အခန်း (၇၇၂-၇၇၄)
Vol. 52 Ch. 772-774
အပိုင်း ( ၇၇၂ ) အရှေ့ဘက်သို့ ခရီး
အချိန် တစ်ချို့ ကြာပြီးနောက်မှာတော့ အဖွဲ့ဝင်ငါးယောက်လုံးက နောက်ဆုံးမှာ သီးသန့်တွေ့ဆုံခွင့် ရရှိခဲ့ကြတယ်..။ မီးစောင့်ရှောက်သူတွေ ရှိနေတုန်းပဲ ဆိုပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို သီးသန့်အချိန်တစ်ချို့ ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။ ရလဒ်အနေနဲ့ ကျယ်ဝန်းတဲ့ ဆေးရုံအခန်းထဲမှာ နစ်ဖီ ၊ ဆန်နီ ၊ ကတ်စီ ၊ အယ်ဖီ နဲ့ ကိုင် တို့သာ ကျန်ရစ်ခဲ့ကြတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပြတင်းပေါက်နားမှာ ရပ်နေပြီး အကယ်ဒမီဝန်းရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ရှုခင်းတွေကို ငြိမ်သက်စွာ ငေးကြည့်နေခဲ့ပါတယ်..။ သူမက စိတ်ခံစားချက်တွေကို ဖော်ပြဖို့နဲ့ လူတွေနဲ့ ဆက်ဆံဖို့ ခက်ခဲတဲ့ အနေအထားကို ပြန်ရောက်သွားသလိုပါပဲ..။ ဒီအကြောင်းပြချက်ကြောင့်ပဲ သူမ ဘာတွေ တွေးနေလဲဆိုတာကို နားလည်ဖို့ ခက်ခဲနေခဲ့တယ်..။
ကျန်တဲ့သူတွေကတော့ သူမကို ဒီတိုင်းသာ လွှတ်ပေးထားခဲ့ကြပါတယ်..။ နစ်ဖီ က သူတို့ရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတယ် ဆိုပေမယ့် သူမ တကယ်ပဲ ပြန်ရောက်လာပြီဆိုတဲ့ အချက်ကို လက်ခံဖို့က သိပ်ပြီး မလွယ်ကူသေးပါဘူး..။ သူတို့က လက်တွေ့ဘဝသစ်ကို ကျင့်သားရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမဲ့ သူတို့ရဲ့ နှလုံးသားထဲမှာတော့ စိတ်သက်သာရာရမှုနဲ့ ပျော်ရွှင်မှု လှိုင်းလုံးတွေ ဖြစ်ပေါ်လာနေခဲ့တယ်။
ဆန်နီ လည်း ကွာခြားမူမရှိပေ..။သို့ပေမဲ့ တစ်ဖက်မှာ စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံတဲ့ ခံစားချက်တွေ ရှိနေတာကြောင့် သူ့ရဲ့ ခံစားချက်တွေကိုအနည်းငယ်တော့ လွှမ်းမိုးခြင်း ခံနေရပါတယ်။
နောက်ဆုံးမှာတော့ နစ်ဖီ က သက်ပြင်းတစ်ချက်ချပြီး လှည့်လာခဲ့တယ်..။ သူမရဲ့ မျက်နှာပေါ်မှာတော့ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“နင်တို့... နင်တို့အားလုံးက မာစတာ တွေ ဖြစ်နေကြပြီပဲ..။ ငါ တကယ် မထင်ထားခဲ့ဘူး..”
နူးညံ့တဲ့ ကုလားထိုင်ပေါ်မှာ ခြေထောက်တွေ ဆန့်ပြီး သက်သောင့်သက်သာ ထိုင်နေတဲ့ အယ်ဖီ က ရယ်မောလိုက်တယ်..။
“နင်ကပဲ ပြောရတယ် ရှိသေးတယ်”
နစ်ဖီ က သူတို့ လေးယောက်ကို အကဲခတ်ကြည့်ပြီးမှ ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်တယ်..။
“နင်တို့အားလုံး အသက်ရှင်ကြရဲ့လား ဆိုတာတောင် ငါ မသိခဲ့ဘူး..။ ငါ... ငါကတော့ အဲလို မျှော်လင့်ခဲ့တာပေါ့လေ..။ ဒါကြောင့် နင်တို့ အသက်ရှင်နေတာကို မြင်ရတာ ငါ တကယ်ပဲ ဝမ်းသာပါတယ်..။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကူညီပေးခဲ့ကြတာကိုရောပေါ့.."
ကိုင် ရဲ့ မျက်နှာပေါ်မှာ အတိတ်ကို ပြန်တမ်းတတဲ့ အငွေ့အသက်တစ်ခု ပေါ်လာခဲ့တယ်..။ သူက
ခနလောက် တိတ်ဆိတ်နေပြီးမှ ဒုတိယအိပ်မက်ဆိုး ရဲ့ အဖြစ်အပျက်တွေကို ပြန်သတိရရင်း နူးညံ့စွာ ပြောလာခဲ့ပါတယ်..။
“ဟုတ်တယ်.. ငါတို့ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် မှီခိုခဲ့ကြရတယ်။ဒါပေမဲ့ မင်း ...မင်း ကတော့ ဒီတစ်လျှောက်လုံးမှာ တစ်ယောက်တည်း ဖြတ်သန်းနေခဲ့ရတာလေ..။လေဒီ
နစ်ဖီ ..ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ... ဒါပေမဲ့ အဲဒီမှာ ဘယ်လိုများ အသက်ရှင်နိုင်ခဲ့တာလဲ..”
နစ်ဖီ က အပြုံးတစ်ခုနဲ့အတူပဲ မျက်နှာလွှဲလိုက်ပါတယ်..။
“...ငါလည်း လုံးဝကြီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး..”
အဲ့ဒီနောက် သူမက ဆေးရုံကုတင်ဆီ လမ်းလျှောက်သွားပြီး သူတို့ကို မျက်နှာမူကာ ထိုင်လိုက်တယ်..။
“အမှန်တော့ ပြောစရာ သိပ်အများကြီး မရှိပါဘူး..။ ငါ ထိပ်ဖျား ရဲ့ အပေါ်ကို ရောက်တဲ့အချိန်မှာ ကြက်သွေးရောင် တယ်ရာ က အားအနည်းဆုံး အခြေအနေမှာ ရှိနေခဲ့တာ..။ အမှောင်ပင်လယ်ရဲ့ ချုပ်နှောင်မှု မရှိတော့တာကြောင့် သူမက ဝိဥာဉ်ပေါင်းများစွာကို စုပ်ယူထားပြီး ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဥ်ရဲ့ အလယ်မှာ ရောက်နေခဲ့တယ်လေ..။ငါက အရုဏ်ဦး အမြုတေ ရဲ့ အကူအညီနဲ့ သူမကို အနိုင်ယူ နိုင်ခဲ့တာပဲ...”
