ကံကြမ္မာကိုပြောင်းပြန်လှန်ခြင်း
Vol. 7 Ch. 611
ကျင့်ကြံသူ တစ်ယောက်၏ ဉာဏ်ပညာဖြင့် ခေတ်ပေါ်ကမ္ဘာမှ လူသားများ တီထွင်ခဲ့သည့် လက်နက်ဆန်းများကို ဖန်ဆင်းနိုင်ရန်မှာ ဖြစ်နိုင်ချေ ရှိလေသည်။ ထိုလက်နက်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင့်ကြံသူများ ဖန်တီးခဲ့ကြသည့် တူရိယာများ၊ မှော်ဝင်ပစ္စည်းများနှင့် ယှဉ်လျှင် များစွာ စွမ်းအားပိုပြီး ကြီးနိုင်လေသည်။
ကျယ်ပြန့်သော စကြဝဠာတွင် ကျင့်ကြံသူများ၏ ခေတ်တစ်ခေတ်သည် အမှန်ပင် တည်ရှိခဲ့မည် ဖြစ်လေသည်။
“သူက အဲဒီလို ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်တယ်”
ဆန်းလျန် တွေးလိုက်မိသည်။
ယဉ်ကျေးမှု တစ်ခုနှင့် ခေတ်တစ်ခေတ်ကို ဖန်တီးရန်နှင့် အခြားသူများကို လက်ဆင့်ကမ်း လွှဲပြောင်းပေးရန်မှာ သိပ်တော့ လက်တွေ့မကျလှပေ။ သို့သော်… ဆန်းလျန်သည် ကျင့်စဉ်လမ်းကို လျင်မြန်စွာ လျှောက်လှမ်းခဲ့နိုင်သူ တစ်ယောက်ဖြစ်သလို ဗဟုသုတ၊ စိတ်နေစိတ်ထားနှင့် အတွေ့အကြုံများက သူ့ကိုအောင်မြင်အောင် အထောက်အကူ ပြုနိုင်လေသည်။ သူပြုလုပ်မည့် အလုပ်သည် ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ သမိုင်းတွင်တော့ မှတ်ကျောက် တင်နိုင် ခဲ့ပေလိမ့်မည်။
ထိုအချိန်မှာပင်…
ထူးဆန်းသည့် ခံစားချက်တစ်ခုကို ဆန်းလျန်၏ နှလုံးသားထဲတွင် ခံစားလိုက်ရလေသည်။
ဆန်းလျန်က ကျောက်ကဲမြို့တည်ရှိရာအရပ်ဆီသို့ လှမ်းမျှော် ကြည့်လိုက်ရင်း ချန်စန်းကျီကို ပြောလိုက် လေသည်။
"ထျန်းယီလာနေပြီ… ကျုပ်ရဲ့ မယ်တော်ကိုယ်စား ကျူးကျားကိုလည်း နှုတ်ဆက်ချင်လို့ စီးမူဝူတင်ကို ကျုပ်သွားပြီး ကြည့်နှင့်ပြီလို့ ခင်ဗျားကျုပ်ကိုစား ထျန်းယီကိုပြောပေးပါ”
ဆန်းလျန်၏အသံသည် လေထဲတွင် ပျောက်ကွယ်သွားပြီး ဆန်းလျန်နှင့် သူ၏တပည့် (၂)ယောက်သည် အရိပ်ပင် မမြင်ရတော့ဘဲ ချန်စန်းကျီရှေ့မှ ပျောက်ကွယ် သွားကြလေတော့သည်။
သူနောင်တရမိသည့် အချက်မှာ ဆန်းလျန်သည် ရှေးဟောင်းရွာမှ ကယ်တင်လာသည့် ကလေးငယ်ကို သူ့ထံသို့ ပြန်မပေးတော့ခြင်းပင် ဖြစ်လေသည်။ ထိုကလေးငယ်နှင့် သူ၏ကြားရှိ ဆရာတပည့်ဆိုသည့် ကတိထားရှိခဲ့မှုသည် အဆုံးသတ်သွားပြီဟု သူ့စိတ်ထဲတွင် ထူးဆန်းစွာပင် ခံစားနေရလေသည်။
