အခန်း (၁၇၀)
Vol. 17 Ch. 170
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၇၀)
" အနာဂတ် စစ်သေနာပတိချုပ်တစ်ယောက်ရဲ့ ထောက်ခံမှုသာ ရသွားရင် နန်းတွင်းမှာ ဖုစုရဲ့ ဩဇာအာဏာကို ဘယ်သူမှယှဉ်လို့ရတော့မှာမဟုတ်ဘူး။ " လီစီက လေးနက်စွာ ပြောလိုက်သည်။
" မင်းက ကျောက်ဖုန်းနဲ့ မင်းသားဖုစုကြားမှာ သွေးခွဲခိုင်းနေတာပဲ။ အဲ့ဒီကနေ ငါက ဘာအကျိုးအမြတ်ရမှာလဲ။ ဒါ့အပြင် ငါက ကျောက်ဖုန်းနဲ့ သိတာ သိပ်မကြာသေးပေမယ့် သူ့ရဲ့ စိတ်ဓာတ်ကို လေးစားတယ်။ ပြီးတော့ မင်းသားဖုစုကို အမျက်ထွက်အောင် လုပ်တာကလည်း သူအတွက် ဘာမှမကောင်းဘူး။ ဒီကိစ္စကို မင်းဘာသာမင်း ကိုင်တွယ်လိုက်ပါ။ " ဟန်ဖေးက ထွက်ခွာသွားသည်။
ဟန်ဖေး၏ ကျောပြင်ကို ကြည့်ရင်း လီစီ၏ မျက်နှာတွင် ဒေါသထွက်သော အမူအရာ တစ်ချက်ပေါ်လာသော်လည်း ကူကယ်ရာမဲ့သော အမူအရာက အစားထိုးသွားသည်။
" အရှင်သား " ဝမ်ဝမ်က ပြောလိုက်သည်။ " ကျောက်နယ်မြေကို သွားပြီး ကျောက်ဖုန်းကို ဆုလာဘ်ပေးဖို့ အရှင်မင်းကြီးဆီက တောင်းဆိုတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ကျောက်ဖုန်းရဲ့ လက်ရှိအရှိန်အဟုန်နဲ့ဆို သူ့ကို ဖိနှိပ်ဖို့က မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အရှင်မင်းကြီးက သူ့အပေါ်မှာ ဒီလောက်မျက်နှာသာပေးနေတော့ အနာဂတ်မှာ သူက စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံရဖို့ သေချာသလောက် ဖြစ်နေတယ်။ အခြေအနေတွေအရ သူ့ကိ ရန်မစမိတာ အကောင်းဆုံးပဲ။ "
" အဲ့ဒီနေ့က ကိစ္စတွေကို ရှင်းလို့ရအောင် ကျုပ် ခမည်းတော်ဆီက ခွင့်ပြုချက်တောင်းခဲ့တာပဲ။ " ဖုစုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " အဲ့ဒီတုန်းက ဆရာလုပ်ခဲ့တာ လွန်သွားတယ်။ "
" အရှင်သားက တော်ဝင်သားတော်ပဲ။ ဘယ်လိုလုပ်လက်အောက်ငယ်သားတစ်ယောက်ကို တောင်းပန်ရမှာလဲ။ " ချွန်းယွီယွဲ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။ " အနာဂတ်အိမ်ရှေ့စံမင်းသားအနေနဲ့ အရှင်သား မှားနေရင်တောင် အဲ့ဒါက မှန်နေရမယ်။ "
" ဆရာကြီး နောက်တစ်ခုခုမလုပ်ခင် ကျုပ်တို့နဲ့ အရင်တိုင်ပင်လို့ရမလား။ " ဝမ်ဝမ်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။ " ပထမဆုံး ဆရာကြီးက ဘာအကြောင်းပြချက်မှမရှိဘဲ ကျောက်ဖုန်းကို စော်ကားခဲ့တယ်။ ပြီးတော့ ဒီနေ့ နန်းတွင်းမှာလည်း ဘာအကျိုးဆက်မှမစဉ်းစားဘဲ သူ့ကို စွပ်စွဲခဲ့တယ်။ "
" အရှင်မင်းကြီးက ဒီကိစ္စကို ထည့်မတွက်တာ တော်သေးတယ်။ မဟုတ်ရင် ဆရာကြီးက အရှင်သားကို ထပ်ပြီး ဒုက္ခရောက်အောင် လုပ်မိဦးမှာပဲ။ ဆရာကြီးက အရှင်သားရဲ့ ဆရာဆိုတာ နားလည်ထားရမယ်။ ဆရာကြီးရဲ့ လုပ်ရပ်တွေက သူ့အပေါ်မှာ မလွဲမသွေ သက်ရောက်နေမှာပဲ။ အခုကစပြီး ဆရာကြီး သတိထားရမယ်။ ဒီလိုမဆင်မခြင်လုပ်ရပ်တွေကို ရပ်ရမယ်။ "
" ဝန်ကြီးချုပ်ဝမ်က ကျုပ်မှားတယ်လို့ မင်းပြောချင်တာလား။ " ချွန်းယွီယွဲ့က မကျေမနပ်နှင့် ပြောလိုက်သည်။
" မှားတာက မှားတာပဲ။ " ဝမ်ဝမ်က တင်းမာစွာ ပြောလိုက်သည်။ " အရှင်သားရဲ့ ကြီးမားတဲ့အနာဂတ်အတွက် ဆရာကြီးအနေနဲ့ ဒီလိုမဆင်မခြင်မလုပ်သင့်ဘူး။ "
ဝမ်ဝမ်၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ ချွန်းယွီယွဲ့က ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ အဆင့်အတန်းရော ရာထူးမှာရော သူက ဝမ်ဝမ်ကို မယှဉ်နိုင်ပေ။ "
" ဝန်ကြီးချုပ်ဝမ်ပြောတာမှန်တယ်။ " ဟွိုက်ကျွမ်းက ဝင်ပြောလိုက်သည်။ " ဆရာကြီး အခုကစပြီး သတိထားရမယ်။ ဆရာကြီးက အရှင်သားကို ကိုယ်စားပြုနေတာပဲ။ "
" ဒါပေမယ်လ ဒီဟန်ဖေးက ကျောက်နယ်မြေကို သွားဖို့ ဘာလို့တောင်းဆိုခဲ့တာလဲဆိုတာ ငါနားမလည်ဘူး။ " ဝမ်ဝမ်က ပြောလိုက်သည်။
" ဟန်ဖေးကို ချင်နိုင်ငံဆီ မလွှဲပြောင်းပေးခင်တုန်းက သူ့ကို လိုက်ပို့ခဲ့တာ ကျောက်ဖုန်းလို့ပြောကြတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်တယ်။ " ဖုစုက ခန့်မှန်းလိုက်သည်။
" ဟန်ဖေးနဲ့ ပက်သက်ပြီး ပြောရရင် ဒီလူက အရမ်းထက်မြက်တယ်။ ဒါပေမယ့် တစ်ခုတော့ သေချာတယ်။ သူက လီစီဘက်တော်သားမဟုတ်ဘူး။ ပြီးတော့ သူတို့ကြားမှာ ရန်ငြိုးတစ်ခုခု ရှိနေပုံပဲ။ သူ့ကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ဖို့ အကောင်းဆုံးပဲ။ " ဟွိုင်ကျွမ်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ဖုစုက ခေါင်းညိမ့်လိုက်သည်။
ကျန်းထိုင်နန်းတော်။
" အရှင်မင်းကြီး " ယွီလျောင်က ဘေးတွင်ထိုင်ပြီး ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီး မျှော်လင့်တာ မမှားခဲ့ပါဘူး။ ကျောက်ဖုန်းက အရှင်မင်းကြီးကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး။ သူက တကယ်ပဲ သူ့ရဲ့ စစ်သည်သောင်းဂဏန်းလေးနဲ့ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နယ်မြေထဲအထိ ချီတက်နိုင်ခဲ့တယ်။ "
" ငါမျှော်လင့်ထားခဲ့တာ မှန်ပေမယ့် ကျောက်ဖုန်းက နှစ်လမပြည့်ခင် ကျောက်နယ်မြေထဲ ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါပြောသလိုပဲ သူက ကောင်းကင်ဘုံက ပေးလိုက်တဲ့ စစ်သူကြီးပဲ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး အခုတော့ ဝေနယ်မြေက မြို့ပေါင်းများစွာက အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက် ရောက်လာပါပြီ။ နောက်ဘက်ခန်းမက အလံတွေကို လဲလှယ်ဖို့ လိုပါလိမ့်မယ်။ " ယွီလျောင်က ပြုံးပြီး ပြောလိုက်သည်။
" သွားကြစို့။ " ရင်ကျန့်က မတ်တပ်ရပ်လိုက်ပြီး ယွီလျောင်နှင့်အတူ နောက်ခန်းမသို့ လျှောက်သွားကြသည်။
ရင်ကျန့်က ဘေးမှ သေတ္တာလေးထဲမှ ချင်အလံများကို ထုတ်ပြီး ဝေနယ်မြေထဲမှ ဝေအလံများကို ဆွဲထုတ်ကာ ချင်အလံများဖြင့် အစားထိုးလိုက်သည်။ ထိုမြေပုံပေါ်တွင် ရှန်းကျိုးရှိ နိုင်ငံအသီးသီးမှ မြို့အားလုံးကို ချင်လူမျိုးအဆက်ဆက်က တိကျစွာ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ရင်ကျန့်နှင့် ယွီလျောင်တို့က မြေပုံပေါ်မှ ချင်အလံများကို ကြည့်ပြီး ပြုံးလိုက်ကြသည်။
" ဟန်ဖေးကို မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ " ယွီလျောင်က မှတ်ချက်ပေးလိုက်သည်။ " သူက ချင်ကို အညံ့ခံထားပေမယ့် တကယ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားတာမျိုးတော့ မရှိသေးဘူး။ အမှုထမ်းဖို့ ကတိပြုပြီးကတည်းက သူ့ရဲ့ အခြေခံတာဝန်တွေကို ထမ်းဆောင်တာကလွဲရင် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြသတာမျိုး မရှိသေးဘူး။ ဖြစ်နိုင်တာက သူ့ရင်ထဲမှာ ရန်ငြိုးတစ်ခုခု ရှိနေတုန်း ဖြစ်နိုင်တယ်။ "
" သူ့ရဲ့ ပါရမီတွေက တကယ်ထူးခြားတယ်။ အနာဂတ်မှာ သူငါ့အပေါ် စိတ်ရင်းအမှန်နဲ့ အမှုထမ်းလာအောင် ငါလုပ်မှာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ကျောက်ဖုန်းရဲ့ ကိုယ်ရံတော်တွေကြားထဲမှာ မျက်စိတွေနားတွေထားမယ့်ကိစ္စက ဘယ်လိုရှိပါလဲ။ " ယွီလျောင်က မေးလိုက်သည်။
ထိုသို့သော လျို့ဝှက်ကိစ္စများကို မေးရဲသူမှာ နန်းတော်တစ်ခုလုံးတွင် ယွီလျောင်တစ်ယောက်သာ ရှိပေလိမ့်မည်။ သူက ရင်ကျန့်၏ ယုံကြည်မှုကို ရရှိပြီးနောက် ချင်ဘုရင်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော ဟေးပင်းထိုင်အဖွဲ့အစည်းရှိကြောင်းကိုပင် သူသိရှိထားသည်။
" မင်းပြောမှပဲ သတိရတယ်။ ဒါက ထူးဆန်းတဲ့ကိစ္စတစ်ခုပဲ။ " ရင်ကျန့်က သူ၏ လုပ်လက်စအလုပ်ကို ရပ်လိုက်သည်။
" ပြောပြပါဦး အရှင်မင်းကြီး။ "
" ကျောက်ဖုန်းက သူ့ရဲ့ ကိုယ်ရံတော်တပ်မှူးက စစ်တပ်ထဲက ထူးချွန်တဲ့သူတွေကို ရွေးချယ်ခိုင်းခဲ့တယ်။ ဟေးပင်းထိုင်က လူဆယ်ယောက်ကျော်ကို ရွေးချယ်မယ့်လူစုထဲမှာ ထည့်သွင်းနိုင်ခဲ့ပေမယ့် နောက်နေ့မှာပဲ သူတို့အားလုံး အငြင်းခံလိုက်ရတယ်။ အဲ့ဒီလူတွေထဲက တစ်ယောက်မှ ကျောက်ဖုန်းရဲ့ ကိုယ်ရံတော်တပ်မှူး မဖြစ်လာခဲ့ဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" သူတို့က ဟေးပင်းထိုင်ရဲ့အဖွဲ့ဝင်ဆိုတာ အထောက်အထားကို ဖော်ပြမိသွားလို့လား။ " ယွီလျောင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
" မဖြစ်နိုင်ဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။ " ဟေးပင်းထိုင်ရဲ့ အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်ယောက်တောင် မသိကြဘူး။ တကယ်လို့ မတော်တဆ ပေါ်သွားပြီး အပယ်ခံရတယ်ဆိုရင်တောင် အားလုံးပေါ်သွားဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါက ငါ့ကို နားမလည်နိုင်ဖြစ်စေခဲ့တယ်။ "
၎င်းကိုကြားသောအခါ ယွီလျောင်က အတွေးနက်သွားသည်။ သူလျိုအချင်းချင်းတောင် ဝတ်စံတူမဝတ်ထားလျှင် လူအုပ်ထဲရောနှောသွားသောအခါ တစ်ယာက်နှင့်တစ်ယောက် မမှတ်မိကြပေ။
" အဲ့ဒီကျောက်ဖုန်းက လူတွေရဲ့ စိတ်ကို ဖတ်နိုင်လို့များလား။ " ယွီလျောင်က ရယ်မောပြီး ပြောလိုက်သည်။
" လူတွေရဲ့ စိတ်ကို ဖတ်နိုင်တယ်ဟုတ်လား။ " ရင်ကျန့်က ပြုံးပြီး တခါင်းခါလိုက်သည်။ " ဒီလိုပညာမျိုးက ဒီလောကမှာ တကယ်ပဲ ရှိလို့လား။ "
" ရှိရင်လည်း ရှိမှာပေါ့။ " ယွီလျောင်က ပြုံးလိုက်သည်။ " ဒါကလွဲရင် ကျောက်ဖုန်းက သူလျိုတွေကို ဘယ်လိုနည်းနဲ့ အတိအကျဖော်ထုတ်နိုင်ခဲ့လဲဆိုတာ ကျွန်တော်တကယ်စဉ်းစားလို့မရဘူး။ "
" ကျောက်ဖုန်းက သူလျိုတွေကိုတောင် ဖော်ထုတ်နိုင်တယ်ဆိုရင်တော့ သူက တကယ်ကြောက်စရာကောင်းတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင်မင်းကြီး နောက်ထပ်သူလျိုတွေ ထပ်မလွှတ်ကြည့်ဘူးလား။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" သူ့ရဲ့ ကိုယ်ရံတော်တွေက အပြည့်ဖြစ်နေပြီ။ ထပ်ပြီး ထည့်ဖို့က မဖြစ်နိုင်တော့ဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။
" သူက တကယ်ပဲ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တယ်ဆိုရင်တော့ သူက သာမန်လူမဟုတ်ဘူး။ " ယွီလျောင်က အံ့ဩစွာ ပြောလိုက်သည်။
" ဒီကောင်လေးအကြောင်း ငါပိုသိချင်လာပြီ။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားဖြစ်လို့ နောင်တစ်ချိန်မှာ အရှင်မင်းကြီးက သူ့ကို သေချာပေါက် တွေ့ရမှာပါ။ အခုတစ်ခေါက် ဆုလာဘ်သွားပေးမှာ မင်းသားဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်ရင် ကျောက်နိုင်ငံကို သွားပြီး ကျောက်ဖုန်းနဲ့ သွားတွေ့ချင်မိတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။