← Chapters

တန်ခိုးစွမ်းအားစာလုံး (၆) လုံး

Vol. 7 Ch. 607

တန်ခိုးစွမ်းအားစာလုံး (၆) လုံး

Vol. 7 Ch. 607

ချန်စန်းကျီ၏ စကားကြောင့် ဆန်းလျန် ပြုံးလိုက်မိလေသည်။

အသူရာယင်မိစ္ဆာအဆင့် (၉)ဆင့်မှာ တန်ခိုးစွမ်းအား မြင့်မားသည် ဆိုသည်မှာ ဖြစ်နိုင်ပါသည်။ သို့သော် “ဘယ်သူကမှ တွန်းလှန်နိုင်မည် မဟုတ်တော့” ဆိုသည့်စကားကတော့ ချဲ့ကား ပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် အသူရာယင်မိစ္ဆာ ကျင့်စဉ်သည် အသူရာချောက် (၉) ထပ်နှင့် ပေါင်းစပ်နိုင်သည်ဟု ဆိုလေသည်။ ထိုအချက် သာအမှန်ဖြစ်ပါက အသူရာချောက်၏ အကန့်အသတ် ဧရိယာ အတွင်းတွင်တော့ ထိုသူ၏အစွမ်းအစနှင့် တန်ခိုး စွမ်းအားများသည် အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။

ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး လောကတစ်ခုကိုပင် ဖွင့်လှစ်နိုင်တော့မည် ဖြစ်လေ ရာသူ၏အလားအလာနှင့် ဖြစ်နိုင်ချေများမှာ အကန့်အသတ် မဲ့လေသည်။ အသူရာချောက်မှ ပန်းပွင့်တိုင်း၊ သစ်ရွက်တိုင်း၊ အသိဉာဏ်တိုင်းမှာ ထိုလမ်းစဉ်ဖြင့်ပင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုက်စန့်လောင်ကျွင်း ဘိုးဘိုးသည်လည်း မြေမှုန့်များကို အသုံးပြုကာ လောကတစ်ခုကို ဖန်ဆင်းခဲ့ဖူးသည့် သာဓကရှိ ခဲ့ဖူးလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လောကအသစ်တစ်ခု ဖွင့်လှစ်ခြင်းသည် မိုးမြေဥပဒေသများကို လွန်ဆန်ခြင်းမဟုတ်ကြောင်း သက်သေပင် ဖြစ်လေသည်။

အချိန်အတန်ကြာသည့် အခါတွင်တော့ ယွမ်ကွမ်း ခြေရာခံဂါထာ၏ တန်ခိုးစွမ်းအားများ ပျက်ပြယ် သွားလေသည်။ ထို့ကြောင့် ဆန်းလျန်ကလည်း ဆက်ပြီးမလုပ်ဆောင်တော့ပါ။

ဆန်းလျန်၏ စူးရှသည့်အမြင်အာရုံထဲတွင် ထူးဆန်းသည့် အရာတစ်ခုကို တွေ့မြင် ခဲ့ရလေသည်။

ဆန်းလျန်က..

“ဒီအနက်ရောင် မြူခိုးတွေက ထိန်းချုပ်မှုမရှိဘဲ တစ်ခုခု လိုနေသလိုပဲ၊ အဲဒါတော်တော်လေး ထူးဆန်းတယ်”

ချန်စန်းကျီက ခေါင်းညိတ်လိုက်ရင်း…

“ခင်ဗျားက အမြင်တော်တော် စူးရှတာပဲ သူတော်စင်ချင်းရွှမ်၊ တခြားအချက်တွေ ခြေရာခံပြီးမှ ဘယ်လိုလုပ်မလဲ ဆိုတာ အစီအစဉ် ဆွဲကြရအောင်”

ဆန်းလျန်က တည်ငြိမ်စွာဖြင့်…

“ဘာမှထပ်ပြီး ခြေရာခံဖို့ မလိုတော့ဘူး၊ အားလုံးက ရှင်းနေပြီ…”

ပြောပြီးသည်နှင့် ဆန်းလျန်သည် ချက်ချင်းပင် ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန် မည်သည့်နေရာသို့ရောက်သွားသည်ကို ချန်စန်းကျီပင် မခန့်မှန်းလိုက်နိုင်ပေ။

ထိုအချိန်မှာပင်…

အနက်ရောင်မြူခိုးများသည် တစ်ရွာလုံးကို ဖုံးလွှမ်းသွားပြီး အလင်းရောင် လုံး၀ ပျောက်ဆုံး သွားရလေသည်။

ဆန်းလျန်နှင့်သာ အဆက်အသွယ် ပြတ်သွားသည်သာမက ကြောက်မက်ဖွယ်ရာ မိစ္ဆာအခိုးအငွေ့များ အောက်တွင် ချန်စန်းကျီ၏ နတ်ဘုရား စွမ်းအားများ အားလုံးမှာ မူလဝိညာဉ် ခန္ဓာနှင့်ပင် အဆက်အသွယ် ပြတ်တောက် သွားရလေ သည်။

နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်အတွေ့အကြုံအရ အသူရာယင် မိစ္ဆာကျင့်စဉ်မှာ မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည် ကို ချန်စန်းကျီ ခံစားသိရှိလိုက်ရလေသည်။ အလွန်သန့်စင်လှသည့် ချန်စန်းကျီ၏ မူလယန်စွမ်းအားပင်လျှင် ထိုမိစ္ဆာ စွမ်းအားများကို တားဆီးခုခံနိုင်ခဲ့ခြင်း မရှိပေ။

ချန်စန်းကျီက ထူးဆန်းသည့် အင်းသင်္ကေတ တစ်ခုကို ရေးဆွဲလိုက်ပြီး ထိုအင်း သင်္ကေတသည် နွေးထွေးသည့် လေပြည်လေး တစ်ခုအဖြစ်သို့ ကူးပြောင်း သွားလေသည်။ ထိုလေပြေလေးသည် ယင်မိစ္ဆာ စွမ်းအားများဆီသို့ ပျံ့နှံ့ ဝင်ရောက်သွားသည့် အခါတွင်တော့ ပတ်ဝန်းကျင် (၁၀)ပေပတ်လည် အထိ မြင်နိုင်ခဲ့လေသည်။

သို့သော်…. ဆန်းလျန်ကိုတော့ တွေ့မြင်ရခြင်း မရှိတော့ပါ။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ သူ့ထက် (၁၀)ဆခန့်သာကြောင်းကို ချန်စန်းကျီ သိထားလေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ယင်မိစ္ဆာစွမ်းအားများကို အလွယ်တကူ ရှုံးနိမ့်ကာ ပျောက်ကွယ် သွားရခြင်းတော့ ဟုတ်ဟန်မတူ ပေ။

ထိုအချိန်မှာပင်…

မီးအိမ်လေးတစ်ခု ထွန်းလင်းလာပြီး ပတ်ဝန်းကျင်မှ အနက်ရောင် မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ် သွားလေသည်။

ဆန်းလျန်နှင့်အတူ လိုက်ပါလာသည့် မိန်းကလေးနှင့် ကလေးငယ်သည် သူ့ထံသို့ လျှောက်လာကြသည်ကို ချန်စန်းကျီ တွေ့မြင်လိုက်ရလေသည်။

မိန်းကလေး၏ လက်ထဲတွင် ကြာပန်းပုံသဏ္ဌာန် မီးအိမ်လေးတစ်ခုကို ကိုင်ဆောင် ထားလေသည်။ မီးအိမ်လေးမှ အလင်းရောင်သည် အနက်ရောင် မြူခိုးများကို ဖယ်ရှားပစ်နိုင်စွမ်း ရှိလေသည်။

ချန်စန်းကျီကလည်း သူတို့ဆီသို့ လျှောက်သွားလိုက်ရင်း…

“သူတော်စင်ချင်းရွှမ် ဘယ်ရောက်သွားတာလဲ…”

ချန်စန်းကျီနှင့် တွေ့လိုက်ရသည့် အတွက် အားလျန်မှာ အားတက်သွားပြီး စိတ်သက်သာရာလည်း ရသွားရလေသည်။

“ရုတ်တရက်ကြီးဆိုတော့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး”

ကျိုယွဲ့မှာ နတ်မိစ္ဆာတစ်ပါး ဖြစ်သည့်အတွက် သူက မိစ္ဆာစွမ်းအားများနှင့် ပတ်သက်ပြီး အလွန်ခံစား လွယ်လေသည်။ သူသည် အနက်ရောင်မြူခိုးများထဲမှ မိစ္ဆာစွမ်းအားများမှာ သူ့အပေါ်တွင် သက်ရောက်မှု အများဆုံး ဖြစ်လေသည်။ ထို့ကြောင့် ကျိုယွဲ့မှာ အလွန်ကြောက်ရွံ့ နေပြီး ထိုမိစ္ဆာစွမ်းအားများ၏ ထိန်းချုပ်ခြင်းကို စတင် ခံစားရလေတော့သည်။

ရုတ်တရက်…

အလွန် လျင်မြန်လွန်းသည့် အရိပ်တစ်ခုသည် ကျိုယွဲ့ဆီသို့ ဝင်ရောက် လာလေသည်။

ထိုအချိန်မှာပင်…

ဓားသံတစ်ချက် ထွက်ပေါ်လာပြီး ထိုအရိပ်ကို အကြင်နာမဲ့စွာဖြင့် ထိုးခုတ်သတ်ဖြတ် ပစ်လိုက် လေသည်။ လေထဲတွင် သွေးမှုံများ ပြန့်ကျဲသွားပြီး ကြာပန်းမီးအိမ်လေးမှာ ပိုပြီး လင်းလက်တောက်ပ လာလေသည်။

ချန်စန်းကျီက တည်ကြည်သည့် မျက်နှာထားဖြင့်…

“အဲဒါ အသူရာယင် မိစ္ဆာစွမ်းအားထဲက မရဏဝိညာဉ်ပဲ၊ အဲဒီဝိညာဉ်က နတ်ဓားတွေ ထက်တောင် လျင်မြန်သေးတယ်၊ အသက်အန္တရာယ်နဲ့ အရမ်းနီးစပ်တယ်၊ မင်းတို့အားလုံး သေသေချာချာ ဂရုစိုက်ကြရမယ်”

ချန်စန်းကျီသည် ဘဝတွင် အန္တရာယ်ပေါင်း များစွာကို ရင်ဆိုင်ခဲ့ဖူးလေသည်။

သို့သော်… ယခုတစ်ကြိမ် ရင်ဆိုင်နေရသည့် အခြေအနေကတော့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အခြေအနေ တစ်ခုဖြစ်သည်ကို သူ သိထားလေသည်။ အဘယ်ကြောင့်ဆိုသော် အသူရာ ယင်မိစ္ဆာ မရဏဝိညာဉ်သည် အလွန်မှ နှိမ်နင်းရခက်သည့် မိစ္ဆာဝိညာဉ် တစ်ခု ဖြစ်သောကြောင့်ပင်။

ယင်မိစ္ဆာမရဏ ဝိညာဉ်များကို နှိမ်နင်းလိုက်ပါကလည်း တစ်ချက်တည်းဖြင့် ပျောက်ကွယ် သွားမည် မဟုတ်ဘဲ မရဏ အခိုးအငွေ့များ အဖြစ် ကျန်ခဲ့မည်ဖြစ်ပြီး အချိန်မရွေး အန္တရာယ် ပေးနိုင်လေသည်။

သို့သော်… အားလျန်၏ လက်ထဲမှ ကြာပန်းမီးအိမ်လေးကတော့ မရဏဝိညာဉ်ကို အပြီးသတ် အမြစ်ပြတ်အောင် သုတ်သင် ပစ်လိုက်နိုင်လေသည်။ ချန်စန်းကျီမှာ ကြာပန်း မီးအိမ်လေးကို လေးစား သွားမိတော့သည်။

ချန်စန်းကျီတို့ (၃)ယောက်နှင့်ယှဉ်လျှင် ဆန်းလျန်ကတော့ အဆင်ပြေနေသည်ဟု ပြော၍ ရနိုင်လေသည်။

သူက ရွာလေး၏ မြေအောက်တစ်နေရာသို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။

မြေအောက်ဆိုသော်လည်း မြေအောက် အတိအကျတော့ မဟုတ်ပေ။ ထိုနေရာသည် အတော်လေး ကျယ်ဝန်းပြီး အထက်မှအောက်အထိ အမြင့်ပေမှာလည်း ပေပေါင်း (၁၀၀၀၀)ခန့် ရှိလေသည်။ ထိုနေရာသည် ရှေးဟောင်း ရေတွင်းပျက်တစ်ခု ဖြစ်ဟန်တူလေသည်။

ထိုရေတွင်းထဲတွင် ခြောက်သွေ့နေပြီ ဖြစ်သည့် ဘုန်းတော်ကြီး (၁)ပါး၏ အလောင်းကို တွေ့ရလေသည်။ ရေတွင်းထိပ်ပိုင်းတွင် ဂါထာတစ်ပုဒ် ရေးသားထားသည့် စာရွက်တစ်ရွက် ကပ်ထားလေသည်။ စာရွက်ပေါ်တွင် ရေးသားထားသည့် ဂါထာမှာ စာလုံး (၆)လုံး ပါရှိလေသည်။

“ဥုံ မဏိပတ်မေဟုံ”

ထိုစာရွက်ဆီမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး ရေတွင်းအဝကို ကာရံ ထားလေသည်။

မရဏ အခိုးအငွေ့များသည် ထိုရွှေရောင် အလင်းတန်းများကို အဆက်မပြတ် ထိုးဖောက်နေပြီး ရွှေရောင်အလင်းတန်း များမှာ အနက်ရောင် မြူခိုးများထဲတွင် ရောနှောလျက် ရှိနေလေသည်။

ဆန်းလျန်သည် ထိုဂါထာ (၆)လုံး၏ မူလဇာစ်မြစ်ကို သိရှိထားလေသည်။ ထိုဂါထာ (၆)လုံးကို တန်ခိုးစွမ်းအားစာလုံး (၆)လုံးဟုလည်း ခေါ်လေသည်။ ထိုဂါထာသည် ကွမ်ရင် မယ်တော်၏ တန်ခိုးစွမ်းအားလည်း ဖြစ်လေသည်။

ထိုဂါထာထဲတွင် နတ်ဘုရားများစွာ၏ ကောင်းချီး မင်္ဂလာများလည်း ပါဝင်လေသည်။ သနားခြင်း ကရုဏာနှင့် ဉာဏ်ပညာ၏ သင်္ကေတလည်း ဖြစ်လေသည်။

ထိုဂါထာသည် အလွန်အံ့သြစရာ ကောင်းပြီး တည်ငြိမ်ခမ်းနားသည့် တန်ခိုးစွမ်းအားများ၊ အသိဉာဏ် ပညာများ၊ စကြဝဠာ တစ်ခုလုံးမှ ဖြစ်တန်စွမ်းအားများဖြင့် ပြည့်နှက်လျက် ရှိလေသည်။ ဗုဒ္ဓဘာသာ ကျောင်းတော်များတွင် “ကွမ်ရင်နှလုံးသား စည်းတံဆိပ်” သည် အကန့်အသတ်မဲ့ တန်ခိုးစွမ်းအား မြင့်မား လွန်းလေသည်။ ထိုတန်ခိုး စွမ်းအားကို အခြားသော နတ်ဘုရားများပင်လျှင် အလေးအမြတ်ထားကာ ချီးမြှောက်ကြလေသည်။

ထို့ထက် ပိုပြီး အရေးကြီးသည်မှာ ထိုဂါထာသည် ဗုဒ္ဓ၏လမ်းစဉ်မူဝါဒကို အမွေဆက်ခံ ထားသည့် ဂါထာတစ်ပုဒ် ဖြစ်လေသည်။ ကွမ်ရင်မယ်တော်သည် ဗုဒ္ဓ၏သင်ပြပေးခြင်းကို ခံယူခဲ့သူဖြစ်သည့် အတွက် သူ၏သင်ပြမှုသည်လည်း ဗုဒ္ဓ၏တရားနှင့် ညီညွတ် ပေလိမ့်မည်။

လူသားတိုင်းသည် ထိုဂါထာကို သင်ယူနိုင်သလို ရွတ်ဖတ် နိုင်ကြလေသည်။ သို့သော် ထိုဂါထာကို အသုံးပြုပြီး အလွန်စွမ်းအား မြင့်မားသည့် နတ်မိစ္ဆာတစ်ကောင်ကို နှိမ်နင်းနိုင်ရန် မှာတော့ ဗောဓိသကျ တစ်ပါးကဲ့သို့ အရည်အချင်း စွမ်းရည် လိုအပ်ပါသည်။ ထို့ပြင် ယခုရေတွင်း အဝတွင် ပြုလုပ်ထားသည့် စည်းတံဆိပ် အရံအတားသည် ကွမ်ရင်မယ်တော် ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။

