ကမ္ဘာဖျက်စွမ်းအား
Vol. 7 Ch. 610
ဆန်းလျန်၏ စကားများကို ကြားလိုက်ရသည်နှင့် ရွှေရောင်အလင်းတန်း နတ်ဘုရားမှာ ကြောက်ရွံ့ သွားမိလေသည်။ ဆန်းလျန်သည် သူနှင့် အနီးတွင်ရှိသလိုလို အဝေးတွင် ရှိနေသလိုလို မရေမရာ ခံစားနေရလေသည်။ သူ့ကို ဆန့်ကျင်သူကို အပြစ်ပေးတော့မည့် နတ်ဘုရား တစ်ပါးအလား ဆန်းလျန်၏ ပုံသဏ္ဌာန်သည် ပြတ်သားလျက် ရှိလေ၏။
ရွှေရောင်အလင်းတန်း နတ်ဘုရားမှာ ဒေါသချောင်းချောင်း ထွက်လာလေသည်။
သူသည် သူ့နောက်မှ ရောက်လာသည့် နောက်ပေါက် တစ်ယောက်ကို ရှုံးနိမ့်ရမည်ဆိုသည့် အချက်ကို မယုံကြည်နိုင်ပေ။ ထို့ကြောင့် သူသည် စိတ်အာရုံထဲတွင် ခံစားမိနေသည့် အန္တရာယ် အငွေ့အသက်များ အားလုံးကို လျစ်လျူရှုလိုက် လေသည်။ သူ၏ရွှေရောင် အမွေးရှည်များသည် ဆူးချွန်များအလား ထောင်လာလေသည်။ ထိုသို့ မြင့်မားသည့်တန်ခိုး စွမ်းအားကို အသုံးပြုလိုက်သည့် အတွက် သူရယူထားသည့် ဘုန်းတော်ကြီး၏ ရုပ်ခန္ဓာသည် ကြေမွ ပျက်စီးသွားရမည် ဆိုလျှင်လည်း သူအရေးမထားတော့ပါ။
ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူသည် ထိတ်တန်းအဆင့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ စန့်ချင်မူလ ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားရုံမျှဖြင့် ဆန်းလျန်ကဲ့သို့ နောက်ပေါက် တပည့်အငယ် တစ်ယောက်က သူ့ကို အနိုင်ယူမည်ဆိုသည့် အချက်ကို သူ လုံးဝ လက်မခံနိုင်ခဲ့ပေ။ ထိုတပည့်အငယ် လက်အောက်တွင် သူ့လို စန့်ချင်၏ တပည့်ရင်း တစ်ယောက်က နှိမ်နင်းခံရမည့် ကိစ္စမှာ မည်သူမှ မသိလျှင်တောင်မှ အလွန်ရင်နာစရာ ကောင်းသည့် ကိစ္စ ဖြစ်လေသည်။
မိစ္ဆာသတ္တဝါသည် လေထဲတွင် လှုပ်ရှားမရှိဘဲ ရပ်တန့် နေလေသည်။
ထို့နောက် ကျယ်လောင်သည့် ဟိန်းသံတစ်ချက်ကို ပြုလုပ် လိုက်လေသည်။ ထိုဟိန်းသံကြီးကြောင့် လေထုတစ်ခုလုံးသည် ပင်လယ် သမုဒ္ဒရာ လှိုင်းတံပိုးများ မြင့်တက်လာသည့် အလား လှုပ်ရှား သွားရလေသည်။ ထိုအသံထဲမှ မိစ္ဆာသားရဲများ တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက် လာကြလေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆန်းလျန်သည် ထိုက်စုနတ်ဘုရား ဂိုဏ်းတွင် တူမလေး ဖြစ်သူ ရော့ရှီကို သွားရောက် ကယ်တင်စဉ်က ထျန်းမုန့် နတ်သမီး၏ "ထျန်းယင်းဖန်ဆင်းခြင်း" ပညာဖြင့် ရင်ဆိုင် ခဲ့ရဖူးလေသည်။ အသံလှိုင်းဖြင့် မိစ္ဆာသားရဲများ ဖန်ဆင်းနိုင်သည့် အံ့သြဖွယ်ရာ သဘာဝလွန် တန်ခိုးစွမ်းအား တစ်ခုဖြစ်လေသည်။
ထိုစဉ်က ထျန်းမုန့်နတ်သမီးသည် ဗျပ်စောင်းသံစဉ်ကို တီးခတ်ပြီး ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်ကို ဖန်ဆင်း ခဲ့လေသည်။
ထိုထျန်းယင်းဖန်ဆင်း ပညာသည် ယခု ရွှေရောင်အမွေးရှည် ဖုတ်ကောင် အသုံးပြုလိုက်သည့် “ယင်းယင်း ဖန်ဆင်းခြင်း ပညာ” နှင့် သဘောတရားခြင်း ဆင်တူသည့်တိုင် တန်ခိုးစွမ်းအားကတော့ မိုးနှင့်မြေပမာ ကွာခြား လွန်းလှလေသည်။
ရွှေရောင် အလင်းတန်းနတ်ဘုရား၏ ဟိန်းသံကြီးကြောင့် လေထုတစ်ခုလုံး ပျက်စီးသွားပြီး တည်ငြိမ်မှု မရှိတော့ပေ။ သူ၏ဟိန်းသံမှ ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ မိစ္ဆာသားရဲများသည် ပတ်ဝန်းကျင်တွင် လွင့်မျောနေကြပြီး တိုက်ခိုက်ရန် အသင့် ဖြစ်နေကြလေသည်။
သားရဲ တစ်ကောင်ချင်းစီတိုင်းသည် ကျောရိုးထဲထိ စိမ့်သွားလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး ဆန်းလျန်ကို ကိုက်ဖြတ်ရန် အတွက် တစ်ဟုန်ထိုး ဝင်ရောက် လာကြလေသည်။
ထိုသားရဲများ၏ စွမ်းအား ပေါင်းစည်းမှုကြီးသည် နတ်ဘုရားများကိုပင် တုန်လှုပ် စေနိုင်လောက်လေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင် အလင်းတန်း နတ်ဘုရားသည် သတ္တဝါများ အဆက်မပြတ် တိုက်ခိုက်နေစေရန် အတွက် ဟိန်းသံကြီးကို မရပ်တန့်ဘဲ ဆက်လက် ဟိန်းဟောက်နေလေ၏။
ဆန်းလျန်မှာ ကြောက်ရွံ့ရမည့်အစား ပျော်ပင် ပျော်သွားမိလေသည်။ ထိုဟိန်းသံမှာ နာမည်ကြီး ခြင်္သေ့အော်သံ တန်ခိုးစွမ်းအားပင် ဖြစ်သည် မဟုတ်ပါလား။
ဆန်းလျန်က သူ၏ လက်ထဲတွင် လုံးဝန်းသည့်စက်လုံးတစ်ခုကို ဖန်ဆင်းလိုက်လေသည်။
ထိုစက်လုံးမှာ အနက်နှင့် အနီရောင်ရှိသည့် ယင်နှင့်ယန် တန်ခိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထို ယင်နှင့်ယန် စွမ်းအားများမှာသူ၏ မျက်ခုံးနှစ်ခု အလယ်မှ အနီရောင် ပြဒါးရှင်မှ ရရှိသည့် ယင်နှင့်ယန် စွမ်းအားများ ပင်ဖြစ်လေသည်။
ဆန်းလျန်က လက်ဟန်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အနက်ရောင်နှင့် အနီရောင် တန်ခိုးစွမ်းအား စက်လုံးသည် ချက်ချင်းပင် ယင်နှင့်ယန် ဝဲကန်တော့ ရေကန်ငယ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သားရဲများ အားလုံးကို စုပ်ယူ လိုက်လေတော့သည်။ သားရဲများ အားလုံး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိလေသည်။
ရွှေရောင် အမွေးရှည် ဖုတ်ကောင်သည် အကောင်းဆုံး အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက် နားလည်သွားရလေသည်။
ယင်နှင့်ယန် တန်ခိုးစွမ်းအား ဝဲကန်တော့ ရေကန်သည် ပြင်းထန်သည့် ဆွဲငင်အားကို ပိုင်ဆိုင် ထားလေသည်။ သူ၏ တန်ခိုးစွမ်းအားများ မူလ အနေအထားအတိုင်း ပြန်လည် ရရှိသေးခြင်း မရှိပါက သူ့အနေဖြင့် ထိုဝဲကန်တော့ ရေကန်ဆီမှ မည်သို့မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဆန်းလျန်မှာလည်း ယင်ယန်ဝဲကန်တော့ကို ပထမဆုံးအကြိမ် ဖန်ဆင်း ပြုလုပ်လိုက်ခြင်း ဖြစ်လေရာ ထိုဝဲကန်တော့၏ တန်ခိုးစွမ်းအား ပမာဏကို ရှင်းလင်းစွာ ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်… မိုးမြေစွမ်းအားများအားလုံးကို စုပ်ယူနိုင်သည့် စကြဝဠာ မျိုးစေ့ကို တုပကာ ဆန်းလျန်သည် ထိုယင်ယန် ဝဲကန်တော့ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယင်ယန် ဝဲကန်တော့တွင် အားနည်းချက် တစ်ခုရှိလေသည်။ ထိုအားနည်းချက်မှာ အဆင့်လွန်ကျင့်ကြံသူ တစ်ယောက် ဆိုလျှင်တော့ ယင်ယန် ဝဲကန်တော့ထဲမှ လွတ်မြောက်သွား နိုင်မည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ရွှေရောင် အလင်းတန်းနတ်ဘုရားမှာ သူ၏မာနတရားကြောင့် လွတ်မြောက်ရန် အတွက် နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်လေသည်။
ယင်ယန်ဝဲကန်တော့သည် ရွှေရောင် အလင်းတန်း နတ်ဘုရားကို စုပ်ယူလိုက်လေသည်။
ယင်ယန်ဝဲကန်တော့ အတွင်းသို့ စုပ်ယူ ခံလိုက်ရသည့်တိုင် ရွှေရောင် အလင်းတန်း နတ်ဘုရားသည် ကြုံးဝါးသံများကို ပြုလုပ်နေသေးသည်။ ထို့နောက်တွင်တော့ သူ၏ အရိုးများသည် ကြီးမားသည့် ဗုံးတစ်လုံးအလား စတင်ပေါက်ကွဲ လာလေတော့သည်။
ပေ (၁၀၀၀၀) ခန့် ရှည်လျားသည့် ရှေးဟောင်း ရေတွင်းကြီးသည် ဆက်လက် တည်ရှိတော့မည် မဟုတ်တော့ပေ။
ဆန်းလျန်သည် ရေတွင်းထဲမှ ကလေးငယ်ကို ခေါ်ဆောင်ကာ ထွက်ခွာ သွားလေတော့သည်။
သူသည် ရေတွင်းထဲတွင် မည်သည့်အရာများ ဆက်လက် ဖြစ်ပျက်မည်ကို လုံးဝ အရေးမစိုက်တော့ပေ။
မရဏ ဝိညာဉ်များဖြင့် တိုက်ခိုက် နေကြရသည့် ချန်စန်းကျီ၊ အားလျန်နှင့် ကျိုယွဲ့တို့မှာ ထူးဆန်းသည့် အငွေ့အသက် တစ်ခု၏တည်ရှိမှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရလေသည်။
ထိုအချိန်မှာပင်….
ရေကဲ့သို့ တောက်ပ ကြည်လင်နေသည့် အလင်းတန်း တစ်ခုသည် သူတို့ (၃)ယောက်ရှေ့တွင် ပေါ်လာလေသည်။
အားလျန်က အေးဆေး တည်ငြိမ်စွာဖြင့်ပင် ချန်စန်းကျီနှင့် ကျိုယွဲ့ကို စိတ်စွမ်းအားဖြင့် ဆက်သွယ် စကားပြောလိုက်သည်။
"အခုပဲ သွားကြစို့…"
ထို့နောက် အားလျန်နှင့် ကျိုယွဲ့တို့သည် အလင်းတန်း အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားကြလေသည်။ ချန်စန်းကျီက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ အလင်းတန်းထဲသို့ ဝင်လိုက်လေသည်။
ထိုအခါ သူ၏ အနောက်ဘက်ဆီမှ အာရုံကြောများနှင့် ကိုယ်ခန္ဓာ အသွေးအသားများကို ပျက်စီး သွားစေနိုင်သည့် စွမ်းအား ပေါက်ကွဲမှုကြီး တစ်ခုကို ခံစားလိုက်ရလေသည်။ သူသည် အလွန်အံ့သြ ထိတ်လန့်သွားပြီး တန်ခိုးစွမ်းအား ပန်းတစ်ပွင့်ကို အလျင်အမြန် ဖန်ဆင်းကာ သူ၏ ကျောဘက်ကို ကာကွယ် လိုက်ရလေသည်။
