ဘုရားအကြည့်ပင်။ တစ်စုံတစ်ယောက်သည် သေမင်းနတ်ဘုရားအကြည့်ဖြင့် အကြည့်ခံရလျှင် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။

ယခု မရဏကျီးကန်းဘုရင်ကို သူမော့ကြည့်လိုက်သည့်အခါ တုန်လှုပ်ချောက်ချားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အမြန်လက်မြှောက်လိုက်ပြီး ဓားလက်ချောင်းကို မရဏကျီးကန်းဘုရင်ထံသို့ ညွှန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ဓားပျံက ရွှေရောင်ထွန်းလင်းသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မရဏကျီးကန်းဘုရင်ထံသို့ လျှပ်စီးပမာအလျင်ဖြင့် ပျံသန်းသွားသည်။

သူ၏ ညွှန်ကြားမှုအောက်မှာ ဓားပျံ၏ အလျင်က ယခင်ထက် နှစ်ဆပိုမြန်သွားသည်။ စူးရှသော လေခွင်းသံက ပဲ့တင်ထပ်သွားသည်။ လေခွင်းသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ဓားပျံက မရဏကျီးကန်းဘုရင်၏ လည်ပင်းအရှေ့မှာ ထွက်ပေါ်လာသည်။ ဓားပျံထံမှ ထုတ်လွှတ်နေသော ထက်ရှမှုက သူ့လည်ပင်းကို ထိလုနီးပါးပင်။

သို့သော်လည်း မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ အေးတိအေးစက် အကြည့်က နည်းနည်းမှ မပြောင်းလဲသွားပေ။ ရှည်လျားသော အတောင်ပံနှစ်ခုက သူ့အရှေ့မှာ ပူးကပ်သွားကြသည်။ ယင်းတို့က လူသားလက်များသဖွယ် တစ်စုံတစ်ခုကို ပွေ့ဖက်လိုက်ဟန် ရ၏။ အတောင်ပံများက သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။

အခန်း(၁၁၉)

“ ထန် ”

ရွှေရောင်ဓားပျံသည် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှု ဖြစ်သည်။ ထိုထဲမှာ ပမာဏများပြားသော ဝိညာဉ်စွမ်းအား ကိန်းအောင်းနေသည့်အပြင် ဓားပျံကိုယ်၌က သတ္ထုဒြပ်စင် ဖြစ်သည်။ ယင်းတို့နှစ်ခု ပေါင်းစပ်သွားသည့်အခါ ဓားပျံက ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ထိုသို့ဓားပျံ၏ အရှေ့တွင် အလွန်ထူထဲသော သတ္ထုနံရံသည်ပင် အပေါက်ဖြစ်အောင် ထိုးဖောက်ခံရလိမ့်မည်။

သို့သော်လည်း ဓားပျံက မရဏကျီးကန်းဘုရင်၏ အတောင်ပံများကို ထိမှန်သွားသည့်အခါ ကျယ်လောင်သော သတ္ထုမြည်သံ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းသည် အတောင်ပံများထံမှ ပေါက်ကွဲထွက်လာပြီး မီးခိုးရောင်အလင်းလွှာက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။

“ ဝှစ် ”

မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ အလင်းရောင်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အခြေတည်နယ်ပယ် ကျင့်ကြံသူကို သူစိုက်ကြည့်လိုက်သည်နှင့်ချက်ချင်း သေခြင်းစွမ်းအားက သူ့မျက်လုံးထဲမှ ပျံသန်းထွက်သွားသည်။ သေခြင်းစွမ်းအားသည် အရောင်မဲ့ပြီး အသံမဲ့သည်။ သာမန်မျက်စိဖြင့် ယင်းကို မမြင်နိုင်ပေ။

“ အား ”

သို့သော်လည်း အခြေတည်နယ်ပယ် ကျင့်ကြံသူက ချောက်ချားဖွယ်ကောင်းစွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာက လူသေကောင်ပမာ ဖြူဖျော့သွားပြီး သူ့မျက်လုံးထဲမှာ အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ ဖော်မပြနိုင်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာက ရှုံ့မဲ့သွားသည်။ မကြာမီ သူ၏ မျက်လုံးထဲမှ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားသည်။

မရဏကျီးကန်းဘုရင်၏ စိုက်ကြည့်ခံလိုက်ရသည့်အခါ ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာကြောင်း သူခံစားမိသွားသည်။ အမှန်မှာ ထိုနာကျင်မှုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ စိတ်ဝိညာဉ်ထံမှ ဖြစ်သည်။

အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်သည်ပင် သေမင်းနတ်ဘုရား၏ အကြည့်ကို မတောင့်ခံနိုင်ပေ။ သူ၏ စိတ်ဝိညာဉ်က ချက်ချင်း ညှိုးနွမ်းသွားသည်။

“ မရဏကျီးကန်းဘုရင်ရဲ့ သေမင်းနတ်ဘုရားအကြည့်က အရမ်းအားကောင်းတယ်… အဲ့ဒါက အခြေတည်နယ်ပယ် ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့နေရာမှာ အကောင်းဆုံး လူသတ်လက်နက်လို့တောင် ပြောကြတယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေတောင် သေမင်းနတ်ဘုရားအကြည့်ရဲ့ ခြိမ်းခြောက်မှုကို ခံစားရလိမ့်မယ်… တကယ်လို့ အလစ်တိုက်ခိုက်မယ်ဆိုရင် သေမင်းနတ်ဘုရားအကြည့်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်တယ် ”

