← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃) သူမက ခုံးနျန်ကျောင်းတော်ရဲ့ ဗုဒ္ဓ၊ ငါက အနန္တတာအိုဂိုဏ်းရဲ့ မိစ္ဆာ

အနန္တတာအိုဂိုဏ်း၏ မြောက်ဘက်ရှိ တောင်ထိပ်တစ်ခုပေါ်တွင်။

လူငယ်တစ်ဦးသည် သူ၏လက်ထဲတွင် ထန်ဟန်ဓားကို ကိုင်ဆောင်လျက် သွေးမိစ္ဆာဓားသိုင်းကို လေ့ကျင့်နေလေသည်။

ထိုလူငယ်သည် အရွယ်ရောက်နေပြီ ဖြစ်သည်။

ယခုနှစ် သူ၏အသက် ဆယ့်ရှစ်နှစ်အရွယ်တွင် လူငယ်သည် သန္ဓေတည်ဝိညာဉ်အဆင့်သို့ ဝင်ရောက်သွားခဲ့လေပြီ။

"ဝုန်း"

လူငယ်က သူ၏ဓားကို အောက်သို့ ခုတ်ချလိုက်သည်နှင့်အမျှ မြေကြီးမှာ အပြင်းအထန် တုန်ခါသွားပြီး ငှက်များနှင့် သားရဲများမှာ အထိတ်တလန့် ထွက်ပြေးသွားကြလေသည်။

အဝေးရှိ ဖုန်းဆိုးတောင်ကြီးမှာ လူငယ်၏ ခုတ်ပိုင်းမှုကြောင့် ထက်ပိုင်းပြတ်သွားခဲ့လေသည်။

ဖုန်းဆိုးတောင်၏ ပြတ်တောက်သွားသော အက်ကြောင်းထဲမှ သွေးချီများ လျှံကျလာပြီး ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားလေသည်။

"ဝှစ်"

ရှောင်မိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဓားရှည်ကို သိမ်းဆည်းလိုက်လေသည်။

သူ၏ပထမဆုံးဘဝတွင် ဓားအရိုးကို ပိုင်ဆိုင်ထားသဖြင့် အသက်ဆယ့်ရှစ်နှစ်အရွယ်၌ သန္ဓေတည်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ခဲ့ဖူးသည် မှန်သော်လည်း။

သို့သော် ဤဘဝရှိ သူ၏အဆင့် အရည်အသွေးမှာ ပထမဘဝကထက် များစွာ ပိုမိုမြင့်မားနေလေသည်။

တကယ်တမ်းတွင် သူသာ အဆင့်တိုင်းကို တတ်နိုင်သမျှ အပြစ်အနာအဆာ ကင်းစင်စေရန် အဆက်မပြတ် မွမ်းမံသန့်စင်ခြင်းများ မပြုလုပ်ခဲ့ပါက ယခုအချိန်တွင် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။

"တကယ် လက်တွေ့မှာသာ ငါ့ဆီမှာ ဒီလိုပါရမီမျိုး ရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ"

ရှောင်မိုက အနည်းငယ် ခံစားချက်ပြင်းပြသွားလေသည်။

သို့သော် မကြာမီမှာပင် ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး သူ အတွေးလွန်နေသည်ဟုသာ ခံစားလိုက်လေသည်။

ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အကောင်းဆုံးကြိုးစားခြင်းကသာ အသင့်တော်ဆုံးဖြစ်သည်။ ပို၍ အတင်းအကျပ် ဖိအားပေးလေလေ ဆိုးကျိုးသက်ရောက်နိုင်ခြေ ပိုများလေလေပင် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကို"

ရှောင်မိုက အနန္တတာအိုဂိုဏ်းသို့ ပျံသန်းပြန်ရန် လှည့်လိုက်ချိန်မှာပင် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးက သူ၏ထံသို့ ပျံသန်းလာလေသည်။

မိန်းကလေးသည် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ၎င်း၏အောက်ခြေစွန်းများက မြူခိုးများအလား ပေါ့ပါးလွင့်မျောနေသော ပိုးဇာသားဖြစ်ကာ တင်းကျပ်စွာ စည်းနှောင်ထားသော ခါးလေးကြောင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိုမို သွယ်လျနေပုံပေါက်လေသည်။

အနီရောင် ရေစက်ပုံသဏ္ဌာန် ဆွဲသီးလေးတစ်ခုက သူမ၏ လည်ပင်းတွင် တိတ်ဆိတ်စွာ ရှိနေပြီး အနက်ရောင် စက္ကူပေါ်ရှိ ဟင်္သာပြဒါးစက်လေးတစ်ခုအလား ဆွဲဆောင်မှုတစ်ရပ်ကို ထပ်လောင်းပေါင်းထည့်ပေးနေလေသည်။

ဤအနီရောင် ဆွဲသီးလေးမှာ အဆင့်ခြောက် မိစ္ဆာအမြူတေတစ်ခုမှ ဖန်တီးထားသော အဆင့်ခြောက် မှော်လက်နက်တစ်ခု ဖြစ်သည်။

အဆင့်ခြောက် မှော်လက်နက်ဆိုသည်မှာ မိန်းကလေးအတွက် ထူးခြားသောအရာ မဟုတ်သော်လည်း သူမက အမြဲတမ်း သူမ၏ ခန္ဓာကိုယ်နှင့် ကပ်လျက် ဝတ်ဆင်ထားတတ်လေသည်။

