အခန်း (၁၆၇)
Vol. 17 Ch. 167
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၆၇)
ကျောက်နိုင်ငံ၊ ဟန်တန်မြို့တော်။
" အဲ့ဒီအဖိုးကြီးလျန်ပို နောက်ဆုံးတော့ သေသွားပြီ။ သူသေသွားတာကောင်းတယ်။ လျန်ပိုသေသွားပြီဆိုတော့ ကျောက်ယိကို ဘယ်သူကူညီရဲသေးလဲဆိုတာ ငါသိချင်သေးတယ်။ နောက်ဆိုရင် ကျောက်ယိက ငါ့ကို ထပ်ပြီး ဆန့်ကျင်ရဲတော့မှာမဟုတ်ဘူး။ " ကျောက်ယန်က လျန်ပိုသေဆုံးသွားသည့် သတင်းကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။
" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ " ကောခိုင်က ပြုံး၍ ပြောလိုက်သည်။
" ဝန်ကြီးချုပ် မင်းရဲ့ အစီအစဉ်ကောင်းလို့သာပဲ။ ဒီတစ်ခါ လျန်ပိုသေတာကို ငါတို့ ကျောက်နိုင်ငံသားတွေ ချင်နိုင်ငံကို ဆန့်ကျင်ဖို့ စည်းလုံးအောင် လှုံ့ဆော်တဲ့ နေရာမှာလည်း သုံးလို့ရတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ " ကျောက်ယန်က ကောခိုင်ကို ချီးကျူးလိုက်သည်။
" အားလုံးက အရှင်မင်းကြီးအတွက်ပါပဲ။ " ကောခိုင်က ချက်ချင်း ဖားယားလိုက်သည်။
" ဟားဟား.... လျန်ပိုကို ရှင်းလိုက်တာက ငါ့ရဲ့ စိုးရိမ်မှုကြီးတစ်ခါကို ဖြေရှင်းလိုက်တာပဲ။ "ကျောက်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" အရှင်မင်းကြီး လျန်ပိုကို ရှင်းပြီးပြီဆိုပေမယ့် လီမု ကျန်နေသေးပါတယ်။ သူကလည်း လျန်ပိုလိုပဲ အရှင်မင်းကြီးအပေါ် အမြဲတမ်း မေးခွန်းထုတ်ပြီး ကျောက်ယိနောက်ကိုပဲလိုက်နေပါတယ်။ လီမုက တိုက်နယ်မြေမှာ စစ်အာဏာကို ချုပ်ကိုင်ထားတယ်။ နယ်ခြားစောင့် အထူးစစ်သည်နှစ်သိန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို သတိထားရပါမယ်။ " ကောခိုင်က ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ယန်၏ စိတ်လှုပ်ရှားနေသော မျက်နှာက အေးစက်သွားသည်။
" လီမု ငါသူ့ကို တကယ်သတိထားရမယ်။ စစ်သေနာပတိချုပ် ဖန်ရွှမ် အောင်ပွဲနဲ့ ပြန်လာတဲ့အခါကျရင် ငါ လီမုရဲ့ စစ်အာဏာကို သေချာပေါက် ပြန်သိမ်းမယ်။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ လီမုရဲ့ စစ်အာဏာကို ပြန်သိမ်းလိုက်နိုင်ရင် အရှင်မင်းကြီးက စိုးရိမ်စရာမရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်မှာပါ။ အဲ့ဒီအချိန်ကျရင် ကျောက်ယိကို သတ်လိုက်ရင်တောင် ဘယ်သူကဘာမှပြောရဲတော့မှာမဟုတ်ပါဘူး။ " ကောခိုင်က ပြောလိုက်သည်။
" လျန်ပိုသေသွားပြီဆိုပေမယ့် ဝေဝူကျိက တကယ်အသုံးမကျဘူး။ လင်းချန်းမြို့က ချင်နိုင်ငံရဲ့ လက်ထဲကို ပါသွားတယ်။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ ဝေဝူကျိက စစ်တပ်ကို ကြိုတင်ချထားတာတောင် ချင်စစ်သည်သောင်းဂဏန်းလေးကို မတားဆီးနိုင်တာ တကယ် ရယ်စရာကောင်းပါတယ်။ ဝေကတော့ တကယ်အင်အားချည့်နဲ့သွားပါပြီ။ "
" ကျွန်တော်မျိုးအမြင်အရ စစ်သေနာပတိချုပ်ဖန်ရွှမ်က ယန်နိုင်ငံကို သိမ်းပြီးပြန်လာတဲ့အခါ ဝေကို ဖျက်ဆီးဖို့ စစ်တပ်ကို တိုက်ရိုက်စေလွှတ်သင့်ပါတယ်။ ပြီးတော့ ဝေနိုင်ငံကို ကျွန်တော်တို့ ကျောက်နိုင်ငံရဲ့ နယ်မြေထဲ ထည့်သွင်းပြီး အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအေယက်မှာ ထားတာ အကောင်းဆုံးပါပဲ။ " ကောခိုင်က ပြောလိုက်သည်။
" ဝန်ကြီးချုပ် ပြောတာ မှန်တယ်။ "ကျောက်ယန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။ " ဒီကမ္ဘာကြီးကို ငါတစ်ယောက်တည်း စည်းလုံးအောင် လုပ်နိုင်မှာ။ ဝေနိုင်ငံကတော့ တကယ်အားနည်းလွန်းတယ်။ ငါ့ရဲ့ ကျောက်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့တာင် မထိုက်တန်တော့ဘူး။ "
" ဒီဝေဝူကျိက ချင်စစ်တပ်ကို ခုခံပြီး ငါတို့ကို မကူညီနိုင်တဲ့အပြင် ယန်နိုင်ငံကနေ စစ်တပ်တွေကို ပြန်ခေါ်ဖို့ ငါဆီကို စာတွေ ခဏခဏ ပို့နေသေးတယ်။ သူက ငါ ယန်နိုင်ငံကို ဖျက်ဆီးတာကို မလိုချင်ဘူး။ ငါ့ကို နယ်မြေချဲ့ထွင်တဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်မှာကို မလိုလားဘူးဆိုတာ ရှင်းနေတာပဲ။ " ကျောက်ယန်က လှောင်ပြောင်လိုက်သည်။
" မှန်ပါတယ် အရှင်မင်းကြီး။ ဝေနိုင်ငံက ဆုတ်ယုတ်နေပါပြီ။ ရန်သူလာမှာကို သိနေတာတောင် သူတို့မြို့ကို မကာကွယ်နိုင်တော့ဘူး။ " ကောခိုင်က ထောက်ခံလိုက်သည်။
ကောခိုင်က နန်းတော်မှ ထွက်ခွာပြီး သူ၏ အိမ်တော်သို့ ပြန်ရောက်သောအခါ အိပ်ဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် အသံတစ်ခု ထွက်ပေါ်လာသည်။
" ဝန်ကြီးချုပ်ကော ခင်ဗျားက တော်တော်လုပ်နိုင်တာပဲ။ "
ထိုအသံကို ကြားသောအခါ ကောခိုင်က ထိတ်လန့်သွားသော်လည်း ချက်ချင်း အသိပြန်ဝင်လာသည်။ " အရှင်သွမ်လော..."
ဖယောင်းတိုင်၏ အလင်းအောက်တွင် ဝတ်ရုံနက်နှင့် လူတစ်ယောက်က သူ့ကို ကြည့်နေပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူက ချင်နိုင်ငံ ဟေးပင်းထိုင်၏ ခေါင်းဆောင် သွမ်လောပင်ဖြစ်သည်။
" ဝန်ကြီးချုပ်ကော ဒီလောက်ထိ ရိုသေဖို့ မလိုပါဘူး။ ခင်ဗျားက ချင်နိုင်ငံအတွက် ကျေးဇူးရှင်တစ်ယောက်ပဲ။ ခင်ဗျားသာမရှိရင် ချင်နိုင်ငံရဲ့ စိုးရိမ်စရာဖြစ်တဲ့ လျန်ပိုကို ဘယ်လိုလုပ်ရှင်းနိုင်မှာလဲ။ ခင်ဗျားသာမရှိရင် ကျောက်ယန်က ယန်နိုင်ငံက စစ်တပ်တွေကို အခုထိ ပြန်မခေါ်ဘဲ နေမှာလဲ။ အဲ့ဒီတုန်းက အရှင်မင်ကြီးက ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေခဲ့တာ တကယ်မှန်ခဲ့တာပဲ။ " သွမ်လောက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးက အရှင်မင်းကြီးကို သေတဲ့အထိ အမှုထမ်းဖို့ သစ္စာဆိုပါတယ်။ " ကောခိုင်က ဒူးထောက်ပြီး သူ၏ သစ္စာရှိမှုကို ထုတ်ပြောလိုက်သည်။
ယခုအချိန်တွင် ကောခိုင်က သစ္စာရှိရန် ရွေးချယ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ချင်နိုင်ငံ၏ လုပ်နိုင်စွမ်းကို ကြည့်လျှင် သူသာ သစ္စာဖောက်ခဲ့ပါက သေချာပေါက် သေရပေလိမ့်မည်။
" ဝန်ကြီးချုပ်ကော ဒီလောက်အထိ လုပ်ဖို့မလိုပါဘူး။ အရှင်မင်းကြီးက ခင်ဗျားရဲ့ စိတ်ရင်းကို သိပါတယ်။ ပြီးတော့ ခင်ဗျားကို ပေးထားတဲ့ကတိကိုလည်း မပြောင်းလဲပါဘူး။ ကျောက်ကို ဖျက်ဆီးပြီးရင် ဝန်ကြီးချုပ်ကောက အရင်လိုပဲ ချမ်းသာကြွယ်ဝနေဦးမှာပါ။ " သွမ်လောက ကောခိုင်ကို ထူပေးလိုက်သည်။
" အရှင်မင်းကြီးကို ကျေးဇူးတင်ရမှာပါ။ " ကောခိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ကျင်းယန်မြို့ရဲ့ စစ်အင်အားနဲ့ ရိက္ခာအခြေအနေကို စာရင်းလုပ်ပြီးပြီလား။ " သွမ်လောက သူ၏ ကိစ္စကို ပြောလိုက်သည်။
"အဆင်သင့်ဖြစ်နေတာ ကြာပါပြီ။ " ကောခိုင်က အတွင်းခန်းထဲသို့ လျှောက်သွားပြီး ဝါးချပ်စာလိပ်တစ်ခုကို ယူကာ သွမ်လောကို ပေးလိုက်သည်။
" ဒါက တိကျရဲ့လား။ " သွမ်လောက ပြုံး၍ ပြောလိုက်သည်။
" လုံးဝအတိအကျပါပဲ။ ကျင်းယန်မြို့က စစ်သည်ရွှေ့ပြောင်းမှုတွေနဲ့ ရိက္ခာထောက်ပံ့မှုတွေက ကျွန်တော်လက်ထဲကပဲ ဖြတ်သွားတာပါ။ " ကောခိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဒီစွမ်းဆောင်မှုကို ဝန်ကြီးချုပ်ကောအတွက် ကျုပ် မှတ်တမ်းတင်ထားပေးပါမယ်။ " သွမ်လောက ဝါးချပ်စာလိပ်ကို သိမ်းပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးမှာ ညွှန်ကြားစရာများ ရှိသေးလား။ " ကောခိုင်က ရိုသေစွာ မေးလိုက်သည်။
" အတိုချုပ်ပြောရရင် ကျောက်ယန်ကို ယန်နိုင်ငံက စစ်တပ်တွေကို ပြန်ခေါ်နိုင်အောင် တတ်နိုင်သမျှ တားပေးဖို့နဲ့ အနည်းဆုံးတော့ အချိန်ဆွဲထားပေးဖို့ပဲ။ ပြီးတော့ လီမုရဲ့ စစ်အာဏာကိုလည်း စောစောစီးစီး ဖယ်ရှားနိုင်ရင် အကောင်းဆုံးပဲ။ " သွမ်လောက ဖြည်းညင်းစွာ ပြောလိုက်သည်။
" စိတ်ချပါ။ ကျွန်တော်ဒါတွေအားလုံးကို ကိုင်တွယ်နေပါပြီ။ ကျောက်ဘုရင်ကလည်း လီမုကို သတိထားနေတာပါ။ လီမုရဲ့ စစ်အာဏာကို သိမ်းဖို့လည်း ကျွန်တော်ပြောထားပြီးပါပြီ။ မကြာခင်မှာ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ " ကောခိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဝန်ကြီးချုပ်ကော ပင်ပန်းသွားပြီ။ " သွမ်လောက ပြောလိုက်သည်။
ဝေနိုင်ငံ၊ ဝေဘုရင်၏ နန်းတော်အတွင်း။
" ဦးရီတော်လည်း သတင်းကြားပြီးပြီထင်တယ်။ " ဝေဘုရင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ကြားပြီးပါပြီ။ " ဝေဝူကျိက ခေါင်းညိမ့်လိုက်သည်။
" ဦးရီးတော် လင်းချန်းမြို့ကို ကာကွယ်ဖို့ တပ်ဖွဲ့တွေ ချထားခဲ့တာမဟုတ်လား။ ဘာလို့ချင်စစ်တပ် ထိုးဖောက်တာ ခံလိုက်ရတာလဲ။ သူတို့ရဲ့ အင်အားက သောင်းဂဏန်းပဲ ရှိတာကို ကုန်းစွန်းရှင်းက ဘာလို့ဒီလောက်တောင် အသုံးမကျရတာလဲ။ " ဝေဘုရင်က ဒေါသတကြီး ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် ဝေနိုင်ငံက ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ ချင်နိုင်ငံက ဝေနိုင်ငံကို စစ်မကြေညာရသေးသော်လည်း သူတို့က ဝေနိုင်ငံ၏ မြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်ထားပြီဖြစ်သည်။
ထို့အပြင် ချင်စစ်တပ်က ဝေနိုင်ငံမှ ဖြတ်ပြီး ကျောက်နိုင်ငံထဲသို့ ဘယ်တော့မှ ဝင်မည်မဟုတ်ကြောင်း အာမခံထားသော်လည်း ချင်က အောင်မြင်သွားခဲ့သည်။ ၎င်းက ဝေဘုရင်ကို အရှက်ရစေသည်။
" ကျွန်တော်မျိုး လူရွေးမှားသွားတယ်။ ကျွန်တော်မျိုးကို အပြစ်ပေးပါ။ " ဝေဝူကျိက ဆင်ခြေပေးရန် မစဉ်းစားဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။
ဝေဝူကျိ၏ အခြေအနေကို မြင်သောအခါ ဝေဘုရင်၏ ဒေါသများက ကူကယ်ရာမဲ့မှုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဝေနိုင်ငံတွင် အသုံးချနိုင်သူ မရှိတော့ပေ။
" ဦးရီးတော် ဒီကိစ္စက ကျွန်တော် ဦးရီးတော်ကို အပြစ်ပေးချင်လို့မဟုတ်ဘူး။ ဒါပေမယ့် ဒါက ကျောက်နိုင်ငံကိုလည်း ရှင်းပြရခက်သလို နန်းတွင်းက ဝန်ကြီးအားလုံးကိုလည်း ဖြေရှင်းချက်ပေးဖို့ မလွယ်လို့ပါ။ " ဝေဘုရင်က သက်ပြင်းချလိုက်သည်။ " ချင်နိုင်ငံက ဝေမြို့ဆယ်ခုကျော်ကို သိမ်းပိုက်ပြီး ကျောက်နိုင်ကို လမ်းဖောက်သွားတယ်။ ကျွန်တော် ပြည်သူတွေကို ဘယ်လို ရှင်းပြရမလဲ။ "
" ဒါက ကျွန်တော်မျိုးရဲ့ အမှားပါ။ ကျွန်တော်မျိုးသာ အရှုံးမပေးခဲ့ရင် ဝေနိုင်ငံက ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ပါဘူး။ " ဝေဝူကျိက ရှက်ရွံ့စွာ ပြောလိုက်သည်။
" ဟူး... အခုအချိန်မှာ ဒါတွေပြောနေလို့ အပိုပါပဲ။ ဦးရီးတော်ရဲ့ အမြင်အရ ကျွန်တော်တို့ဘာလုပ်သင့်လဲ။ ချင်နိုင်ငံက ကျွန်တော်တို့ နယ်မြေတွေ သိမ်းပိုက်သွားတာကို ဒီအတိုင်း ကြည့်နေရမှာလား။ ပြီးတော့ ချင်နိုင်ငံက ကျောက်နိုင်ငံကို ဖျက်ဆီးပြီးရင် ဝေနိုင်ငံကို လာတိုက်မှာကိုပဲ စောင့်နေရမှာလား။ " ဝေဘုရင်က စိုးရိမ်စွာ ပြောလိုက်သည်။
" ရှင်သန်ဖို့အတွက်ဆိုရင် ကိုယ်ကိုကိုယ် အသေခံရမယ့် အခြေအနေထိ တွန်းပို့ရမယ်။ စစ်တပ်ကို စုစည်းပြီး ချင်နိုင်ငံကို ပြန်တိုက်ရမယ်။ ပြီးတော့ ချင်နိုင်ငံက ကျွန်တော်တို့ ဝေနိုင်ငံဆီက သိမ်းသွားတဲ့ မြို့အားလုံးကို ပြန်သိမ်းရမယ်။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်တွေ စုစည်းပြီး တိုက်ရင်ရော ကျွန်တော်ရဲ့ ဝေနိုင်ငံက ချင်နိုင်ငံကို တကယ်ပဲ ယှဉ်နိုင်ပါ့မလား။ " ဝေဘုရင်က တွေဝေသွားသည်။