တာအိုဆရာလုယာ
Vol. 7 Ch. 612
ထိုအချိန်မှပင် တိုင်းပြည်အကြံပေး အမတ်မင်း၏ အိမ်ဂေဟာ ခြံဝင်းထဲတွင် ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ သည့်အတွက် ယွမ်ကျွင်းဧကရီနှင့် ဝမ်ကျုန်းတို့မှာ အံ့အားသင့် သွားကြရလေသည်။
ယွမ်ကျွင်းဧကရီနှင့် ဝမ်ကျုန်းတို့မှာ အိမ်ဂေဟာ အပြင်သို့ ထွက်လာပြီး အခြေအနေများကို ကြည့်လိုက်ကြလေသည်။
(၁)ပေခန့်ပင် မရှည်သည့် ဓားပျံတစ်ချောင်းသည် ဝူတင်ကို ထိုးစိုက်ရန် အတွက် အသင့် ဖြစ်နေလေသည်။ မနီးမဝေး တစ်နေရာတွင်တော့ အနီရောင် ဝတ်ဆင်ထားသည့် မိန်းကလေးငယ် တစ်ယောက် ရှိနေလေသည်။ ဓားပျံကို ထိန်းချုပ်ထားသူမှာ သူမပင် ဖြစ်လေသည်။
ယင်းစန်းဒေသ၏ အရည်အချင်း ပြည့်ဝသည့် မင်းသားငယ် ဝူတင်သည် မိန်းကလေးငယ် တစ်ယောက်၏ ထိန်းချုပ်ခြင်း ခံနေရသည်ကို အခြားသူများသာ သိရှိသွားပါက မယုံကြည် နိုင်လောက်အောင် အံ့သြသွားကြမည် ဖြစ်လေသည်။
ဝမ်ကျုန်းက…
"မင်းက ဘယ်သူလဲ၊ ဘာလို့ ကျုပ်တပည့်ကို တိုက်ခိုက်နေရတာလဲ”
“ဒီ အိမ်ဂေဟာ ခြံဝင်းကြီးက အရမ်းလှပြီး စွဲဆောင်မှုရှိတယ်၊ ဒါကြောင့် ကျွန်မက ကြည့်ချင်လို့ ဝင်လာတာကို ဒီလူက တားဆီးတယ်လေ၊ အဲဒီတော့ ကျွန်မက ပြန်တိုက်ခိုက်ရတာပေါ့”
မိန်းကလေးက ညည်းညူသံလေး တစ်ချက်ပြုရင်း ပြောလိုက်လေသည်။
မိန်းကလေး၏ မျက်နှာသည် ထင်ရှားပြီး ဆွဲဆောင်မှုရှိစွာ လှပလွန်းလေသည်။ ဝူတင်သည် သူမကို အံ့သြစွာဖြင့်ပင် ငေးကြည့် နေခဲ့မိလေသည်။
မိန်းကလေး သိုင်းသမားများ၊ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရခြင်းမှာ ဝူတင်အတွက် ပထမဆုံး အကြိမ် မဟုတ်ခဲ့ပါ။
လေ့ကျင်းသည် သူနှင့်ယှဉ်ပြိုင် ခဲ့သူများထဲတွင် အလှပဆုံး မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သို့သော် လေ့ကျင်း၏ အလှတရားသည် ထိုအနီရောင်ဝတ် မိန်းကလေးကဲ့သို့ သက်ဝင် လှုပ်ရှားနေခြင်း မရှိပါချေ။
"ရှင်က ဘာကြည့်နေတာလဲ"
အနီရောင်ဝတ် မိန်းကလေးက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
ဝူတင်က ပြုံးလိုက်ရင်း…
"တောင်းပန်ပါတယ်ဗျာ…"
အနီရောင်ဝတ် မိန်းကလေးက ဝူတင်ကို မထီမဲ့မြင်နှင့် တစ်ချက်ကြည့်လိုက်ပြီး ဝမ်ကျုန်းနှင့် ယွမ်ကျွင်းဧကရီကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေလေသည်။
ဝမ်ကျုန်းက…
"မိန်းကလေး… ကျုပ်ရဲ့တပည့်လေးကို လွှတ်ပေးလို့ရမလား၊ ဒီ အိမ်ဂေဟာ ခြံဝင်းထဲမှာ ဘာမှ ထူးဆန်းတာမရှိပါ ဘူး၊ မင်းလျှောက်ကြည့်ချင်တယ် ဆိုရင်လည်း ကြည့်လို့ရပါတယ်"
