← Chapters

ကျင့်စဉ်သေရည်

Vol. 7 Ch. 604

ကျင့်စဉ်သေရည်

Vol. 7 Ch. 604

ဆန်းလျန်သည် ယင်းစန်းသို့ တစ်ခေါက်မှ မရောက်ဖူးပေ။

ထို့ကြောင့် ယင်းစန်းသည် မည်သို့ရှိသည်ကို သူမသိပေ။ လောကတွင် အမြင့်မားဆုံး အောင်မြင်မှု ဖြစ်သည့် ထိုက်ယီ ထျန်းရှန်းအဆင့်ကို ရရှိထားသူ ဆန်းလျန်သည် ယင်းစန်းသို့ ဝင်ဝင်ချင်းမှာပင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရလေ၏။

ယင်းစန်းသည် အရှေ့ဘက်ဒေသ၏ (၃) ပုံ (၁)ပုံ နေရာယူထားပြီး အနောက်ဘက် တာ့ရှားပြည်နယ် နိမိတ်အထိ ကျယ်ပြန့်လေသည်။ ထို့ကြောင့်... ယင်းစန်းပြည် ပိုင်နက်သည် တာ့ရှားပြည်နီးနီး ကျယ်ပြန့်လေသည်။ သို့သော်... တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားရလေသည်။

ယင်းစန်းမြေကို ခြေချလိုက်မိသည်နှင့် ပင်လယ်ထဲသို့ ဝင်ရောက်လာသည့် သင်္ဘောတစ်စင်း အလား ဆန်းလျန်ခံစား လိုက်ရလေသည်။ ထိုပင်လယ်မှာ ယင်းစန်းပြည်သူ ပြည်သားများ၏ စိတ်အာရုံ အတွေးပင်လယ်ကြီးပင် ဖြစ်တော့သည်။

သို့သော် ဆန်းလျန်ကတော့ ပင်လယ်ထဲမှ လှိုင်းတံပိုးနှင့်မုန်တိုင်းများကို တွန်းလှန်ပစ်နိုင်မည့် သင်္ဘောကြီး တစ်စင်းနှင့် တူလေသည်။ သူသည် ကျယ်ပြန့်သော ပင်လယ်ထဲတွင် ရွက်လွှင့် ရပေလိမ့်မည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ယင်းစန်းပြည်သည် မည်မျှ စည်းလုံးညီညွတ်မှု ရှိသည်ကို အပြင်လူများပင် သိရှိနိုင် လေသည်။ ထို့ကြောင့်ပင် တိုင်းသူပြည်သားများ၏ စိတ်အာရုံ အတွေးများသည် ပင်လယ်ကြီး တစ်ခုအလား ပေါင်းစည်းနေခြင်း ဖြစ်လေသည်။ တိုင်းသူ ပြည်သားများ၏ စုပေါင်း စွမ်းအားသည် မြင့်မြတ်သည့် နတ်ဘုရားတစ်ပါး ထက်ပင် တန်ခိုးစွမ်းအား မြင့်မား နေသေးသည်။ ယင်းစန်းကို အန္တရာယ်ပြုလိုသည့် ကျင့်ကြံသူ တစ်ယောက် ရောက်လာလျှင် ပြည်သူများ၏ စိတ်အာရုံ အတွေးများထဲသို့ အရင်ဆုံး ကျရောက် သွားရမည် ဖြစ်လေသည်။ သတိမရှိ လျှင်ထိုကျင့်ကြံသူသည် အသက်ပင်ဆုံးနိုင်လေသည်။

ယခင်ကကဲ့သို့ မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဆင့်ဖြင့်သာဆိုလျှင် ဆန်းလျန်သည် ထိုမျှ ကျယ်ကျယ်ပြန့်ပြန့် သိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် ယခု ထိုက်ယီထျန်းရှန်း အဆင့် ရောက်ရှိနေပြီ ဖြစ်သည့်အတွက် သူသည် မိုးမြေနှင့် တစ်သားတည်း ကျနေလေရာ ထိုအကြောင်းအရာများ အားလုံးကို နားလည် နိုင်ခဲ့လေသည်။

