← Chapters

အသူရာယင်မိစ္ဆာကျင့်စဉ်

Vol. 7 Ch. 606

အသူရာယင်မိစ္ဆာကျင့်စဉ်

Vol. 7 Ch. 606

အဖိုးတန်လွန်းသည့် ကျင့်စဉ်သေရည် အကြောင်းကို လူတိုင်း သိရှိကြလေသည်။ ကျင့်စဉ် သေရည်သည် ရှားပါးရုံ သာမက ကျင့်ကြံသူများ အတွက်လည်း များစွာ အဖိုးတန်လေသည်။ ယင်းစန်း နန်းတော်ထဲတွင်ပင် ထိုအရက်ကို အဖိုးတန် ပစ္စည်းတစ်ခု အဖြစ် သတ်မှတ် ထားလေသည်။

ဆန်းလျန်က ထိုကဲ့သို့ အဖိုးတန်လွန်းသည့် ကျင့်စဉ်သေရည်ကို အစေခံနှင့် တပည့်များကိုပင် မျှဝေပြီး သောက်စေခဲ့ ခြင်းမှာ အလွန်မှ ရက်ရောလွန်းသည် သာမက သူကိုယ်တိုင်လည်း ထိုအရက်သည် မလိုအပ်သောကြောင့် ဖြစ်နိုင်လေသည်။

“ကျုပ်က ရွှမ်ကျန်းကျောင်းတော်က ချန်စန်းကျီပါ၊ မိတ်ဆွေကရော ဘယ်ဂိုဏ်းမှာ ပညာသင်ယူခဲ့တဲ့ ကျင့်ကြံသူလဲ မသိဘူး၊ ကြည့်ရတာ ကျုပ်တို့ တစ်ခုခု ပတ်သက် နေတယ်လို့ ခံစားမိတယ်”

တာအိုဆရာသည် ဆန်းလျန်ကို လေးစားသွားမိသည့် နောက်ပိုင်း သူ့အကြောင်းများကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြော လာလေသည်။

ချန်စန်းကျီကဲ့သို့သော နတ်ဘုရားတစ်ပါးသည် ကောက်ကျစ်သည့် လှည့်ကွက် များကိုတော့ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ဆန်းလျန်က တစ်ချက် စဉ်းစား လိုက်မိလေသည်။

ထို့ကြောင့် သူက ပြုံးလိုက်ရင်း…

“ကျုပ်က ဆန်းလျန်ပါ”

ဆန်းလျန်ဆိုသည့် အမည်ကို ကြားသည်နှင့် ချန်စန်းကျီ၏ စိတ်ထဲတွင် ကြားဖူးနေသလို ခံစားလိုက်ရပြီးမှ သူ၏ မျက်နှာ အမူအရာသည် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

ချန်စန်းကျီက  ထိတ်လန့်တခြား လေသံဖြင့်….

“ခင်ဗျားက… သူတော်စင်ချင်းရွှမ်လား”

“ကျုပ်က နောက်နေတယ်လို့ ခင်ဗျားက ထင်နေတာလား"

ချန်စန်းကျီ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ဘယ်သူကများ သူတော်စင်ချင်းရွှမ်ဆိုပြီး ဟန်ဆောင်ရဲမှာလဲဗျာ၊ ခင်ဗျားရဲ့ တပည့်တွေကို မကောင်းမိစ္ဆာ ဖြစ်မယ်လို့ သံသယဝင်မိလို့ ကျုပ်တော့ ကျင့်စဉ် သေရည် ဆုံးရှုံးခဲ့ရပြီ”

ချန်စန်းကျီသည် သူ၏ရင်ထဲမှ အံ့သြထိတ်လန့် နေမှုများကို စကားလုံးဖြင့်ပင် မဖော်ပြနိုင်ခဲ့ပေ။

အလွန်မှ တည်ငြိမ်သည့် သူ၏ တာအိုနှလုံးသားတွင် ယခုတော့ လှိုင်းဂယက်များ ထလျက် ရှိချေပြီ။ ရွှမ်ကျန်း ကျောင်းတော်မှ ဆရာသခင် (၇)ပါးထဲတွင် (၁)ပါး အပါအဝင် ဖြစ်သည့် လောကနတ်ဘုရား ချန်စန်းကျီ အနေဖြင့် ဆန်းလျန်ကို မသိဘဲ အဘယ်မှာ ရှိပါမည်နည်း။ ဆန်းလျန် ဆိုသည်က စစ်မှန်ပြီး အမှန်တကယ်တည်ရှိနေသည့် မိုးကောင်းကင် နတ်ဘုရား တစ်ပါးပင်ဖြစ်သည် မဟုတ်ပါလား။

သူကဲ့သို့သော လောကနတ်ဘုရား တစ်ပါးအနေဖြင့် ဆန်းလျန်ကဲ့သို့သော အဆင့်မျိုး ရောက်ရှိရန် အမြဲတမ်း ကြိုးစား အားထုတ် နေခဲ့ရလေသည်။

ချန်စန်းကျီ၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်သွားလေသည်။

လက်ရှိအချိန်တွင် အသူရာချောက်တွင် (၃)ပိုင်းကွဲနေသည် ဆိုသည့်အချက်ကို လူတိုင်း သိကြလေသည်။

တာ့ရှားနှင့် ယင်းစန်းသည် အဆင်မပြေကြပေ။

ထို့ပြင် ယင်းစန်းပြည်၏ တိုင်းပြည် အကြံပေး ဝမ်ကျုန်းက မိုးကြိုးနတ်ဘုရား အဖြစ် အသွင်ပြောင်းကာ ဆန်းချင်းရွှမ်ကို အပြစ်ပေးရန် ကြိုးစားခဲ့သည့် အတွက် ဝမ်ကျုန်းနှင့် ဆန်းလျန်၏ ဆက်ဆံရေးမှာလည်း ကောင်းလှသည် မဟုတ်ပေ။

ယခုတော့ ဆန်းလျန်သည် ယင်းစန်းပြည်သို့ လူမသိသူမသိ ဝင်လာခဲ့လေသည်။

ထိုသို့ ဝင်လာနိုင်သည်မှာလည်း သူ၏အစွမ်းအဆ မသေးသောကြောင့် ဖြစ်လေ၏။ သို့သော် ဆန်းလျန်က သူ၏ အမည်မှန်ကို ထုတ်ပြောပြ လာခဲ့လေပြီ။

သူက ဆန်းလျန် ယင်းစန်းဒေသသို့ ရောက်နေသည်ကို မသိချင်ယောင်ဆောင် နေခဲ့ပါလျှင် သူ့အနေဖြင့် ယင်းစန်းပြည်တွင် ရပ်တည်နေသည့် ရွှမ်ကျန်းကျောင်းတော်သည် ဆက်လက် ရပ်တည်နိုင်မည် မဟုတ်တော့ပေ။

ချန်စန်းကျီက လောကီရေးရာများတွင် ပတ်သက်လိုခြင်း မရှိဘဲ စိတ်ထားတည်ငြိမ်သူ တစ်ယောက် ဖြစ်လေသည်။

သို့သော် ရွှမ်ကျန်းကျောင်းတော်၏ ရှေ့ရေးကိုတော့ ဂရုမစိုက်ဘဲ လျစ်လျူရှု၍ မဖြစ်ပါ။ ရွှမ်ကျန်းကျောင်းတော်တွင် တပည့်များ များစွာ ရှိနေသေးသည်။ ထို့ကြောင့် ချန်စန်းကျီမှာ မည်သို့ ပြုလုပ်ရမည်ကို ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေရတော့သည်။ သူသည် ဆန်းလျန် မည်သူမည်ဝါ ဖြစ်သည်ကို မေးလိုက်မိခြင်း အတွက် နောင်တပင် ရနေမိတော့သည်။ သူမမေးလျှင်တော့ ဆန်းလျန်သည်လည်း ဖြေမည် မဟုတ်ပေ။

ဆန်းလျန်က…

“ဒီမိန်းကလေးက အားလျန်လို့ ခေါ်ပါတယ်၊ သူမက ရှန်လမ်းစဉ်ကို ကျင့်ကြံနေတဲ့ သူပါ၊ ဒီကလေးကတော့ ကျိုယွဲ့ လို့ခေါ်တယ်၊ အသွင်ပြောင်းထားတဲ့ လိပ်ပြာနတ်မိစ္ဆာပေါ့၊ မင်းတို့တွေ ကျင့်စဉ်သေရည်ကို သောက်ထားတဲ့ အတွက် နတ်ဘုရား ချန်စန်းကျီကို အမြန်ကျေးဇူး တင်လိုက်ကြ၊ သူ့ အရက်က မင်းတို့တွေ နောက် (၃)နှစ်ကနေ (၅)နှစ်အထိ ကျင့်ကြံမှ ရနိုင်မယ့် တန်ခိုးစွမ်းအားမျိုးကို ပေးထားတာ”

အားလျန်နှင့် ကျိုယွဲ့က ချန်စန်းကျီကို ချက်ချင်းပင် ဦးညွှတ် ဂါရဝ ပြုလိုက်ကြလေသည်။

ချန်စန်းကျီမှာ သူ့ကို ဂါရဝပြုနေသည့် အားလျန်နှင့် ကျိုယွဲ့ကို အရေးမစိုက်နိုင်ပါ။

“အခုတော့ ကျုပ်ဘာလုပ်ရတော့မလဲဗျာ…”

ဟုသာ ဆန်းလျန်ကို မေးလိုက်လေသည်။

ဆန်းလျန်က…

“ခင်ဗျားလည်း စိတ်ဓာတ် တည်ကြည်တဲ့ နတ်ဘုရား တစ်ပါးပဲဗျာ၊ ခင်ဗျားစိတ်ထဲ ရှိတဲ့အတိုင်း လုပ်ပေါ့၊ ဘာဖြစ်လို့ ဆန်းလျန်ကို မေးနေရတာလဲ”

သူ့ဘဝတစ်လျှောက်လုံးတွင် ယနေ့လောက် သက်ပြင်းများ ထပ်ခါချရင်း စဉ်းစားရ ကြပ်သည့်နေ့မျိုး မရှိခဲ့ဖူးပေ။

သူ့ရှေ့မှ ချင်းရွှမ်ဆိုသူသည် အလွန်မှ ခန့်မှန်းရခက်သူ ဖြစ်လေသည်။

“လောကပထမသူတော်စင် (၃) ပါးတွင် ချင်းရွှမ်မှာ အတော်ဆုံး ဖြစ်သည်” ဆိုသည့် စကားသည် အလကား မဟုတ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ ဖြစ်လေသည်။

ယခင်အချိန်များကတော့ ချန်စန်းကျီသည် ဆန်းလျန်အပေါ်တွင် သံသယ ရှိခဲ့သည့်တိုင် ယခုတော့ အလွန်မှ လေးစားမိပြီ ဖြစ်လေသည်။

“ကျုပ်ကို ကူညီပေးဖို့ပဲ ပြောချင်ပါတယ်”

ချန်စန်းကျီက ပြောလိုက်လေသည်။

ဆန်းလျန်က…

“ဒီကနေဆိုရင် ကျောက်ကဲမြို့တော်ကို သိပ်မဝေးတော့ဘူး မဟုတ်လား၊ အဲဒီမှာဆိုရင် နတ်ဘုရားတွေတောင် အနေအထိုင် ဆင်ခြင်ကြတယ်၊ အခု အတင့်ရဲပြီး ရွာသားတွေကို ဖမ်းခေါ်သွားတဲ့ နတ်မိစ္ဆာက ဘယ်လို နတ်မိစ္ဆာမျိုး လဲဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်”

ချန်စန်းကျီက…

“ကျုပ်လည်း အဲဒါကိုပဲ စဉ်းစားနေတာ၊ သာမန်တောင်စောင့် နတ်ငယ်လေးတွေကတော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဒီလိုအလုပ်မျိုး လုပ်ရဲကြမှာ မဟုတ်ဘူး၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်သွားလဲဆိုတာ စဉ်းစားလို့ တောင်မရဘူး၊ ဒါပေမဲ့ အဲဒီနတ်မိစ္ဆာကို ကြည့်ရတာ တော်တော်တော့ အစွမ်းထက်ပုံ ရတယ်၊ သာမန်တော့ မဟုတ်လောက်ဘူး”

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“ခန့်မှန်းနေရုံနဲ့တော့ အဖြေထွက်မှာ မဟုတ်ဘူး၊ ကျုပ် ဂါထာသုံးပြီး အတိတ်ကို ကြည့်လိုက်မယ်”

“ဘယ်လိုဂါထာမျိုးကို သုံးမှာလဲ…”

ချန်စန်းကျီက မေးလိုက်လေသည်။

ဆန်းလျန်က…

“လောကလောဆယ်မှာ ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့် နည်းနည်း တက်ထားတယ်၊ ဒါကြောင့် ကျုပ်ရဲ့ ဆရာသခင်တွေ သင်ကြားပေးခဲ့တဲ့ ယွမ်ကွမ်းခြေရာခံဂါထာကို အသုံးပြုနိုင်နေပါပြီ၊ ခင်ဗျားလည်း စစ်မှန်တဲ့ တာအိုကျင့်ကြံသူ တစ်ယောက်ပဲ၊ ဒီဂါထာ အကြောင်းကို ကြားဖူးမှာပါ"