အဲ့လို ရိုးရှင်းတဲ့ ရှင်းပြချက်က ကျဆုံးမူအဆင့် တယ်ရာ တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့ အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုကို အပြည့်အဝ ပုံဖော်မပြနိုင်ပါဘူး..။သို့ပေမဲ့ နစ်ဖီ အနေနဲ့ သူမရဲ့ ဇာတ်လမ်းထဲက ဒီအပိုင်းကို သိပ်ပြီး အကျယ်တဝံ့ ပြောချင်ပုံ မရပေ..။ သူမက ဆန်နီ နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ အပိုင်းကိုလည်း လုံးဝ ချန်လှပ်ထားဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်..။ အဲ့ဒီအစား သူမက ပြတင်းပေါက်ကို ကြည့်ပြီး ဆက်ပြောလာခဲ့တယ်..။
“ဒါပေမဲ့ သူမ သေဆုံးသွားပြီးတဲ့ နောက်မှာ မျှော်စင် က မတည်မငြိမ် ဖြစ်လာခဲ့တယ်..။ ထွက်ပေါက် က ပြိုကျသွားပြီး မကြာခင်မှာပဲ တာဝါကြီး တစ်ခုလုံးလည်း ပြိုကျသွားခဲ့တယ်..။ ငါ လည်း အပျက်အစီးတွေကြားကနေ လွတ်တယ်ဆိုရုံလေးပဲ ထွက်ပြေးနိုင်ခဲ့တာ..။ မေ့ပျောက်ကုန်းမြေ ရဲ့ နေမင်းကြီးလည်း ငြိမ်းသတ်ခံလိုက်ရတာကြောင့် နေရာတစ်ခုလုံးက အမှောင်ထုထဲကို ကျရောက်သွားခဲ့တယ်လေ..။ ဝင်္ကပါကြီး တစ်ခုလုံးလည်း ပျက်စီးသွားခဲ့သလို ကြက်သွေးရောင် သန္တာကျောက်တန်းတွေကလည်း မီးခိုးရောင် အဖြစ် ပြောင်းသွားပြီး ဖြည်းဖြည်းချင်း ပြာဖြစ်သွားခဲ့ကြတယ်..။ ပင်လယ်လည်း မရှိ ၊ နေလည်း မရှိတော့တဲ့အပြင် အိပ်မက်ဆိုး သတ္တဝါ အများစုကလည်း သတ်ဖြတ်ခံလိုက်ရတာကြောင့် အဲ့ဒီနေရာက အလင်းရောင် ကင်းမဲ့ပြီး ဆိတ်သုဉ်းတဲ့ နေရာတစ်ခု ဖြစ်သွားခဲ့တယ်..”
သူမ သက်ပြင်းချလိုက်ပြီး..
“ငါ အမှောင် မြို့တော် ဆီကို ပြန်သွားခဲ့ပြီး အဲ့ဒီမှာ ခနလောက် နေခဲ့တယ်..။ ကျန်တဲ့ မိစ္ဆာတွေကို လိုက်လံရှာဖွေ သတ်ဖြတ်ပြီး ခရီးရှည်ကြီးအတွက် ပြင်ဆင်ခဲ့တယ်လေ.။ အရုဏ်ဦး အပိုင်းအစ နဲ့ အမည်မသိ နေမင်း ရဲ့ အကူအညီနဲ့ အစွမ်းထက်တဲ့ အိပ်မက်ဆိုး သတ္တဝါ အများအပြားက ငါ့ဓားအောက်မှာ ကျဆုံးခဲ့ကြရတယ်..။အချိန်အတော်ကြာတဲ့အထိ ဟောလိုးတောင်တန်း ကို ဖြတ်ကျော်ဖို့ ငါ စဥ်းစားခဲ့သေးတယ်..။ ဒါပေမဲ့ နောက်ဆုံးတော့ အဲ့ဒီစိတ်ကူးကို စွန့်လွှတ်လိုက်ရတယ်လေ..။ အဲ့ဒီမှာ သေခြင်းတရားကလွဲလို့ ငါ့ကို ဘာမှ စောင့်ကြိုနေမှာ မဟုတ်ဘူး..။ ဒါကြောင့် ငါ တခြား လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့တယ်..”
နစ်ဖီ က ခနလောက် ရပ်နားလိုက်ပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ဆက်ပြောပါတယ်..။
“သေစေနိုင်တဲ့ တောင်တန်းက အနောက်ဘက်မှာရှိတဲ့ အနက်ရောင်နှလုံးသား ထက် ပိုဝေးတဲ့နေရာအထိတောင် သွယ်တန်းနေတယ်ဆိုတာ ငါ သိထားတယ်..။ အဲဒီမှာ ဖြတ်သန်းသွားလာလို့ ရတဲ့ လမ်း မရှိဘူးလေ..။ မြောက်ဘက်ကို သွားဖို့ဆိုတာကလည်း လူသား ခံတပ် တွေနဲ့ ပိုပြီး ဝေးကွာသွားစေလိမ့်မယ်..။ ဒါကြောင့် ငါ့အတွက် ရွေးချယ်စရာ အရှေ့ဘက် တစ်ခုပဲ ကျန်တော့တယ်..။ အဲ့ဒီဘက်မှာဆိုရင် ဟောလိုးတောင်တန်း က အရမ်း မမြင့်တာမျိုး ၊ ဒါမှမဟုတ် ကျော်ဖြတ်လို့ မရလောက်အောင် မခက်ခဲတာမျိုး ဖြစ်နိုင်သလို.. အဲ့နေရာက စူးစမ်းမထားတဲ့ ဒေသတွေရဲ့ တစ်နေရာရာမှာ တောင်တန်းကြီးရဲ့ အဆုံးသတ် ရှိနေနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လေ..။ အဲ့ဒါက ဖြစ်နိုင်ခြေ တစ်ခုသာပဲ ဆိုပေမဲ့ ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဆိုရင်လည်း မမှားဘူး..။ ဒါကြောင့် ငါ အမှောင် မြို့ ကနေ ထွက်ခွာလာခဲ့ပြီး ဆန်နီ ၊ ကတ်စီ တို့နဲ့ အတူလာခဲ့ဖူးတဲ့ လမ်းအတိုင်း ပြန်သွားခဲ့လိုက်တယ်...။ဒါပေါ့ အဖြူရောင် ကုန်းမြင့် ကိုတော့ ရှောင်ပြီးသွားခဲ့တာပေါ့..”
ဆန်နီ ဟာ ဝိဥာဉ်စားသုံးသူ နဲ့ တွေ့ဆုံခဲ့တာကို ပြန်သတိရသွားခဲ့တာကြောင့် အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။ အဲ့ဒီ ကျိန်စာသင့်သစ်ပင်ကို ပြန်လာပြီး ဖျက်ဆီးပစ်မယ်ဆိုတဲ့ သူ့ရဲ့ ကတိကို သူ အခုထိ မမေ့သေးပါဘူး..။သို့ပေမဲ့ အမှန်အတိုင်း ပြောရရင် လက်ရှိအချိန်မှာ မေ့ပျောက်ကုန်းမြေ ဆီကို ပြန်သွားဖို့ သူ့မှာ အစီအစဉ် မရှိပေ..။ သူ့ရဲ့ လက်စားချေချင်တဲ့စိတ်မှာလည်း အကန့်အသတ် ရှိပါတယ်..။
ဖြစ်နိုင်တာကတော့ သူက တစ်နေ့နေ့မှာ အဲဒီ ယုတ်မာတဲ့ မိစ္ဆာကောင်ကို ကလဲ့စားချေဦးမှာပါ။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကတော့ သူမရဲ့ ဇာတ်လမ်းကို ဆက်ပြောနေခဲ့တယ်..။
“နောက်ဆုံးတော့ ငါ မေ့ပျောက်ကုန်းမြေ ရဲ့ အစွန်အဖျားကို ရောက်ခဲ့ပြီး ကြောက်စရာကောင်းလောက်အောင် ကျယ်ပြန့်တဲ့ သဲကန္တာရ တစ်ခုထဲကို ဝင်ခဲ့တယ်..။ နေလုံး နဲ့ ကြယ်တွေကို ပြန်မြင်ရတာက... ကောင်းချီးပေးမူ တစ်ခုလိုတောင် ထင်ရတယ်လေ..။ ဒါပေမဲ့ အဲ့ဒီကောင်းချီးပေးမူက ကျိန်စာတစ်ခုနဲ့အတူ ပါလာခဲ့တယ်..။ အဲ့ဒီ သဲကန္တာရက တစ်ချိန်တုန်းက ကြီးကျယ်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တဲ့ နေရာလို့ ငါ ထင်တယ်... ။ဒါမှမဟုတ် တိုက်ပွဲကြောင့်ပဲ အဲ့ဒီမြေက သက်မဲ့သဲကန္တာရ အဖြစ်ပြောင်းလဲ သွားတာလည်း ဖြစ်နိုင်တာပဲ..။ ဘာပဲဖြစ်ဖြစ် ငါတို့ နားမလည်နိုင်တဲ့ စွမ်းအားကြီးတွေကြားက တိုက်ပွဲရဲ့ ပဲ့တင်သံတွေက အဲ့ဒီမှာ ကျန်ရှိနေသေးတာကြောင့် အဲ့ဒီနေရာက အရမ်းကို ကြောက်စရာကောင်းပြီး သေစေနိုင်တဲ့ နေရာတစ်ခု ဖြစ်နေခဲ့တယ်..”