ထိုဆွဲသီးလေးက သူမအတွက် အထူးအရေးပါသော အဓိပ္ပာယ်တစ်ရပ် ရှိနေသကဲ့သို့ပင်။

ထို့အပြင် ငွေရောင် လိပ်ပြာနားဆွဲလေးများက သူမ၏ နားရွက်တွင် တွဲလောင်းကျနေပြီး သူမ၏ နက်မှောင်သော ဆံကေသာကို ငွေရောင် ဆံထိုးတစ်ခုဖြင့် ထိုးတင်ကာ သေသပ်လှပသော မိုးမခရွက်ပုံသဏ္ဌာန် ဆံထုံးလေးတစ်ခုအဖြစ် ထုံးဖွဲ့ထားလေသည်။ ထို့နောက် စံပယ်ပန်းတစ်ပွင့်ဖြင့် အလှဆင်ထားရာ သူမကို လန်းဆန်းလှပပြီး အလွန်အမင်း ကျက်သရေရှိနေစေလေသည်။

နှင်းပွင့်အလား ဖြူဖွေးသော သူမ၏ အသားအရေ၊ အနက်ရောင် ဂါဝန်ရှည်နှင့် အနီရောင် ဆွဲသီး၊ ဤအရောင်သုံးမျိုး ပေါင်းစပ်မှုက ထူးခြားသော အလှတရားတစ်ခုကို ဖန်တီးပေးထားပြီး ညဉ့်ယံတွင် ဖူးပွင့်လာသော နှင်းဆီပန်းတစ်ပွင့်အလား ဆွဲဆောင်မှုရှိကာ အန္တရာယ်လည်း ပေးနိုင်စွမ်းရှိလေသည်။

သို့တိုင် သူမ၏ စရိုက်လက္ခဏာတွင် စာပေပညာတတ်တစ်ဦး၏ အငွေ့အသက်များလည်း ပါဝင်နေသေးသည်။

"ယွင်ဝေ့၊ ဘာဖြစ်လို့လဲ" ကျက်သရေရှိသော မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာပြီဖြစ်သည့် သူ၏ ဂိုဏ်းတူညီမလေးကို ကြည့်ကာ ရှောင်မိုက မေးလိုက်လေသည်။

"ဂိုဏ်းတူအစ်ကို၊ ဘာဖြစ်လို့လဲလို့ ဘယ်လိုလုပ်ပြီး မေးနိုင်ရတာလဲ" ယွီယွင်ဝေ့က သူမ၏ လက်သီးဆုပ်လေးကို ဆုပ်ကာ ရှေ့သို့တက်လာပြီး မှုတ်ထုတ်လိုက်သည်၊ "ဒီနေ့က သူတော်စင်ရွေးချယ်ပွဲရဲ့ ပထမဆုံးနေ့လေ"

"ဒီနေ့လား" ရှောင်မိုမှာ တကယ်ပင် မေ့နေခဲ့ခြင်း ဖြစ်သည်။

"သေချာတာပေါ့" ယွီယွင်ဝေ့၏ ဖြူဖွေးနုနယ်သော လက်ဖဝါးလေးက ရှောင်မို၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်၊ "ဂိုဏ်းတူအစ်ကို၊ မြန်မြန် သွားကြရအောင်"

ယွီယွင်ဝေ့က ရှောင်မိုကို ဆွဲခေါ်ကာ အနန္တတာအိုဂိုဏ်းသို့ ပျံသန်းပြန်သွားလေသည်။

သို့သော် သူမ၏ ဂိုဏ်းတူအစ်ကို၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော မိန်းကလေး၏ ပါးပြင်ပေါ်တွင် ပန်းရောင်သဲ့သဲ့လေး သန်းနေလေသည်။

သိပ်မကြာမီမှာပင် ယွီယွင်ဝေ့နှင့် ရှောင်မိုတို့သည် အနန္တတာအိုဂိုဏ်း၏ အနန္တတာအိုလွင်ပြင်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။

ဤကျယ်ပြန့်လှသော လွင်ပြင်ကြီးပေါ်တွင် မှော်ဝင်္ကပါများကို တစ်ခုပြီးတစ်ခု ခင်းကျင်းထားလေသည်။

ထိုမှော်ဝင်္ကပါများက လွင်ပြင်ကို တပည့်များ ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် နယ်မြေအကွက်များအဖြစ် ပိုင်းခြားပေးထားလေသည်။

သို့သော် ယင်းက နောက်ဆုံးအနိုင်ရရှိသူသည် အနန္တတာအိုဂိုဏ်း၏ သူတော်စင် ဖြစ်လာမည်ဟု မဆိုလိုပေ။

အနန္တတာအိုဂိုဏ်း၏ သူတော်စင်ရွေးချယ်ပွဲကို အပိုင်းနှစ်ပိုင်း ခွဲခြားထားလေသည်။

ပထမအပိုင်းမှာ သိုင်းပညာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ဖြစ်သည်။