"ကျွန်မက ဘာလို့ ရှင့်စကားကို နားထောင်ရမှာလဲ၊ သူ့ကို လွှတ်မပေးဘဲနဲ့လည်း ကျွန်မ ကြည့်ချင်တယ် ဆိုရင် ဒီခြံဝင်းထဲ ဝင်ကြည့်လို့ရတာပဲ၊ ဘာလဲ… ရှင့်စကား နားမထောင်ရင် ရှင်က ကျွန်မကို စားပစ်မလို့လား”
အနီရောင်ဝတ် မိန်းကလေးက မျက်ခုံးတစ်ချက် ပင့်ရင်း ပြောလိုက်လေသည်။
ဝမ်ကျုန်းမှာ စိတ်ညစ် သွားရသည်။ ဤမျှရိုင်းစိုင်းသည့် ကျင့်ကြံသူ မိန်းကလေးကို မည်သည့် နတ်ဘုရား ကျောင်းတော်ကများ မွေးထုတ် ပေးလိုက်ပါသနည်း။
ဝမ်ကျုန်းက လေးနက်သည့်လေသံဖြင့်…
"ဒါဖြင့် ကျုပ်ကို အပြစ်မတင်နဲ့တော့…"
မိန်းကလေးက မကျေမနပ်ဖြင့်…
"ဒါက ရှင့်ကိစ္စပဲလေ၊ ဘယ်သူက ရှင့်ကို အပြစ်တင်နေမှာလဲ"
ဝမ်ကျုန်းက မိန်းကလေးကို သင်ခန်းစာ ပေးလိုက်မည်ဆိုသော အတွေးဖြင့် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ယွမ်ကျွင်းဧကရီက ပြုံးလိုက်ပြီး သူ့လက်ကို ဆွဲထားလိုက်လေသည်။
သူမထံမှ နူးညံ့သိမ်မွေ့သည့် တန်ခိုးစွမ်းအား တစ်ခုသည် ဓားပျံလေးဆီသို့ ကျရောက်သွားပြီး ထိုတန်ခိုးစွမ်းအားကို အနီရောင်ဝတ် မိန်းကလေးသည် လုံး၀ ခုခံတွန်းလှန်နိုင်ခြင်း မရှိပေ။ ဓားပျံသည် အဖြူရောင် အလင်းတန်းအသွင် ပြောင်းလဲသွားပြီး မိန်းကလေး၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ဝင်ရောက် လာလေသည်။
မိန်းကလေးမှာ ဟန်ချက်ပျက်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။ သူမသည် ဝူတင်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။
အနီရောင်ဝတ်မိန်းကလေးက သူမကိုယ်သူမ ဟန်ချက်ညီအောင် ပြန်ထိန်းလိုက်ရင်း….
"ရှင်က အံ့သြစရာပဲ…"
ယွမ်ကျွင်းဧကရီက တည်ငြိမ်သည့် လေသံဖြင့်…
"မင်းရဲ့ဆရာ တာအို ဆရာလုယာနဲ့ ယှဉ်ရင် ဒီပညာက ဘာထူးဆန်းမှာလဲ"
"ရှင်က ဆရာ့ကို ဘယ်လိုလုပ် သိတာလဲ"
အနီရောင်ဝတ် မိန်းကလေးက တအံ့တသြဖြင့် မေးလိုက်လေသည်။
"မင်းအသုံးပြုတဲ့ လက်နက်ကို ကြည့်ပြီး သတိတာပေါ့၊ ပြောစမ်းပါဦး… မင်းဆရာက ခုချိန်ထိ မသေသေးဘူးလား"
ယွမ်ကျွင်းဧကရီက မောက်မာရိုင်းပျသည့် လေသံဖြင့် ပြောလိုက်လေသည်။
အနီရောင်ဝတ် မိန်းကလေးက ဒေါသတကြီးဖြင့်…
"ကျွန်မရဲ့ဆရာက ဘာလို့သေရမှာလဲ၊ သေမယ့်သေ ရှင့်လို အဘွားကြီးက သေရမှာ"
မိန်းကလေး၏ စကားကြောင့် ယွမ်ကျွင်းဧကရီက ဒေါသထွက်သွားခြင်း မရှိပါ။
သူမကရယ်မောလိုက်ရင်း…
"ဝမ်ကျုန်း… ငါ အဲဒီလောက်တောင် အိုနေပြီလား"
ဝမ်ကျုန်းမှာလည်း ရုတ်တရက် အူကြောင်ကြောင် ဖြစ်သွားပြီး…
"ဆရာ… ဆရာက အမြဲထာဝရ နုပျိုနေတာ၊ ဘယ်က အိုရမှာလဲ"
ယွမ်ကျွင်းဧကရီက ရယ်မောလိုက်ရင်း…
"အမှန်တော့ ပုံစံကသာ နုပျိုနေတာ၊ ငါလည်း အရမ်းအိုနေပါပြီလေ၊ မိန်းကလေး… မင်းက တကယ် သဘောကျ စရာကောင်းတယ်၊ အနာဂတ်မှာ မင်းကို လက်ထပ်ရဲတဲ့သူ မရှိဘူးဆိုရင် ကျုပ်ရဲ့ မြေးတပည့်လေးကို လက်ထပ်ပါ လား"
မိန်းကလေးက မထီမဲ့မြင် ရယ်မောလိုက်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
"ကျွန်မလက်ထပ်မယ့်သူက အနည်းဆုံးတော့ ကျွန်မကို နိုင်အောင် တိုက်ခိုက်နိုင်ရမယ်၊ သူက ကျွန်မကိုမှ မနိုင်တာ"
မိန်းကလေး၏ စကားကြောင့် ဝူတင် ရှက်သွားရလေသည်။
အမှန်တော့ ဝူတင်နှင့် အနီရောင်ဝတ် မိန်းကလေး၏ တန်ခိုးစွမ်းအားသည် အတူတူမျှသာ ဖြစ်လေသည်။ သို့သော် သူမအသုံးပြုသည့် ဓားပျံက အလွန်မှ ထူးဆန်းလွန်းသည့် အတွက် ဝူတင်မှာ အဖမ်းခံ လိုက်ရခြင်း ဖြစ်လေ၏။
တိုက်ပွဲကို အစမှပြန်စမည်ဆိုလျှင် အခြေအနေက ပိုပြီးမျှတ လိမ့်မည်ဟု ဝူတင် တွေးနေမိလေသည်။ အနည်းဆုံးတော့ ယခုကဲ့သို့ အရှုံးသမား တစ်ယောက်အဖြစ် သိက္ခာချခံရမည် မဟုတ်ပေ။
ယွင်ကျွင်း ဧကရီက ပြုံးလိုက်ရင်း….
"ဝူတင်က ဂုဏ်သရေရှိ မင်းသားတစ်ပါးပါ၊ သူ့ကိုသာ လက်ထပ်ရင် မင်းရဲ့အနာဂတ်က အရမ်းကို လှပမှာပါ၊ ပြီးတော့ မင်းရဲ့ဆရာက မင်းကို ဓားပျံပညာတော့ သင်ပေးပေမယ့် နတ်ဘုရား ထောင်ချောက် ဓားသိုင်းကိုတော့ သင်မပေးခဲ့ဘူး မဟုတ်လား၊ ဘာလို့ သင်မပေးတာလဲ ဆိုတော့ မင်းကို သူ့ရဲ့ တပည့်ရင်းလို့ မသတ်မှတ်လို့ပဲ၊ ကျုပ်ရဲ့ တပည့်လေးနဲ့သာ လက်ထပ်မယ်ဆိုရင် ကျုပ်က မင်းကို ပညာကုန် သင်ပေးမယ်၊ မင်းရဲ့ ဆရာသင်ပေးတာ ထက်မလျော့ စေရဘူးလို့ အာမခံတယ်”
ယွမ်ကျွင်းဧကရီထံမှ ထိုသို့ ကမ်းလှမ်းမှုမျိုးကို မည်သူမဆို ဝမ်းသာအားရဖြင့် လက်ခံမည် ဖြစ်လေသည်။
သို့သော်… အနီရောင်ဝတ် မိန်းကလေးကတော့ သံသယ မကင်းသည့် လေသံဖြင့်…
"ရှင်က အရမ်းတော့ အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ ကျွန်မက အသက်ငယ်သေးတယ်၊ နောက်ကျရင် ရှင့်ထက် အစွမ်းထက်တဲ့သူ ဖြစ်သွားမှာပဲ၊ ပြီးတော့ ကျွန်မက ရှင့်တပည့်ကို လက်ထပ်ချင်တာ မဟုတ်ဘူး၊ သူတော်စင် ချင်းရွှမ်ကို လက်ထပ်ချင်တာ"
ယွမ်ကျွင်းဧကရီက…
"အာ… မင်းက ဆန်းလျန်ကို သိတယ်လား၊ ဒါပေမဲ့ မင်းသာ ငါ့ဆီက ပညာသင်မယ်ဆိုရင် ဆန်းလျန်တောင်မှ မင်းကို ဒုက္ခပေးနိုင်မှာ မဟုတ်တော့ဘူး"
"ကျွန်မ ရှင့်ကိုမယုံဘူး၊ သူတော်စင်ချင်းရွှမ်က အမြဲတမ်း လောကပထမပဲ၊ ကျွန်မဆရာက လောကမှာ ဒုတိယ စွမ်းအား အကြီးဆုံးဆိုရင် ရှင်က တတိယအဆင့်ပဲ ရှိတယ်လေ"
အမှန်တော့ သူမသာ တတိယ တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သွားခဲ့လျှင် ယွမ်ကျွင်း ဧကရီသည် စတုတ္ထနေရာသို့ပင် ရောက်သွားမည်ဆိုသည့် စကားမျိုးကို ပြောချင်နေခဲ့လေသည်။
သို့သော်… အခြေအနေကို ကြည့်ပြီး မပြောသည်ကပင် ပညာရှိရာ ကျမည် ဖြစ်သောကြောင့် မပြောဘဲ နေလိုက်ရခြင်း ဖြစ်လေ၏။
ယွမ်ကျွင်း ဧကရီက ရယ်မောလိုက်ရင်း…
"မိန်းကလေး… မင်းက တကယ် စိတ်ဝင်စားစရာ ကောင်းတယ်၊ ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ်၊ လုယာက ငါ့ထက် သာတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ သူက အမြဲတမ်းပုန်းနေတဲ့ သူလေ၊ ငါ့ကို ဘယ်လိုလုပ် တိုက်ခိုက် နိုင်မှာလဲ၊ ပြီးတော့ မင်းကလည်း ကျင့်ကြံခြင်း အဆင့်မှာ ပြီးပြည့်စုံခြင်း မရှိသေးတော့ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ယွမ်ကျွင်းဧကရီက မိန်းကလေးကို အကြည့်စူးစူးများဖြင့် ကြည့်လိုက် လေသည်။
ထိုအကြည့်များကြောင့် အနီရောင်ဝတ် မိန်းကလေးမှာ စိတ်မသက်မသာ ခံစား လိုက်ရလေသည်။ ထိုအကြည့်များက သူမ၏ဆရာက သူမကို အပြစ်ပေးတော့မည် ဆိုလျှင် ကြည့်သည့် အကြည့်များထက်ပင် ကြောက်စရာ ကောင်းနေလေသည်။
သူမက…
"အဘွားကြီး… အဲလေ… ဒေါ်လေး… ကျွန်မသွားတော့မယ်၊ ကျွန်မဆရာက ကျွန်မနဲ့အတူ ညစာစားဖို့ ပြောထားတယ်"
ယွမ်ကျွင်း ဧကရီက…
"မင်း ငါတို့နဲ့ညစာ အတူစားလည်း ရပါတယ်၊ မင်းက နဂါးအသည်းနဲ့ ဇာမဏီ သည်းခြေတွေကို စားချင်တယ်ဆိုရင် တောင်မှ ငါတို့က စီစဉ်ပေးလို့ ရပါတယ်"
အနီရောင်ဝတ် မိန်းကလေး ယွမ်ကျွင်းဧကရီ၏ စကားကို လက်ခံသည့်နေဖြင့် ပြုံးပြ လိုက်လေသည်။
သို့သော် … ရုတ်တရက် သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး…
"ဆရာ… ဒီကို ရောက်နေတာလား"
သူမက ရုတ်တရက် ပြောပြီးသည်နှင့် သက်တံရောင် အလင်းတန်း တစ်ခုအဖြစ် ဖန်ဆင်းကာ ထွက်ခွာ သွားလေတော့သည်။
ယွမ်ကျွင်း ဧကရီက သူမနောက်သို့ လိုက်မဖမ်းပါ။
လက်ဖျောက် တစ်ချက်မျှသာ တီးလိုက်လေရာ မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာပြီး သက်တံရောင် အလင်းတန်းကို ပိုက်ကွန်သဖွယ် ဖမ်းချုပ် ထားလိုက်လေတော့သည်။
မိန်းကလေးသည် မူလပုံသဏ္ဌာန် ပြန်ပြောင်းလိုက်ပြီး ပိုက်ကွန်ထဲမှ လွတ်မြောက်ရန် ရုန်းကန် နေလေသည်။
ယွမ်ကျွင်း ဧကရီက နူးညံ့သိမ်မွေ့သည့် လေသံဖြင့်…
"မရုန်းနဲ့တော့… မင်းရဲ့ဆရာဆိုရင်တော့ ငါ့ရဲ့ လွတ်လမ်းမရှိ ပိုက်ကွန်ကနေ လွတ်မြောက်နိုင်တယ်၊ ဒါပေမဲ့ မင်းကတော့ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
မိန်းကလေး၏ မျက်ဝန်းဆီမှ မျက်ရည်များ ကျလာလေသည်။
"ဒါတော့… ရှင် သက်သက် အနိုင်ကျင့်တာပဲ"
ယွမ်ကျွင်းဧကရီက…
"အမှန်ပဲ… ငါ မင်းကို သက်သက် အနိုင်ကျင့်တာ"
ထိုအခါတွင်တော့ အနီရောင်ဝတ် မိန်းကလေးသည် အော်ဟစ် ငိုကြွေးလေတော့သည်။
သို့သော် သူမက ငိုချင်ယောင် ဆောင်ခြင်းသာ ဖြစ်လေသည်။ အော်ဟစ် ငိုကြွေးသံသာ ထွက်လာပြီး မျက်ရည်က ထွက်မလာပေ။
သူမက ငိုချင်ယောင်ဆောင်ပြီး သူမ၏ ဓားပျံဖြင့် အခိုးအငွေ့ ပိုက်ကွန်ကို ထိုးခုတ် ပစ်လိုက်လေသည်။ သို့သော် သူမ အလွန်မှ အားကိုးအားထား ပြုသည့် ဓားပျံသည် အခိုးအငွေ့ ပိုက်ကွန်ကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိပါချေ။
အခိုးအငွေ့ ပိုက်ကွန်သည် ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး မိန်းကလေးသည် ပိုက်ကွန်ထုပ်ထဲတွင် လှုပ်ရမ်း လျှက်ရှိလေသည်။ မိန်းကလေးသည် ဘာလုပ်ရမှန်း မသိဘဲ အကြံအိုက်လျက် ရှိနေလေတော့သည်။
"ကျွန်မကို လွှတ်ပေးပါ…"
အနီရောင်ဝတ် မိန်းကလေးက အော်ဟစ် လိုက်လေသည်။
ယွမ်ကျွင်းဧကရီက…
"မင်းကို လွှတ်ပေးဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ ငါမေးတဲ့ မေးခွန်းတွေကို အရင်ဖြေရမယ်၊ ဘယ်လိုလဲ"
မိန်းကလေးက စိတ်ဆိုးမာန်ဆိုးဖြင့်…
"ရတယ်… မေးလေ… ဘာမေးမှာလဲ"
ဝူတင်မှာ မိန်းကလေး၏ ပုံစံကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့သောကြောင့် ရယ်မော လိုက်မိလေသည်။
မိန်းကလေးက…
"ရှင်က ဘာရယ်တာလဲ၊ ဟွန်း… ဒီပိုက်ကွန်ကနေ လွတ်တဲ့ အခါကျရင် ရှင့်ရဲ့လျှာကို ဖြတ်ပစ်မယ်"
ဝူတင်က ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရင်း ယွမ်ကျွင်းဧကရီကို လှည့်ကြည့်လိုက်သည်။
"ဆရာဘွားဘွား၊ သူ့ကို လွှတ်ပေးလိုက်ပါတော့၊ သူ့လို မိန်းကလေးငယ် တစ်ယောက်ကို စနောက် မနေပါနဲ့တော့"
ယွမ်ကျွင်း ဧကရီက ရယ်မောလိုက်ရင်း…
"ဝူတင်… မင်း ဒီလိုမျိုး တောင်းဆိုတယ်ဆိုတာ ခပ်ရှားရှားပဲ၊ ကောင်းပြီလေ… လွှတ်ပေး လိုက်တာပေါ့"
ယွမ်ကျွင်းဧကရီ၏ စကားဆုံး သွားသည်နှင့် အခိုးအငွေ့ ပိုက်ကွန် ပွင့်သွားပြီး အနီရောင်ဝတ် မိန်းကလေးသည် မြေပြင်ထက်သို့ ပြုတ်ကျ သွားလေတော့သည်။
သူမသည် မြေပြင်ထက်ပြုတ်ကျကာ အသက်ပျောက်ရတော့မည်ဟု တွေးလိုက်မိစဉ်မှာပင် ကြယ်စင်ရောင်များ တောက်ပနေသည့် တိမ်တိုက်တစ်ခုက သူမကို ထိန်းထားပေးလိုက်ကာ မြေပြင်ထက်သို့ အသာအယာပင် မတ်တတ်ရပ်လျက် ကျသွားရလေသည်။
***