← Chapters

တစ်ဖက်သွားနတ်ဓား

Vol. 7 Ch. 613

တစ်ဖက်သွားနတ်ဓား

Vol. 7 Ch. 613

ကြယ်စင်ရောင်များ တောက်ပနေသည့် တိမ်တိုက်ဖြင့် သူမကို ကယ်လိုက်သူမှာ ဝူတင် ဖြစ်လေသည်။ သို့သော် သူမကတော့ ဝူတင်ကို ကျေးဇူးတင်ခြင်း အလျဉ်းမရှိပါ။

သူမက ယွမ်ကျွင်း ဧကရီကို ကြည့်လိုက်ပြီး…

"ကဲ… ရှင်က ဘာမေးမလို့လဲ…"

ယွမ်ကျွင်းဧကရီက…

"မင်း ကျောက်ကဲမြို့တော်ကို ဘာလာလုပ်တာလဲ"

"ကျွန်မ အမေကို တွေ့ချင်လို့ပါ၊ ဆရာကပြောတယ်၊ အမေက… ကျောက်ကဲ မြို့တော်ကို လာလိမ့်မယ်တဲ့၊ ဒါပေမဲ့ အမေက ကျောက်ကဲ မြို့တော်ကို ရောက်လာဖို့ အရမ်းကြာနေတာနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာ၊ ဒီနေရာက သဘောကျစရာ ကောင်းလို့ ကျွန်မက ဝင်လာမိတာပါ"

အနီရောင်ဝတ် မိန်းကလေးက ပြောလိုက်လေသည်။

ယွမ်ကျွင်းဧကရီက မျက်လုံးများကို မှေးစင်းလိုက်ရင်း…

"မင်းရဲ့အမေ… ဟုတ်လား၊ အား… ငါသိပြီ…၊ အဲဒါ သူက လှည်စားလိုက်တာပဲ၊ ပြီးတော့ မင်းရဲ့ဆရာ ဘယ်မှာလဲ၊ မင်းကို သူက ဘယ်နေရာမှာ ကျင့်စဉ်တွေ သင်ကြားပေးတာလဲ၊ သူ့ရဲ့ပုံစံ အမှန်ကိုတော့ မင်းရဲ့ဆရာက မင်းကိုပြမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"

"ရှင့်ကိုဘာလို့ပြောပြရမှာလဲ၊ ရှင်က တန်ခိုးစွမ်းအားကြီးတဲ့ သူတစ်ယောက်ပဲ မဟုတ်လား၊ ကိုယ့်ဖာသာကိုယ် သိအောင် လုပ်ပေါ့"

အနီရောင်ဝတ် မိန်းကလေးက နှုတ်ခမ်းစူရင်း ပြောလိုက်လေသည်။

ယွမ်ကျွင်းဧကရီက ရယ်မောလိုက်ရင်း…

"မင်းရဲ့ဆရာက လောကသုံးပါးမှာ ကျင့်ကြံမှုအား အကောင်းဆုံးသူပဲ၊ ကျုပ်က သူ့ကို ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာတဲ့လဲ"

အနီရောင်ဝတ် မိန်းကလေးက…

"ကြည့်ရတာ ရှင်လည်း ဆရာ့အကြောင်းတွေကို သိတာပဲကိုး၊ ဒါပေမဲ့ ရှင်မေးတာကို မပြောဘူးဆိုတာက ကျွန်မလည်း မသိလို့ပါ"

ယွမ်ကျွင်းဧကရီက…

"ဒါဖြင့်လည်း ထားလိုက်တော့၊ ပြီးတော့ လောလောဆယ် မင်းလည်း ငါတို့နဲ့အတူ နေသင့်တယ်၊ အဲဒါ မင်းရဲ့ဆရာရဲ့ အစီအစဉ်အတိုင်းပဲ ဖြစ်မယ်ဆိုတာ ငါယုံတယ်၊ သူ့လှည့်ကွက်တွေ အကုန်လုံးကို ငါကသိနေလို့ သူက ငါ့ကို ပြန်ကူညီပေးတာ ဖြစ်နိုင်တယ်၊ ကောင်းပြီလေ… ဒီလိုဆိုတော့လည်း ငါ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးရတာပေါ့၊ ဒီလောက် နှစ်တွေ ကြာအောင် ပုန်းနေခဲ့ပြီးမှ သူ ဘယ်လောက် တိုးတက်လာလဲဆိုတာ ကြည့်ရတာပေါ့”

အနီရောင်ဝတ် မိန်းကလေးက သတိတစ်ချက် ထားလိုက်ပြီး…

"ရှင်က ဘာဖြစ်ချင်တာလဲ"

ယွမ်ကျွင်းဧကရီက…

"ပြီးတော့ ငါနေတဲ့နေရာကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့မရဘူး ဆိုတာလည်း မင်းသိသင့်တယ်"

မိန်းကလေး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး…

"ရှင်က ကျွန်မအမေ ရောက်လာတဲ့အထိ ကျွန်မကို ဖမ်းထားချင်တဲ့ သဘောလား"

သူမက ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ဟင့်အင်း… မဟုတ်သေးဘူး၊ ရှင်က အရမ်းတန်ခိုးစွမ်းအား မြင့်မားလွန်းတယ်၊ ရှင်က ကျွန်မအမေကို ပစ်မှတ်ထား တာတော့ မဖြစ်နိုင်ဘူး၊ ရှင်ဘာလိုချင်တာလဲ… ကျွန်မရဲ့ဆရာ ရောက်လာတဲ့ အထိ ကျွန်မကို ဖမ်းထားချင်တာလား၊ နေဦး… ဆရာကလည်း ရှင့်ရဲ့ပစ်မှတ် မဖြစ်နိုင်ပြန်ဘူး…"

ယွမ်ကျွင်းဧကရီက ရယ်မောလိုက်ရင်း…

"မင်းက အရမ်းဉာဏ် ကောင်းတယ်၊ အခု မင်းကိုငါ တော်တော် သဘောကျနေပြီ၊ မြေးတပည့်လေး… မင်းကို ငါရှာပေးထားတာ တကယ့်ဇနီးကောင်းလေးနော်"

ဝူတင်မှာ ရှက်သွားပြီး…

"ဆရာဘွားဘွား… စ နောက် မနေနဲ့တော့"

အနီရောင်ဝတ် မိန်းကလေးကလည်း စိတ်ဆိုးမာန်ဆိုးဖြင့်…

"ကျွန်မကလည်းသူ့ကို လက်မထပ်နိုင်ပါဘူး"

ယွမ်ကျွင်းဧကရီက ပြုံးလိုက်ရင်း…

"ဝူတင်… နန်းတော်ကိုသွားပြီးတော့ လတ်ဆတ်တဲ့ နဂါးအသည်းနဲ့ ဇာမဏီသည်းချေတွေ သွားယူခဲ့၊ မင်းရဲ့ ကောင်မလေးကို ကောင်းကောင်း ဧည့်ခံရအောင်"

ဝူတင်က…

"ဆရာဘွားဘွား၊ ယင်းစန်းမှာ ဇာမဏီငှက်တွေကို ဘေးမဲ့ ပေးထားတာလေ"

ယွမ်ကျွင်းဧကရီက…

"ဒါဖြင့်လည်း နဂါးအသည်းနဲ့ နဂါးအသား ယူလာခဲ့၊ ပြီးတော့ နတ်အရက်လည်း ယူခဲ့"

ဝူတင်က…

"တပည့် အခုပဲ သွားယူလိုက်ပါ့မယ်"

ပြောပြီးသည်နှင့် ဝူတင်က အနီရောင်ဝတ် မိန်းကလေးကို လှမ်းကြည့်လိုက်ပြီး နူးညံ့သည့် လေသံဖြင့်…

"တကယ်တော့ ဆရာဘွားဘွားက သဘောမဆိုးပါဘူး၊ မင်းသာ စကားကောင်းကောင်း ပြောမယ် ဆိုရင် သူက မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး"

"နင့်အလုပ်သာ နင်သွားလုပ်စမ်းပါ"

အနီရောင်ဝတ် မိန်းကလေးက ဝူတင်ထံမှ အကြည့်လွှဲလိုက်ပြီး ပြောလိုက်လေသည်။

ဝူတင်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဆရာဘွားဘွားသည် ထိုမိန်းကလေးကို ဖမ်းဆီးထားချင်သည်မှာ ဆန်းလျန်ကြောင့် ဖြစ်သည်ကို ဝူတင်သိလေသည်။ ဆန်းလျန် ထွက်ပေါ်လာရန် အတွက် ထိုမိန်းကလေးကို ဆရာဘွားဘွားက အသုံးချလိုခြင်း ဖြစ်လေသည်။ သို့သော်… သူကတော့ ထိုသို့ မဖြစ်ချင်မိပေ။

ကွမ်းလုန်ကျီနှင့် ဆန်းလျန်မှာ ဝူတင် လေးစားသူများ ဖြစ်လေသည်။

ကွမ်းလုန်ကျီ ကွက်မျက် ခံလိုက်ရပြီဆိုသည့် သတင်းကို ဝူတင် ကြားခဲ့ရလေသည်။ ထို့ကြောင့် သူသည် ဆန်းလျန်ကို အန္တရာယ် ရှိမည့်နေရာမျိုးတွင် မနေစေချင်မိပါ။

ဆန်းလျန်နှင့် သူ၏ဦးလေးဖြစ်သူ ထျန်းယီတို့ကဲ့သို့ ကြီးမြတ်သည့် လူများ၏ စိတ်အာရုံများကို လွှမ်းမိုးနိုင်စွမ်း သူ့တွင်မရှိပါ။ ထို့အတူ.... သူ၏ ဆရာဖြစ်သူနှင့် ဆရာ ဘွားဘွားတို့၏ လုပ်ရပ်များကိုလည်း သူ့အနေဖြင့် ငြင်းဆန် နိုင်ခြင်းမရှိပါ။

အားလုံးက သူသည် ပျံသန်းကြယ်စင် ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ပြီး ယင်းစန်း၏ အနာဂတ်မျိုးဆက် သစ်ခေါင်းဆောင် တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည် ထားကြသည့်တိုင် သူကတော့ ကိုယ့်ကိုကိုယ်ယုံကြည်ချက် ကင်းလဲ့လျက် ရှိလေသည်။

ထို့ပြင်… ထိုကဲ့သို့သော ဝန်ထုပ်ဝန်ပိုးများကိုလည်း သူ့အနေဖြင့် ရယူလိုခြင်း မရှိပေ။

သူ့ဘဝတွင် ပျော်စရာ အကောင်းဆုံး အချိန်ကို ပြောပါဆိုလျှင် တိချိုးမြို့တော်ရှိ တော်ဝင် ကျောင်းတော်တွင် ပညာသင်ကြားခဲ့ရသည့် အချိန်သာလျင် ဖြစ်လေသည်။ ပြဿနာ အနည်းငယ် ရှိခဲ့သည့် အတွက် စိတ်သောက ရောက်ခဲ့ရ သည့်တိုင် ကွမ်းလုန်ကျီနှင့် ဆန်းလျန်ထံတွင် ပညာသင်ယူခဲ့ရသော အချိန်များကို သူ အလွန်နှစ်သက် ခဲ့လေသည်။

ထိုအချိန်တုန်းက သူ၏ တိုးတက်မှုများကို သိသိသာသာ ခံစားခဲ့ရရုံသာမက မည်သူကမှလည်း သူ့အပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ကြပေ။ ထို့ပြင် ဦးလေးဖြစ်သူ ထျန်းယီကို ကယ်တင်ခြင်းဖြင့် သူ့ကိုယ်သူ မဆုံးရှုံးစေရန်အတွက်  ဆန်းလျန်က သူ့ကို လမ်းမှားသို့ မရောက်စေဘဲ ကာကွယ် ပေးခဲ့သေးသည်။

ဝူတင်သည် ရှုပ်ထွေးသည့် ခံစားချက်များဖြင့် နန်းတော်သို့ ပြန်သွားလေသည်။ သူက နဂါးအသား၊ နဂါးအသည်းနှင့် နတ်အရက် တစ်အိုးကို ယူလာလေသည်။

သူသည် တိုင်းပြည် အကြံပေး အမတ်မင်း၏ အိမ်တော်သို့ ပြန်ခါနီးတွင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက် ရလေသည်။

ထို့ကြောင့် သူက ဓားကို ဆွဲထုတ်လိုက်လေသည်။

မိုးမြေစွမ်းအားများသည် ဓားသွားထက်သို့ လာရောက် စုဝေးကြပြီး သူ၏ဓားသည် ကြယ်စင်ရောင်များ တောက်ပ နေတော့သည်။

ဝူတင်၏ဓားသည် အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝနေလေသည်။ သူ၏ရှုတ်ထွေးသည့် စိတ်ခံစားချက်များ ကြောင့် သူ၏ဓားသည် ထိပ်တန်းတာအို တစ်ဖက်သွား နတ်ဓားအဖြစ်သို့ မရည်ရွယ်ဘဲ အဆင့်တက် သွားခဲ့ရလေသည်။

သေမျိုးလောကမှ စာလုံးအလှရေးသည့် ဆရာများ ကဲ့သို့ပင် ဖြစ်လေသည်။ စိတ်ခံစားချက် များလေ လက်ရာမြောက်သည့် အနုပညာကို ဖော်ကျူးနိုင်လေ ဖြစ်လေသည်။

သူက ဓားကို ဆွဲထုတ်လိုက်သည်နှင့် သူ့ရင်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရလေသည်။

သူ၏ တစ်ဖက်သွား နတ်ဓားသည် နတ်ဓားဆိုသည့် အမည်နှင့် မကိုက်ညီတော့ပါ။ အဘယ်ကြောင့် ဆိုသော် နူးညံ့သည့် လက်နှစ်ချောင်းသည် သူ၏ဓားသွားကို ညင်ညင်သာသာ လာရောက် ထိလိုက်သည်နှင့် သူ၏ ဓားသွားမှတန်ခိုး စွမ်းအားများသည် ပျောက်ကွယ် သွားရသောကြောင့် ဖြစ်လေသည်။

ဝူတင်မှာ စကားပင် ပြောမထွက် ဖြစ်သွားရလေသည်။

ထို့နောက်မှ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း…

"ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"

ဝူတင်၏ နတ်ဘုရားဓားကို ထိန်းချုပ်လိုက်သူမှာ အခြားသူမဟုတ်ပါ။ ဆန်းလျန်ပင် ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း….

"ဘာလဲ… ကျုပ်က ယင်းစန်းကို လာလို့မရဘူးလား"

ဆန်းလျန်၏ တည်ငြိမ်နေသည့် ပုံစံကြောင့် ဝူတင်မှာလည်း အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားရလေသည်။

ဝူတင်က…

"ယင်းစန်းကနေ အမြန်ထွက်သွားပါ…"

ဆန်းလျန်က…

"မင်းလက်ထဲမှာ စားကောင်းသောက်ဖွယ်တွေရော အရက်တွေရော ရှိနေလို့ ကျုပ်ကို နှင်ထုတ် တာပေါ့လေ၊ ဘာလဲ… အဲဒါတွေကို ကျုပ်စားပစ်မှာ စိုးလို့လား"

ဝူတင်က မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း…

"ခင်ဗျားသာ စားချင်တယ်ဆိုရင် ကျုပ်ပေးနိုင်တာတွေ အကုန် ပေးပါတယ်ဗျာ၊ ခင်ဗျားကို ကျုပ်က ငြင်းစရာလားဗျာ၊ ဒါပေမဲ့ အစားအသောက်ကြောင့်နဲ့တော့ ကျုပ်က ခင်ဗျားကို နှင်ထုတ်ပါ့မလား၊ လာ နောက် မနေနဲ့တော့ဗျာ"

ဆန်းလျန်က…

"ဝူတင်… မင်းက အရမ်းစိတ်ထား နူးညံ့တယ်၊ အဲဒါကြောင့်ပဲ လူတွေက မင်းကို မအောင်မြင် နိုင်ဘူးလို့ ထင်ကြလိမ့် မယ်၊ ဒါပေမဲ့ မင်းရဲ့အကျင့်စရိုက်နဲ့ စိတ်ဓာတ်ကိုတော့ ကျုပ်တကယ် လေးစားမိတယ်"

ဝူတင်က…

"ခင်ဗျား အတွက်တော့ ဘဝဆိုတာ ကစားပွဲ တစ်ခုလိုပဲလို့ ခံယူထားတာ ကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်တို့လို လူ့လောကရဲ့ ဒုက္ခအလယ်မှာ ကြားညပ်နေရတဲ့ လူတွေကိုတော့ သနားသင့်ပါတယ်၊ ဒီ ညစ်ပတ်နေတဲ့ ရေတွေလိုမျိုး ဖြစ်နေတဲ့ အရှုပ်ထုတ်တွေထဲကို ခင်ဗျားဝင်ပါဖို့ တကယ်တမ်းမှာ လိုအပ်လို့လားဗျာ၊ အဲဒီလိုလုပ်ရင် သူများတွေလည်း ထိခိုက်ရသလို အဆုံးသတ်မှာ ခင်ဗျား ကိုယ်တိုင်လည်း ထိခိုက်ရလိမ့်မယ်"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းက အများကြီး တိုးတက်လာတာပဲ၊ လူ့လောကကြီး အကြောင်းလည်း ပိုသိလာပြီ၊ ကွမ်းလုန်ကျီဟာ မင်းကို ကောင်းကောင်း သင်ပြပေးခဲ့နိုင်တာပဲ၊ သူမရှိတော့ပေမယ့် သူ့မှာ မင်းလို တပည့်တစ်ယောက် ကျန်ခဲ့တာ တကယ် ဂုဏ်ယူမိပါတယ်"

ဝူတင်က…

"ကျုပ်ကို ချီးကျူးမနေပါနဲ့၊ လူတိုင်းက ကျုပ်ကို တော်တယ်လို့ ချီးကျူးကြတယ် ဒါပေမဲ့ ကျုပ်ကတော့ အဲဒီလို ပြောတာတွေကို မုန်းလွန်းလို့ပါ၊ တကယ်တော့ ကျုပ်က ခင်ဗျားလို ဖြစ်ချင်တာလေ၊ ကျုပ် ခင်ဗျားလို မဖြစ်နိုင်လို့ အရမ်းမနာလိုတွေ ဖြစ်နေမိတာ၊ အရမ်းလည်း စိတ်ပျက်လက်ပျက် ဖြစ်နေရတယ်”

ဝူတင်၏ စကားကြောင့် ဆန်းလျန်မှာ ကျယ်လောင်စွာပင် ရယ်မော လိုက်မိလေတော့သည်။

ဝူတင်မှာတော့ ကျောက်ကဲ မြို့တော်သို့ ဆန်းလျန် ရောက်ရှိနေသည်ကို ဆရာဖြစ်သူနှင့် ဆရာဘွားဘွားတို့ သိသွား ကြမည်ကို စိတ်ပူနေမိလေသည်။

ဆန်းလျန်က …

"မိတ်ဆွေကောင်းနဲ့ အရက်သောက်ခွင့် မကြုံတာ တော်တော်ကြာနေပြီ၊ ဒီနေ့ မင်းနဲ့ကျုပ်နဲ့ အရက် သွားသောက်ကြမလား"

"ကျုပ်က ခင်ဗျားနဲ့အတူတူ အရက်သောက်ဖို့ အဆင့်မမီပါဘူးဗျာ"

ဝူတင်က ခေါင်းကို ခါယမ်းလိုက်ရင်း မချိပြုံးပြုံးကာ ပြောလိုက်လေသည်။

"စားပွဲပေါ်မှာ အရက်ရှိရင် အရက်သောက်လို့ ရတာပဲ၊ အဆင့်အတန်းတွေ မလိုပါဘူးကွာ၊ ပြီးတော့ မင်းနဲ့အတူတူ အရက်သောက်တာ တခြားရည်ရွယ်ချက်လည်း မရှိပါဘူး၊ ကျုပ်တကယ်ပဲ အရက်သောက်ချင်မိလို့ပါ၊ မင်းကိုလည်း စိတ်သက်သာရာ ရစေချင်တယ်လေ"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။

***

All Chapters