← Chapters

အခန်း (၈၄၉-၈၅၀)

Vol. 85 Ch. 849-850

အခန်း (၈၄၉-၈၅၀)

Vol. 85 Ch. 849-850

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၉ + ၈၅၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင် မေးလိုက်၏။ “မင်းတို့ ဒုတိယအကြိမ် ချိန်းတွေ့တုန်းက သူ့ကို သေချာမမြင်လိုက်ရဘူးလား။ လျှပ်စီးလက်တယ်လို့ မင်း ပြောခဲ့တယ်လေ။ အဲဒီတော့ သူ့မျက်နှာကို မြင်ရမှာပေါ့။ မင်းက ကိုယ်ဝန်ရတာ ငါ့ကြောင့်လို့ တစ်ထစ်ချ ယုံကြည်နေတော့ ငါ့ဘက်ကလည်း လီရှောင်ချန်ဆိုတဲ့ နာမည်ကို ထုတ်ပြောစရာ အကြောင်းမရှိခဲ့ဘူး။ သူက ဘာလို့ မင်းကို လည်ပင်းညှစ်သတ်ခဲ့တာလဲ။ လျှပ်စီးလက်တဲ့အချိန်မှာ သူ့မျက်နှာကို မင်း မြင်သွားလို့လား။ မင်း အရမ်းဒေါသထွက်ပြီး အသေအလဲ ရုန်းကန်ရင်း ရဲတိုင်မယ်လို့ ပြောလိုက်တာကြောင့် သူက လည်ပင်းညှစ်သတ်ပြီးမှ ရေကန်ဆည်ထဲ ပစ်ချလိုက်တာလား”

ယဲ့ဟိုင်ထန်က အော်ဟစ်ကာ ငိုယိုလိုက်၏။ “ကျွန်မ မသိဘူး... မသိဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်မနဲ့ ချိန်းတွေ့ခဲ့တာ ရှင်ပါ။ ဟို ရုပ်ဆိုးဆိုး တောကျကျ လီရှောင်ချန် မဟုတ်ရပါဘူး။ ကျွန်မဗိုက်ထဲက ကလေးကလည်း ရှင့်ကလေးပါ၊ လီရှောင်ချန်ရဲ့ ကလေး လုံးဝ မဟုတ်ပါဘူး”

ယဲ့ဟိုင်ထန်က စူးရှစွာ အော်ဟစ်လိုက်တော့၏။ “အားးးအားးး အားးး မဟုတ်ဘူးးး အားးး”

ထိုခဏ၌ပင် ရေကန်ဆည်တစ်ခုလုံးရှိ ရေမှော်ပင်များသည် အရိုင်းဆန်စွာ ရှင်သန်ကြီးထွားလာကြလေတော့၏။

သို့သော် အမှန်တရားကို အတိအလင်း ထောက်ပြလိုက်သည့်အခါတွင်မူ ယဲ့ဟိုင်ထန်တစ်ယောက် အတိတ်ကို ပြန်လည်သတိရသွားသည်။ တုပိုင်ပြောသည့်အတိုင်းပင် ရေကန်ဆည်၌ ဒုတိယအကြိမ် ချိန်းတွေ့စဉ် လျှပ်စီးလက်ချိန်တွင် လီရှောင်ချန်၏မျက်နှာကို သူမ အမှန်တကယ် မြင်တွေ့ခဲ့ရပြီးနောက် လည်ပင်းညှစ်အသတ်ခံခဲ့ရခြင်း ဖြစ်ပေ၏။

တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက်ပိုင်းတွင် သူမ၏ နာကျင်ဖွယ် မှတ်ဉာဏ်များမှာ အလိုအလျောက် ပျောက်ကွယ်သွားခဲ့ပြီး လှပသော အမှတ်တရများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ လူသားတို့၏ ပင်ကိုယ်အသိစိတ် ဖြစ်သကဲ့သို့ တစ္ဆေတို့၏ ပင်ကိုယ်သဘာဝလည်း ဖြစ်ပေ၏။

ယဲ့ဟိုင်ထန်က ရူးသွပ်မတတ် အော်ဟစ်ငိုယိုလိုက်၏။ “အာ... အာ... လီရှောင်ချန်... နင် ဘယ်မှာလဲ။ နင့်ကို ငါ သတ်မယ်။ တစ်စစီ ဆွဲဖြဲပစ်မယ် ၊ အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်...”

ထိုစဉ် ရေပြင်တစ်ဝိုက်၌ မရေမတွက်နိုင်သော တစ္ဆေမီးတောက်များ ရုတ်ခြည်း ဝဲပျံလာကြ၏။ ထို့နောက် ရေပြင်ထက်၌ အလောင်းများ တစ်လောင်းပြီးတစ်လောင်း ပေါ်လာတော့သည်။

ကန်ပေါင်ပတ်လည်ရှိ သင်္ချိုင်းဂူများထဲမှလည်း ဖြူရော်ရော် အရိုးစုများ အပါအဝင် ရေတွက်၍မရနိုင်သော သရဲတစ္ဆေများမှာ တရွတ်တိုက် တွားသွားကာ ထွက်ပေါ်လာကြလေတော့၏။

