အခန်း (၁၆၂)
Vol. 17 Ch. 162
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၆၂)
နောက်တစ်နေ့ ကျင်းယန်မြို့မှ သုံးမိုင်အကွာတွင် အင်အားကြီးမားသော ချင်စစ်တပ်က တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြသည်။ ကျင်းယန်မြို့၏ အရှေ့ဘက်တွင် စစ်သည်နှစ်သောင်းဝန်းကျင်ရှိသော ကျောက်စစ်တပ်က တပ်စွဲထားပြီး ချင်စစ်တပ်ကို ခုခံရန် ချိုပုံသဏ္ဍန်ခံစစ်ကို ပြင်ထားကြသည်။
" ချင်စစ်တပ်က မြို့ကို တိုက်ဖို့ အစီအစဉ်ရှိပုံမရဘူး။ " ယန်ကျူးက ချင်တပ်ဖွဲ့များကို ကြည့်ပြီး ပြောလိုက်သည်။
" ချင်စစ်တပ်က အခုအချိန်မှာ တိုက်ရဲဦးမှာမဟုတ်ဘူး။ " လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။ " စစ်သေနာပတိချုပ် လျန်ပိုက မြို့ရဲ့ အရှေ့ဘက်မှာ ရှိနေတော့ ချင်စစ်တပ်သာ တိုက်ခဲ့ရင် သူက ရုတ်တရက် ဝင်တိုက်မှာပဲ။ အခုအချိန်ထိ သူက ကျောက်နိုင်ငံအတွက် စဉ်းစားနေတုန်းပဲ။ "
၎င်းကို ကြားသောအခါ ယန့ကျူးက ဘေးသို့ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောသကဲ့သို့ ထိုစကားကို ထောက်ခံခြင်းလည်းမရှိပေ။
" ချင်စစ်တပ်က အစွမ်းထက်တယ်။ မြို့ရဲ့ ခံစစ်ကို အသင့်ပြင်ထားကြ။ " ယန်ကျူးက လေးနက်စွာ ပြောလိုက်သည်။ " ဝမ်ကျန့်က ချင်နိုင်ငံရဲ့ ကြောက်စရာကောင်းတဲ့ စစ်သေနာပတိချုပ်ပဲ။ သူကိုယ်တိုင်ကွပ်ကဲနေတော့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာမှာ သေချာတယ်။ "
ယန်ကျူးက လျန်ပိုကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်သောအခါ အနီးမှ ကျောက်တပ်မှူးတစ်ယောက်က မနေနို်တော့ဘဲ ပြောလိုက်သည်။
" စစ်သူကြီး ကျွန်တော်တို့ စစ်သေနာပတိချုပ် လျန်ပိုနဲ့ သူ့လူတွေကို တကယ်ပဲ မြို့ထဲပေးမဝင်တော့ဘူးလား။ ချင်စစ်တပ်က အင်အားသိန်းချီရှိတယ်။ ချင်စစ်တပ်က စစ်သေနာပတိချုပ်လျန်ပိုကို ဘေးကနေဝင်တိုက်ရင် သူတို့ ခံနိုင်မှာမဟုတ်ဘူး။ ဒါက သူတို့ကို သေတွင်းထဲပို့လိုက်တာပဲ။ "
" ဟုတ်တယ် စစ်သူကြီး။ စစ်သေနာပတိချုပ် လျန်ပိုက ကျောက်နိုင်ငံအပေါ် လုံးဝသစ္စာရှိပါတယ်။ ချင်စစ်တပ်ရဲ့ လက်ထဲမှာ သူအသေခံတာကို ကျွန်တော်တို့ တကယ်ပဲ ထိုင်ကြည့်နေတော့မှာလား။ သူက ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကထောက်တိုင်တစ်ခုပဲ။ ကျေးဇူးပြုပြီး စစ်သေနာပတိချုပ် လျန်ပိုကို မြို့ထဲဝင်ခွင့်ပြုလိုက်ပါ။ "
အခြားတပ်မှူးများကလည်း လျန်ပိုကို မြို့ထဲပေးဝင်ရန် တောင်းပန်လိုက်ကြသည်။ ၎င်းက လျန်ပို၏ အရှိန်အဝါ မည်မျှကြီးမားသည်ကို ပြသနေသည်။ သို့သော် တပ်မှူးများ၏ တောင်းဆိုမှုများကို ကြားသောအခါ ယန်ကျူးက ဒေါသထွက်သွားသည်။
" မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။
" စစ်သူကြီး..." ကျောက်တပ်မှူးများက ယန်ကျူးကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။
" စစ်သေနာပတိချုပ်လျန်ပိုက ကျောက်နိုင်ငံအပေါ် သစ္စာရှိတာဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ့ကို မြို့ထဲပေးမဝင်တာက ငါ့ဆန္ဒမဟုတ်ဘူး။ အဲ့ဒါ အရှင်မင်းကြီးရဲ့ အမိန့်ပဲ။ ဒါအပြင် လျန်ပိုက ဒီအခြေအနေကို သူ့ဘာသာဖန်တီးခဲ့တာ။ သူ့ရဲ့ နောက်ဆုံးစာသာ မရှိခဲ့ရင် သူသာ ခေါင်းမမာခဲ့ရင် ဒီကိစ္စက ဘယ်လိုလုပ်လူတိုင်းသိသွားမှာလဲ။ "
" အခု ကျောက်နိုင်ငံတစ်ခုလုံးက ချင်နိုင်ငံကို မုန်းတီးနေကြပြီ။ တကယ်လို့ လျန်ပို အသက်ရှင်နေရင် ကျောက်နိုင်ငံရဲ့ စစ်သည်တွေနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေက ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့်..." ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။ " ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် လျန်ပိုက သေကို သေရမှာပဲ။ "
ယန်ကျူး၏ စကားများကို ကြားသောအခါ တပ်မှူးများ၏ မျက်နှာတွင် ဝမ်းနည်းမှုများ ထင်ဟပ်လာသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဘာမှမတတ်နိုင်ကြပေ။
" တော်ပြီ။ မြို့ခံစစ်ကို ပြင်ဆင်ပြီး အစွမ်းကုန် ခုခံကြ။ သွားကြတော့။ "ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်တပ်မှူးများက ဆုတ်ခွာသွားကြသည်။
ယန်ကျူးက မြို့ရိုးပေါ်တွင် ရပ်ပြီး လျန်ပိုတပ်စွဲထားသော နေရာသို့ ကြည့်လိုက်ကြသည်။
" လျန်ပို မင်းက အရမ်းအိုနေပြီ။ အရင်ကတည်းက သေခဲ့သင့်တာ။ မင်းမသေရင် အရှင်းကြီးက ကျောက်နိုင်ငံကို ဘယ်လိုလုပ် အမှန်တကယ် ထိန်းချုပ်နိုင်မှာလဲ။ မင်းမသေရင် ကျောက်ယိက အရှင်မင်းကြီးအပေါ် ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေဦးမှာပဲ။ မင်းမသေရင် ကျောက်နိုင်ငံမှာ ထူးချွန်တဲ့ စစ်သေနာပတိချုပ်တွေ ဘယ်လိုလုပ် ထွက်ပေါ်နိုင်မှာလဲ။ "
" အရှင်မင်းကြီးက ငါ့အပေါ် အများကြီး ယုံကြည်ထားတယ်။ ငါသူ့ကို စိတ်ပျက်အောင် လုပ်လို့မရဘူး။ ဒိတိုက်ပွဲပြီးလို့ ချင်စစ်တပ်ကို မောင်းထုတ်ပြီးတာနဲ့ ငါ ယန်ကျူးရဲ့ နာမည်က တစ်ကမ္ဘာလုံး ကျော်ကြားသွားလိမ့်မယ်။ "
ချင်စခန်း။
" စစ်သေနာပတိချုပ် ကျွန်တော် သူတို့ကို စမ်းသပ်ပြီးပါပြီ။ " ယန်တွမ်ဟီု လေးနက်စွာ ပြောလိုက်သည်။ " ကျင်းယန်မြို့ရဲ့ မြို့တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ သူတို့က လျန်ပိုကို စစ်ကူပေးဖို့ အစီအစဉ်မရှိဘူး။ စစ်သေနာပတိချုပ်ပြောခဲ့သလိုပဲ ကျောက်ဘုရင်က လျန်ပိုကို အသေခံဖို့ ဆုံးဖြတ်ထားတယ်။ "
" ဝမ်ပင်းက လျန်ပိုရဲ့ နောက်ကျောဘက်ကို ပိတ်မိဖို့ ဘယ်နှစ်ရက်လိုသေးလဲ။ "ဝမ်ကျန့်က မေးလိုက်သည်။
" သူ ခြောက်ရက်အတွင်း ရောက်လာပါလိမ့်မယ်။ " ယန်တွမ်ဟီက ပြန်ဖြေလိုက်သည်။
" ခြောက်ရက်ကြာရင် ကျင်းယန်မြို့ကို တိုက်မယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " မင်းက မင်းရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး တိုက်စစ်ဖွင့်ရမယ်။ ဝမ်ပင်းက လျန်ပိုကို ချေမှုန်းပြီးတာနဲ့ အင်အားချင်းပူးပေါင်းပြီး တံခါးနှစ်ပေါက်ကနေ ကျင်းယန်မြို့ကို တိုက်ခိုက်ကြမယ်။ "
" နားလည်ပါပြီ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ပြောလိုက်သည်။
ဝမ်ကျန့်က ဗျူဟာခင်းနေစဉ် ဝေနိုင်ငံ က်မှ ကျောက်နိုင်ငံဆီသို့ စစ်တပ်ကြီးတစ်ခု တိတ်တဆိတ် ချီတက်လာနေသည်ကို သူရော လျန်ပိုရော မသိကြသေးပေ။ လင်းချန်မြို့၏ မြောက်ဘက်တွင် ဝေနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကျင်းယန်ဒေသရှိသည်။
သို့သော် နိုင်ငံနှစ်ခုကြားမှ မဟာမိတ်စာချုပ်ကြောင့် ထိုနေရာတွင် နယ်ခြားစောင့်တပ်များ တပ်စွဲထားခြင်းမရှိပေ။ ထို့အပြင် ဝေဝူကျိက လင်းချန်းမြို့ကို ကာကွယ်ရန် စစ်သည်များ စုဆောင်းနေချိန်တွင် ကျောက်နိုင်ငံကို အသိပေးခဲ့သောကြောင့် သူတို့က ထိုနေရာကို ဂရုမစိုက်ခဲ့ကြပေ။
" စစ်သေနာပတိချုပ် ချင်စစ်တပ်က မြို့ကို အခုထိ မတိုက်သေးဘူး။ သူတို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီထင်တယ်။ " ကျောက်စစ်သူကြီးတစ်ယောက်က လျန်ပိုကို အစီရင်ခံလိုက်သည်။
" ဝမ်ကျန့်က အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်တစ်ယောက်ပဲ။ သူသိတာပေါ့။ ငါ့အထင် သူက မြို့ကို မတိုက်ခင် ငါတို့ကို အရင်ရှင်းဖို့ တပ်ဖွဲ့တွေကို ခွဲထုတ်ပြီး လွှတ်လိုက်ပြီထင်တယ်။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။
" ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ချင်စစ်တပ်က လာတိုက်မှာကို စောင့်နေရမှာလား။ " ကျောက်စစ်သူကြီးက စိုးရိမ်စွာ ပြောလိုက်သည်။
" ခံစစ်နဲ့ တုန့်ပြန်တာကလွဲရင် ငါတို့စစ်တပ်မှာ အခြားရွေးချယ်စရာမရှိဘူး။ " လျန်ပိုက သက်ပြင်းချလိုက်သည်။
" အစီရင်ခံပါတယ်။ ကျွန်တော်တို့ ကင်းထောက်တွေက တောင်ဘက်မှာ အနည်းဆံငး သောင်းနဲ့ချီတဲ့ ချင်စစ်သည်တွေကို တွေ့လိုက်ရပါတယ်။ " ကင်းထောက်တစ်ယောက်က ပြေးဝင်လာပြီး ပြောလိုက်သည်။
" တောင်ဘက်မှာ ချင်တပ်ဖွဲ့တွေ တွေ့တယ်ဟုတ်လား။ " လျန်ပို၏ အမူအရာက ပြောင်းလဲသွားသည်။ သူက တဲထဲမှ မြေပုံဆီသို့ သွားပြီး ကျင်းယန်မြို့၏ တည်နေရာကို ရှာပြီး တောင်ဘက်ကို ကြည့်လိုက်သည်။
" ဝမ်ကျန့်ရဲ့ ကွပ်ကဲမှုအောက်မှာ အဓိကတပ်မ နှစ်ခုရှိသင့်တာ။ သူတို့က ချွီယန်နဲ့ အောက်ချွီယန်ကို ထိုးဖောက်တုန်းက လမ်းကြောင်းနှစ်ခု ခွဲပြီး ချီတက်လာတာပဲ။ သူတို့ ပတ်လာရင်တောင် အချိန်ယူရလိမ့်မယ်။ တောင်ဘက်က လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ " လျန်ပိုက လေးနက်စွာ ပြောလိုက်သည်။
" ဒါဆို စစ်သေနာပတိချုပ်ဆိုလိုတာက ချင်စစ်တပ်က တောင်ဘက်ကနေ လာတိုက်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒါဆို ဒီတပ်ဖွဲ့က ဝမ်ကျန့်ရဲ့ လက်အောက်က တပ်ဖွဲ့မဟုတ်ဘူးလား။ " ကျောက်စစ်သူကြီးက မေးလိုက်သည်။
" ဝမ်ကျန့်ရဲ့ ကွပ်ကဲမှုအောက်က မဟုတ်ဘူးလား။ " လျန်ပို၏ အကြည့်က မြေပုံပေါ်မှ လင်းချန်းမြို့ပေါ်တွင် ရပ်တန့်သွားသည်။ ထို့နောက် သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ " မကောင်းတော့ဘူး။ "
" စစ်သေနာပတိချုပ် ဘာဖြစ်လို့လဲ။ " ကျောက်တပ်မှူးများက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
" တကယ်လို့ ဒီတပ်ဖွဲ့က ဝမ်ကျန့်လက်အောက်ကမဟုတ်ဘဲ တောင်ဘက်ကနေလာတာဆို ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ " လျန်ပို၏ အသံက အနည်းငယ် တုန်ယင်နေသည်။ " လင်းချန်း...."
" မဖြစ်နိုင်တာ...." ကျောက်စစ်သူကြီးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။ " အရှင်ရှင်းလင်းက ရှုံးနိမ့်ခဲ့ရင်တောင် ချင်စစ်တပ်က သူ့ရဲ့ ဝေနယ်မြေထဲက ဖြတ်သွားရမှာကို သူသိနေတာပဲ။ သူ လင်းချန်းမြို့ကို စောင့်ကြပ်ဖို့ အင်အားအလုံးအရင်း စုဆောင်းထားတာပဲ။ ချင်စစ်တပ်က ဘယ်လောက်ပဲ အားကောင်းပါစေ အဲ့ဒီကနေ လာဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ "
" ဟုတ်တယ်။ အခုက အချိန်ဘယ်လောက်တောင် ကြာသေးလို့လဲ။ လင်းချန်းမြို့ကို စောင့်နေတဲ့ ဝေစစ်တပ်က ရက်အနည်းငယ်တောင် မခံနိုင်တာတော့ မဟုတ်ဘူးမလား။ " ကျောက်တပ်မှူးများက ထိတ်လန့်တကြား ပြောလိုက်ကြသည်။
" အစီရင်ခံပါတယ်။ " နောက်ထပ်ကင်းထောက်တစ်ယောက်က ပြေးဝင်လာပြီး အော်ပြောလိုက်သည်။ " တောင်ဘက်ကလာတဲ့ ချင်စစ်တပ်က အခုဆိုရင် ကျွန်တော်တို့ စခန်းနဲ့ လေးလီတောင် မဝေးတော့ပါဘူး။ "
" ဝေဝူကျိ.... ဝေနိုင်ငံ...." လျန်ပိုက မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။ " စစ်တပ်ကို အသင့်ပြင်။ ငါတို့ သူတို့ကို ရင်ဆိုင်မယ်။ "
" အစီရင်ခံပါတယ်။ လျန်ပိုရဲ့ တပ်ဖွဲ့တွေက စခန်းရုတ်သိမ်းပြီး ကျင်းယန်မြို့ရဲ့ တောင်ဘက်ကို သွားနေတယ်လို့ ကင်းထောက်တွေက အကြောင်းကြားလာပါတယ်။ " ကင်းထောက်တစ်ယောက်က အစီရင်ခံလိုက်သည်။
" လျန်ပိုက တောင်ဘက်ကို သွားနေတယ်ဟုတ်လား။ " ဝမ်ကျန့်က အံ့အားသင့်သွားသည်။ သူက ချက်ချင်း ထရပ်ပြီး မြေပုံကို ကြည့်လိုက်သည်။ " သူ့ရဲ့ ရည်ရွယ်ချက်ကို ငါခန့်မှန်းလို့မရဘူး။ "
" သူက ဝေနိုင်ငံကို ဆုတ်ခွာဖို့ ပြင်နေတာလား။ ဒါမှမဟုတ် အဲ့ဒီကနေ စစ်ကူတွေခေါ်ဖို့ ကြိုးစားနေတာလား။ " ယန်တွမ်ဟီက ခန့်မှန်းလိုက်သည်။
" အခု ဝေနိုင်ငံမှာ ခေါ်စရာ စစ်ကူရှိသေးလို့လား။ " ဝမ်ကျန့်က ပြန်မေးလိုက်သည်။
" ဒါကတော့...." ယန်တွမ်ဟီက ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
" လျန်ပိုရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထား။ သယက အကြောင်းပြချက်မရှိဘဲ တပ်တွေရွှေ့မှာမဟုတ်ဘူး။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ဖြေလိုက်သည်။