ဆန်နီ ဟာ သူမရဲ့ အိပ်မက်ထဲက ဖြူဖွေးတဲ့ သဲကန္တာရကို ပြန်သတိရမိလိုက်ပါတယ်။နစ်ဖီ ကတော့ ခနရပ်လိုက်ပြီးမှ လေးနက်တဲ့ လေသံနဲ့ ဆက်ပြောလာခဲ့တယ်..။
“ဒါပေမဲ့ အဲ့ဒီအချိန်မှာ ငါ့အတွက် နောက်ပြန်လှည့်ဖို့က အရမ်း နောက်ကျသွားခဲ့ပြီ..။ငါက ဟောလိုးတောင်တန်း အတိုင်း လိုက်လာရင်း သဲကန္တာရထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့သလို အရှေ့ဘက်ကိုလည်း ပိုရောက်သွားခဲ့တယ်..။ ကံမကောင်းတာက ငါ ဘယ်လောက်ပဲ ခရီးနှင်နှင် မြူတွေဖုံးနေတဲ့ တောင်ထိပ်တွေက ပျောက်ကွယ်သွားမယ့် လက္ခဏာ မပြခဲ့ဘူး..။ နောက်ဆုံးမှာတော့ ငါ ရှေ့ဆက်သွားလို့ မရတော့ဘူးဆိုတာ သဘောပေါက်လိုက်တယ်..။ ငါ ထင်တာကတော့... အဲ့ဒီ ဖြူဖွေးတဲ့ သဲကန္တာရကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ..။ ငါ အတတ်နိုင်ဆုံး ကြိုးစား အသက်ရှင်ခဲ့ရတဲ့ နေရာတွေက ရှေးဟောင်းစစ်မြေပြင်ရဲ့ အစွန်အဖျားတွေပဲ ရှိသေးတာလေ..။အထဲကို
ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်လေလေ ပိုပြီး ကြောက်စရာ ကောင်းလေလေပဲ..။ တကယ့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွင်းပိုင်း နေရာတွေက သေမင်းတမန်ဇုန်တွေ ဖြစ်နေမှာ သေချာတယ်..။ ပိုဆိုးတာက အဲ့ဒီမှာ ရှိတဲ့ ကြောက်မက်ဖွယ်ရာတွေကို အတတ်နိုင်ဆုံး ခုခံနိုင်ခဲ့ရင်တောင်မှ သဲကန္တာရကိုယ်တိုင်က နင့်ကို သတ်ဖို့ ကြိုးစားဦးမှာပဲ..။ အဲတာက... အဲ့တာက အသက်ရှင်လျက် ဖြတ်ကျော်ဖို့ နည်းလမ်း လုံးဝ မရှိဘူး..”
သူမက သူတို့ကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူမရဲ့ မျက်လုံးတွေထဲမှာ ဖြူဖွေးတဲ့ မီးပွင့်လေးတွေ တောက်လောင်နေတာကို မြင်တွေ့နေရပါတယ်။
“ရှေ့တိုးလို့လည်း မရ ၊ နောက်ဆုတ်လို့လည်း မရတဲ့ အခြေအနေမှာ ငါ... ငါ အရမ်းကို စိတ်ပျက်အားငယ် ခဲ့ရတယ်။ နောက်ဆုံးတော့ ဟောလိုးတောင်တန်း ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လေ..။ ဒါပေမဲ့ တောင်တန်းကို ဖြတ်ကျော်ပြီး တစ်ဖက်က လူသားနယ်မြေကို ရောက်ဖို့အတွက်တော့ ငါ့မှာ မျှော်လင့်ချက် မရှိခဲ့ဘူး..။ ငါ့ရဲ့ ခရီးတစ်လျောက်လုံးမှာလည်း ထွက်ပေါက် ဆိုတဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ဘူးလေ..။ ဒါကြောင့် ငါ စဥ်းစားလို့ရတဲ့ တစ်ခုတည်းသော အရာကိုပဲ လုပ်ခဲ့တယ်..။အဲတာက အိပ်မက်ဆိုး မျိုးစေ့ တစ်ခုကို ရှာဖို့ ကြိုးစားခဲ့တာပဲ..။ နောက်ဆုံးမှာတော့ အကူအညီအချို့နဲ့အတူပဲ တောင်တန်းတွေထဲက အမှောင် နယ်မြေရဲ့ နယ်နိမိတ်နားမှာ ပုန်းကွယ်နေတဲ့ မျိုးစေ့ တစ်ခုကို တွေ့ခဲ့ပြီး... အဲ့ဒါကို စိန်ခေါ်ခဲ့တာ..”
နစ်ဖီ ရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“ပြီးတော့ ငါ ဒီမှာ ရောက်နေပြီလေ..။အန္တရာယ် ကင်းကင်းနဲ့ပေါ့.."
သူမ ခနလောက် တိတ်ဆိတ်သွားပြီးမှ တီးတိုး ထပ်ပြောလာခဲ့ပါတယ်။
“ကောင်းပြီလေ... အပြည့်အဝတော့ မဟုတ်ဘူးပေါ့..။ ဒါပေမဲ့ အနည်းဆုံးတော့ ငါ အသက်ရှင်နေသေးတာပဲ မဟုတ်လား..”
အပိုင်း ( ၇၇၂ ) ပြီး၏။
အပိုင်း ( ၇၇၃ ) နားလည်သဘောပေါက်ခြင်း
အဖွဲ့ဝင်တွေအနေနဲ့ နစ်ဖီ ရဲ့ ဇာတ်လမ်းကို နားလည်သဘောပေါက်ဖို့အတွက် အချိန်အနည်းငယ် ယူလိုက်ကြရပါတယ်..။ အထူးသဖြင့် ဆန်နီ ကတော့ သူမက အမှန်တကယ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ အစိတ်အပိုင်း အချို့ကိုသာ သူတို့ကို ပြောပြခဲ့တယ်လို့ ခံစားနေခဲ့ရတယ်..။
သို့ပေမဲ့လည်း တစ်ဖက်က ပြန်ကြည့်ရင်..အသက်ရှင်ဖိုအတွက် အဆုံးမရှိတဲ့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်နှစ်တာ အချိန် ကာလကို စကားလုံး အနည်းငယ်နဲ့ ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် အနေနဲ့ သူမ လျှို့ဝှက်ထားချင်တဲ့ အရာတွေကို ထည့်မတွက်ထားရင်တောင်မှ ကျန်တာတွေကို ဖော်ပြဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။သူမ မပြောပြချင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေလိမ့်မယ်လို့ သူ သေချာပေါက် ယုံကြည်ပါတယ်။
ဒါက အချိန်အတော်ယူရမှာပါ။
တကယ့် လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ရင်တော့... ဆန်နီ ကိုယ်တိုင်ကလည်း အရာရာကို ရင်ဖွင့်ပြတတ်သူ မဟုတ်တာကြောင့် စိုးရိမ်စိတ်နဲ့ မသက်မသာ ဖြစ်နေခဲ့တယ်..။ပြီးတော့ သူတို့အားလုံးက စကားပြောဆိုတာတွေကို သတိထားနေကြရပါတယ်..။ အကယ်ဒမီက နစ်ဖီ ကို ပေးထားတဲ့ အခန်းက ဘေးကင်းနိုင်တယ် ဆိုပေမဲ့.. ဒီနေရာကို စောင့်ကြည့် မနေကြဘူးလို့ဘယ်သူမှ မပြောနိုင်ပါဘူး။
ဒီအကြောင်းပြချက်ကြောင့်ပဲ အယ်ဖီ နဲ့ ကိုင် တို့ဟာ မေးချင်တာတွေ အများကြီး ရှိနေပေမဲ့ အတတ်နိုင်ဆုံး တိတ်ဆိတ်နေခဲ့ကြတာပါ..။ ဆန်နီ နဲ့ မတူတာကတော့ သူတို့က ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ စွမ်းရည် နဲ့ လက်ရှိ အဆင့် အမျိုးအစားကို ကောင်းကောင်း နားမလည်ကြပါဘူး..။ သူတို့ သိထားတာကတော့ ဆန်နီ နဲ့ မော်ဒရက် တို့လိုပဲ သူမမှာလည်း နတ်ဘုရားအဆင့်စွမ်းရည် ရှိတယ်ဆိုတာပါပဲ..။
နောက်ဆုံးမှာတော့ ကတ်စီ က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်..။
“အဆင်ပြေပါတယ်..။ အခု နင် ပြန်ရောက်လာပြီဆိုတော့ အရာအားလုံး အဆင်ပြေသွားမှာပါ..”
သူမက ခနရပ်လိုက်ပြီးမှ လေးနက်စွာ ထပ်ပြောပါတယ်..။
“ဒါပေမဲ့လည်း... ငါတို့ရဲ့ လက်ရှိ အခြေအနေက အရမ်းကို ထိရှလွယ်နေတယ်..”
နစ်ဖီ က သူမကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။ သူမရဲ့ မျက်လုံးထဲက အဖြူရောင် မီးပွင့်လေးတွေက အနည်းငယ် ပို တောက်ပလာခဲ့ပါတယ်..။
“မေ့ပျောက်ကုန်းမြေ ကနေ နင်တို့ ပြန်ရောက်လာပြီးနောက်မှာ... ရှုပ်ထွေးမှု တစ်ခုခု ရှိခဲ့လို့လား..”
သူမက ကတ်စတာ ၊ ကြီးမြတ်တဲ့ ကလန်တွေနဲ့ သူမကို သေစေချင်နေတဲ့ အုပ်စိုးသူတွေ အကြောင်းကို ရည်ညွှန်းပြီး မေးလိုက်တာ ဖြစ်တယ်ဆိုတာ သိသာပါတယ်..။
ဆန်နီ က နောက်ဆုံးမှာ ဝင်ပြောလိုက်တယ်..။
“ချက်ချင်းကြီးတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့ ဒုတိယအိပ်မက်ဆိုး ထဲကို မဝင်ခင် မှာ ပြဿနာ အချို့နဲ့ ကြုံခဲ့ရတယ်..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပိုမို မျက်မှောင်ကျုတ်ထားခဲ့တယ်။
“ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို အတိအကျ ပြောပြနိုင်မလား..”
သူက ပုခုံးတွန့်လိုက်ပြီး..
“ပြောပြလို့ ရပါတယ်..။ ဒါပေမဲ့ စိတ်ချရတဲ့နေရာရောက်မှ အသေးစိတ် ရှင်းပြတာ ပိုကောင်းလိမ့်မယ်..။ အခုလောလောဆယ်တော့ ဒီနေ့မှာ ကြီးမြတ်တဲ့ ဗာလာ ကလန် ရဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ရှိခဲ့တယ်လို့ပဲ မှတ်ထားလိုက်..။ဒါပေမဲ့ သိသာတဲ့ အကြောင်းပြချက် တစ်ချို့ကြောင့် အဲ့ဒီ အစီအစဥ်က ပျက်သွားခဲ့ရပြီ..”
ဆန်နီ က ခနရပ်လိုက်ပြီးမှ ထပ်ပြောလိုက် ပါတယ်..။
“ထပ်ပြောရရင် နင် သိထားရမယ့် အရေးကြီးတဲ့ အချက်တွေကတော့... အင်း.. ငါ စဥ်းစားလိုက်ဦးမယ်..။ အာ... ငါက အခု အကယ်ဒမီမှာ နာမည်ကြီး ပညာရှင်တစ်ယောက် ဖြစ်နေပြီ ၊ ပြီးတော့ နည်းပြ တစ်ယောက်လည်း ဟုတ်တယ်..။ ကတ်စီ က မီးစောင့်ရှောက်သူတွေ ကို ဦးဆောင်တယ်..။ အိုး... မီးစောင့်ရှောက်သူတွေ ဆိုတာက နင် မြင်ဖူးခဲ့တဲ့ မေ့ပျောက်ကုန်းမြေ က အသက်ရှင်ကျန်ရစ်သူတွေလေ..။အခြေခံအားဖြင့်တော့ သူတို့က နင့်ရဲ့ အဖွဲ့သားတွေပဲ..။ ဟုတ်တယ်.. နင်က အခု အရမ်း နာမည်ကြီးနေပြီ..။အရမ်း အရမ်းကို နာမည်ကြီးနေတာ..။ နင့်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တောင် ရှိတယ်.. ။ရင်ခုန်စရာ ဇာတ်လမ်းတွဲနဲ့ဆိုတော့ ပရိသတ်တွေ တော်တော် သဘောကျကြတယ်..။ နောက်ပြီး ဘာရှိသေးလဲ... ငါတို့မှာ ပျံသန်းနိုင်တဲ့ သင်္ဘောတစ်စင်း ရှိတယ် ၊ အိပ်မက်ကမ္ဘာ ထဲမှာ သီးသန့် ခံတပ် တစ်ခုလည်း ရှိတယ်.. အယ်ဖီ က ငါနဲ့အတူ လာနေတယ်.. ပြီးတော့ Night&Gale အဖွဲ့က ပျက်သွားပြီ...”
နစ်ဖီ ရဲ့ မျက်နှာက ဖြည်းဖြည်းချင်း ပိုပြီး ဖြူဖျော့လာခဲ့တယ်..။ နောက်ဆုံးမှာတော့ သူမ မခံစားနိုင်တော့ဘဲ လက်တစ်ဖက်ကို မြှောက်လိုက်ပါတယ်..။
“ဘာ..ခနနေဦး... ဘာဖြစ်တယ်..။ ကိုင် ... ဒါ အမှန်ပဲလား..။ Night&Gale အဖွဲ့က ဖျက်သိမ်းလိုက်ပြီလား..”
ဆန်နီ က သူမကို မကျေမနပ် ကြည့်လိုက်ပြီး..
“တကယ်ကြီးလား..။နင့် ပထမဆုံး မေးချင်တဲ့ မေးခွန်းက အဲတာလား..”
တစ်ဖက်မှာတော့ ကိုင် က အားနာတဲ့ ပုံစံနဲ့ ခေါင်းငုံ့ထားခဲ့ပါတယ်..။
“အဲဒါက... ဟုတ်တယ်..။ ဒါကို ပြောရတာ စိတ်မကောင်းပေမဲ့ ဂေးလ် နဲ့ ငါက လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာ..။ ဒါက အားလုံးအတွက် အကောင်းဆုံးပဲ..။ ငါ့ရဲ့ မာစတာ အဆင့်အတန်းက သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ အမှန်ပဲလေ.။ အထူးသဖြင့် ငါ အဲဒီ နဂါးကို သတ်ပြီးနောက်မှာ ငါ့ရဲ့ စွမ်းရည်တွေက ဆင့်ကဲပြောင်းလဲသွားခဲ့တယ်..”
နစ်ဖီ က မျက်တောင်ခတ်လိုက်ပြီး..
“န... နဂါး ဟုတ်လား..”
ဆန်နီ ပြုံးလိုက်ပြီး..
“အိုး..ဟုတ်သားပဲ.. ကိုင် က အထွတ်အထိပ်အဆင့် နဂါးတစ်ကောင်ကို သတ်ခဲ့တာလေ..။ အယ်ဖီ နဲ့ ငါလည်း သူတော်စင် အချို့ကို သတ်ခဲ့သေးတယ်..။ ငါဆိုရင် တစ်ယောက်တည်းကို နှစ်ခါတောင် သတ်ခဲ့တာ..။ ပထမတစ်ခါက ငါ ခေါင်းဖြတ်မခံရခင်မှာ ၊ ဒုတိယတစ်ခါကတော့ ဖြတ်ပြီးနောက်မှာပေါ့...”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဒုတိယလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ခေါင်းကို ကိုင်ထားခဲ့ရပါတယ်..။
“ငါ... ငါ ခနလောက် အချိန်ယူရမယ် ထင်တယ်..။ ခနနေဦး... အစကနေ ပြန်ပြောပေးလို့ ရမလား..”
ထူးဆန်းတဲ့ အမူအရာတစ်ခုက သူမရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်..။
“ပြီးတော့ နင် ခုနက ရုပ်ရှင်အကြောင်း ပြောလိုက်သေးတယ်မလား..။ရိုမန်တစ် ဇာတ်လမ်းနဲ့ ဆိုလား..။ အဲတာက ဘာလဲ.."
.......
ဆန်နီ ကတော့ သူမ မရှိတဲ့ အချိန်အတောအတွင်း သူတို့ လေးယောက်နဲ့ နိုးထခြင်း ကမ္ဘာ မှာ ဖြစ်ပျက်ခဲ့သမျှကို နစ်ဖီ ကို ပြန်ပြောပြရင်း အတော်လေး ပျော်နေခဲ့ပါတယ်..။ ပြောစရာတွေ အများကြီး ရှိပေမဲ့ သူကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းတွေကိုပဲ ရွေးပြောနေခဲ့တယ်။
ဥပမာအားဖြင့် သေဆုံးနေတဲ့ မိစ္ဆာတစ်ကောင်ရဲ့ ကျောပေါ်မှာနေရင်း တစ်လတိတိ အဆုံးမရှိ ချောက်နက်ထဲ ပြုတ်ကျသွားတာမျိုး ၊ နတ်ဘုရား မီးတောက်တွေရဲ့ လောင်ကျွမ်းမှုကို ခံခဲ့ရတာမျိုးနဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ နတ်ဘုရားတစ်ပါး ချန်ထားခဲ့တဲ့ ရှေးဟောင်းတာဝါကြီးကို ရှာဖွေတွေ့ရှိခဲ့တာမျိုးတွေပါ..။
ဒါမှမဟုတ် နိုးထခြင်း ကမ္ဘာ မှာ အယ်ဖီ က ဝှီးချဲနဲ့ပဲ သွားလာနိုင်ခဲ့တာကို သိလိုက်ရပြီး.. ဒုတိယအိပ်မက်ဆိုး ကို အောင်နိုင်ပြီးနောက်မှာ အဲ့ဒီဝှီးချဲကို အသုံးပြုစရာ မလိုတော့တာမျိုးတွေ..။
ဒါမှမဟုတ် ပျက်စီးနေတဲ့ ပျံသန်းနိုင်တဲ့ သင်္ဘောတစ်စင်းကို ရဖို့အတွက် ပျက်ပြားခြင်းအဆင့်မွန်းစတား တစ်ကောင်ကို သတ်ခဲ့ပြီး အဲ့ဒီသင်္ဘောကို ပြန်ပြင်ခဲ့တာမျိုးတွေ..။
ဒါမှမဟုတ် သူတော်စင် နှစ်ယောက် အသေအကြေ တိုက်ပွဲ ဖြစ်နေကြချိန်မှာ ကျွန်းတစ်ခုလုံးကို အမှုန်အမွှားဖြစ်အောင် ဖျက်ဆီးပစ်နေတာကို စောင့်ကြည့်နေကြတာ မျိုးတွေ..။
ပြောရရင်တော့ အများကြီးပါပဲ...
အချိန် အတော်ကြာပြီးနောက်မှာတော့ နစ်ဖီ က အားနည်းစွာနဲ့ လက် ဝှေ့ယမ်းပြ လာခဲ့ပါတယ်..။
“ငါ... ငါ နားဖို့ လိုမယ် ထင်တယ်..။ နင်တို့ ငါ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေးလို့ ရမလား..”
အဲဒီအချိန်မှာတော့ အတော်လေး ညနက်နေခဲ့
ပါပြီ..။ ပြတင်းပေါက် အပြင်ဘက်မှာ မှောင်မိုက်နေခဲ့ပြီး.. မှိန်ပြပြ လရောင်နဲ့ ကာကွယ်ရေးအမြောက်တပ်ရဲ့ အလင်းတန်းတွေကသာ မှောင်မိုက်နေတဲ့ ကောင်းကင်ယံကို လင်းထိန်နေစေခဲ့တယ်..။
ဆန်နီ က တိတ်ဆိတ်သွားပြီးမှ ပုခုံးတွန့်လိုက်ပါတယ်..။
“သေချာတာပေါ့..။ဘာပဲဖြစ်ဖြစ် နင်လည်း အနားယူဖို့ လိုအပ်တယ်လေ..။ မနက်ကျမှ ငါတို့ ဆက်ပြောကြတာပေါ့..။ အဲအချိန်လောက်ဆိုရင် အစိုးရကလည်း နင့်ကို လွှတ်ပေးဖို့ အသင့်ဖြစ်နေလောက်ပြီ..။ နင် ဘယ်ကို သွားချင်လဲဆိုတာ ကို စဥ်းစားထားပြီးပြီလား..။ဒါပေါ့ ဒီ အကယ်ဒမီမှာ ဆက်နေဖို့ကိုလည်း ရွေးချယ်လို့ ရတယ်လေ..”
သူက ခနလောက် စဥ်းစားလိုက်ပြီးမှ အားနာတဲ့ လေသံနဲ့ ထပ်ပြောလိုက်ပါတယ်..။
“အင်း... ဒါကို မေးရတာ နည်းနည်းတော့ တုံးအတဲ့ ပုံစံပေါက်ပေမယ့် နင့်မှာ နေစရာ ရှိရဲ့လား..။ ပိုက်ဆံကော ရှိလား..။ ငါတို့ ဆက်သွယ်ပေးရမယ့် လူတွေကော ရှိလား..။အတိအကျပြောရရင် နင့်ရဲ့ ကလန် အခြေအနေက ဘယ်လိုရှိတာလဲ..”
နစ်ဖီ က သူမရဲ့ လည်ပင်းကို အမှတ်မထင် ကိုင်လိုက်ပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ဖြေလာခဲ့တယ်..။
“အိမ်ကြီး တစ်လုံးတော့ ရှိတယ်..။ အဲ့ဒါက ကလန်မှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုပဲ..။ ကျန်တဲ့ အရာတွေ အကုန်လုံးကတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ရောင်းချလိုက်ရပြီ..။ ပထမအိပ်မက်ဆိုး ထဲကို မဝင်ခင်မှာ အဲဒီအိမ်ကို ပိတ်ထားခဲ့တာဆိုတော့ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး အဲ့ဒီအတိုင်း ရှိနေဦးမှာပဲ..။ ဘယ်လို အခြေအနေ ရှိနေမလဲ ဆိုတာကိုတော့ ပြောဖို့ ခက်တယ်..”
သူမက ခနလောက် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလိုက်ပါတယ်..။
“ငါ့ဆီမှာ ပိုက်ဆံ အနည်းငယ်တော့ ကျန်ဦးမှာပါ..။ ပြီးတော့ ဆက်သွယ်စရာ လူလည်း မရှိဘူး..။ ငါတို့ရဲ့ အစေခံ အများစုက နှစ်တွေ ကြာလာတာနဲ့အမျှ ထွက်သွားကြပြီ.. ကျန်တဲ့သူတွေကလည်း ငါ့အဖွား ဆုံးပြီးနောက်မှာ ထွက်သွားခဲ့ကြတာ..။ အဲ့ဒါကလည်း... ငါ့ရဲ့ အိပ်မက်ဆိုး
မတိုင်ခင်မှာတင် ဖြစ်ပျက်ခဲ့တာလေ..။ငါ အခု ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ စဥ်းစားရဦးမှာပဲ..”
ဆန်နီ က သူမကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။
“လုံခြုံရေး ကရော...။ နင် မစိုးရိမ်ဘူးလား..သိတယ်မလား..နင့်ရဲ့ အရင်က ပြသနာတွေ.."
နစ်ဖီ က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းခါပြလိုက်ပါတယ်..။
“လောလောဆယ်တော့ ဘယ်သူမှ ငါ့ကို သတ်ဖို့ ကြိုးစားလိမ့်မယ်လို့ ငါ မထင်ဘူး..”
သူက သူမကို သိချင်စိတ်ဖြစ်စွာ ကြည့်လိုက်ပြီး..
“တကယ်လား..။ ဘာလို့လဲ..။ အရင်တုန်းကတော့ တချို့လူတွေက ရှက်တောင် မရှက်ဘဲ ပေါ်တင်ကြီး လုပ်ခဲ့ကြတာလေ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို ကြည့်လိုက်ပြီးမှ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်..။
“...ဘာလို့လဲဆိုတော့ အခုဆိုရင် ငါ့ကို သတ်ဖို့က မလွယ်တော့ဘူးလေ..”
အပိုင်း ( ၇၇၃ ) ပြီး၏။
အပိုင်း ( ၇၇၄ ) အခြေခံကျသော ပြောင်းလဲမူများ
သူမ ပြောတာ မမှားပါဘူး..။
နစ်ဖီ ကို အနားပေးဖို့အတွက် အဖွဲ့ဝင်တွေ အခန်းထဲက ထွက်လာကြတဲ့ အချိန်မှာတော့
ဆန်နီ ဟာ အတွေးနက်နေခဲ့တယ်..။အခုဆိုရင်ပြောင်းလဲနေတဲ့ ကြယ်ပွင့် က တက်ရောက်သူအဆင့် တိုင်ရန့် ဖြစ်သွားပါပြီ..။ဒါက သူမကို သတ်ဖို့ဆိုတာက အတော်လေးကို ခက်ခဲတော့မယ်လို့ ဆိုလိုတာပါ။သူမကို လုပ်ကြံဖို့က ပြိုလဲကျသွားတဲ့ ကလန်တစ်ခုက ကာကွယ်ပေးထားတဲ့ ကလေးတစ်ယောက်ကို လုပ်ကြံရတာနဲ့ မတူတော့ပါဘူး။ အထူးသဖြင့် သူမ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေရဲ့ သဘာဝကြောင့် ပိုလို့တောင် ခက်ခဲပါသေးတယ်..။
အမှန်တော့ ဒီအလုပ်ကို လုပ်ဖို့ သူတော်စင် တစ်ယောက်ကို စေလွှတ်တာမျိုး မဟုတ်ရင်.. ကြီးမြတ်တဲ့ ကလန်တွေ ဘယ်လိုပဲ ကြိုးစားပါစေ သူမကို သတ်နိုင်မှာ မဟုတ်ပါဘူး..။ သို့ပေမဲ့ သူတော်စင် တွေဆိုတာက တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ဖြစ်သလို.. သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားဖို့ကလည်း မဖြစ်နိုင်သလောက် ရှားပါးလှပါတယ်..။ အုပ်စိုးသူတွေ ရဲ့ ယဉ်ကျေးပျူငှာတဲ့ မျက်နှာဖုံးတွေကို အပြီးတိုင် ခွာချပြဖို့ အဆင်သင့်မဖြစ်သေးသရွေ့တော့ နစ်ဖီ ကို ဖယ်ရှားဖို့ ဆိုတာ နည်းလမ်း မရှိတော့ပေ..။ သူမက မာစတာ အဆင့်ကို တိုက်ရိုက် တက်ရောက်ပြီး ဒီအချက်ကို သေချာအောင် လုပ်ဆောင်ခဲ့တာပါ..။
အခြေအနေတွေက အခြေခံကျကျ ပြောင်းလဲသွားခဲ့ပါပြီ..။
ဒါတောင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာခဲ့ရင် ဖြစ်ပေါ်လာမယ့် လူထုရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ထည့်မတွက်ထားသေးပါဘူး..။ ကြီးမြတ်တဲ့ ကလန်တွေဟာ ဆန္ဒရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. ကျန်ရှိနေတဲ့ လူသားမျိုးနွယ် နဲ့ ဆက်နွယ်နေရဆဲပါပဲ..။ဘာပဲဖြစ်ဖြစ် နိုးထသူ တွေဆိုတာက သာမန်လူသားတွေထဲကပဲ ဆင်းသက်လာကြတာပါ။..။ လူထုရဲ့ ထောက်ခံမှုကို ဆုံးရှုံးရတာက အုပ်စိုးသူတွေ ပိုင်ဆိုင်ထားတဲ့ အာဏာရဲ့ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်လာနိုင်ပါတယ်..။
သေချာစဥ်းစားကြည့်ရင် ဆန်နီ ကို ဖယ်ရှားဖို့
ကလည်း နစ်ဖီ နီးပါးလောက်ကို ခက်ခဲပါတယ်..။ ဗာလာကလန် က အန်ဗီ ရဲ့ တိုက်ရိုက်မျိုးဆက်တွေကလွဲလို့ ကျန်တဲ့ ဘယ် မာစတာ ကမှ သူ့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နိုင်စွမ်း ရှိမယ်လို့ သူ မထင်ပါဘူး..။ ဒါပေါ့.. တခြား ထည့်သွင်းစဥ်းစားရမယ့် ကြီးမြတ်တဲ့ ကလန် နှစ်ခုလည်း ရှိပါသေးတယ်..။ ဒါပေမဲ့ ဆောင်ကလန် ဒါမှမဟုတ် နိုက် ကလန် ရဲ့ ဘယ်မျိုးဆက်ကမှ စစ်ပွဲမင်းသမီး မော်ဂန် ထက် ပိုပြီး အန္တရာယ်ရှိလိမ့်မယ်လို့ သူ မထင်မိပေ။
ဒီတော့... ဒါတွေအားလုံးက ဘာကို ဆိုလိုတာလဲ..
ဒါက ညှိနှိုင်းမှုတွေမှာ သူတို့ရဲ့ အနေအထားက အများကြီး ပိုကောင်းလာတယ်လို့ ဆိုလိုတာပါ..။ သူတို့အနေနဲ့ ဗာလာကလန် အပေါ်မှာ ပိုပြီး ဖိအားပေးနိုင်သလို.. ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကိုလည်း ရယူနိုင်ပါလိမ့်မယ်..။
...ဒါပေါ့ နစ်ဖီ အနေနဲ့ ရူးသွပ်တဲ့ အရာတစ်ခုခုကို မလုပ်ဘူးဆိုရင်ပေါ့..။သူမရဲ့ အုပ်စိုးသူ သုံးယောက်အပေါ်မှာ ထားရှိတဲ့ နာကျည်းမှုတွေကို ကြည့်မယ်ဆိုရင် သူမက ဒီလို လုပ်ဖို့ အဆင်သင့်ရှိနေတာထက် ပိုနေလောက်ပါတယ်။
ဆန်နီ က ခနလောက် တုံ့ဆိုင်းနေပြီးမှ ကတ်စီ ရဲ့ အနားကို လမ်းလျှောက်သွားတယ်။ယင်းနောက် သူမနားက နံရံကို မှီကာ တိုးတိုးလေး မေးလိုက်တယ်..။
“သူမ ဘာလုပ်မယ်လို့ နင် ထင်လဲ..”
မေးခွန်းက ဘာကို ဆိုလိုတာလဲဆိုတာကို အသေးစိတ် ရှင်းပြစရာ မလိုဘဲ မျက်မမြင် မိန်းကလေးက နားလည်လိုက်တယ်..။ ဖြစ်နိုင်တာကတော့ သူမလည်း ဒီကိစ္စကိုပဲ စဥ်းစားနေတာ ဖြစ်နိုင်ပါတယ်။
ကတ်စီ က ခနလောက် ငြိမ်နေပြီးမှ တိုးတိုးလေး ပြောလာခဲ့တယ်..။
“ညှိနှိုင်းလိမ့်မယ်..”
ဆန်နီ က ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရတယ်..။
“ညှိနှိုင်းမယ် ဟုတ်လား..။ ငါတို့ အခု နစ်ဖီ အကြောင်းကို ပြောနေတာ ဟုတ်ပါတယ်နော်..။ သူမက ကြီးမြတ်တဲ့ ကလန်တွေကို ဘယ်လောက်အထိ မုန်းလဲ ဆိုတာ နင်လဲ သိတာပဲ..။ သူမရဲ့ ရူးသွပ်တဲ့ မျှော်လင့်ချက်တွေကရော..။ အိပ်မက်ကမ္ဘာ မှာ နှစ်နှစ်လောက် အသက်လုပြီး နေခဲ့ရတာနဲ့ပဲ..သူမရဲ့ ဆုံးဖြတ်ချက်တွေကို လျော့မသွားစေဘူးလို့ ငါ ခံစားနေရတယ်..။သူမက ပိုပြီး ပြတ်သားလာတာတောင် ဖြစ်နိုင်တယ်လေ..”
မျက်မမြင် မိန်းကလေးက ခနလောက် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။
“ငါလည်း အဲ့လို ထင်တာပဲ..။ ဒါပေမဲ့ ရွေးချယ်စရာက သိပ်မရှိဘူးလေ..။ သူမက ရန်သူကို တိုက်ရိုက် ရင်ဆိုင်ဖို့အတွက် အားနည်းနေသေးတယ်..။ သူမရဲ့ ဆုံးဖြတ်ချက်က အရင်အတိုင်း ရှိနေတာကြောင့်ပဲ.. သူမကိုယ်သူမ လိုက်လျောညီထွေဖြစ်အောင် လုပ်ရလိမ့်မယ်..”
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။
“နစ်ဖီ က ဘယ်တုန်းက လိုက်လျောညီထွေ ရှိခဲ့လို့လဲ..”
ကတ်စီ က ခေါင်းကို အနည်းငယ် လှည့်ပြီး သူ့ဘက်ကို မျက်နှာမူလိုက်ပါတယ်..။ သူမရဲ့ အမူအရာက တည်ကြည်ပြီး လေးနက်နေခဲ့တယ်..။
“နစ်ဖီ က သူမရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက်ဆိုရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်တဲ့လူမျိုးပဲ..။ နင့် လိုမျိုးပေါ့..။ အဲ့ဒါကို မမေ့လိုက်နဲ့..”
ဒါက ဘာကို ဆိုလိုတာလဲ..။
ဆန်နီ က မျက်မှောင်ကျုတ်လိုက်ပြီး မျက်နှာလွှဲလိုက်တယ်..။ ခနအကြာမှာတော့ သူက လေးလံတဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။
“ဒီတော့ ငါတို့က ဘယ်လို အနေအထားကို ရောက်သွားမှာလဲ..”
သူ အလိုရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ နစ်ဖီ နဲ့ ချည်နှောင်ခြင်း ခံထားရပြီးသားပါ..။ ဒီ ချည်နှောင်မှုက ခိုင်မာတယ် ဆိုပေမဲ့ ဖျက်ဆီးလို့ မရတာမျိုးတော့ မဟုတ်ပါဘူး..။ သူသာ အမှန်တကယ် အလိုရှိမယ်ဆိုရင် ဒီအရာကို ဖျက်ဆီးဖို့ ကြိုးစားနိုင်ပါတယ်..။ သူမကို သူ သတ်လိုက်လို့တယ်..။ သူ ထွက်ပြေးလို့ရတယ်..။ ဒါမှမဟုတ် ရင်လည်း လျှို့ဝှက်ဆန်းပြားတဲ့ နည်းလမ်းတစ်ခုကို ရှာလို့ရပါတယ်..။
ဒါပေမဲ့ ဆန်နီ အနေနဲ့ သူတို့ရဲ့ ချည်နှောင်မှုကို ဖျက်ဆီးမယ့် အဖိုးအခကို ပေးဖို့ အဆင်သင့်ဖြစ်ရဲ့လား ဆိုတာ သူကိုယ်တိုင်လည်း သေချာမသိပါဘူး..။ အနည်းဆုံးတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူမရဲ့ အာဏာကို သူ့အပေါ်မှာ သခင်တစ်ယောက်လို ဆက်ဆံမှာလား ဆိုတာကို မသိရသေးသ၍ပေါ့..။
သူမ ဒီလို မလုပ်သရွေ့ သူက ဒီတိုင်း အမည်ခံ ကျွန် တစ်ယောက် ပါပဲ..။ ဒါကို သူ သဘောမကျပေမဲ့လည်း.. အတတ်နိုင်ဆုံး သည်းခံလို့ ရပါတယ်..။အာဏာကို အသုံးမချချင်တဲ့ အရှင်သခင် တစ်ယောက် ရှိနေတာက သူ့အတွက်တောင် အကျိုးရှိပါသေးတယ်..။ ဘာလို့လဲဆိုတော့ ဒီ အာဏာကို အလွဲသုံးစားလုပ်ချင်တဲ့ တခြားလူတွေဆီကနေ သူ့ကို ကာကွယ်ပေးထားလို့ပါပဲ..။ဥပမာ မော်ဒရက် လို လူမျိုးပါပဲ..။
ဒါပေမဲ့ နစ်ဖီ ရဲ့ လုပ်ဆောင်ချက်တွေကြောင့် သူ့ရဲ့ သရုပ်မှန် ပေါ်သွားခဲ့မယ်ဆိုရင်တော့... အဲ့ဒီအချိန်ကျရင် သူတို့ထဲက တစ်ယောက်ယောက်ကတော့ သေရပါလိမ့်မယ်..။ ဒါကိုတော့ ဆန်နီ သေချာပေါက် သိထားပြီးသားပါ..။သူကနောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်ဖို့အတွက် ဘာကိုမှ ချန်ထားမှာ မဟုတ်ပါဘူး..။
သို့ပေမဲ့ အဲ့ဒီအချိန်က ရောက်မလာသေးပေ.။ဘယ်တော့မှ ရောက်မလာဖို့ကိုလည်း မျှော်လင့်မိပါတယ်။
ဒါကြောင့် လတ်တလောမှာတော့ သူ့ရဲ့ အနာဂတ် က နစ်ဖီ ရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လွှမ်းမိုးခံရဖို့ပဲ ကံပါနေခဲ့ပါတယ်..။
မျက်မမြင် မိန်းကလေးက သက်ပြင်းချလိုက်တယ်..။
“ငါတို့က ဘယ်လို အနေအထားကို ရောက်သွားမှာလဲ..။အဲ့ဒါကို ငါကိုယ်တိုင်တောင် မသိဘူး..။ အရာအားလုံးက ပြောင်းလဲနေတယ် ဆန်နီ..။ ငါတို့ လုပ်နိုင်တာက အရာရာ ပြောင်းလဲနေတဲ့ အရှိန်အတိုင်း ငါတို့ကိုယ်တိုင်လည်း မြန်မြန်ဆန်ဆန် လိုက်ပြီး ပြောင်းလဲဖို့ပဲ..။ အဲ့ဒါက ငါတို့ကိုယ်တိုင် နဲ့ ငါတို့ တန်ဖိုးထားရတဲ့ လူတွေကို
ဒီကမ္ဘာကြီးရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ..”
ဆန်နီ ဟာ ကတ်စီ ကို ကြည့်ရင်း သူမရဲ့ စကားလုံးတွေထဲက ဖုံးကွယ်နေတဲ့ အဓိပ္ပါယ်တွေကို နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်..။
ယင်းနောက် သူက လေးလံတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်..။
“...ဒါဆို ငါတို့ ဖျက်ဆီးမိနိုင်တဲ့ ကမ္ဘာကြီးကိုရော ဘယ်သူတွေက ကာကွယ်ပေးမှာလဲ..”
.....
နောက်တစ်နေ့မှာတော့ PTVယာဉ် တစ်ချို့ဟာ အကယ်ဒမီဝင်းထဲကနေ ထွက်သွားခဲ့ကြတယ်..။ ကာတွေထဲက အများစုမှာ မီးစောင့်ရှောက်သူတွေ ပါသွားကြပြီး.. အဖွဲ့ဝင်တွေကတော့ ယာဉ်တစ်စီးထဲမှာ အတူတူ ထိုင်လိုက်ပါခဲ့ကြပါတယ်..။
သိသာတဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီ နဲ့ အယ်ဖီ တို့က ကားမမောင်းတတ်ကြပါဘူး..။ ကတ်စီ ကလည်း ကားရဲ့ စတီယာတိုင်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိပေ..။ ဒါကြောင့် ထူးဆန်းစွာပဲ ကမ္ဘာကျော် အဆိုတော် အိုင်ဒေါ တစ်ဦးဖြစ်တဲ့ တက်ရောက်သူ နိုက်တင်ဂေး က ဒါရိုက်ဘာ အဖြစ် တာဝန်ယူခဲ့ရပါတယ်။
ကိုင် နဲ့ ဆန်နီ တို့က ရှေ့မှာ ထိုင်ကြပြီး.. အမျိုးသမီး သုံးယောက်ကတော့ နောက်ခန်းမှာကနေ လိုက်ပါလာခဲ့ကြတယ်..။ ယာဉ်တန်းက မြို့ထဲက လမ်းမတွေပေါ်မှာ ဖြန်သန်းနေစဉ်မှာတော့..သူတို့က အဖွဲ့ရဲ့ လက်ရှိ အခြေအနေ အသေးစိတ်တွေကို နစ်ဖီ ထံ အကျဥ်းချုပ် ရှင်းပြနေခဲ့ကြပါတယ်..။
ဒီယာဉ်တန်းက အင်မော်တယ် မီးတောက် ကလန် ရဲ့ ချိတ်ပိတ်ထားတဲ့ အိမ်ကြီးရှိရာကို ဦးတည်နေခဲ့တာပါ။ မီးစောင့်ရှောက်သူတွေ ကတော့ နိုးထခြင်း ကမ္ဘာ ပေါ်က သူတို့ရဲ့ ဌာနချုပ်ကို အဲ့ဒီနေရာမှာ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်..။
...သို့ပေမဲ့ တစ်နေရာအရောက်မှာတော့ ယာဉ်တစ်စီးက ယာဉ်တန်းထဲကနေ တိတ်တဆိတ် ခွဲထွက်သွားတယ်။ယင်းနောက်.. ဘယ်သူမှ သတိမထားမိလိုက်ခင်မှာပဲ ဥမင်လိုဏ်ခေါင်းထဲကို အရှိန်မြှင့်ကာ ဝင်ရောက်သွားခဲ့ပါတယ်..။
မကြာခင်မှာပဲ လှပတဲ့ ဝရန်တာတွေနဲ့ ပြည့်နှက်ကာ အေးချမ်းနေတဲ့ ရပ်ကွက်တစ်ခုထဲမှာ ယာဉ်က ပြန်ပေါ်လာခဲ့တယ်။ပြီးတာနဲ့..သက်သောင့်သက်သာရှိတဲ့ သစ်သား ဝရန်တာလေး ပါရှိတဲ့ မီးခိုးရောင် နှစ်ထပ်အိမ်နားမှာ ပါကင်ထိုး လိုက်ပါတယ်..။ ဆန်နီ က ကားပေါ်ကနေ အရင်ဆုံး ဆင်းလိုက်ပြီး.. တခြားသူတွေ ဆင်းလာတာကို ငြိမ်ပြီး စောင့်နေခဲ့တယ်..။
ယင်းနောက် သူက နစ်ဖီ ကို ကြည့်ပြီး ချောင်းတစ်ချက်ဟန့်ကာ အားနာတဲ့ ပုံစံနဲ့ ပြောလိုက်ပါတယ်..။
“ငါ့ရဲ့ သိမ်ငယ်တဲ့ အိမ်လေးကနေ ကြိုဆိုပါတယ်..။ အင်း... ဒီမှာ ဒီဇိုင်နာ မီးအိမ်တွေနဲ့ ခေတ်မီ ရေခဲသေတ္တာ တစ်လုံးတော့ ရှိတယ်..။ တခြား အရာတွေလည်း ရှိသေးတာပေါ့...”
အပိုင်း ( ၇၇၄ ) ပြီး၏။