← Chapters

အခန်း (၈၄၁-၈၄၂)

Vol. 85 Ch. 841-842

အခန်း (၈၄၁-၈၄၂)

Vol. 85 Ch. 841-842

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၁ + ၈၄၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထို့နောက် သမီးဖြစ်သူ တုရှောင်သည် ခေါင်းမော့ကာ ဖခင်ဖြစ်သူ တုပိုင်အား ကြည့်လျက် ပြောလိုက်၏။

"ဖေဖေ... သမီးအရင်က စုဆောင်းထားခဲ့တဲ့ စွမ်းဆောင်ရည်ရမှတ်တွေရှိတယ်။ အဲဒါက ဖေဖေ ဒီနယ်မြေထဲမှာ နှစ်နှစ်လောက် စားဝတ်နေရေးအတွက် လုံလောက်ပါတယ်။ အဲဒီနှစ်နှစ်အတွင်းမှာ ကျန်းမာရေးကို ဂရုစိုက်ပြီး အလုပ်တစ်ခုရှာလုပ်နော်။ ဖေဖေ အသက်ရှင်အောင် ကောင်းကောင်းနေပြီး မေမေ့ကို သွားရှာပေးပါ။ သမီး မသေခင် ဖေဖေ သတိရလာတာကို မြင်တွေ့ခွင့်ရလိုက်တာကပဲ ဘုရားသခင်က သမီးကို ကယ်မသနားလိုက်တာပါပဲ။ သမီး အရမ်းကို ကျေနပ်နေပါပြီ။"

သူမသည် တုပိုင်အား ပြုစုစောင့်ရှောက်လာခဲ့သည်မှာ အသားကျနေပြီဖြစ်ရာ ယခုကဲ့သို့ အချိန်မျိုးတွင်ပင် ဖခင်ဖြစ်သူကို ကာကွယ်ပေးရန်နှင့် ရှေ့ဆက်ရမည့်ဘဝအတွက် ကြိုတင်စီစဉ်ပေးရန် အလိုအလျောက် တွေးတောနေဆဲ ဖြစ်လေသည်။

သို့သော် တုပိုင်မှာမူ သူ့အသည်းနှလုံးနှင့်တူသော သမီးငယ်လေးကို ယခုမှပင် ပြန်လည်တွေ့ဆုံရကာစဖြစ်ရာ မည်သို့လုပ်၍ အဆုံးရှုံးခံနိုင်မည်နည်း။

အထူးသဖြင့် ဤကလေးမလေးမှာ အလွန်လှပကာ ချစ်စရာကောင်းရုံသာမက ဖြောင့်မတ်တည်ကြည်လွန်းလှသည် မဟုတ်ပါလော။

စိတ်သဘောထား ယုတ်မာသေးသိမ်သူ တစ်ယောက်ကို သတ်ဖြတ်ခဲ့မိသည့်အတွက် သူမ၏ အသက်ဖြင့် ပြန်လည်ပေးဆပ်ရန်ပင် ပြင်ဆင်ထားသည်။ ငယ်စဉ်ကတည်းက သူမ မည်သို့သော သွန်သင်ဆုံးမမှုမျိုးကို ရရှိခဲ့သနည်း။

တုပိုင် သမီးဖြစ်သူ၏ နဖူးလေးအား နမ်းရှိုက်လိုက်ပြီးနောက် အမျိုးသမီးခေါင်းဆောင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုတဲ့ ဥပဒေက ဘယ်ကလာတာလဲ။"

အမျိုးသမီးခေါင်းဆောင်က ဖြေလာ၏။ "ထိုက်ခန်အင်ပါယာကလေ။"

တုပိုင် ထိုအမည်နာမကို ကြားရသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်လေသည်။ ဤနေရာသည်ကား ခေတ်သစ်ကမ္ဘာမြေကြီး ဖြစ်၏။ ထိုက်ခန်အင်ပါယာဟူ၍ မည်သည့်နေရာက ရောက်လာသည်နည်း။

အမျိုးသမီးခေါင်းဆောင်က ရှင်းပြသည်။ "ဧကရာဇ်ထိုက်ခန်ရဲ့ အမိန့်တော်အရ ဘယ်နယ်မြေမှာမဆို အားနည်းသူတွေကို အနိုင်ကျင့်ခွင့် မရှိဘူး။ သိုင်းပညာ ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ စွမ်းဆောင်ရည်ရမှတ်တွေ ဘယ်လောက်ပဲ များပြားနေပါစေ အကြောင်းမဲ့သက်သက် သူတောင်းစားတစ်ယောက်ကို သတ်မိရင်တောင် ဘယ်စစ်သည်မဆို ကြိုးပေးခံရမှာပဲ။"

"လူသားယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများကို မသေနိုင်တဲ့ ဖုတ်ကောင်တွေ ကြီးစိုးသွားကြပြီ။ ငါတို့တွေက ဧကရာဇ်ထိုက်ခန်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာမို့လို့သာ အသက်ရှင်ရပ်တည်နိုင်ကြတာ။ ဒီဥပဒေက ထိုက်ခန်အင်ပါယာရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒီဥပဒေသာ ပျက်ယွင်းသွားခဲ့ရင် ထိုက်ခန်အင်ပါယာ တစ်ခုလုံးရဲ့ စည်းမျဉ်းစည်းကမ်းဆိုတာလည်း ရှိလာတော့မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် အားနည်းတဲ့ လူသားတွေအားလုံး ဝက်တွေ၊ ခွေးတွေလို သတ်ဖြတ်ခံရပြီး လူသားယဉ်ကျေးမှုရဲ့ နောက်ဆုံးအလင်းရောင်လေးပါ လုံးဝ ပျက်သုဉ်းသွားလိမ့်မယ်။"

ထို့နောက် အမျိုးသမီးခေါင်းဆောင်က ဆက်ပြောလာ၏။ "တုရှောင်က ရွှီရွှီကို သတ်လိုက်တယ်ဆိုတာ လူတိုင်းသိကြတယ်။ သူသာ ဥပဒေအရ အပြစ်ပေးမခံရဘူးဆိုရင် ငါ့နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ပျက်စီးသွားလိမ့်မယ်။ နောက်ဆိုရင် နယ်မြေထဲမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်။ ဒီလို ဖရိုဖရဲ ကပ်ဘေးကာလမျိုးမှာ ပြင်းထန်တဲ့ ဥပဒေတွေ ပိုပြီးတော့တောင် လိုအပ်သေးတယ်။"

ကပ်ဘေးကာလများတွင် ပြင်းထန်သော ဥပဒေများကိုသာ အသုံးပြုရမည်ဖြစ်၏။ ဤသည်ကား ချိုးဖောက်၍မရနိုင်သော အမှန်တရားတစ်ခုပင် ဖြစ်လေသည်။

အတိုင်းအတာတစ်ခုအထိ ဤအချက်မှာ လုံးဝကို မှန်ကန်နေပေသည်။

နယ်မြေအတွင်း၌ လူသတ်လျှင် အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဟူသော ဥပဒေကို တိကျပြတ်သားစွာ အကောင်အထည်ဖော်ခြင်းကသာလျှင် လူများကို လုံခြုံမှုရှိစေပြီး တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိပေသည်။

အကယ်၍ တုပိုင်သာ ခေါင်းဆောင်ဖြစ်လျှင် ဤဥပဒေကို သေချာပေါက် ပြဋ္ဌာန်းမည် ဖြစ်၏။

သို့သော် ယခုအချိန်တွင်မူ ထိုသို့ အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည့်သူမှာ သူ၏သမီးလေး ဖြစ်နေ၏။

အမျိုးသမီးခေါင်းဆောင်က ဆက်ပြောလေသည်။ "ထိုက်ခန်အင်ပါယာကို အင်အားကြီးတဲ့ ရန်သူတွေ ဝန်းရံထားကြတယ်။ မသေမျိုး ဖုတ်ကောင် မျိုးနွယ်စုတွေ၊ မျိုးဗီဇပြောင်း သားရဲတွေ၊ ရုပ်သေးမဟာမိတ်အဖွဲ့တွေနဲ့ အိပ်မက်ဆိုး မျိုးနွယ်စုတွေ ရှိနေတယ်။ တကယ်လို့ ဥပဒေစိုးမိုးမှုသာ မတင်းကျပ်ဘူးဆိုရင်... ရန်သူတွေက လာတိုက်စရာတောင် မလိုဘဲ အင်ပါယာတစ်ခုလုံး အလိုလို ပြိုကွဲသွားလိမ့်မယ်။ အဲဒီလိုအချိန်မျိုး ရောက်လာခဲ့ရင် ဒီအင်ပါယာအောက်မှာ ခိုလှုံနေကြတဲ့ သောင်းနဲ့သိန်းနဲ့ချီတဲ့ လူတွေအားလုံး မြေမြှုပ်စရာ နေရာတောင်မရှိဘဲ သေပွဲဝင်ကြရလိမ့်မယ်။"

တုပိုင် မေးလိုက်၏။ "ကမ္ဘာမြေရဲ့ အရင်အစိုးရကရော ဘယ်ရောက်သွားလဲ။"

အမျိုးသမီးခေါင်းဆောင်က ပြန်ဖြေလေသည်။ "ပျက်သုဉ်းသွားတာ ကြာပြီပေါ့။ ကမ္ဘာပျက်ကပ်ကြီး စဖြစ်ပြီး တစ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်က နိုင်ငံအများစု ပျက်စီးသွားခဲ့ကြတယ်။ ထိုက်ခန်အင်ပါယာက လူသားတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။"