သူတော်စင်ရွေးချယ်ပွဲတွင် ပါဝင်မည့် တပည့်အားလုံးက အနန္တတာအိုလွင်ပြင်သို့ လာရောက်ကာ အသက်လုတိုက်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲကြရမည်ဖြစ်ပြီး နောက်ဆုံးတွင် လူဆယ်ဦးကို ရွေးချယ်မည် ဖြစ်သည်။

ထိုလူဆယ်ဦးသည် သူတော်စင် ကိုယ်စားလှယ်လောင်းများ ဖြစ်လာမည် ဖြစ်သည်။

ထို့နောက် အနန္တတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က တာဝန်တစ်ခု သို့မဟုတ် တာဝန်အချို့ကို သတ်မှတ်ပေးမည် ဖြစ်သည်။

ထိုတာဝန်များကို ပထမဆုံး ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူက အနန္တတာအိုဂိုဏ်း၏ သူတော်စင် ဖြစ်လာမည်ပင်တည်း။

ရှောင်မိုနှင့် ယွီယွင်ဝေ့တို့က လွင်ပြင်ပေါ်တွင် လျှောက်လှမ်းလာကြရာ လူများစွာက သူတို့အပေါ်သို့ အကြည့်များ ကျရောက်လာကြလေသည်။

"အဲဒါ ဂိုဏ်းတူညီမလေးယွီ မဟုတ်လား"

"သူမက တကယ်ကို ကျက်သရေရှိတဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာပဲ"

"ငါတို့ အနန္တတာအိုဂိုဏ်းမှာ ဂိုဏ်းတူညီမလေးယွီထက် ပိုလှတဲ့ အမျိုးသမီး မရှိလောက်တော့ဘူး ထင်တယ်"

"အနန္တတာအိုဂိုဏ်းတင် ဘယ်ကမလဲ၊ အနောက်ဘက်ဒေသ တစ်ခုလုံးမှာတောင် ဂိုဏ်းတူညီမလေးယွီထက် ပိုလှတဲ့သူကို ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ဘူး"

"အဲဒါကလည်း လုံးဝ မမှန်ပါဘူး၊ အကြီးအကဲ သွေးမိစ္ဆာကလည်း အလွန်အမင်း လှပတာပဲ"

"မင်း သေချင်နေတာလား"

"တကယ်တော့ ဗုဒ္ဓဘာသာဘုရားကျောင်းမှာလည်း အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်လို့ ငါ ကြားထားတယ်။ ပြီးတော့ သူ့ရဲ့ ပါရမီကလည်း အလွန်အမင်း မြင့်မားတယ်တဲ့"

"ဗုဒ္ဓဘာသာဘုရားကျောင်းက အမျိုးသမီး ဟုတ်လား။ မင်း ဘာတွေပြောနေတာလဲ"

"မင်း မသိတာလည်း ပုံမှန်ပါပဲ။ မကြာသေးခင်ကမှ သူမ နာမည်ကြီးလာတာကိုး"

အနန္တတာအိုလွင်ပြင်ပေါ်တွင် လူများစွာက သူတို့နှစ်ဦးကို ကြည့်ရှုကာ တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြလေသည်။

ထိုလူများ၏ အကြည့်များကို ခံစားမိသောအခါ ယွီယွင်ဝေ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်ပြီး သူမ၏ လက်မောင်းကို ရှောင်မိုနှင့် တင်းကျပ်စွာ ကပ်ထားလိုက်လေသည်။

"ငါတို့ အနန္တတာအိုဂိုဏ်းက အမျိုးသားတပည့်တွေ အားလုံး မင်းကို တော်တော် သဘောကျနေကြပုံပဲ" ဟု ရှောင်မိုက သူ၏ဘေးရှိ ဂိုဏ်းတူညီမလေးကို ပြောလိုက်လေသည်။

"ဟွန့်၊ သူတို့အားလုံးက အသုံးမကျတဲ့ကောင်တွေချည်းပါပဲ" ယွီယွင်ဝေ့က သူမ၏ ဂုဏ်ယူဝင့်ကြွားနေသော မေးစေ့ကို မော့လိုက်သည်၊ "သူတို့က ဂိုဏ်းတူအစ်ကိုရဲ့ ဆံပင်တစ်ပင်လောက်တောင် အသုံးမကျပါဘူး"

ရှောင်မိုက တိုးညှင်းစွာ ရယ်မောလိုက်ပြီး ဘာမျှမပြောခဲ့ချေ။

ဒီနှစ်တွေတစ်လျှောက်လုံး ယွီယွင်ဝေ့၏ စရိုက်လက္ခဏာများက သူမ ကလေးဘဝတုန်းကထက် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ယဉ်ကျေးပျူငှာကာ ပိုမို သိနားလည်လာခဲ့လေသည်။

စာသင်ကြားရခြင်းက တကယ်ကို အသုံးဝင်တယ်လို့ပဲ ဆိုရပေမည်။

ဒါပေမယ့်။

ဒီမိန်းကလေးက ကြီးလာလေလေ ပိုပြီး ကပ်ချွဲတတ်လာလေလေ ဖြစ်နေပုံရသည်။

"ရှောင်မို။ ကြည့်စမ်း၊ ဟိုလူက ရှောင်မိုပဲ"

"သူက တကယ်ကို ချောမောတာပဲ"

"သူနဲ့သာ နှစ်ကိုယ်ကြားကျင့်ကြံလို့ ရရင် သိပ်ကောင်းမှာပဲ"

"ရှောင်မိုရဲ့ မူလယန်စွမ်းအင်က ဒီနေ့အထိ မကျိုးပေါက်သေးဘူးလို့ ကြားတယ်"

"ဒီည သူနဲ့ အတူတူ ညစာစားလို့ရမလား သွားမေးကြည့်ရမလား"

"လက်လျှော့လိုက်စမ်းပါ၊ သူက နင့်ကို မျက်စိကျပါ့မလား။ နင်ကရော ဟို ယွီယွင်ဝေ့ လောက် လှလို့လား"

"ယွီယွင်ဝေ့။ အဲဒါ ဘာလဲ။ ခုံးနျန်ကျောင်းတော်မှာ ဝမ်ရှင်းလို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ သီလရှင်မလေး တစ်ပါးရှိတယ်လို့ ငါ ကြားတယ်။ သူမက လောကီလူသားလို့တောင် မထင်ရလောက်အောင်ကို အရမ်းလှတာတဲ့"

"ပြီးတော့ ကောလာဟလတွေအရ အဲဒီ ဗုဒ္ဓဘာသာ သီလရှင်မလေးနဲ့ ရှောင်မိုက ပတ်သက်မှု တစ်ခုခု ရှိနေတယ်တဲ့"

"သူတို့က အရင်တုန်းက ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့လည်း ငါ ကြားထားတယ်"

ရှောင်မိုက ပန်းတစ်သောင်းတောင်ထွတ်မှ အမျိုးသမီးအချို့အနီးမှ ဖြတ်လျှောက်သွားစဉ် သူတို့၏ မျက်လုံးများက ရှောင်မိုကို စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး သူ့ကို နေရာမှာတင် အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေသည့်အလား ဖြစ်နေကြလေသည်။

သို့သော် ယွီယွင်ဝေ့က ခေါင်းလှည့်ကာ သူတို့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် သူတို့မှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ပါးစပ်ပိတ်သွားကြလေသည်။

ယွီယွင်ဝေ့က သူမ၏ ဂိုဏ်းတူအစ်ကိုကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ ခံစားချက်မဲ့နေသော မျက်နှာကို မြင်သောအခါ သူမက ခေါင်းကို ပြန်ငုံ့ထားလိုက်ပြီး ဝမ်ရှင်း ဟူသော စကားလုံးက သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။

မကြာသေးမီက ထို ဝမ်ရှင်း နှင့် ပတ်သက်သော ကောလာဟလများက ပိုမို များပြားလာခဲ့လေသည်။

ဝမ်ရှင်းသည် ကျောင်းထိုင်ဆရာတော် ရွှီကျင်း၏ တစ်ဦးတည်းသော တပည့်ဖြစ်ပြီး လောကတွင် ပထမဆုံးသော အမျိုးသမီး ဘုန်းကြီးဖြစ်ကြောင်း ဆိုကြလေသည်။

သူမ၏ ဗုဒ္ဓဘာသာ ကျင့်ကြံမှုမှာ အလွန်အမင်း နက်ရှိုင်းလှပြီး သူမက ထူးကဲစွာ လှပလွန်းလှပေသည်။

ဝမ်ရှင်းက ဗုဒ္ဓတာအို၏ နောက်ထပ် ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ကောလာဟလများလည်း ရှိနေလေသည်။

သို့သော် ယွီယွင်ဝေ့က ဤအရာများ အားလုံးကို ဂရုမစိုက်ခဲ့ချေ။

ယွီယွင်ဝေ့ အဂရုစိုက်ဆုံး အရာက...

"ဂိုဏ်းတူအစ်ကို" ယွီယွင်ဝေ့က ရှောင်မို၏ အင်္ကျီကို ညင်သာစွာ ဆွဲလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်၊ "ဂိုဏ်းတူအစ်ကို့ရဲ့ ငယ်သူငယ်ချင်းမလေးက အရင်တုန်းက တော်တော်လေး နာမည်ကြီးခဲ့တာပဲနော်"

"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်လေသည်။

ယွီယွင်ဝေ့က သူမ၏ ပါးလွှာသော နှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောလိုက်သည်၊ "ဂိုဏ်းတူအစ်ကိုက သူ့ကို သွားမတွေ့ချင်ဘူးလား"

"မလိုပါဘူး" ဟု ရှောင်မိုက ပြောလိုက်သည်။

"ဟင်" ယွီယွင်ဝေ့၏ စိတ်ခံစားချက်များ တောက်ပလာလေသည်၊ "ဂိုဏ်းတူအစ်ကိုတို့ ငယ်ငယ်တုန်းက ဝမ်ရှင်းနဲ့ ဆက်ဆံရေး အရမ်းကောင်းခဲ့တယ် မဟုတ်ဘူးလား"

"မင်းပဲ ပြောတယ်လေ၊ အဲဒါက ငယ်ငယ်တုန်းကလို့"

"အခုကော" ယွီယွင်ဝေ့၏ တည်သီးလုံးအလား မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေသည်။

"အခုတော့"

ရှောင်မိုက သူ၏ ဓားရှည်ကို ကိုင်ဆောင်လျက် သိုင်းပညာယှဉ်ပြိုင်ရာ မှော်ဝင်္ကပါအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားလေသည်။

"သူမက ခုံးနျန်ကျောင်းတော်ရဲ့ ဗုဒ္ဓ၊ ငါက အနန္တတာအိုဂိုဏ်းရဲ့ မိစ္ဆာပဲ"

အခန်း (၂၁၄) ဒါကို သူ့အတွက် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်လို့ပဲ မှတ်ယူလိုက်ပါ

အနန္တတာအိုလွင်ပြင်။

ရှောင်မိုက မှော်ဝင်္ကပါငယ်လေးထဲသို့ လျှောက်လှမ်းဝင်ရောက်သွားလေသည်။

ရှောင်မို၏ ပထမဆုံး ပြိုင်ဘက်မှာ လဲ့ယန်တောင်ထွတ်မှ လဲ့ပန်ဟုအမည်ရသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူကလည်း ဓားသိုင်းပညာရပ်များကို အထူးပြုလေ့လာထားသူ ဖြစ်သည်။

လဲ့ပန်ကလည်း ရှောင်မိုကဲ့သို့ပင် သန္ဓေတည်ဝိညာဉ်အဆင့်တွင် ရှိနေလေသည်။

မည်သို့ပင်ဆိုစေ သူတော်စင် ရွေးချယ်ပွဲအတွက် အနိမ့်ဆုံး လိုအပ်သော အဆင့်မှာ ရွှေအမြူတေအဆင့်ဖြစ်ပြီး အမြင့်ဆုံးမှာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ထက် မကျော်လွန်ရပေ။

ဆိုလိုသည်မှာ။

အထက်သုံးပါးအဆင့်မှ ကျင့်ကြံသူများ အမှန်တကယ်ပင် ပေါ်ထွက်လာမည် ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် သူတော်စင် ကိုယ်စားလှယ်လောင်းများမှာ ယေဘုယျအားဖြင့် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်တွင် ရှိကြပြီး သန္ဓေတည်ဝိညာဉ်အဆင့်တွင် ရှိသူများမှာ အလွန်နည်းပါးလှလေသည်။

သို့သော် ရှောင်မို၏ မျက်လုံးထဲတွင် ပြိုင်ဘက်၏ အဆင့်က အရေးမကြီးခဲ့ချေ။

တိုက်ပွဲမစတင်မီ ရှောင်မိုနှင့် လဲ့ပန်တို့က အနန္တတာအိုဂိုဏ်းမှ တာဝန်ရှိသူတစ်ဦး၏ ရှေ့မှောက်တွင် စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြလေသည်။

အနန္တတာအိုဂိုဏ်း၏ သိုင်းပညာယှဉ်ပြိုင်ပွဲတွင် စည်းမျဉ်းစည်းကမ်း များများစားစား မရှိသလို အသက်ကယ်တင်ရန်အတွက် မည်သည့် ကာကွယ်ရေး မှော်ရတနာကိုမျှလည်း ပေးအပ်မည်မဟုတ်ချေ။

တစ်စုံတစ်ယောက်က လမ်းတစ်ဝက်တွင် ကိုယ်တိုင် အရှုံးမပေးသရွေ့ သူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအတွက် သူတို့ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပြီး သေဆုံးသွားပါကလည်း ပြောစရာစကား မရှိတော့ပေ။

"မင်းက ရှောင်မိုလား" လဲ့ပန်က သူ၏ လက်ထဲရှိ ခုတ်ပိုင်းဓားကြီးကို ဆုပ်ကိုင်ထားပြီး ရှောင်မိုကို ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လိုက်သည်၊ "ဒီနှစ်တွေအတွင်းမှာ ငါက အနန္တတာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုမှာ နေခဲ့တာဆိုတော့ တစ်ခါမှ ပြန်မလာဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်မှ ပြန်လာဖြစ်ပြီး ဂူဗိမာန်အဆင့်နဲ့ ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်အကြောင်း ကြားလိုက်ရတယ်။ တော်တော်လေး မဆိုးဘူးပဲ"

"ဟုတ်တယ်" ရှောင်မိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

လဲ့ပန်က ရှောင်မို၏ လက်ထဲရှိ ထန်ဟန်ဓားကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး ဆက်ပြောလိုက်သည်၊ "မင်းတို့ ရဲ့ရွှယ်တောင်ထွတ်က လူတွေက အလယ်ပိုင်းလွင်ပြင်ကနေ ဆင်းသက်လာတဲ့ ဒီထန်ဟန်ဓားကို သုံးကြတာပဲ။ ဓားသွားက မိန်းကလေးငယ်တစ်ယောက်လို သွယ်လျလွန်းပြီး မိန်းမဆန်လွန်းတယ်။ ကြည့်ရတာကိုက မျက်စိနောက်စရာကောင်းတယ်။ ငါ့ရဲ့ ခုတ်ပိုင်းဓားကြီးကို ကြည့်စမ်း၊ ဒါမှ ယောက်ျားတစ်ယောက် သုံးသင့်တဲ့အရာကွ"

ရှောင်မိုက ဒေါသမထွက်ခဲ့ချေ၊ သူက လဲ့ပန်ကို ရှင်းလင်းပြတ်သားစွာ စိုက်ကြည့်လိုက်သည်၊ "ခင်ဗျား စကားများလွန်းတယ်။ စကားပြောလို့ ပြီးပြီဆိုရင် ဓားဆွဲထုတ်တော့"

"ဟားဟားဟား၊ မင်းကောင်လေးက တော်တော်လေး မောက်မာတာပဲ။ ငါ သဘောကျတယ် ဂိုဏ်းတူညီလေး။ ဒါကို ခံလိုက်စမ်း"

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လဲ့ပန်က ပေဆယ်ပေခန့် ရှည်လျားသော သူ၏ ဧရာမဓားကြီးကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ရှောင်မို၏ ခေါင်းဆီသို့ ခုတ်ချလိုက်လေသည်။

ဧရာမ ဓားရှည်ကြီးက ကြမ်းတမ်းရိုင်းစိုင်းသော မိုးကြိုးများကို သယ်ဆောင်လာပြီး ဓားတစ်ချက်တည်းဖြင့်ပင် ရှောင်မိုကို အထက်မှအောက်သို့ နှစ်ပိုင်း ခုတ်ပိုင်းပစ်နိုင်တော့မည့်အလား ပေါက်နေလေသည်။

တစ်ချိန်တည်းမှာပင် ရှောင်မိုကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာက အတွေးအမျိုးမျိုး တွေးတောနေကြလေသည်။

အမျိုးသမီး ကျင့်ကြံသူတချို့က ရှောင်မိုအတွက် စိုးရိမ်နေကြလေသည်။

အမျိုးသား ကျင့်ကြံသူတချို့ကမူ ရှောင်မိုက ခံထိုက်ကြောင်းနှင့် သူ သေသွားလျှင် အကောင်းဆုံးဖြစ်မည်ဟု ခံစားနေကြလေသည်။

သို့သော် ဘေးတွင်ရှိနေသော ယွီယွင်ဝေ့ကမူ အလွန်အမင်း တည်ငြိမ်နေပုံပေါက်လေသည်။

လဲ့ပန် ဟုအမည်ရသော ဤကျင့်ကြံသူက သေချာပေါက် ကောင်းမွန်သော ခွန်အားရှိပုံရလေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ ရင်ဆိုင်ရသူမှာ သူမ၏ ဂိုဏ်းတူအစ်ကို ဖြစ်နေလေသည်။

ယွီယွင်ဝေ့၏ နှလုံးသားထဲတွင် သူမ၏ ဂိုဏ်းတူအစ်ကိုကို အဆင့်ကြီးနှစ်ဆင့်အတွင်း အနိုင်ယူနိုင်မည့်သူဆိုသည်မှာ ဤလောကတွင် မမွေးဖွားသေးဘူးဟုသာ မှတ်ယူထားလေသည်။

ထိုခုတ်ချက်က ရှောင်မို၏ ခေါင်းကို ထိမှန်တော့မည့် အချိန်မှာပင် ရှောင်မို၏ လက်ထဲရှိ ဓားရှည်က ဆွဲထုတ်ခံလိုက်ရလေသည်။

နောက်တစ်ခဏမှာပင် ကြက်သွေးရောင် မိစ္ဆာစွမ်းအင်များက မှော်ဝင်္ကပါတစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့သွားလေသည်။

လဲ့ပန်၏ နဖူးပေါ်တွင် ချွေးအေးများ ပျံလာလေသည်၊ ပြင်းထန်လှသော သွေးချီများက သူ၏ ဝိညာဉ်ကို ကြောက်ရွံ့တုန်လှုပ်သွားစေလေသည်။

"ချွမ်"

ရှောင်မို၏ လက်ထဲရှိ ဓားရှည်က ကန့်လန့်ဖြတ် ခုတ်ပိုင်းသွားပြီး ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

ကြက်သွေးရောင် မိစ္ဆာစွမ်းအင်များက အပြာရောင် မိုးကြိုးများနှင့် ဝင်တိုက်မိသွားကြလေသည်။

ဝိညာဉ်စွမ်းအင်များက ရေကန်ပေါ်ရှိ လှိုင်းတံပိုးများအလား အပြင်ဘက်သို့ ရိုက်ခတ်ပျံ့နှံ့သွားလေသည်။

"ဝုန်း"

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက်။

ရှောင်မိုက နာလင်ဓားကို သိမ်းဆည်းလိုက်ပြီဖြစ်ပြီး လဲ့ပန်ကမူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ သူ၏ လက်ထဲရှိ ဓားကြီးမှာလည်း နှစ်ပိုင်း ကျိုးပြတ်သွားခဲ့လေပြီ။

လဲ့ပန်က ထရန် ရုန်းကန်နေချိန်တွင်။

ရှောင်မိုက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ မှော်ဝင်္ကပါထဲမှ လျှောက်ထွက်ရန် လှည့်လိုက်သည်၊ "ခင်ဗျား ထပ်ထလာမယ်ဆိုရင် နောက်တစ်ချက်က ခင်ဗျားရဲ့ အသက်ကို ယူလိမ့်မယ်"

...

ရှောင်မို၏ စကားများကို ကြားသောအခါ လဲ့ပန်မှာ မြေပြင်ပေါ်တွင် အေးခဲသွားပြီး အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော သူ၏ ကျောပြင်ကိုသာ ငေးကြည့်နေရုံ တတ်နိုင်တော့သည်။

"ဂိုဏ်းတူအစ်ကို၊ ပင်ပန်းသွားပြီ"

ယွီယွင်ဝေ့က ပျော်ရွှင်စွာဖြင့် ရှေ့သို့တက်လာပြီး သေရည်ဘူးသီးခြောက်ကို ကမ်းပေးလိုက်သည်၊ သို့သော် ၎င်းအတွင်းတွင် သေရည်အစား လက်ဖက်ရည်သာ ပါဝင်လေသည်။

"အဆင်ပြေပါတယ်" ရှောင်မိုက ခေါင်းကို နောက်သို့မော့ကာ တစ်ငုံ သောက်လိုက်သည်၊ "သွားကြစို့၊ နောက်တစ်ပွဲ"

"ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကို" ယွီယွင်ဝေ့က ရှောင်မို၏ ဘေးမှ လိုက်ပါသွားရာ သူမ၏ မျက်လုံးများက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေလေသည်။

အခြားသော တပည့်များက ရှောင်မို အဝေးသို့ လျှောက်သွားသည်ကို မြင်ပြီးမှသာ ကြီးမားသော တိုက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြလေသည်။

"မကောင်းဆိုးဝါး"

ဤစကားလုံးက ရှောင်မိုအပေါ် လူတိုင်း၏ အကဲဖြတ်မှုပင် ဖြစ်လေသည်။

လူအများစုက ရှောင်မို၏ အဆင့်အရည်အသွေးသည် အလွန်အမင်း ချဲ့ကားပြောဆိုခံရလွန်းသည်ဟုသာ ကြားဖူးခဲ့ကြသော်လည်း ကိုယ်ပိုင်မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်မှသာ ဤလူက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသလဲဆိုသည်ကို သဘောပေါက်သွားကြလေသည်။

တစ်ချိန်တည်းမှာပင်၊ ရွှယ်ခွေးတောင်ထွတ်တွင်။

သူတော်စင် ရွေးချယ်ပွဲ သိုင်းပညာယှဉ်ပြိုင်မှု၏ ပထမဆုံးနေ့တွင် ဆရာဖြစ်သူ သွေးမိစ္ဆာက အနန္တတာအိုလွင်ပြင်သို့ မသွားခဲ့ဘဲ ခြံဝန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။

"သွေးမိစ္ဆာ၊ သွေးမိစ္ဆာ"

အိပ်ပျော်နေစဉ်အတွင်း တစ်စုံတစ်ယောက်က သူမကို ခေါ်နေသည်ကို သွေးမိစ္ဆာက ဝိုးတဝါး ကြားလိုက်ရလေသည်။

သွေးမိစ္ဆာက သူမ၏ မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ဖွင့်လိုက်ပြီး သမ်းဝေလိုက်လေသည်။

သွေးမိစ္ဆာ ထထိုင်တော့မည့် အချိန်မှာပင် စိမ်းပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။

"ချင်းယွမ် ရယ်၊ မနက်စောစောစီးစီး သူများရဲ့ ကိုယ်ပိုင်အခန်းထဲကို ဇွတ်အတင်း ဝင်လာတာက သိပ်မကောင်းဘူးနော်။ နင် အဲဒီလိုလုပ်ရင် ငါ့တပည့်က နင့်ရဲ့ လက်ဖဝါးကို ရိုက်လိမ့်မယ်" သွေးမိစ္ဆာက သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ရာ သူမ၏ ဆံပင်များက သူမ၏ ပါးပြင်ဘေးတွင် ပျင်းရိပျင်းတွဲ ကျဆင်းနေလေသည်။

ချင်းယွမ်ဟု အမည်ရသော အမျိုးသမီးက သွေးမိစ္ဆာကို မျက်လုံးလှန်ပြလိုက်သည်၊ "နင့်တပည့်က ဒီနေ့ သူတော်စင် ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာလေ။ နင် သွားမကြည့်ဘူးလား"

"ဘာသွားကြည့်စရာ ရှိလို့လဲ" သွေးမိစ္ဆာက ကုတင်ဘေးရှိ သေရည်ဘူးသီးခြောက်ကို ကောက်ယူကာ သေရည်တစ်ငုံ သောက်လိုက်လေသည်၊ "အဲဒီကောင်လေးက နောက်ထပ် အချက်အနည်းငယ်လောက် ပိုခုတ်ပိုင်းဖို့ လိုအပ်သွားတာလောက်ကလွဲရင် ဘာမှမရှိပါဘူး"

...

