အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း ၆၁ - ငါ့ဒုတိယညီလေးရဲ့ လရောင်ဖြူလေး နဲ့ မှဲ့နီလေး
မွှေးကြိုင်သော လေပြေတစ်ခု တိုက်ခတ်လာပြီး လန်ချင်းဆုန့်၏ လက်မှာ တုန်ယင်သွားကာ သူ ကိုင်ဆောင်ထားသော အဖိုးတန် ဓားရှည်ကို လွတ်ကျလုမတတ် ဖြစ်သွားလေ၏။
မည်သည့်အရာကိုမျှ မကြောက်ရွံ့တတ်သော လန်ချင်းဆုန့်သည် အိုးယန်၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲကိုင်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် တောင်းပန်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားပေသည်။
အိုးယန်က သူ၏ အင်္ကျီလက်ကို ဆွဲယူလိုက်ပြီး ဟူထူကို သူ၏ ရင်ခွင်ထဲသို့ ထည့်ကာ ပြည့်တန်ဆာအိမ်ထဲမှ လှိမ့်ထွက်သွားလေတော့၏။
စီနီယာအစ်ကို သေတာထက် ဂျူနီယာညီလေး သေတာက ပိုကောင်းတယ်... ဂရုစိုက်ပါ ဒုတိယညီလေး...
လန်ချင်းဆုန့်၏ စိတ်ပျက်အားငယ်နေသော အကြည့်အောက်တွင် အိုးယန်သည် သူ၏ ခေါင်းကို စောင်းကာ ထွက်ပြေးသွားတော့၏။
မည်သည့်အရာကိုမျှ မကြောက်ရွံ့တတ်သော လန်ချင်းဆုန့်က ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်သည်။
"မြွေ... မြွေမိစ္ဆာ... ငါ..."
"ဘာလဲ... မင်း ကျင့်ကြံဖို့ ငါ ကူညီပေးရမလား..."
သွယ်လျပြီး ဖြူဖျော့သော လက်မောင်းတစ်စုံက လန်ချင်းဆုန့်၏ လည်ပင်းကို ရစ်ပတ်လာပြီး အမျိုးသမီးက သူ၏ နားထဲသို့ သစ်ခွပန်းများကဲ့သို့ မွှေးကြိုင်သော အသက်ရှူသံများနှင့်အတူ တီးတိုးပြောဆိုလိုက်လေ၏။
"ငါ..."
လန်ချင်းဆုန့်သည် သူ၏ အသက်ရှူသံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရပေသည်။ သူ့ရှေ့ရှိ စီနီယာအစ်မသည် အချိန်မရွေး သူ့ကို မျိုချတော့မည့်အလား ဆွဲဆောင်မှုများကို ထုတ်လွှတ်နေလေ၏။
လန်ချင်းဆုန့်၏ အတွင်းရှိ ရွှေအမြုတေသည် အရူးအမူး လည်ပတ်နေပြီး ဆေဘာဓားစိတ်ဆန္ဒနှင့် ရောနှောနေသော လှိုင်းထနေသည့် စစ်မှန်သောချီများက ခုခံရန် ကြိုးစားနေပေသည်။ သူ၏ လက်ထဲရှိ အဖိုးတန် ဓားရှည်သည် သူ၏ သခင်ကို ကာကွယ်လိုသည့်အလား ဓား၏ ဆေဘာဓားစိတ်ဆန္ဒကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ချေ။
"အို... မင်း ကြီးလာပြီပဲ... ဓားကိုတောင် အသုံးပြုနိုင်ပြီလား... စီနီယာအစ်မကို ထိုးဖို့ ဘယ်ဓားကို အသုံးပြုချင်တာလဲ မသိဘူး..."
အမျိုးသမီး၏ ကျောက်စိမ်းရောင် လက်က ဓားလက်ကိုင်ကို ဖိထားပြီး သူမက ကျီစယ်ကာ ပြောဆိုလိုက်လေ၏။
မူလက အသံမြည်နေသော အဖိုးတန် ဓားရှည်သည် ထိုကျောက်စိမ်းရောင် လက်၏ နူးညံ့သော ပွတ်သပ်မှုအောက်တွင် ဓား၏ အလုပ် ပြီးဆုံးသွားသည့်အလား ချက်ချင်း ညှိုးနွမ်းသွားလေတော့သည်။
ဘယ်သူက ဒါကို ခံနိုင်ရည် ရှိမှာလဲ...
လန်ချင်းဆုန့်သည် သူ၏ ခွန်အားများ အားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အမျိုးသမီး၏ ရင်ခွင်ထဲသို့ လဲကျသွားပေ၏။ နူးညံ့မှုများကြားတွင် သူက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်သည်။
အနီရောင် ကန့်လန့်ကာများနှင့် ပိတ်ပါးစများ ထပ်မံ မြင့်တက်လာပြီး သူတို့နှစ်ဦးကို ရစ်ပတ်ကာ ဒုတိယထပ်သို့ တိုက်ရိုက် ပျံသန်းသွားလေ၏။ နောက်တစ်စက္ကန့်တွင် ယခင်က ရပ်တန့်သွားခဲ့သော ပြည့်တန်ဆာအိမ်သည် ထပ်မံ၍ ဆူညံသံများဖြင့် စည်ကားလာပြန်ပေသည်။
ခုလေးတင် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။
လန်ချင်းဆုန့်ကို အမျိုးသမီးက ကုတင်ပေါ်တွင် တင်ပေးလိုက်ပြီး သူမက သူ၏ တင်းမာနေသော မျက်နှာကို ပွတ်သပ်ကာ သူမ၏ မျက်လုံးများထဲတွင် စွဲလမ်းမှုများ လင်းလက်နေလေ၏။
"ဆက်မကြည့်နဲ့တော့... တကယ်လို့ မင်းမှာ သတ္တိရှိရင် သူ့ကို တကယ် စားလိုက်လေ..."