တုပိုင် အလွန်အမင်း စိတ်ရှုပ်ထွေးသွားရ၏။

၂၁ ရာစု၏ ခေတ်သစ် ကမ္ဘာ့ယဉ်ကျေးမှုကြီးမှာ အလွန်တရာ အင်အားကြီးမားလှပေသည်။ မည်သည့်အတွက်ကြောင့် တစ်နှစ်ပင် မခံဘဲ ပျက်သုဉ်းသွားရပါသနည်း။

ထို့အပြင် နျူကလီးယားစစ်ပွဲများ ဖြစ်ပွားခဲ့သည်မှာလည်း သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ ပြင်းထန်သော ရေဒီယိုသတ္တိကြွမှုများ ရှိနေဆဲဖြစ်သောကြောင့်ပင်။

ထို့ပြင် ထိုက်ခန်အင်ပါယာက မည်သို့သော အင်အားစုမျိုးနည်း။ ထိုက်ခန်အင်ပါယာ၏ နယ်မြေက မည်မျှ ကြီးမားသနည်း။ ဤဧကရာဇ်ထိုက်ခန်ဆိုသည်မှာကော မည်သူနည်း။

ဤနက်နဲဆန်းကြယ်မှုများမှာမူ အဖြေရှာမရနိုင်သေးပေ။

သို့သော် ယခုအချိန်က ထိုမေးခွန်းများကို တွေးတောနေရမည့်အချိန် မဟုတ်ချေ။ တုပိုင်ယခု အဖြေရှာရမည်မှာ သူ၏ သမီးလေးကို မည်သို့ ကယ်တင်ရမည်နည်း ဆိုသည်သာ ဖြစ်လေသည်။

အင်အားသုံးပြီး သမီးဖြစ်သူကို လုယူထွက်ပြေးရမည်လော။

ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။ တုပိုင်မှာ သတိရလာကာစသာ ရှိသေးပြီး သူ၏ ကြွက်သားများမှာ အားနည်းနေသဖြင့် ပြေးရန်အတွက် ခက်ခဲနေသေး၏။

အမျိုးသမီးခေါင်းဆောင်က မျက်လုံးများ နီရဲလျက် ရင်ဖွင့်လာသည်။ "ငါ့မှာ ကလေးမရှိဘူး။ တုရှောင်က ငါ့ရဲ့ အကောင်းဆုံး တပည့်ပဲ။ သူ့ကို ငါ့ရဲ့ဆက်ခံသူအဖြစ် သတ်မှတ်ထားတာ။ သူ့ကို ကြိုးပေးရမှာက ငါ့အတွက်...။"

တုပိုင် ထောက်ပြလိုက်၏။

"ရွှီရွှီက အရင်အမှားလုပ်ခဲ့တာလေ။ ရှောင်ရှောင်က မတော်တဆ သတ်မိသွားတာပါ။ တရားရုံးမှာ အမှုပြန်စစ်ပြီး ပြန်လည်ဆုံးဖြတ်လို့ မရဘူးလား။ ကမ္ဘာပျက်ကပ်ကြီး မဖြစ်ခင်ကဆိုရင် ဒီလိုအမှုကို သေဒဏ်ပေးမှာ မဟုတ်ဘူးလေ။"

အမျိုးသမီးခေါင်းဆောင်က တုံ့ပြန်လိုက်သည်။

"မစ္စတာတု... ဒီလို အသေးစိတ်အချက်အလက်တွေကို စစ်ဆေးဖို့အတွက် ငါတို့မှာ တရားရုံးရှိတယ်လို့များ ရှင် ထင်နေတာလား။"

ဟုတ်ပေသည်။ မရှိချေ။

ယခုအချိန်ကား ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသော အချိန်ဖြစ်သည်။ လူတိုင်းသည် အသက်ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေကြရပြီး သန့်ရှင်းသော သောက်ရေနှင့် အစားအစာ ရရှိရန်အတွက် အစွမ်းကုန် ကြိုးစားနေကြရသည်။ ဥပဒေအကြောင်း လေ့လာနေရန် မည်သူ့တွင်မှ အချိန်မရှိပေ။ မည်သူကမျှလည်း အသေးစိတ်အချက်အလက်များကို ဂရုစိုက်နေမည် မဟုတ်ချေ။

တင်းကျပ်သော ဥပဒေများကိုသာ အသုံးပြုနိုင်သောကြောင့် မသေချာမရေရာသော မီးခိုးရောင်နယ်ပယ်ဟူ၍ မရှိဘဲ အဖြူ သို့မဟုတ် အမည်း နှစ်မျိုးတည်းသာ ရှိလေသည်။

