ရိုးသားစွာဖြင့်
Vol. 7 Ch. 614
ယင်းစန်းသည် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်များ၏ ယဉ်ကျေးမှုနှင့် ရိုးရာအမွေများကို ဆက်ခံ ထားလေသည်။
ထို့ကြောင့် ဝတ်ပြု ကိုးကွယ်ခြင်းများကို ပြုလုပ်ကြသည့်အခါ မြောက်အရပ်သို့ မျက်နှာမူကာ ပြုလုပ်ကြလေ့ ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် မြောက်ဘက်တွင်ရှိသည့် မသေနိုင်သည့် နတ်ဘုရား "ရွှမ်မင်" ကို အလေး အမြတ်ပြုသည့် သဘောဖြင့် ထိုသို့ပြုလုပ်ကြခြင်း ဖြစ်လေသည်။ အမှန်တော့ "မင်" နှင့် "ဝူ" ဆိုသည်မှာ ယင်းစန်း တွင်အဓိပ္ပာယ် အတူတူပင် ဖြစ်လေသည်။
ထိုအချက်ကို အလေးအမြတ် ပြုသည့်အနေဖြင့် တိုင်းပြည် အကြံပေး အမတ်မင်း၏ အိမ်တော်ကိုလည်း မြောက်အရပ်တွင် တည်ဆောက် ထားလေသည်။
ဝူတင်သည် ဆန်းလျန်ကို ဆရာဖြစ်သူနှင့် ဆရာဘွားဘွားတို့နှင့် ဝေးရာ တောင်ဘက်စွန်းရှိ ထူးခြားသည့် အရက်ဂေဟာ တစ်ခုသို့ ခေါ်ဆောင် သွားလေသည်။ သူတို့သည် အရက်ဂေဟာတွင် အခန်းတစ်ခန်း ယူလိုက်လေသည်။ ထိုအခန်းသည် မြစ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေပြီး မြစ်ကမ်းနံဘေးတွင် မိုးမခပင်များ စိုက်ပျိုး ထားလေသည်။ ထူးခြားလွန်းသည့် ရှုခင်းမျိုး မဟုတ်သည့်တိုင် စိတ်ကို ကြည်နူးစေသည့် မြင်ကွင်း ဖြစ်လေသည်။
သူတို့သည် နဂါးအသားနှင့် အနဂါးအသည်း ဟင်းလျာကို အမြည်းအဖြစ်ပြုလုပ်ကာ နှစ်တစ်ရာ နတ်အရက်ကို စတင် သောက်ကြလေသည်။ ထို့ထက်ပိုပြီး မည်သည့်အရာက ကောင်းမွန် နိုင်ပါတော့မည်နည်း။
ဝူတင်သည် ရှုတ်ထွေးသည့် ခံစားချက်များဖြင့် အရက်ကို (၃)ကွက်ဆင့်ကာ သောက်ချ လိုက်လေသည်။
ထို့နောက်သူက ဆန်းလျန်ကို စိုက်ကြည့် နေလိုက်လေသည်။ သူ့အနေဖြင့် ဆန်းလျန်ကို မည်သို့ စတင် စကားပြောရ မည်မသိ ဖြစ်နေရလေသည်။
နောက်ဆုံးတော့ ဆန်းလျန်ကပင် စကားစတင် ပြောလိုက်ရလေသည်။
"ကျုပ်တို့ နှစ်ယောက်လုံးက ယောကျ်ားတွေပဲကွာ၊ မင်းစိတ်ထဲ ရှိတာတွေကို ကွယ်ဝှက် မထားဘဲ ပွင့်ပွင့်လင်းလင်း သာပြောစမ်းပါ"
ဝူတင်က…
"အမှန်တော့ ခင်ဗျားတို့အားလုံးကို ကျုပ်နားမလည်နိုင်ဘူး၊ ကွမ်းလုန်ကျီကိုပဲ ကြည့်လေ၊ အသက်ရှင်မယ်ဆို ရှင်လို့ရပါလျှက်နဲ့ သေလမ်းကို လျှောက်သွားတယ်၊ သူအဲဒီလို သေတော့ရော အသက်ရှင်တာထက် ဘာကောင်းတာ များရှိလို့လဲ"
ဆန်းလျန်က…
"အမှန်ပဲ…၊ လူဆိုတာ ကောင်းတဲ့ အရာတွေလုပ်ဖို့၊ ပျော်ဖို့ရွှင်ဖို့ အသက်ရှင်ရမယ်၊ သေမှတော့ ဘာမှလုပ်လို့ မရတော့ဘူး၊ ကျုပ်ကြားဖူးတဲ့ စကားပုံ တစ်ခုဆိုရင် "သေမြေကြီး၊ ရှင်ရွှေထီး" တဲ့၊ ကျုပ်ငယ်ငယ်တုန်းက ဆိုရင် အသက်ရှင်ပြီး ပျော်ပျော်နေဖို့ပဲ စဉ်းစားခဲ့တာပဲ၊ ကျုပ်အမြင် ပြောရရင် ကွမ်းလုန်ကျီဟာ သိပ်ကို ရူးမိုက်လွန်းခဲ့တယ်"
ဆန်းလျန်၏ စကားများကြောင့် ဝူတင်မှာ ကြက်သေ သေသွားရလေသည်။ ဆန်းလျန်သည် ကွမ်းလုန်ကျီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည် မဟုတ်ပါလား။
ဝူတင်က…
"ဒီတစ်ခေါက် ခင်ဗျားနဲ့ တွေ့ရတာ ထူးဆန်းနေသလိုပဲ"
ဆန်းလျန်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြော လိုက်လေသည်။
"အမှန်ပဲ… ကျုပ်က အရင်ကနဲ့ မတူတော့ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရန် ကျုပ်က အခု ထိုက်ယီထျန်းရှန်း အဆင့်ကို ရောက်နေပြီ၊ ထိုက်ယီထျန်းရှန်းဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိပါတယ်နော်"
ဆန်းလျန်၏ စကားကြောင့် ဝူတင်မှာ ဆန်းလျန်မျက်နှာဆီသို့ အရက်များ ဖူးခနဲ မှုတ်ထုတ် မိတော့ မလိုပင် ဖြစ်သွား ရလေသည်။
ဝူတင်က…
"လူတစ်ယောက်က အသလွတ် လာကြွားနေတာ ဆိုရင်တော့ ကျုပ်တော်တော် သောက်မြင် ကပ်မိမှာပဲ၊ ဒါပေမဲ့ ခင်ဗျား လာကြွားနေတာကိုတော့ သိပ်ပြီး မပြောချင်တော့ပါဘူးဗျာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု စိတ်ထဲမှာ မခံချိမခံသာ ဖြစ်နေရတယ်"
မိုးမခပင်များသည် လေအဝေ့တွင် ယိမ်းနွဲ့ နေကြလေသည်။ ဆောင်းတွင်း ဖြစ်သည့်တိုင် သစ်ပင်များ၏ အကိုင်းအခက်များသည် လှပနေဆဲ ဖြစ်လေသည်။
ဝူတင်သည် လှပသည့် မိုးမခပင်များ၏ မြင်ကွင်းကို စိတ်မဝင်စားပါ။ သူက သူ့ရှေ့မှ အရက်တစ်အိုးလုံး ကိုသာ အကုန် သောက်ပစ်ချင် နေမိလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်းကတော့ ဆန်းလျန်ဆိုတာ အရင်ကလို မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဆင့်လို့ပဲ ထင်နေတာ ဖြစ်ရမယ်၊ ဒါကြောင့် ကျောက်ကဲမြို့တော်က နတ်ဘုရားတွေ ကျုပ်ကို ထိန်းချုပ် ထားနိုင်မယ်လို့ မင်းက တွေးနေတာမလား၊ အဲဒီလို ဆိုရင်လည်း အဲဒီလူတွေကို ကျုပ်ကိုယ်စား မင်းက