ထိုအချက်က စိတ်မကောင်းစရာပင် ဖြစ်လေသည်။
တာအိုကျောင်းတော်တိုင်း၊ နတ်ဘုရားကျောင်းတော်တိုင်းသည် အလားအလာရှိသည့် တပည့်များကို အလွန်တန်ဖိုး ထားကြလေသည်။ တပည့်မျိုးဆက်များ ပါရမီ ရင့်သန်လေလေ ကျောင်းတော်၏ ဓလေ့ထုံးတမ်းများ ကြာရှည်ရန် အတွက် အာမခံချက်ရှိလေ ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
ထိုအချိန်တွင်ပင်…
ချန်စန်းကျီ၏ရှေ့သို့ အလင်းတန်းတစ်ခု ရောက်ရှိ လာလေသည်။ ထိုအလင်းတန်းသည် လူတစ်ယောက် အသွင်သို့ ပြောင်းလဲသွားလေသည်။
ထိုသူသည် ရင်ပတ်ထက်တွင် ဇာမဏီငှက်ပုံသဏ္ဌာန် ချည်ထိုးထားသည့် အနက်ရောင် နန်းဝတ်နန်းစားကို ဝတ်ဆင် ထားပြီး နူးညံ့ပြီး နွေးထွေးသည့် မျက်ဝန်းများကို ပိုင်ဆိုင်လေသည်။
ထိုသူကား ထျန်းယီပင်ဖြစ်လေသည်။
သူက ချန်စန်းကျီကို တစ်ချက်ပြုံးပြလိုက်ပြီး…
"မင်း ခုန သူတော်စင် ချင်းရွှမ်နဲ့ အတူတူရှိနေတာ မဟုတ်လား"
ချန်စန်းကျီက ရယ်မောလိုက်ရင်း ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်များကို ထျန်းယီကို ပြောပြ လိုက်လေသည်။
ထျန်းယီက…
"ကျောက်ကဲမြို့တော်က တိချိုးမြို့တော် မဟုတ်ဘူး၊ သူတော်စင်ချင်းရွှမ် အပြုအမူတွေ ဆင်ခြင်မယ်လို့ မျှော်လင့်ရ တာပဲ၊ ပြီးတော့ ကျုပ်တို့ ကြားမှာရှိတဲ့ စိတ်ခံစားချက်တွေကိုလည်း သိပ်ပြီး ရှေ့တန်းမတင်ဖို့ လိုလိမ့်မယ်”
ချန်စန်းကျီက စိတ်ပူပန်စွာဖြင့်…
"ကျုပ်အထင် ပြောရရင် သူတော်စင် ချင်းရွှမ်ရဲ့ အဆင့်က မိုးကောင်းကင် နတ်ဘုရား အဆင့်ကိုတောင် ကျော်လွန်နေပြီ ထင်ပါတယ် မင်းကြီး၊ သူ့ကို သတိထားဖို့လိုပါမယ်"
ထျန်းယီက ပြုံးလိုက်လေသည်။
သူက ဝမ်ကျုန်းနှင့်အတူ ကျောက်ကဲမြို့တော်သို့ ရောက်ရှိလာသည့် နတ်သမီးတစ်ပါးကို သတိရလိုက်မိသည်။ အရာအားလုံးသည် ထိုနတ်သမီး ခန့်မှန်းသည့်အတိုင်း ဖြစ်ပျက်လာခဲ့ပြီ ဖြစ်လေသည်။
ဆန်းချင်းရွှမ်ရာ… ဆန်းချင်းရွှမ်…
မင်းကိုတတ်ဖို့အတွက် ဆင်ထားတဲ့ ထောင်ချောက်ထဲကိုသာ ဝင်မတိုးမိပါစေနဲ့ကွာ…။
ထျန်းယီက…
"ဒါနဲ့ ချန်စန်းကျီနတ်ဘုရား ပြောပြနိုင်မလား၊ သူတော်စင်ချင်းရွှမ်က ဘယ်လိုလူစားမျိုးလဲ"
ချန်စန်းကျီက…
"ဒါတော့ ပြောဖို့ခက်တယ်"
ထျန်းယီက ပြုံးလိုက်ရင်း….