ယင်းစန်းပြည်၏ မိုးကောင်းကင် မဏ္ဍိုင်ကို မဖျက်စီးနိုင်သလို ထျန်းယီကိုလည်း မည်သူမှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထိုက်ယီထျန်းရှန်း နတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန်သည်ပင် ယင်းစန်းပြည်၏ စုပေါင်းစွမ်းအားနှင့် ထျန်းယီ အကြီးအကဲ၏ ပေါင်းစည်းမှုကို အနိုင်ယူနိုင်ရန် ခက်ခဲပေလိမ့်မည်။ သူ့နေဖြင့် နှစ်ပေါင်း (၁၀၀၀၀) ကြာအောင် ကျင့်ကြံနိုင်မှသာလျှင် အနိုင်ယူနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်၏ အသက်သည် ယခုအချိန်တွင် အကန့်အသတ် မရှိတော့သည့်တိုင် အသက်ရှင်သန် နေသရွေ့ ပြဿနာများ၊ ဒုက္ခများကိုတော့ ရင်ဆိုင်ရဦးမည် ဖြစ်လေသည်။ ထိုအချက်ကတော့ ရှောင်လွှဲ မရနိုင်သည့် ကိစ္စပင် ဖြစ်လေ၏။

ထိုက်ယီထျန်းရှန်းနတ်ဘုရားသည် မသေနိုင်သည့်တိုင် မူလဝိညာဉ် ခန္ဓာမှာတော့ ဒဏ်ရာ ရရှိနိုင်သေးသည်။ ထိုသို့ ဒဏ်ရာရရှိခဲ့ပါက ပြန်လည် ကောင်းမွန်နိုင်ရန် အတွက် အစမှပြန်ပြီး ကျင့်ကြံရမည် ဖြစ်လေသည်။ ထိုအခါ နှစ်ပေါင်း များစွာ ကျင့်ကြံရန် လိုအပ်လေသည်။

ထိုအချက်များကို သိရှိသည့်တိုင် ဆန်းလျန်၏ နှလုံးသားကတော့ လှုပ်ရှားသွားခြင်း မရှိပါ။ ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်း ဆန်းလျန်၏ အတွေးများသည် ကြည်လင် ရှင်းလင်းလျက် ရှိလေသည်။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်ပါသနည်း။

ထို့ပြင် သူသည် ထိုက်ယီထျန်းရှန်း နတ်ဘုရား (၁)ပါး ဖြစ်နေသည့်တိုင် လူ့ဇာတိ ပျောက်ဆုံးခြင်း မရှိသေးပေ။ သို့သော်… ချစ်ခြင်းမုန်းခြင်းနှင့် လောဘ၊ ဒေါသ၊ မောဟ တရားများသည့် သူ၏ တာအိုနှလုံးသားကို မတုန်လှုပ် စေတော့ပါ။

မှန်ကဲ့သို့ပင် ဖြစ်လေသည်။

မှန်ထဲတွင် အရာအားလုံးသည် အရိပ်ထင် နိုင်လေသည်။ သို့သော်…. မှန်ကိုတော့ ထိုပုံရိပ်များက အကျိုးသက် ရောက်နိုင်ခြင်း မရှိပေ။

တာအိုသည် ခံစားချက်မရှိ…။ တာအိုသည် ရက်စက်ပြီး အကြင်နာတရား ကင်းလွန်းလေစွ။

ထို့ပြင် အခြားသော ထိုက်ယီထျန်းရှန်း နတ်ဘုရားများသည် ဆန်းလျန်နှင့် မတူညီနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် ဆန်းလျန်သာ ဖြစ်နေသောကြောင့်ပင်။