ဆန်းလျန်၏ စကားကြောင့် ချန်စန်းကျီမှာ ထပ်ပြီး အံ့သြ သွားရပြန်လေသည်။

ဆန်းချင်းရွှမ်သည် ယွမ်ကွမ်းခြေရာခံ ဂါထာကို အသုံးပြုနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။ ယွမ်ကွမ်း ခြေရာခံဂါထာသည် သူတို့ဂိုဏ်းရှိ သန့်စင်သည့် ယန်အမွေ ဆက်ခံခြင်း နေရာတွင် မှတ်တမ်းတင် ရေးသား ထားသည့် ဂါထာတစ်ပုဒ် ဖြစ်လေသည်။ သို့သော်… ထိုဂါထာကို မည်သူမှ အသုံးမပြုနိုင်ကြပေ။

ထိုဂါထာသည် အချိန်ကို နောက်ပြန်လှည့်နိုင်ပြီး အတိတ်မှ အဖြစ်အပျက်များကို သိမြင်နိုင်သည့် ဂါထာ ဖြစ်လေသည်။ ဂါထာ၏ အချိန်ကို နောက်ပြန်လှည့် နိုင်စွမ်းသည် ဂါထာကို အသုံးပြုသူ၏ တန်ခိုးစွမ်းအား အပေါ်တွင်လည်း မူတည်လေသည်။

ပြောကြသည်မှာတော့ နတ်ဘုရားတစ်ပါးသည် ထိုဂါထာကို အသုံးပြုမည်ဆိုလျှင် အတိတ်အချိန် နှစ်ပေါင်း (၅၀၀)နှင့် အနာဂတ်အချိန် နှစ်ပေါင်း (၅၀၀)ကို သိမြင်နိုင်မည်ဟု အဆို ရှိကြလေသည်။ သို့သော် နှစ်ပေါင်း (၅၀၀) ဆိုသည့်တိုင် အရေးကြီးသည့် အတိတ် အချိန်များနှင့် ထူးခြားသည့် အနာဂတ်များကိုသာ ခပ်ရေးရေး မြင်တွေ့ကြရခြင်း ဖြစ်လေသည်။ ထို့ကြောင့် ထိုဂါထာကိုအသုံးပြုသည့်တိုင် မည်သည့် အကြောင်းအရာကိုမှ တိတိကျကျ ရေရေရာရာ သိရှိနိုင်ခဲ့ခြင်း မရှိကြပေ။

သို့သော် ယွမ်ကွမ်းခြေရာခံ ဂါထာသည် ရှေးခေတ် အချိန်အခါကပင် အတိတ်ကို ခြေရာခံသည့်နေရာတွင် အဆင့်မြင့်လွန်းသည့် ဂါထာတစ်ပုဒ် အဖြစ် အားလုံးက အသိအမှတ် ပြုထားကြလေသည်။

သို့သော် ဒဏ္ဍာရီထဲတွင်ပင် ထိုဂါထာကို တတ်မြောက် ထားသည့်သူ သိပ်ပြီးမရှိကြပေ။ ယွမ်ကျွင်းဧကရီနှင့် သွေးနီရောင် ပင်လယ်ထဲမှ ဘုန်းတော်ကြီးပြီးလျှင် ထိုဂါထာကို အသုံးပြုနိုင်သူ မရှိပေ။

ယခုတော့ ဆန်းလျန်က ထိုဂါထာကို အသုံးပြုတော့မည် ဖြစ်လေသည်။ ထိုသတင်းသာ တာ့ရှားပြည်နှင့် ယင်းစန်းပြည်မှ လူအများသိသွားကြလျှင်တော့ အားလုံးမှာ စိတ်ပူကုန်ကြမည် ဖြစ်လေသည်။

ချန်စန်းကျီ အတွေးနက် နေဆဲမှာပင် ဆန်းလျန်က ထူးဆန်းသည့် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ဂါထာကို စတင်ရွတ်ဖတ် လိုက်လေသည်။

နေဝင်သွားပြီဖြစ်ပြီး လရောင်သည် အရှေ့ဆီမှ ထွန်းလင်းစွာ ထွက်ပေါ်လာပြီ ဖြစ်လေသည်။

လေထဲတွင် ဆန်းလျန်၏ ကြည်လင်သည့် ဂါထာရွတ်ဖတ်သံကို ကြားနေရသည်။

ရွာကိုကွေ့ပတ် စီးဆင်းနေသည့် ရေများသည် အပေါ်သို့ ဆန်တက် လာကြလေသည်။

ရေစီးဆင်းပုံ ပြောင်းလဲသွားခြင်း မဟုတ်ပါ။ ဆန်းလျန် ရွတ်ဖတ်လိုက်သည့် ဂါထာကြောင့် အချိန် နောက်ပြန် ဆုတ်သွားခြင်းသာ ဖြစ်လေသည်။ ဆန်းလျန်၏ မျက်ခုံးနှစ်ခု အလယ်မှ အနီရောင်ပြဒါးရှင်သည် တောက်ပ လင်းလက် လာလေသည်။ ဂါထာကို ရွတ်ဖတ်ရသည်မှာ မလွယ်ကူကြောင်း ထင်ရှားပြသနေခြင်းပင်။

အမှန်တော့ ဆန်းလျန်သည် အချိန်နှင့်နေရာကို ဖြတ်ကျော်နိုင်စွမ်း ရှိသည့် လမင်းရောင်ခြည် ကျင့်စဉ်ကိုသာ သိရှိ ထားခြင်းမရှိလျှင် ယွမ်ကွမ်းခြေရာခံ ဂါထာကို အသုံးပြုနိုင်မည် မဟုတ်ပေ။

ပတ်ဝန်းကျင်တွင် အလင်းရောင် ထွက်ပေါ်လာပြီး အလင်းရောင်ထဲတွင် အလင်းတန်းတစ်ခုက လှည့်ပတ် နေလေသည်။ ထို့နောက် အတိတ်ဆီမှ ပုံရိပ်များကို ပြန်လည် တွေ့မြင် ရလေတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် နှင်းများ ကျဆင်းနေလေသည်။

ရွာသားများသည် ညစာအတွက် ချက်ပြုတ် ပြင်ဆင်နေကြသည်။ ထို့ကြောင့် အိမ်များဆီမှ မီးခိုးငွေ့များ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။ ရုတ်တရက် လေပြင်တစ်ချက် တိုက်ခတ်လာပြီး အနက်ရောင် မြူခိုးများက ရွာတစ်ရွာလုံးကို ဖုံးလွှမ်း သွားလေတာ့သည်။

ခဏအကြာတွင်တော့ …

အနက်ရောင် မြူခိုးများသည် မြောက်ဘက်ဆီသို့ လှိုင်းလုံးကြီး တစ်ခုအလား ရွေ့လျားသွားပြီး ရွာထဲမှ လူသားအားလုံး ပျောက်ကွယ် သွားကြလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချန်စန်းကျီမှာ ကြက်သေ သေသွားရလေသည်။

“ကျုပ်ထင်တာမမှားဘူးဆိုရင် ဒီအနက်ရောင် မြူခိုးတွေက အသူရာယင် မိစ္ဆာတန်ခိုး စွမ်းအားပဲ၊ ဒီလိုမိစ္ဆာ ကျင့်စဉ်မျိုးကို ကျင့်ကြံထားသူ ရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

ဆန်းလျန်က…

“ဒီကျင့်စဉ်နာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ အဲဒီကျင့်စဉ်က သွေးနီရောင် ပင်လယ်ထဲက အသူရာဂိုဏ်းနဲ့ ဆက်စပ် နေသလား”

ချန်စန်းကျီက…

“အဲဒီ ကျင့်စဉ်ပညာက သွေးနီရောင်ပင်လယ်နဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ ရပါတယ်၊ ဟိုးအရင်တုန်းက တိကျန် ဗောဓိသကျ အသူရာချောက်ကို ရောက်လာတဲ့ အချိန်မှာ သူ့ဆီက တရားဓမ္မကို နာယူခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ အများကြီး ရှိခဲ့တယ်၊ ပြီးတော့ တိကျန်ဗောဓိသကျနဲ့ သွေးနီရောင် ပင်လယ်ထဲက အသူရာဂိုဏ်းနဲ့ ပြဿနာ တက်ကြတဲ့အခါ တိကျန်ဗောဓိသကျရဲ့ တပည့်ဘုန်းတော်ကြီး တစ်ပါးဟာ အသူရာဂိုဏ်းနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့တယ်၊ အဲဒီတိုက်ပွဲ အတွင်းမှာပဲ အဲဒီဘုန်းတော်ကြီးဟာ အဲဒီကျင့်စဉ်ကို သိမြင်ခဲ့တယ်၊ အဲဒီကျင့်စဉ်မှာ အဆင့် (၉)ဆင့် ရှိတယ်လို့တော့ ကြားဖူးတယ်၊ အမြင့်ဆုံးအဆင့်ကို အောင်မြင်သွားရင်တော့ အသူရာ ချောက်ကိုးထပ်နဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီး ဘယ်သူကမှ တွန်းလှန်နိုင်မှာ မဟုတ်တော့ဘူး”

***

All Chapters