ယဲ့ဟိုင်ထန်၏ စွမ်းအားသည် ထူးဆန်းစွာဖြင့် အလွန်တရာ အားကောင်းနေ၏။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီးနောက်ပိုင်းတွင်ပင် သူမသည် သာမန်တစ္ဆေတစ်ကောင်အဖြစ်သာ ရှိနေသင့်သည်။ ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ဤမျှကြီးမားသော စွမ်းအားကို ပိုင်ဆိုင်နေရသည်နည်း။

တုပိုင် မေးလိုက်၏။ “ယဲ့ဟိုင်ထန်... မင်း ဘယ်လိုလုပ် ပြန်နိုးထလာတာလဲ”

ထိုအခိုက်တွင် ယဲ့ဟိုင်ထန် တုပိုင်အား ကြည့်ကာ ရှက်ရွံ့၍ နေမထိထိုင်မသာဖြစ်နေလျက် ပြန်ဖြေ၏။ “ကျွန်မ မသိဘူး”

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးမှာ ရင်းနှီးသောချစ်သူများဟု သူမဘက်က တစ်ဖက်သတ် ထင်မှတ်နေခဲ့သော်လည်း တုပိုင်ကမူ သူမ တည်ရှိနေခြင်းကိုပင် လုံးဝ သတိထားမိခဲ့ခြင်း မရှိပေ။

ယဲ့ဟိုင်ထန်က ဆက်လက့ပြီး ရှင်းပြ၏။ “ကျွန်မ သေသွားပြီးနောက်ပိုင်း မိဘတွေက ရေကန်ဆည်ထဲကနေ အလောင်းဆယ်ပြီး အိမ်နဲ့ တော်တော်ဝေးတဲ့ နေရာတစ်ခုမှာ သွားမြှုပ်ခဲ့ကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တစ်နေ့ကျတော့ ကျွန်မ ရုတ်တရက် ပြန်နိုးလာပြီး ခေါင်းထဲမှာ တစ်ခုခု ပိုနေသလို ခံစားလိုက်ရတယ်။ အဲဒီနောက် လူအများကြီးနဲ့ တွေ့ခဲ့တယ်။ သူတို့အားလုံးက ကျွန်မကို ရိုက်နှက်ချင်နေကြတော့ အကုန်သတ်ပြီး ဝိညာဉ်တွေကိုပါ ဝါး​မျိုပစ်လိုက်တာပဲ”

တုပိုင် ထပ်မေးလိုက်၏။ “မင်း လူဘယ်နှစ်ယောက်လောက်ကို သတ်ခဲ့တာလဲ”

ယဲ့ဟိုင်ထန် ပြန်ဖြေ၏။ “ထောင်နဲ့ချီမယ်”

အခြားကမ္ဘာတစ်ခုမှ အလွန်အစွမ်းထက်သော စွမ်းအင်ကိုယ်ထည်တစ်ခုသည် သူမ၏ အလောင်းခေါင်းထဲသို့ ဝင်ရောက်သွားကာ အစွမ်းထက်သော ဝိညာဉ်အဖြစ် ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်မည်ဟု တုပိုင် သဘောပေါက်သွားလေ၏။

ယခုတော့ တာ့နင်အင်ပါယာ ဟင်းလင်းပြင်အခွဲကမ္ဘာမှ သခင်လေးဖန်းချန်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို တုပိုင် အဆုံး၌ အတိအကျ သိရှိသွားတော့သည်။

သူသည် အသက်နှစ်နှစ် ၊ သုံးနှစ်အရွယ်ကတည်းက တုပိုင်၏နောက်တွင် တကောက်ကောက် လိုက်နေခဲ့ပြီး မူလတန်း ၊ အထက်တန်းမှသည် တက္ကသိုလ်အထိ အမြီးတစ်ချောင်းလို ၊ ကပ်ပါးကောင်တစ်ကောင်လို တွယ်ကပ်နေခဲ့သည့် လီရှောင်ချန်ပင် ဖြစ်နေတော့သည်။

တာ့နင်အင်ပါယာဘက်၌ သူသည် သူ၏ မူလဇာတိကို ထုတ်ဖော်ရန် ဝန်လေးနေခဲ့၏။ အကြောင်းမှာ ထိုဟင်းလင်းပြင်အခွဲကမ္ဘာတွင် သူသည် ရာထူးမြင့်မားသော သခင်လေးတစ်ဦး ၊ ချမ်းသာပြီး ရုပ်ရည်ချောမောသော ထိပ်တန်းအလွှာဝင်တစ်ဦး ဖြစ်နေချိန်၌ တုပိုင်ကမူ အောက်ခြေသိမ်း မိန်းမစိုးတစ်ဦးဘဝမှ စတင်ခဲ့ရသောကြောင့် ဖြစ်သည်။

မိမိမည်သူဖြစ်ကြောင်း ထုတ်ဖော်လိုက်ပါက သိမ်ငယ်သွားသလို ခံစားရမည်ဖြစ်သော်လည်း ၊ မပြောဘဲ မြိုသိပ်ထားရသည်မှာလည်း မပျော်ရွှင်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ခေတ်သစ်ကမ္ဘာတွင် တုပိုင်ကို သူမြင်ဖူးသော်လည်း တုပိုင်က သူ့ကို လုံးဝသိမည်မဟုတ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ မျက်လုံးထဲ၌ သူ မရှိခဲ့သောကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။

