စစ်မှန်သောကျင့်စဉ်လမ်း
Vol. 7 Ch. 609
ဆန်းလျန်၏ အရည်အချင်းကို စမ်းသပ်ပြီးသည့်နောက် ရွှေရောင် အမွေးရှည် ဖုတ်ကောင်မှာ ဆန်းလျန်သည် ခေသူ မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။
လင်ပေါင်ထျန်းကျွင်းသည် လူပြန်ဝင်စားပြီး ထုန်ထျန်း အရှင်အသခင်အဖြစ် ခံယူကာ ကျယ်ကျောက် အမိန့်တော် ဂိုဏ်းကို တည်ထောင် ခဲ့လေသည်။
ထိုစဉ် အချိန်တုန်းက အော်မေ့တောင်ကို ဖြတ်သန်း သွားစဉ်တွင် ထိုမိစ္ဆာ သတ္တဝါအား တွေ့ရှိခဲ့ပြီး တပည့်အဖြစ်ခေါ်ယူ ခဲ့လေသည်။ ထိုသတ္တဝါသည် အော်မေ့တောင်ထိပ်တွင် တရား အလင်းရကာ “ရွှေရောင်အလင်းတန်း နတ်ဘုရား” ဟူသော အမည်ကို ရခဲ့လေသည်။
သူသည် အခြားသော ဂိုဏ်းတူ မောင်နှမများကဲ့သို့ စစ်မှန်သည့် တာအိုကျင့်စဉ်များကို မကျင့်ကြံခဲ့သည့်တိုင် ထူးခြားသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
မိုးနတ်မင်းက ကောင်းကင်ဘုံ နန်းတော်ကို စတင် တည်ထောင်ခဲ့သည့် အချိန်ကပင် သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။
နတ်ဘုရားများ၏ စစ်ပွဲတွင် တာအိုဆရာချီဟန်က သူ့ကို ဖမ်းဆီးခဲ့လေသည်။
ထို့နောက် သူ၏ဝိညာဉ်ကို မရှိမှုကျေးရွာတွင် ချုပ်နှောင်ထားခဲ့သည့် အတွက် သူ၏ အမည်စာရင်းသည် သေခြင်း ရှင်ခြင်းစာအုပ်မှ ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရားများ စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိတော့ပေ။ သူ၏ ကျင့်စဉ်လမ်းမှာလည်း နှောင့်နှေး ခဲ့ရလေသည်။
သူက လွတ်မြောက်ရန် အတွက် တာအိုဆရာချီဟန်ဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက် ခဲ့လေသည်။ နောက်ဆုံးတွင်တော့ တာအိုဆရာချီဟန်သည် ဒေါသထွက်လာပြီး ကွမ်ရင်မယ်တော် အသွင်ပြောင်းကာ အသူရာချောက် ကိုးထပ်တွင် သူ၏ဝိညာဉ်ကို ပိတ်လှောင် ထားခဲ့ပြီး အရေး မလုပ်တော့ဘဲ ထွက်ခွာ သွားခဲ့လေတော့သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် အသူရာချောက်တွင် ကြီးမားသည့် အပြောင်းအလဲများ များစွာ ဖြစ်ပေါ်လာ ခဲ့လေသည်။
ကွမ်ရင် မယ်တော်သည် တန်ခိုး စွမ်းအား အမြင့်မားဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် သူမပြုလုပ်ခဲ့ သည့်အရံအတားကတော့ အချိန်ကာလ ကြာလာသည်နှင့် အမျှ အနည်းငယ် ပျက်စီး လာခဲ့လေသည်။ ထို့ကြောင့် ရွှေရောင် အလင်းတန်း နတ်ဘုရားသည် အရံအတားကို ဖျက်ဆီးပြီး ထိုးဖောက်ထွက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်လေတော့ သည်။
ဆန်းလျန်သာ ရောက်မလာခဲ့လျှင် ရွှေရောင်အလင်းတန်း နတ်ဘုရားသည် အေးအေး ဆေးဆေးပင် လွတ်မြောက် သွားမည် ဖြစ်လေသည်။
ယခုတော့ သူ့အတွက် အရေးကြီးသည့် အချိန်တွင် ကျယ်ကျောက် အမိန့်တော်ဂိုဏ်းနှင့် ပတ်သက်သူ တစ်ယောက် ဖြစ်သည့် ဆန်းလျန်ကဲ့သို့သော ပြိုင်ဘက် တစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရပြီ ဖြစ်လေသည်။ ထိုသို့ ဖြစ်လာလိမ့် မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။
ထို့ပြင် ဆန်းလျန်၏ မရဏဓားသည် ဆရာဖြစ်သူ၏ နတ်ဘုရား ထောင်ချောက်ဓားကို အမှတ် ရစေလေသည်။ ဆန်းလျန်သာ တာအိုရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ကလေးငယ်ကို ဂရုစိုက်မနေခဲ့လျှင် သူသည် ဆန်းလျန်ကို အစောကြီးကတည်းကပင် ရှုံးနိမ့်ရမည် ဖြစ်လေသည်။
ယခုတော့ သူတို့ (၂) ယောက် စတင် တိုက်ခိုက်ခဲ့ကြပြီ ဖြစ်သည့်အတွက် ရပ်တန့်ရန် မဖြစ်နိုင်တော့ပါချေ။ တစ်ယောက်ကို တစ်ယောက် ပြတ်ပြတ်သားသား အနိုင်ယူနိုင်မှသာ တိုက်ပွဲက ရပ်တန့်သွားမည် ဖြစ်လေသည်။
ငါးမြားတံပုံသဏ္ဌာန်ရှိသည့် မရဏဓား၏ အဖျားသည် တစ်စက္ကန့်လျှင် အနည်းဆုံး အကြိမ်တစ်သောင်းနှုန်းဖြင့် တုန်ခါနေပြီး ခန့်မှန်းရခက်သည့် အငွေ့အသက်များဖြင့် ပြည့်နှက် နေလေသည်။ မရဏဓားမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ရွှေရောင် အလင်းတန်း နတ်ဘုရားကို အမှုန့်ခြေပစ်တော့မည့်အလား ဝင်ရောက် သွားလေသည်။
ရွှေရောင် အလင်းတန်း နတ်ဘုရားမှာ အတွေ့အကြုံများ သူတစ်ယောက် ဖြစ်သည့်တိုင် ဆန်းလျန်၏ တိုက်ကွက်များကို မခန့်မှန်းနိုင် ဖြစ်နေရလေသည်။
မိစ္ဆာသတ္တဝါထံမှ ကြုံးဝါးသံ တစ်ချက်ကို ကြားလိုက်ရလေသည်။
မိစ္ဆာသတ္တဝါ၏ လက်သည်းများမှ ထူးဆန်းသည့် သင်္ကေတတစ်ခု ထွက်ပေါ်လာပြီး ဗလာနယ် တစ်ခုလုံး လျှပ်စီး လက်သကဲ့သို့ လင်းလက် တောက်ပသွားလေသည်။ လျှပ်စီးများသည် ပင့်ကူအိမ်ကဲ့သို့ ကွန်ယက်များ ဖွဲ့သွားပြီး ဝမ်ကျုန်း၏ လျှပ်စီး နဂါးကြီးများထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။
လျှပ်စီးကွန်ရက်က ဆန်းလျန်၏ ဆံပင်များကို ထိမိသည့်အခါတွင်တော့ ဆံပင်များမှာ ပြေကျသွားရပြီး လျှပ်စီးထိမိသည့် သူ၏ အရေပြားထက်တွင် အစိမ်းရောင် အငွေ့များ ထွက်လာလေသည်။ ဆန်းလျန်မှာ မျက်လုံးပင် ပြူးသွား ရတော့သည်။
ရွှေရောင် အလင်းတန်း နတ်ဘုရား၏ လျှပ်စီးတန်ခိုး စွမ်းအားသည် ဆန်းလျန်ကို ထိခိုက်မှု အနည်းငယ် ဖြစ်စေရသည့် အကြောင်းရင်းမှာ ထိုလျှပ်စီး စွမ်းအားထဲတွင် ဆန်းလျန် နားမလည်နိုင်သည့် မိုးနှင့်မြေ၏ နက်ရှိုင်းသော နိယာမ တစ်ခု ပါဝင်နေသောကြောင့် ဖြစ်လေသည်။
သို့သော်… ရွှေရောင် အလင်းတန်းနတ်ဘုရား၏ ထိတ်လန့် သွားမှုကတော့ ဖော်ပြနိုင်ခြင်း မရှိတော့ပါချေ။
အဘယ်ကြောင့် ဆိုသော် သူ၏ လျှပ်စီးစွမ်းအားမှာ ရွှေရောင် အမွေးရှည်များ ပြောင်းလဲသွားသည့် အချိန်တွင် အစစ်ဆေးခံခဲ့ရသည့် မိုးကြိုးလျှပ်စီး ဖြစ်လေသည်။ သူက ထိုမိုးကြိုးလျှပ်စီးကို စန့်ချင် အလင်းစွမ်းအားဖြင့် ပေါင်းစပ် ထားခြင်း ဖြစ်လေသည်။ ထိုလျှပ်စီးသာ ထိမှန်မည်ဆိုလျှင် ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများသည် ကျိန်းသေ နှေးကွေး သွားမည်ဟု သူက ယူဆ ထားခဲ့လေသည်။ သို့သော်… ထို လျှပ်စီးသည် ယခုတော့ ဆန်းလျန်ကို များစွာ ထိခိုက်နိုင်ခြင်း မရှိပါပေ။
ထိုသို့ ဖြစ်ရသည်မှာ ဆန်းလျန်က တန်ခိုးစွမ်းအား မြင့်မားလွန်း နေသောကြောင့် မဟုတ်ပါ။ နှစ်ပေါင်းများစွာ ဖမ်းချုပ် ဖိနှိပ်ခံထားရသည့် ရွှေရောင် အလင်းတန်း နတ်ဘုရား၏ လျှပ်စီးစွမ်းအားမှာ တဖြည်းဖြည်း အားနည်းသွားသော ကြောင့်သာ ဖြစ်လေသည်။ မည်မျှအထိ အားနည်း သွားခဲ့သည်ကိုတော့ သူကိုယ်တိုင်လည်း မသိခဲ့ပါ။
ထို့ပြင် ဆန်းလျန်၏ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်သည် လင်ပေါင်ထျန်းကျွင်းနှင့် ဆက်စပ် ပတ်သက်နေခဲ့ လေသည်။ ထို့ကြောင့် စန့်ချင် အလင်းစွမ်းအားသည် ဆန်းလျန်ကို မည်သို့မှ မထိခိုက်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
သို့သော် သူ၏ လျှပ်စီးကွန်ယက်သည် ဆန်းလျန်ကို စိတ်အာရုံ ပျံ့လွင့်စေခဲ့လေသည်။ ထို့ကြောင့် ဆန်းလျန်၏ ဓားချက်မှာ လွဲချော် သွားရလေသည်။ မိစ္ဆာသတ္တဝါက ရွှေရောင် အမွေးရှည်များကို ပိုပြီးထုတ်လွှတ်လိုက်ကာ သူ့ကိုယ်သူ ကာကွယ် ထားလိုက်လေသည်။
ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ တုန်လှုပ် သွားလေသည်။
သို့သော်… တန်ခိုးစွမ်းအား စာလုံး (၆) လုံးသည်လည်း ပျက်စီးသွားခြင်း မရှိသလို ရေတွင်း အောက်ခြေတွင်ရှိနေ သည့်ကလေးငယ်လေးမှာလည်း ထိခိုက်ခြင်း မရှိခဲ့ပေ။ သူတို့ (၂)ယောက် တိုက်ခိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖုံမှုန့်များသာ ကလေးငယ်ပေါ်သို့ ကျရောက် သွားလေသည်။
တိုက်ပွဲသည် ပို၍ပြင်းထန်လာပြီး ဆန်းလျန်သည် သူရရှိထားသည့် ဒဏ်ရာကို ဂရုမစိုက်အားပါ။ သူ၏ မျက်ခုံးနှစ်ခု ကြားမှ အနီရောင် ပြဒါးရှင်သင်္ကေတမှ အလင်းတန်းများသည် မြေပြင်ထက်သို့ စီးဆင်း သွားလေသည်။
သဘာဝစွမ်းအားများကို စုပ်ယူပြီး အားပြန်ဖြည့်လိုက်ခြင်း ဖြစ်လေသည်။
ရွှေရောင် အလင်းတန်း နတ်ဘုရားသည် သာမန်ပြိုင်ဘက် တစ်ယောက်တော့မဟုတ်ပေ။
သူက ဆန်းလျန်၏ မရဏဓားကို ကောင်းစွာ ရှောင်တိမ်းနိုင်ခဲ့သည့် အပြင် ဆန်းလျန်ကိုပင် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေလေသည်။
မိစ္ဆာသတ္တဝါကတော့ တိုက်ခိုက်နေရင်း ဆန်းလျန်ကို အနည်းငယ် မနာလိုဖြစ်မိလေသည်။
အဘယ်ကြောင့်ဆိုသော် ဆန်းလျန် ရောက်ရှိနေသည့် ကျင့်ကြံခြင်း အဆင့်သည် ထိုက်ယီထျန်းရှန်း အဆင့်ချင်း တူနေလျှင်တောင်မှ ပိုမိုအဆင့်မြင့်မား နေသောကြောင့် ဖြစ်လေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆန်းလျန်သည် မှန်ကန် သည့်ကျင့်စဉ်လမ်း အတိုင်း ကျင့်ကြံခဲ့ပြီး ပြီးပြည့်စုံသည့် အောင်မြင်မှုကို ရခဲ့သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိသည့်အခါ လောက အသစ်တစ်ခုကိုပင် ဖွင့်လှစ်နိုင်သည် အထိ အဆင့်မြင့်ခဲ့ခြင်း ဖြစ်လေသည်။
စစ်မှန်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်မှာ မရေမတွက်နိုင်အောင် နှစ်ပေါင်း ကြာရှည်မည် ဖြစ်လေသည်။ ကျင့်ကြံသူများစွာသည် သူတို့၏ အတ္တနှင့် မာနကြီးမှုတို့ကြောင့် ကျင့်စဉ်လမ်း အဆုံးထိ မလျှောက်လှမ်းနိုင်ဘဲ လမ်းတစ်ဝက်တွင် ကျဆုံးခဲ့ရသည်က များလေသည်။
မူလ သုံးဖြာ တာအိုဆရာသခင်ကြီး (၃)ပါးသည် စစ်မှန်သည့် တာအိုကျင့်စဉ်လမ်းကို ဆရာမလိုဘဲ ကိုယ်တိုင် သိမြင်ခဲ့ကြသူများ ဖြစ်လေသည်။
နောက်ပိုင်းတွင်တော့ ထိုမူလတာအို ဆရာကြီး (၃)ပါးသည် စစ်မှန်သော ကျင့်စဉ်လမ်းကို တပည့်များကို သင်ကြား ပေးရန် ကြိုးစားခဲ့ကြသော်လည်း သူတို့၏ တပည့်များက စစ်မှန်သည့် ကျင့်စဉ်လမ်းကို နားလည်နိုင်ရန် အလှမ်း ဝေးလွန်းပြီး အောင်မြင်ရန် အတွက် အတိတ်ကံ မပါခဲ့ကြပေ။ အချို့မှာလည်း မရှိမှုကျေးရွာတွင် ပိတ်မိနေကြကာ ဝိညာဉ်ကို စွန့်ခွာပြီး အသစ်တစ်ဖန် ပြန်လည် အစပြု ခဲ့ကြရလေသည်။
ရွှေရောင် အလင်းတန်း နတ်ဘုရားသည် ကလေးငယ်၏ မွေးရာပါ တာအို ခန္ဓာကို လိုချင်သည်မှာလည်း ထို့ကြောင့်ပင် ဖြစ်လေသည်။ ခိုင်မာသည့် တာအိုခန္ဓာ တစ်ခုကိုသာ ရရှိလျှင် သူသည် စစ်မှန်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်ပြီး အောင်မြင်စွာဖြင့် အဆင့်တက်လှမ်း နိုင်မည် ဖြစ်လေသည်။
သို့သော်… သူသည် ကျင့်စဉ်လမ်းတွင် အောင်မြင်ခဲ့ပါကလည်း တာအိုဆရာချီဟန်ကို လက်စားချေရန် ဆန္ဒမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တာအိုဆရာ ချီဟန်သည် တာအိုဆရာ တစ်ပါးအဖြစ်မှ ကွမ်ရင်မယ်တော်အဖြစ် အသွင် ပြောင်းပြီး သူ့ကို နှိမ်နင်းခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသောကြောင့်ပင်။ ထိုသို့ တာအိုဝါဒမှ ဗုဒ္ဓဘာသာသို့ လိုသလို ပြောင်းလဲနိုင်ခြင်းမှာ သူ့အတွက် အလွန်မှ အလှမ်းဝေးလွန်းသည့် အဆင့် ဖြစ်လေသည်။
အမှန်တော့ သူသည် ဤနေရာမှသာ လွတ်မြောက်ခဲ့လျှင် အရာအားလုံးကို စွန့်လွှတ်ပြီး အသူရာချောက်မှ အတိတ် မေ့ဆေးရည်ကို သောက်ပြီး အတိတ်မှ အပြစ်များ အားလုံးကို ဆေးကြော သန့်စင်ကာ ကလေးငယ်၏ တာအိုခန္ဓာကို အသုံးပြုပြီး ဘဝကို အသစ်ပြန်စရန် ရည်ရွယ် ထားလေသည်။ ထိုအခါ စစ်မှန်သည့် တာအိုကျင့်စဉ် လမ်းပေါ်သို့ ရောက်ရှိပြီး အောင်မြင်မှု ရရှိနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်၏ မရဏဏားမှာ အလွန်ထူးဆန်းသည့် ဓားတစ်လက် ဖြစ်သည့်တိုင် ရွှေရောင်အလင်းတန်း နတ်ဘုရား၏ အရိပ်ကိုပင် ထိုးခုတ်မိခြင်း မရှိတော့ပေ။ ထိုမိစ္ဆာ သတ္တဝါသည် ထိုမျှတော်နေရကား လင်ပေါင်ထျန်းကျွင်း၏ တပည့် ဖြစ်နေသည်မှာ ငြင်းဖွယ်ရာမရှိပါချေ။ သူသည် အကာအကွယ် ရယူထားနိုင်ပြီး မရဏဓားအောက်တွင် ဆက်လက် အသက်ရှင်သန်နိုင်ရန် ကြိုးစား နိုင်ခဲ့လေသည်။
ထိုအချက်က… ဆန်းလျန်၏ အဆင့်အတန်းသည် ရှေးဟောင်း နတ်ဘုရားများနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားနေ သေးကြောင်းကို ပြသနေလေသည်။
သို့သော်… ဆန်းလျန်၏ မရဏဓားသည် အားကြီးသူကိုဖြစ်စေ အားနည်းသူကို ဖြစ်စေ သုတ်သင် ရှင်းလင်းပစ်နိုင်စွမ်းရှိ လေသည်။
ထို့ကြောင့် ဆန်းလျန်က တစ်ချက် ရယ်မောလိုက်ရင်း…
“တာအိုရောင်းရင်းရေ… ခင်ဗျားတော့ ဒီနေ့ အရှက်ကွဲပြီပဲ…”
***