တုရှောင် ရင်ဖွင့်လာ၏။

"ဖေဖေ... သမီး မသေချင်ပါဘူး။ သမီး ဖေဖေနဲ့အတူ နေချင်တယ်။ ဒါပေမဲ့ သမီး သေရမှာကိုလည်း မကြောက်ပါဘူး။ သမီး သူ့ကို သတ်ပြီးတာနဲ့ ထွက်ပြေးလို့ ရပါတယ်။ ခေါင်းဆောင်နဲ့ ကင်းလှည့်စစ်သားတွေ အကုန်လုံးကလည်း သမီးကို တမင်တကာ ထွက်ပြေးခွင့် ပေးခဲ့ကြတာပါ။"

"ဒါပေမဲ့... သမီး မပြေးခဲ့ဘူး။ ဒီနေရာက သမီးတို့ရဲ့ အိမ်ပဲ... လူသားတွေအတွက် မျှော်လင့်ချက်ပဲ။ တကယ်လို့ သမီး လူသတ်ထားတာကို အသက်နဲ့ ပြန်မပေးဆပ်ရဘူးဆိုရင် လူမှုအသိုင်းအဝိုင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံး ပျက်စီးသွားလိမ့်မယ်။ သမီး အသက်ရှင်ဖို့အတွက် အဲဒီလောက် ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ရမယ်ဆိုရင်... သမီး သေသွားတာကမှ ပိုကောင်းပါလိမ့်မယ်။"

တုပိုင် သူ၏သမီးလေးကို ကြည့်လိုက်၏။

သူမ၏ လှပပိန်ပါးသော မျက်နှာလေးပေါ်တွင် ခေါင်းမာမှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ ပြည့်နှက်နေလေသည်။

တုပိုင် ရင်ကွဲမတတ် ခံစားလိုက်ရ၏။ "ဖေဖေ့ရဲ့ သမီးမိုက်လေးရယ်..."

ထို့နောက် သူက အမျိုးသမီးခေါင်းဆောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ထိုက်ခန်အင်ပါယာရဲ့ ဥပဒေဘောင်အတွင်းကနေ ကျွန်တော့်သမီးကို သေဒဏ်ကနေ ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုရော မရှိဘူးလား။"

တုပိုင် ကမ္ဘာကြီးနှင့် စာပေယဉ်ကျေးမှုကို ကယ်တင်ရန်အတွက် ခေတ်သစ်ကမ္ဘာမြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤထိုက်ခန်အင်ပါယာမှာ စည်းစနစ်ကျနပြီး ဤမြေပေါ်ရှိ နောက်ဆုံးကျန်ရစ်သော လူသားယဉ်ကျေးမှုများအနက်မှ တစ်ခုဖြစ်ပုံရ၏။

သံသယဖြစ်ဖွယ်ရာများ ပြည့်နှက်နေသော်လည်း မျှော်လင့်ချက်များလည်း ရှိနေပေသည်။ ထို့ကြောင့် ထိုက်ခန်အင်ပါယာ၏ ဥပဒေဘောင်အတွင်းမှ သမီးဖြစ်သူကို ကယ်တင်နိုင်မည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

အမျိုးသမီးခေါင်းဆောင်က ဖြေလေ၏။ "ရှိတယ်။ ဒါပေမဲ့... အဲဒါက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ။"

တုပိုင် မေးလိုက်၏။ "ဘာများလဲ။"

အမျိုးသမီးခေါင်းဆောင်က တုံ့ပြန်၏။ "အက်စ်(S) အဆင့် စွမ်းဆောင်ရည်ရမှတ်။"

တုပိုင် ဆက်မေးလိုက်၏။

"အတိအကျလေး ပြောပြပါလား။"

အမျိုးသမီးခေါင်းဆောင်က ရှင်းပြလေသည်။

"အရေအတွက်နဲ့ ပြောရရင် လူအယောက်တစ်ထောင်ရဲ့ အသက်ကို ကယ်တင်နိုင်ရင် လူတစ်ယောက်ကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးနိုင်တယ်လို့ ဆိုလိုတာပဲ။ ပိုပြီး တိတိကျကျ ပြောရရင်... အက်စ်အဆင့် မစ်ရှင်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ရင် သေဒဏ်ကင်းလွတ်ခွင့် တစ်ကြိမ် ရနိုင်တယ်။ ဒါကလည်း ထိုက်ခန်အင်ပါယာရဲ့ ဥပဒေတွေထဲမှာ ပြဋ္ဌာန်းထားတာပဲ။"

တုပိုင် စူးစမ်းလိုက်သည်။ "ဒါဆို ခင်ဗျားတို့ နယ်မြေမှာ အခု ဘယ်လို အက်စ်(S) အဆင့် မစ်ရှင်တွေ ရှိလဲ။"

အမျိုးသမီးခေါင်းဆောင်က ငြင်းဆန်လိုက်သည်။ "ငါ့နယ်မြေမှာ အက်စ်(S) အဆင့် မစ်ရှင်တွေ ထုတ်ပြန်ခွင့် လုံးဝ မရှိဘူး။ မြို့စားမင်းဆီမှာပဲ အဲဒီအာဏာ ရှိတာ။"

မြို့စားမင်းလော။ မည်သို့သော ရာထူးမျိုးနည်း။

အမျိုးသမီးခေါင်းဆောင်က ရှင်းပြသည်။ "ငါတို့ရဲ့ မေပယ်ရွက်နယ်မြေက ပင်းရှီးမြို့ရဲ့ လက်အောက်မှာ ရှိတယ်။ ပင်းရှီးမြို့စားမင်းက မိုင်ရာနဲ့ချီ ကျယ်ဝန်းတဲ့ ပိုင်နက်အတွင်းမှာရှိတဲ့ နယ်မြေပေါင်း ဒါဇင်နဲ့ချီပြီး အုပ်ချုပ်နေတာ။"

တုပိုင် ထပ်မေးလိုက်၏။ "ဒါဆို ပြောပြပါဦး... အဲဒီ ပင်းရှီးမြို့ဆိုတာ ကမ္ဘာပျက်ကပ်ကြီး မဖြစ်ခင်က ဘယ်နေရာလဲ။"

အမျိုးသမီးခေါင်းဆောင်က ဖြေကြားလာ၏။ "ကျန်းရှီးပြည်နယ် ယွီရှန်းစီရင်စုခွဲ အလယ်ပိုင်း၊ ကျဲ့ကျန်းပြည်နယ် ကိုင်ဟွာစီရင်စုခွဲ၊ ချန်ရှန်းစီရင်စုခွဲနဲ့ ကျန်းရှန်းမြို့တွေ ပါဝင်တယ်။ အကြမ်းဖျင်းအားဖြင့် စီရင်စုခွဲ နှစ်ခုခွဲလောက် ကျယ်ဝန်းပြီး စတုရန်းကီလိုမီတာ ၅,၀၀၀ ကျော်လောက် ရှိတယ်။"

တုပိုင် ဤနေရာကို သိလေသည်။

တုပိုင် စပ်စုလိုက်၏။ "ဒါဆို အခု ပင်းရှီးမြို့စားမင်းက ဘယ်လို အက်စ်အဆင့် မစ်ရှင်တွေ ထုတ်ပြန်ထားလဲ။"

အမျိုးသမီးခေါင်းဆောင်က ပြောပြလေသည်။ "ရှိတယ်... အမည်မသိ မိစ္ဆာတစ်ကောင်ကို သတ်ရမယ့် မစ်ရှင်။ ဒီမိစ္ဆာက နယ်မြေနှစ်ခုက လူအယောက်တစ်ထောင်ကို သတ်ဖြတ်ခဲ့ပြီးပြီ။ မြို့စားမင်းက ဒီမသေမျိုးမိစ္ဆာကို လိုက်လံနှိမ်နင်းဖို့ တပ်ဖွဲ့သုံးဖွဲ့ လွှတ်ခဲ့ပြီးပြီ။ အဆင့်မြင့်စစ်သည် အယောက်နှစ်ဆယ်လောက် သွားခဲ့ကြပြီးပြီ။"

တုပိုင် မေးမြန်းလိုက်၏။ "အဲဒါ ဘယ်လိုမိစ္ဆာမျိုးလဲ။"

အမျိုးသမီးခေါင်းဆောင်က ဖြေ၏။ "ငါလည်း မသိဘူး။ ဒါပေမဲ့ သူက နယ်မြေနှစ်ခုက လူအယောက်တစ်ထောင်ကို သတ်သွားတဲ့အချိန်မှာ ဘာအသံမှ မထွက်ခဲ့သလို၊ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက် တစ်ခုမှလည်း မကျန်ခဲ့ဘူး။ အဲဒီလူတွေအကုန်လုံး တစ်ညတည်းနဲ့ သေဆုံးသွားခဲ့ကြတာ။ ရုန်းကန်ထားတဲ့ လက္ခဏာတွေလည်း မရှိဘူး။"

"ဒါပေမဲ့ သေသွားတဲ့သူတိုင်းရဲ့ မျက်နှာပေါ်မှာ အရမ်းကို ကြောက်ရွံ့နေတဲ့ ပုံစံတွေ ပေါ်လွင်နေပြီး မျက်စိ၊ နား စတဲ့ အပေါက်ခုနစ်ပေါက်ကနေ သွေးတွေထွက်ပြီး သေဆုံးသွားကြတာ။ သူတို့ရဲ့ မျက်နှာတွေကလည်း လူတစ်ယောက်ရဲ့ မျက်နှာလို့တောင် မထင်ရလောက်အောင် ပုံပျက်ပန်းပျက် ဖြစ်နေကြတယ်။ သူ့ပုံပန်းသဏ္ဍာန်က ဘယ်လိုမျိုးလဲ၊ ဘယ်လိုမိစ္ဆာမျိုးလဲ၊ အဲ... ဘယ်လို မျိုးနွယ်စုကလဲဆိုတာကိုတောင် ငါတို့ မသိရဘူး။"

