← Chapters

ကမ္ဘာမြေကြီး၏ မူလစွမ်းအား

Vol. 7 Ch. 616

ကမ္ဘာမြေကြီး၏ မူလစွမ်းအား

Vol. 7 Ch. 616

ဆန်းလျန်၏ စကားသံသည် ကျူးကျား၏ နှလုံးသား အတွင်းသို့ ပြတ်သားရှင်းလင်းစွာဖြင့် ဝင်ရောက် သွားလေသည်။ ကျူးကျား၏ စိတ်နှလုံးသည် ဆူနာမီလှိုင်းများကဲ့သို့ တုန်လှုပ်လျက် ရှိလေသည်။

သို့သော် ကျူးကျား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။

“ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ”

“ကျုပ်သိမြင်ထားတဲ့ ယိလမ်းစဉ်က ကွမ်းလုန်ကျီထက် အဆင့်မြင့်တယ်၊ ဒီတော့ ဒီကိစ္စကို ကျုပ်သိတာ ဘာဆန်းလို့လဲ၊ တကယ်တော့ ခင်ဗျားက စီးမူဝူတင်ကို ကျုပ်အတွက် ပြုလုပ်ခဲ့တာ မဟုတ်လား၊ စီးမူဝူတင်ဟာ ကမ္ဘာမြေကြီးရဲ့ မူလစွမ်းအားတွေကို ဆွဲယူနိုင်တယ်၊ ဗုဒ္ဓရဲ့ လက်ငါးချောင်း ဖြစ်တဲ့ တောင်ငါးဆင့်ကို ပြန်လည် ပုံဖော် နိုင်လိမ့်မယ်၊ ဒါပေမဲ့ ကျုပ်ကလည်း မျောက်မင်း ဝူခုံး မဟုတ်သလို ခင်ဗျားကလည်း ဗုဒ္ဓမှမဟုတ်ဘဲလေ”

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ရင်း အေးဆေး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

သူ၏ ပုံသဏ္ဌာန်မှာ ကျယ်ပြန့်သည့် ကောင်းကင်ကြီးအလား ဖြစ်ပြီး သူ၏တန်ခိုး စွမ်းအား အတိမ်အနက်ကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ကျူးကျားက…

“ဒီရတနာကို ကျုပ်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်က ယင်းစန်းကို ကာကွယ်ဖို့ပါ၊ ဘယ်သူ့ အတွက်ရယ်လို့ ရည်ရွယ်ပြီး ပြုလုပ်ထားတာမျိုး မရှိပါဘူး၊ ကြည့်ရတာ… သူတော်စင်ချင်းရွှမ်က ကျုပ်ခန့်မှန်း နိုင်တာထက်ပိုပြီး ထူးဆန်းတဲ့ ဇာစ်မြစ် တစ်ခုကနေ လာခဲ့တဲ့သူပဲ ဖြစ်ရမယ်၊ ခင်ဗျားက လျှို့ဝှက်ကျင့်စဉ်တွေ အတော်များများကိုလည်း သိထားတယ်၊ ဒီနေ့ ဒီနေရာမှာ ကျုပ် ခင်ဗျားကို စောင့်နေရတာဟာ အခက်တွေ့စေဖို့ အတွက် မဟုတ်ရပါဘူး၊ ကျုပ် ခင်ဗျားကို တောင်းဆိုချင်တာက နှစ်ပေါင်းရာနဲ့ချီပြီး တည်ငြိမ် အေးချမ်းမှုရဖို့ အတွက် ပြဿနာ ရှာနေတာတွေကို ရပ်လိုက်ပါ တော့ဗျာ”

ရုတ်တရက်…

ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသလို ခံစား လိုက်ရလေသည်။ ဆန်းလျန်သည် ချက်ချင်းပင် စီးမူဝူတင် အောက်သို့ ရောက်ရှိ သွားလေတော့သည်။

အမှန်တော့ ဆန်းလျန် မြင်တွေ့ရသည့် စီးမူဝူတင်၏ ပုံရိပ်သည် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်လေသည်။ စီးမူဝူတင် တည်ရှိရာ နေရာတစ်ခုလုံးမှာ စီးမူဝူတင်၏ အစိတ်အပိုင်းများပင် ဖြစ်လေသည်။

စီးမူဝူတင်၏ အပေါ်ပိုင်းတွင်တော့ ကျူးကျား၏ ခန္ဓာကိုယ်မှ အပြာရောင် မီးတောက်များ လင်းလက် နေလေသည်။ ထိုမီးတောက်မှာ ရှေးဟောင်းနတ်ဘုရား တစ်ပါး၏ စစ်မှန်သည့် သမာဓိ မီးတောက်ပင် ဖြစ်လေသည်။ ထိုမီးတောက် သည်ကျူးကျား၏ ခန္ဓာကိုယ်တွင် တောက်လောင် နေခြင်းအားဖြင့် စီးမူဝူတင်ကို အမြင့်မားဆုံး တန်ခိုးစွမ်းအားများ ပေးနိုင်လေသည်။

စီးမူဝူတင်မှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများကို ပင်လယ်ကြီး တစ်ခုအလား ထုတ်လွှတ် နေလေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် လေထုတစ်ခုလုံးသည် အေးခဲသွားပြီး မည်သူမှ မထိုးဖောက် နိုင်တော့ပေ။

ဆန်းလျန်သည် လောကနတ်ဘုရား တစ်ပါး ဖြစ်နေခဲ့လျှင်တော့ စီးမူဝူတင်၏ အောက်တွင် ပိတ်မိနေခြင်း အတွက် လွတ်လမ်းရှိမည် မဟုတ်ပေ။

