← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၄)

" မင်းအတွက်တော့ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကျောက်ဖုန်းကတော့ တကယ်လုပ်နိုင်ခဲ့တာပဲ။ " ဝမ်ကျန့်က ဂုဏ်ယူစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။ ထိုသို့ မယုံကြည်နိုင်စရာကောင်းသော အောင်မြင်မှုများကို ရယူနိုင်ခဲ့သူက သူ၏ သမက်ဖြစ်သည်။

" တိုက်ပွဲကို သေချာစောင့်ကြည့်ထား။ ပြီးတော့ ကျင်းယန်မြို့ကို တိုက်ခိုက်ဖို့ စစ်တပ်ကို အသင့်ပြင်ထားလိုက်။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

ထိုအခွင့်အရေးကောင်းနှင့်ဆိုလျှင် သူက ကျင်းယန်မြို့ကို မသိမ်းပိုက်နိုင်လျှင်တောင် မြို့စောင့်တပ်ဖွဲ့များကို သေချာပေါက် ခြောက်လှန့်နိုင်မည်ဖြစ်သည်။

" ဟုတ်ကဲ့ပါ။ " ယန်တွမ်ဟီက အမိန့်ကို လက်ခံပြီး ချက်ချင်း ထွက်ခွာသွားသည်။

သူထွက်သွားသည်နှင့် ဝမ်ကျန့်က မအောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။

" ငါ့သမက်က ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တာပဲ။ သူက လင်းချန်းမြို့ကို ဒီလောက်အချိန်တိုအတွင်း ဘယ်လိုလုပ် ထိုးဖောက်နိုင်ခဲ့တာလဲ။ ဝေဝူကျိက ခံစစ်ကို အားဖြည့်ပေးထားတာပဲ။ သူ့ရဲ့ စစ်သည်အင်အားနဲ့ဆိုရင် ထိုးဖောက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ သူဘယ်လိုလုပ်ခဲ့တာလဲ။ ဒီကောင်လေးကတော့...ကြည့်ရတာ သူ့မှာ လျို့ဝှက်ချက်တွေ ရှိတဲ့ပုံပဲ။ "

ဝမ်ကျန့်ကိုယ်တိုင်ပင် ကျောက်ဖုန်းက လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နိုင်ငံထဲ ခြေချနိုင်လိမ့်မည်ဟု သိပ်မမျှော်လင့်ခဲ့ပေ။ ကျောက်ဖုန်းက ဝေနိုင်ငံမှ စစ်ကူများကို တားဆီးထားနိုင်လျှင် လုံလောက်ပြီဟု သူတွေးထားခဲ့သည်။ သို့သော် ယခုတော့ သူက ကျောက်ဖုန်းအား အထင်သေးခဲ့မိသည်ကို သိလိုက်ရသည်။

" လျန်ပို... နောက်ဆုံးတော့ မင်းက ငါ့လက်နဲ့ သေရတော့မှာ မဟုတ်ဘူးထင်တယ်။ ကိစ္စမရှိဘူး။ မင်းသာ အဲ့ဒီကောင်လေး ကျောက်ဖုန်းလက်မှာ သေသွားမယ်ဆိုရင် ဒါက ချင်နိုင်ငံအတွက် နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက ကျောက်ဖုန်းအတွက်လည်း နာမည်ကောင်းရဖို့ ကူညီပေးရာ ရောက်လိမ့်မယ်။ "

စစ်မြေပြင်တွင် ကျောက်ဖုန်းက သူ၏ စစ်သည်များကို ဦးဆောင်ပြီး လျန်ပို၏ စစ်သည်နှစ်သောင်းကို တိုက်ခိုက်နေသည်။ ကျောက်ဖုန်းက လူအရေအတွက် သူလွန်ရုံသာမက ချင်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း လျန်ပို၏ ကျောက်စစ်သည်များထက် သာလွန်နေသည်။

တိုက်ပွဲက နှစ်နာရီပင် မကြာလိုက်ပေ။ ကျောက်ဖုန်း၏ စစ်တပ်က လျန်ပိုကို ဝိုင်းထားပြီး သူ၏ ဘေးတွင် အသက်ရှင်​ကျန်ရစ်သူ တစ်ရာပင်မပြည့်တော့ပေ။

" ငါ ဒီလောက်မြန်မြန် ရှုံးနိမ့်သွားမယ်လို့ လုံးဝ မထင်ထားမိဘူး။ ကျောက်နိုင်ငံရဲ့ အထူးစစ်သည်တွေက ဘယ်​တုန်းက ဒီလောက်ထိ အားနည်းသွားရတာလဲ။ "

သူ့ကို ဝိုင်းထားသော ရန်သူများနှင့် သူ၏ ဘေးမှ စိတ်ဓာတ်ကျနေသော စစ်သည်တစ်ရာကျော်ကို ကြည့်ပြီး လျန်ပိုက စစ်ရထားပေါ်မှ ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏ စစ်သည်နှစ်သောင်းက တိုက်ပွဲများစွာကို ကြုံတွေ့ဖူးသော ဝါရင့်စစ်သည်များ ဖြစ်ကြသည်။

သူတို့၏ အင်အားနှင့်ဆိုလျှင် ကျောက်ဖုန်းကို တစ်စုံတစ်ရာထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ကျောက်ဖုန်း၏ စစ်သည်များက ယခုလောက်ထိ သန်မာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

" စစ်သေနာပတိချုပ် ခင်ဗျားရှုံးသွားပြီ။ " ကျောက်ဖုန်းက သူ၏ မြင်းကို ရှေ့သို့ တိုးပြီး လျန်ပိုကို လှံနှင့်ချိန်ရွယ်ကာ ပြောလိုက်သည်။

" ဟုတ်တယ်။ " လျန်ပိုက ခါးသီးစွာ ရယ်လိုက်သည်။ " ငါရှုံးသွားပြီ။ ဒါပေမယ့် ဒါက ငါစိတ်ကူးထားခဲ့တဲ့ ငါ့ရဲ့ နောက်ဆုံးနားခိုရာ နေရာပဲ။ ငါလျန်ပိုက အိုပြီး သေရမယ့်သူမဟုတ်ဘူး။ စစ်မြေပြင်မှာ သေရမယ့်သူပဲ။ "

သူက ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ ခါးမှ ဓားကို ဆွဲထုတ်ပြီး စစ်ရထားပေါ်မှ ဆင်းကာ ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာတွင် သေခြင်းတရားကို လက်ခံလိုက်သော အမူအရာက ပေါ်လွင်နေသည်။

" ငါက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ် လျန်ပိုပဲ။ " လျန်ပိုက ဟိန်းဟောက်လိုက်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်သွားသည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိပေ။ သူက အာဏာရှင်လှံကို မြေကြီးသို့ ထိုးစိုက်ပြီး မြင်းပေါ်မှ ဆင်းကာ လုံချွမ်ဓားကို ဆွဲထုတ်လိုက်သည်။

နှစ်ယောက်သား နီးကပ်သွားချိန်တွင် လျန်ပိုက သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ပြည့်နှက်နေခဲ့သော်လည်း ကျောက်ဖုန်းကို ခြိမ်းခြောက်ရန် လုံလောက်မှုမရှိပေ။

ကျောက်ဖုန်းက ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်ပြီး လုံချွမ်ဓားကို ရှေ့သို့ ထိုးလိုက်သည်။

စွပ်....

ဓားက လျန်ပို၏ သံချပ်ကာကို ထိုးဖောက်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။

လျန်ပို၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူ၏ လက်ထဲမှ ဓားက မြေကြီးပေါ်သို့ ကျသွားသည်။

" ငါ.... ငါရှုံးသွားပြီ။ " လျန်ပိုက အားနည်းစွာ ပြောလိုက်သည်။ သူ၏ အကြည့်က ကျင်းယန်မြို့ဘက်သို့ ရောက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ကျဆုံးတော့မည့် သူ၏ နိုင်ငံအတွက် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေသည်။

" ကျောက်.... ကျောက်နိုင်ငံ.... အရှင်မင်းကြီး.... လျန်ပို.... အရှင်မင်းကြီးကို စိတ်ပျက်အောင် လုပ်မိပြီ။ " သူ၏ အသံက တဖြည်းဖြည်း တိုးညှင်းပျောက်ကွယ်သွားသည်။

" နှုတ်ဆက်ပါတယ် စစ်သေနာပတိချုပ်ကြီး...." ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

အားအင်များကုန်ခမ်းသွားသော လျန်ပို၏ ခန္ဓာကိုယ်က သွေးအိုင်ထဲတွင် လဲကျသွားသည်။

" စစ်သေနာပတိချုပ်...."