သေမင်းနတ်ဘုရားအကြည့်အောက်မှာ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်က အလွယ်တကူ ဖျက်ဆီးခံလိုက်ရကြောင်း မဒူဆာမြင်သောအခါ သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ အနံ့ဆိုးကျီးကန်းမှာ အစွမ်းထက်တဲ့ ဝှက်ဖဲကတ်တချို့ ရှိသားပဲ ”

ဇာမဏီငှက်က ပျော်ရွှင်စွာ ပြောသည်။

“ ဝုန်း ”

ထိုအခိုက်အတန့်မှာ လေထဲ၌ မျောလွင့်နေသော အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံက ရုတ်တရက် အပြင်းအထန် တုန်ယင်သွားသည်။ စစ်တုရင်ခုံ၏ ဘေးပတ်ဝန်းကျင်တွင် မိုးမြေဝိညာဉ်စွမ်းအားက တအိအိလှုပ်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းဂယက်များက စစ်တုရင်ခုံထံမှ ပေါ်လျှိုးထွက်လာသည်။

ဤသည်မှာ ဧရာမသားရဲတစ်ကောင်က စစ်တုရင်ခုံထဲမှ ခုန်ထွက်လာတော့မည့်အလားပင်။

“ အမမဒူဆာ ဟိုကို ကြည့်… စစ်တုရင်ခုံက လှုပ်နေတယ်… အကိုသီက အဲ့ဒီလူကို အနိုင်ယူလိုက်ပြီလားမသိဘူး… ”

ဇာမဏီငှက်က မျက်လုံးကျယ်ကျယ်ဖွင့်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

မဒူဆာက မည်သည့်စကားမှ မပြောပေ။ သူက တိတ်တဆိတ် ခေါင်းမော့၍ စစ်တုရင်ခုံကို ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ ထူးဆန်းပြီး ဖော်ပြရခက်သောအကြည့် ထွက်ပေါ်လာသည်။ သို့သော် ထိုအကြည့်က မကြာမီ ပြန်ပျောက်ကွယ်သွားသည်။

စစ်တုရင်ခုံသည် အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ ကျယ်လောင်သော မြည်သံသည်လည်း စစ်တုရင်ခုံထံမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ စစ်တုရင်ခုံ၏ ဘေးပတ်ဝန်းကျင်၌ မိုးမြေဝိညာဉ်စွမ်းအားက တအိအိလှုပ်ခတ်နေသည်။

“ ဟွန့်… ဒီဟာက စစ်တုရင်ခုံတစ်ခုပါပဲ… ဒီလောက်လေးနဲ့ ငါသီရှီထျန်ကို ချုပ်နှောင်နိုင်မယ်လား… ဒီနေ့ အဲ့ဒါကို ငါချိုးဖြတ်ပစ်မယ်… ကျားဟိန်းသံအတတ်… ကောင်းကင်တုန်ခါစေမယ့် ဟိန်းသံ… ”

သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းတချို့ ရှိသည်။ သူ၏ ဧရာမခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ လတ်ဆတ်သော သွေးက ဒဏ်ရာများမှ စီးကျနေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူက စိတ်ဓာတ်မကျသွားပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရက်စက်ကြမ်းကြုတ်သော ကျားရဲအရှိန်အဝါ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှ ထုတ်လွှတ်နေသော အအေးဓာတ်က သူ့အရှေ့မှ လေကိုပင် အေးခဲသွားစေနိုင်ဟန် ရ၏။

သူက လေထဲမှ ချီဝူကျူးကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။

ချီဝူကျူးသည် စစ်တုရင်လောကထဲမှာ အကြွင်းမဲ့အားသာချက်ကို ရရှိထားသည်။ စစ်တုရင်လောက၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ တိုက်ခိုက်မှုမှန်သမျှက ပုံမှန်ထက် နှစ်ဆပိုပြီးအားကောင်းသွားသည်။ ထို့ပြင် စစ်တုရင်ခုံက စက်ကရာ၏ လှုပ်ရှားမှုများကို လှောင်ချိုင့်တစ်ခုပမာ ကန့်သတ်ထားသည်။

ထို့ကြောင့် တိုက်ပွဲစတင်ကတည်းက သူက အောက်စည်းသို့ ရောက်ရှိနေသည်။ ချီဝူကျူး၏ ဆက်တိုက် တိုက်ခိုက်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာသည်။

သူတော်စင်တစ်ပါးက မည်မျှသည်းခံနိုင်ပါစေ အကြိမ်ကြိမ် ခေါင်းခေါက်ခံရလျှင် ဒေါသထွက်သွားလိမ့်မည်။ သီရှီထျန်သည် သူတော်စင်မဟုတ်ပေ။ ယခု သူက အကြီးအကျယ် ဒေါသထွက်သွားသည်။ ဤစစ်တုရင်ခုံ၏ ထူးခြားချက်များကို စူးစမ်းရန် သူစိတ်မဝင်စားတော့ပေ။

သို့မဟုတ်လျှင် သူက အမှန်တကယ် အခြေအနေဆိုးဝါးသွားလိမ့်မည်။

“ ဟူး ”

ဧရာမကျားခန္ဓာကိုယ်သည် နန်းတော်ကိုးခု၏ အလယ်တည့်တည့်မှာ မောက်မာထောင်လွှားစွာ ရပ်နေသည်။ သူ၏ အကြည့်က အေးစက်နေစဉ် သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး သူ့အရှေ့မှ လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ဝမ်းဗိုက်က ဖောင်းကားသွားသည်။ ဤသည်မှာ စစ်တုရင်လောကထဲမှ လေအားလုံးက သူ၏ ဝမ်းဗိုက်ထဲသို့ စုပ်ယူခံလိုက်ရသည့်အလားပင်။ လေကို စုပ်သွင်းလိုက်စဉ် ပေငါးဆယ်မြင့်မားသော သူ၏ ကျားခန္ဓာကိုယ်က ကြီးမားစွာ ပြောင်းလဲသွားသည်။

မိစ္ဆာချီလှိုင်းများက သူ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့စွာ ပေါ်ထွက်လာနေစဉ် သူ၏ ကျားခန္ဓာကိုယ်က မိစ္ဆာချီကြောင့် အနက်ရောင်ထွန်းလင်းသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ၏ ကျားခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ကြီးမားသွားသည်။

“ ဂျွတ်… ဂျွတ်… ဂျက်… ဂျက် ”

အရိုးအဆစ်မြည်သံများနှင့်အတူ စက်ကရာ၏ ခန္ဓာကိုယ်က နှစ်ဆပိုကြီးမားသွားသည်။ မှန်ပေသည်။ သူက ပေတစ်ရာမြင့်မားသော ဧရာမမိစ္ဆာကျားတစ်ကောင် ဖြစ်လာသည်။

ကျားခန္ဓာကိုယ်သာ ကြီးမားသွားခြင်း မဟုတ်ပေ။ လွှမ်းမိုးဗိုလ်ကျသော ကျားရဲအရှိန်အဝါသည်လည်း ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားသည်။ ထိုအရှိန်အဝါက အလွန်ပြင်းထန်လေရာ အသက်ရှူကျပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ လွှမ်းမိုးဗိုလ်ကျသော ကျားရဲအရှိန်အဝါက စစ်တုရင်လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“ စစ်တုရင်လောကရဲ့ စစ်ဝိညာဉ်… ”

စက်ကရာထံမှ ကြီးမားသော ဖိအားကို ခံစားမိသောအခါ ချီဝူကျူး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက နောက်ထပ် စဉ်းစားမနေဘဲ စစ်တုရင်လောကထဲမှ စစ်တုရင်ဝိညာဉ်များကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ရေခဲမြားများ၊ မီးတောက်မြားများက တရစပ် ပျံသန်းထွက်သွားကြပြီး ဆင်ဖြူတော်က ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ စစ်သူကြီးသည်သာ သူ၏ ပလ္လင်ပေါ်မှာ မလှုပ်မယှက် ထိုင်နေသည်။

စစ်တုရင်လောကထဲတွင် သီရှီထျန်နှင့် ချီဝူကျူး၏ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

မိုးထိတောင်ပေါ်တွင် လီမိသားစုဝင်များသည် မိစ္ဆာသားရဲဘုရင်များ၏ ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် အံ့ဩမှင်သက်နေကြသည်။

“ စတုတ္ထအကြီးအကဲ… ဒီတစ်ကြိမ်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲဘုရင်အားလုံးက ကျုပ်တို့ကို လာရောက်တိုက်ခိုက်ကြတယ်… သူတို့တစ်ကောင်စီက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်လို သန်မာကြတယ်… မိစ္ဆာကျားကို ဖမ်းဆီးမယ့် ကျုပ်တို့ရဲ့ အစီအစဉ် ကျရှုံးသွားပြီ ”

လီဝမ်သည် မိစ္ဆာသားရဲဘုရင်များ၏ တိုက်ခိုက်မှုအောက်မှာ အနောက်သို့ အမြန်ဆုတ်ခွာနေကြသော ကျင့်ကြံသူတစ်ထောင်ကို ကြည့်နေရင်း ပြောသည်။ သူ၏ မျက်နှာသည် သွေးမရှိသည့်အလား ဖြူဖျော့နေသည်။

“ အစီအစဉ် မကျရှုံးသေးဘူး ”

စတုတ္ထအကြီးအကဲ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူ၏ အသံက ရေခဲတမျှ အေးစက်နေသည်။

“ မိစ္ဆာကျား ရောက်လာပြီမဟုတ်ဘူးလား… ဒီတစ်ကြိမ် မိစ္ဆာသားရဲတွေအများကြီး ရောက်လာကြပေမဲ့ ငါတို့တွေ အစီအစဉ်အတိုင်း ဆက်ဆောင်ရွက်ပြီး မိစ္ဆာကျားကို ပစ်မှတ်ထားမယ်ဆိုရင် အဲ့ဒီကောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လိမ့်မယ်… မိစ္ဆာကျားသေသွားတာနဲ့ ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ယူပြီး ဒီကနေ အမြန်ဆုံး ထွက်သွားကြမယ်… တခြားလူတွေရဲ့ သေရေးရှင်ရေးက ငါတို့နဲ့ ဘာမှမဆိုင်ဘူး ”

သူ၏ စကားထဲမှာ အစွန်းရောက်အေးစက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု ပါဝင်နေသည်။ သူက ယခုအချိန်ထိ လက်မလျော့သေးကြောင်း ထင်ရှားသည်။ သူက ယခင်အစီအစဉ်အတိုင်း မိစ္ဆာကျားကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ချင်သည်။

“ လီမိသားစုရဲ့ တပည့်အားလုံး ငါ့အမိန့်ကို နားထောင်ကြမယ် ”

လီဝမ်၏ မျက်လုံးက အကြိမ်ရေအနည်းငယ် ရွေ့လျားသွားသည်။ နောက်ဆုံးမှာ သူက စိတ်ဆုံးဖြတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အမူအရာ ထွက်ပေါ်လာသည်။ သူက အံကြိတ်လိုက်ပြီး မိုးထိတောင်ပေါ်မှ လီမိသားစုဝင်များကို ခေါ်လိုက်သည်။

“ အကြီးအကဲ အမိန့်ရှိပါ ”

လီမိသားစုဝင်နှစ်ဆယ်ကျော်သည် တစ်ပြိုင်နက် အရှေ့သို့ ထွက်လာကြပြီး ရိုသေလေးစားစွာ ပြောကြသည်။

“ ဒီမှာ ကျောက်စိမ်းမှော်အဆောင်တချို့ ရှိတယ်… မင်းတို့တစ်ယောက်စီက ကျောက်စိမ်းမှော်အဆောင်ကို ယူပြီး အရင်က ငါပြောထားတဲ့ နေရာဆီ သွားကြပါ… ပြီးကျရင် ငါနဲ့ စတုတ္ထအကြီးအကဲရဲ့ အချက်ပေးမှုကို စောင့်နေကြပါ… အချက်ပေးတာနဲ့ချက်ချင်း တိုက်ခိုက်ကြပါ… ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူနိုင်မလားဆိုတာ မင်းတို့ပေါ်မှာ မူတည်တယ်… မင်းတို့ လီမိသားစုဆီ ပြန်ရောက်တဲ့အခါ ရက်ရက်ရောရော ဆုချီးမြှင့်ခံရမယ် ”

လီဝမ်သည် စကားပြောပြီးနောက် ကျောက်စိမ်းမှော်အဆောင်များကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး တပည့်တစ်ယောက်စီကို တစ်ခုနှုန်း ခွဲဝေပေးလိုက်သည်။

ထိုတပည့်များသည် သူတို့၏ လက်ထဲမှ ကျောက်စိမ်းမှော်အဆောင်ကို ဂရုတစိုက် ကြည့်လိုက်ကြသည်။ သူတို့က ကျောက်စိမ်းမှော်အဆောင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေကြဟန် ရ၏။

ထို့နောက် သူတို့အားလုံးက ခေါင်းညိတ်လိုက်ကြပြီး အရပ်မျက်နှာအသီးသီးသို့ ချက်ချင်း ထွက်သွားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ထွက်သွားသော ဦးတည်ရာများကို ဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် ထိုနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိနေကြောင်း မြင်ရလိမ့်မည်။

“ ဟွန့်… အစက ငါက မိစ္ဆာကျားတစ်ကောင်ကိုပဲ သတ်ပစ်ဖို့ ရည်ရွယ်ထားတာ… ဒါပေမဲ့ တခြားမိစ္ဆာသားရဲတွေပါ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး… ဒီလိုဆိုမှတော့ မင်းတို့အားလုံးကို အတူတူ သတ်ပစ်တဲ့အတွက် ငါ့ကို ရက်စက်တယ်လို့ မပြောကြနဲ့… မိစ္ဆာမျိုးနွယ်စု နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပြီ… မဟာမိစ္ဆာဘုရင်တချို့ အသက်ရှင်နေသေးလို့သာပေါ့… မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေအားလုံး မျိုးတုန်းသတ်ဖြတ်ခံရပြီးပြီ ”

စတုတ္ထအကြီးအကဲသည် သတ်မှတ်ထားသော နေရာအသီးသီးဆီသို့ ပြေးသွားနေကြသော လီမိသားစုဝင်များကို ကြည့်နေရင်း အေးစက်စွာ ပြောသည်။

လီဝမ်က ခေါင်းညိတ်လိုက်သည်။

“ မဟာမိစ္ဆာဘုရင်တစ်ပါးစီက ဝိညာဉ်သန္ဓေတည်နယ်ပယ်က တန်ခိုးရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်… အစွမ်းထက်ဆုံး မဟာမိစ္ဆာဘုရင်ရဲ့ စွမ်းအားက ဝိညာဉ်သန္ဓေတည်နယ်ပယ်ထက် ကျော်လွန်သွားပြီလို့ ကျုပ်ကြားဖူးတယ်… အဓိကကတော့ သွေးလင်းနို့ဘုရင်ပဲ… သူက အရမ်းကြောက်စရာကောင်းတယ်… သူက လူ့သွေးကို စုပ်ယူပြီး ကျင့်ကြံတယ်… ဝိညာဉ်သန္ဓေတည်နယ်ပယ်က တန်ခိုးရှင်တစ်ပါးတောင် သူ့ကို မြင်တာနဲ့ ထွက်ပြေးရလိမ့်မယ် ”

လီဝမ်၏ အသံထဲမှာ ကြောက်ရွံ့မှု ပါရှိသည်။

အခန်း(၁၂၀)

မိစ္ဆာမျိုးနွယ်စု၏ အင်အားက နိမ့်ကျသွားပြီဖြစ်သော်လည်း သူတို့ဆီမှာ အစွမ်းထက်ပုဂ္ဂိုလ်တချို့ ကျန်ရှိနေဆဲပင်။ သွေးလင်းနို့ဘုရင်အကြောင်းပြောရလျှင် သူက မသေမျိုးကျင့်ကြံခြင်းလောကမှာ နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ သူက မြင်မြင်သမျှ လူတိုင်း၏ သွေးကို စုပ်ယူလိမ့်မည်။ သွေးစုပ်ခံလိုက်ရသော လူများသည် မျက်စိတစ်မှိတ်အတွင်းမှာ အလောင်းခြောက်ဖြစ်သွားလိမ့်မည်။ အထူးသဖြင့် သူက အစွမ်းထက်သော မသေမျိုးကျင့်ကြံသူများ၏ သွေးကို ပိုပြီးနှစ်ချိုက်သည်။ တစ်နည်းဆိုရလျှင် သွေးက သူ့အတွက် အကောင်းဆုံး အာဟာရဓာတ် ဖြစ်သည်။ သွေးက ကောင်းကင်ဘုံရတနာနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့် သွေးလင်းနို့ဘုရင်သည် မဟာမိစ္ဆာဘုရင်များထဲမှာ အသန်မာဆုံးမဟုတ်သော်ငြား ကြောက်စရာအကောင်းဆုံး မိစ္ဆာဖြစ်သည်။

ဤသို့တွေးကြည့်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သွေးစုပ်ခံလိုက်ရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက နည်းနည်းချင်းစီ ကုန်ဆုံးသွားလိမ့်မည်။ နောက်ဆုံးမှာ သူက အသက်မဲ့သော အလောင်းခြောက်ဖြစ်သွားလိမ့်မည်။ ယင်းကို စိတ်ကူးကြည့်ရုံဖြင့်ပင် ဦးရေပြားစပ်ဖျင်းဖျင်း ခံစားရလိမ့်မည်။

“ ဟွန့်… ဘာကြောက်စရာရှိလို့လဲ… မဟာမိစ္ဆာဘုရင်တွေ ဘယ်လောက်ပဲ သန်မာပါစေ ကုန်းမြေကို လက်ရှိ အုပ်ချုပ်နေတာ ငါတို့လူသားတွေပဲ… ဒီတစ်ကြိမ် ငါတို့တွေ သံလိုက်အိမ်မြှောင် ပြန်ရတာနဲ့ ချက်ချင်း ထွက်သွားကြမယ်… ဒီကိစ္စကြောင့် သူတို့တွေ လင်းနန်မြို့တော်ဆီ ရောက်လာပြီး ငါတို့လီမိသားစုကို ပြဿနာရှာရဲလိမ့်မယ်လို့ ငါတော့ မယုံဘူး ”

စတုတ္ထအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ မဟာမိစ္ဆာဘုရင်များက ကျင့်ကြံခြင်းမိသားစုတစ်ခုကို အမှန်တကယ် တိုက်ခိုက်လာမည်ဆိုလျှင် ယင်းက မိစ္ဆာမျိုးနွယ်စုက လူသားမျိုးနွယ်စုအပေါ် စစ်ကြေညာလိုက်ခြင်း ဖြစ်သွားလိမ့်မည်။

ခရမ်းရွှေကုန်းမြေတွင် လက်ရှိ မိစ္ဆာမျိုးနွယ်စု၏ အင်အားအရ သူတို့သည် လူသားမျိုးနွယ်ကို စစ်မကြေညာဝံ့ပေ။

တစ်နည်းဆိုရလျှင် မဟာမိစ္ဆာဘုရင်များက မည်မျှအစွမ်းထက်ပါစေ သူတို့က ကျင့်ကြံခြင်းမိသားစုများကို ရန်မပြုဝံ့ကြချေ။

“ ဝေါင်း ”

သို့သော်လည်း ထိုအခိုက်အတန့်မှာ လေထဲ၌ ကမ္ဘာတုန်ဟီးစေမည့် ကျားဟိန်းသံက လွှမ်းမိုးဗိုလ်ကျစွာ ထွက်ပေါ်လာသည်။ ယင်းက အလွန်ကျယ်လောင်သည်။ ဤသည်မှာ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အလားပင်။

မြေကြီးပေါ်တွင် ကျောက်တုံးကျောက်ဆောင်များက ချက်ချင်း အက်ကွဲသွားကြသည်။ နက်ရှိုင်းသော အက်ကွဲရာများက ပင့်ကူအိမ်သဖွယ် တောင်နံရံများပေါ်မှာ မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။ မီတာဒါဇင်ခန့် မြင့်မားသော ဧရာမကျောက်တုံးများက အပိုင်းပိုင်း ကွဲထွက်သွားကြပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။

ကျယ်လောင်သော ဟိန်းသံက မိုးထိတောင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ မြေကြီးသည် အဆက်မပြတ် ပြင်းထန်စွာ တုန်ယင်သွားသည်။ သစ်ပင်ကြီးများက ပြိုလဲကျသွားကြပြီး အသံအားလုံးက ကျားဟိန်းသံ၏ ဖုံးလွှမ်းခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံသည်သာ ကောင်းကင်ယံအထိ မြှောက်တတ်သွားသည်။

ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ကျားဟိန်းသံက ပိုပြီးကျယ်လောင်လာပြီး ပိုပြီးအားကောင်းလာသည်။

“ အား… အဲ့ဒီကျားဟိန်းသံက ဘယ်ကနေ ထွက်လာတာလဲ… အရမ်းအားကောင်းလိုက်တာ… ငါ့ခန္ဓာကိုယ်ထဲက သွေးနဲ့ချီကို မထိန်းချုပ်နိုင်တော့ဘူး ”

“ မကောင်းတော့ဘူး… အာရုံခြောက်ပါးကို အမြန်ပိတ်ဆို့ကြ ”

ကျားဟိန်းသံထဲမှာ လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါ ပါရှိသည်။ ကျောက်တုံးများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြစဉ် ကျားဟိန်းသံက ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းသွားသည်။ ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများသည် ထိုကျားဟိန်းသံကို ကြားသောအခါ သူတို့၏ ခန္ဓာကိုယ်က ဗြောင်းဆန်သွားသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီက ထိန်းချုပ်အောက်မှ ကင်းလွတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်လာသည်။

အံ့ဖွယ်ကောင်းသော တုန်ခါမှုအားလှိုင်းများက ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကြသည်။ ထိုအားလှိုင်းများက ကျောက်တုံးကြီးများကိုပင် အပိုင်းပိုင်းအစစ အက်ကွဲစေလေရာ ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများက ယင်းကို မည်သို့ ခုခံနိုင်မည်နည်း။

ကျားဟိန်းသံက နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ၏ တစ်ဝက်ခန့်က ကိုယ်တွင်းအင်္ဂါများ အက်ကွဲသွားကြသည်။ သွေးသည် ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သူတို့က မျက်ဖြူလန်သွားကြပြီး နေရာမှာတင် ချက်ချင်း သေဆုံးသွားကြသည်။

ရာနှင့်ချီသော ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများက ကျားဟိန်းသံကြောင့် သေဆုံးသွားကြသည်။

ကောင်းကင်သည် အရောင်ပြောင်းလဲသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ သဲနှင့် ဖုန်မှုန့်က လေထဲသို့ မြှောက်တတ်သွားသည်။

ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။

“ အကိုသီရဲ့ ကျားဟိန်းသံက တကယ် လွှမ်းမိုးဗိုလ်ကျတာပဲ… ကျားဟိန်းသံက ငါတို့အပေါ်ကိုတောင် သက်ရောက်မှုရှိတယ်… ငါ့ရဲ့ သန်စွမ်းကြံ့ခိုင်တဲ့ ရုပ်ခန္ဓာကိုယ်ကြောင့်မဟုတ်ရင် အဲ့ဒီကျားဟိန်းသံက ငါ့ကို ဒဏ်ရာရစေနိုင်တယ် ”

အနက်ရောင်မျောက်ဝံဘုရင်က အံ့ဩစွာ ‌ပြောသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး မြေကြီးပေါ်မှ ကျင့်ကြံသူများပေါ်သို့ ဖိချလိုက်သည်။ သူ၏ လက်ဝါးအောက်မှာ ကျင့်ကြံသူများက အသားပြားဖြစ်သွားကြသည်။

ကျားဟိန်းသံသည် ကျင့်ကြံသူများကိုသာ ဖုံးလွှမ်းသွားခြင်း မဟုတ်ပေ။ ယင်းက မိစ္ဆာသားရဲဘုရင်များကိုလည်း ဖုံးလွှမ်းသွားသည်။ မှန်ပေသည်။ ဤနေရာသို့ ရောက်လာကြသော မိစ္ဆာသားရဲများသည် သာမန်မဟုတ်ကြချေ။ ကျားဟိန်းသံကို ကြားသည်နှင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုက်ကြသည်။ ထို့ပြင် သူတို့၏ ခန္ဓာကိုယ်သည် ကျင့်ကြံသူများထက် အများကြီး ပိုသန်စွမ်းကြသည်။

ထို့ကြောင့် ကျားဟိန်းသံသည် သူတို့အပေါ် ကြီးမားသော သက်ရောက်မှုကို မဖြစ်စေပေ။

“ သူ့ရဲ့ ကျားဟိန်းသံက အဲ့လောက်အားကောင်းမယ်လို့ ငါမမျှော်လင့်ထားဘူး… ပြီးတော့ ဟိန်းသံက ဓမ္မလက်နက်ကနေ ထွက်ပေါ်လာတာဖြစ်လို့ အစွမ်းကုန် မဟုတ်သေးဘူး… ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ အပြင်ကို ထွက်ပေါ်လာခဲ့တာ… တကယ်လို့ သူသာ ဓမ္မလက်နက်ရဲ့ အပြင်ဘက်မှာ ဟိန်းသံကို ထုတ်လွှတ်မယ်ဆိုရင် မြေကြီးတောင် အက်ကွဲသွားလိမ့်မယ် ”

မဒူဆာက ခေါင်းမော့လိုက်ပြီး လေထဲမှ အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တည်ကြည်လေးနက်မှု ထွက်ပေါ်လာသည်။

“ ဘန်း… ဘန်း… ဘန်း ”

လေထဲတွင် စစ်တုရင်ခုံက ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။

စစ်တုရင်လောကထဲတွင်…

သီရှီထျန်၏ မိစ္ဆာအရှိန်အဝါက မင်ရည်ကဲ့သို့ နက်မှောင်နေသည်။ သူ၏ ဧရာမကျားခန္ဓာကိုယ်က အနက်ရောင်တောင်ကုန်းတစ်ခုနှင့် ဆင်တူသည်။ သူက ပါးစပ်ကို ကျယ်လောင်စွာ ဟ၍ ဟိန်းဟောက်လိုက်သည်။ စစ်တုရင်လောကတစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားသည်။ ချူဟန်မြစ်ထဲတွင် အမှန်တကယ် ရေရှိသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ မြစ်ရေက ပေါက်ကွဲသွားပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

မြစ်ရေက နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဤသည်မှာ စစ်တုရင်လောကထဲတွင် မိုးရွာသွန်းနေသည့်အလားပင်။ ဧရာမကျားနက်ကို ဗဟိုပြုထားစဉ် မဟူရာအသံလှိုင်းစက်ဝန်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။ အသံလှိုင်းစက်ဝန်းများက အလွန်အားကောင်းလေရာ သာမန်မျက်စိဖြင့်ပင် ယင်းတို့ကို မြင်နိုင်ပေသည်။

သူ့အရှေ့တွင် အရောင်အသွေးစုံလင်သော မြားရှည်များက သူ့ဆီသို့ တန်းမတ်စွာ ပျံသန်းလာနေကြသည်။ သို့သော်လည်း စက်ကရာ၏ မဟူရာအသံလှိုင်းစက်ဝန်းများ ပျံ့နှံ့သွားသည့်အခါ မြားရှည်များက ပြင်းထန်စွာ တုန်ယင်သွားကြပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။

“ မင်း… မင်းက ငါ့ရဲ့ သက်စောင့်ဓမ္မလက်နက်ကို ဖျက်ဆီးချင်နေတာပဲ ”

ချီဝူကျူး၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ ကျောက်စိမ်းစစ်တုရင်ခုံသည် ကျားဟိန်းသံကြောင့် ပြင်းထန်စွာ တုန်ယင်နေသည်။ သူက ဤစစ်တုရင်လောကနှင့် ချိတ်ဆက်ထားသည်။ ထို့ကြောင့် သူက စစ်တုရင်လောက၏ နာကျင်မှုကို ခံစားမိသွားသည်။ ထိုအတိုင်းဆက်သွားနေလျှင် သူ၏ သက်စောင့်ဓမ္မလက်နက်က ကျားဟိန်းသံ၏ အသံလှိုင်းတိုက်ခိုက်မှုကြောင့် သေချာပေါက် ပျက်စီးသွားလိမ့်မည်။

ထို့ပြင် ဤအခိုက်အတန့်မှာ အက်ကွဲရာများက စစ်တုရင်ခုံ၏ နေရာအသီးသီးမှာ ထွက်ပေါ်လာကြသည်။

“ ဟွန့်… ဒီကနေ ထွက်သွားစမ်း ”

ချီဝူကျူးသည် နာကျင်ရှုံ့မဲ့သော အမူအရာဖြင့် စစ်တုရင်လောကထဲမှ စစ်တုရင်ဝိညာဉ်များကို ကြည့်လိုက်သည်။ စစ်တုရင်ဝိညာဉ်များသည် သူ၏ သွေး၊ ချွေး၊ မျက်ရည်ဖြင့် ဖန်တီးထားသောအရာများ ဖြစ်ကြသည်။ ထို့ကြောင့် စစ်တုရင်ဝိညာဉ်များ ထိခိုက်ပျက်စီးသွားမည်ကို သူခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူက သီရှီထျန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

ကျားဟိန်းသံ၏ အဖျက်စွမ်းအားအရ တစ်ဖက်လူကို သူမချုပ်နှောင်နိုင်ကြောင်း ချီဝူကျူး သိလိုက်သည်။ အကယ်၍ သူက တစ်ဖက်လူကို ခေါင်းမာစွာ ဆက်ပြီး ချုပ်နှောင်မည်ဆိုလျှင် သူ၏ သက်စောင့်ဓမ္မလက်နက်က သေချာပေါက် ပျက်စီးသွားလိမ့်မည်။

သူက စစ်တုရင်လောကကို အမြန်လက်ညှိုးညွှန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ကြီးမားသော တွင်းနက်တစ်ခုက သီရှီထျန်၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော ဆွဲငင်အားက ဧရာမတွင်းနက်ထဲမှ ထွက်ပေါ်လာပြီး သီရှီထျန်ကို စုပ်ယူလိုက်သည်။

“ ဘန်း ”

သီရှီထျန်၏ ခန္ဓာကိုယ်က စစ်တုရင်လောကထဲမှ မောင်းထုတ်ခံလိုက်ရပြီး တောင်ကုန်းတစ်ခုပေါ်သို့ ပြုတ်ကျသွားသည်။ တောင်ကုန်းသည် သီရှီထျန်၏ ဧရာမခန္ဓာကိုယ်ကို မတောင့်ခံနိုင်သောကြောင့် ချက်ချင်း ကွဲထွက်သွားပြီး ဖုန်မှုန့်ဖြစ်သွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။

“ ဟွန့်… ဒီကောင်က ဉာဏ်ကောင်းသားပဲ… မင်းငါ့ကို ထူးဆန်းတဲ့ စစ်တုရင်လောကကနေ အမြန်မောင်းထုတ်လိုက်တာ ကံကောင်းသွားတယ်… မဟုတ်ရင် မင်းရဲ့ ဓမ္မလက်နက်ကို ငါဖျက်ဆီးပစ်တယ် ”

စက်ကရာသည် မြေကြီးပေါ်သို့ ဆင်းသက်သွားသည်နှင့်ချက်ချင်း သူ၏ ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အသက်မဲ့နေသော အလောင်းရာချီက နေရာတိုင်းမှာ ပြန့်ကျဲနေကြသည်။ သူတို့အားလုံးသည် ဒွါရခုနစ်ပေါက်မှ သွေးစီးကျနေလျက် သေဆုံးသွားကြသည်။

“ အကိုသီက အရမ်းသန်မာတာပဲ… ဆိုးသွမ်းတဲ့ ကျင့်ကြံသူရာပေါင်းများစွာကို ဟိန်းသံတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ် ”

ထူးဆန်းသော စစ်တုရင်ခုံထဲမှ သီရှီထျန် ပြန်ထွက်လာကြောင်း ဇာမဏီငှက်မြင်သောအခါ သူက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဝမ်းသာမှုဖြင့် ပြည့်နှက်နေသည်။

“ အကိုသီ… မင်းရဲ့ ကျားဟိန်းသံက အရမ်းအားကောင်းတယ်… ခေါင်းသုံးလုံးရွှေခြင်္သေ့ရဲ့ ဟိန်းသံတောင် မင်းလောက် အားမကောင်းဘူး ”

အနက်ရောင်မျောက်ဝံဘုရင်က အော်ပြောလိုက်သည်။ သီရှီထျန်၏ ကျားဟိန်းသံက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေကြောင်း ထင်ရှားသည်။

“ ကင်းကောင်… ငါတို့ နောက်မှ စကားပြောရအောင်… လောလောဆယ် အဲ့ဒီကျင့်ကြံသူတွေကို အရင်ရှင်းပစ်ရအောင် ”

သီရှီထျန်က အရှေ့သို့ လှမ်းကြည့်လိုက်သည်။ ကျင့်ကြံသူအများအပြား ကျန်ရှိနေသေးကြောင်း မြင်သောအခါ သူ၏ အကြည့်က လေးနက်သွားသည်။ ထို့ပြင် ယခုအချိန်ထိ အသက်ရှင်နေသူများသည် လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ထဲမှ တချို့က အခြေတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

“ ဟုတ်တယ်… အဲ့ဒီကျင့်ကြံသူတွေကို အရင်သတ်ပစ်ရအောင် ”

အနက်ရောင်မျောက်ဝံဘုရင်က ပြုံးလိုက်ပြီး ပြောသည်။ သူက တိုက်ခိုက်ရန် လက်နှစ်ဖက်ကို ထပ်မံ မြှောက်လိုက်သည်။

“ လီမိသားစုက ကျင့်ကြံသူတွေ… အသင့်ပြင်ကြ… ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါ… အဲ့ဒီမိစ္ဆာကျားကို သတ်ပစ် ”

ထိုအခိုက်အတန့်မှာ လီဝမ်နှင့် စတုတ္ထအကြီးအကဲက လေထဲသို့ ပျံသန်းသွားကြပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။ သူတို့၏ အသံက ဘေးပတ်ဝန်းကျင်မှာ ရှင်းလင်းပီသစွာ ပဲ့တင်ထပ်သွားသည်။

“ ချွင်… ချွင်… ချွင်… ”

မျက်စိတစ်မှိတ်အတွင်းမှာ သတ္ထုမြည်သံများက မိုးထိတောင်ပေါ်မှာ တရစပ် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဓားချီအလင်းတန်းများက မိုးကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။ ဓားချီအလင်းတန်းများသည် မိုးထိတောင်၏ အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာကြပြီး မိုးကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

ထိုပြင် ဓားချီအလင်းတန်းများထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကိန်းအောင်းနေသည်။

All Chapters