← Chapters

အတိတ်တစ်ချိန်က ကတိစကား

Vol. 7 Ch. 615

အတိတ်တစ်ချိန်က ကတိစကား

Vol. 7 Ch. 615

အရက်ခွက်ကို သောက်ပြီးသည်နှင့် ဆန်းလျန်က ပြောလိုက်သည်။

“ကျုပ်သွားတော့မယ်…”

ဝူတင်က…

“တစ်ခွက်တည်း သောက်ပြီး သွားတော့မလို့လား…”

ဆန်းလျန်က ပြုံးလိုက်ရင်း….

“လူတွေကတော့ မမူးမချင်း သောက်ကြမှာပေါ့၊ ဒါပေမဲ့ အသူရာ ချောက်ကိုးထပ်မှာ ကျုပ်ကို မူးအောင်လုပ်နိုင်တဲ့ အရက် ရှိကိုမရှိဘူး၊ တစ်ခွက် သောက်သောက် ခွက်ပေါင်း တစ်ထောင်ပဲ သောက်သောက် အတူတူပဲ၊ ပထမဆုံး တစ်ခွက်နဲ့ နောက်ဆုံးတစ်ခွက်က ဘာမှ ကွဲပြားမှုရှိမှာ မဟုတ်ဘူး”

ထိုသို့သော စွမ်းရည်မျိုးကို အရက်သမားများသာ ဆိုလျှင် လိုချင်လိုက်ကြမည့် ဖြစ်ခြင်း။ သို့သော်… ထိုစကား၏ နောက်ကွယ်တွင် နတ်ဘုရားတစ်ပါး၏ လွတ်လပ်ခြင်းကို တွေ့မြင်နိုင်မည် ဖြစ်လေသည်။

ဝူတင်က သက်ပြင်း တစ်ချက်ချလိုက်ရင်း….

“ကျုပ်က ခင်ဗျားနဲ့ အတူတူ အများကြီး သောက်မယ်လို့ စိတ်ကူးထားတာ”

ထိုစကားသည် ဝူတင်၏ ရင်ထဲမှ စစ်မှန်သည့် စကားဖြစ်ပြီး ဆန်းလျန်သည် ထိုစကားကို အလွန်လေးစား ခဲ့ပါသည်။

လောကတွင် ထိုကဲ့သို့ စစ်မှန်သည့် စကားကိုပြောကာ စိတ်ရင်းအမှန် ဖြစ်ဆက်ဆံသူကို တွေ့ရခဲလှသည် မဟုတ်ပါလား။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ဒါဆိုရင်တော့ နတ်ဘုရားတစ်ပါးကို မူးစေတဲ့ နတ်အရက်တစ်မျိုး ရှာထားမှရမယ်၊ ဒါမှ ကျုပ်မူးအောင် သောက်ပြီး လောကကြီး တစ်ခုလုံးကိုမေ့ပြီး ငြိမ်းချမ်းသွားမှာ…”

ဝူတင်က တည်ကြည်သည့် မျက်နှာထားဖြင့်…

“အဲဒီလို ဆိုရင်လည်း ခင်ဗျားမမူးခင် ကျုပ်က ခင်ဗျားကို တားမှာပေါ့၊ မူးတဲ့အထိ သောက်ဖို့လဲ မလိုပါဘူးဗျာ၊ မမူးတမူး ခံစားနေရတာလေးကမှ ပျော်စရာကောင်းတာ”

ဝူတင်၏ စကားကြောင့် ဆန်းလျန်မှာ ကျယ်လောင်စွာ ရယ်မောလိုက်မိလေသည်။

ထို့နောက် သူက ဝူတင်၏ ပခုံးကို တစ်ချက် ပုတ်လိုက်လေသည်။

ဝူတင်သည် ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည် သွားသလို ခံစားလိုက်ရပြီး သူ၏ ခြေထောက်များ မြေပြင်ထက်တွင် ရပ်တန့် လိုက်မိသည့် အခါတွင်တော့ သူသည် တိုင်းပြည် အကြံပေး အမတ်မင်း၏ အိမ်တော်သို့ ပြန်ရောက်နေ ပြီဖြစ်လေသည်။

သူသည် မကျေမနပ်ဖြစ်ပြီး အရက်ဂေဟာသို့ ပြန်သွားကာ ဆန်းလျန်ကို ရှာမည် ဆိုလျှင်တောင်မှ ဆန်းလျန်သည် ထိုနေရာတွင် ရှိတော့မည် မဟုတ်ပေ။

သို့သော်... သူ့အတွေး မှားသွားခဲ့လေသည်။

ဆန်းလျန်သည် မိုးမခပင်များ၏ ဘေးတွင် ရပ်နေပြီး အတွေးများက ပျံ့လွင့်လျက် ရှိလေသည်။

ချင်းရွှမ် နတ်တံခါးတွင် နေထိုင်ခဲ့ရသည့် အချိန်များကို သူပြန်စဉ်းစား နေမိသည်။ သူသည် ယန်ရွှီး လက်ဆောင်ပေးခဲ့ သည့် မိုးမခပင်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင် အရှေ့တွင် စိုက်ပျိုး ထားခဲ့လေသည်။

သူက ထိုအချိန်တုန်းက ကူးချိုင်ဝေ့ကို ပြောခဲ့ဖူးသည်။

“ဒီမိုးမခပင်က ပန်းတွေပွင့်တဲ့ တစ်နေ့ သူပြန်လာမည်” ဟု….။

အတိတ်ကို ပြန်တွေးကြည့်မည်ဆိုလျှင်…

ထိုအချိန်ကပင် ဆန်းလျန်သည် ဝိညာဉ်စွမ်းအား ကောင်းမွန်သူ တစ်ယောက် ဖြစ်သည့် အတွက် အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိခဲ့သည်။ ထို့ကြောင့် သူက ထိုစကားကို ကူးချိုင်ဝေ့ကို ပြောခဲ့ခြင်း ဖြစ်လေသည်။

လက်ရှိအချိန်တွင်တော့ သူသည် ကျောက်ကဲမြို့တော်၏ မရဏ ထောင်ချောက် အတွင်းသို့ ကျရောက် နေခဲ့ရပြီ။

အရက်ဂေဟာဘေးရှိ မြစ်ကမ်းနံဘေးမှ မိုးမခပင်ကို ကြည့်ပြီး သူတစ်ချိန်က ပြောခဲ့ဖူးသည့် စကားကို သတိရနေမိသည်။ ထို့ကြောင့် သူက မိုးမခပင်ဆီသို့ ဝိညာဉ် စွမ်းအားများ ထည့်သွင်းပေးကာ ပန်းများကို ပွင့်စေခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် မိုးမခပင်၏ ပင်စည်ထက်တွင် သူ၏ လက်ဖဝါးကို ထိကပ် ထားလိုက်လေသည်။

ထိုအခါ သူသည် အချိန်နှင့်နေရာကို ဖြတ်ကျော်သွားသလို ခံစားရလိုက်ရပြီး သူ၏ မျက်ဝန်းထဲတွင် ချင်းရွှမ်တောင်ကို မြင်တွေ့ လိုက်ရလေသည်။ ကျီဖူတောင်ထိပ်နှင့် ထိုက်ဝေ့ထိုင် ခန်းမဆောင် များသည် သူ့အမြင် အာရုံအတွင်းသို့ ဝင်ရောက် လာခဲ့လေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှေ့တွင် စိုက်ပျိုးထားသည့် မိုးမခပင်သည် ပန်းပွင့်များ ပွင့်လန်းခြင်း မရှိသေးပါ။ သစ်ပင်ခြေရင်းတွင် မြက်ပင်လေးများ စိမ်းစိမ်းစိုစိုဖြင့် ပေါက်ရောက်လျက် ရှိလေ၏။

သို့သော်… ထိုမြင်ကွင်းသည် ရုတ်တရက် ပျောက်ကွယ် သွားလေသည်။

ထိုအချိန်မှာပင်….

ယင်းစန်းဒေသ တစ်ခုလုံး၏ ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် မရဏ ထောင်ချောက်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ မြင့်တက်လာသည်ကို ဆန်းလျန် ခံစား လိုက်ရလေသည်။ ထို မရဏထောင်ချောက်သည် ပြီးပြည့်စုံပြီး ဆန်းလျန် အနေဖြင့် ပြေးစရာ မြေမရှိတော့ပါ။

ဆန်းလျန်သည် တိုင်းပြည် အကြံပေး အမတ်မင်း ဝမ်ကျုန်း၏ အိမ်တော်သို့ ခြေဦး မလှည့်ခဲ့ပါ။ သူက ဆန့်ကျင်ဘက် အရပ်ဆီသို့ ဦးတည် လိုက်လေသည်။

သူသည် ကျောက်ကဲမြို့တော်ရှိ လူစည်ကားသည့် လမ်းမများထက်တွင် လှည့်လည် သွားလာနေလေသည်။ သို့သော်… လူများ၊ ကျင့်ကြံသူများနှင့် မင်းမှုထမ်းများသည် သူ့ကို မြင်တွေ့နိုင်ခြင်း မရှိပါ။

လေသံ၊ ရေသံ၊ လူအများ၏ အတွေးပေါင်းစုံသည် သူ၏တာအို နှလုံးသားတွင် လာရောက် နားခိုကြလေသည်။

သူ၏ စိတ်အာရုံထဲတွင် ကျောက်ကဲမြို့တော်၏ ဖွဲ့စည်းပုံသည် သုံးဖက်မြင် ရုပ်လုံး တစ်ခုအလား ပေါ်လွင်လာလေသည်။ အသေးငယ်ဆုံးသော အချက်အလက် တစ်ခုပင်လျှင် သူ့ထံမှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါ။

ယွမ်ကျွင်း ဧကရီသည် မြောက်ဘက်အရပ်တွင် ရှိနေပြီး ကျူးကျားကတော့ အရှေ့ဘက် အရပ်တွင် ရှိနေလေသည်။

ဆန်းလျန်နှင့် ကျူးကျား အလယ်ရှိ အကွာအဝေးသည် တဖြည်းဖြည်း နီးကပ် လာလေသည်။

ဆန်းလျန်သည် စီးမူဝူတင်ထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သည့် တန်ခိုးစွမ်းအား လှုပ်ရှားမှုကို ခံစားနေရလေသည်။ တန်ခိုးစွမ်းအား လှုပ်ရှားမှုကြီးသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်စား သွားတော့မည့် ဒီရေလှိုင်းကြီးတစ်ခု အလားပင် ဖြစ်လေသည်။

သူ အသက်ရှူလိုက်တိုင်း ထိုတန်ခိုးစွမ်းအား ဒီရေလှိုင်းကြီး၏ များပြားသည့် ပမာဏကို စုပ်ယူပြီး သူ၏ မျက်ခုံးနှစ်ခု ကြားရှိ လောကသစ်တစ်ခု ဖွင့်လှစ်မည့် မျိုးစေ့ကို အားအင် ဖြည့်ပေးနိုင်ခဲ့လေသည်။

စီးမူဝူတင်ကို အစောင့်အကြပ်များ တင်းကျပ်စွာဖြင့် ကာကွယ်ထားပြီး အစောင့်များ၏ ခေါင်းဆောင်မှာ တော်ဝင် မိသားစုထဲမှ အရည်အချင်း မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။

အစောင့် ခေါင်းဆောင် တပ်မှူးလေးမှာ ငယ်ရွယ်ပြီး ချောမော ခန့်ညားသူ တစ်ယောက် ဖြစ်လေသည်။

ယခုတော့….

တပ်မှူးလေး၏ ကျောရိုးတစ်လျှောက်တွင် အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။ သူက အပြင်သို့ လှမ်းကြည့်လိုက် သော်လည်း မည်သည့် အရာကိုမှ မတွေ့မြင်ရပေ။ သို့သော် သူ့ထံသို့ လူတစ်ယောက် လမ်းလျှောက် လာသည်ကို ခံစားနေရလေသည်။

တပ်မှူးလေးက ဓားကို ဆွဲထုတ်လိုက်ပြီး အခြားသော အစောင့် စစ်သည်တော်များကလည်း သတိအနေအထား ဖြစ်သွားကြလေသည်။

တပ်မှူးလေးက အော်ပြောလိုက်သည်။

“ဘယ်နတ်မိစ္ဆာက ပုန်ကန်ဖို့ ရောက်လာတာလဲ…”

တပ်မှူးလေး၏ ဓားသွားမှာ တန်ခိုး စွမ်းအားများကြောင့် တုန်ခါနေပြီး အရှေ့ဆီသို့ ထိုးချိန် ထားလေသည်။

ဓားသွားထက်မှ တန်ခိုးစွမ်းအားများမှာ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း ဝူတင်၏ တစ်ဖက်သွား နတ်ဓားကိုတော့ မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။ ထို့ကြောင့် တပ်မှူးလေး၏ ဓားသည် အိပ်မက်နယ်ပယ်တွင် ရောက်ရှိနေသည့် ဆန်းလျန်ကို ထိခိုက်အောင် မည်သို့မှ မပြုလုပ်နိုင်ခဲ့ပေ။ ဆန်းလျန်သည် ရှေ့သို့ ဆက်လျှောက် လာခဲ့လေသည်။

တပ်မှူးလေးသည် ဆန်းလျန်ကို မမြင်ရပေ။ သို့သော်… ဆန်းလျန် တဖြည်းဖြည်း နီးကပ် လာသည်ကိုတော့ ခံစားမိနေလေသည်။

တပ်မှူးလေးမှာ ကြောက်ရွှံ့ ထိတ်လန့် လာမိလေသည်။

ထိုအချိန်မှာပင် သူ၏နားနားသို့ ကပ်ပြောလိုက်သည့် အသံတစ်သံကို ကြားလိုက် ရလေသည်။

“မင်း ကြောက်နေတာလား…”

တပ်မှူးလေးသည် အသံလာရာဆီသို့ သူ၏ဓားကို လှည့်ပြီး ချိန်လိုက်လေသည်။

ထိုသို့ ပြုလုပ်လိုက်သည့် အတွက် သူ၏စွမ်းအားများ များစွာ ကုန်ဆုံး သွားရလေသည်။ တစ်ချိန်တည်းမှာပင် အခြားသော စစ်သည်တော် အစောင့်များကလည်း သူတို့၏ ဓားများကို ဆွဲထုတ် လိုက်ကြသည့် အတွက် ပတ်ဝန်းကျင် တစ်ခု လုံးဓားသံများဖြင့် ဆူညံ သွားရလေသည်။

ထိုအချိန်မှာပင်…

လေပြလေးတစ်ခုက တိုက်ခတ် လာလေသည်။

တပ်မှူးလေးနှင့် အစောင့်စစ်သည်တော်များမှာ ချက်ချင်းပင် ခေါင်းများ မူးဝေ သွားကြရပြီး မြေပြင်ထက်သို့ လဲပြိုသွားကြကာ အိပ်ပျော် သွားကြလေတော့သည်။

စီးမူဝူတင်၏ အပြင်ဘက်တွင် အစောင့် စစ်သည်တော်အုပ်စုသည် အိပ်ပျော် နေကြသည်မှာ ဟောက်သံများပင် ထွက်လျက် ရှိလေ၏။ ထူးဆန်းလှသည့် မြင်ကွင်းပါပေ။

ကျူးကျားသည် စူးမူဝူတင်၏ အောက်ဘက်တွင် ရှိနေလေသည်။ သူ၏ ပုံသဏ္ဌာန်မှာ စီးမူဝူတင်၏ အစိတ်အပိုင်း တစ်ခုအလား ထင်မှတ် ရလေသည်။ ကျူးကျားသည် လူသားတစ်ယောက် ဖြစ်သည် ဆိုသည့် အချက်ကိုပင် လူအများက မေ့လျော့ နေကြပြီ ဖြစ်လေသည်။

မည်သူမှ ဆန်းလျန်ကို မမြင်တွေ့နိုင်ကြပါ။

သို့သော် ကျူးကျားကတော့ ရှင်းလင်းပြတ်သားစွာ မြင်တွေ့ နေရလေသည်။

ကျူးကျားသည် ဆန်းလျန် အကြောင်းကို များစွာ ကြားဖူးထားသည့် အပြင် ဆန်းလျန်၏ ကောင်းမြတ်ခြင်း မင်္ဂလာများကိုလည်း လေးစားလျက် ရှိလေသည်။ သို့သော်… ဆန်းလျန်ကို ပထမဆုံး အကြိမ် ရုတ်တရက် မြင်တွေ့ လိုက်ရသည့် အခါတွင်တော့ သူသည် အလွန်တရာ အံ့သြ သွားမိလေသည်။

သူက ရုတ်တရက် စကားတစ်ခွန်းကို ပြောမိသွားသည်။

“ဓမ္မကို သိရှိနားလည်သွားပြီး သံသရာက လွတ်မြောက် သွားကြသူတွေဟာ ဒီဘက်ကမ်းမှာရော ဟိုဘက်ကမ်းမှာရော မနေထိုင်ကြဘူး၊ သူတို့ဟာ လောကီကနေ လွတ်မြောက်အောင် ထွက်ခွာ သွားနိုင်ကြတယ်”

ထိုစကားမှာ ဗုဒ္ဓဘာသာ ကျမ်းစာများထဲမှ ဗုဒ္ဓ၏ ပြီးပြည့်စုံခြင်း ဂုဏ်တော်ကို ညွှန်ပြသည့် “တထာဂတဿ” ဆိုသည့် စာပိုဒ်ဖြစ်လေသည်။

သူက ထိုစာကြောင်းကို ရွတ်လိုက်မိသည်မှာ ဆန်းလျန်ကို ချီးမြှောက် လိုက်သလို ဖြစ်နေလေသည်။

တကယ်တော့ ဆန်းလျန်ကို ထိုမျှအထိ အလွန်အကျူး ချီးမြှောက်ရန် မသင့်တော်ပါ။ ဆန်းလျန် ရောက်ရှိနေသည့် ထိုက်ယီထျန်းရှန်းအဆင့်သည် အလွန်မှ မြင့်မားလှသလို ဆန်းလျန်သည်လည်း မှန်ကန်သည့် လမ်းစဉ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည့်တိုင် ဗုဒ္ဓ၏ ပြီးပြည့်စုံခြင်းဖြင့်တော့ မနှိုင်းယှဉ်အပ်ပါပေ။

ဆန်းလျန် ကဲ့သို့သော်လူသည် ယခင်အချိန်များကပင် ဗုဒ္ဓလမ်းစဉ်ကို လိုက်ခဲ့သင့်သည့် လူတစ်ယောက် လေသည်။ သို့သော်လည်း ဆန်းလျန်က သူနှင့် သင့်တော်သည့် တာအိုကျင့်စဉ် လမ်းကိုသာ ရွေးချယ်ခဲ့လေသည်။

အမှန်တော့ ဆန်းလျန်သည် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်နှင့် အိပ်မက် လိပ်ပြာ ကျင့်စဉ်ကို အသုံးပြုရန်အတွက် လောကအသစ် ဖွင့်လှစ်မည့် မျိုးစေ့ထံမှ စွမ်းအားများကို ငှားရမ်းသုံးစွဲ ထားခဲ့လေသည်။ ထို့ပြင် သူ၏မူလဝိညာဉ်ခန္ဓာ မှာလည်း စန့်ချင်မူလဝိညာဉ် ခန္ဓာအဖြစ် စည်းတံဆိပ်ခတ်နှိပ် ခံထားရသည့် အတွက် ဆန်းလျန်၏ ပုံစံသည် တာအို ဆရာသခင်ကြီး တစ်ပါး၏ ပုံစံနှင့် ဆင်တူနေလေသည်။

ထို့ကြောင့်ပင် ကျူးကျားသည် သူ့ကို မြင်တွေ့လိုက်ရသည့် အခါ အလွန်အမင်း ဖွဲ့ကျူးသည် အထိ ဖြစ်သွားရခြင်း ဖြစ်လေ၏။

“ဒီ စီးမူဝူတင်က ဘယ်လောက်လေးသလဲ”

နောက်ဆုံးတော့ ဆန်းလျန်က စကားစပြီး ပြောလိုက်လေသည်။

ကျူးကျား၏ အေးဆေး တည်ငြိမ်မှုများသည် မီးအပူရှိန်နှင့် ထိတွေ့ခံလိုက်ရသည့် နှင်းထုအလား အရည်ပျော်ကျ သွားပြီ ဖြစ်လေသည်။ သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပ နေကြသည်။

ကျူးကျားက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“သူတော်စင်ချင်းရွှမ်… အဖြေသိနေပြီးသားကို ဘာလို့ မေးခွန်း ထုတ်နေရသေးတာလဲ”

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ကျုပ်က အဖြေမသိလို့ မေးနေတာဆိုရင်ရောဗျာ…”

ကျူးကျားသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ခုန်နေသည့်ရင်ကို ငြိမ်သက်ရန် ကြိုးစား နေရလေသည်။

ပြီးမှ သူက ပြုံးလိုက်ရင်း…

“ကျုပ်လည်း မသိပါဘူးဗျာ”

ဆန်းလျန်က…

“ဒီစီးမူဝူတင်က ဘယ်လောက်လေးလဲ ဆိုတာ မသိပေမယ့် တင့်ဟိုင်စန်းကျန်း နတ်တုတ်လောက်တော့ လေးမယ် မထင်ပါဘူး”

(တင့်ဟိုင်စန်ကျန်းနတ်တုတ် ဆိုတာ စွန်းဝူခုံး နဂါးမင်းဆီက ဓားပြတိုက်လာတဲ့ ရွှေတုတ်ကို ပြောတာပါ - ဘာသာပြန်သူ)

All Chapters