မကြာမီမှာပင် တုပိုင် မှတ်မိသွားလေ၏။ သခင်လေး ဖန်းချန်၏ အရှေ့ဘက်ပြည်ထောင်စုအလံမှာ နဂါးအလံဖြစ်သော်လည်း ၊ သူ၏ ကိုယ်ပိုင်အလံမှာမူ ဟိုင်ထန်ပန်း တံဆိပ် ဖြစ်နေခဲ့သည်။

ရုတ်တရက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု တုပိုင်၏ ခေါင်းထဲ ဝင်ရောက်လာရာ သူ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားလေတော့၏။

လီရှောင်ချန်သည် သူ၏နာမည်မှာ အလွန်တောကျလွန်းသည်ဟုဆိုကာ မရေမတွက်နိုင်အောင် ညည်းညူခဲ့ဖူးသည်ကို တုပိုင် မှတ်မိနေသေး၏။ ထို့ကြောင့် နာမည်ပြောင်းရန် အမြဲဆန္ဒရှိခဲ့ပြီး တုပိုင်အား နာမည်တစ်ခု စဉ်းစားပေးရန် တောင်းဆိုခဲ့ဖူးသည်။ တုပိုင်ကမူ အချိန်ကုန်ခံကာ မစဉ်းစားချင်သဖြင့် လက်ကာပြကာ ခပ်လွယ်လွယ်ပင် ပယ်ချလေ့ရှိခဲ့သည်။

နောက်ပိုင်းတွင်မူ သူကိုယ်တိုင် နာမည်အချို့ စဉ်းစားလာခဲ့ပြီး တုပိုင်အား ရွေးချယ်ပေးရန် ပူဆာခဲ့၏။ ယင်းတို့မှာ လီလုံချီ ၊ လီယွမ်ထန်နှင့် လီထိုက်ခန်တို့ ဖြစ်ကြသည်။

ထိုစဉ်က တုပိုင်မှာ စာဖတ်နေဆဲဖြစ်ရာ နာမည်တစ်ခုကို ဖြစ်သလိုပင် လက်ညှိုးထိုး၍ ရွေးပေးလိုက်လေသည်။ မည်သည့်နာမည်ကို ရွေးပေးလိုက်မိမှန်းပင် သူ သေချာမမှတ်မိတော့ချေ။

လီရှောင်ချန်တစ်ယောက် နာမည်ပြောင်းရန် ရဲစခန်းသို့ အပြေးအလွှား သွားခဲ့သော်လည်း ချက်ချင်း ပြန်ရောက်လာခဲ့သည်ကိုသာ သူ မှတ်မိတော့၏။

အဘယ်ကြောင့်ဆိုသော် နာမည်ပြောင်းရန် ကျောင်းမှ ထောက်ခံစာ လိုအပ်သောကြောင့် ဖြစ်သည်။ သူ၏ သိမ်ငယ်စိတ်ဖြင့် ဤကိစ္စအတွက် ကျောင်းသို့သွား၍ အကူအညီတောင်းရန် သေချာပေါက် ရဲဝံ့မည် မဟုတ်ချေ။

**--**--**--**--**--**--**--**

လီထိုက်ခန်...။

ထိုက်ခန်အင်ပါယာ...။

ရုတ်တရက် တုပိုင်၏ ဦးရေပြားများပင် ထုံကျဉ်သွားရတော့၏။

ပထမဆုံးအနေဖြင့် သခင်လေး ဖန်းချန်၏ အစစ်အမှန် သရုပ်မှန်ကပင် သူ့ကို တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့သည် မဟုတ်ပါလော။

သူသည် အသက်နှစ်နှစ် ၊ သုံးနှစ်အရွယ်ကတည်းက တုပိုင်၏နောက်တွင် တကောက်ကောက် လိုက်ပါနေခဲ့သော အမြီးပေါက်စလေး လီရှောင်ချန် ဖြစ်နေသည်။

တုပိုင်ကို အမြဲတမ်း အစ်ကိုဟုခေါ်ခဲ့သော်လည်း အမှန်တကယ် အသက်ပိုကြီးသူမှာ လီရှောင်ချန် ဖြစ်နေခဲ့၏။

ထမင်းစားရန် ငွေမရှိသဖြင့် ထမင်းစားချိန်တိုင်း တုပိုင်၏နောက်သို့ လိုက်နေခဲ့သူမှာလည်း လီရှောင်ချန်ပင် ဖြစ်သည်။ တုပိုင် အဆောင်ပြောင်းသွားချိန်တွင် သူလည်း အဆောင်မှ လိုက်ပြောင်းလာခဲ့ပြီး အိမ်လခ တစ်ဝက်ကိုမျှ ပေးခဲ့ခြင်း မရှိချေ။

တက္ကသိုလ်ရောက်သည့်အခါတွင်လည်း လူများစွာက လီရှောင်ချန်အား တုပိုင်၏ ကပ်ပါးကောင်ဟုပင် ခေါ်ဝေါ်ခဲ့ကြ၏။