အသနားခံပေးပေါ့ကွာ၊ အဲဒီလို လုပ်လိုက်ရင် မင်းရဲ့ ကိုယ်ကျင့်တရား စံနှုန်းကို ပြသရာ ရောက်တာပေါ့၊ ဒါပေမဲ့ အဲဒီလူတွေ အကုန်လုံး မင်းကို မကျေမနပ် ဖြစ်ကုန်ကြ လိမ့်မယ်၊ အင်းလေ… မင်းလည်း ကျုပ်အတွက် အကောင်းဆုံးကြိုးစားပေးခဲ့တာပဲ၊ ဒါပေမဲ့ လက်ရှိဆန်းလျန် ကတော့ မင်းထင်တာထက်ပိုပြီး တန်ခိုးစွမ်းအားတွေ မြင့်မားနေပြီ၊ အဲဒါကြောင့် မင်း မခံချိမခံသာ ဖြစ်နေတာ မဟုတ်လား”
ဝူတင်က သက်ပြင်းချလိုက်ရင်း…
“ကျုပ်ကိုယ်ကျုပ်တောင် လေးစားလို့ မရတော့ပါဘူး၊ ကျုပ်စိတ်ထားတွေ အရုပ်ဆိုး လိုက်တာဗျာ”
ဆန်းလျန်က…
"လူ့သဘော သဘာဝကတော့ အရုပ်ဆိုးမှာပဲပေါ့၊ ဆန်းလျန်ကရော လုံးဝသန့်စင်တဲ့ သူလို့ မင်းက ထင်နေလို့လား၊ ထျန်းယီ ဒါမှမဟုတ် မင်းရဲ့ ဆရာလို လူမျိုးတွေမှာလည်း မကောင်းတဲ့ စိတ်ထားတွေ ရှိနေသေးတာပဲ၊ တကယ်တော့ ကောင်းကင်ဘုံ နန်းတော်တွေကို တည်ထောင်ခဲ့တဲ့ မိုးနတ်မင်းတွေတောင်မှ စိတ်ရဲ့ အမှောင်ဘက် ခြမ်းဆိုတာ ရှိတာ ပဲလေ၊ အဲဒီလို အရုပ်ဆိုးမှုတွေ ရှိနေလို့သာ လူတွေဟာ အလှတရားကို တန်ဖိုး ထားတတ်ကြတာပေါ့၊ စကြဝဠာ တစ်ခုလုံးက လူသားတိုင်းဟာ အကုန်လုံး ဒီအတိုင်းချည်းပါပဲကွာ၊ ဒါပေမဲ့ လူတိုင်းရဲ့ အလှတရား အပေါ်မှာ မြင်တဲ့ အမြင်ကလည်း မတူကြပြန်ဘူး၊ မင်းပြောသလိုပဲလေ… ညစ်ပတ်နေတဲ့ ရေတွေလိုမျိုး ဖြစ်နေတဲ့ အရှုပ်ထုတ်တွေထဲကို ကျုပ်ပါဝင် ပတ်သက်မိနေတာ မင်းကိုလည်း မကျေနပ် စေသလို ကျုပ်ကိုယ်ကျုပ်လည်း မကျေနပ်နိုင်ပါဘူး၊ ဒါပေမဲ့ အဲဒီလို မကျေနပ်မှုတွေထဲကနေ ကျေနပ်မှုကို ဘယ်လို ရှာရသလဲဆိုတာ မင်းနားလည်နိုင်မှာ မဟုတ်ဘူး”
ဝူတင်သည် ဆန်းလန်ကို စည်းရုံးရန် လက်လျှော့ လိုက်တော့သည်။
သူက ဆန်းလျန်ကို အနီရောင်ဝတ်မိန်းကလေး အကြောင်း ပြောပြချင်မိသော်လည်း မပြောဖြစ်အောင် စိတ်ထိန်း လိုက်လေသည်။ ဆန်းလျန် ကဲ့သို့သော သူများ၏ လွှမ်းမိုးမှုကို ခံနေရသည့် အတွက် သူ့တွင်ရှိနေသည့် အားနည်းချက် များကိုလည်း အလွန်မှ မုန်းတီး နေမိတော့သည်။
သူက သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျား နောက်ထပ်လုပ်မယ့် အလုပ်တွေ အားလုံးကို ကျုပ် အကုန် နားလည် ပေးနိုင်ပါတယ်၊ ခင်ဗျားကို ဘယ်အရာမှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာလည်း ကျုပ်သိပါတယ်ဗျာ”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“တကယ်တော့ ယွမ်ကျွင်းဧကရီက ပညတ်ချက်တွေကို ချိုးဖောက်ပြီး ကျောက်ကဲ မြို့တော်ကို ရောက်လာတာ ကျုပ်ကို စော်ပလော်တီးဖို့ပဲ၊ အဲဒီတော့ သူ စော်ပလော် မတီးခင် ကျုပ်ကလစ် ထွက်သွားမယ်ဆိုရင် သူ့ကို အားနာစရာကြီး ဖြစ်နေမယ်၊ လူဆိုတာက ကိုယ့်အကြံ တစ်ချက်တည်းနဲ့ အောင်မြင်ရင် ပျော်ရွှင်ကြတာပဲ မဟုတ်လား၊ အဲဒီတော့ သူ့ကိုလည်း ပျော်ရွှင် စေချင်ပါတယ်၊ တကယ်တော့ ဒီကိစ္စတွေက ရိုးရှင်းမလိုလိုနဲ့ ခပ်ရှုတ်ရှုတ်ပဲကွာ…”
ဝူတင်က…
“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဒီလောက်ရှိနေမှတော့ ဒဏ်ရာ တစ်ချက် ကလေးတောင် မရဘဲ ယွမ်ကျွင်းဧကရီကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား”
ဆန်းလျန်က…
“ပွင့်ပွင့်လင်းလင်း ပြောရရင် ယွမ်ကျွင်း ဧကရီ ဘာလဲဆိုတာတောင် ကျုပ် ကောင်းကောင်း မသိပါဘူး၊ သူနဲ့ ကျုပ်နဲ့ တကယ်တမ်း တိုက်ခိုက်ရင် ရလဒ် ဘယ်လိုထွက်လာမလဲ ဆိုတာလည်း ကျုပ်မသိဘူး၊ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ သူလည်း ကျုပ်ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိမှ မသိတာ၊ ထားလိုက်ပါ … အဲဒီကိစ္စတွေထက် ကျုပ်က ကျောက်ကဲမြို့တော်က စီးမူဝူတင်ကို ပိုပြီး စိတ်ဝင်စားနေတာ”
“စီးမူဝူတင်ကို လောကရဲ့ အရင်းအမြစ်လို့ လူသိများကြတယ်၊ ကျူးကျားလုပ်ထားတဲ့ ရတနာ တစ်ခုပဲပေါ့၊ အဲဒါက ယင်းစန်းရဲ့ အရင်းအမြစ်တွေနဲ့ ဆက်သွယ်နေတာ၊ ခင်ဗျားက အဲဒီအရာကို အနှောင့်အယှက် ပေးချင်တယ် ဆိုရင်တော့ ကျုပ်တို့နဲ့ ဆက်ဆံရေး ပျက်ရတော့မှာပဲ၊ ကျုပ်တကယ်ပဲ နားမလည်ဘူး၊ ခင်ဗျားဘာလို့ အရမ်းအစွန်းရောက် နေရတာလဲ၊ ခင်ဗျားက အဲဒီလို လူတစ်ယောက် မဟုတ်ဘူးလို့ ကျုပ်က အမြဲတမ်းထင်ခဲ့မိတာ”
ဆန်းလျန်သည် မိုးမခပင်များနှင့် မြစ်ရေပြင်ကို ငေးကြည့် နေလေသည်။
ဆန်းလျန်၏ အကြည့်အောက်တွင် မိုးမခပင်များမှာ လန်းဆန်းလာပြီး ဆောင်းရာသီပင် ဖြစ်လင့်ကစား ပန်းပွင့်များ ပွင့်လန်း လာလေသည်။ လေအဝေ့တွင် မိုးမခ အကိုင်းအခက်များသည် မြစ်ရေပြင်ထက်သို့ ကြွေကျ သွားကြလေသည်။ အလွန်မှ လှပသည့် ရှုမျှော်ခင်းဖြစ်ပြီး မြင်ရသူတိုင်းကို ဆွဲဆောင်နိုင်သည့် မြင်ကွင်း ဖြစ်လေသည်။
ဆန်းလျန်က…
“ကျုပ်က အစွန်းရောက်တာ မဟုတ်ပါဘူးကွာ၊ ကျုပ် စတင်ခဲ့တာတွေက အရမ်း နောက်ကျနေလို့ တခြားသူတွေကို အမီလိုက်နိုင်ဖို့ လုပ်ရမယ့် အလုပ်တွေကို လုပ်နေရတာပါ၊ တကယ်တော့ မင်းသတိမထားမိတဲ့ အချက်တစ်ခုက ထျန်းယီဟာလည်း တာ့ရှားပြည် နေရာမှာ ယင်းစန်းကို အစား မထိုးချင်ခဲ့ပါဘူး၊ ဒီတိုက်ပွဲမှာ ကျုပ်တို့ နှစ်ယောက်လုံး အန္တရာယ်ကင်းကင်းနဲ့ စစ်တုရင်ကစား နေနိုင်မှာမျိုးတော့ မဟုတ်ဘူးပေါ့၊ အစကနေ ကစားပွဲကို ပြန်ကစားရင်ကစား၊ မဟုတ်ရင်လည်း စစ်တုရင်ခုံကို မှောက်ပစ်မှပဲ ဖြစ်လိမ့်မယ်၊ တဖြည်းဖြည်းနဲ့တော့ လူတိုင်းကို စိတ်ကျေနပ် စေမှာပါ”
ဝူတင်သည် ဆန်းလျန်၏ စကားများကို နားမလည်သည့်တိုင် ဆန်းလျန်သည် ယင်းစန်းကို မုန်းတီးသည့် အတွက် ယခုကဲ့သို့အလုပ်များကို ပြုလုပ်နေခြင်း မဟုတ်ကြောင်း သူသိလေသည်။ ဆန်းလျန်၏ ရည်မှန်းချက်သည် ဝူတင် သိမြင်နိုင်သည်ထက် ကျော်လွန်နေခဲ့သည်။
ထိုအချက်က သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေလေသည်။
ဆန်းလျန်က စကားဆုံးသွားသည်နှင့် အရက်ခွက်ကို မော့သောက် လိုက်လေသည်။ ထိုအရက် တစ်ခွက်သည် ထိုနေ့အတွက် ပထမဆုံးနှင့် နောက်ဆုံး သောက်လိုက်သည့် အရက်တစ်ခွက် ဖြစ်လေသည်။
အစပိုင်းတွင် “မင်းနဲ့အတူတူ အရက်သောက်တာ တခြားရည်ရွယ်ချက်လည်း မရှိပါဘူး” ဟု ပြောခဲ့သည့် ဆန်းလျန်၏ စကားများသည် အပြည့်အဝရိုးသားခြင်း မရှိခဲ့ပါ။
ဝူတင်သည် ယင်းစန်း၏ အနာဂတ် ဖြစ်လေသည်။
သူသည် ယင်းစန်း၏ ကံကြမ္မာကို လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကို လုပ်ကြံ သတ်ဖြတ်မည့် သူများသည် ဝူတင်၏ ကံတရားကို မဖြစ်မနေ ယူသုံးရန် လိုအပ်လေသည်။
ထို့ကြောင့် သူတို့ (၂)ယောက် စကားပြောနေစဉ် အတွင်း ဝူတင်ထံမှ သတင်းများစွာကို ဆန်းလျန် ရယူ လိုက်နိုင်လေသည်။
အမှန်တော့ ကျောက်ကဲမြို့သို့ အတွင်းသို့ ဝင်ရောက် လိုက်ကတည်းက မရဏ ထောင်ချောက် တစ်ခုအတွင်းသို့ ကျရောက်သွားခဲ့ပြီ ဆိုသည့်အချက်ကို ဆန်းလျန် ချက်ချင်း သိခဲ့လေသည်။ သူ၏ ဝိညာဉ် စွမ်းအားများသာ အားနည်း လျှင် သူသည် ယခုလောက် သက်သက်သာသာပင် နေနိုင်လိမ့်မည် မဟုတ်ပါချေ။
ယခုတော့….
ရည်ရွယ်ချက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ …
ဝူတင်သည် သူ၏ အကာအကွယ် ဖြစ်လာခဲ့လေသည်။
***