ချင်းယွမ်၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး တစ်ခုခု ပြောချင်သော်လည်း သွေးမိစ္ဆာက အမှန်တရားကို ပြောနေခြင်းပင် ဖြစ်သည်။ ဒီနှစ်တွေတစ်လျှောက်လုံး ချင်းယွမ်က ရှောင်မိုကို အကြိမ်အနည်းငယ်သာ မြင်တွေ့ခဲ့ဖူးသော်လည်း သူ၏ အဆင့်ခွန်အားက တကယ်ကို သာမန်အသိတရားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

"ဆက်ပြောလေ၊ ဘာကိစ္စလဲ" သွေးမိစ္ဆာက သူမ၏ မေးစေ့ကို သုတ်လိုက်လေသည်။

"အင်း၊ အဓိကကိစ္စကို ငါ မေ့တော့မလို့ပဲ—"

သူမ လာရောက်ရသည့် ရည်ရွယ်ချက်ကို သတိရသွားပြီးနောက် ချင်းယွမ်က သူမ၏ ရင်ခွင်ထဲမှ စာတစ်စောင်ကို ကမန်းကတန်း ထုတ်ယူလိုက်လေသည်။

သွေးမိစ္ဆာက စာအိတ်ကို ယူလိုက်ပြီး ၎င်းကို ဖတ်ပြီးနောက် သူမ၏ မျက်မှောင်များ တင်းကျပ်စွာ တွန့်ချိုးသွားလေသည်—

နောက်ဆုံးတွင် သွေးမိစ္ဆာ၏ လက်ချောင်းထိပ်တွင် မီးတောက်တစ်ခု တောက်လောင်လာပြီး စာကို လုံးဝ ပြာကျသွားစေလေသည်၊ "ဒီကိစ္စက အမှန်ပဲလား"

"ငါလည်း မသိဘူး" ချင်းယွမ်က ခေါင်းယမ်းလိုက်သည်၊ "ဒီကိစ္စသာ အမှန်ဆိုရင် အနောက်ဘက်ဒေသတင် မကဘူး၊ ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်"

သွေးမိစ္ဆာက သူမ၏ ပါးလွှာသော နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်၊ "နင် ထပ်ပြီး စုံစမ်းကြည့်လိုက်ဦး။ ငါလည်း စုံစမ်းကြည့်မယ်။ အဲဒီအခြေအနေအထိ တကယ် ရောက်လာခဲ့ရင်တော့—"

စကားအဆုံးသို့ ရောက်သောအခါ သွေးမိစ္ဆာက ပါးစပ်ကို ပိတ်လိုက်ရာ သူမ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။

"မလောပါနဲ့ဦး။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်လေ။ ငါတို့ သတိထားရမယ်" ချင်းယွမ်က နှစ်သိမ့်လိုက်လေသည်။

"ငါ သိပါတယ်၊ ငါက စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ကောင်မလေးတစ်ယောက်မှ မဟုတ်တာ" သွေးမိစ္ဆာက ပြောလိုက်လေသည်။

ချင်းယွမ်၏ မျက်ခုံးများ တွန့်ခနဲ ဖြစ်သွားပြီး သူမ၏ မျက်နှာအမူအရာက "နင်က စိတ်လိုက်မာန်ပါ မလုပ်တတ်ဘူးဆိုရင် ဘယ်သူက လုပ်မှာလဲ" ဟု ဆိုနေသည့်အလား ပေါက်နေလေသည်။

"ဒါနဲ့၊ နင် ရောက်လာတုန်းလေး ငါ့ကို အကူအညီတစ်ခုလောက် ပေးပါလား" သွေးမိစ္ဆာက အပြုံးသဲ့သဲ့လေးဖြင့် ပြောလိုက်လေသည်။

"ဘာအကူအညီလဲ"

"ငါ့ကို ဓားတစ်လက်လောက် သွန်းလုပ်ပေးပါ"

"ဓား ဟုတ်လား။ ဟိုကောင်လေးအတွက်လား"

"အင်း" သွေးမိစ္ဆာက ခေါင်းညိတ်လိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ ပုံကြမ်းကို ဆွဲထုတ်ကာ ချင်းယွမ်ထံသို့ ကမ်းပေးလိုက်လေသည်။

ပုံကြမ်းကို ကြည့်လိုက်သောအခါ ချင်းယွမ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူမက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်၊ "သွေးမိစ္ဆာ၊ ဒီဓားက တကယ်ကော သွန်းလုပ်လို့ ရနိုင်ပါ့မလား။ နင် ရူးနေပြီလား"

"ဘာများ အရေးကြီးလို့လဲ" သွေးမိစ္ဆာ၏ မျက်လုံးများက လခြမ်းပုံစံ ကွေးညွတ်သွားလေသည်၊ "ဘာပဲဖြစ်ဖြစ် ငါ အသက်ရှင်ဖို့ နှစ်သိပ်များများ မကျန်တော့ပါဘူး။ ဒီဓားကို သူ့အတွက် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်လို့ပဲ မှတ်ယူလိုက်ပါ"

...

"နင် ကူညီမှာလား၊ မကူညီဘူးလား။ မကူညီဘူးဆိုရင် ငါ့ဘာသာငါ လုပ်မယ်"

"နင်—"

ချင်းယွမ်က စကားပြောရန် တုံ့ဆိုင်းသွားလေသည်။

သို့သော် နောက်ဆုံးတွင် ချင်းယွမ်က သက်ပြင်းချလိုက်ပြီး ပုံကြမ်းကို သိမ်းဆည်းလိုက်လေသည်၊ "နားလည်ပါပြီ။ ဒီဓားရဲ့ နာမည်က ဘာလဲ"

"နာမည်လား..."

သွေးမိစ္ဆာက ခေတ္တမျှ စဉ်းစားလိုက်လေသည်။

"မင်စွန်း လို့ပဲ ခေါ်ကြတာပေါ့"

All Chapters