ဤသည်မှာ တုပိုင်၏ စိတ်ကူးထဲမှ ပြီးပြည့်စုံသောအမျိုးသမီးဖြစ်သည့် ခန္ဓာကိုယ်ချောမွေ့ဖြူစင်သော ရန်ယဲ့ရှောင်ကို တုပိုင် တွေ့ရှိသွားချိန်အထိပင် ဖြစ်၏။ ထိုအချိန်တွင် တုပိုင်သည် ရန်ယဲ့ရှောင်နှင့် လျှို့ဝှက်စွာ သွားရောက်နေထိုင်ခဲ့သဖြင့် လီရှောင်ချန်မှာ သူနှင့်အတူ ဆက်လက်မနေထိုင်နိုင်တော့ပေ။

ထို့ပြင် ထိုခွေးမသားက အထက်တန်း ဒုတိယအတန်းခေါင်းဆောင် ယဲ့ဟိုင်ထန်အား သူအဖြစ်အယောင်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရသွားချိန်တွင် လည်ပင်းညှစ်သတ်ခဲ့သေးသည် မဟုတ်ပါလော။

ယခုအခါ ထိုခွေးမသားလေးသည် ကမ္ဘာပျက်ကပ်ကြီးတွင် လူသားများကို ကယ်တင်ခဲ့သော သူရဲကောင်း ၊ အမြင့်မြတ်ဆုံးနှင့် အစွမ်းအထက်ဆုံး ထိုက်ခန်ဧကရာဇ် ဖြစ်နေနိုင်သည်လော။

**--**--**--**--**--**--**--**

ထိုအချိန်တွင် ယဲ့ဟိုင်ထန်မှာ လုံးဝကို စိတ်ပျက်အားငယ်သွားခဲ့ပြီး တစ်နေရာတည်းတွင် ရပ်ကာ တိတ်တဆိတ် ငိုကြွေးနေလျက်ရှိ၏။ သူမထံမှ ကျဆင်းလာသောမျက်ရည်တိုင်းမှာ တစ္ဆေမီးတောက်များအဖြစ် ပြောင်းလဲသွားကြသည်။

ဝမ်းနည်းပူဆွေးမှုက နှလုံးသားကို သေဆုံးစေသည်ထက်ပင် ပိုမိုနာကျင်စေသော်လည်း သူမက တစ်ကြိမ်သေဆုံးပြီးသားဖြစ်ရာ မည်သို့ ထပ်သေနိုင်မည်နည်း။

ယဲ့ဟိုင်ထန်က ညင်သာစွာ မေးလိုက်၏။ “ရှင် ကျွန်မကို လာသတ်တာလား”

တုပိုင် တိတ်ဆိတ်သွားသည်။

ယဲ့ဟိုင်ထန်မှာ အလွန်သနားစရာကောင်းလှသော်လည်း လူပေါင်းထောင်ချီ၍ သတ်ဖြတ်ထားခဲ့ပြီး ဖြစ်၏။

ယဲ့ဟိုင်ထန်က ရင်ဖွင့်လေ၏။ “ရှင်က ကျွန်မ ဆယ်နှစ်ကျော်ကြာ အရူးအမူးစွဲလမ်းခဲ့ရတဲ့ ယောက်ျားပါ။ ရှင့်လက်ထဲမှာ သေရတာ ပျော်စရာကောင်းမှာပါ။ ကျွန်မခေါင်းထဲမှာ အစွမ်းထက်တဲ့ စွမ်းအင်ကိုယ်ထည်တစ်ခု ရှိတယ်။ ကျွန်မစွမ်းအင်တွေ အားလုံးက အဲဒီထဲမှာပဲရှိတာ။ ရှင် ဒီကျောက်သလင်းတွေကို ယူသွားလိုက်တာနဲ့ ကျွန်မ အရမ်းအားနည်းသွားလိမ့်မယ်”

ထို့နောက် ယဲ့ဟိုင်ထန်သည် သူမ၏ခွန်အားများကို အကုန်အစင်ထုတ်သုံးကာ နာကျင်စွာ အော်ဟစ်လိုက်လေ၏။ ချက်ချင်းပင် သူမ၏ နဖူးပြင်မှာ ကွဲအက်သွားပြီးနောက် တောက်ပနေသော ကျောက်သလင်းတစ်ခုသည် နဖူးပြင်ထက်တွင် လွင့်မျောထွက်ပေါ်လာ၏။

ယဲ့ဟိုင်ထန်က တောင်းဆိုလိုက်သည်။ “ယူလိုက်ပါ... အဲဒီအထဲမှာ အစွမ်းထက်တဲ့စွမ်းအားတွေ ရှိတယ်။ ကျွန်မ ဝါးမျိုထားတဲ့ လူထောင်ချီရဲ့ ဝိညာဉ်တွေအားလုံးက အဲဒီအထဲမှာပဲ။ လူရာချီကို ကျွန်မ အသံတိတ်သတ်ဖြတ်နိုင်ခဲ့တာရော ၊ ရာနဲ့ချီတဲ့လူတွေရဲ့ ခန္ဓာကိုယ်တွေကို ချက်ချင်း လှုပ်မရအောင်လုပ်နိုင်ခဲ့တာရော အားလုံးက ဒါ့ကို အားကိုးခဲ့ရတာပဲ။ ရှင် ဒါကို ယူသွားလိုက်ပါ ၊ ပြီးရင် ကျွန်မကို သတ်လိုက်တော့”