ရုတ်တရက်…

ကလေးငိုသံတစ်သံကို ကြားလိုက် ရလေသည်။

နားရွက်ရှည်ရှည်၊ ခြေထောက်ရှည်ရှည်၊ အမြီးရှည်ရှည်နှင့် ယုန်တစ်ကောင်နှင့် တူသည့် နတ်မိစ္ဆာ တစ်ကောင်သည် ကလေးငယ်ကို ပွေ့ချီထားပြီး ရေတွင်းပေါ်သို့ တက်နိုင်ရန် ကြိုးစား နေလေသည်။ သို့သော်… ရွှေရောင် အလင်းတန်းများက တားဆီးထားသဖြင့် ရေတွင်းအပေါ်သို့ တက်ရန် မည်သို့မျှ မဖြစ်နိုင် ဖြစ်နေရလေသည်။

ကလေးငယ်လေး၏ ဆံပင်လေးများမှာ တစ်လက်မခန့်သာ ရှည်လေသည်။ မျက်လုံးလေးများသည် အနက်ရောင် ရတနာ ကျောက်မျက်ကဲ့သို့ တောက်ပ နေလေသည်။ သူ၏မျက်နှာလေးက ကြည်လင်နေပြီး သူ၏ အသားအရည်မှာ ပိုးသားလေးကဲ့သို့ နူးညံ့ လွန်းလေသည်။ အလွန်မှ ချစ်စရာကောင်းသည့် ကလေးငယ်လေးပင် ဖြစ်လေသည်။

သို့သော်… လက်ရှိ အခြေအနေတွင်တော့ မြင်တွေ့ရသည့် မြင်ကွင်းက ထူးဆန်းလို့နေသည်။

ဆန်းလျန်က သူ၏ နတ်ဘုရား စွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့် အနက်ရောင် မြူခိုးများသည် သူ၏မျက်ခုံး နှစ်ခုကြားမှ အနီရောင် ပြဒါးရှင် သင်္ကေတဆီသို့ စီးဆင်း ဝင်ရောက် လာလေသည်။ အသက် တစ်ချက်ရှူမျှသော အချိန် တွင်ပင် အနီရောင်ပြဒါးရှင်သင်္ကေတက ထိုအနက်ရောင် မြူခိုးများအားလုံးကို စုပ်ယူ လိုက်လေသည်။

ထိုအခါ လောကအသစ် တစ်ခုကို ဖွင့်လှစ်မည့် မျိုးစေ့သည် အနည်းငယ် ကြီးထွားလာသည်ကို ခံစားလိုက်ရလေသည်။

ထိုနှုန်းအတိုင်းသာ ကြီးထွား လာမည်ဆိုလျှင် မျောက်နှစ်ရောက်သည့် အချိန်တွင် လောကသစ် တစ်ခုကို ဖွင့်လှစ်နိုင် ပေလိမ့်မည်။

“မင်းရဲ့ဆရာက အသက်ကြီးသူတွေကို ရိုသေရမယ်ဆိုတာ သင်ပေး မထားဘူးလား၊ ကျုပ်ကို တွေ့တာတောင် မင်းက ဂါရဝမပြုဘူးလား”

ထိုစကားသံများသည် တစ်ပေပင် မရှည်သည့် ယုန်ကဲ့သို့သော သတ္တဝါလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ခင်ဗျား မှားနေပြီ ထင်တယ်၊ ခင်ဗျား ဘယ်သူလဲ ဆိုတာတောင် ကျုပ်က မသိပါဘူးဗျာ”

“ငါ့ကိုလာကယ်ဖို့ အမိန့်ပေးလိုက်လို့ မင်းက လာကယ်တာ မဟုတ်ဘူးလား”

သတ္တဝါလေးက ဆန်းလျန်ကို မော့ကြည့်ပြီး မေးလိုက်လေသည်။ သူ၏မျက်နှာအမူအရာမှာ အလွန်မှ တင်းမာခက်ထန် နေလေသည်။

ဆန်းလျန်က…

“ကြည့်ရတာ ခင်ဗျားတော့ နားလည်မှုလွဲနေပြီ ထင်တယ်”

“ဟွန်း… မင်းဟာမင်း ကျုပ်ကို လာကယ်တာ ဖြစ်ဖြစ် မကယ်တာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် မင်းဆီမှာ သန့်စင်တဲ့ စန့်ချင် မူလဝိညာဉ် ခန္ဓာသင်္ကေတကို တွေ့ရတယ်၊ အဲဒါ အတုတော့ မဟုတ်နိုင်ဘူး၊ ဒီတော့ ကျုပ်ကို ဆရာဦးလေးလို့တော့ လေးလေးစားစားနဲ့ ခေါ်သင့်တာပေါ့”

သတ္တဝါလေးက ဒေါသထွက်နေသည့် အဘိုးအို တစ်ယောက်၏ လေသံမျိုးဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က အေးဆေးသည့် လေသံဖြင့်…

“စိတ်ဝင်စားစရာပဲ၊ ဒါဆို ခင်ဗျားက ကျယ်ကျောက် အမိန့်တော်ဂိုဏ်းကပဲ ဖြစ်ရမယ်၊ ပြီးတော့ တစ်ရွာလုံးက အသက်ဓာတ် အသွေးအသား အနှစ်သာရတွေကို စုပ်ယူပစ်လိုက်တာ ခင်ဗျားပေါ့၊ ခင်ဗျားရဲ့လုပ်ရပ်က မိစ္ဆာဆန် လွန်းတယ်၊ သန့်စင်တဲ့ တာအိုလမ်းစဉ်နဲ့ မကိုက်ညီဘူး၊ အဲဒီတော့ ခင်ဗျားနဲ့ကျုပ်က ဘာပတ်သက်မှုမှ မရှိနိုင်ဘူး၊ ကျုပ်က ခင်ဗျားကို ဘာကိစ္စ ဆရာဦးလေးလို့ ခေါ်ရမှာလဲ”

မိစ္ဆာသတ္တဝါလေးက အေးစက်သည့် လေသံဖြင့်…

“မင်းက မရဏဓားကို ကျင့်ကြံထားတဲ့ လူတစ်ယောက်ပဲ၊ မင်းဘဝမှာလည်း လူသတ်ခဲ့မှာပဲလေ၊ ပြီးတော့ ကျုပ်က ဒီချုပ်နှောင် ခံထားရတဲ့နေရာက လွတ်မြောက်ဖို့ အတွက် အဲဒီရွာသားတွေကို သတ်ပစ်လိုက်ရတာ၊ အဲဒီ ရွာသား တွေသေတော့လည်းဘာအရေးလဲ၊ သူတို့က ဘုံ (၆)ခုမှာ သံသရာ လည်နေမယ့်လူတွေပဲကို”

စကားပြောနေရင်းဖြင့်ပင် မိစ္ဆာ သတ္တဝါလေး၏ လေသံက ပိုပြီးတင်းမာလာလေသည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီဘုန်းတော်ကြီး ဒီနေရာကို ရောက်လာတယ်၊ သူသတ်ခဲ့တဲ့ လူတွေရော နည်းတယ် ထင်သလား၊ ဒီတစ်ရွာလုံးထက်တောင် များသေးတယ်၊ ဒီတော့ ကျုပ်က တရားမျှတမှု ရှိအောင် ဒီဘုန်းတော်ကြီးကို သတ်ပစ်လိုက်တယ်၊ ဒါတောင် သူ့အပြစ်တွေက မကျေနိုင်ဘူး”

(*Bodhisattva Avalokitesvara ဆိုသည်မှာ ကွမ်ရင်မယ်တော်ကိုပင် ပြောခြင်း ဖြစ်ပါသဖြင့် ကွမ်ရင်မယ်တော်ဟု ပင်ရေးလိုက်ရပါသည် -

*စန့်ချင် - ဆိုသည်မှာ လင်ပေါင်ထျန်းကျွင်း၏ စွမ်းအားတစ်ခုကိုပင် ရည်ညွှန်းခြင်း ဖြစ်ပါသည် - ဘာသာပြန်သူ)

***

All Chapters