အခန်း (၈၄၃-၈၄၄)
Vol. 85 Ch. 843-844
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၃ + ၈၄၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကမ္ဘာပျက်ကပ်အပြီး ခေတ်သစ်ကမ္ဘာမြေ၏ အခြေအနေက တုပိုင်ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေ၏။ ယခုကဲ့သို့သော မိစ္ဆာမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့သလို ကြားပင် မကြားဖူးခဲ့ချေ။ ထိုမိစ္ဆာ၏ သတ်ဖြတ်ဟန်မှာ အလွန်တရာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ အသတ်ခံရသူများမှာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ လေထဲတွင် သွေးများပန်းထွက်ကာ မျက်နှာများ ပုံပျက်ပန်းပျက်ဖြင့် သေဆုံးသွားကြရ၏။
တုပိုင်သာမက ထိုနေရာရှိ လူအားလုံး၏ ခန္ဓာကိုယ်များပါ တောင့်တင်းအေးခဲသွားကြရသည်။ နယ်မြေတစ်ခုလုံးရှိ လူရာပေါင်းများစွာမှာလည်း အကြောက်တရားကြောင့် ကြက်သေသေနေကြရ၏။ လူတိုင်း၏ မျက်နှာထက်တွင် အဆုံးမဲ့ ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။ အဆိုးရွားဆုံးအချက်မှာ တုပိုင်ကိုယ်တိုင် ယခုအချိန်အထိ ထိုမိစ္ဆာ၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးခြင်းပင် ဖြစ်၏။
"အချစ်ရယ်... နောက်ဆုံးတော့ ရှင့်ကို ကျွန်မ ရှာတွေ့သွားပြီ။ နောက်ဆုံးတော့ ရှာတွေ့ပြီပေါ့။"
အမျိုးသမီးတစ်ဦး၏ အသံဖြစ်သော်ငြား ကမ္ဘာလောက အလွှာပေါင်းများစွာကို ဖြတ်သန်းလာရသကဲ့သို့ ပဲ့တင်ထပ်နေပြီး မူရင်းအသံကိုမူ သဲကွဲစွာ မကြားရချေ။
"အချစ်ရယ်... ကျွန်မ ရှင့်ကို လိုက်ရှာနေခဲ့တာ တကယ်ကို နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။"
ထိုအသံက ပို၍ နူးညံ့လာပြီး အချစ်ရူးရူးနေသည့်ဟန် ပေါက်နေ၏။
တုပိုင် မေးလိုက်၏။ "မင်း လူမှားနေတာလား။"
အမျိုးသမီးက ပြန်လည်ချေပ၏။ "ကျွန်မက ဘယ်လိုလုပ် လူမှားနိုင်မှာလဲ။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာလေ။ အချင်းချင်း စာလုံးရေ သုံးသိန်းခွဲကျော်တောင် စာတွေရေးခဲ့ကြပြီး အတူတူ ကလေးတစ်ယောက်တောင် ရခဲ့သေးတာပဲကို။ ရှင်က ကျွန်မ အချစ်ရဆုံးလူလေ။ ပိုင်... ကျွန်မက ဘယ်လိုလုပ် လူမှားနိုင်မှာလဲ။"
ထိုစကားများကြောင့် တုပိုင်ပင် တုန်လှုပ်သွားရလေသည်။ "ရန်ယဲ့ရှောင်လား။ မင်းလား။"
ပို၍ပင် မယုံကြည်နိုင်ဖြစ်သွားရသူကား တုရှောင်ပင်ဖြစ်သည်။ သူမ၏ လှပသော မျက်နှာလေးထက်တွင် သံသယများ ပြည့်နှက်သွားရ၏။
တုရှောင် တုန်ရီသော အသံဖြင့် မေးမြန်းလိုက်လေသည်။ "မေမေ... မေမေလားဟင်။"
ထိုမိစ္ဆာမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တုရှောင်အား စိုက်ကြည့်လာဟန်ရလေသည်။ ထို့နောက် သူမက နားလည်ရခက်သော လေသံဖြင့် ရေရွတ်၏။ "ဒီကောင်မလေးက ငါတို့ရဲ့ ကလေးလား... မဟုတ်ဘူး... သူ မဟုတ်ဘူး။"
ချက်ချင်းပင် သူမ၏ အသံက ရူးသွပ်စူးရှသွားကာ အော်ဟစ်လိုက်တော့၏။ "သူက ဘယ်သူလဲ... သူက ဘယ်သူလဲ။ ရှင်က ကျွန်မကိုပဲ ချစ်တယ်လို့ ကျိန်ဆိုထားပြီးတော့ တခြားမိန်းမနဲ့ ကလေးရထားတယ်ပေါ့လေ။ အားးးး အားးးး"
ထို့နောက် သူမမှာ ရူးသွပ်သွားပြီး စတင်သတ်ဖြတ်တော့လေသည်။ နယ်မြေအတွင်းရှိ လူများမှာ တစ်ယောက်ပြီးတစ်ယောက် မျက်နှာများ ပုံပျက်ပန်းပျက်ဖြစ်ကာ ဒွါရခုနစ်ပေါက်မှ သွေးများပန်းထွက်လျက် အသက်ပျောက်သွားကြရ၏။
"ဝုန်းးး ဝုန်းးး ဝုန်းးး"
ထိုအချိန်တွင် အပြင်ဘက်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာလေသည်။ ထို့နောက် လျှပ်စီးများ တဖျပ်ဖျပ် လက်လာပြီးနောက် မြေအောက်စခန်း တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားကာ မည်သူကမျှ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။
"မနက်ဖြန် မတိုင်ခင် ရေကန်ဆည်ရဲ့ သိုလှောင်ရုံမှာ လာတွေ့ပါ။ ရှင်သာ မလာဘူးဆိုရင် ရှင့်သမီးကို သတ်ပစ်မယ်... ပြီးတော့ ရှင့်နယ်မြေ တစ်ခုလုံးက လူတွေကိုလည်း အကုန်သတ်ပစ်မယ်။ ကျွန်မ ရှင့်ကို လိုက်ရှာနေခဲ့တာ ဆယ်နှစ်ကျော်နေပြီ။ ရှင့်ကိုများ မြင်မိသေးလားလို့ လူအများကြီးကို မေးခဲ့တယ်။ သူတို့အားလုံးက မမြင်ဘူးလို့ ပြောကြလို့... သူတို့ကို ကျွန်မ သတ်ပစ်လိုက်တယ်။ လူထောင်ပေါင်းများစွာကို ကျွန်မ သတ်ခဲ့ပြီးပြီ... သူတို့အားလုံးက ရှင့်ကို မမြင်ဘူးလို့ပဲ ပြောကြတယ်။"
သူမ၏ ရူးသွပ်စူးရှသော အသံကြီးက တုပိုင်၏ နားထဲတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့ပြီး တဖြည်းဖြည်း လွင့်ပျောက်သွားတော့သည်။
**--**--**--**--**--**--**--**
အမှောင်ထု ကင်းစင်သွားကာ အမြင်အာရုံများ ပြန်လည်ရရှိလာချိန်အထိ အားလုံး စောင့်ဆိုင်းလိုက်ကြ၏။ အစမှအဆုံးတိုင် တုပိုင်က သူမအား တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့လိုက်ရသော်လည်း ထိုမိစ္ဆာမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
တုပိုင် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ "ရှောင်ရှောင်... ရှောင်ရှောင်။"
သူ၏ သမီးလေး တုရှောင် ပျောက်ဆုံးသွား၏။ သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ရသည်မှာ တစ်နာရီပင် မပြည့်သေးသော်လည်း ယခုတော့ သူမ ပျောက်ကွယ်သွားခဲ့လေသည်။
တုပိုင်သာမက အမျိုးသမီးခေါင်းဆောင်ပါ နေရာအနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း နယ်မြေတစ်ခုလုံးတွင် တုရှောင်ကို မတွေ့ရတော့ချေ။ သိသာထင်ရှားစွာပင် သူမကို ထိုမိစ္ဆာက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ရမည်။
အမျိုးသမီးခေါင်းဆောင်က နယ်မြေတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ လူဒါဇင်ပေါင်းများစွာ သေဆုံးနေသည်ကို တွေ့လိုက်ရပြီး ကျန်ရစ်သူများမှာလည်း အထိတ်တလန့် ဖြစ်နေကြသည်။ ဤမိစ္ဆာမှာ အလွန်တရာ အင်အားကြီးမားလွန်းလှရာ နယ်မြေတစ်ခုလုံးအနေဖြင့် ပြန်လည်ခုခံရန် အင်အားအလျဉ်းမရှိခဲ့ချေ။
**--**--**--**--**--**--**--**
အမျိုးသမီးခေါင်းဆောင်က စိုးရိမ်တကြီး မေးမြန်းလာ၏။ "မစ္စတာတု... သူက ရှောင်ရှောင်ရဲ့ အမေလား။"
တုပိုင်မှာ ငြိမ်သက်စွာ ထိုင်နေမိပြီး လည်ချောင်းများ ခြောက်သွေ့ကာ နှုတ်ခမ်းများပင် ကွဲအက်နေလေသည်။ ထို့နောက် သူ ခေါင်းယမ်းလိုက်ကာ ဖြေကြား၏။ "ကျွန်တော် မသိဘူး။ ဒီကမ္ဘာမှာ ကျွန်တော်က ရှောင်ရှောင်ရဲ့ အမေနဲ့ပဲ ကလေးရခဲ့တာပါ။ ဒါပေမဲ့ သူက ရှောင်ရှောင်ရဲ့ အမေသာဆိုရင်... ကိုယ့်ကလေးကို ဘယ်လိုလုပ် သတ်မှာလဲ။"
သူ အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း နက်ရှိုင်းသော အတွေးနယ်လွန်ထဲသို့ ကျဆင်းသွားရလေသည်။
ထိုမိစ္ဆာက သူ၏ နာမည်ကို ခေါ်ခဲ့ပြီး သူ့ကို အချိန်အကြာကြီး ချစ်နေခဲ့ကြောင်း၊ တုပိုင်နှင့် ထိုမိစ္ဆာနှစ်ဦး ရေးသားခဲ့သော ချစ်သဝဏ်လွှာများမှာ စာလုံးရေ သုံးသိန်းခွဲကျော်ရှိကြောင်းနှင့် သူမတွင် ကိုယ်ဝန်ရှိခဲ့ကြောင်း ပြောဆိုသွားခဲ့၏။
ခေတ်သစ်ကမ္ဘာမြေတွင် တုပိုင်၌ မိန်းမများ ရေတွက်၍မရနိုင်လောက်အောင် ရှိခဲ့ဖူးသော်လည်း သူ အမှန်တကယ် ချစ်မြတ်နိုးခဲ့သည့် မိန်းမမှာ တစ်ယောက်တည်းသာ ရှိလေသည်။ ထိုသူမှာ ရန်ယဲ့ရှောင်ပင် ဖြစ်၏။
သူနှင့် ရန်ယဲ့ရှောင်တို့ အမှန်တကယ်ပင် ချစ်သဝဏ်လွှာ အများအပြား ရေးသားခဲ့ကြဖူးသည်။ သို့သော် ယခု သူ၏ရှေ့မှောက်သို့ ရောက်လာသော အမျိုးသမီးမှာ ရန်ယဲ့ရှောင်သာ ဖြစ်ခဲ့မည်ဆိုလျှင် သူမက တုရှောင်ကို မည်သို့လုပ်၍ သတ်ဖြတ်မည်နည်း။ ထို့အပြင် သူနှင့် ရန်ယဲ့ရှောင်တို့ ရေးသားခဲ့သော ချစ်သဝဏ်လွှာများမှာ စာလုံးရေ သုံးသိန်းခွဲအထိ မရှိခဲ့ချေ။
အမျိုးသမီးခေါင်းဆောင်က ထောက်ပြ၏။ "ဒါပေမဲ့ ဒီမိစ္ဆာက ရှင့်အတွက် ရောက်လာတာလေ။"
ဟုတ်ပေသည်။ သူမက တုပိုင်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ဤသည်ကား ပို၍ပင် ထူးဆန်းနေပေသည်။ စဉ်းစားကြည့်လျှင် တုပိုင်မှာ ယခုမှပင် သတိရလာခြင်းဖြစ်သော်လည်း ထိုမိစ္ဆာက သူ့အား ဆယ်နှစ်ကျော်ကြာအောင် လိုက်လံရှာဖွေနေခဲ့ကာ လူထောင်ပေါင်းများစွာကိုပါ သတ်ဖြတ်ခဲ့ပြီး ဖြစ်လေသည်။ အထူးဆန်းဆုံးအချက်မှာ တုပိုင် ယနေ့မှ သတိရလာခြင်းဖြစ်သော်ငြား သူမက တံခါးဝအထိ ချက်ချင်း ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်၏။
ဤသည်ကား ပုံမှန်မဟုတ်သော အခြေအနေတစ်ခုပင် ဖြစ်လေသည်။ ထို့ကြောင့် ဤမိစ္ဆာမှာ ရန်ယဲ့ရှောင် မဟုတ်နိုင်ကြောင်း တုပိုင် ခံစားလိုက်ရ၏။ ထိုမိစ္ဆာ မည်သူပင်ဖြစ်နေပါစေကာမူ တုရှောင်အား ကယ်တင်ရန်အတွက် တုပိုင်တွင် ထိုမိစ္ဆာအား သတ်ဖြတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာလမ်း မရှိတော့ချေ။ အကယ်၍ ဤမိစ္ဆာကိုသာ မသတ်ဖြတ်နိုင်ပါက ယင်းက တုပိုင်အား ရူးသွပ်စွာ ဆက်လက် နှောင့်ယှက်နေမည်ဖြစ်ပြီး လူများကိုလည်း ပိုမိုသတ်ဖြတ်လာမည် ဖြစ်၏။
သို့သော် ဤမိစ္ဆာမှာ အလွန်တရာ အင်အားကြီးမားပြီး ထူးဆန်းလွန်းလှပေသည်။ တုပိုင်သည် တာ့နင်အင်ပါယာရှိ ထိုဟင်းလင်းပြင်တွင်ပင် ဤသို့သော မိစ္ဆာမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ မျက်စိဖြင့် မမြင်ရသလို အမြင်အာရုံ၊ စိတ်အာရုံတို့ဖြင့်လည်း ရှာဖွေ၍မရနိုင်ပေ။ သတ်ဖြတ်ရန်ဆိုသည်ကား ဆိုဖွယ်ရာပင် မရှိတော့ချေ။
တုပိုင် စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။ "ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ။"
အမျိုးသမီးခေါင်းဆောင်က ချက်ချင်းပြန်ဖြေလာသည်။ "လင်းမိန်ပါ။"
တုပိုင် ရှင်းပြ၏။ "ကျွန်တော့်ရဲ့ အလိုအလျောက် သိစိတ်အရဆိုရင်တော့ ဒီမိစ္ဆာက ရှောင်ရှောင်ရဲ့ အမေ မဟုတ်ဘူး။ သူက ဘယ်သူလဲဆိုတာကို ကျွန်တော် တကယ် မသိတာပါ။ ကျွန်တော့်ဆီ ဘာလို့ ရောက်လာလဲဆိုတာကတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။ ဒါပေမဲ့ လျှပ်စီးကိုတော့ သူ ကြောက်နေပုံရတယ်လို့ ကျွန်တော် သဲ့သဲ့လေး ခံစားမိတယ်။"
မေပယ်ရွက်နယ်မြေ၏ အမျိုးသမီးခေါင်းဆောင် လင်းမိန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ သူက ရူးရူးမူးမူးနဲ့ လူတွေကို အသေသတ်နေခဲ့တာ။ ဒါပေမဲ့ လျှပ်စီးလည်း လက်လာရော သူ ထွက်ပြေးသွားတာပဲ။"
တုပိုင် ဆက်လက်စုံစမ်း၏။ "ဒါဆို နယ်မြေထဲမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့ လက်နက်တွေရော ရှိလား။"
အမျိုးသမီးခေါင်းဆောင်က ပြန်လည်အဆိုပြုလေသည်။ "ရှိတယ်။ ဂေါက်စ် ရိုင်ဖယ်တွေဆိုရင်ရော ရမလား။"
ထိုစကားကြောင့် တုပိုင် အံ့အားသင့်သွားရသည်။ 'ဒီကမ္ဘာမှာ ဂေါက်စ် ရိုင်ဖယ် ရှိတယ်ပေါ့လေ။'
ဂေါက်စ် ရိုင်ဖယ် ဆိုသည်မှာ အဘယ်နည်း။ ယင်းကား ကျည်ဆန်များကို ပစ်လွှတ်ရန် လျှပ်စစ်သံလိုက် အရှိန်မြှင့်လမ်းကြောင်းကို စွမ်းအင်အဖြစ် အသုံးပြုထားသော သေနတ်တစ်မျိုးပင် ဖြစ်သည်။ ပြောင်းဝမှ ထွက်ပေါ်လာသော ကျည်ဆန်၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး အသံထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လေသည်။
သို့သော် ဂေါက်စ် ရိုင်ဖယ်၏ အခက်ခဲဆုံးအပိုင်းမှာ လျှပ်စစ်စွမ်းအင် သိုလှောင်မှုပင် ဖြစ်၏။ ဤမျှ များပြားလှသော စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သည့် ဘက်ထရီမျိုး ယခင် ခေတ်သစ်ကမ္ဘာမြေတွင် လုံးဝ မရှိခဲ့ချေ။ သေချာသည်မှာ ဂေါက်စ် ရိုင်ဖယ်သည် တာ့နင်အင်ပါယာ၏ ကျောက်သလင်း မှော်လှံနှင့် အလွန်ဆင်တူနေဆဲပင် ဖြစ်လေ၏။
အမျိုးသမီးခေါင်းဆောင် လင်းမိန်က ရှင်းပြလာ၏။ "အစကတော့ ငါတို့ လူသားတွေက မသေမျိုး ဖုတ်ကောင်တွေနဲ့ မိစ္ဆာတွေကို ရှုံးနိမ့်နေခဲ့တာ။ ဒါပေမဲ့ ဂေါက်စ် ရိုင်ဖယ် ပေါ်လာလို့သာ စစ်ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့တာပဲ။"
ဂေါက်စ် ရိုင်ဖယ်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး ရိုးရိုးသာမန်ရိုင်ဖယ်များထက် အဆပေါင်းများစွာ ပိုမိုအားပြင်းသည်။
တုပိုင် စအလျင်စလို မေးလိုက်၏။ "အခု နယ်မြေထဲမှာ ဂေါက်စ် ရိုင်ဖယ် ရှိလား။"
အမျိုးသမီးခေါင်းဆောင် လင်းမိန်က ဖြေလိုက်သည်။ "ရှိတယ်... ဒါပေမဲ့ နှစ်လက်ပဲ ရှိတာ။ ဂေါက်စ် ရိုင်ဖယ်က အရမ်းကို အဖိုးတန်တဲ့ လက်နက်ပဲ။ သူ့ကို လဲလှယ်ရယူဖို့ဆိုရင် ထိုက်ခန်အင်ပါယာမှာ မြင့်မားတဲ့ စွမ်းဆောင်ရည်ရမှတ်တွေ လိုအပ်တယ်။ ငါတို့ နယ်မြေကလည်း ဒီဂေါက်စ် ရိုင်ဖယ် နှစ်လက်ကို အားကိုးပြီး မသေမျိုး မိစ္ဆာတွေရဲ့ တိုက်ခိုက်မှု အများအပြားကို တွန်းလှန်နိုင်ခဲ့တာ။"
တုပိုင် ထပ်ဆင့်မေးမြန်း၏။ "မေပယ်ရွက်နယ်မြေထဲမှာ အပြာရောင်ကျောက်သလင်း ရှိလား။ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ အပြာရောင်ကျောက်သလင်းမျိုးလေ။"
အမျိုးသမီးခေါင်းဆောင် လင်းမိန် ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေသည်။ "မရှိဘူး။ လျှပ်စစ်စွမ်းအင်အကြောင်း ပြောချင်တယ်ဆိုရင် ဂေါက်စ် ရိုင်ဖယ်ရဲ့ စွမ်းအင်အုပ်စုပဲ ရှိတာ။ ဒါပေမဲ့ သေချာတာတစ်ခုက ဂေါက်စ် ရိုင်ဖယ်က အဲဒီမိစ္ဆာအပေါ် အလုပ်မဖြစ်ဘူး။ ပြီးခဲ့တဲ့အကြိမ်က မြို့စားမင်းက အဲဒီမိစ္ဆာကို နှိမ်နင်းဖို့ အဆင့်မြင့်စစ်သည် ဒါဇင်ပေါင်းများစွာကို စေလွှတ်တုန်းက ဂေါက်စ် ရိုင်ဖယ် နှစ်လက် ပါသွားခဲ့ပေမဲ့ လုံးဝ ကျရှုံးသွားခဲ့လို့ပဲ။"
တုပိုင် အသေးစိတ် ရှင်းပြလိုက်၏။ "သေချာတာပေါ့... ဂေါက်စ် ရိုင်ဖယ်နဲ့ တိုက်ရိုက်ပစ်ခတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာက ကျည်ဆန်ပဲ ရှိသေးတာကိုး။ ကျွန်တော်က ဂေါက်စ် ရိုင်ဖယ်ရဲ့ လျှပ်စစ်စွမ်းအင်အုပ်စုကို ဖြုတ်ချပြီး တက်စလာ ကွိုင်အဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။ ဒါမှသာ ဧရိယာကျယ်ကြီးတစ်ခုအတွင်းမှာ လျှပ်စီးကြောင်းတွေ ဖန်တီးနိုင်ပြီး အဲဒီမိစ္ဆာကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်။"
အမျိုးသမီးခေါင်းဆောင် လင်းမိန်၏ မျက်လုံးများ အရောင်လဲ့သွား၏။ ဤအစီအစဉ်၏ ဖြစ်နိုင်ခြေမှာ အတော်လေး ရှိသည်။ သို့သော် ဂေါက်စ် ရိုင်ဖယ်များသည် အလွန်တရာ ဈေးကြီးပြီး အလွန်အရေးပါလှသည်။ တစ်ကြိမ် ဖြုတ်ချပြီးသွားပါက သူမ၏ နယ်မြေအင်အားဖြင့် ပြန်လည်တပ်ဆင်ရန် ခက်ခဲလှမည်ဖြစ်၏။ ဂေါက်စ် ရိုင်ဖယ်ကို ထိုက်ခန်အကြွေစေ့များဖြင့် ပြုပြင်ရသည်မှာလည်း အလွန်အမင်း ဈေးကြီးလှ၏။
လင်းမိန် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ချက်ချင်းပင် ထွက်သွားလေသည်။ "ကောင်းပြီ... ငါ ဂေါက်စ် ရိုင်ဖယ် သွားယူလိုက်ဦးမယ်။"
ဤအမျိုးသမီးသည် အလုပ်လုပ်ရာတွင် အမှန်တကယ် ပြတ်သားပြီး အနည်းငယ်မျှပင် တွန့်ဆုတ်မနေချေ။
ခဏအကြာတွင် သူမသည် ဂေါက်စ် ရိုင်ဖယ်တစ်လက်ကို ယူဆောင်လာသည်။ ထိုဂေါက်စ် ရိုင်ဖယ်မှာ အမှန်တကယ်ပင် ဧရာမလက်နက်ကြီးဖြစ်ပြီး အရှည် တစ်မီတာခန့်နှင့် အလေးချိန် ကီလိုဂရမ် ဆယ်ဂဏန်းကျော် ရှိလေသည်။ သေနတ်ပြောင်းမှာ အလွန်တုတ်ခိုင်ပြီး ကွိုင်ကြိုးများဖြင့် ပြည့်နှက်နေလျက်ရှိ၏။
ထို့နောက် လင်းမိန်သည် သူမ၏ လက်နှစ်ဖက်ဖြင့် အားကောင်းလှသော ခွန်အားကို အသုံးပြုကာ ဂေါက်စ် ရိုင်ဖယ်ကို တိုက်ရိုက်ဖြုတ်ချလိုက်ပြီး စွမ်းအင်အုပ်စုကို တုပိုင်ထံသို့ ပေးအပ်လိုက်သည်။
စွမ်းအင်အုပ်စု တစ်ခုလုံးကို အထူးသတ္တုစပ်ဖြင့် ဖုံးအုပ်ထားသောကြောင့် တုပိုင် စွမ်းအင်အုပ်စု၏ ဖွဲ့စည်းပုံကို မမြင်ရချေ။ ထိုစွမ်းအင်အုပ်စုမှာ တာ့နင်အင်ပါယာ၏ အပြာရောင်ကျောက်သလင်း စွမ်းအင်ကိရိယာနှင့် တူ၊ မတူ ဆိုသည်ကိုမူ သူ မသိနိုင်ပေ။ သို့သော် အချိန်ကုန်လွန်နေပြီဖြစ်ရာ တုပိုင်တွင် ဤစွမ်းအင်အုပ်စုကို ဖြုတ်ချစစ်ဆေးနေရန် အချိန်မရှိတော့ချေ။
ထိုမိစ္ဆာသည် မနက်ဖြန် မတိုင်မီ တုပိုင်အား ရေကန်ဆည်၌ လာရောက်တွေ့ဆုံရန် ချိန်းဆိုထားသည်။ ထိုသို့မဟုတ်ပါက သမီးဖြစ်သူ တုရှောင်ကို အမှန်တကယ် သတ်ဖြတ်ပစ်မည့်အပြင် မြေအောက်စခန်းရှိ လူများကိုပါ သတ်ဖြတ်ပစ်မည် ဖြစ်၏။
သူမ နောက်ပြောင်နေခြင်း မဟုတ်သည်မှာ သေချာလှသည်။ သူမ၏ အသံထဲရှိ အလွန်အမင်း ရူးသွပ်နေမှုများကို တုပိုင် အတိုင်းသား ကြားနိုင်ခဲ့သည်။
ထို့နောက် တုပိုင် မေပယ်ရွက်နယ်မြေရှိ ပစ္စည်းများကို အသုံးပြုကာ တက်စလာ ကွိုင်ကိရိယာကို တည်ဆောက်ရန် အပြင်းအထန် ကြိုးပမ်းတော့လေ၏။ ဤကိရိယာမှာ မရှုပ်ထွေးသော်လည်း ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက်ပိုင်းတွင် လိုအပ်သော ပစ္စည်းအမျိုးမျိုးကို ရှာဖွေရန်မှာ အလွန်ခက်ခဲလှပေသည်။
ခေါင်းဆောင် လင်းမိန်၏ ပူးပေါင်းကူညီမှုဖြင့် သူတို့သည် နယ်မြေတစ်ခုလုံးနီးပါးကို လိုက်လံရှာဖွေခဲ့ကြပြီး နောက်ဆုံးတွင် လိုအပ်သော ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။ ထို့နောက် တုပိုင်သည် တက်စလာ ကွိုင်ကို တည်ဆောက်ရန် အချိန်နှင့်အမျှ အပြိုင်ကြိုးစားတော့၏။ ထိုမိစ္ဆာသည် လျှပ်စီးကို ကြောက်ရွံ့သောကြောင့် တက်စလာ ကွိုင်မှာ ထိုမိစ္ဆာအား ဖျက်ဆီးနိုင်မည့် တစ်ခုတည်းသော လက်နက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
**--**--**--**--**--**--**--**
သုံးနာရီ ကြာပြီးနောက် တုပိုင်သည် တက်စလာ ကွိုင် လက်နက်ကို ပြုလုပ်နေဆဲပင် ဖြစ်လေသည်။
ခေါင်းဆောင် လင်းမိန်က ဝင်လာပြီး အစားအစာတစ်အိုးကို ယူဆောင်လာရင်း စကားစလိုက်သည်။ "တစ်ခုခု စားလိုက်ကြရအောင်။"
တုပိုင် တစ်ချက်ကြည့်လိုက်၏။ ထိုအစားအစာမှာ မီးခိုးရောင် ပျစ်ချွဲချွဲအရာဖြစ်ပြီး ထူးဆန်းသော အနံ့တစ်မျိုး ရနေလေသည်။ တုပိုင် ဇွန်းဖြင့် တစ်ခွံ့ စားကြည့်လိုက်ရာ အန်ထွက်လုမတတ် ဖြစ်သွားရ၏။
လင်းမိန် သေချာရှင်းပြလေသည်။ "ဒါက မျိုးဗီဇပြောင်း သစ်သီးလေ။ တစ်ကမ္ဘာလုံးက လူသားတွေအတွက် အဓိက အစားအစာပဲ။ ငါတို့ရဲ့ ကမ္ဘာမြေကြီးက အခြားကမ္ဘာတစ်ခုရဲ့ စွမ်းအင် ကျူးကျော်မှုကို ခံလိုက်ရပြီးတော့ နျူကလီးယားဆောင်းရာသီ ဒဏ်ကို ခံစားခဲ့ရတယ်။ အပင်အများစု သေဆုံးသွားပြီး စားစရာ ဘာမှ စိုက်ပျိုးလို့ မရတော့ဘူး။ ဒီ မျိုးဗီဇပြောင်း သစ်သီးတစ်မျိုးပဲ စိုက်ပျိုးလို့ရတော့တာ။ သူတို့ဆီမှာ လုံလောက်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပေမဲ့ ရေဒီယိုသတ္တိကြွမှုတော့ မရှိဘူး။"
တုပိုင် မယုံနိုင်စွာ မေးလိုက်၏။ "ဒါကို နေ့တိုင်း စားရတာလား။"
လင်းမိန် ခေါင်းညိတ်ကာ ဆိုလေသည်။ "ဒါတောင် ဝအောင် မစားရဘူး။ တကယ်လို့ ရှင်က စစ်သားတစ်ယောက် မဟုတ်ဘူးဆိုရင် အလုပ်ကြိုးစားလုပ်မှ တစ်နေ့ကို တစ်နပ်ပဲ စားရမှာ။ ဘာလို့လဲဆိုတော့ အစားအစာက အရမ်းနည်းပြီး မြို့စားမင်းကိုလည်း အခွန်ပေးဆောင်ရသေးတယ်။"
တုပိုင်၏ အစာအိမ်မှာ အလွန်အမင်း ဆာလောင်နေပြီ ဖြစ်သော်လည်း သူ၏ စိတ်ခံစားချက်နှင့် စိတ်ဆန္ဒတို့ဖြင့်သာ အပြည့်အဝ တောင့်ခံထားရလေသည်။ ဤမျိုးဗီဇပြောင်း သစ်သီးယာဂုမှာ အရသာမရှိသော်လည်း သူ တစ်ပြိုင်နက်တည်း ကုန်အောင် စားပစ်လိုက်ရ၏။
စားသောက်ပြီးနောက် အချိန်နှင့်အမျှ အပြိုင် ဆက်လက် အလုပ်လုပ်တော့သည်။ အချိန် တစ်စက္ကန့် နောက်ကျသွားပါက ရှောင်ရှောင်အတွက် ပို၍ အန္တရာယ်များသွားနိုင်သည်။
တစ်နာရီ ကြာပြီးနောက် နောက်ဆုံးတွင် တုပိုင် တက်စလာ ကွိုင် လက်နက် တည်ဆောက်ခြင်းကို အောင်မြင်စွာ ပြီးစီးသွားတော့သည်။ ယင်းမှာ ထိပ်တွင် ဘောလုံးကြီးတစ်ခု ပါရှိသော တောင်ဝှေးတစ်ခုနှင့် တူလေသည်။
တုပိုင် ခလုတ်ကို နှိပ်လိုက်၏။
"ဖျတ်းးး ဖျတ်းးး ဖျတ်းးး"
ရုတ်တရက် အခန်းတစ်ခုလုံး လင်းလက်သွားပြီး လျှပ်စီးများ ဖြတ်ပြေးသွားလေသည်။ ဤသည်ကား ဗို့အားမြင့် လျှပ်စီးကြောင်းပင် ဖြစ်၏။
တုပိုင်နှင့် လင်းမိန်တို့၏ ခန္ဓာကိုယ်များ ရုတ်တရက် တုန်ယင်သွားကြပြီး ထိတ်လန့်သွားသည့် ခံစားချက်ကို ရရှိလိုက်ကြသည်။ သို့သော် အချိန်တိုတောင်းလှပြီး ထိုသည်မှာ ကြိမ်နှုန်းမြင့်၊ ဗို့အားမြင့်ကာ လျှပ်စီးကြောင်းနည်းပါးသော လျှပ်စီးဖြစ်သည့်အတွက် အသက်အန္တရာယ်ကိုမူ မပေးနိုင်ချေ။
တက်စလာ ကွိုင် လျှပ်စီးလက်နက်ကို ရရှိပြီးနောက် တုပိုင်သည် ရေကန်ဆည်ဆီသို့ ချက်ချင်း ထွက်ခွာတော့သည်။ ဤဧရိယာ မိုင်တစ်ရာ ပတ်လည်အတွင်းတွင် ရေကန်ဆည် တစ်ခုတည်းသာ ရှိပြီး ယင်းမှာ မေပယ်ရွက်နယ်မြေနှင့် မိုင်လေးဆယ်ခန့် ကွာဝေးလေသည်။
အမျိုးသမီးခေါင်းဆောင် လင်းမိန်က ရုတ်တရက် ဝင်ပြော၏။ "ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။"
တုပိုင် အံ့အားသင့်သွားပြီး တားမြစ်လိုက်သည်။ "ဒါက အရမ်းကို အန္တရာယ်များပြီး အင်အားကြီးမားတဲ့ မိစ္ဆာတစ်ကောင်ပဲ။ ပြီးတော့ သူက ကျွန်တော့်အတွက် လာတာလေ။ ခင်ဗျား လိုက်သွားစရာ မလိုပါဘူး။ ခင်ဗျားက နယ်မြေတစ်ခုလုံးရဲ့ ခေါင်းဆောင်ပါ။ တကယ်လို့ ခင်ဗျား တစ်ခုခုဖြစ်သွားရင် နယ်မြေတစ်ခုလုံးလည်း ပြီးဆုံးသွားလိမ့်မယ်။"
လင်းမိန်က ခိုင်လုံသော အကြောင်းပြချက် ပေးလာ၏။ "ရှောင်ရှောင်က ကျွန်မရဲ့ တပည့်လေ။ သူက ငါတို့စခန်းမှာ ထူးချွန်တဲ့ စစ်သားတစ်ယောက်လည်း ဖြစ်တယ်။ သူ့ကို သေဒဏ်ပေးတာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ အခု သူ မိစ္ဆာဖမ်းသွားတာကို ခံလိုက်ရပြီဆိုတော့ ကျွန်မ ဒီတိုင်း လျစ်လျူရှုမထားနိုင်ဘူး။ ပြီးတော့ ရှင်သာ ကျရှုံးသွားရင် ငါတို့စခန်း တစ်ခုလုံးက လူတွေ အကုန်လုံးလည်း မျိုးသုဉ်းပျက်သုဉ်းတဲ့ ကပ်ဘေးကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒါ့အပြင် ရေကန်ဆည်ကို သွားဖို့က မိုင်လေးဆယ်ကျော်တောင် ဝေးတာ... လမ်းတစ်လျှောက်လုံးမှာ မသေမျိုး ဖုတ်ကောင် အများကြီးနဲ့ တွေ့ရမှာပဲ။ ရှင့်ရဲ့ အခုလက်ရှိ ခန္ဓာကိုယ်အခြေအနေနဲ့ဆို အဆင်ပြေမာ မဟုတ်ဘူး။"
တုပိုင် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မသေမျိုး ဖုတ်ကောင်တွေဆိုတာ... ဇွန်ဘီတွေကို ပြောတာလား။"
လင်းမိန် သေချာရှင်းပြလေသည်။ "ဇွန်ဘီတွေက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ တိရစ္ဆာန်မျိုးစုံကလည်း မျိုးရိုးဗီဇပြောင်းလဲသွားကြပြီး ကြောက်စရာကောင်းတဲ့ မသေမျိုး ဖုတ်ကောင်တွေ ဖြစ်သွားကြတာ။ ပြီးတော့ ရှင့်ရဲ့ အခုလက်ရှိ ခန္ဓာကိုယ်အခြေအနေက အရမ်းကို အားနည်းနေတာ... အဲဒီလောက် အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး။"
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၃ + ၈၄၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team