ဤမျှအထိပင် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်လော။

အမျိုးသမီးခေါင်းဆောင်က ဆက်ပြောသည်။

"အဲဒီနယ်မြေနှစ်ခုမှာ အဆင့် (၉) စစ်သည် သုံးယောက်၊ အဆင့် (၈) စစ်သည် ဆယ်ယောက်ကျော်နဲ့ အဆင့် (၇) စစ်သည် အယောက်နှစ်ဆယ်လောက် ရှိတယ်။ ဒါပေမဲ့ ဘယ်လိုခုခံမှုမျိုးမှ မလုပ်နိုင်ဘဲ အကုန်လုံး အသတ်ခံလိုက်ရတာပဲ။ မြို့စားမင်း စေလွှတ်လိုက်တဲ့ အဆင့်မြင့်စစ်သည်တွေဆီကနေလည်း တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စွန်းတစ်စလေးတောင် ထွက်မလာခဲ့ဘူး။"

အဆင့် (၉) စစ်သည်ဆိုသည်မှာ မည်သို့သောအဆင့်အတန်းမှန်း တုပိုင် မသိသော်လည်း၊ ယခုအချိန်တွင် သူသည် အဆင့် (၀) စစ်သည်ပင် မဟုတ်ကြောင်းကိုမူ ကောင်းစွာ သိရှိထားလေသည်။

သူ၏ ခန္ဓာကိုယ်မှာ အကြောသေရောဂါမှ ယခုမှ နာလန်ထကာစသာ ရှိသေးပြီး အလွန်ပိန်ချုံးနေသဖြင့် ကီလိုဂရမ် ၂၀ သို့မဟုတ် ၃၀ ခန့် အလေးချိန်ရှိသော အရာကိုပင် မယူရန် မတတ်နိုင်ချေ။

ထို့ကြောင့် ဤအမည်မသိမိစ္ဆာမှာ သူ့အတွက်တော့ အလွန်တရာ အင်အားကြီးမားလွန်းနေပေသည်။

သို့သော် ထိုမိစ္ဆာက နယ်မြေနှစ်ခုမှ လူအယောက်တစ်ထောင်ကို တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့သည်ဆိုသော အချက်ကို ထောက်ရှုပါက၊ ယင်းသည် ပုံရိပ်ယောင်စွမ်းအင်ဖြင့် ဝိညာဉ်မိစ္ဆာအမျိုးအစားတစ်ခု ဖြစ်ဟန်တူပေသည်။

တုပိုင် မေးလိုက်၏။ "အဆင့် (၉) စစ်သည်ဆိုတာ ဘာလဲ။"

အမျိုးသမီးခေါင်းဆောင်က ဘာမှဆက်မပြောတော့ဘဲ လက်ကိုဆန့်ထုတ်ကာ နံရံပေါ်မှ အုတ်ခဲတစ်လုံးကို လက်ချည်းသက်သက်ဖြင့် ဖမ်းဆုပ်ကာ ညှစ်ချေလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ထိုအုတ်ခဲမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့၏။

ထို့နောက် သူမက တုတ်ခိုင်သော သံကြိုးတစ်ချောင်းကို လက်ဖြင့်ဆုပ်ကိုင်ကာ အားကုန်ဆွဲဖြတ်လိုက်သည်။

"ဖြန်းးး"

တုတ်ခိုင်လှသော သံကြိုးကြီးမှာ ချက်ချင်းပင် ပြတ်ထွက်သွားလေ၏။

တုပိုင် အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်မိသည်။

ဤမျှလောက်တောင် အင်အားကြီးမားရသလော။ ဤသည်ကား မည်သို့သော ထိတ်လန့်ဖွယ်ရာ ခွန်အားမျိုးနည်း။

ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက် (၁၅) နှစ်ကြာသည်အထိ လူသားများ မျိုးသုဉ်းမသွားသေးဘဲ ဤမျှ အင်အားကြီးမားသော အနေအထားအထိ ဆင့်ကဲပြောင်းလဲလာခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်တော့ချေ။

သို့သော် အခြားတစ်ဖက်မှ တွေးကြည့်မည်ဆိုလျှင် ဤမျှ အင်အားကြီးမားသော စစ်သည်များ ရှိနေပါလျက်နှင့်ပင်၊ ပင်းရှီးမြို့စားမင်း စေလွှတ်လိုက်သော ထိုအမည်မသိမိစ္ဆာကို လိုက်လံနှိမ်နင်းမည့် စစ်သည်ဒါဇင်ပေါင်းများစွာမှာ အားလုံး အသက်ပျောက်ခဲ့ကြရသည် မဟုတ်ပါလော။

