ဗလာနယ်တစ်ဖက်မှမိစ္ဆာသားရဲ
Vol. 7 Ch. 608
ဆန်းလျန်က…
“ဒါဖြင့် ခင်ဗျားက ဘုန်းတော်ကြီးကို သတ်လိုက်ရုံတင် မကဘူး၊ သူ့ဆီက အသူရာ ယင်မိစ္ဆာ စွမ်းအားတွေကိုပါ စုပ်ယူ လိုက်တာပေါ့”
“ဒီအရံအတားကိုသာ ဖျက်စီးဖို့မဟုတ်ရင် ဒီလိုမိစ္ဆာပညာမျိုးကို တစ်ချက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး၊ အခုတလော အဲဒီစွမ်းအားတွေက တဖြည်းဖြည်း အားနည်းလာနေတာ၊ ရုတ်တရက် ဒီမိစ္ဆာစွမ်းအားတွေ ရလာတော့ တာအို ဆရာချီဟန်ရဲ့ အရံအတားကို ဖျက်စီးပစ်ဖို့ ဒီမိစ္ဆာကျင့်စဉ်ကို သုံးနိုင်ခဲ့တာ၊ ဒီရွာသားတွေ ဒီရွာမှာ နေမိတာကိုက ကံဆိုးတာပေါ့၊ ကျုပ် လွတ်မြောက်ဖို့ အတွက် မဖြစ်မနေ သူတို့ကို သတ်လိုက်ရတာပါ”
ဆန်းလျန်က မိစ္ဆာသတ္တဝါလေးကို ကြည့်လိုက်ရင်း…
“ခင်ဗျားက ရွာသားတွေကို သတ်ရုံတင်မကဘူး၊ ဒီကလေးရဲ့ တာအိုခန္ဓာကို အသုံးချပြီး လူသားတစ်ယောက် အဖြစ် ရပ်တည်ဖို့လည်း ဆုံးဖြတ်ထားတာ မဟုတ်လား၊ ခင်ဗျားက ဘယ်လောက်တောင် ရက်စက်တဲ့သတ္တဝါလဲ၊ ကျုပ် ခင်ဗျားကို လုံးဝ မကယ်တင်ပေးနိုင်ဘူး”
မိုးမြေ ဥပဒေသများက တရားမျှတပါသည်။
သို့သော်… ဆန်းလျန်သည် ဥပဒေသတစ်ခု မဟုတ်ပါ။ သူက တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သူ၏ကိုယ်ပိုင် မူဝါဒဖြင့် နေထိုင်သူ ဖြစ်လေသည်။
တာအိုကျင့်ကြံသူ (၂)ယောက်သည် အမြင်မတူသည်လည်း ရှိနိုင်လေသည်။
“လူ (၂)ယောက်သည် မူဝါဒတူလျှင် အမြင်ချင်းလည်းတူမည်”
ဟူသည့် ဆိုရိုးစကားရှိသည် မဟုတ်ပါလား။
မိစ္ဆာသတ္တဝါက သက်ပြင်း တစ်ချက် ချလိုက်ရင်း…
“မင်းက တော်တော် အကြင်နာတရား မရှိတဲ့ကောင်ပဲ၊ မင်းက ကျုပ်တို့ရဲ့ဂိုဏ်းကို ဆက်ခံဖို့ မထိုက်တန်ဘူး၊ ကျုပ်တို့ဂိုဏ်းက ဂိုဏ်းသားတွေအချင်းချင်း ညီညွတ်မှုရှိဖို့ကို အလေးထားတယ်၊ ကျုပ်သာ ကျုပ်လုပ်ခဲ့တဲ့ အပြစ် တွေကို ဝန်ခံခဲ့ရင် ဆရာက ကျုပ်ကို ကျိန်းသေ အပြစ်ပေးမှာပဲ၊ ဒါပေမယ့် ဆရာအပြစ်ပေးတာက ဒီမှာပိတ်မိနေတာ လောက်တော့ ဆိုးမှာမဟုတ်ဘူး”
သူ၏စကားများသည် ဝမ်းနည်းမှု၊ နောင်တတရားများနှင့် ပြည့်နေလေသည်။
သူ့စကားကိုကြားရသူတိုင်း သူ့ကို မသနားဘဲ နေနိုင်မည် မဟုတ်ပေ။
သို့သော် ဆန်းလျန်ကတော့ တစ်စက်ကလေးမှ မသနားမိပေ။ ထိုသတ္တဝါသည် သူ၏ မူလဝိညာဉ်ခန္ဓာ၏ တည်ကြည်မှုကို တာအို အခြေခံပညာတစ်ခုကို အသုံးပြုကာ လှုပ်ရှားအောင် လုပ်နေသည်ကို သူကောင်းကောင်း သိထားလေသည်။ ထိုသို့သော ပညာရပ်မျိုးက ခံစားချက်များကို ထုတ်ဖော် ပြောဆိုပြီး အခြားသူ၏ တာအိုနှလုံးသားကို နှောက်ယှက်ခြင်း ဖြစ်လေသည်။ ဆန်းလျန် ကျင့်ကြံခဲ့သည့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်နှင့် သဘောတရားခြင်း အနည်းငယ် ဆင်တူလေသည်။