ထိုကျောက်သလင်း သူမ၏ခေါင်းထဲမှ ထွက်ပေါ်လာပြီးနောက်တွင်မူ သူမပတ်ဝန်းကျင်ရှိ စွမ်းအင်စက်ကွင်းတစ်ခုလုံး ချက်ချင်းအားနည်းသွားသည်ကို တုပိုင် ရှင်းလင်းစွာ ခံစားလိုက်ရ၏။

မူလက ရေကန်ဆည်တစ်ခုလုံးအား အလွန်အစွမ်းထက်သော စွမ်းအင်စက်ကွင်းတစ်ခုဖြင့် ဖုံးလွှမ်းထားပြီး ထိုစက်ကွင်းထဲသို့ ဝင်ရောက်လာသူမည်သူမဆို သူမ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ယဲ့ဟိုင်ထန်က ညင်သာစွာ မေးလိုက်၏။ “တုပိုင်... ရှင်ချစ်တဲ့သူက ဘယ်လိုပုံစံမျိုးလဲ”

တုပိုင် ဖြေလိုက်၏။ “သူက အရမ်းကောင်းပါတယ်။ မင်းလိုပဲ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ သူတစ်ယောက်ပါ”

ယဲ့ဟိုင်ထန်က ဝမ်းနည်းစွာ ဆို၏။ “တကယ်တော့ ကျွန်မက ရှင့်အတွက် မထိုက်တန်ဘူးဆိုတာ သိပါတယ်။ အဲဒီအမျိုးသမီးက အရမ်းလှပမှာပဲ။ တကယ်တော့ ရှင် ဗီဒီယိုရုံသွားတယ်ဆိုတာကို ကျွန်မသိတယ်။ အဲဒီလိုဇာတ်ကားမျိုး ကြည့်ဖို့ ရှင် ဗီဒီယိုရုံထဲဝင်သွားတာကို ကျွန်မ မတော်တဆ မြင်ခဲ့ရလို့လေ။ တခြားသူတွေ သိသွားမှာစိုးလို့ ဗီဒီယိုရုံနဲ့ သိပ်မဝေးတဲ့နေရာကနေ ပုန်းပြီး ရှင်ထွက်လာမယ့်အချိန်ကို ကျွန်မ စောင့်နေခဲ့ဖူးတယ်။ ဆရာတွေ ၊ အတန်းဖော်တွေ ဖြတ်သွားမှာကို ကျွန်မ အရမ်းကြောက်နေခဲ့တာ”

**--**--**--**--**--**--**--**

တုပိုင်၏ မျက်နှာ ရှုံ့မဲ့သွားရ၏။ အမှန်တကယ်တွင် သူ ဗီဒီယိုရုံထဲဝင်သွားသည်ကို ဆရာက သိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တစ်ခါက ဗီဒီယိုရုံထဲတွင် လူငယ်အတန်းပိုင်ဆရာနှင့် ဆုံခဲ့ဖူးပြီး သူတို့နှစ်ဦးမှာ နားလည်မှုဖြင့် တစ်ယောက်ကိုတစ်ယောက် မသိချင်ယောင်ဆောင်နေခဲ့ကြသောကြောင့်ပင် ဖြစ်လေသည်။

တစ်လတိတိ ကြာပြီးနောက်တွင်မူ ထိုလူငယ်အတန်းပိုင်ဆရာက တုပိုင်အား ခေါ်ယူကာ ဆုံးမခဲ့သည်။ “မင်းက ငယ်ပါသေးတယ်။ အဲဒီလိုကိစ္စတွေကို သိပ်မကြည့်ပါနဲ့။ အာရုံများလွန်းတယ်”

**--**--**--**--**--**--**--**

ယဲ့ဟိုင်ထန် သူမ၏နဖူးပြင်မှ ထိုအစွမ်းထက်သော စွမ်းအင်ကျောက်သလင်းကို ခွာယူလိုက်ပြီး တိုက်တွန်းလေ၏။ “ယူသွားပါတော့... သွားတော့လေ”

ဆယ်နှစ်ကျော်ကြာ လူပေါင်းထောင်ချီ၏ ဝိညာဉ်များကို မျိုချထားခဲ့သော ကျောက်သလင်းကိုယူကာ တုပိုင်၏ နဖူးပြင်ထက်သို့ ဖြည်းညင်းစွာ တင်ပေးလိုက်လေသည်။

ဤကျောက်သလင်းက တုပိုင်အား ချက်ချင်းပင် အလွန်အစွမ်းထက်လာစေနိုင်ပေ၏။ ယဲ့ဟိုင်ထန် သတ်ဖြတ်ခဲ့မှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို တုပိုင် ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်တွင်မူ သူမသည် အလွန်အားနည်းသော တစ္ဆေမတစ်ကောင် ဖြစ်လာတော့၏။

ယဲ့ဟိုင်ထန်က ညင်သာစွာ ဆို၏။ “ဒါက ရှင့်ကို ကျွန်မပေးတဲ့လက်ဆောင်ပါ။ ရှင် မငြင်းရဘူးနော်။ မဟုတ်ရင် ကျွန်မ သတ်ခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ လူတွေ အချည်းနှီးဖြစ်သွားလိမ့်မယ်”

ရုတ်တရက် အမည်မသိသူတစ်ဦးက စူးရှစွာ ရယ်မောလျက် လှောင်ပြောင်လိုက်၏။ “ဟားဟားဟား... တကယ့်ကို ကြည်နူးစရာကောင်းတဲ့ လူနဲ့တစ္ဆေရဲ့ အချစ်ဇာတ်လမ်းပါလား”

ထိုစဉ် လူရိပ်နှစ်ခုသည် လျှပ်စီးအလား လျှင်မြန်စွာ ပစ်ဝင်လာကြသည်။

လူရိပ်တစ်ခုက တုပိုင်ထံ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာပြီး အခြားလူရိပ်တစ်ခုကမူ ယဲ့ဟိုင်ထန်၏ခေါင်းဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာ၏။

တုရှောင် အော်လိုက်သည်။ “အဖေ...”

ဉာဏ်ကောင်းသော တုရှောင် အန္တရာယ်ကို ပထမဆုံး သိရှိသွားခြင်း ဖြစ်၏။

လေတိုက်၍ လှုပ်ရှားနေသော မြက်ပင်များ၏ ရစ်ပတ်နှောင်ဖွဲ့မှုမှ ရုတ်ခြည်း ရုန်းထွက်လိုက်ကာ သူမ၏ခွန်အားအားလုံးကို အသုံးပြု၍ တစ်ကိုယ်လုံးကို လောက်လေးခွအလား ပစ်လွှတ်လိုက်ပြီး လက်ထဲရှိ ထက်မြက်သောဓားဖြင့် တုပိုင်အား တိုက်ခိုက်လာသူထံသို့ ပိုင်းချလိုက်သည်။

ထိုအချိန်မှာပင် ရေကန်ဆည်အောက်ဘက်တွင် ရှိနေသော ခေါင်းဆောင်လင်းမိန်သည်လည်း အပြေးအလွှား ရောက်ရှိလာ၏။

“ထန်းးး” ဟူသော ဓားချင်းထိခတ်သံ ထွက်ပေါ်လာ၏။ တုရှောင်သည် တိုက်ခိုက်လာသူ၏ဓားကို ပိတ်ဆို့ကာ ပြန်လည်တိုက်ခိုက်လိုက်၏။

အခြားလူရိပ်တစ်ခုမှာမူ သိုင်းပညာ ပိုမိုမြင့်မားကာ ပို၍အစွမ်းထက်ပြီး ယဲ့ဟိုင်ထန်ထံသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

“ရှိးးး” ဟူသော အသံ ထွက်ပေါ်လာသည်။

ထိုသူ၏ ထက်မြက်သောဓားက ယဲ့ဟိုင်ထန်၏ခေါင်းကို တိုက်ရိုက်ဖောက်ဝင်သွားပြီး ယဲ့ဟိုင်ထန်၏ နုနယ်ကာ ဖြူရော်နေသော မျက်နှာပေါ်မှ အမည်းရောင်သွေးများ စီးကျလာလေ၏။

ထိုသူက ရယ်မောလိုက်ပြီး ယဲ့ဟိုင်ထန်၏ လက်ထဲရှိကျောက်သလင်းကို လုယူလိုက်ကာ ကြွေးကြော်လိုက်သည်။ “ဒီကျောက်သလင်းက ငါ့ဟာပဲကွ... ဟားဟားဟား”

ထိုလူနှစ်ဦးသည် ယဲ့ဟိုင်ထန်၏ စွမ်းအင်ထိန်းချုပ်မှုနယ်ပယ် အပြင်ဘက်တွင် ချောင်းမြောင်းနေခဲ့ကြခြင်း ဖြစ်ပေသည်။ သူတို့သည် ယဲ့ဟိုင်ထန်အား သတ်ဖြတ်ရန် တက်စလာ ကွိုင် လက်နက်တစ်ခုကိုလည်း တည်ဆောက်ခဲ့ကြပြီး ပင်းရှီးမြို့စား၏ အက်စ်အဆင့် မစ်ရှင်ကို ပြီးမြောက်လိုကြခြင်း ဖြစ်လေသည်။

သို့သော် ထိုလျှပ်စီးလက်နက်က ယဲ့ဟိုင်ထန်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသည်ကို သူတို့ မမျှော်လင့်ထားခဲ့ပေ။ ထိုလူနှစ်ဦးမှာ သိုင်းပညာ အစွမ်းထက်ကြသော်လည်း အစွမ်းထက်လှသော ယဲ့ဟိုင်ထန်အနီးသို့ ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်နေခဲ့ကြ၏။

တိုက်ခိုက်လာသူနှစ်ဦးမှာ လူလတ်ပိုင်းတစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဖြစ်ကြသည်။

လူလတ်ပိုင်းက ယဲ့ဟိုင်ထန်အား လုပ်ကြံခြင်း ဖြစ်၏။ လူငယ်ဖြစ်သူက တုပိုင်အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော်လည်း တုရှောင်၏ပိတ်ဆို့မှုကို ခံလိုက်ရပြီး ယခုအချိန်တွင် တုရှောင်နှင့် အပြင်းအထန် တိုက်ခိုက်နေရပြီ ဖြစ်သည်။