အလင်းတန်းသည် သူတို့ (၃)ယောက်လုံးကို ကောင်းကင်ထက်သို့ ဆွဲခေါ်သွားလေသည်။
ဆန်းလျန်သည် တိမ်တိုက်များထဲတွင် ကလေးငယ် တစ်ယောက်ကို ပွေ့ချီထားရင်း မြေပြင်ဆီသို့ စိုက်ကြည့် နေလေသည်။
ရှေးဟောင်း ရွာငယ်လေးဆီမှ မှိုပွင့်ပုံသဏ္ဌာန် အခိုးအငွေ့လုံးကြီးများ ထွက်ပေါ် လာလေသည်။ မိုးမြေစွမ်းအားများသည် နဂါးနှင့် ကျားများ စုဝေး ရောက်ရှိလာသည့်အလား မိုင်ပေါင်း (၁၀၀၀၀) ပတ်ဝန်းကျင်ရှိ လူများအားလုံးကို လှုပ်ခါစေခဲ့ လေသည်။
ဆန်းလျန်၏ နတ်ဘုရား စိတ်အာရုံသည် မှိုပွင့်ပုံသဏ္ဌာန် အခိုးအငွေ့လုံးကြီးကို ထိုးဖောက် ကြည့်နိုင်စွမ်း မရှိသည့် အတွက် ရွှေရောင် အလင်းတန်းနတ်ဘုရား၏ ဝိညာဉ် မည်သည့်နေရာသို့ ရောက်ရှိ သွားသည်ကို သိမြင်နိုင်ခြင်းမရှိခဲ့ ပေ။
ရွှေရောင် အလင်းတန်း နတ်ဘုရားသည် အားနည်း နေမည်ဆိုလျှင်တောင်မှ ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရား တစ်ပါး ဖြစ်နေသေးသည်ဆိုသည့် အချက်ကို ဆန်းလျန် မေ့ထား၍ မဖြစ်ပေ။ ထို့ကြောင့် သူ၏ဝိညာဉ်သည် လွတ်မြောက် သွားနိုင်ပေလိမ့်မည်။
ပေါက်ကွဲမှုကြီးသည် ကွမ်ရင်မယ်တော် ပြုလုပ်ခဲ့သည့် အရံအတားကို ဖယ်ရှားနိုင်ရန် လုံလောက် ခဲ့လေသည်။
ကွမ်ရင်မယ်တော်၏ အရံအတား ပျက်စီးသွားသည့် အတွက် လွတ်မြောက်ခွင့် ရခဲ့သည့် အချက်ကိုတော့ ရွှေရောင် အလင်းတန်း နတ်ဘုရားက မည်သည့်အခါမှ ဝန်ခံမည်မဟုတ်ပေ။
သို့သော်… ရွှေရောင် အမွေးရှည် ဖုတ်ကောင်သည် ကောင်းကောင်း ခံလိုက်ရပြီ ဖြစ်သည့်အတွက် နောက်ဆိုလျှင် ဆန်းလျန်ကိုတွေ့သည်နှင့် ပြေးတော့မည် ဖြစ်လေသည်။
ဆန်းလျန်သည် သိပ်ပြီးနောင်တရမိခြင်း မရှိပါ။
ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးသည် မည်သို့မှ ပျက်စီးနိုင်မည်မဟုတ်ပေ။ သူတို့၏ ဝိညာဉ်တည်ရှိရာ နေရာသို့သွားပြီး အဆုံးသတ် ဖျက်ဆီးနိုင်မှသာလျှင် သူတို့အား သတ်ဖြတ်နိုင်မည် ဖြစ်လေသည်။ သို့သော် ထိုမိစ္ဆာ သတ္တဝါထံမှ ကျယ်ကျောက် အမိန့်တော် ဂိုဏ်းအကြောင်း ဘာမှသိပ်ပြီး မသိလိုက်ရသည့်အတွက်တော့ စိတ်မကောင်း ဖြစ်မိလေသည်။
ချန်စန်းကျီမှာ သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျောက်ရုပ် တစ်ရုပ်အလား တောင့်တောင့်ကြီး ဖြစ်နေလေသည်။ သူ၏ နောက်ကျောတွင် ရရှိသွားသည့် ဒဏ်ရာကိုပင် အရေး မစိုက်နိုင်တော့ပေ။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးသည် ကျောက်ကဲမြို့တော် သို့မဟုတ် တိချိုးမြို့တော်တွင်သာ ဖြစ်ပွားခဲ့ပါက ယင်းစန်းနှင့် တာ့ရှားကို ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ခု ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
ထိုပေါက်ကွဲမှုကြီးကြောင့် ထိုက်ယီထျန်းရှန်း အဆင့်နတ်ဘုရားများနှင့် မိုးကောင်းကင် နတ်ဘုရားများက အသက် ရှင်သန်နိုင်ကြမည် ဖြစ်သည့်တိုင် လောကနတ်ဘုရား အဆင့်နှင့်အောက် လူသားများသည် မည်သို့မှ ရှင်သန်နိုင်လိမ့် မည်မဟုတ်ပေ။ အသက်ရှင်သန်နိုင်ခဲ့လျှင်ပင် ဘယ်တော့မှ မပျောက်ကင်း နိုင်သည့် ဒဏ်ရာ ရရှိသွားကြမည် ဖြစ်လေသည်။
ထိုစွမ်းအား ပေါက်ကွဲမှုကြီးသည် လောကကြီး တစ်ခုလုံးကို ပျက်စီး စေနိုင်လေသည်။ ထို့ပြင် ထိုပေါက်ကွဲမှုကြီးသည် ဆန်းလျန်နှင့် ဆက်စပ်လျက် ရှိသည်မှာ ထင်ရှားနေလေသည်။ အကယ်၍ ဆန်းလျန်သည် ယင်းစန်းနှင့် တာ့ရှား တိုင်းပြည်များတွင် ထိုသို့ ဖောက်ခွဲပစ်ခဲ့လျှင် ထိုတိုင်းပြည် (၂)ပြည်မှာ အစအနပင်မကျန်အောင် ပျက်စီးသွားရမည် ဖြစ်လေသည်။
သို့သော်.. ဆန်းလျန်ကတော့ ဟန်ဆောင် ဖုံးကွယ်ထားခြင်း မရှိပါ။
ဆန်းလျန်က ချန်စန်းကျီကို ကြည့်လိုက်ပြီး…
“ကျုပ်နဲ့အတူ မိုးကောင်းကင် နတ်ဘုရားအဆင့်ရှိတဲ့ အခြားလူတစ်ယောက် မရှိဘူးဆိုရင် ဒီလိုမျိုး ပေါက်ကွဲမှုကို ဖန်တီးဖို့ မဖြစ်နိုင်ပါဘူး”
ထိုမျှလောက်သော ပျက်စီး ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာရန်မှာ အကြောင်းတရားများ တိုက်ဆိုင်မှသာ ဖြစ်ပေါ်နိုင်မည် ဖြစ်လေသည်။
ပထမဆုံး အနေဖြင့် နတ်ဘုရား တစ်ပါးကို ပိတ်လှောင်ရန် အတွက် ကွမ်ရင်မယ်တော်၏ အရံအတား လိုအပ်လေသည်။ ထို့နောက် ပိတ်လှောင် ခံထားရသည့် နတ်ဘုရားကို ယင်ယန် ဝဲကန်တော့ အတွင်းသို့ ဆွဲသွင်းနိုင်မှသာလျှင် ထိုကဲ့သို့သော ပေါက်ကွဲမှုကို ဖြစ်စေမည် ဖြစ်လေသည်။
လက်ရှိ ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များမှ ဆန်းလျန်သည် တရားအလင်း အချို့ ရခဲ့လေသည်။
သူ အရင် ခေတ်ပေါ် ကမ္ဘာတွင် နေထိုင်ခဲ့စဉ် အချိန်က ထိုသို့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုများကို ဖြစ်စေသည့် ကမ္ဘာဖျက် လက်နက်များကို ပြုလုပ်ကြသူများမှာ နတ်ဘုရားများ မဟုတ်ပေ။ လူသားများ ကိုယ်တိုင်ပင် ဖြစ်လေသည်။ ထိုအရာများသည် အလွန်မှ စိတ်ပျက်စရာ ကောင်းလှလေသည်။
ရှေ့လျှောက် ထိုသို့သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေမည့် တန်ခိုးရှင်များ၊ နတ်ဘုရားများ သို့မဟုတ် ဝိညာဉ်စွမ်းအား ပစ္စည်းများ၊ တူရိယာများဖြင့် သူ့ဘဝတွင် တွေ့ဆုံနိုင်သေးသည်။ ထိုအချိန်မျိုးတွင် သူ့အတွက် ကြီးမားသည့် ပြဿနာများ ဖြစ်လာနိုင်လေသည်။
***