"ပြောဖို့ခက်တယ်ဆိုတာ ပြောလို့မရတာတော့ မဟုတ်သေးဘူးမလား၊ ကဲပါလေ… ခင်ဗျားနဲ့ ကျုပ် စကားနည်းနည်းလောက် ပြောကြရအောင်"
ချန်စန်းကျီသည် ရှေးဟောင်းရွာလေးတွင် ဖြစ်ခဲ့သည့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီး အတွက် စိတ်ပူပန်နေမိဆဲ ဖြစ်လေသည်။
ချန်စန်းကျီက…
"သူက ရေလိုပဲ အလိုက်သင့် စီးမျောလွယ်တယ်၊ တစ်ခါတလေတော့ နွေဦးလေပြည်လေးလိုပဲ လူတွေအားလုံးကို စိတ်သက်သာရာ ရစေတယ်၊ တစ်ခါတလေ ကျပြန်တော့လည်း လူတွေကို ရူးသွပ်သွားစေတဲ့ အထိ ကြောက်လန့် အောင်လုပ်နိုင်တဲ့ မုန်တိုင်း တစ်ခုလိုပဲ၊ ရာသီဥတုကမှ မိုးရွာမလား၊ နေသာမလားဆိုတာ ခန့်မှန်းလို့ ရသေးတယ်၊ ဒါပေမဲ့ သူကတော့ ဘာဖြစ်လာမယ်၊ ဘာလုပ်မယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ရိုးရိုးသားသား ပြောရရင် ကျုပ်က လွတ်လပ်သူ တစ်ယောက်ပါပဲ၊ ဒါပေမဲ့ သူနဲ့တွေ့ဆုံပြီးတဲ့ နောက်မှာ ကျုပ်ဟာ သူ့လောက် မလွတ်လပ်သေးပါ လားလို့ သိခွင့်ရခဲ့တယ်”
ထျန်းယီက….
“သူက လွတ်လပ်သူ တစ်ယောက်ဆိုပေမယ့် ဘဝဆိုတာက ကန့်သတ်ချက်တွေ ရှိတယ်လေ၊ ဒါကြောင့် လွတ်လပ်မှု အတွက် ပေးဆပ်ရမယ့် တန်ဖိုးလည်း ရှိတယ်ဆိုတာ သူက ပိုပြီး သိသင့်ပါတယ်၊ ဒါပေမဲ့ သူက ပြောင်းလဲဖို့တော့ ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူး၊ အင်း… တကယ့်ကို ရဲရင့်တဲ့ လူတစ်ယောက်ပါပဲ”
ထို့နောက် ထျန်းယီက စကား ဆက်မပြောတော့ဘဲ တိတ်ဆိတ်နေလေသည်။
ရဲစွမ်းသတ္တိ ရှိတိုင်းလည်း အပြုသဘော ဆောင်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
တာ့ရှားဧကရာဇ်က နမူနာဖြစ်သလို ဆန်းလျန်ကလည်း တာ့ရှားဧကရာဇ်၏ ခြေရာကို နင်းနေပြီ ဖြစ်လေသည်။
ယင်းစန်းသည် မိုးကောင်းကင်မှ ချမှတ်ထားသည့် ကံတရားအတိုင်း ဖြစ်လာစေရန် အတွက် ထျန်းယီသည် မိစ္ဆာမာရ်နတ် တစ်ပါးအဖြစ် မရေမတွက်နိုင်သည့် သူရဲကောင်းများကို နှိမ်နင်းရမည် ဆိုလျှင်လည်း နှိမ်နင်းမည့်သူ ဖြစ်လေတော့သည်။
အားလျန်သည် ကလေးငယ်ကို ချစ်ခင်စွာဖြင့် ပွေ့ချီထားလေသည်။
သူမက ဆန်းလျန်ကို ကြည့်လိုက်ရင်း…
"နတ်ဘုရားဆရာ၊ ဒီကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ကျွန်မကို မွေးစားဖို့ ပေးပါလား"
ဆန်းလျန်က…
"သူ့အတွက် ကျုပ်စီစဉ်လိုက်ပါ့မယ်"
အားလျန်က အနည်းငယ် စိတ်မကောင်း ဖြစ်သွားရလေသည်။
"ကောင်းပါပြီ၊ နတ်ဘုရားဆရာအစီအစဉ်အတိုင်း ကျွန်မလည်း လိုက်နာပါ့မယ်"
သူတို့ (၂)ယောက် စကားပြောနေသည်ကို ကျိုယွဲ့က ဖြတ်ပြော လိုက်လေသည်။
"ဆရာ… ဆရာပြောတာ စီးမူဝူတင်ကို သွားကြည့်မလို့ဆို… အဲဒါ တကယ် ပြောတာလား"
ဆန်းလျန်က အေးဆေးသည့် လေသံဖြင့်….
"ကျုပ်ပြောတဲ့ပုံက နောက်ပြောင်နေတာနဲ့ တူလို့လား"
ကျိုယွဲ့က…
"စီးမူဝူတင်အကြောင်း ကျွန်တော်ကြားဖူးတယ်၊ တောင်တစ်တောင်လို လေးလံတယ်တဲ့၊ အဲဒါကို ပြုလုပ်တဲ့ ကျူးကျားတောင်မှ မ ‘မ’ နိုင်ဘူးတဲ့၊ ဒါပေမဲ့ ဆရာကတော့ မ နိုင်မယ် ထင်တယ် …. နော်၊ ဒါပေမဲ့ စောစောက ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ကြည့်ရတာတော့ ကျောက်ကဲမြို့တော်က ကျွန်တော်တို့ကို ကြိုဆိုပုံမရဘူး၊ ဆရာ သတိတော့ထားနော်…”
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကြည့်ရတာ မင်းလည်း တော်တော် တိုးတက် လာပြီပဲ၊ မင်းကိုခေါ်လာတာ အလကား မဖြစ်ဘူး၊ ဒါပေမဲ့ အားလျန်ရဲ့ သမီးလေး ဖူဟောင်က ကျောက်ကဲ မြို့တော်မှာလေ၊ ကျုပ်တို့က သူ့ကို ရှာရဦးမယ်”
အားလျန်က…
"အဲဒီကိစ္စကို ထားလိုက်ပါတော့ နတ်ဘုရားဆရာ၊ တကယ်လို့များ နတ်ဘုရားဆရာသာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မလည်း ဘာမှ မတတ်နိုင်ပါဘူး"
ဆန်းလျန်က …
"ဘာမှ မဖြစ်နိုင်ပါဘူး"
“ဘာမှမဖြစ်နိုင်ပါဘူး” ဟု ပြောလိုက်သည့်တိုင် ဆန်းလျန်၏ စိတ်ထဲတွင် အန္တရာယ် အငွေ့အသက်များကို ရရှိထားပြီး ဖြစ်လေသည်။
တာ့ကျိုးပြည်သည် ယင်းစန်းပြည်နှင့် တာ့ရှားပြည်ကဲ့သို့ အသူရာချောက်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နိုင်ခဲ့ခြင်း မရှိသေးပါ။ သို့သော်… ဆန်းလျန်ဆိုသည်က အတားအဆီးများကို ကျော်ဖြတ်နိုင်စွမ်း မရှိသည့် ဧကရာဇ်တစ်ပါး မဟုတ်ပါ။ သူ့အနေဖြင့် အတားအဆီးများကို ကြောက်ရွံ့နေပါက အစကတည်းက ကံကြမ္မာကို ပြောင်းပြန်လှန် ပစ်ရန်စဉ်းစားခဲ့မည် မဟုတ်ပါပေ။
လက်ရှိ အခြေအနေသည် အန္တရယ်တွင်းထဲသို့ ကျရောက်နေသကဲ့သို့ ဖြစ်သည့်တိုင် သက်သေပြရန် အတွက် အခွင့်အရေးပင် ဖြစ်လေသည်။ စီးမူဝူတင်၏ အလေးချိန်သည် သက်သေပြရန် အကောင်းဆုံး အရာပင် ဖြစ်လေတော့သည်။
ကျောက်ကဲမြို့တော်တွင် ယင်းစန်းနန်းတော်နှင့် ကပ်လျှက်နေရာတွင် အိမ်ဂေဟာ တစ်ခုရှိလေသည်။
ထိုအိမ်ဂေဟာမှာ ထျန်းယီက ဝမ်ကျုန်းကို တိုင်းပြည် အကြံပေး အမတ်မင်း၏ အိမ်ဂေဟာအဖြစ် ချီးမြှင့်အပ်နှင်းထားသည့် အိမ်ဂေဟာပင် ဖြစ်လေသည်။ ထို့ပြင် ထျန်းယီသည် ဝမ်ကျုန်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည့် တပ်ဖွဲ့တစ်ဖွဲ့ကိုပင် ပေးအပ် ထားသေးသည်။ ထိုအခွင့်အရေးမှာ တော်ဝင်မိသားစုများပင် မရသည့် အခွင့်အရေးများ ဖြစ်လေ၏။
ရှေးဟောင်း ရွာငယ်လေးမှ ပေါက်ကွဲမှုကြီးကြောင့် တိုင်းပြည် အကြံပေး အမတ်မင်း၏ အိမ်ဂေဟာမှာ တုန်လှုပ် သွားရလေသည်။
အိမ်ဂေဟာထဲတွင် မျက်လုံးများ မှိတ်ကာထိုင်နေသည့် လှပချောမောလွန်းသည့် နတ်သမီး တစ်ပါးသည် မျက်လုံးများကို အသာအယာ ဖွင့်လိုက်လေသည်။
"ဝမ်ကျုန်း … မင်းရဲ့စိတ်တွေက မတည်ငြိမ်ဘူးပဲ…"
ဝမ်ကျုန်းက…
"အဲဒါ ဘာဖြစ်တာလဲ မသိဘူး၊ တကယ်လို့ အဲဒီကိစ္စကြောင့် ဆန်းလျန် ယင်းစန်းကနေ ပြန်ထွက်သွားရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ"
ချောမောလှပသည့် နတ်သမီးမှာ ယွမ်ကျွင်းဧကရီ ဖြစ်လေသည်။
သူမက ဆန်းလျန်ကို ရင်ဆိုင်ရန်အတွက် စည်းကမ်းများကို ချိုးဖောက်ကာ အပြာရောင် ခရီးရှည်နန်းတော်မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်သာ ကျောက်ကဲမြို့သို့ ရောက်မလာခဲ့လျှင် သူမ အပြာရောင် ခရီးရှည်နန်းတော်မှ ထွက်ခွာ လာရသည်မှာ အလကား ဖြစ်သွား ရပေလိမ့်မည်။
အပြာရောင် နန်းတော်မှ ထွက်ခွာလာသည့် အတွက် ဆရာဖြစ်သူ ပေးဆပ်ရမည့် တန်ဖိုးကို ဝမ်ကျုန်း ကောင်းကောင်း သိထားလေသည်။ ထို့ကြောင့် သူက စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။
အမြဲတမ်း တည်ကြည် လေးနက်နေတတ်သည့် ယွမ်ကျွင်းဧကရီ၏ မျက်နှာသည် ဝမ်ကျုန်း၏ စကားကြောင့် ပြုံးယောင် သန်းသွားလေသည်။
ယွမ်ကျွင်းဧကရီက…
“သူ ကျောက်ကဲမြို့တော်ကို ရောက်လာတာပဲဖြစ်ဖြစ်၊ ထွက်သွားတာပဲဖြစ်ဖြစ် အရာအားလုံးက ငါတို့ထိန်းချုပ်လို့ မရတဲ့ကံတရားပဲ မဟုတ်ဘူးလား၊ အဲဒီ အတွက်နဲ့ မင်းစိတ်ညစ်နေဖို့ မလိုပါဘူး၊ အဲဒီလိုတွေးပြီး ပူပန်နေတတ် တာက မင်းရဲ့အားနည်းချက်ပဲ၊ စိတ်နှလုံးက ပူပန်နေမယ်ဆိုရင် သဘာဝအတိုင်း နူးညံ့သိမ်မွေ့တဲ့ တာအိုရဲ့ အဓိပ္ပာယ်ကို မင်းခံစားနိုင်မှာ မဟုတ်ဘူး၊ အင်း…. အရင်တုန်းက မင်းကို လောဘတကြီးနဲ့ အများကြီး သင်ပြပေးခဲ့မိတဲ့ ငါ့အမှားတွေပဲ ထင်ပါရဲ့”
ဝမ်ကျုန်းက…
"ဆရာ… ဆရာ တပည့်ကို အများကြီး သင်ပေးတဲ့အတွက် တပည့် စိတ်ရင်းနဲ့ ဝမ်းသာမိတာပါ၊ ဆရာ့ရဲ့ခြေရာကို မနင်းနိုင်ခဲ့ပေမယ့် တပည့် ကျေနပ်ခဲ့ပါတယ်”
ယွမ်ကျွင်းဧကရီက…
"မင်းဟာလေ… အမြဲတမ်းအဲဒီလိုပဲ၊ ဒါပေမဲ့ လူတိုင်းက ကိုယ်ကျင့်ကြံမှ ကိုယ်ရတာပါ၊ ဆန်းလျန် အတွက်တော့ သူနဲ့ငါ ပွင့်ပွင့်လင်းလင်း တစ်ခါလောက် စကားပြောကြည့်ဖို့ မျှော်လင့်မိတယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ အသက်ရှူသံတွေကို ကြည့်ရတာ ဆရာနဲ့ အရမ်းတူတယ်၊ သူဟာ ဆရာ့ရဲ့ တပည့်ရင်း တစ်ယောက်လို့တောင် ထင်စရာရှိတယ်၊ ဒါပေမဲ့ သူက ဆရာ့ကို အသိအမှတ် မပြုဘူးဆိုရင်တော့ သူသေရလိမ့်မယ်”
ထိုကိစ္စများအားလုံး ပြီးသွားခဲ့လျှင်တော့ ယွမ်ကျွင်း ဧကရီထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုး များသည်လည်း ပြီးဆုံးသွားရမည် ဖြစ်လေသည်။
ဆန်းလျန်သာ ရောက်ရှိလာမည်ဆိုလျှင် ယွမ်ကျွင်းဧကရီသည် အသက်ပြန်ရှင်လာသည့် ခြောက်သွေ့သည့် သစ်ပင်တစ်ပင်အလား ဖြစ်လာမည်ကို ဝမ်ကျုန်း သိထားလေသည်။ သေဆုံး ပြီးသည့်နောက် ဘဝအသစ်ပြန်လည် စတင်သကဲ့သို့ပင် ဖြစ်ရလေသည်။
ထိုသို့ဖြစ်ရသည်မှာ ယွမ်ကျွင်းဧကရီ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းကြောင့် မဟုတ်ပါ။ အရာရာကို စွန့်လွှတ်လိုက်ခြင်းနှင့် အနိုင်အရှုံးများကို အလေးမထားတော့သည့် တာအို၏ လှပသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုကို ရှာဖွေတွေ့ရှိ သွားသောကြောင့်သာ ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီသည် အထွတ်ထိပ် အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါ။ သို့သော်… သူမ ရောက်ရှိနေသည့် အဆင့်သည် ရောက်ရှိရန် ခက်ခဲသည့် အဆင့်တစ်ခု ဖြစ်သည်ဆိုသည့် အချက်ကတော့ ငြင်း၍ မရနိုင်ပေ။
***