" စစ်သေနာပတိချုပ်...." ကျန်ရှိနေသော ကျောက်စစ်သည်တစ်ရာကျော်က နာကျင်စွာ အော်ဝစ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ကျောက်ဖုန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

" တစ်ယောက်မှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက လှုပ်ရှားခြင်းမရှိဘဲ သူ၏ လက်ကို မြှောက်ပြီး ပြောလိုက်သည်။

ချင်စစ်သည်များက သူတို့၏ လှံရှည်များဖြင့် ရှေ့သို့ ပြေးထွက်သွားကြပြီး ခဏအတွင်း ကျန်ရှိနေသော ကျောက်စစ်သည်များကို အပြတ်အသတ် ချေမှုန်းလိုက်သည်။

" ကျောက်နိုင်ငံရဲ့ ကံကြမ္မာကို သယ်ဆောင်ထားတဲ့ ကျောက်စစ်သေနာပတိချုပ် လျန်ပိုကို သတ်ပြီး စွမ်းရည်အမှတ် ၅၀ နှင့် အဆင့်နှစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" စစ်သူကြီး ကျောက်စစ်သည်တွေအားလုံးကို ရှင်းလင်းပြီးပါပြီ။ " တုဆွေက လာရောက် အစီရင်ခံလိုက်သည်။

ကျောက်ဖုန်းက သေဆုံးနေသော လျန်ပိုကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ " သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ရထားပေါ်တက်လိုက်ပါ။ "

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " တုဆွေက သူ့လူများကို လျန်ပို၏ အလောင်းကို စစ်ရထားပေါ်သ်ို့ တင်ရန် အမိန့်ပေးလိုက်သည်။

ကျောက်ဖုန်းက ဖြည်းညင်းစွာ လျှောက်သွားပြီး လျန်ပို၏ ဓားကို ကောက်ယူလိုက်သည်။ သမိုင်းတွင် လျန်ပိုက ရာထူးမှ ထုတ်ပယ်ခံရပြီး ဝေနိုင်ငံတွင် အိုမင်းပြီး သေဆုံးခဲ့ရသည်။ စစ်မြေပြင်သို့ ပြန်လာရန် အခွင့်အရေး လုံးဝမရခဲ့ပေ။

" ဒီနေ့ ဒီမှာ သေတာက သူ့အတွက် အကောင်းဆုံး အဆုံးသတ်ဖြစ်မှာပါ။ စစ်သေနာပတိချုပ်တစ်ယောက်က စစ်မြေပြင်နဲ့ပဲ ထိုက်တန်တယ်။ " ကျောက်ဖုန်းက လျန်ပို၏ ဓားကို ကိုင်ပြီး ရေရွတ်လိုက်သည်။ သူက နောက်ထပ်ကျော်ကြားသော စစ်သေနာပတိချုပ်တစ်ယောက်ကို ပို့ဆောင်ပေးလိုက်ပြီဖြစ်သည်။

ချင်စခန်း။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" စစ်သူကြီးကျောက်ဖုန်းက သူ့ရဲ့ တပ်မှူးတွေကို ဦးဆောင်ပြီး တွေ့ခွင့်တောင်းနေပါတယ်။ "

" တကယ်ပဲ အဲ့ဒီကောင်လေးပဲ။ လာ ငါကိုယ်တိုင် သူ့ကို သွားတွေ့မယ်။ " ဝမ်ကျန့်က ထရပ်ပြီး အပြင်သို့ ထွက်ခွာသွားသည်။

စခန်း၏ အပြင်ဘက်တွင် ကျောက်ဖုန်း၏ စစ်သည်များက စခန်းချနေကြပြီး ကျောက်ဖုန်းကိုယ်တိုင်က သူ၏ တပ်မှူးများနှင့်အတူ စခန်း၏ ဝင်ပေါက်တွင် စောင့်ဆိုင်းနေကြသည်။

" မင်းက တကယ် ကြောက်စရကောင်းတဲ့ ကောင်လေးပဲ။ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ဝေနိုင်ငံငနေ ကျောက်နိုင်ငံအထိ လမ်းကြောင်းတစ်ခု ဖောက်နိုင်ခဲ့တယ်ပေါ့။ " ဝမ်ကျန့်၏ အားရပါးရ ရယ်မောလိုက်သောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ " ဒီသတင်းသာ ရှန်းယန်ကို ရောက်သွားရင် နန်းတော်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်။ "

" စစ်သေနာပတိချုပ်ကို အရိုအသေပေးပါတယ်။ " ကျောက်ဖုန်းက ဂါရဝပြုပြီး ပြောလိုက်သည်။

" ကျွန်တော်တို့ စစ်သူကြီးကို အရိုအသေပေးပါတယ်။ " ကျန်းဟန်၊ တုဆွေနှင့် အခြားတပ်မှူးများကလည်း အရိုအသေပေးလိုက်ကြသည်။

" အားလုံးထကြ။ " ဝမ်​ကျန့်က ရယ်မောပြီး မေးလိုက်သည်။ " လျန်ပိုဘယ်မှာလဲ။ "

" သူ့ကို ရှေ့ကို ယူလာခဲ့ကြ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်အချို့က အဖြူရောင်ပိတ်စနှင့် အုပ်ထားသော အလောင်းတစ်ခုကို ထမ်းလာကြသည်။ ဝမ်ကျန့်က ရှေ့တိုးပြီး ခေါင်းပိုင်းမှ ပိတ်စကို ဆွဲလှန်လိုက်သောအခါ သေခြင်းတရားနှင့်အတူ ငြိမ်သက်နေသော လျန်ပိုကို တွေ့လိုက်ရသည်။

သူ၏ ပြိုင်ဘက် သေဆုံးနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ကျန့်က ဝမ်းသာရမည့်အစား တိတ်ဆိတ်သွားသည်။

" လျန်ပို မင်းသာ ချင်နိုင်ငံမှာရှိရင် ဒီလိုမျိုး ဘယ်လိုလုပ် အဆုံးသတ်မှာလဲ။ နောက်ဆုံးတော့ မင်းက မှားယွင်းတဲ့လူနောက်ကို လိုက်ခဲ့မိတာပဲ။ "

ဝမ်ကျန့်က လျန်ပိုကို ခဏစိုက်ကြည့်နေပြီးနောက် အမိန့်ပေးလိုက်သည်။ " သူ့ကို ခေါ်သွားပြီး ဂုဏ်ထူးဆောင် အခမ်းအနားနဲ့ သဂြိုလ်လိုက်ကြ။ ကမ္ပည်းစာတိုင်ကိုလည်း ကျောက်နိုင်ငံ စစ်သေနာပတိချုပ် လျန်ပိုရဲ့ အုတ်ဂူလို့ ရေးထိုးလိုက်ပါ။ "

" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်၏ ကိုယ်ရံတော်များက ရှေ့ထွက်လာပြီး အမိန့်ကို လက်ခံလိုက်ကြသည်။

ထို့နောက် ကျောက်ဖုန်း၏ ကိုယ်ရံတော်များက လျန်ပို၏ ရုပ်အလောင်းကို လွှဲပြောင်းပေးလိုက်ကြသည်။

ဝမ်ကျန့်က ကျောက်ဖုန်းနှင့် သူ၏ တပ်မှူးများကို ပြန်ကြည့်လိုက်၏။ တပ်မှူးများ၏ သံချပ်ကာများပေါ်တွင် သွေးများစွန်းထင်နေပြီး အများစုက ရန်သူသွေးများဖြစ်သော်လည်း အချို့က သူတိူ့သွေးများ ဖြစ်သည်။

" ဝေဝူကျိက လင်းချန်းမြို့မှာ စစ်သည်ခုနှစ်သောင်းကျော်နဲ့ ခံစစ်ပြင်ထားတာပဲ။ မင်းက စစ်သည်အင်အားခြောက်သောင်းတည်းနဲ့ အဲ့ဒီမြို့ကို ဘယ်လိုများ ထိုးဖောက်ခဲ့တာလဲ။ ပြီးတော့ မင်းရဲ့ အရှိန်အဟုန်အရ အဲ့ဒီထိုးစစ်က တကယ်လျင်မြန်တဲ့ပုံပဲ။ " ဝမ်ကျန့်က သိလိုစိတ်နှင့် မေးလိုက်၏။

All Chapters