သို့ဆိုလျှင် ထိုအမည်မသိမိစ္ဆာသည် မည်မျှအထိ အင်အားကြီးမားနေမည်နည်း။

တုပိုင် ဆက်မေးလိုက်သည်။ "အက်စ်အဆင့် မစ်ရှင်က ဒါတစ်ခုတည်းပဲ ရှိတာလား။"

အမျိုးသမီးခေါင်းဆောင်က ဖြေလေသည်။ "ဒါပေါ့။ နယ်မြေသခင်တစ်ယောက်အနေနဲ့ကတော့ အက်စ်အဆင့် မစ်ရှင်တွေ နည်းလေ ကောင်းလေပဲ။ မရှိရင်တောင် ပိုကောင်းသေးတယ်။ မဟုတ်ရင် အဲဒါက ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ်။"

ထို့နောက် အမျိုးသမီးခေါင်းဆောင်က ဆက်ပြောသည်။

"ပြီးတော့ ဒီမိစ္ဆာ ဖျက်ဆီးတာကို ခံလိုက်ရတဲ့ လန်ဟူနယ်မြေက ငါတို့နဲ့ မိုင် (၃၀) လောက်ပဲ ဝေးတာ။ လွန်ခဲ့တဲ့ (၁၅) ရက်ကမှ အဖျက်ဆီး ခံလိုက်ရတာ။ တစ်ညတည်းနဲ့ အသံတိတ်ပြီး အကုန်လုံး သေဆုံးသွားခဲ့ကြတာလေ။"

တုပိုင် သုံးသပ်မေးမြန်းလိုက်၏။ "နယ်မြေမြို့ရိုးပေါ်က ကင်းစောင့်တွေ ရန်သူကို အသေအလဲ ရင်ဆိုင်ရမယ့်အလား အသင့်ပြင်ထားကြတာရယ်... စခန်းထဲက လူတိုင်း မျှော်လင့်ချက်မဲ့နေတဲ့ ပုံစံတွေ ဖြစ်နေတာရယ်က... အဲဒီမိစ္ဆာကို ကြောက်နေကြလို့များလား။"

အမျိုးသမီးခေါင်းဆောင်က ဝန်ခံလိုက်၏။ "ဟုတ်တယ်။ ဒီမိစ္ဆာရဲ့ နောက်ထပ်ပစ်မှတ်က ငါတို့ မေပယ်ရွက်နယ်မြေ ဖြစ်ဖို့များတယ်။ ငါတို့က လန်ဟူနယ်မြေလောက်တောင် အင်အားမကြီးဘူး။ ဒါကြောင့် အဲဒီမိစ္ဆာက သူတို့ကို အသံတိတ် သတ်ဖြတ်နိုင်တယ်ဆိုမှတော့... ငါတို့ကိုလည်း သေချာပေါက် သတ်နိုင်မှာပဲ။"

ပို၍ ကြောက်စရာကောင်းသည်မှာ မည်သူကမျှ ထိုမိစ္ဆာ၏ မျက်နှာကို မမြင်ဖူးခဲ့ကြခြင်းပင် ဖြစ်သည်။

ထိုမိစ္ဆာ မည်သို့သော ပုံစံရှိသည်၊ မည်သို့သော စွမ်းရည်များ ရှိသည်ကို မည်သူကမျှ မသိကြပေ။ ဤကဲ့သို့သော အမည်မသိအရာတစ်ခုအပေါ် ထိတ်လန့်နေရခြင်းက ကြောက်မက်ဖွယ် အကောင်းဆုံးအရာပင် ဖြစ်သည်။

တုပိုင် အတည်ပြုလိုက်၏။ "ကျွန်တော် ဒီမိစ္ဆာကို သတ်ပြီး အက်စ်အဆင့် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်ရင်... ကျွန်တော့်သမီး ရှောင်ရှောင် အပြစ်ကင်းသွားပြီ မဟုတ်လား။"

အမျိုးသမီးခေါင်းဆောင်က အတည်ပြုပေး၏။ "ဟုတ်တယ်။"

တုပိုင် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ "ဒါဆို ကျွန်တော် ဒီ အက်စ်အဆင့် မစ်ရှင်ကို လက်ခံတယ်။ အဲဒီမိစ္ဆာ ဘယ်မှာလဲ... ကျွန်တော် သွားရင်ဆိုင်မယ်။"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံး လုံးဝ အံ့အားသင့်သွားကြလေသည်။

မစ္စတာတုမှာ အကြောသေရောဂါမှ ယခုမှ နာလန်ထကာစသာ ရှိသေးပြီး ကြက်တစ်ကောင်ကိုပင် နိုင်အောင် ဖမ်းနိုင်စွမ်း မရှိချေ။

အဆင့်မြင့်စစ်သည် အယောက်နှစ်ဆယ်ခန့် သွားခဲ့သော်လည်း အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြသည့်အပြင်... နယ်မြေနှစ်ခုမှ လူအယောက် ၁,၀၀၀ သည်လည်း အသံတိတ် အသတ်ခံခဲ့ရသည်။ ဤမျှ အင်အားကြီးမားသော မိစ္ဆာကို မစ္စတာတုက သွားသတ်မည်တဲ့လော။ သူ ရူးများ ရူးနေသည်လော။

တုပိုင် ဖွင့်ဟလိုက်၏။ "ဒါက စိတ်ကူးယဉ်ပုံပြင်တစ်ခုလို ဖြစ်နေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ ကျွန်တော် သွားကိုသွားရမယ်... ဘယ်သူမှ ကျွန်တော့်ကို တားလို့မရဘူး။"

သမီးဖြစ်သူ တုရှောင်က ဖခင်ဖြစ်သူကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် အဆုံးမဲ့ ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။

ဤသည်ကား သူမ၏ ဖခင်ပင် ဖြစ်ပေသည်။ သူမ စိတ်ကူးယဉ်ထားခဲ့သော ဖခင်ဖြစ်သူပုံရိပ်နှင့် တစ်ထပ်တည်းပင် ဖြစ်လေသည်။

မည်မျှပင် အားနည်းနေပါစေ... မည်မျှပင် အန္တရာယ်များနေပါစေ... သမီးဖြစ်သူအတွက်ဆိုလျှင် သူက တစ်ချက်လေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့ထွက်ကာကွယ်ပေးမည်။

တုရှောင်က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

"ဖေဖေ... သမီး တကယ်ပဲ ဖေဖေ့ကို မတားနိုင်တော့ဘူးလား။"

တုပိုင် တုံ့ပြန်လိုက်၏။ "သေချာတာပေါ့... သမီးအပေါ်ထားတဲ့ ဖေဖေ့ရဲ့ အချစ်တွေကို သမီး တားဆီးနိုင်လို့လား။"

တုရှောင် စိတ်အားထက်သန်စွာဖြင့် ဆိုလေသည်။ "ဒါဆိုရင် ဖေဖေ့အပေါ်ထားတဲ့ သမီးရဲ့ အချစ်တွေကိုလည်း ဖေဖေ တားဆီးလို့ရမှာ မဟုတ်ဘူး။ သမီးလည်း လိုက်မယ်... ဖေဖေနဲ့အတူတူ လိုက်မယ်။"

ထိုစဉ်... ထိုအချိန်လေးတွင်ပင် လေထုထဲမှ အလွန်တရာ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှနေ၍ တစ္ဆေတစ်ကောင်အလား လွင့်မျောလာခဲ့လေသည်။

"ဟားဟား... ငါ မင်းတို့ကို တွေ့ပြီ... ငါ မင်းတို့ကို တွေ့ပြီ။"

အလွန်တရာ အင်အားကြီးမားလှသော စွမ်းအင်အရှိန်အဝါတစ်ခုက နယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံကို ချက်ချင်း လွှမ်းခြုံသွားလေ၏။

တစ်ခဏအတွင်းမှာပင် လူတိုင်း ရေခဲရိုက်ခံထားရသကဲ့သို့ ဖြစ်သွားပြီး တုပိုင်အပါအဝင် ထိုနေရာရှိ လူအားလုံး၏ ခန္ဓာကိုယ်များမှာ လှုပ်ရှား၍မရနိုင်တော့လောက်အောင် အေးခဲတောင့်တင်းသွားရတော့သည်။

"ဟီးးး ဟီးးး ဟီးးး"

ထိုမိစ္ဆာက စူးရှကျောချမ်းဖွယ် ရယ်မောလိုက်၏။

ထို့နောက် တုပိုင် မြင်တွေ့လိုက်ရသည်မှာ သူ၏ ရှေ့မှောက်ရှိ လူများ၏ မျက်နှာများမှာ စတင်ပုံပျက်ပန်းပျက် ဖြစ်လာပြီး အလွန်အမင်း ကြောက်ရွံ့နေသည့် အမူအရာများ ပေါ်လွင်လာခြင်းပင် ဖြစ်သည်။ သူတို့၏ ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကာ သေဆုံးကြတော့မည် ဖြစ်၏။

ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီး အမှန်တကယ် ရောက်ရှိလာလေ၏။

လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ထိုထိတ်လန့်ဖွယ် မိစ္ဆာက အမှန်တကယ် ရောက်ရှိလာခြင်း ဖြစ်သည်။

"ဟားဟား... ငါ မင်းကို တွေ့ပြီ... ငါ မင်းကို တွေ့ပြီ..."

ထိုမိစ္ဆာ၏ ပစ်မှတ်မှာ အခြားသူမဟုတ်ဘဲ တုပိုင်ပင် ဖြစ်နေလေ၏။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၁ + ၈၄၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters