← Chapters

အခန်း (၈၄၅-၈၄၆)

Vol. 85 Ch. 845-846

အခန်း (၈၄၅-၈၄၆)

Vol. 85 Ch. 845-846

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၅ + ၈၄၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင် တောင်းဆိုလိုက်၏။ “ကျွန်တော့်ကို အဲဒီရေကန်ဆည်ဆီ လိုက်ပို့ပေးပါ... ဒါပေမဲ့ ခင်ဗျား အပေါ်အထိတော့ လိုက်တက်လာစရာ မလိုပါဘူး။”

လင်းမိန်က သဘောတူလိုက်၏။ “ကောင်းပြီလေ။”

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။

အမျိုးသမီးခေါင်းဆောင် လင်းမိန်သည် မေပယ်ရွက်နယ်မြေထဲမှ မော်တော်ဆိုင်ကယ်တစ်စီးကို မောင်းနှင်ကာ ထွက်လာ၏။

လင်းမိန်က မှာကြားလိုက်သည်။ “တကယ်လို့ ငါ အပြင်မှာသေသွားပြီး ပြန်မလာနိုင်တော့ဘူးဆိုရင် လေပေါင်က နယ်မြေရဲ့ ခေါင်းဆောင်သစ် ဖြစ်လာလိမ့်မယ်။”

ခန့်ညားသော စစ်သည်တစ်ဦးက ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။ “အမိန့်အတိုင်းပါ ခေါင်းဆောင်ခင်ဗျ”

မေပယ်ရွက်နယ်မြေ တစ်ခုလုံးတွင် လင်းမိန် တစ်ဦးတည်းသာလျှင် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည်။ လေပေါင်မှာမူ အဆင့်ရှစ် သိုင်းပညာရှင်ဖြစ်ပြီး နယ်မြေ၏ ဒုတိယအသန်မာဆုံးသူ ဖြစ်၏။

စခန်းသူစခန်းသားများ လာရောက်နှုတ်ဆက်ကြရာ ပတ်ဝန်းကျင်တစ်ခုလုံး ယူကျုံးမရ လွမ်းဆွေးဖွယ် လေထုဖြင့် ဖုံးလွှမ်းနေတော့သည်။

အကြောင်းမူကား ထိုမိစ္ဆာသည် အလွန်တရာ အင်အားကြီးမားလှပေရာ ခေါင်းဆောင်လင်းမိန်နှင့် ယခုမှ သတိရလာစ လူမမာတစ်ဦးတို့ ပူးပေါင်းရုံမျှဖြင့် အနိုင်ရရန် လုံးဝမဖြစ်နိုင်ချေ။ ဤခရီးသည် သေချာပေါက် သေလမ်းသို့သွားခြင်းသာ ဖြစ်၏။ သို့တိုင် လင်းမိန်သည် စခန်းခေါင်းဆောင်တစ်ဦးပီပီ နယ်မြေသူနယ်မြေသားများ၏ လုံခြုံရေးအတွက် အသက်အန္တရာယ်ရှိမှန်း သိသိရက်နှင့်ပင် ရှေ့သို့ မဖြစ်မနေ တက်လှမ်းရမည်သာ ဖြစ်သည်။

လင်းမိန် ကမ္ဘာပျက်ကပ်၏ အဝေးပြေးလမ်းမကြီးထက်တွင် မော်တော်ဆိုင်ကယ်ကို မောင်းနှင်လာ၏။ လမ်းမကြီးမှာ ကောင်းမွန်နေဆဲဖြစ်သော်လည်း လမ်းဘေးဝဲယာရှိ သစ်ပင်များမှာ သေဆုံးနေကြပြီဖြစ်ကာ ယင်းတို့နေရာတွင် မျိုးဗီဇပြောင်း အပင်ဆန်းများက အစားထိုး နေရာယူထားကြသည်။

ခရီးတစ်လျောက် တုပိုင်သည် နေရာအနှံ့မှ မျက်လုံးများစွာက စောင့်ကြည့်နေသကဲ့သို့ ခံစားရပြီး တစ်ခါတစ်ရံတွင် လူ့အရိုးစုများနှင့် ကားအပျက်အစီးများကိုပါ တွေ့ရ၏။

ဆယ်မိုင်ခန့် မောင်းနှင်လာပြီးနောက်တွင်မူ တုပိုင်တစ်ယောက် မသေမျိုးဖုတ်ကောင်ဆိုသည်များကို နောက်ဆုံးတွင် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရတော့၏။

ယင်းတို့သည် ရိုးရိုးဇွန်ဘီများနှင့် ဆင်တူသော်လည်း တစ်ထပ်တည်းကား မဟုတ်ချေ။ ခြေလက်အင်္ဂါများမှာ အလွန်ကောင်းမွန်စွာ ဆင့်ကဲပြောင်းလဲလာသဖြင့် လွန်စွာ လျင်မြန်ဖျတ်လတ်နေပြီး သွားများသည်လည်း အလွန်ထက်မြက်နေ၏။

သူတို့၏ မျက်လုံးအစုံမှာ သွေးကဲ့သို့ နီရဲနေကာ မည်သည့် အသိစိတ်မျှ မရှိတော့ဘဲ သတ်ဖြတ်လိုသည့် ဗီဇနှင့် ရက်စက်ကြမ်းကြုတ်မှုများသာ ကျန်ရှိနေတော့သည်။

ပတ်ဝန်းကျင်တွင် သက်ရှိများမရှိချိန်၌ ရည်ရွယ်ချက်မဲ့ လေလွင့်နေတတ်ကြသော်လည်း သတ္တဝါတစ်ကောင်ကောင် ချဉ်းကပ်လာသည်နှင့် ရွံရှာဖွယ် ဟိန်းဟောက်သံကြီးများပေးကာ ရှည်လျားသော လက်သည်းများကို ဝှေ့ယမ်းလျက် ရူးသွပ်စွာ လိုက်လံတိုက်ခိုက်ကြတော့၏။

သူတို့၏ အမြန်နှုန်းမှာ အားကုန်ပြေးပါက တစ်စက္ကန့်လျှင် ခုနစ်မီတာမှ ရှစ်မီတာကျော်အထိ ရှိရာ သာမန်လူများအနေဖြင့် သူတို့လက်မှ လွတ်မြောက်ရန် လွန်စွာခက်ခဲလှသည်။

လင်းမိန် ပြေးလွှားနေသော ဆိုင်ကယ်ပေါ်မှနေ၍ သံဓားကို ဆွဲထုတ်လိုက်ပြီး ဆိုင်ကယ်အရှိန်ကိုယူကာ ခုတ်ပိုင်းချလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရူးသွပ်နေသော မသေမျိုးဖုတ်ကောင် နှစ်ကောင်စလုံး၏ ခေါင်းများ ပြတ်ကျသွားလေသည်။

ရေကန်ဆည်သို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် လင်းမိန်၏ မော်တော်ဆိုင်ကယ်မှာ လွင့်စင်ထွက်သွားလေသည်။ သူမကိုယ်တိုင်လည်း အနည်းငယ်မျှပင် လှုပ်ရှား၍မရနိုင်အောင် ထိန်းချုပ်ခံလိုက်ရ၏။ ဆည်နှင့် မီတာအနည်းငယ်အကွာမှပင် လူများကို ထိန်းချုပ်ထားနိုင်စွမ်းရှိသည့် ဤမိစ္ဆာ၏ အင်အားကား အလွန်တရာ ကြီးမားလွန်းလှပေသည်။

သို့သော် တုပိုင်၏ ခန္ဓာကိုယ်မှာမူ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားလေသည်။ ထိုစဉ် ရေကန်ဆည် တစ်ခုလုံးမှာလည်း အထူးစွမ်းအင်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မိစ္ဆာမက အလွန်နူးညံ့သော အသံဖြင့် ညင်သာစွာ နှုတ်ဆက်လိုက်၏။ “အချစ်... ရှင်ရောက်လာပြီလား။”

တုပိုင် တက်စလာကွိုင်လက်နက်ကို ကိုင်ဆောင်ထားရင်း ရေကန်ဆည်ထိပ်သို့ အားကုန်ရုန်းကာ တက်သွားလိုက်သည်။

ဆည်ပေါ်ရောက်ရောက်ချင်းပင် သူ၏သမီး တုရှောင်ကို တွေ့လိုက်ရ၏။ သူမသည် ရေကန်ထဲရှိ လှေငယ်လေးတစ်စင်းပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရေညှိရေမှော်များက ရစ်ပတ်ထားလေသည်။

ရေပြင်မှာ ထူးဆန်းစွာ အစိမ်းရောင်တောက်ပနေပြီး ရေအောက်တွင်လည်း သရဲမီးများ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေ၏။ ဤနေရာသည် ထိုကြောက်မက်ဖွယ် မိစ္ဆာမ၏ အသိုက်အမြုံဖြစ်ကြောင်း သိသာထင်ရှားလှသည်။

တုပိုင် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ငါ ရောက်လာပြီ... ထွက်ခဲ့စမ်း။ ထွက်လာခဲ့စမ်း။”

ရုတ်တရက် ပတ်ဝန်းကျင်ရှိ ကောင်းကင်ကြီးမှာ တစ်ခဏအတွင်း အုံ့မှိုင်းသွားကာ ရေပြင်ထက်တွင်လည်း ထူးဆန်းသော မြူခိုးများ ထွက်ပေါ်လာ၏။

ထို့နောက် ရေပြင်ထဲမှ သွေးရောင်ကင်းမဲ့နေသော အမျိုးသမီးပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ရှည်လျားသော ဆံပင်မည်းကြီးများ ဖုံးကွယ်နေသောကြောင့် သူမ၏မျက်နှာကို သဲကွဲစွာ မမြင်ရချေ။ သူမသည် ဆံပင်များပေါ်တွင် ရေညှိရေမှော်များ ကပ်ငြိနေပြီး ဂါဝန်ဖြူတစ်ထည်ကို ဝတ်ဆင်ထား၏။ သူမ၏ ဝမ်းဗိုက်မှာ ဖောင်းကားနေကာ သုံး၊ လေးလခန့် ကိုယ်ဝန်ဆောင်ထားရပုံပေါ်လေသည်။

အမျိုးသမီးမိစ္ဆာက စကားဆက်လေ၏။ “အချစ်ရယ်... ကျွန်မ စဉ်းစားလို့ရသွားပြီ။ ယောက်ျားတွေ အမှားလုပ်မိတတ်တာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ။ စိတ်ဝိညာဉ် ဖောက်ပြန်တာမဟုတ်သရွေ့ ခန္ဓာကိုယ် ဖောက်ပြန်တာလောက်ကတော့ ကိစ္စမရှိပါဘူး။ အခုချိန်ကစပြီး ရှင် ကျွန်မအပေါ် ကောင်းကောင်းဆက်ဆံပေးရင် ရှင်နဲ့ တခြားမိန်းမတွေ ကိစ္စကို ကျွန်မ ဂရုမစိုက်တော့ပါဘူး။ ကျွန်မဆီမှာ ရှင့်ကလေး ရှိနေပြီပဲဟာ။”

ကိုယ်ဝန်ဆောင် မိစ္ဆာမကြီးသည် တုပိုင်ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာ၏။ သူမ၏ အစိမ်းရောင် မျက်လုံးများက တုပိုင်အား ကြင်နာယုယစွာ စိုက်ကြည့်နေလေသည်။

အမျိုးသမီးမိစ္ဆာက ညင်သာစွာ ဆို၏။ “ဒါပေမဲ့ ကျွန်မဗိုက်ထဲမှာ ရှင့်ကလေး ရှိနေပြီဆိုတော့ ရှင့်ရဲ့ ဒီသမီးကို ဆက်ထားလို့ မရတော့ဘူး။ သူ့ကို အခု ကျွန်မ သတ်ပစ်တော့မယ်။ အခုကစပြီး ကျွန်မတို့ မိသားစု သုံးယောက် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းကြတာပေါ့။”

တုပိုင် ယခုအချိန်အထိ ဤမိစ္ဆာမသည် မည်သူမှန်း မသိသေးချေ။ သို့သော် သူ၏ စေ့စပ်သူ ရန်ယဲ့ရှောင် မဟုတ်သည်မှာတော့ သေချာလှသည်။ အကြောင်းမှာ ရန်ယဲ့ရှောင်၏ ဆံပင်နှင့် မျက်လုံးများမှာ ဤသို့ မဟုတ်သောကြောင့်ပင်။

သူမ မည်သူပင်ဖြစ်နေပါစေ ၊ တုပိုင်အနေဖြင့် သူ၏ သမီးလေး ရှောင်ရှောင်အတွက် ဤမိစ္ဆာကို မဖြစ်မနေ သတ်ဖြတ်ရမည်သာ ဖြစ်လေ၏။

အမျိုးသမီးမိစ္ဆာသည် တုပိုင်အား အချစ်ရူးရူးနေသည့်ဟန်ဖြင့် ပို၍ပို၍ နူးညံ့စွာ စိုက်ကြည့်နေပြီး သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကိုလည်း ကြင်နာမှုအပြည့်ဖြင့် ပွတ်သပ်နေလျက်ရှိသည်။

အမျိုးသမီးမိစ္ဆာ၏ အသံမှာ အလွန်တရာ နူးညံ့ပြီး ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသော်လည်း ကြားရသူကိုမူ ကြက်သီးမွေးညင်းထကာ တုန်လှုပ်ချောက်ချားသွားစေ၏။ သူမက တီးတိုးဆိုလိုက်သည်။ “အချစ်ရယ်... ဒါက ကျွန်မတို့ အချစ်ရဲ့ သွေးသားလေးလေ... ကျွန်မ သူ့ကိုတောင် မမွေးထုတ်ရက်နိုင်လောက်အောင် ဖြစ်နေပြီ။”

ရုတ်တရက် တုပိုင် တက်စလာကွိုင် လက်နက်၏ ခလုတ်ကို အလျင်အမြန် ဖိနှိပ်လိုက်လေသည်။

ဖျတ်းးး ဖျတ်းးး ဖျတ်းးး

ချက်ချင်းပင် ရေတွက်၍မရနိုင်သော လျှပ်စီးကြောင်းများ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာကာ မီတာဆယ်ဂဏန်းကျော် ပတ်လည်အတွင်း လျှပ်စီးများဖြင့် ပြည့်နှက်သွားလေသည်။

လျှပ်စီးကြောင်းများသည် အမျိုးသမီးမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်ခတ်ဝင်ရောက်သွားလေတော့၏။

“အားးး အားးး အားးး”

သူမထံမှ အလွန်တရာ စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ သူမ၏ ဆံပင်မည်းကြီးများ ရုတ်တရက် ထောင်မတ်သွားကာ သူမ၏ အစစ်အမှန် မျက်နှာ ပေါ်ထွက်လာတော့သည်။

အမျိုးသမီးမိစ္ဆာက နာကြည်းစွာ အော်ဟစ်လိုက်သည်။ “တုပိုင်... ရှင် တော်တော် ရက်စက်တာပဲ။ ကျွန်မ ရှင့်ကို အရမ်းချစ်ခဲ့တာ။ ရှင် ကျွန်မကို ဗိုက်ကြီးအောင် လုပ်ခဲ့ပြီးတော့ တာဝန်ယူဖို့ မရဲခဲ့ဘူးလေ။ ကျွန်မ ကျောင်းထုတ်ခံရတုန်းကတောင် ရှင့်နာမည်ကို ထုတ်မပြောခဲ့ဘူး။”

“ကျောင်းထုတ်ခံရပြီးတဲ့နောက် ရှင်က ကျွန်မကို ဖွင့်ချပစ်မှာ ကြောက်ပြီး အရှင်လတ်လတ် လည်ပင်းညှစ်သတ်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ အလောင်းကို ရေကန်ဆည်ထဲ လွှင့်ပစ်ခဲ့တာပဲ။ ရှင် ကြောက်နေခဲ့တာကို သိလို့ ကျွန်မ ရှင့်ကို အပြစ်မတင်ခဲ့ပါဘူး။”

“အခု... အခု ရှင်က ကျွန်မကို ထပ်သတ်ချင်နေပြန်ပြီလား။ ရှင် ကျွန်မကို ထပ်သတ်ချင်နေတာလား။ ရှင် တကယ်ကို ရက်စက်လွန်းတယ်။ ကျွန်မ ရှင့်ကို အရမ်းချစ်ခဲ့တာပါ... ရှင့်ကို အရမ်းချစ်ခဲ့တာ။”

သူမက ရူးသွပ်စွာ ထပ်မံအော်ဟစ်လေ၏။ “ရှင့်သမီးကို ကျွန်မ သတ်ပစ်မယ်... ရှင့်သမီးကို သတ်ပစ်မယ်။”

“ရှင်က တက်စလာကွိုင် လျှပ်စီးကြောင်းနဲ့ ကျွန်မကို သတ်ချင်တာလား။ လျှပ်စီးက ကျွန်မကို မသတ်နိုင်ပါဘူး။ ကျွန်မက လျှပ်စီးကို ကြောက်ရုံလေးပါ။ ဘာလို့လဲဆိုတော့ ရှင် ကျွန်မကို လည်ပင်းညှစ်သတ်ခဲ့တဲ့ညက ကောင်းကင်မှာ မိုးခြိမ်းနေခဲ့လို့ပဲ။ ဒါကြောင့် ကျွန်မ လျှပ်စီးကို ကြောက်ခဲ့တာ။ လျှပ်စီးက ရှင် ကျွန်မကို သတ်ခဲ့တဲ့ညကို အမြဲတမ်း သတိရစေလို့ပဲ”

ထို့နောက် ချက်ချင်းပင် ထိုတစ္ဆေမ၏ လက်သည်းများ ရုတ်တရက် ဆန့်ထွက်လာကာ တုရှောင်ကို မြှောက်တင်လိုက်လေသည်။ သူမ၏ နုနယ်သော လည်ပင်းလေးကို ဆွဲညှစ်ထားပြီး ကျန်ချွန်ထက်သော လက်သည်းတစ်ဖက်က ရှောင်ရှောင်၏ ခေါင်းကို ဆုပ်ကိုင်ကာ ခေါင်းတစ်ခုလုံး ကြေမွသွားစေရန် ညှစ်ခြေပစ်လိုက်တော့သည်။

တုပိုင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ နောက်ဆုံးတွင် ဤအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိသွားခဲ့သည်။ ထို့ပြင် တာ့နင်အင်ပါယာ ဟင်းလင်းပြင်မှ သခင်လေး ဖန်းချန် ဆိုသည်မှာ မည်သူနည်းဆိုသည်ကိုပါ တစ်ဆက်တည်း သူ သဘောပေါက်သွားတော့သည်။

တုပိုင် အော်ခေါ်လိုက်၏။ “ယဲ့ဟိုင်ထန်”

ထိုတစ္ဆေမမှာ တစ်ခဏမျှ မှင်သက်သွားပြီးနောက် တုရှောင်ကို လွှတ်ပေးလိုက်ကာ တုပိုင်အား ကြည့်လာသော သူမ၏ မျက်လုံးများမှာ ကြင်နာယုယမှုများဖြင့် ပြန်လည်ပြည့်နှက်သွားလေသည်။ ထို့နောက် ရေညှိရေမှော်များက တုရှောင်အား ဆည်ပေါ်သို့ လုံခြုံစွာ ရစ်ပတ်တင်ပေးလိုက်ကြ၏။

တုပိုင် ထိုသရဲမ၏ မျက်နှာကို သေချာစွာ စိုက်ကြည့်လိုက်ရင်း လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကြောင်းများကို စိတ်ထဲ၌ ပြန်လည်အမှတ်ရသွားတော့သည်။

ထိုစဉ်က သူသည် အထက်တန်းကျောင်းသားအရွယ်သာ ရှိသေး၏။ ယဲ့ဟိုင်ထန်သည် အတန်းထဲတွင် စာအတော်ဆုံးနှင့် ဆရာများ၏စကားကို အနားထောင်ဆုံး မိန်းကလေးဖြစ်ပြီး အတန်းခေါင်းဆောင်လည်း ဖြစ်သည်။ မှန်၏။ သူမသည် သိပ်လှပသူမဟုတ်ဘဲ ကြည့်ကောင်းရုံအဆင့်သာ ရှိသော်လည်း ပါရမီပါသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ဆောင်းပါးများရေးသားရသည်ကို နှစ်သက်ပြီး ကျောင်းနှင့် ပြင်ပ သတင်းစာ ၊ မဂ္ဂဇင်းများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိ၏။

ထိုအချိန်က သူမသည် အတန်းထဲတွင် အမြဲတမ်း ဒုတိယသာ ရလေ့ရှိသည်။ အကြောင်းမှာ တုပိုင်သည် စာသိပ်မလု​ပ်သော်လည်းပဲအမြဲတမ်း ပထမရနေသောကြောင့် ဖြစ်၏။

အထက်တန်းကျောင်းသားဘဝတွင် တုပိုင် အနည်းငယ် ပိန်ပါးသော်လည်း အလွန်ချောမောနေပြီ ဖြစ်လေသည်။ အလွန်တရာ ခန့်ညားချောမောသည်ဟုပင် ဆိုနိုင်ပြီး သူ၏အရပ်မှာလည်း ၅ ပေ ၉ လက်မခန့် ရှိနေပြီ ဖြစ်၏။

သူ၏ အထီးကျန်ဆန်ပြီး လွမ်းဆွေးတတ်သော ဟန်ပန်အပြင် အမှတ်များမှာလည်း အလွန်ကောင်းမွန်ကာ ပါရမီလည်းရှိသောကြောင့် မိန်းကလေးများစွာမှာ သူ့အား စွဲလမ်းနေခဲ့ကြသည်။

အတန်းခေါင်းဆောင် ယဲ့ဟိုင်ထန်မှာလည်း ချွင်းချက်မဟုတ်ခဲ့ချေ။ သို့သော် သူမသည် အလွန်ရှက်တတ်သဖြင့် အခြားသူများ သတိမထားမိချိန်တွင် တုပိုင်အား ခိုးကြည့်ရုံသာ ရဲကာ တိတ်တဆိတ် ချစ်သဝဏ်လွှာများစွာကို ရေးသားခဲ့သော်လည်း တုပိုင်ထံသို့ တစ်ခါမျှ မပေးရဲခဲ့ပေ။

အထက်တန်း တတိယနှစ်သို့ ရောက်သောအခါ တုပိုင် ရှင်းပြ၍မရနိုင်သော အကြောင်းပြချက်များဖြင့် အတန်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်ကာ မည်သို့မည်ပုံ ဖြစ်လာမှန်း မသိခဲ့ပေ။

သူ၏ စရိုက်မှာ အလွန်ထူးဆန်းပြီး အတန်းဖော်များနှင့် ဆရာများကို ဂရုမစိုက်တတ်သောကြောင့် သူ၏ လူကြိုက်များမှုမှာ သိပ်မကောင်းလှချေ။ ထို့အတွက်ကြောင့် တစ်စုံတစ်ယောက်၏ ကြိုးကိုင်မှုမရှိပါက တုပိုင် အတန်းခေါင်းဆောင်ဖြစ်လာမည် မဟုတ်ချေ။

ယဲ့ဟိုင်ထန် သူမ၏အချစ်ကို ထိုနည်းဖြင့် ဖော်ပြခဲ့ခြင်းပင် ဖြစ်၏။ သူမသည် အတန်းခေါင်းဆောင်ရာထူးမှ နုတ်ထွက်ခဲ့ရုံသာမက အတန်းခေါင်းဆောင်ရွေးချယ်ပွဲတွင် လူတိုင်းကို လျှို့ဝှက်စွာ စည်းရုံး၍ တုပိုင်အား မဲပေးစေခဲ့လေသည်။

ထိုနေ့က တုပိုင်မှာ စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်နေခဲ့၏။ ရှေ့မှ ဆရာသည် တုပိုင်အား အတန်းခေါင်းဆောင်အဖြစ် ကြေညာလိုက်သည်။

ထိုအချိန်တွင် တုပိုင်မှာ သူ၏စိတ်ထဲ၌ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးနေသောကြောင့် တွေဝေစွာဖြင့် လက်ထောင်မိလိုက်သည်။ နာမည်ခေါ်သံ ကြားလိုက်ရသဖြင့် သူ လက်ထောင်လိုက်ခြင်း ဖြစ်၏။ လက်ထောင်ပြီးနောက်မှ သူ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။

“ဟမ်...”

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၅ + ၈၄၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters