← Chapters

နတ်ဘုရားကျောင်းတော်သို့ပြန်သွားခြင်း

Vol. 7 Ch. 603

နတ်ဘုရားကျောင်းတော်သို့ပြန်သွားခြင်း

Vol. 7 Ch. 603

အသူရာချောက်သည် ချင်းရွှမ်နတ်တံခါး တည်ရှိရာ လောကနှင့် သိသိသာသာ ကွဲပြားလေသည်။ အသူရာချောက်မှ မိုးကောင်းကင်သည်ပင်လျှင် မှောင်မှိုင်းပြီး ကွင်းပြင်ကြီး တစ်ခုအလား ဖြစ်လေသည်။ ချင်းရွှမ် တည်ရှိရာလောက တွင်တော့ ဝိညာဉ်စွမ်းအားများပြည့်ဝပြီး ကမ္ဘာတစ်ခုနှင့် ဆင်တူလေသည်။

ထို့ပြင် အသူရာချောက်မှ ကြယ်စင်များသည် နေများမဟုတ်ကြဘဲ ဝိညာဉ်များ ဖြစ်နေကြလေသည်။ နေနှင့်လ တို့မှာလည်း အလွန်မှ ထူးခြားဆန်းကြယ် လွန်းလှလေ၏။ ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ် သည့်ဆန်းလျန်ပင်လျှင် အသူရာချောက်မှ နေနှင့်လ၏ ဖွဲ့စည်းပုံကို နားမလည်နိုင်သေးပေ။ အာကာသထဲသို့ ကိုယ်တိုင်သွားကာ လေ့လာကြည့်မှပင်လျှင် သိမြင်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ လေ့လာကြည့်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် သူ၏စွမ်းအားများ အမြင့်တစ်နေရာသို့ ရောက်ရှိ သွားသည်နှင့် တန်ခိုးစွမ်းအား တစ်ခုက သူ၏ စွမ်းအားများကို ဖြတ်တောက် ချလိုက်လေသည်။ ထိုတန်ခိုး စွမ်းအားမှာ ဟန်အယ်၏ တန်ခိုးစွမ်းအားနှင့် ဆင်တူလေသည်။ ထိုစွမ်းအားကို မထိုးဖောက်နိုင်လျှင် ကြယ်စင်များတည်ရှိရာ ကောင်းကင်ထက်သို့ မည်သည့်နည်းနှင့်မှ သွားရောက် နိုင်မည်မဟုတ်ပေ။

ထို့ပြင် အသူရာချောက်မှ နေနှင့်လ၏ စွမ်းအားများသည် ဆန်းလျန်ထက်ပင် တန်ခိုးစွမ်းအား မြင့်မားပုံ ရလေသည်။ သူ့အနေဖြင့် ဗုဒ္ဓကဲ့သို့ ခန္ဓာကိုယ်မရှိဘဲ နေနှင့်လကို ရင်ဆိုင်မည်ဆိုပါက ဒုက္ခအကြီးအကျယ် ရောက်ရမည် ဖြစ်လေသည်။

သဲလွန်စများ အားလုံးကို ဆက်စပ် ကြည့်လိုက်သည့် အခါတွင်တာ့ နေနှင့်လသည် မြင့်မားသည့် ဖြစ်တည်မှုများမှ ပြန်လည် ဝင်စားထားခြင်း ဖြစ်ဟန်တူလေသည်။ နေမင်းသည် တာ့ယိပစ်ခတ်သည့် မြားချက်မှ လွတ်မြောက်ပြီး နောက်ဆုံး ကျန်ရစ်ခဲ့သည့် နေစကြာနတ်ငှက် ဖြစ်နိုင်လေသည်။

သို့သော် လမင်းနှင့် ပတ်သက်သည့် အချက်ကိုတော့ ဆန်းလျန် သေသေချာချာ မသိပေ။

တာ့ရှားဧကရာဇ် မိဖုရားမြှောက်လိုက်သည့် မိန်းမပျိုသည် လမင်းနှင့် တစ်စုံတစ်ခု ဆက်စပ်နေမည် ဆိုသည့်အချက် ကိုတော့ ဆန်းလျန် ရိပ်မိထားလေသည်။ အမှန်တော့ တာ့ရှားဧကရာဇ်နှင့် ထိုမိန်းမပျိုတွင် တူညီသည့် ရုပ်ခန္ဓာ ရှိနိုင်လေသည်။

သူတို့ (၂)ယောက် ပေါင်းစည်း သွားခြင်းသည် ဆန်းလျန်၏ နားလည်နိုင်ခြင်းကိုပင် ကျော်လွန် နေလေ၏။

ထိုမျှရှုပ်ထွေးသည့် ပြဿနာသည် တွေးကြည့်ရုံဖြင့်တော့ အဖြေရှာနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူ့မှာလည်း မပြီးပြတ်သေးသည့် လုပ်စရာ အလုပ်တွေက တစ်ပုံကြီး ရှိနေသေးသည်။ ယခုတော့ သူ့အတွက် စတင်လုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ်လေသည်။

လျိုစစ်ပေ့က အထူးစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့စရာ ရှိသည်များကို ပို့ဆောင် ပေးပြီးသည့်နောက် ဆန်းလျန် ရှိရာသို့ ပြန်လာလေသည်။

ဆန်းလျန်က…

“ကျုပ်ခရီးထွက်ဖို့ ရှိတယ်၊ မင်းက နေရာ တော်တော်များများကို နှံ့စပ်တဲ့ သူဆိုတော့ ကျုပ်နဲ့ အဖော်လိုက်ခဲ့ပါ၊ ပြီးတော့ အရည်အချင်းရှိတဲ့သူတွေကိုလည်း စည်းရုံးရေး ဆင်းရမယ်”

ဆန်းလျန်၏ စကားကြောင့် လျိုစစ်ပေ့မှာ စိတ်လှုပ်ရှား သွားရလေသည်။ ဆန်းလျန်နှင့် ခရီးထွက်ရမည့် ကိစ္စမှာ ကံကောင်းခြင်းဖြစ်ပြီး ရခဲလှသည့် အခွင့်အရေး (၁)ခု ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် တန်ခိုးစွမ်းအား မြင့်မားရုံသာမက သူတော်စင် (၃)ပါးထဲတွင်လည်း (၁)ပါး အပါအဝင်ဖြစ်သည် မဟုတ်ပါလား။

“ကျေးဇူးတင်ပါတယ် မင်းကြီး”

ဆန်းလျန်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် သူ၏နန်းဝတ်နန်းစားများမှာ အစိမ်းရောင် တာအိုဝတ်စုံ အဖြစ်သို့ ကူးပြောင်း သွားလေသည်။ သူ၏မျက်ခုံးနှစ်ခု အလယ်တွင်လည်း အနီရောင် ပြဒါးရှင်က လင်းလက်လျက် ရှိလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း….

“စိတ်တော့မကောင်းပေမယ့် တာအိုသူငယ်လေး ပုံပြောင်းပြီးမှ ကျုပ်နောက်လိုက်ခဲ့…”

လျိုစစ်ပေ့က ခေါင်းညိတ် လိုက်လေသည်။ ပုံရိပ်ယောင် ကျင့်စဉ်သည် ထူးဆန်းသည့် ပညာတစ်ခုဖြစ်ပြီး သူ၏ရုပ်သွင် ကိုလည်း လိုသလို ပြောင်းလဲ နိုင်စွမ်းလေသည်။ လျိုစစ်ပေ့က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်လေရာ သူ၏ ခန္ဓာကိုယ်မှာ ကလေးငယ် တစ်ယောက်ကဲ့သို့ သေးငယ် သွားလေသည်။

သူက ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်ပြီး တခစ်ခစ်ဖြင့် ရယ်မောလိုက်ရင်း…

“ဆရာ… ကျွန်တော့်ကို နာမည်အသစ် တစ်ခုလောက်ပေးပါဦး”

ဆန်းလျန်က…

“အခု (၉)လပိုင်း ရောက်နေပြီဆိုတော့ မင်းကို ကျိုယွဲ့လို့ပဲ အမည်ပေးလိုက်မယ်”

(ကျိုယွဲ့ = (၉)လပိုင်း၊ စက်တင်ဘာလ ဟု အဓိပ္ပါယ်ရ - ဘာသာပြန်သူ)

လျိုစစ်ပေ့က ဆန်းလျန်ကို ဦးညွတ်ဂါရဝပြုလိုက်ရင်း…

“ကျိုယွဲ့ … ဆရာ့ကို ဂါရဝပြုပါတယ်”

ဆန်းလျန်က ပြုံးရုံသာပြုံးလိုက်ပြီး သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုလိုက်လေရာ သူတို့ နှစ်ယောက်လုံးသည် တာ့ကျိုးနန်းတော်ထဲမှ ပျောက်ကွယ် သွားကြ လေတော့သည်။

ထို့နောက် သူတို့သည် တုန်းယီဒေသသို့ သွားရာလမ်းတွင် ပြန်ပေါ်လာကြလေသည်။

ဆန်းလျန်သည် အလျင်လိုခြင်းမရှိပါ။ သူသည် တောင်များနှင့် မြစ်များကို ဖြတ်ကျော်ပြီး သာမန်လူ တစ်ယောက်ကဲ့သို့ အေးအေးဆေးဆေးပင် ခရီးနှင် နေလေသည်။ သူက ခရီးသွားရင်း တာ့ကျိုးပြည်၏ အခြေအနေကို အပြန်ပြန် အလှန်လှန် သုံးသပ်နေမိလေသည်။

အမှန်တော့ တာ့ကျိုးပြည်တည်ရှိရာ အနောက်ပိုင်းဒေသသည် ငြိမ်းချမ်းသည့် ဒေသတစ်ခုတော့ မဟုတ်ပေ။ သို့သော် လီယွမ်လျန်နှင့် ဂိုဏ်းတူညီ (၃)ယောက်မှာ ဆိုးသွမ်း သူများကို သတ်ဖြတ်သည့် နေရာတွင် အလွန် တော်လေသည်။ သူတို့က နတ်မိစ္ဆာများစွာနှင့် မကောင်းဆိုးဝါး များစွာကို သုတ်သင် ရှင်းလင်း ပစ်ခဲ့ကြလေသည်။ ထိုအချိန်မှစပြီး တာ့ကျိုးပြည်သည် ငြိမ်းချမ်းသည့် တိုင်းပြည်တစ်ခု ဖြစ်လာပြီး တိုင်းသူ ပြည်သားများမှာလည်း စိတ်အေးလက်အေး နေထိုင် နိုင်ခဲ့ကြလေသည်။

မည်သို့ပင် ဆိုစေကာမူ တာ့ကျိုးပြည် အခြေကျရန်မှာတော့ အလှမ်းဝေးလျက် ရှိနေသေးသည်။

စာလုံးတစ်လုံးကို စုတ်ချက် တစ်ချက်တည်းဖြင့် ရေးသားနိုင်မည် မဟုတ်သလို ကိစ္စရပ်များ အားလုံးကိုလည်း တစ်ခါတည်းဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်သွားခြင်းက အနာဂတ်အတွက် ပိုပြီး အဆင်ပြေ လွယ်ကူစေမည် ဖြစ်လေသည်။

တန်ခိုးစွမ်းအားရှိသူများသည် သာမန်လူများထက်တော့ လျင်မြန် ဖျတ်လတ်ကြလေသည်။ ခြေထောက်ဖြင့်ပင် သာမန် ခရီးသွားနေသည့်တိုင် အချိန် (၁)လအတွင်းတွင် ဆန်းလျန်သည် မက်မွန်တောင်သို့ ရောက်ရှိ လာခဲ့လေသည်။

အချိန် (၉) နှစ်ကြာခဲ့လေပြီ…။

သို့တိုင်အောင် မက်မွန်တောင်သည် ယခင်ကအတိုင်း မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်လေသည်။ ဝူကျုန်းမျိုးနွယ်စု မှာလည်း ဆက်လက် ရှင်သန်နေကြဆဲ ဖြစ်လေသည်။ ယခင်ကထက်ပင် တိုးပွားများပြား လာကြပြီး စည်စည်ပင်ပင် ရှိနေကြလေသည်။

နတ်ဘုရား ကျောင်းတော်အတွင်းသို့ ဆန်းလျန် ဝင်ရောက်လိုက်သည်နှင့် လေထဲတွင် နံ့သာပေါင်းနှင့် အမွှေးတိုင်ရနံ့များကို ရရှိလိုက်ရလေသည်။ ချက်ချင်းပင် လေများပြင်းထန်စွာ တိုက်ခတ်လာပြီး မိုးကောင်းကင်မှာလည်း မှောင်မှိုင်း သွားလေသည်။

ဆန်းလျန်၏ခန္ဓာကိုယ်မှာ မမြင်ရသည့် စကြဝဠာ တွင်းနက်ကြီးအလားဖြစ်နေပြီး ခံစားချက် ကင်းမဲ့နေလေသည်။ သူက ချက်ချင်းပင် လူသားများ၏ ဆုတောင်းသံများကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအားများကို စုပ်ယူလိုက်လေသည်။

ထိုက်ယီထျန်းရှန်းတစ်ပါး ဖြစ်လာပြီးသည့်နောက်ပိုင်း သူသည် စိတ်ထဲတွင်ရှိသည့် အတိုင်း အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိလေ၏။ ထိုသို့ဖြစ်ရသည်မှာ မူလကျင့်စဉ်လမ်းနှင့် ကင်းလွတ်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။ သူသာ ဆန္ဒရှိမည်ဆိုလျှင် ဘုရားသခင်လည်း ဖြစ်နိုင်သလို အရာအားလုံးလည်း ဖြစ်နိုင်စွမ်းရှိလေသည်။

ထိုက်ယီထျန်းရှန်း အဆင့်ဆိုသည်က စာမေးပွဲများ အားလုံးကို အောင်မြင်သွားပြီး နောက်ထပ် စာမေးပွဲ ဖြေဆိုစရာ မလိုတော့ဘဲ လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်သည့် အဆင့်သို့ ရောက်သွားသည့် ပါရဂူတစ်ယောက်နှင့် ဆင်တူလေသည်။

ပတ်ဝန်းကျင်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲ များကြောင့် ကြာပန်း မီးအိမ်လေးထဲတွင် တရားထိုင် နေသည့် အားလျန်မှာ သတိအနေအထား ဖြစ်သွားရလေသည်။ သူမက စိတ်အာရုံကို ဖြန့်ကြက်ကာ မည်သည့်အရာ များဖြစ်ပျက်နေသည်ကို ကြည့်လိုက်လေသည်။

နတ်ဘုရား ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာသည့် ဆန်းလျန်ကို တွေ့လိုက်ရသည့် အခါတွင်တော့ သူမသည် လူသားပုံသဏ္ဌာန်ဖန်းဆင်းက မီးအိမ်လေးအတွင်းမှ ထွက်လာပြီး ဆန်းလျန်ကို ဂါရဝ ပြုလိုက်လေသည်။

ဆန်းလျန်က သူမကို တွေ့သည်နှင့် ချက်ချင်းပင် မေးလိုက်သည်။

"မင်းရဲ့သမီးလေးရော…"

အားလျန်က…

"လွန်ခဲ့တဲ့ (၇)နှစ်လော်ကက သမီးလေးက ကျွန်မနဲ့စကားများပြီး ကျောင်းတော်ထဲက ထွက်သွားခဲ့တယ်၊ အဲဒီနေ့က ဘာဖြစ်လို့လဲမသိဘူး၊ ကျွန်မရဲ့ တန်ခိုးစွမ်းအားတွေလည်း အသုံးပြုလို့ မရခဲ့ဘူး၊ အဲဒါကြောင့် သမီးလေးကို ပြန်မခေါ်နိုင်ခဲ့ဘူး၊ နောက်တော့ သမီးလေး ဘယ်ရောက်နေလဲဆိုတဲ့ သတင်းကို ကုန်သည် တစ်ယောက်က ကျွန်မကို လာပြောပြတယ်၊ သမီးလေးက ယင်းစန်းကို ရောက်နေပြီ၊ ကျွန်မရဲ့အခြေအနေက ကျောင်းတော်ထဲက အပြင်ကို ထွက်လို့မရတဲ့ အခြေအနေဆိုတော့ သမီးလေးကို သွားမရှာနိုင်ခဲ့ဘူး”

ဆန်းလျန်က အခြေအနေများကို တွက်ချက် ကြည့်လိုက်ပြီး အားလျန် လိမ်ပြောနေခြင်း မဟုတ်သည်ကို သိလိုက်လေသည်။

"မင်းစိတ်မပူပါနဲ့၊ ကျုပ်ကတိ ပေးထားတဲ့ အတိုင်းလုပ်ပေးဖို့ မင်းဆီ ရောက်လာတာပါ"

ဆန်းလျန်၏စကားကြောင့် အားလျန်မှာ စိတ်လှုပ်ရှား သွားလေသည်။

နတ်ဘုရားဆရာချင်းရွှမ်သည် သူမကို ရုပ်ခန္ဓာအသစ်တစ်ခု ပြန်လည် ပြုလုပ်ပေးမည်ဟု ကတိပေးထားခဲ့ ဖူးလေသည်။ သူမသာ ရုပ်ခန္ဓာပြန်ရလျှင် ကျောင်းတော်ထဲမှ ထွက်ပြီး သမီးဖြစ်သူကို ရှာဖွေနိုင်မည် ဖြစ်လေသည်။

သူမက ဆန်းလျန်ရှေ့တွင် ဒူးထောက် ဂါရဝပြုရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆန်းလျန်က လေထဲသို့ လက်ညှိုးနှင့် လက်ခလယ်ကို ထိုးညွှန်လိုက်လေသည်။ ထိုအခါ လေထဲတွင် အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအား (၂)ခု ထွက်ပေါ်လာလေသည်။

"အထဲကို အမြန်ဝင်လိုက်…"

ဆန်းလျန်က အားလျန်ကို ပြောလိုက်လေသည်။

အဖြူနှင့်အနက်တန်ခိုးစွမ်းအားများမှာ ယင်နှင့်ယန် ဖြစ်လေသည်။ ယင်နှင့်ယန်သည် အရာအားလုံးကို ဖန်ဆင်းခြင်း၏ မူလအစပင် ဖြစ်လေ၏။ ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားတွင် သန္ဓေတည်နေသည့် စကြဝဠာသည် ပြီးပြည့်စုံခြင်း မရှိသေးပါ။ ထို့ကြောင့် သန္ဓေတည်ဆဲ စကြဝဠာမှ ယင်နှင့်ယန်ကို ထုတ်ယူ အသုံးပြုရခြင်းက ဆန်းလျန်၏ ကျင့်စဉ်လမ်းကို ရပ်တန့် စေလေသည်။

သို့သော်… သူပေးထားသည့် ကတိကို တည်ရမည် ဖြစ်လေသည်။ အားလျန်သည် သူ့ကို အိပ်မက်ကမ္ဘာမှ ပြန်ခေါ်ရန် အတွက် ကြာပန်းမီးအိမ်ထဲတွင် သူမ၏ အသွေးအသားများကို ယဇ်ပူဇော်ခဲ့သူ ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် သူမကို တင်နေခဲ့သည့် ကျေးဇူးကြွေးကို ပေးဆပ်ရန် အတွက် သူ၏ ကျင့်စဉ်လမ်းတွင် နှစ်ပေါင်း (၁၀၀)ခန့် နောက်ကျမည် ဆိုလျှင်လည်း ဂရုစိုက်မည် မဟုတ်ပါ။

သာမန် ဝိညာဉ်တစ်ခုအတွက် ရုပ်ခန္ဓာ ဖန်ဆင်းပေးရခြင်းက ပြဿနာမရှိပေ။ သို့သော် အားလျန်သည် ဆုတောင်း ကိုးကွယ်မှုများမှ ဖြစ်တည်လာသည့် တန်ခိုးစွမ်းအားများစွာကို စုပ်ယူထားသည့် ရှန်လမ်းစဉ် နတ်သမီး တစ်ပါးဖြစ်နေ ခဲ့ပြီဖြစ်လေသည်။ ထို့ကြောင့် သူမကို လူပြန်ဝင်စား ခိုင်းရန်မှာလည်း သိပ်ပြီး အဆင်မပြေလှပေ။ လူတစ်ယောက်၏ အသွေးအသားသည် သူမ၏ နတ်ဘုရား စွမ်းအားများကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ အခန့်မသင့်လျှင် အားလျန် ကိုယ်တိုင်ပါ ပျက်စီးပျောက်ကွယ် သွားနိုင်လေသည်။

ကံကောင်းသည်မှာ ဆန်းလျန်သည် ကျီမုမြစ်ရေထဲတွင် (၉)နှစ်တိုင်တိုင် ကျင့်ကြံမှု ပြုလုပ်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် အသွေးအသားနှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံများ အကြောင်းကို ကောင်းကောင်း နားလည်လေသည်။ သူ့အနေဖြင့် နတ်သမီးမ တစ်ပါးအတွက် ရုပ်ခန္ဓာကို ပြုလုပ်ပေးနိုင်စွမ်း ရှိလေသည်။

ဆန်းလျန်၏ စကားသံသည် အားလျန်၏ နှလုံးသားထဲတွင် မြည်ဟည်း သွားလေသည်။ အားလျန်သည် ချက်ချင်းပင် အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအားများဆီသို့ ဝင်ရောက် သွားလေတော့သည်။

ဆန်းလျန်သည် အားလျန်၏ ဝိညာဉ်ကို ယင်စွမ်းအားနှင့် ယန်စွမ်းအား နှစ်ခုထဲတွင် ရောနှော မွှေနှောက် ပစ်လိုက်လေသည်။

အချိန်အတန်ငယ် ကြာသွားသည့် အခါတွင်တော့ …

ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးများ ဝန်းရံလာပြီး မြူခိုးများထဲတွင် ထူခြားသည့် အလှတရားကို ပိုင်ဆိုင်သည့် မိန်းကလေး တစ်ယောက်၏ ရုပ်သွင် ပေါ်ထွက် လာလေသည်။

လှပသည့် မိန်းမပျိုသည် မြူခိုးများထဲမှ ကျော့ရှင်းစွာဖြင့် လမ်းလျှောက် ထွက်လာ လေသည်။ မြူခိုးများသည် ရောင်စုံ အဝတ်အစားများအဖြစ် ပြောင်းလဲ သွားပြီး မိန်ကလေး၏ ခန္ဓာကိုယ်ထက်တွင် ဆင်ယင်ပြီးသား ဖြစ်သွားလေသည်။ သူမ၏ခန္ဓာကိုယ်သည် လင်းလက်နေပြီး နှင်းပွင့်လေး အလား ကြည်လင် နေလေသည်။ အလွန်မှ ချစ်စရာကောင်းသည့် မိန်းမပျိုလေး ဖြစ်လေတော့သည်။

ဆန်းလျန်သည် ချောမောလှပသည့် မိန်းကလေး များစွာကို မြင်တွေ့ဖူးခဲ့ပါသည်။ သို့သော်… ယခု သူ့ရှေ့မှ မိန်းမပျိုကတော့ သူကိုယ်တိုင်ဖန်ဆင်းခဲ့သည့် မိန်းမလှလေး ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ထိုမိန်းမပျိုဆီမှ အကြည့်တစ်ချက်ပင် မလွှဲနိုင်လောင်အောင် ငေးမော နေခဲ့မိလေသည်။

အားလျန်သည် ရုပ်ခန္ဓာ (၁)ခု ရရှိသွားပြီဖြစ်ကြောင်း ချက်ချင်းပင် နားလည် လိုက်လေသည်။ သူမက တန်ခိုးစွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်မှ ရေမှုံလေးများကို စုစည်းလိုက်ပြီး ရေဘောလုံး တစ်ခု ဖန်ဆင်းလိုက် လေသည်။ ထိုရေဘောလုံးကို မှန်သားပြင်အဖြစ် အသုံးပြုကာ သူမ၏သွင်ပြင်ကို ကြည့်လိုက်လေသည်။ သူမသည် အသစ်ရရှိလာသည့် ချောမောလှပသော ရုပ်ခန္ဓာအတွက် ကျေနပ်ပီတိဖြာလျက် ရှိလေတော့၏။

ဆန်းလျန် ဖန်ဆင်းပေးလိုက်သည့် ရုပ်ခန္ဓာသည် သာမန်ရုပ်ခန္ဓာတစ်ခု မဟုတ်ပါ။ ပြစ်မျိုးမှဲ့မထင် လှပလွန်းလှသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်လေသည်။ အသားအရေမှာ တောက်ပနေပြီး လင်းလက်လျက် ရှိလေသည်။ ယခင်အားလျန်၏ အသွင်သဏ္ဌာန်နှင့် သိပ်ပြီးခြားနားခြင်း မရှိသည့်တိုင် (၁၀)ဆခန့်ပိုပြီး ချောမော လှပနေသည်မှာတော့ အသေအချာပင် ဖြစ်လေသည်။

အားလျန်က လက်ကို ဆန့်တန်းလိုက်ရာ ကြာပန်း မီးအိမ်လေးသည် သူမ၏ လက်ဖဝါး ထက်သို့ ပျံသန်း ရောက်ရှိ လာလေသည်။

ဆန်းလျန်က…

"ဒီမီးအိမ်လေးက ကျုပ်အတွက် အသုံးမဝင်တော့ပါဘူး၊ မင်းပဲ သိမ်းထားလိုက်ပါ၊ ဒီမီးအိမ်လေး တန်ခိုးစွမ်းအား ရှိနေသရွေ့ သာမန် မှော်ပညာလောက်က မင်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး”

အားလျန်က ဦးညွတ်လိုက်ရင်း…

"ကျေးဇူးတင်ပါတယ် နတ်ဘုရားဆရာ…"

ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဘုရားကျောင်း အပြင်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။

"ကျိုယွဲ့… ဝင်လာခဲ့တော့…"

နတ်ဘုရား ကျောင်းတော် အပြင်ဘက်တွင် ကျိုယွဲ့မှာ အထဲသို့ ဝင်လာချင်လွန်းသဖြင့် ရွစိရွစိ ဖြစ်နေခဲ့လေသည်။

ယင်စွမ်းအားနှင့် ယန်စွမ်းအားများသည် ဖြစ်တည်မှု အားလုံး၏ မူလအ ဖြစ်လေသည်။ ဆန်းလျန် အသုံးပြုလိုက်သည့် ယင်နှင့်ယန်သည် နတ်အသက်ရှည်ဆေး အဖြစ်ပင် အသုံးပြု နိုင်လေသည်။ ထို့ကြောင့် သူက ကျောင်းတော် ထဲတွင် ဆန်းလျန် မည်သည့် အရာကိုများ ပြုလုပ် နေပါသနည်းဟု သိချင်နေခဲ့လေသည်။

ဆန်းလျန်သာ သူ့ကို ကျောင်းတော် အပြင်ဘက်တွင်သာ နေရန် ညွှန်ကြားထားခြင်း မရှိလျှင် သူသည် အစောကြီး ကတည်းက ကျောင်းတော် အတွင်းသို့ ဝင်လာမည် ဖြစ်လေသည်။

ကျိုယွဲ့သည် နတ်ဘုရား ကျောင်းတော် အတွင်းသို့ ဝင်ဝင်ချင်းမှာပင် အသက် (၂၀) အရွယ်ခန့်ရှိသည့် အလွန်တရာ ချောမောလှပသည့် မိန်းမပျိုကို တွေ့မြင် လိုက်ရလေသည်။ မိန်းမပျိုက သူ့ကို ပြုံးပြလိုက်သည့် အခါတွင်တော့ သူ၏ နှလုံးသား တစ်ခုလုံး အပြင်သို့ ခုန်ထွက်မတတ် ဖြစ်သွားရတော့၏။

လှပလွန်းသည့်မိန်းမပျိုက ကျိုယွဲ့ကိုကြည့်ကာ ရယ်မော လိုက်လေသည်။

"နတ်ဘုရားဆရာ… ဒီကလေးက ဘယ်သူများလဲ"

ဆန်းလျန်က…

"ကျုပ်ခေါ်ထားတဲ့ တပည့်အသစ်လေးပေါ့၊ ကြည့်ရတာ ကျုပ်ဖန်ဆင်းထားတဲ့ ရုပ်ခန္ဓာက တော်တော်လှတယ် ထင်တယ်၊ ဒီကလေးက ကျင့်စဉ်လမ်းအဆင့် ဒီလောက် မြင့်တာတောင် မင်းရဲ့အလှမှာ ကျဆုံးသွားရပြီ"

ဆန်းလျန်၏စကားကြောင့် ကျိုယွဲ့မှာ ရှက်သွားလေသည်။

သူက ချက်ချင်းပင် တည်ကြည်သည့် မျက်နှာထားဖြင့်…

"မမနတ်သမီးကို နှုတ်ဆက်ပါတယ်"

ကျိုယွဲ့မှာ နတ်မိစ္ဆာ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် အားလျန်သည် ရှန်လမ်းစဉ် နတ်သမီးတစ်ပါး ဖြစ်သည်ကို ချက်ချင်းပင် ရိပ်မိ လိုက်လေသည်။

သူမကို "မမနတ်သမီး" ဟု ခေါ်လိုက်သည့် အတွက် အားလျန်မှာလည်း ရယ်မောခြင်း မပြုတော့ပဲ တည်ကြည်သွား လေသည်။ ဆန်းလျန်ဘေးနားမှ ကလေးငယ်သည် သူမက နတ်သမီးတစ်ပါး ဖြစ်ကြောင်းကို ချက်ချင်းပင် ခန့်မှန်းနိုင် သည်မှာ သာမန် လူတစ်ယောက်တော့ မဖြစ်နိုင်တော့ပေ။

ဆန်းလျန်က…

"မင်း ယင်းစန်းကိုသွားပြီး မင်းရဲ့ သမီးလေးကို ရှာတော့မှာလား"

အားလျန်က ခေါင်းညိတ် လိုက်လေသည်။

ပြီးမှ အနည်းငယ် တုံ့ဆိုင်းသွားပြီး….

"အခုတလော နတ်ဘုရားကျောင်းတော်မှာ လူတွေက အရမ်းပဲ ဝတ်ပြု ကိုးကွယ်ကြတယ်၊ ကျွန်မထွက်ခွာသွားရင် ကိုးကွယ်နေတဲ့ လူတွေကို စောင့်ရှောက်မယ့်သူ ရှိမှာမဟုတ်တော့ဘူး"

ဆန်းလျန်က…

"စိတ်မပူနဲ့…၊ ကျုပ်ရဲ့နတ်ဘုရားစိတ်အာရုံအစိတ်အပိုင်းတစ်ခုကို ဒီနေရာမှာ ထားခဲ့မယ်၊ ဒါဆို လုံလောက်ပါတယ်၊ ပြီးတော့ ကျုပ်လည်း ယင်းစန်းကို မရောက်ဖူးဘူး၊ မင်းနဲ့ အတူလိုက်ခဲ့မယ်"

ဆန်းလျန်၏ စကားကြောင့် အားလျန်က အံ့သြသွားပြီး…

"နတ်ဘုရားဆရာက ယင်းစန်းကို ဘယ်သွားလို့ ဖြစ်မှာလဲ၊ သူများတွေ ရိပ်မိကုန်မှာပေါ့"

သူမသည် ဆန်းလျန်ကိုယ်စား နတ်ဘုရား ကျောင်းတော်တွင် နတ်သမီးတစ်ပါးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ရလေသည်။ ထို့ပြင် နတ်ဘုရားဆရာ၏ လုပ်ဆောင်ချက် အချို့ကိုလည်း တစ်ဆင့် စကားဖြင့် ကြားသိခဲ့ရသည်။

အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသ တစ်ခုလုံးကို ထိန်းချုပ်ထားသည့် ယိုစန်းပြည်၏ ဧကရီသခင်မ စစ်ကျင်းသည် နတ်ဘုရား ကျောင်းတော်ကို (၃)ကြိမ်တိုင်တိုင် လာရောက် ဝတ်ပြု ခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ဆန်းလျန်၏ အဆင့်မြင့်မားမှုကို ခန့်မှန်းကြည့်နိုင်လေသည်။

အားလျန်၏ တန်ခိုးစွမ်းအားများသည် ဧကရီသခင်မ စစ်ကျင်းကို မည်သို့မှ မယှဉ်နိုင်ပေ။ စစ်ကျင်းသာ အားလျန်ကို ဖျက်ဆီးမည်ဆိုလျှင် အားလျန်သည် အကြိမ်တစ်ထောင် မကပင် သေသွား နိုင်လေသည်။

ယခုနှစ်များအတွင်းတွင် အားလျန်သည် အတွေ့အကြုံများစွာ ရရှိခဲ့လေသည်။ သူမသည် သာမန်ကျေးတောသူလေး တစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် ဆန်းလျန်၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် တာ့ရှားပြည်နှင့် ယင်းစန်းပြည်များသို့ ခရီးသွားခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေမည်ကို သူမက ရိပ်မိလိုက်လေသည်။

ဆန်းလျန်၏ဦးခေါင်းထက်မှ မူလဝိညာဉ်ခန္ဓာ၏ သန့်စင်သော တန်ခိုးစွမ်းအား တစ်ခုအဖြစ် ထွက်ပေါ်လာပြီး နတ်ဘုရားရုပ်တု အတွင်းသို့ ဝင်ရောက် သွားလေသည်။ ယခုအချိန်တွင် နတ်ဘုရားရုပ်တုသည် ဝိညာဉ် စွမ်းအားများဖြင့် ပြည့်ဝနေပြီ ဖြစ်လေသည်။ လူအများက ကိုးကွယ်လေလေ ဝိညာဉ်စွမ်းအား မြင့်မားလာလေ ဖြစ်လာပေလိမ့်မည်။ ဆန်းလျန်၏ ပုံတူရုပ်တုမှာ တန်ခိုးစွမ်းအားကို လက်ခံပြီးသွားသည်နှင့် နတ်ဘုရားကျောင်းတော်ထဲမှ လမ်းလျှောက် ထွက်သွားတော့မည့် အလား သက်ဝင် လှုပ်ရှားလာရလေသည်။

နတ်ဘုရားရုပ်တု၏ လက်တစ်ဖက် လှုပ်ရှားလာသည့် အခါတွင်တော့ အားလျန်နှင့် ကျိုယွဲ့တို့မှာ ပြိုင်တူပင် အော်ဟစ် လိုက်မိကြလေသည်။

နတ်ဘုရားရုပ်တု လက်ညှိုးညွှန်လိုက်သည့် နေရာတွင် တံခါးတစ်ခု ပေါ်လာလေသည်။ ထိုတံခါး၏ အတွင်းတွင် နတ်ဘုရားကျောင်းတော်နှင့် ဆင်တူသည့် ကျောင်းတော် တစ်ခုကို တွေ့မြင်ရလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဆုတောင်းသံတွေကြောင့် ဖြစ်ပေါ်လာတဲ့ တန်ခိုးစွမ်းအားတွေကြောင့် နတ်ဘုရား ရပ်ဝန်းတစ်ခုတောင် ဖြစ်တည် နေပြီ၊ အားလျန်…. မင်းပြန်လာရင် အဲဒီအထဲမှာ နေလို့ရတယ်၊ ဒါပေမဲ့ နတ်ဘုရားရပ်ဝန်းကို ဘယ်လိုဖွင့်ရမလဲ ဆိုတာကိုတော့ မှတ်ထားရလိမ့်မယ်"

ချက်ချင်းပင် အားလျန်၏ခေါင်းထဲသို့ ဂါထာတစ်ပုဒ် ဝင်ရောက် လာလေသည်။ ထိုဂါထာသည် နတ်ဘုရားရပ်ဝန်းကို ဖွင့်လှစ်နိုင်သည့် ဂါထာပင် ဖြစ်လေသည်။

အားလျန်သည် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည့်တိုင် ထိုဂါထာမှာ မှတ်မိရန် အလွန်ခက်ခဲသည့် ဂါထာ တစ်ပုဒ်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဂါထာသည် မိုးမြေမှ မွေးဖွားလာသည့် နရီစည်းသွား ဂါထာ တစ်ပုဒ် ဖြစ်နေသောကြောင့်ပင်။

အနည်းငယ် အနားယူပြီးကြသည့် အခါတွင်တော့ အားလျန်၊ ဆန်းလျန်နှင့် ကျိုယွဲ့တို့သည် ယင်းစန်းပြည်သို့ ခရီးဆက်ခဲ့ကြလေတော့သည်။

နတ်ဘုရားကျောင်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဆန်းလျန်က မိုးကောင်းကင် နတ်မိစ္ဆာတန်ခိုး စွမ်းအားကို အသုံးပြုကာ ဖုံးကွယ် ပစ်ခဲ့လေသည်။ ထို့ကြောင့် နတ်ဘုရား ကျောင်းတော်တွင် ဝတ်ပြု ကိုးကွယ်နေကြ သူများသည် သူတို့ ကိုးကွယ်နေသည့် နတ်ဘုရားများမှာ ကျောင်းတော်ထဲမှ ထွက်ခွာသွားကြပြီ ဖြစ်သည်ကို မည်သူမှ မရိပ်မိခဲ့ကြတော့ပေ။

***

All Chapters