သို့သော် သူ၏စကားများသည် တစ်ခုလုံး အမှန်တရားတော့ မဟုတ်ပေ။
“ကျယ်ကျောက် အမိန့်တော်ဂိုဏ်း အကြောင်းကို ကျုပ် အရင်ကလည်း ကြားဖူးထားပါတယ်၊ ပြီးတော့ ခင်ဗျားတို့ ဂိုဏ်းက ပညာတွေကိုလည်း ကျုပ်သိတယ်၊ ကျုပ်ကျင့်ကြံထားတဲ့ ဝိညာဉ် စွမ်းအားမြှင့်တင်တဲ့ ကျင့်စဉ်ကလည်း လင်ပေါင်ထျန်းကျွင်းနဲ့ ပတ်သက်နေတယ်၊ ဒါပေမယ့် ခင်ဗျားနဲ့တော့ ဘာမှမဆိုင်ဘူး၊ လင်ပေါင်ထျန်းကျွင်းကို ကျေးဇူးဆပ်ရမယ် ဆိုရင်တောင်မှ ခင်ဗျားကို ကယ်တင်ပြီးတော့ ကျေးဇူး မဆပ်နိုင်ဘူး”
ဆန်းလျန်က အေးစက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
မိစ္ဆာသတ္တဝါလေးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း…
“မင်းမကူညီရင်လည်း ကျုပ်က ဒီနေရာကနေ ထွက်ခွာသွားနိုင်မှာပါပဲ၊ အဲဒီအချိန်ကျရင် မင်းသင်ယူထားတဲ့ ကျုပ်တို့ဂိုဏ်းက ပညာတွေအကုန်လုံးကို မင်းရဲ့ကိုယ်ထဲက ထုတ်ယူပစ်မယ်”
ဆန်းလျန်က…
“အဲဒီဘုန်းတော်ကြီးဆီက အသူရာယင်မိစ္ဆာတန်ခိုးစွမ်းအားတွေကို ထုတ်ယူနိုင် ကတည်းက ခင်ဗျားမှာ တခြားသူတွေရဲ့ ခန္ဓာကိုယ်ထဲက တန်ခိုးစွမ်းအားတွေကို ထုတ်ယူနိုင်စွမ်းရှိတယ်ဆိုတာ ကျုပ်သိသားပဲ၊ ခင်ဗျားပြောနေတာ တွေကို ကျုပ်သံသယ မဝင်ပါဘူး၊ ဒါပေမယ့် ကျုပ်တစ်ခု ပြောချင်တာက…. ခင်ဗျားလက်ထဲက ကလေးကို ကျုပ်ကို ပေးပါ၊ ခင်ဗျား ဒီနေရာကနေ အပြင်ထွက်လာနိုင်တဲ့ တစ်နေ့ကျရင် ကျုပ်ကို လာရှာနိုင်တယ်”
“တာအိုဆရာချီဟန်တောင်မှ ကျုပ်ကိုမသတ်နိုင်လို့ ဒီနေရာမှာ လာပိတ်ထားတာ၊ အခု မင်းရဲ့ အသက်ဓာတ် စွမ်းအားတွေကိုလည်း ကျုပ်မှတ်မိသွားပြီ၊ ထိုက်ယီထျန်းရှန်းအဆင့်တဲ့လား…၊ တကယ်ကောင်းတာပဲ၊ ကျုပ်ကတော့ ထိုက်ယီထျန်းရှန်းအဆင့် အောင်မြင်ထားတာ နှစ်ပေါင်းများစွာ ကြာလှပြီပေါ့၊ ကျုပ်ဒီနေရာက လွတ်လာတဲ့ တစ်နေ့တော့ ဒုတိယ ဦးစားပေးအနေနဲ့ လာရှာမယ့်သူက မင်းပဲဟေ့…”
ထိုသတ္တဝါသည် ဆန်းလျန်၏ လက်ရှိအဆင့်ကို ခန့်မှန်းနိုင်သည့်တိုင် အကြောက်အလန့်လည်း တစ်စက်ကလေးမှ မရှိပေ။ ထို့ပြင် ထိုက်ယီ ထျန်းရှန်းအဆင့် အကြောင်းကိုလည်း ကောင်းကောင်း နားလည်နေပုံ ရလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကွမ်ရင်မယ်တော်ကတော့ ခင်ဗျားကို မသတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ သူက ခင်ဗျားကို အရေးမစိုက်လို့ ဒီအတိုင်းထားခဲ့တာပဲ ဖြစ်ရမယ်၊ ပြီးတော့ ထိုက်ယီထျန်းရှန်း အဆင့်ကလည်း ဘာမှလည်း မဟုတ်ပါလားဗျာ၊ ခင်ဗျား အဲဒီအဆင့် ရောက်ခဲ့တာ ကြာပြီဆိုရင် ခင်ဗျားရဲ့ ဝိညာဉ် အစစ်အမှန်ဟာ ဒီရွာထဲမှာ ရှိနေမှာ မဟုတ်တော့ဘူး၊ မဟုတ်ရင်တော့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေမှပဲ ဒီနေရာက လွတ်မြောက် နိုင်လိမ့်မယ်၊ ဒါမှမဟုတ်… သေခြင်းရှင်ခြင်းစာအုပ်မှာ မှတ်တမ်း တင်ထားတဲ့ ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရား အဆင့်တွေကများ တစ်ခုခု လွဲနေသလား မပြောတတ်တော့ပါဘူးလေ….”
ဆန်းလျန်၏စကားများကို ကြားသည့်အခါတွင်တော့ ထိုသတ္တဝါ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲ သွားလေသည်။
“မင်းက ဒီအကြောင်းတွေကို သိတယ်လား၊ မင်းက ဘယ်ကနေလာတဲ့သူလဲ”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဝတ္ထုထဲမှာ ဖတ်ဖူးတာလေ၊ ကျုပ်က မှတ်ဉာဏ်ကောင်းတယ်၊ ခင်ဗျားကို အသေးစိတ် ပြောပြရဦးမလား”
ထိုသတ္တဝါက အေးစက်သည့် လေသံဖြင့်….
“မလိုဘူး၊ ကျုပ်ဟာကျုပ် ဖတ်ကြည့်လိုက်မယ်”
ထို့နောက် ထိုသတ္တဝါက ရေတွင်းအပေါ်သို့ မော့ကြည့်လိုက်ပြီး ကြုံးဝါးသံ တစ်ချက်ကို ကျယ်လောင်စွာ ပြုလုပ်လိုက် လေသည်။ သူ၏ ကြုံးဝါးသံကြောင့် ရွှေရောင် အလင်းတန်းများပင် အက်ကြောင်းထင် သွားရလေသည်။
ထို့နောက်… ထိုမိစ္ဆာသတ္တဝါက ရေတွင်းထဲမှ ဘုန်းတော်ကြီး၏ အလောင်းပေါ်သို့ တွားသွားပြီး တက်လိုက်လေသည်။ ထိုအခါ ဘုန်းတော်ကြီးသည် ချက်ချင်းပင် အသက်ပြန်ဝင် လာတော့သည်။
တစ်ချိန်တည်းမှာပင် ဘုန်းတော်ကြီး၏ အဝတ်အစားများသည် ဖုန်မှုန့်များ ဖြစ်သွားပြီး ဘုန်းတော်ကြီးသည် မြေကြီးပေါ်တွင် တွားသွားနေလေတော့သည်။ ဘုန်းတော်ကြီး၏ အသွေးနှင့် အသားစများသည် အရိုးများတွင် ကပ်နေပြီး သွေးကြောများကိုလည်း အမြှောင်းလိုက် မြင်နေရလေသည်။
ထိုခြောက်သွေ့နေသည့် ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အမွေးရှည်များ ထွက်ပေါ်လာပြီး လည်ပင်းတွင်တော့ အဖြူရောင်အမွေးများ ထွက်ပေါ်လာလေသည်။ ချိုင့်ဝင်နေသည့် မျက်လုံးကြီးများမှာ သွေးနီရောင် တောက်ပလျက် ရှိချေ၏။
သေပြီးသည့်နောက် မပျက်စီးသော ခန္ဓာကိုယ်ရှိသူများသည် “ဖုတ်ကောင်” များ ဖြစ်ကြလေသည်။
ထိုဖုတ်ကောင်များသည် အသွေးအသားများသည် အရိုးထိ ကျုံ့ဝင်သွားသည့် အချိန်တွင် သွေးကြောများဆီမှ အဖြူရောင် အမွေးများ ထွက်ပေါ်လာလေသည်။
နှစ်ပေါင်း (၅၀၀) ကြာပြီးသည့်နောက်… အဖြူရောင် အမွေးများသည် အနက်ရောင် အမွေးများ အဖြစ်သို့ ပြောင်းလဲ သွားကြလေသည်။
နောက်ထပ် နှစ်ပေါင်း (၅၀၀) ထပ်ကြာသွားသည့် အခါတွင်တော့ အနက်ရောင် အမွေးများသည် အနီရောင်အမွေးများ အဖြစ်သို့ ကူးပြောင်း သွားကြလေသည်။
နောက်ထပ် နှစ်ပေါင်း (၅၀၀) ထပ်မံ ကြာမြင့်ခဲ့လျှင်တော့ အနီရောင်အမွေးများသည် ရွှေရောင် အမွေးများ အဖြစ်သို့ ပြောင်းလဲသွားကြမည် ဖြစ်လေသည်။
ထိုသို့ နှစ်ပေါင်းများစွာ ကြာအောင် ဖုတ်ကောင် သက်တမ်းကို ဖြတ်ကျော်ပြီးသည့် အခါတွင်တော့ မိုးကြိုးပစ် အစစ်ဆေးခံရလေသည်။
မိုးကြိုးပစ် အစစ်ဆေးခံရခြင်းကို ရွှေရောင်အမွေးများပိုင်ရှင် ဖုတ်ကောင်များသာ အသက်ရှင်သန် နိုင်ကြပြီး အခြားသော ဖုတ်ကောင်များမှာတော့ သေကြေ ပျက်စီးခြင်းသို့ ရောက်ကြရလေ၏။
ရွှေရောင် အမွေးရှည်ဖုတ်ကောင်များသည် တစ်ကိုယ်လုံး ရွှေရောင် အမွေးများဖြင့် ဖုံးလွှမ်းနေပြီး လည်ပင်းတွင်တော့ အဖြူရောင် အမွေးများ ရှိတတ်လေသည်။
ယခုတော့ ဆန်းလျန် နားလည်သွားပြီ ဖြစ်လေသည်။
ထိုမိစ္ဆာသတ္တဝါ၏ မူလပုံသဏ္ဌာန် အစစ်အမှန်မှာ ရွှေရောင်အမွေးရှည် ဖုတ်ကောင် တစ်ကောင်ပင် ဖြစ်လေတော့သည်။
သို့သော်… ယခုကဲ့သို့ ဘုန်းတော်ကြီး၏ ရုပ်အလောင်းကို ရွှေရောင်အမွေးရှည် ဖုတ်ကောင် အဖြစ် ချက်ချင်းပြောင်းလဲ ပစ်နိုင်ခြင်းမှာ သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ အမှန်တကယ် ရောက်ရှိနေခြင်း ဖြစ်သည်ကိုလည်း သက်သေပြ လိုက်ခြင်းဖြစ်လေသည်။
သို့သော်… ဘုန်းတော်ကြီးကို အသုံးပြုကာ ပူးဝင်ထားသည့် ရွှေရောင် အမွေးရှည် ဖုတ်ကောင်၏ ရုပ်ခန္ဓာသည် ခိုင်ခံ့ခြင်း မရှိပါ။ ထိုမိစ္ဆာသတ္တဝါ တကယ်တမ်း လိုချင်သည့် ရုပ်ခန္ဓာကတော့ ကလေးငယ်၏ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။ ထိုကလေးသာလျှင် သူ၏အဓိက ရည်ရွယ်ချက် ဖြစ်လေသည်။
ဆန်းလျန်ကတော့ ထိုကလေးငယ်လေးကို ရအောင် ကယ်တင်ချင်မိလေသည်။ သူ ထိုသို့ကယ်တင်လိုခြင်းမှာ မလိုအပ်သည်များကို ပုံကြီးချဲ့နေခြင်း မဟုတ်ပါချေ။
သူ ယခင်က ဖတ်ခဲ့ဖူးသည့် သေခြင်းရှင်ခြင်း စာအုပ်မှ ထိုက်ယီ ထျန်းရှန်းအဆင့် နတ်ဘုရားများ စာရင်းသည် မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော်… အပြည့်အဝတော့ ယုံကြည်၍ မရနိုင်ပါပေ။ သူလိုချင်သည့် အဖြေကို ရွှေရောင်အမွေးရှည်ဖုတ်ကောင်က ပေးကောင်းပေးနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် ဤနေရာမှ ထွက်ခွာသွားလိုလျှင် အစောကြီး ကတည်းကပင် ထွက်ခွာ သွားနိုင်လေသည်။
သို့သော် သူက တမင်သက်သက် ထွက်မသွားခြင်း ဖြစ်လေသည်။ သူရင်ဆိုင်နေရသည်မှာ ကြောက်စရာကောင်း သည့်အခြေအနေ ဖြစ်သည့်တိုင် ထိုသို့ ရင်ဆိုင်ရခြင်း မရှိပါက ဘဝသည် ပျင်းစရာ ကောင်းနေမည် ဖြစ်လေသည်။ သူက တာအိုကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး လူသေ တစ်ယောက် မဟုတ်ပါချေ။
ထိုက်ယီထျန်းရှန်းအဆင့်သို့ ရောက်ရှိပြီး ကတည်းက သူ၏ တန်ခိုးစွမ်းအားများ မည်မျှ မြင့်မားလာခဲ့သည်ကို သူ စမ်းသပ် မကြည့်ခဲ့ရသေးပေ။ ယခုကဲ့သို့ အဆင့်တူသည့် ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင် တိုက်ခိုက်ရမည်မှာ ဝမ်းသာစရာပင် ဖြစ်တော့သည်။
ရွှေရောင်အမွေးရှည် ဖုတ်ကောင်သည် အတားအဆီးများနှင့် ဗလာနယ်များကို ကျော်ဖြတ်လာပြီး ဆန်းလျန်ရှေ့တွင် ပေါ်လာခြင်း ဖြစ်ဟန် တူလေသည်။ သို့သော် ရွှေရောင် အမွေးရှည် ဖုတ်ကောင်သည် ရေတွင်းနံရံရှိ ဗလာနယ်ထဲတွင် တွယ်ကပ်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်အာရုံထဲတွင် အန္တရာယ်အငွေ့အသက်ကို ရလိုက်သည်နှင့် သူ့လက်ထဲတွင် ရှည်လျားသည့် ငါးမြားတံတစ်ခု ပေါ်လာလေသည်။ ဆန်းလျန်က ငါးမြားတံကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့မှ ဗလာနယ်ကို ပိတ်ဆို့ပစ် လိုက်လေသည်။
ချက်ချင်းပင် သူ့ရှေ့မှ ဗလာနယ်သည် ရွှံ့အိုင်ကြီးတစ်ခု ဖြစ်သွားလေသည်။ ဆန်းလျန်၏ မရဏဓားသည် ရွှံ့အိုင်ထဲတွင် နစ်နေလေသည်။ သူ၏တိုက်ခိုက်မှု အောင်မြင်သည်လား၊ မအောင်မြင်ခဲ့ဘူးလား ဆန်းလျန် ဝေခွဲမရခဲ့ပေ။
သို့သော်…. ဆန်းလျန်၏ စိတ်အာရုံထဲတွင်တော့ လွဲသွားပြီဆိုသည့် အချက်ကို ဖော်ပြနေလေသည်။
ဆန်းလျန်၏ ငါးမြားတံအဖျားသည် ငါးကြီးတစ်ကောင်ကို ဖမ်းမိသည့် အလား အလေးချိန် စီးစွာဖြင့် ပြန်ကန်ထွက်လာ လေသည်။
ငါးမြားတံသည် လှပစွာဖြင့် ပြန်ကန် ထွက်လာသည့်အခါ ဗလာနယ်ကို ထိုးခွဲသကဲ့သို့ ဖြစ်သွားပြီး ရွှံ့အိုင်ကြီး၏ အက်ကွဲကြောင်းထဲတွင် ရွှေရောင် အမွေးရှည်များကို တွေ့မြင် လိုက်ရလေသည်။
ထိုအချိန်တွင်…
ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်မှ ရွှေရောင် အမွေးရှည် ဖုတ်ကောင်သည် ဆန်းလျန်၏ အနောက်ဘက်သို့ ရောက်ရှိ သွားလေသည်။
ထူးဆန်းသည့် အချက်မှာ…
ထိုုဖုတ်ကောင်သည် ဆန်းလျန်ထိုးခွဲလိုက်သည့် ဗလာနယ် အက်ကွဲကြောင်းမှ ဝင်ရောက်ကာ ဆန်းလျန်အနောက်သို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။
ဗလာနယ်များ၏ဦးတည်ရာသည် ပျောက်ဆုံး သွားလေသည်။
လူတစ်ယောက်နှင့် မိစ္ဆာသားရဲတစ်ကောင်၏ တိုက်ခိုက်မှု စတင်ခဲ့ပြီ ဖြစ်လေသည်။
***