ဆန်းလျန်၊ အားလျန်နှင့် ကျိုယွဲ့တို့သည် ယင်းစန်းပြည်၏ လမ်းမများထက်တွင် အေးအေးဆေးဆေးပင် လမ်းလျှောက် လာကြလေသည်။

အားလျန်က သူမ၏ လင်းလက် တောက်ပနေမှုများကို ထိန်းချုပ် ထားသောကြောင့် လူအများက သူတို့ကို သတိ မပြုမိကြပေ။ ထို့ပြင် ယင်းစန်းတွင် တန်ခိုးစွမ်းအားမြင့်မားသူ များစွာ ရှိလေသည်။ ဝိညာဉ် နတ်ဘုရားများနှင့် တစ္ဆေသရဲ များပင် ရှိကြလေရာ ယင်းစန်း ပြည်သူများ အတွက် သိပ်ပြီးအဆန်း မဟုတ်တော့ပေ။ မျိုးနွယ်မတူ ရောနှောနေသည့် လူတန်းစား ပေါင်းစုံသည် တစ်ခါတလေတွင် အချင်းများကြသည့်တိုင် သဟဇာတ ဖြစ်အောင် နေကြလေ့ ရှိလေသည်။ ဝိညာဉ် နတ်ဘုရားများနှင့် တစ္ဆေသရဲများကလည်း လူသားများကို ရှောင်ရှား သွားလေ့ရှိကြလေသည်။

ထိုအချက်များကို လေ့ပြီးသည့်နောက် ယင်းစန်းသည် အလွန်စည်းကမ်း ကောင်းသည်ကို ဆန်းလျန် ဝန်ခံ လိုက်မိလေသည်။ တာ့ရှားပြည်ကို ကြည့်မည်ဆိုလျှင်တော့ တာ့ရှားပြည်က အာဏာရှင် လူမျိုးနွယ်များကို ပိုပြီး ဦးစားပေးလေ့ရှိ လေသည်။ အားကြီးသူက အားနည်းသူကို အနိုင်ယူလေ့ ရှိလေသည်။ အာဏာကတည်း အားကြီးသူများထံတွင်သာ တည်ရှိလေသည်။

အားကြီးသူက အာဏာကို ချုပ်ကိုင်ခြင်းမှာ မှားယွင်းခြင်း မရှိပါ။

အားကြီးသူက အာဏာကို ချုပ်ကိုင်ခြင်းကို “တောဘုရင်နိယျာမ” ဟု ခေါ်ဆိုလေသည်။ တောနက်ထဲတွင် အားကြီး သည့်သားရဲက အားနည်းသည့် သားရဲကို ကိုက်ဖြတ် စားသောက် အနိုင်ယူလေ့ ရှိသည်ပဲလေ။ သို့ရာတွင် “တောဘုရင်နိယျာမ” အတိုင်း ကြီးနိုင်ငယ်ညှဉ်းဝါဒကို ကျင့်သုံးမည်ဆိုပါက လူနှင့် တိရစ္ဆာန်များကြားတွင် အဘယ်မှာ ကွာခြားမှု ရှိနိုင်ပါတော့မည်နည်း။ ထိုဥပဒေသသည် အားကြီးသူများကို ကာကွယ် ပေးထားသလို အားကြီးသူများသည်လည်း ပို၍ပို၍ အားကြီး လာကြပေလိမ့်မည်။

သို့သော်… ယင်းစန်းကတော့ အားကြီးသူ၊ အားနည်းသူများ စည်းလုံး ညီညွတ်ခြင်း၏ ပေါင်းစည်းမှုကို နားလည် လက်ခံသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။

ထို့ကြောင့် ယင်းစန်းကို ဖျက်ဆီးရန်ကြိုးစားသူသည် မိစ္ဆာသာလျှင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာပင်…

နှင်းများ စတင်ကျဆင်းလာပြီး အရာအားလုံးမှာ နှင်းများဖုံးလွှမ်းကာ အဖြူရောင် ပြောင်းသွား လေသည်။