ယဲ့ဟိုင်ထန်ကသာ ကာကွယ်မှုအားလုံးကို ရုပ်သိမ်းကာ သူမ၏ခေါင်းကိုခွဲပြီး အစွမ်းထက်သော ကျောက်သလင်းအား တုပိုင်ကို မပေးအပ်ခဲ့ပါက ထိုလူလတ်ပိုင်းသည် သူမအား လုံးဝ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

ယဲ့ဟိုင်ထန်၏ခေါင်းကို ထိုးဖောက်ပြီးနောက် သူက တုပိုင်ထံသို့ နောက်ထပ်ဓားတစ်ချက် ပိုင်းချလိုက်ပြီး တုပိုင်၏ခေါင်းကို တိုက်ရိုက်ခုတ်ဖြတ်ရန် ကြံရွယ်လိုက်၏။

“ထန်းးး” ဟူသော ဓားချင်းထိခတ်သံ ထွက်ပေါ်လာပြန်သည်။

အခြားဓားတစ်လက်က သူ့အား ပိတ်ဆို့လိုက်ကာ တုပိုင်ကို ကယ်တင်လိုက်၏။

ခေါင်းဆောင်အရာရှိမလေး လင်းမိန်ပင် ဖြစ်သည်။

လင်းမိန် အံ့အားသင့်စွာ ရေရွတ်လိုက်၏။ “အကြီးအကဲလင်း ၊ မြို့စားမင်းလေးလား”

ယဲ့ဟိုင်ထန်အား တိုက်ခိုက်ရန် လာရောက်သူနှစ်ဦးကို သူမ သိနေသည်။ တုပိုင်အား ဝင်ရောက်တိုက်ခိုက်သူများမှာ ပင်းရှီးမြို့စား လျန်ကျင်း၏ သားဖြစ်သူ လျန်ပိနှင့် အကြီးအကဲ လင်းပိုင်နျန်တို့ပင် ဖြစ်ကြ၏။

ပင်းရှီး မြို့စားမင်းလေးက တုံ့ပြန်လိုက်သည်။ “လင်းမိန်... မင်း ငါ့ကို မှတ်မိတာ ကောင်းတယ်။ အဲဒီသားအဖနှစ်ယောက်က တစ္ဆေမိစ္ဆာတွေနဲ့ ပူးပေါင်းနေကြတယ်။ သူတို့အားလုံးကို သတ်ပစ်ဖို့ မင်းကို ငါအမိန့်ပေးတယ်”

လင်းမိန်​က ငြင်းဆန်လိုက်၏။ “မဟုတ်ဘူး... သူတို့ကလည်း ဒီမိစ္ဆာကို နှိမ်နင်းဖို့ လာကြတာ”

ပင်းရှီး မြို့စားမင်းလေး လျန်ပိ အေးစက်စွာ အမိန့်ပေးလေသည်။ “အခုတော့ ဒီမိစ္ဆာကို ငါတို့ ရှင်းလင်းလိုက်ပြီလေ။ အဲဒီသားအဖနှစ်ယောက်က မိစ္ဆာနဲ့ ပူးပေါင်းကြံစည်နေကြတာ။ ဟိုယောက်ျားကို အခုချက်ချင်း သတ်လိုက်... ပြီးရင် ကောင်မလေးကိုတော့ ထောင်ထဲပို့ရမယ်”

ပင်းရှီး မြို့စားမင်းလေး လျန်ပိသည် တုရှောင်၏ လှပသောမျက်နှာနှင့် ကျော့ရှင်းသောခန္ဓာကိုယ်ကို ကြည့်ကာ ချက်ချင်းပင် အကြံအစည် ပြောင်းသွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် ရမ္မက်မီးများ တောက်လောင်လာသည်။

တုရှောင်နှင့် မြို့စားမင်းလေး လျန်ပိတို့ ရင်ဆိုင်တိုက်ခိုက်နေကြရာ တုရှောင် အနည်းငယ် အရေးနိမ့်နေသော်လည်း တောင့်ခံထားနိုင်ဆဲ ဖြစ်လေသည်။

တုရှောင်မှာ သတ္တမအဆင့် သိုင်းပညာရှင်ဖြစ်ပြီး မြို့စားမင်းလေး လျန်ပိမှာ အဋ္ဌမအဆင့် သိုင်းပညာရှင် ဖြစ်၏။ သို့သော် တုရှောင်မှာ အလွန်ပါရမီပါသူဖြစ်သဖြင့် အဆင့်ကျော်လွန် ရင်ဆိုင်နေရသော်ငြား ရှုံးနိမ့်သွားခြင်း မရှိပေ။

လင်းမိန်မှာမူ အတော်လေး ရုန်းကန်နေရလေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် နဝမအဆင့် သိုင်းပညာရှင်ဖြစ်ပြီး လင်းပိုင်နျန်မှာ အဆင့် ၁၂ သိုင်းပညာရှင်ဖြစ်နေကာ သူမထက် သုံးဆင့်တိတိ ကွာဟနေသောကြောင့် ဖြစ်သည်။

လင်းပိုင်နျန်က သွေးထိုးလိုက်၏။ “မြို့စားမင်းလေး... သူတို့အားလုံးကို သတ်ပစ်လိုက်ပါ။ ဒီကျောက်သလင်းက ဟိုတစ္ဆေမ မျိုချထားတဲ့ လူထောင်ချီရဲ့ ဝိညာဉ်စွမ်းအင်တွေကွ။ အရမ်းကို အစွမ်းထက်တာ။ ဒီကျောက်သလင်းကို ကျွန်တော် တို့ချည်းပဲ သိမ်းပိုက်နိုင်ဖို့ဆိုရင် သူတို့သုံးယောက်လုံးကို သေချာပေါက် သတ်ပစ်မှ ရလိမ့်မယ်”

မြို့စားမင်းလေး လျန်ပိသည် တုရှောင်၏ လှပသောမျက်နှာနှင့် ခန္ဓာကိုယ်ကို ကြည့်ကာ အမှန်တကယ်ပင် လက်မလွှတ်ရက်နိုင်အောင် ဖြစ်နေလေ၏။

တစ်ချိန်တည်းတွင်မူ အကြီးအကဲလင်းသည် သေကွင်းသေကွက် အကွက်တစ်ခုကို စတင်လိုက်ကာ လင်းမိန်အား အချိန်တိုအတွင်း သတ်ဖြတ်ရန် ကြံရွယ်လိုက်လေ၏။

မကြာမီမှာပင် ခေါင်းဆောင်အရာရှိမလေး လင်းမိန်သည် အန္တရာယ်ကြား ကျရောက်သွားရပြီး အသက်အန္တရာယ်မှာ ဆံခြည်တစ်မျှင်စာသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိသွား၏။

ရုတ်တရက် ခေါင်းထိုးဖောက်ခံထားရသော ယဲ့ဟိုင်ထန်က စူးရှစွာ အော်ဟစ်လိုက်လေသည်။ “အားးး အားးး ရှင်တို့က တုပိုင်ကို သတ်ရဲတယ်ပေါ့... ရှင်တို့က ငါ့ယောက်ျားကို သတ်ရဲတယ်ပေါ့... အဲဒီကျောက်သလင်းကို သူ့ဆီ ပြန်ပေး... ပြန်ပေးစမ်း...”

လက်ရှိအချိန်တွင် ယဲ့ဟိုင်ထန်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေလျက်ရှိ၏။

သူမသည် မူလကတည်းက တစ္ဆေတစ်ကောင်ဖြစ်ပြီး သူမ၏ ဆံပင်များတွင် ရေညှိရေမှော်များ ကပ်ငြိနေသေးသည်။ ယခုအခါ သူမ၏ခေါင်းမှာ ထိုးဖောက်ခံထားရပြီး အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေကာ အတွင်းမှ ဦးနှောက်ကို ထင်ရှားစွာ မြင်တွေ့နေရ၏။ သူမ၏ဦးနှောက်မှာ အဖြူရောင်မဟုတ်ဘဲ ထူးဆန်းသော အစိမ်းရောင် ဖြစ်နေသည်။

ယဲ့ဟိုင်ထန်က ရူးသွပ်စွာ အော်ဟစ်လိုက်၏။ “အဲဒီကျောက်သလင်းကို သူ့ဆီ ပြန်ပေး... သူ့ဆီ ပြန်ပေးစမ်း...”

အကြီးအကဲ လင်းပိုင်နျန်က လှောင်ပြောင်လိုက်၏။ “မင်းက ကျောက်သလင်းကို ထုတ်ပေးလိုက်ပြီဆိုတော့ အရမ်းကို အားနည်းနေပြီပဲ။ မင်းတို့အားလုံးကို ငါ လွယ်လွယ်လေး သတ်လို့ရသွားပြီကွ။ ဒီမိန်းမကို သတ်ပြီးတာနဲ့ မင်းရဲ့ယောက်ျားကိုပါ ငါ ထပ်သတ်ပြမယ်... ဟားဟားဟား”

“ရွှစ်...” ဟူသော လေခွင်းသံတစ်ခု ထွက်ပေါ်လာလေ၏။

အဆင့် ၁၂ သိုင်းပညာရှင် လင်းပိုင်နျန် ဓားဖြင့် ပြင်းထန်စွာ ပိုင်းချလိုက်၏။

ရုတ်တရက် လင်းမိန်၏ ခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော ရိုက်ချက်တစ်ခု ထပ်မံကျဆင်းလာရာ ခေါင်းဆောင်အရာရှိမလေး လင်းမိန်၏ လှပသောခန္ဓာကိုယ်မှာ အဝေးသို့ လွင့်စင်ထွက်သွားလေတော့သည်။

ထို့နောက် လင်းပိုင်နျန်၏ဓားက တုပိုင်၏ လည်ပင်းပေါ်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားပြီး သူက မဲ့ပြုံးပြုံးကာ ခြိမ်းခြောက်လိုက်၏။ “သူ့ကို ငါသတ်တော့မယ်... မိစ္ဆာမ... မင်း ဘာတတ်နိုင်သေးလဲ”

ထိုအခိုက်မှာပင်...

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၉ + ၈၅၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters