← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၅)

" စစ်သေနာပတိချုပ်...." ကျန်းဟန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ " ဝေစစ်တပ်ရဲ့ စိတ်ဓာတ်က ကျွန်တော်တို့ စစ်သူကြီးရဲ့ နာမည်ကိုကြားရုံနဲ့ ပျက်ပြားနေပါပြီ။ ကျွန်တော်တို့ မြို့ထဲကို ထိုးဖောက်လိုက်ချိန်မှာ သူတို့အားလုံး ကျွန်တော်တို့ကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပါဘူး။ "

" ကြည့်ရတာ ဝေဝူကျိကို အနိုင်ယူလိုက်တာကြောင့် မင်းက ဝေစစ်တပ်ရဲ့ စိတ်ထဲကို ကြောက်ရွံ့မှုတွေ ထည့်သွင်းပေလိုက်နိုင်တာပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဲ့ဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ "ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ဝေဝူကျိက ဝေနိုင်ငံရဲ့ စစ်နတ်ဘုရားလို့ သတ်မှတ်ခံထားရတာကိုး။ "

" မင်း ဝေဝူကျိကို အနိုင်ယူလိုက်တုန်းက မင်းရဲ့ နာမည်က တစ်နိုင်ငံလုံး ကျော်ကြားသွားတယ်။ အခု လျန်ပိုကိုပါ သတ်နိုင်ခဲ့တယ်ဆိုတော့ ဒီလောက်ကမှာ မင်းနာမည်ကို မသိတဲ့သူ ဘယ်သူရှိဦးမှာလဲ။ " ဝမ်ကျန့်က ချီးကျူးသော လေသံနှင့် ပြောလိုက်သည်။

" အရာအားလုံးက ချင်နိုင်ငံအတွက်ပါပဲ။ " ကျောက်ဖုန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ကျန့်က ကျောက်ဖုန်းကို စောင့်ကြည့်လိုက်သည်။ အခြားတစ်ယောက်ပြောလျှင် ဝမ်ကျန့်က ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း ကျောက်ဖုန်းဆီမှ လာသောကြောင့် သူသံသယဝင်မိလေသည်။

ဝမ်ကျန့်က ကျောက်ဖုန်းနှင့် တစ်ကြိမ်သာ ဆုံဖူးသော်လည်း အချက်တစ်ချက်ကို သတိပြုမိခဲ့သည်။ ကျောက်ဖုန်းက ချင်ဘုရင်အပေါ် စိတ်ရင်းမှန်နှင့် ရိုစေမှုမျိုး မရှိပေ။ သူက ကြောက်ရွံ့မှုကင်းမဲ့သော စိတ်ဓာတ်မျိုးသာရှိသည်။

" ဝမ်ရှုံး..." ဝမ်ကျန့်ကခေါ်လိုက်သည်။

" အမိန့်ရှိပါ စစ်သေနာပတိချုပ်။ " ကိုယ်ရံတော်တပ်မှူးက ပြန်ဖြေလိုက်သည်။

" ရှန်းယန်ကို အစီရင်ခံစာပို့လိုက်။ လင်းချန်းကျဆုံးသွားပြီ။ လျန်ပိုလည်း သေပြီ။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

" ဒါ့အပြင် ယင်ချွမ်းက စစ်သည်တွေက ပင်ပန်းနေကြပြီ။ စားသောက်ပွဲကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်။ "

" ဟုတ်ကဲ့ပါ စစ်သေနာပတိချုပ်။ " ဝမ်ရှုံးက ချက်ချင်း ပြန်ဖြေပြီး ထွက်ခွာသွားသည်။

" လာ စခန်းထဲသွားကြမယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။ " မင်းရဲ့ အောင်မြင်မှုတွေအကြောင်း ငါနားထောင်ချင်နေပြီ။ "

" ဟုတ်ကဲ့ပါ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်ပြီး သူ၏ တပ်မှူးများနှင့်အတူ စခန်းထဲသို့ ဝင်သွားလိုက်သည်။