လွန်ခဲ့သည့် (၉)နှစ်ခန့်က…

အသူရာချောက်တွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်စွမ်းအားများ သိသိသာသာ များပြား လာခဲ့လေသည်။

ထို့ကြောင့် နှင်းကျသည့် အခါတွင် ဝိညာဉ်ထဲထိအောင် အေးစိမ့်သည့် ဒဏ်ကို ခံစားကြရလေသည်။ ကျင့်ကြံသူများပင်လျှင် ထိုအေးစိမ့်မှုကို ကြောက်ရွံ့ကြလေသည်။ အေးစိမ့်မှုက သူတို့၏ဝိညာဉ်များကို ဒဏ်ရာရစေပြီး နေမကောင်း ဖြစ်စေနိုင်လေသည်။

သို့ရာတွင် ဆန်းလျန်တို့ကတော့ ခရီးဆက်မြဲ ဆက်နေခဲ့လေသည်။ နှင်းများ ကျဆင်း လာခြင်းသည် ကျိုယွဲ့နှင့် အားလျန်ကို လေ့ကျင့်ပေးရန် အခွင့်ကောင်း ဖြစ်လေသည်။

သည်းခံတတ်သော ဝိညာဉ်သည် ဒုက္ခဆင်းရဲမှ လွတ်မြောက် နိုင်လေသည်။ ဘာမဟုတ်သည့် ဆင်းရဲဒုက္ခကို သည်းခံနိုင်ရန် ကျင့်ကြံသူသည် ဆင်းရဲဒုက္ခ အကြီးစားများနှင့် ကြုံတွေ့ရသည့် အခါတွင်လည်း ခံနိုင်ရည်ရှိမည် ဖြစ်လေသည်။ ထိုသို့ ကျင့်ကြံခြင်းသည် တာအိုကျင့်စဉ် မဟုတ်သည့်တိုင် လက်တွေ့ဘဝတွင် အသုံးဝင် နိုင်လေသည်။

အားလျန်သည် လူသားဘဝတုန်းက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရလေသည်။ ထို့ကြောင့် သူမသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည့် အားလျော်စွာ အအေးဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်လေသည်။

ကျိုယွဲ့ကတော့ သူမနောက်မှ လမ်းလျှောက် လာလေသည်။ ကျိုယွဲ့သည် အရည်အချင်း ရှိသူတစ်ယောက် ဖြစ်သည့်တိုင် ခံနိုင်ရည်ရှိသည့် တာအိုနှလုံးသားကို ပိုင်ဆိုင်ခြင်း မရှိပေ။

သူတို့သွားနေဆဲမှာပင် ပြဿနာက သူတို့ရှိရာသို့ ရောက်ရှိ လာလေတော့သည်။

ခါးတွင် ဘူးသီးခြောက် တစ်လုံးကို ချိတ်ဆွဲထားပြီး ကျောတွင် ဓားတစ်လက် လွယ်ထားသည့် တာအိုဆရာ တစ်ယောက် သူတို့ရှေ့သို့ရောက်လာလေသည်။

ထိုသူက သူတို့ရှေ့တွင် ပိတ်ရပ်နေပြီး သူတို့ကို ကြည့်နေလေသည်။

ထိုသူသည် အသက် (၃၀)ခန့်ရှိပုံရသည့်တိုင် သူ၏သက်တမ်းအမှန်မှာ အနှစ် (၃၀၀) ကျော်ပြီ ဖြစ်လေသည်။ သူသည် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ၏မျက်လုံးများက စူးရှတောက်ပလျက် ရှိလေ၏။

သူက….

“မိတ်ဆွေတို့… မင်းတို့ မကောင်းတာ တစ်ခုခုများ လုပ်ထားကြသလား”

“မလုပ်ထားပါဘူး”

ကျိုယွဲ့က ဖြေလိုက်လေသည်။

တာအိုဆရာက သူတို့ကို စိုက်ကြည့်နေပြီး…

“မေးရတာတော့ အားနာပါတယ်၊ မင်းတို့ (၃)ယောက်ထဲမှာ လူသားမဟုတ်တဲ့ သူတွေ ပါနေတယ်မလား”

ဆန်းလျန်က ပြုံးလိုက်ရင်း….

“တာအိုဆရာ… မင်းက ကျုပ်တို့ထဲက တစ်ယောက်ယောက်ကို မကောင်းမိစ္ဆာလို့ ထင်နေတာလား”

တာအိုဆရာက ဆန်းလျန်းကို သေသေချာချာ ကြည့်လိုက်လေသည်။

ငယ်ရွယ်သည့် တာအိုဆရာလေးမှာ ပုံမှန်ပင်ဖြစ်လင့်ကစား သူကတော့ နှစ်သက်ခြင်း မဖြစ်မိပေ။ တာအိုဆရာက ချက်ချင်းပင် မှတ်တစ်ချပ်ကို ဆွဲထုတ်လိုက်ပြီး…

“မကောင်းမိစ္ဆာဆိုတာ ရှာဖို့ခက်တယ်၊ ဒါပေမဲ့ မင်းတို့ စိတ်မရှိဘူးဆိုရင် ဒီမှန်ကို အသုံးပြုပြီး မိစ္ဆာကို ရှာချင်ပါ တယ်”

“အဲဒီလိုလုပ်ရင် ကျုပ်က ဒေါသထွက်မယ် ဆိုရင်ရော…”

ဆန်းလျန်က တုံံ့ပြန်ပြောလိုက်လေသည်။

“ကျုပ်က လူဆိုးတစ်ယောက် မဟုတ်ပါဘူး၊ ဒါကြောင့် မိတ်ဆွေလေး စိတ်မရှိပါနဲ့”

ဆန်းလျန်က…

“ဒါမှမဟုတ် အဲဒီမှန်ထဲမှာ ဘာမှမတွေ့ရရင်ရော…”

ဆန်းလျန်၏စကားကြောင့် တာအိုဆရာမှာ အံ့အားသင့်သွားရလေသည်။

သူက ရည်ရွယ်ချက်ကောင်းကောင်းဖြင့် မကောင်းမိစ္ဆာကို ရှာဖွေနေသူ ဖြစ်လေသည်။ ထို့ကြောင့် မှန်ထဲတွင် ဘာမှမပေါ်ပါက သူ၏ မှားယွင်းတွက်ချက်မိခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော်… ဆန်းလျန်၏ အသံကို နားထောင် ရသည်မှာ သူက တစ်ခုခု အမှားလုပ်ထားသကဲ့သို့ ခံစား လိုက်ရလေသည်။

သူက ယခုကဲ့သို့ လုပ်ဆောင်ရသည့်တိုင် စိတ်ထားကောင်းသူ တစ်ယောက် ဖြစ်လေသည်။ သို့သော်… သူက လူအများကြားတွင် နတ်မိစ္ဆာများ ရောနှောနေသည်ကို သိပ်ပြီး သဘောကျသူ မဟုတ်ပေ။

“ဒါဆို မင်းက ဘာများဖြစ်ချင်တာလဲ”

ဆန်းလျန်က …

“ရာသီဥတုကလည်း အေးတယ်၊ မှန်ကလည်း အလုပ်မဖြစ်ဘူး ဆိုရင် မင်းက သေရည်အပြည့် ထည့်ထားတဲ့ အဲဒီ ဘူးသီးခြောက်ကို ကျုပ်တို့ကို ပေးရမယ်… ဘယ်လိုလဲ”

ဘူးသီးခြောက်ထဲတွင် ကျင့်စဉ် သေရည်များ ရှိနေသည်ကို လူငယ်လေးက သိရှိနေသည့် အတွက် တာအိုဆရာသည် ကြိတ်ပြီး ကျိန်ဆဲ လိုက်မိလေတော့သည်။

***

All Chapters