အိုးယန်၏ အသံက နံဘေးမှ ထွက်ပေါ်လာသည်။
အမျိုးသမီးက လှည့်လိုက်ပြီး စားပွဲတွင် ထိုင်ကာ အရက်သောက်နေသော အိုးယန်ကို ကြည့်ရင်း စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
"ဘာလို့ ခုနက ငါ့ကို အဲ့ဒီလောက်တောင် ကြောက်နေခဲ့တာလဲ..."
အိုးယန်က ဟူထူအတွက် လိမ္မော်သီး တစ်လုံး အခွံနွှာပေးရင်း ပြောဆိုလိုက်သည်။
"ဆရာကတော်က မင်း ကျင့်ကြံဖို့ မီးဖိုအဖြစ် ငါတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးဖို့ ပြောခဲ့တာ မဟုတ်ဘူးလား... မင်းက ငါ့ကို မရွေးခဲ့ဘူးလေ... ဒါဆို ငါက ဘာလို့ ငါ့ရဲ့ ဂျူနီယာညီလေးရဲ့ ကံကောင်းမှုကို ဖျက်ဆီးရမှာလဲ..."
အမျိုးသမီးက ကုတင်ပေါ်တွင် ထိုင်ကာ အိုးယန်ကို ကြည့်ပြီး ကျီစယ်လျက် ပြောဆိုလိုက်လေ၏။
"ငါက မင်းတို့ နှစ်ယောက်လုံးကို အသုံးပြုမယ်ဆိုရင်ရော..."
အိုးယန်၏ လက် တုန်ယင်သွားပေသည်။ သူက မြွေတစ်ကောင်လို ဆွဲဆောင်မှုရှိသော ကုတင်ပေါ်ရှိ အမျိုးသမီးကို ကြည့်ကာ လေးနက်စွာ ပြောဆိုလိုက်၏။
"ငါ့ရဲ့ စရိုက်က နည်းနည်း ပြင်းတယ်... ငါက အပေါ်ပိုင်းကိုပဲ အသုံးပြုတာဆိုတော့ မင်းရဲ့ ကျင့်ကြံမှုအတွက် သိပ်အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး..."
"နှာဘူး..."
အမျိုးသမီးက တစ်ခုခုကို တွေးမိသွားပုံရပြီး တံတွေးထွေးလိုက်လေ၏။
မင်းက ခုနတုန်းက အဲ့ဒီလို ပုံစံဖြစ်နေပြီး ငါ့ကို နှာဘူးလို့ ခေါ်နေတာလား... နှာဘူး တစ်ယောက်တောင်မှ မင်းကို ဘိုးဘေးသခင်လို့ ခေါ်ရလိမ့်မယ်...
"စီနီယာအစ်ကိုက ထူထူ အပိုင်ပဲ..."
ဟူထူက အိုးယန်၏ လက်ထဲရှိ လိမ္မော်သီးကို ကြည့်ကာ ရုတ်တရက် ပြောဆိုလိုက်လေသည်။
သူမ၏ မျက်လုံးများက လိမ္မော်သီးကို မျက်တောင်မခတ်ဘဲ ကြည့်နေသော်ငြား သူမ၏ လေသံမှာ အလွန် ခိုင်မာလှပေ၏။
အမျိုးသမီးက ဟူထူကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ တကယ်တော့ ထိုအရာမှာ ရှန်းထျန်းအဆင့် တာအိုခန္ဓာကိုယ် ဝိညာဉ်မြေခွေး တစ်ကောင်
ဖြစ်နေသလော...
စီနီယာဦးလေး ဟူယွမ်မှာ သူမ၏ ဆရာ ရှိပြီး လန်ချင်းဆုန့်မှာ သူမ ရှိကာ ဤအိုးယန်က ဝိညာဉ်မြေခွေးငယ်လေး တစ်ကောင်ကို ဖမ်းထားတာလား...
သူက မိစ္ဆာမျိုးနွယ်တွေကို ခြောက်သွေ့သွားတဲ့အထိ ခေါင်းပုံဖြတ်ဖို့ ကြိုးစားနေတာလား...
အမျိုးသမီးက အိုးယန်ကို ကြည့်ကာ အနည်းငယ် ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်လေ၏။
"မင်းတို့ ဆရာနဲ့ တပည့် သုံးယောက်လုံးမှာ ထူးဆန်းတဲ့ အကျင့်တွေ ရှိနေကြတာလား..."
အိုးယန်က ချောင်းဟန့်လိုက်ပြီး လေးနက်သော မျက်နှာဖြင့် ပြောဆိုလိုက်သည်။
"ချန်ရှောင်ယွဲ့... ငါ မင်းကို သတိပေးမယ်နော်... ငါ့ရဲ့ ဆရာနဲ့ ငါ့ရဲ့ ဒုတိယညီလေး နှစ်ယောက်လုံးက အတင်းအကျပ် ခိုင်းစေခံရတာ..."
အိုးယန်၏ မျက်လုံးထဲတွင် သူ့ရှေ့ရှိ အမျိုးသမီး၏ အချက်အလက်ပြဘုတ်သည် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းနေပေ၏။
အမည် - ချန်ရှောင်ယွဲ့ (ကောင်းကင်ဝါးမြို စပါးကြီးမြွေ ငယ်ရွယ်သော ပုံစံ)
ကျင့်ကြံခြင်း - ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ်၊ အဆင့် ခြောက်
အရိုးအမြစ် - ၈
ဆွဲဆောင်မှု - ၁၀
ကံကြမ္မာ - ၆
မျိုချခြင်း ပါရမီ - ၁၀
သီးသန့်စွမ်းရည် - ကောင်းကင်ကို မျိုချခြင်း
အကဲဖြတ်ချက် - သတိထားပါ... မြွေမိစ္ဆာက သူမ ကျင့်ကြံဖို့ မင်းကို ကူညီစေချင်နေတယ်...
သူ့ရှေ့ရှိ ဆွဲဆောင်မှုရှိသော ဤအမျိုးသမီးမှာ လူသား မဟုတ်ဘဲ မြွေမိစ္ဆာ တစ်ကောင် ဖြစ်ပေ၏။
သူတို့၏ အဆင်ပြေသော ဆရာ၏ ယုံကြည်ရသူများထဲမှ တစ်ဦးမှာ ဤမြွေမိစ္ဆာ၏ ဆရာ ဖြစ်သောကြောင့် အိုးယန်နှင့် လန်ချင်းဆုန့်တို့က သူမကို စီနီယာအစ်မ ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
သူ၏ ဆရာသည် ရွှီရှန်း ဝင်စားသူနှင့် တကယ်ပင် နှိုင်းယှဉ်နိုင်ပြီး သူက မြွေဖမ်းသမား တစ်ဦးပင် ဖြစ်နေသေး၏။
သူနှင့် သူ၏ ဒုတိယညီလေး ဂိုဏ်းထဲသို့ မဝင်ရောက်မီ သူတို့၏ ဆရာသည် သူတို့ကို နေရာအနှံ့ ခရီးသွားရန် ခေါ်ဆောင်သွားခဲ့ပြီး ပထမဆုံး မှတ်တိုင်မှာ မြွေတွင်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခြင်းပင် ဖြစ်သည်။
အစပိုင်းတွင် အိုးယန်က သူ၏ ဆရာသည် မိစ္ဆာ ကျင့်ကြံသူ တစ်ဦးဟု ထင်မှတ်ခဲ့ရာ သူ၏ ဆရာက မိစ္ဆာများကို နှိမ်နင်းရန် ထိုနေရာသို့ ရောက်နေခြင်းဖြစ်ကြောင်း ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
နောက်နေ့တွင် သူ၏ ဆရာသည် ခါးကို ထောက်လျက် ချန်ရှောင်ယွဲ့၏ တွဲကူမှုဖြင့် ထွက်လာချိန်မှသာ ဂူထဲရှိ မြွေမိစ္ဆာ မည်မျှ စွမ်းအားကြီးမားကြောင်း အိုးယန် သဘောပေါက်သွားလေတော့၏။
အောင်ပွဲခံသည့် ကိုယ်ဟန်ဖြင့် ချန်ရှောင်ယွဲ့က အိုးယန်နှင့် လန်ချင်းဆုန့်တို့ကို ပြောဆိုလိုက်လေသည်။
"မနေ့က မင်းတို့ရဲ့ ဆရာက ငါ့ရဲ့ ဆရာနဲ့ လောင်းကြေးထပ်ပြီး ရှုံးသွားလို့ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ခင်ပွန်းအဖြစ် ငါ့ဆီ ပေးလိုက်ရတယ်..."
ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိတယ်လား...
ပြည့်ဖြိုးသော ချန်ရှောင်ယွဲ့ကို ကြည့်ရင်း အိုးယန်က သူ၏ စိတ်ထဲတွင် တွေးလိုက်မိသည်။
ငယ်ရွယ်သော အိုးယန်သည် မည်သို့ပင်ဖြစ်စေ စီနီယာအစ်ကို တစ်ဦး၏ တာဝန်ကို သူ ပြီးမြောက်အောင် ထမ်းဆောင်မည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။
မြွေဖမ်းသမား ဆရာရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဆယ်တင်ဖို့က ငါတို့ရဲ့ တာဝန်ပဲ...
သူမ၏ အသက်ကို မေးမြန်းချိန်တွင် ချန်ရှောင်ယွဲ့သည် အသက်နှစ်ထောင် အရွယ် ရှိနေပြီ ဖြစ်၏။ မူလက ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူခဲ့သော အိုးယန်သည် ချက်ချင်း ညှိုးနွမ်းသွားလေတော့သည်။
အသက်နှစ်ထောင် အရွယ် မြွေမိစ္ဆာ တစ်ကောင်ရဲ့ ဒေါသက ဘယ်လောက်တောင် ကြီးမားနေမလဲ... သူ့ကို ခြောက်သွေ့သွားအောင် စုပ်ယူပစ်ဖို့ဆိုတာ လက်တစ်ချက် လှန်လိုက်သလို လွယ်ကူနေမှာ မဟုတ်ဘူးလား...
အိုးယန်က လန်ချင်းဆုန့်ကို အပြင်သို့ တွန်းထုတ်လိုက်လေ၏။ သူ၏ ဒုတိယညီလေးသည် လေဟာနယ်၏ သားတော် ဖြစ်ပေရာ အသက်နှစ်ထောင် အရွယ် မြွေမိစ္ဆာ တစ်ကောင်ကို ကြောက်စရာ ဘာရှိမည်နည်း။
လန်ချင်းဆုန့် မြွေတွင်းထဲသို့ ဆွဲခေါ်ခံရပြီးနောက် တစ်ခါမျှ မငိုဖူးသော လန်ချင်းဆုန့်သည် ထိုညက မျက်လုံးများ နီရဲလျက် ထွက်လာခဲ့လေ၏။
အိုးယန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အသက်သုံးနှစ် အရွယ် လန်ချင်းဆုန့်သည် ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရပြီဟု ထင်မှတ်လိုက်သည်။
သို့ရာတွင် အိုးယန် မမေးမြန်းနိုင်မီမှာပင် လဲလှယ်ထားသော လန်ချင်းဆုန့်၏ အဝတ်အစားများကို ကိုင်ကာ ချန်ရှောင်ယွဲ့ ထွက်လာပြီး ကျေနပ်စွာဖြင့် ပြောဆိုလိုက်လေ၏။
"သူ့ကို ငါ စစ်ဆေးပြီးပြီ... မဆိုးပါဘူး... စီနီယာဦးလေး ဟူယွမ်က ငါ့ကို မလိမ်ပါဘူး... သူက တကယ်ပဲ ကောင်းမွန်တဲ့ ကျင့်ကြံခြင်း မီးဖို တစ်ခုပါပဲ..."
မျက်လုံးများ နီရဲနေသော လန်ချင်းဆုန့်ကို အိုးယန် ကြည့်လိုက်ပြီး သူမ မည်သို့ စစ်ဆေးခဲ့သနည်းဟု တိတ်တဆိတ် မေးမြန်းလိုက်လေသည်။
"ငါတို့ အတူတူ ရေချိုးခဲ့ကြရုံပါပဲ... အသက်သုံးနှစ် အရွယ် ကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ..."
ချန်ရှောင်ယွဲ့က မျက်လုံးလှန်ပြကာ ပြောဆိုလိုက်၏။
"ရေချိုးရုံ သက်သက်ပဲလား..."
အနိုင်ကျင့်ခံထားရသည့်ပုံ ပေါက်နေသော လန်ချင်းဆုန့်ကို အိုးယန် ကြည့်လိုက်ပြီး ပွဲကြည့်ရန် သူ၏ စိတ်ခံစားချက်များ ပျောက်ကွယ်သွားလေတော့သည်။
သို့ရာတွင် ထိုအချိန်မှစ၍ ချန်ရှောင်ယွဲ့ကို ရင်ဆိုင်ရချိန်တိုင်း လန်ချင်းဆုန့်သည် ကြောင်ကို မြင်သော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။
ထို့ပြင် ချန်ရှောင်ယွဲ့သည်လည်း သူမ၏ ကျင့်ကြံမှုကို ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူကြီး တစ်ဦးအဖြစ် အမြဲတမ်း အသုံးပြုကာ ကြွက်တစ်ကောင်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ နေ့တိုင်း သူ၏ ညီအစ်ကို နှစ်ဦးကို ကျီစယ်လေ့ရှိလေသည်။
သူ၏ အတွေးများကို ပြန်လည်ဆွဲယူလိုက်ပြီးနောက် အိုးယန်က ချန်ရှောင်ယွဲ့ကို ကြည့်ကာ မေးမြန်းလိုက်၏။
"စီနီယာအစ်မ... ဘာလို့ စီနီယာအစ်မလည်း သေမျိုးလောကကို ရောက်နေတာလဲ..."
ချန်ရှောင်ယွဲ့က အိုးယန်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ပြန်လည်မေးမြန်းလိုက်လေသည်။
"မင်းတို့ရဲ့ ဆရာက မင်းတို့ကို မပြောပြဘူးလား..."
"အဲ့ဒီ လူလိမ်အိုကြီးက ဘာပြောလို့လဲ..."
အိုးယန်က စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်၏။
"စီနီယာဦးလေး ဟူယွမ်က မင်းတို့ နှစ်ယောက် သေမျိုး ကံကြမ္မာဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့ လိုတယ်လို့ ပြောတယ်... ပြီးတော့ သူက မင်းတို့ကို စောင့်ကြည့်ကူညီပေးဖို့ ငါ့ကို လာခိုင်းတာ..."
ချန်ရှောင်ယွဲ့က ပြန်လည်ဖြေကြားလိုက်သည်။
သေမျိုး ကံကြမ္မာဆက်နွှယ်မှုကို ဖြတ်တောက်ဖို့လား... ကံကြမ္မာဆက်နွှယ်မှု ထပ်ပြီးတော့လား... အဲ့ဒီ အဘိုးကြီးက တခြား ဘာတွေ တွက်ချက်ထားသေးတာလဲ...
လေးစားမှုမရှိသော သူ၏ ဆရာကို အိုးယန် သတိရလိုက်ပြီး ခုလေးတင် ချန်ရှောင်ယွဲ့၏ စကားများကို စဉ်းစားနေမိလေ၏။
ဤအပြင်ထွက်သော ခရီးစဉ်က သူနှင့် သူ၏ ဒုတိယညီလေးတို့အကြား ကြီးမားသော ဆက်နွှယ်မှုတစ်ခု ရှိနေသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရလေသည်။
ရုတ်တရက် အိုးယန်သည် အဓိက အချက်များ အားလုံးကို နားလည်သွားပြီး ဤအခြေအနေ တစ်ခုလုံးသည် သူ၏ အဆင်ပြေသော ဆရာ၏ အစီအစဉ်တစ်ခု ဖြစ်ကြောင်းကို သဘောပေါက်သွားလေတော့၏။
အိုးယန်က ခေါင်းမော့ကာ ချန်ရှောင်ယွဲ့ကို ကြည့်ပြီး တစ်ဝက်တစ်ပျက် အပြုံးဖြင့် ပြောဆိုလိုက်သည်။
"စီနီယာအစ်မ... ကျွန်တော် ပြောချင်တာ တစ်ခု ရှိတယ်... ဒါပေမဲ့ ပြောသင့်မပြောသင့် ကျွန်တော် မသေချာဘူး..."
ချန်ရှောင်ယွဲ့က ပြုံးဖြီးနေသော အိုးယန်ကို ကြည့်ကာ သူမ၏ စိတ်နှလုံးထဲတွင် သတိထားလျက် မေးမြန်းလိုက်လေ၏။
"မင်း ဘာပြောချင်လို့လဲ..."
အနှစ်နှစ်ထောင် အသက်ရှင်ခဲ့သော ချန်ရှောင်ယွဲ့ပင်လျှင် သူ၏ ထောင်ချောက်ထဲသို့ မည်သည့်အချိန်တွင် ကျဆင်းသွားမည်ကို မသေချာသဖြင့် အိုးယန်၏ အနီးတွင် သူမ၏ သတိကို မလျှော့ချရဲခဲ့ချေ။
"စီနီယာအစ်မ... တော်ဝင်မြို့တော်ကို ကျွန်တော်တို့ ဘာလို့ ပြန်လာလဲဆိုတာ သိလား..."
အိုးယန်က ချောင်းဟန့်ကာ မေးမြန်းလိုက်လေသည်။
ချန်ရှောင်ယွဲ့က ခေါင်းခါရမ်းလိုက်၏။ ဟူယွမ်၏ တောင်းဆိုချက်ကြောင့်သာ သူမ ရောက်လာခြင်းဖြစ်သော်ငြား ဘာကြောင့် လာရသနည်းဆိုတာကို သူမ မသိရှိခဲ့ချေ။
အိုးယန်က ကုတင်ပေါ်တွင် လှဲနေသော လန်ချင်းဆုန့်ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောဆိုလိုက်လေသည်။
"ငါ့ရဲ့ ဒုတိယညီလေးရဲ့ လရောင်ဖြူလေး ဖမ်းဆီးခံရပြီး ဒီကို အခေါ်ခံလာရလို့... သူ့ကို ကယ်တင်ဖို့ ငါတို့ အထူးတလည် လာခဲ့တာလေ..."
အခန်း ၆၂ - တောင်ပေါ်က လူတွေ အင်မော်တယ် အဖြစ် ကျင့်ကြံနေရုံ သက်သက်ပါ
သူ၏ ဆရာအကြောင်း ချန်ရှောင်ယွဲ့ ပြောပြီးနောက် အိုးယန်သည် သူ၏ အဘိုးကြီး ဘာတွေ ကြံစည်နေသနည်းကို ခန့်မှန်းမိပြီး ဖြစ်လေ၏။
ဤကိစ္စတွင် သူနှင့် လန်ချင်းဆုန့်တို့ကို သေမျိုးလောက၏ ကံကြမ္မာဆက်နွှယ်မှုမှ ဖြတ်တောက်နိုင်ရန် ရည်ရွယ်သည့် သူ၏ ဆရာ၏ အစီအစဉ် သေချာပေါက် ပါဝင်နေပေသည်။
ဘုံသုံးပါးကို ကျော်လွန်ပြီး ဒြပ်စင်ငါးပါး အတွင်း မရှိသော ကျင့်ကြံသူများသည် လောကီရေးရာ ကံကြမ္မာဆက်နွှယ်မှုများက သူတို့၏ သန့်စင်သော တာအို နှလုံးသားကို ညစ်ညမ်းစေမည်ကို အထူးသတိထားတတ်ကြပေ၏။
ထို့ကြောင့် သူ၏ ဆရာက သူတို့ နှစ်ဦးစလုံး လောကီရေးရာ ကံကြမ္မာဆက်နွှယ်မှုများထဲမှ ရုန်းထွက်နိုင်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ သူနှင့် လန်ချင်းဆုန့်တို့သည် လူ့လောကမှ လာခဲ့ကြပြီး လူ့လောကမှ ထွက်ခွာသွားသင့်ပေ၏။
တစ်ဦး၏ တာအို နှလုံးသားကို တည်ငြိမ်စေရန်အတွက် ကံကြမ္မာဆက်နွှယ်မှုကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်တောက်သင့်ပေသည်။
သို့ရာတွင် သူ၏ ဆရာက ဤကိစ္စကို မည်သည့်အချိန်က အတိအကျ စတင် စီစဉ်ခဲ့သနည်း။
သူ၏ ဒုတိယညီလေးက ဆရာ့ကို စကားပြောပြီး ပထမဆုံး နှင်းကျချိန်တွင် လူ့လောကသို့ ပြန်လာရန် သဘောတူခဲ့ကာ မြွေတွင်းထဲသို့ သွားပြီး မြွေများကို ကိုယ်တိုင် အစာကျွေးကာ သူ၏ ဒုတိယညီလေးအတွက် မှဲ့နီလေး တစ်ခုကို ကြံစည်ခဲ့ချိန်က ဖြစ်လောက်ပေ၏။
သူ၏ ဆရာသည် အနည်းငယ် အားကိုးမရသော်ငြား အရာအားလုံးကို အမြဲတမ်း အပြစ်ကင်းစင်အောင် ကိုင်တွယ်ဖြေရှင်းလေ့ ရှိပေသည်။
သူ၏ ဆရာနှင့် ပထမဆုံး တွေ့ဆုံချိန်က သူ မြင်တွေ့ခဲ့ရသော အချက်အလက်ပြဘုတ်ကို ပြန်လည်စဉ်းစားရင်း သူ၏ ဆရာတွင် ကိုယ်ပိုင် အကြောင်းပြချက်များ သေချာပေါက် ရှိနေသည်ဟု အိုးယန် ခံစားလိုက်ရ၏။
အဓိက အချက်များ အားလုံးကို နားလည်သွားပြီးနောက် အိုးယန်က ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ၏ ဒုတိယညီလေးကို ကြည့်လိုက်သည်။
သူ၏ ဒုတိယညီလေးသည် တကယ်ပင် လေဟာနယ်၏ သားတော် ဖြစ်သော်ငြား သူက လေဟာနယ်၏ သားတော် ဖြစ်နေသောကြောင့်ပင်
ထူးခြားစွာ ခေါင်းမာနေပုံရလေ၏။
မည်သို့ပင်ဆိုစေ ပါရမီရှင် တစ်ဦးသည် သူတို့၏ အမှားများကို ဘယ်သောအခါမျှ ဝန်ခံမည် မဟုတ်ဘဲ သူတို့၏ စွမ်းအင်များ အားလုံး ကုန်ခန်းသွားသည်အထိ အချက်တစ်ချက်တည်းကိုသာ ထပ်ခါတလဲလဲ စွဲလမ်းနေတတ်ကြပြီး ပါရမီရှင် တစ်ဦးမှ သာမန်လူ တစ်ယောက်အဖြစ်သို့ အံ့မခန်းဖွယ် တောက်ပမှုမှ လုံးဝ မှတ်သားလောက်စရာ မရှိသည့် အခြေအနေသို့ ပြောင်းလဲသွားတတ်ကြပေ၏။
မကြီးပြင်းလာသေးသော ပါရမီရှင် တစ်ဦးသည် မှတ်သားလောက်စရာ ဘယ်သောအခါမျှ မရှိချေ။ ဤကမ္ဘာလောကတွင် သူတို့၏ ခေါင်းပေါ်၌ ပါရမီရှင် မရှိသူ မည်သူ ရှိသနည်း။
သူ၏ ဆရာ၏ အတွေးများနှင့် ရှင်းပြ၍မရအောင် ချိတ်ဆက်မိသွားပြီးနောက် သူ ဘာလုပ်သင့်သနည်းဆိုတာကို ချက်ချင်း နားလည်သွားလေ၏။
သူ၏ ဆရာက တစ်ညလုံး မအိပ်ဘဲ မိစ္ဆာများကို ဖယ်ရှားခဲ့သည်မှာ သူ၏ ဒုတိယညီလေးအတွက် မှဲ့နီလေး တစ်ခုကို ဖယ်ရှားပေးရန် မဟုတ်ပါလော။ ထိုအရာက သူ၏ ဒုတိယညီလေး၏ သေမျိုးလောကရှိ လရောင်ဖြူလေးနှင့် အတိအကျ ကိုက်ညီနေပေ၏။
သူ လုပ်ရမည့်အရာမှာ နေရာတိုင်းတွင် မီးတောက်များကို ယပ်ခတ်ပေးရုံသာဖြစ်ပြီး ဤမြွေမိစ္ဆာကို သူ၏ ဂျူနီယာညီလေးနှင့် လုံးလုံးလျားလျား ပတ်သက်မိသွားအောင် လုပ်ဆောင်ရန်ပင် ဖြစ်လေသည်။
သူ၏ ဒုတိယညီလေး၏ လရောင်ဖြူလေးအကြောင်း အိုးယန် ပြောဆိုလိုက်ချိန်တွင် မူလက ကုတင်ဘေး၌ ထိုင်ကာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိနေသော ချန်ရှောင်ယွဲ့သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်လေ၏။
ချန်ရှောင်ယွဲ့၏ အနောက်တွင် ဧရာမ စပါးကြီးမြွေ ပုံရိပ်ယောင်တစ်ခု ကွေ့ပတ်နေသည်ကို ရေးရေးလေး မြင်တွေ့ရပြီး မြွေ၏ နီရဲရဲ မျက်လုံးများက ဆွဲဆောင်မှု ရှိလှပေသည်။
"လရောင်ဖြူလေး ဟုတ်လား... ငါ့ရဲ့ ခင်ပွန်းကို နေ့ရောညပါ လွမ်းဆွတ်နေအောင် သူ့ကို ကယ်တင်ဖို့အတွက် မိုင်ထောင်ချီပြီးတောင် ခရီးသွားလာအောင် လုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း အလှမယ်လေးက ဘယ်လိုမျိုးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ချန်ရှောင်ယွဲ့က စူးစမ်းလိုစိတ်ဖြင့် ပြောဆိုလိုက်သော်ငြား သူမ၏ လေသံရှိ ကြောက်မက်ဖွယ် အေးစက်မှုက အနီးအနားတွင် လိမ္မော်သီး စားနေသော ဟူထူကို ရုတ်တရက် တုန်ယင်သွားစေခဲ့၏။
"ဝါး... ဝါး... စီနီယာအစ်ကို... ကျွန်မ ဘာလို့ နည်းနည်း အေးနေသလို ခံစားရတာလဲ..."
လိမ္မော်သီးကို ဝါးစားနေရင်း ဟူထူက အိုးယန်ကို မေးမြန်းလိုက်ပေသည်။
"အေးတယ်လား... ဒီမြို့က အအေးခံဖို့ လိုနေတာ ဖြစ်မယ်..."
သူမ၏ စကတ်ကို စုတ်ဖြဲလုမတတ် ဖြစ်နေသော ချန်ရှောင်ယွဲ့ကို ပွဲကြည့်လိုသည့် အမူအယာဖြင့် အိုးယန်က တစ်ချက်ကြည့်လိုက်ပြီး ဟူထူ၏ အမွေးပွနေသော ခေါင်းကို ပွတ်သပ်ကာ ပြောဆိုလိုက်လေ၏။
"သူမ ဘယ်မှာလဲ..."
ချန်ရှောင်ယွဲ့က မေးမြန်းလိုက်သည်။
အိုးယန်က ပခုံးတွန့်ကာ ပြောဆိုလိုက်၏။
"ငါရော ချင်းဆုန့်ရော ဗေဒင်ပညာ မတတ်ဘူးလေ... အဲ့ဒါကြောင့် ငါတို့က သတင်းအချက်အလက်တွေ စုံစမ်းဖို့ စျေးကို လာခဲ့တာပေါ့..."
"စီနီယာဦးလေး ဟူယွမ်လို နတ်ဘုရားဗေဒင်ဆရာ တစ်ယောက်က မင်းတို့ကို ဗေဒင်ပညာတွေ မသင်ပေးခဲ့ဘူးလား... အဲ့ဒါက စီနီယာဦးလေး ဟူယွမ်ရဲ့ သီးသန့်စွမ်းရည် လေ..."
ချန်ရှောင်ယွဲ့က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေ၏။
ငါက ဒြပ်စင်ငါးပါး ပုန်းကွယ်ခြင်း နည်းစနစ်ကိုတောင် အပြည့်အဝ နားမလည်နိုင်တဲ့ ချီစုဆောင်းခြင်းအဆင့် ကိုး က အသုံးမကျတဲ့ သံတုံး တစ်တုံးပါ... မင်းက ဘာလို့ ဒီလောက်တောင် အံ့အားသင့်နေရတာလဲ...
အိုးယန်က ထိုသို့ ကျိန်ဆဲချင်ခဲ့သော်ငြား သူ့ရှေ့ရှိ မြွေမိစ္ဆာသည် ရန်စရန် မလွယ်ကူသလို သူမ၏ အနောက်တွင် ဆရာကတော် တစ်ဦးလည်း ရှိနေသဖြင့် သူက အနေရခက်စွာသာ ပြုံးပြနိုင်တော့၏။
ချန်ရှောင်ယွဲ့က သူမ၏ ရင်ခွင်ထဲမှ ကြေးပြား သုံးပြားကို ထုတ်ယူလိုက်လေသည်။
ကြေးပြားငယ် သုံးပြားသည် ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်နေပေ၏။
ချန်ရှောင်ယွဲ့က ကြေးပြား သုံးပြားကို သူမ၏ လက်ဖဝါးဖြင့် အုပ်ကာ လေထဲသို့ ညင်သာစွာ ပစ်မြှောက်လိုက်ပြီး မန္တန်များကို ရွတ်ဆိုလိုက်လေသည်။
ကြေးပြား သုံးပြားသည် လေထဲတွင် လျင်မြန်စွာ လည်ပတ်နေပြီး ရွှေရောင် အလင်းတန်းများဖြင့် တောက်ပကာ လေထဲတွင် တွဲလောင်းဖြစ်နေ၏။
ချန်ရှောင်ယွဲ့က လန်ချင်းဆုန့်၏ ခေါင်းမှ ဆံပင်တစ်မျှင်ကို ဆွဲနှုတ်လိုက်ပြီး ဆံပင်ကို ကိုင်ထားသော သူမ၏ လက်ချောင်းများကို အနည်းငယ် ပွတ်သပ်လိုက်ရာ ထိုဆံပင်မျှင်သည် ချက်ချင်း မီးလောင်ကျွမ်းသွားလေတော့သည်။
မီးတောက်များသည် ချန်ရှောင်ယွဲ့၏ လက်ချောင်းများကြားတွင် ကခုန်နေကြပေ၏။
ချန်ရှောင်ယွဲ့က သူမ၏ လက်ထဲရှိ မီးတောက်များကို ကြေးပြားများဆီသို့ ညင်သာစွာ ချိန်ရွယ်လိုက်သည်။ လေထဲတွင် တွဲလောင်းဖြစ်နေသော ကြေးပြားများသည် လည်ပတ်မှု ရပ်တန့်သွားပြီး ချန်ရှောင်ယွဲ့၏ စကတ်ပေါ်သို့ ကျဆင်းလာလေ၏။
"တော်ဝင်နန်းတော် လား..."
ချန်ရှောင်ယွဲ့က ကြေးပြားများကို အနည်းငယ် သံသယဖြင့် ကြည့်လိုက်ပြီး ဤနေရာအမည်ကြောင့် ဝေခွဲမရ ဖြစ်သွားလေ၏။
သူမသည် တော်ဝင်မြို့တော်တွင် ရှိနေသည်မှာ နှစ်လခန့် ရှိပြီဖြစ်ပြီး ဤမြို့တော်ကို သူမ၏ လက်ဖမိုးကဲ့သို့ သိရှိသည်ဟု ပြောနိုင်သဖြင့် ဤမြို့တော်အတွက် တော်ဝင်နန်းတော် က ဘာကို ဆိုလိုသနည်းဆိုတာကို သူမ သဘာဝကျကျပင် သိရှိပေသည်။
ချန်ရှောင်ယွဲ့က "တော်ဝင်နန်းတော်" ဟူသော စကားလုံးများကို တီးတိုးရေရွတ်လိုက်သည်ကို အိုးယန် ကြားချိန်တွင် ဧကရာဇ်အိုကြီးက ရွှမ်အာနှင့် အခြားသူများကို တော်ဝင်နန်းတော်တွင် ထားရှိကြောင်းကို သူ ချက်ချင်း နားလည်သွားလေ၏။
"ဒီနေရာကို မင်းလည်း သိတာလား..."
နားလည်သဘောပေါက်သော အမူအယာဖြင့် အိုးယန်ကို ကြည့်ကာ ချန်ရှောင်ယွဲ့က မေးမြန်းလိုက်လေသည်။
"ငါ မသိဘူး... ဒါပေမဲ့ ဒီနေရာက အဓိပ္ပာယ် ရှိပါတယ်... ဘာပဲဖြစ်ဖြစ် အဲ့ဒါက မင်းရဲ့ ခင်ပွန်း အရင်က နေခဲ့တဲ့ နေရာပဲလေ..."
အိုးယန်က ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။
အိုးယန် ဤသို့ ပြောသည်ကို ကြားချိန်တွင် ချန်ရှောင်ယွဲ့က ကုတင်ပေါ်၌ အိပ်ပျော်နေဆဲဖြစ်သော လန်ချင်းဆုန့်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ ခင်ပွန်းသည် မင်းသား တစ်ပါး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
သေမျိုးများအကြားက မင်းသား တစ်ပါးရဲ့ စံအိမ်မှာ ပုန်းနေပြီးတော့ ငါက ရှာမတွေ့နိုင်ဘူးလို့ သူက တကယ်ပဲ ထင်နေတာလား...
ချန်ရှောင်ယွဲ့၏ အမူအယာ ပြောင်းလဲသွားပြီး သူမက မတ်တတ်ရပ်ကာ အိမ်အပြင်ဘက်သို့ လျှောက်သွားလေ၏။
"ဟေး... အဲ့ဒါက ငါ့ဒုတိယညီလေးရဲ့ လရောင်ဖြူလေးနော်... မင်းက မင်းရဲ့ အချစ်ပြိုင်ဘက်ကို တကယ်ကြီး သတ်ပစ်တော့မလို့လား... သူမက သေမျိုး တစ်ယောက် သက်သက်ပါ..."
အပြင်သို့ လျှောက်ထွက်သွားသော ချန်ရှောင်ယွဲ့ကို အိုးယန်က လှမ်းခေါ်လိုက်လေသည်။
"ဘာလဲ... မင်းက မင်းရဲ့ ဂျူနီယာညီလေးကို ကာကွယ်ပေးချင်နေတုန်းပဲလား..."
ချန်ရှောင်ယွဲ့က အေးစက်စွာ ပြောဆိုလိုက်၏။
အိုးယန်က သူ၏ လက်များကို ခေါင်းနောက်တွင် ယှက်ထားပြီး ပျင်းရိစွာ ပြောဆိုလိုက်လေသည်။
"လရောင်ဖြူလေး တစ်ယောက်က လရောင်ဖြူလေး ဖြစ်နေရတဲ့ အကြောင်းရင်းက အမှတ်တရတွေဟာ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခုအဖြစ် ဆက်တိုက် လှပလာလို့ပဲ... တကယ်လို့ လရောင်ဖြူလေး သေသွားရင် သေစေနိုင်တဲ့ စွမ်းအားက သုံးဆယ် ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း နှစ်ရာ အထိ တိုးလာလိမ့်မယ်... သေသွားတဲ့ လရောင်ဖြူလေးက အသေအပျောက် အများဆုံးပဲ..."
ချန်ရှောင်ယွဲ့က ရပ်ပြီး အိုးယန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ငါက စီနီယာဦးလေး ဟူယွမ်ရဲ့ ခြယ်လှယ်တာကို ခံနေရသလို အမြဲတမ်း ခံစားရတယ်... ဘယ်လိုလဲဆိုတာ ငါ မသိပေမယ့် မင်း သိနေသလိုပဲနော်..."
အိုးယန်က မတ်မတ်ထိုင်လိုက်ပြီး သူ့ရှေ့ရှိ မြွေမိစ္ဆာကို ကြည့်ကာ ပြောဆိုလိုက်၏။
"ဒါကို ဘယ်လိုလုပ် ခြယ်လှယ်တယ်လို့ ခေါ်လို့ရမှာလဲ... မင်းလည်း ငါ့ဂျူနီယာညီလေးရဲ့ နှလုံးသားကို လိုချင်တယ် မဟုတ်လား... ငါ့ဆရာနဲ့ ငါက မင်းတို့ နှစ်ယောက် ပျော်ရွှင်တဲ့ နှစ်တစ်ရာ အတွက် အတူတူ ပေါင်းဖက်နိုင်ဖို့ ကြိုးစားနေကြတာလေ..."
"ပြောစမ်း... ငါ့ကို ဘာလုပ်စေချင်တာလဲ..."
ချန်ရှောင်ယွဲ့က အိုးယန်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောဆိုလိုက်လေသည်။
"ငါ ခုလေးတင် ပြောခဲ့သလိုပဲ... လရောင်ဖြူလေး တစ်ယောက်က လရောင်ဖြူလေး ဖြစ်ရတဲ့ အကြောင်းရင်းက အမှတ်တရတွေကို ဆက်တိုက် လှပလာစေလို့ပဲ... တကယ်လို့ လရောင်ဖြူလေးက အမှတ်တရတွေကနေ သွေဖည်သွားရင် လရောင်ဖြူလေးက ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလား..."
အိုးယန်က ပြုံးဖြီးကာ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။
"မင်းက ငါ့ကို ခွန်အားကြီးတဲ့ ယောကျာ်း တစ်ဒါဇင်လောက် ရှာပြီးတော့..."
ချန်ရှောင်ယွဲ့က ဖြတ်ပိုင်းသည့် အမူအရာတစ်ခု လုပ်ပြလိုက်ရာ ထိုအပြုအမူက အိုးယန်ကို ကြောက်လန့်သွားစေပြီး သူ၏ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းသွားစေခဲ့၏။ မိစ္ဆာ တစ်ကောင်သည် မိစ္ဆာ တစ်ကောင်သာ ဖြစ်သည်။ သူတို့၏ နည်းလမ်းများသည် ရိုးရှင်းလွန်းလှပေ၏။
အိုးယန်က လက်ဝှေ့ယမ်းကာ ချန်ရှောင်ယွဲ့ကို ခေါင်းလှည့်ပြီး ပိုမို နီးကပ်စွာ လာရန် အချက်ပြလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။
"သူမက ဂျူနီယာညီလေးရဲ့ လရောင်ဖြူလေး ဖြစ်ပြီး မင်းက ဂျူနီယာညီလေးရဲ့ မှဲ့နီလေးလေ... တကယ်လို့ မင်းက မှဲ့နီလေးရော လရောင်ဖြူလေးပါ နှစ်မျိုးစလုံး ဖြစ်နေရင် ဂျူနီယာညီလေးက မင်းရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးလျားလျား ရောက်သွားမှာ မဟုတ်ဘူးလား..."
ဟီး ဟီး ဟီး... သူ့ရဲ့ ဒုတိယညီလေးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဒီမှာ မဟုတ်ဘူးလား...
ချန်ရှောင်ယွဲ့က သူမ၏ မျက်လုံးများကို မျဉ်းတစ်ကြောင်းလို ကျဉ်းမြောင်းလိုက်ပြီး အိုးယန်ကို ဆက်ပြောရန် အချက်ပြလိုက်လေ၏။
အိုးယန်က သူ၏ အစီအစဉ် တစ်ခုလုံးကို ချပြလိုက်ပြီး စိတ်လှုပ်ရှားစွာ ထွက်သွားသော ချန်ရှောင်ယွဲ့ကို ကြည့်ကာ ကုတင်ပေါ်တွင် လှဲနေသော သူ၏ ညီလေးကို လှည့်ကြည့်လိုက်သည်။
အဘိုးကြီးရဲ့ ရည်ရွယ်ချက်က တာအိုလက်တွဲဖော် တစ်ယောက်နဲ့ သေမျိုးလောကရဲ့ ဖုန်မှုန့်တွေကို ဖြတ်တောက်ဖို့များလား...
သူ၏ အဘိုးကြီးကို တွေးမိချိန်တွင် အိုးယန်သည် သူ၏ အဘိုးကြီး ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွား၏။
"အင်မော်တယ် တစ်ပါး... တောင်ပေါ်မှာ ရှိနေတဲ့ အချိန်မှာပဲ အင်မော်တယ်အဖြစ် ကျင့်ကြံလို့ ရနိုင်တာ..."