စစ်သေနာပတိချုပ်၏ တဲထဲတွင် ကျောက်နိုင်ငံ၏ မြေပုံကို အလယ်မှာ ဖြန့်ထားသည်။ ကျောက်နိုင်ငံ၏ မြို့ဆယ်မြို့ကျော်ကို ချင်နိုင်ငံ၏ အလံများ မှတ်သားထားသော်လည်း ၎င်းက ကျောက်နိုင်ငံ နယ်မြေ၏ ဆယ်ပုံတစ်ပုံတောင် မရှိပေ။ ကျောက်နိုင်ငံက အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ၎င်းကို အပြတ်အသတ် ချေမှုန်းနိုင်ရန် တစ်နှစ်ခွဲလောက် ကြာနိုင်သည်။

" ကျောက်နိုင်ငံကို သိမ်းပိုက်ဖို့ ခရီးက အဝေးကြီး လိုသေးတယ်။ " ကျောက်ဖုန်းက မြေပုံကို ကြည့်ပြီး ပြောလိုက်သည်။

" ကျောက်နိုင်ငံကို ဖျက်ဆီးဖို့ အဲ့လောက်လွယ်နေရင် စစ်တပ်တွေအားလုံး စုစည်းပြီး ချီတက်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ ကျင်းယန်မြို့ကို ထိုးဖောက်နိုင်တာနဲ့ ငါတို့ရဲ့ အရှိန်က ပိုမြန်လာလိမ့်မယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ လေသံအရဆို ကျောက်နိုင်ငံက ယန်နိုင်ငံကနေ သူ့ရဲ့ စစ်တပ်တွေကို ပြန်မရုတ်သိမ်းသေးဘူးထင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ကျောက်ဘုရင်က မိုက်မဲတယ်။ သူက ယန်နိုင်ငံကို ဖျက်ဆီးဖို့ပဲ အာရုံစိုက်နေတယ်။ ကျင်းယန်မြို့က ချင်နိုင်ငံကို တားဆီးထားနိုင်မယ်လို့ သူက ယုံကြည်နေတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ကျင်းယန်မြို့ကို သိမ်းဖို့ ဘယ်လောက်ကြာမလဲ။ " ကျောက်ဖုန်းက ပြုံးပြီး မေးလိုက်သည်။

" ကျင်းယန်မြို့မှာ စစ်သည်နှစ်သိန်းကျော်ရှိတယ်။ အဲ့ဒါကို သိမ်းဖို့က အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် ကျင်းယန်မြို့ကို စောင့်နေတဲ့ စစ်သည်တွေက ခရိုင်စစ်သည်တွေပဲ။ သူတို့က မြို့ကို ခုခံကာကွယ်နေရတဲ့ အားသာချက်ကို အားကိုးနေရတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ကျွန်တော် မြို့ကို တိုက်ဖို့ စစ်တပ်ကို ဦးဆောင်ပေးရမလား။ " ကျောက်ဖုန်းက ပြုံးပြီး မေးလိုက်သည်။

" တော်ပြီ။ " ဝမ်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ " မင်းက ချင်နိုင်ငံအတွက် စွမ်းဆောင်မှုတွေ အများကြီး ရထားပြီးပြီ။ တကယ်လို့ ငါက မင်းကို ကျင်းယန်မြို့ကိုပါ သိမ်းခိုင်းလိုက်ရင် အခြားစစ်သူကြီးတွေ ဘယ်လိုမြင်ကြမလဲ။ "

" ဒါဆို ကျွန်တော် ဒီမှာပဲ နားနေတော့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်နိုင်ငံ၏ နယ်မြေက ကျယ်ပြောသောကြောင့် နောက်ပိုင်းတွင် ကျောက်ဖုန်းက စွမ်းဆောင်မှုများ ရယူရန် အခွင့်အရေးရှိနေသောကြောင့် သူက ကျင်းယန်မြို့ကို သိမ်းပိုက်ရန် ပြိုင်ဆိုင်မနေတော့ပေ။ မည်သို့ပင်ဖြစ်စေ လျန်ပိုကို သတ်ဖြတ်ခြင်းနှင့်ယှဉ်လျှင် ကျင်းယန်မြို့ကို သိမ်းပိုက်ခြင်းက ကြီးမားသော အောင်မြင်မှုတစ်ခု မဟုတ်ပေ။

အကယ်၍ ကျောက်ဖုန်းသာ ၎င်းတို့ကို လုယူလိုက်လျှင် အခြားစစ်သူကြီးနှစ်ယောက်က ကျောက်ဖုန်းအပေါ် မကျေမနပ်ဖြစ်လာနိုင်သည်။ စစ်ရေးစွမ်းဆောင်မှုများကို ကျောက်ဖုန်းသာမက အခြားသူများကလည်း လိုချင်ပေသည်။

" မင်းအနားယူသင့်တယ်။ ကျင်းယန်မြို့ကို သိမ်းပြီးရင် ငါ မင်းအတွက် နောက်ထပ် အစီအစဉ်တွေ ချမှတ်ပေးမယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ယန်အာက မင်းအတွက် အမြွှာလေးမွေးပေးထားတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ယောက္ခမကြီး ဒီစစ်ပွဲပြီးရင် ကျွန်တော် ယန်အာကို လက်ထပ်ပါမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ တုဆွေ၊ ကျန်းဟန်နှင့် အခြားတပ်မှူးများက နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့က မယုံကြည်နိုင်ဖြစ်နေကြပြီး ကျောက်ဖုန်းနှင့် ဝမ်ကျန့်ကို တစ်လှည့်စီ ကြည့်နေကြသည်။ သူတို့၏ ဆက်ဆံရေးက ယခုကဲ့သို့ ဖြစ်လိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားကြပေ။

" ကောင်းပြီ။ မင်းယန်အာကို လက်ထပ်နေ့ကို ငါစောင့်နေမယ်။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" အားလုံးသွားနားကြတော့။ မင်းတို့ ဒီကာလအတွင်း အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတာဆိုတော့ ပင်ပန်းနေလောက်ပြီ။ "

" ကျွန်တော်ကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းနှင့် တပ်မှူးများက အရိုအသေပေးပြီး ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းတို့ ထွက်သွားပြီးနောက် ဝမ်ကျန့်က ပြုံးပြီး ရေရွတ်လိုက်သည်။ " ယန်အာ မင်းကတော့ အမြင်စူးရှတာပဲ။ ငါ့အတွက် သမက်ကောင်းတစ်ယောက် ရှာပေးလိုက်တာပဲ။ "

စခန်းသို့ ပြန်ရောက်သောအခါ ကျန်းဟန်က သိလိုစိတ်နှင့် မေးလိုက်သည်။ " စစ်သူကြီးက တကယ်ပဲ စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့ သမက်လား။ ကျွန်တော်တို့ အဲ့ဒီအကြောင်း ဘာလို့မသိရတာလဲ။ "

" လက်ထောက်စစ်သူကြီးကျန်းတစ်ယောက်ပဲ မသိတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း မသိခဲ့ရဘုး။ " ဝေချွမ်က ပြောလိုက်သည်။ " ကျွန်တော်တို့ ထောက်ပို့တပ်ဖွဲ့မှာကတည်းက အတူတူရှိလာခဲ့တာပဲ။ စစ်သူကြီးက စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ ပက်သက်မှုရှိတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ "

" ကြည့်ရတာ ငါမပြောပြရင် မင်းတို့ အိမ်ပျော်မှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဟီးဟီး..." တပ်မှူးများက ရယ်လိုက်ကြသည်။

" အဲ့ဒီတုန်းက တပ်မှူးဝမ်ယန်ကို မင်းတို့ မှတ်မိကြသေးလား။ " ကျောက်ဖုန်းက ဝေချွမ်နှင့် ကျန်းဟန်ကို ပြုံးပြီး မေးလိုက်သည်။

" ဝမ်ယန်ဟုတ်လား။ " ဝေချွမ်နှင့် ကျန်းဟန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" အဲ့ဒီတပ်မှူးက စစ်သူကြီးပေါင်းယွမ် သတ်တာကို ခံရလုနီးပါး ဖြစ်ခဲ့တာ။ ကံကောင်းတာက စစ်သူကြီး ဝင်ကယ်လိုက်လို့ လွတ်သွားခဲ့တယ်။ " ဝေချွမ်က ပြောလိုက်သည်။

" တပ်မှူးဝမ်ယန်က မိန်းကလေးလား။ မဖြစ်နိုင်တာ။ " ကျန်းဟန်က တုန်လှုပ်စွာ ပြောလိုက်သည်။

" သူမနာမည်က ဝမ်ယန်ပဲ။ စစ်သေနာပတိချုပ်ရဲ့ သမီးပေါ့။ အဲ့ဒီတုန်းက ယန်အာကို ကယ်ပြီးတဲ့နောက်မှာ ငါတို့က တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွယ်သွားကြတယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" အဲ့လိုကိုး။ အဲ့ဒါကြောင့် ကျွန်တော်တို့ မသိခဲ့တာပဲ။ "

" အဲ့ဒီတုန်းက တပ်မှူးဝမ်ယန်က စစ်သေနာပတိချုပ်ရဲ့ သမီးပေါ့။ ဒါက တကယ်မယုံနိုင်စရာပဲ။ "

" ပြီးတော့ စစ်သူကြီးနဲ့တောင် ချစ်သူတွေ ဖြစ်သွားကြတယ်။ " တပ်မှူးအားလုံးက အံ့ဩတုန်လှု​ပ်သွားကြသည်။

" ကဲ မင်းတို့အားလုံး သွားနားကြတော့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးများက ကျောက်ဖုန်းကို ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

" ဒီတိုက်ပွဲမှာ ရန်သူတွေ အများကြီးကို သတ်နိုင်ခဲ့တယ်။ စွမ်းရည်အမှတ်တွေ ကြည့်ရအောင်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် သူ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။

လင်းချန်းမြို့ကို သိမ်းသော တိုက်ပွဲတွင် ရန်သူနှစ်သောင်းကျော်ကို သတ်နိုင်ခဲ့ပြီး လျန်ပိုနှင့် တိုက်ပွဲတွင်လည်း စစ်သည်နှစ်သောင်းကျော်ကို သတ်နိုင်ခဲ့သည်။

" လက်အောက်ငယ်သားတွေ သတ်ခဲ့တဲ့ ရန်သူစုစုပေါင်း ၃၅၄၃၄၊ စွမ်းရည်အမှတ်စုစုပေါင်း ၁၄၁၇၃။ "

" အစစ်အမှန်ချီ ၁၇၆၂မှတ် ရရှိပါတယ်။ "

" ခွန်အား ၃၃၄၅မှတ် ရရှိပါတယ်။ "

" အမြန်နှုန်း ၃၁၄၀မှတ် ရရှိပါတယ်။ "

" ရုပ်ခန္ဓာ ၂၃၆၆မှတ် ရရှိပါတယ်။ "

" စိတ်ဝိညာဉ် ၂၀၄၆မှတ် ရရှိပါတယ်။ "

" သက်တမ်း ၃၆၂၄ရက် ရရှိပါတယ်။ "

စွမ်းရည်များကို ရယူလိုက်သည်နှင့် ၎င်းတို့အားလုံးက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေါင်းခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ကျောက်ဖုန်းက သူ၏ ဒန်တျန်ထဲမှ ချီစွမ်းအားများ ရုတ်တရက် ထိုးတက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စွမ်းရည်များက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

" လန်းဆန်းသွားတာပဲ။ ရန်သူတွေကို သတ်တာက စွမ်းရည်တွေ မြန်မြန်တိုးတက်စေတယ်။ ငါ့ရဲ့ စွမ်းအားကိုသာ ကျင့်စဉ်အဆင့်အဖြစ် ပြောင်းလဲလိုက်ရင် ဒီတစ်ခါ အဆင့်တွေ အများကြီး တက်သွားမှာပဲ။ ငါ သန်မာတဲ့ သိုင်းပညာရှင်တွေကို မတွေ့ဖူးသေးပေမယ့် အခုလက်ရှိစွမ်းရည်တွေနဲ့ဆိုရင် ဆရာသခင်တစ်ယောက်ကို သေအောင် ရိုက်သတ်နိုင်လောက်တယ်။ " ကျောက်ဖုန်းက သူ၏ စွမ်းအားများကို ခံစားရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

All Chapters