သို့သော်… ယခုအချိန်တွင်တော့ သူ၏စိတ်က အခြားအချိန်များထက်ပင် ကြည်လင် ရှင်းလင်း နေသေးသည်။

သူ ဤနေရာသို့ ရောက်လာပြီး စီးမူဝူတင်၏ အလေးချိန်ကို မေးရခြင်းမှာ ကမ္ဘာမြေကြီး၏ မူလစွမ်းအားကို ရယူချင် သောကြောင့် ဖြစ်လေသည်။ အကယ်၍ ထိုစွမ်းအားကိုသာ ရရှိခဲ့ပါက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံမှသာ လောကအသစ်ကို ဖွင့်လှစ်မည့် မျိုးစေ့သည် အချိန်ခဏလေး အတွင်းမှာပင် စွမ်းအားများ တိုးတက်လာမည် ဖြစ်လေသည်။

“အချိန်သည် လူကိုမစောင့်” ဆိုသည့် အတွေးသည် ဆန်းလျန်၏ ခေါင်းထဲတွင် အမြဲတမ်း ရှိနေလေသည်။

ဝမ်ကျုန်း၊ ယွမ်ကျွင်းဧကရီနှင့် ရွှေရောင် အလင်းတန်း နတ်ဘုရားတို့ အားလုံးသည် ဆန်းလျန်နှင့် တွေ့ဆုံ ရင်ဆိုင် ခဲ့ရလေသည်။

သူတို့အားလုံးသည် ကျောက်ကျယ် အမိန့်တော်ဂိုဏ်းမှ တပည့်များ ဖြစ်ကြလေသည်။ ဆန်းလျန် ကျင့်ကြံခဲ့သည့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်နှင့် နီးနီးကပ်ကပ် ဆက်စပ် ပတ်သက်နေကြသည့် သူများပင် ဖြစ်လေ သည်။

ထိုအရာများ အားလုံးသည် တိုက်ဆိုင်မှု ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ဆန်းလျန်ကို ပြောမည်ဆိုလျှင် ဆန်းလျန် သည်ယခုအချိန်တွင် တစ်စက်ကလေးမှ ယုံတော့မည် မဟုတ်ပေ။

အနာဂတ်တွင် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များ အတွက် အဆင်သင့် ဖြစ်နေစေရန် သူသည် လျင်မြန်စွာဖြင့် ကျင့်စဉ်လမ်း အဆင့်တက်ပြီး ပြင်ဆင်ပေးခဲ့ခြင်းကို ခံခဲ့ရလေသည်။ သူသည် မြင့်မားသည့် အဆင့်သို့ ရောက်ရှိရန် အတွက် တန်ဖိုး မြင့်မားစွာ ပေးဆပ်ခဲ့ရသည့် တိုင်အောင် ပေးဆပ်သလောက် အကျိုးကျေးဇူးလည်း ရရှိခဲ့လေသည်။ ထို့ပြင် ဆန်းလျန်သည် မည်သည့် အရာကို ပထမ ဦးစားပေး ထားရမည်ကို သိရှိသူ တစ်ယောက်လည်း ဖြစ်လေသည်။

ထို့ပြင်… လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ချင်ရှိရာ ရှီးလျန်မြို့တော်သို့ ကျူးကျား ရောက်လာပြီး သူမကို အသိပညာများ သင်ပြပေးခဲ့ခြင်းသည် ပင်လျှင် အစီအစဉ် တစ်ခုလုံး၏ အစိတ်အပိုင်းထဲတွင် ပါဝင်နိုင်လေသည်။

လက်ရှိအချိန်တွင်…

ဆန်းလျန်သည် သူ၏ အထင်ရှားဆုံးပုံစံဖြင့် ကျောက်ကဲမြို့တော် တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားအောင် ပြဿနာ ရှာပစ်လိုက်ချင်လေသည်။ သူ၏ တန်ခိုးအာဏာကို လူတိုင်းကို ပြသ လိုက်ချင်လေသည်။

သို့သော်… သူသည် ချန်ချင်၏ မျက်နှာကို ထောက်ထားပြီး ကျူးကျားကို များစွာ ထိခိုက်စေလိုခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စီးမူဝူတင်မှ ကမ္ဘာမြေကြီး၏ မူလစွမ်းအားများကို အကုန် စုပ်ယူပစ်ကာ ကျူးကျားကို သင်ခန်းစာ ကောင်းကောင်း ပေးရန်တော့ စဉ်းစား ထားလေသည်။

ထိုအချိန်မှာပင်…

စီးမူဝူတင်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဗလာနယ်ကို ကျော်ဖြတ်ရန် အတွက် ဆန်းလျန် အသုံးပြုနေသည့် ပကတိဖန်ဆင်းခြင်း ပညာကို တားဆီး ထားလိုက်လေသည်။

တစ်ချန်တည်းမှာပင်… ဆန်းလျန်သည် သူ့ကိုဖိနှိပ်ရန် ကြိုးစားလာသည့် ကြီးမားသည့် ဖိအားကြီး တစ်ခုကို ခံစား လိုက်ရလေသည်။ သူ့အနေဖြင့် မလိုအပ်သည့် လုပ်ဆောင်ချက်များကို မပြုလုပ်နိုင်တော့ပေ။

ဆန်းလျန်သည် ခြောက်ကပ်ကပ် အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

သူက လက်သီးတစ်ချက်ဖြင့် အပေါ်ဘက်တွင် သူ့ကို ဖိနှိပ်ထားသည့် စီးမူဝူတင်ကို ထိုးခွင်း လိုက်လေသည်။ ကျောက်ကဲမြို့တော် အတွင်းရှိ လူအားလုံးသည် သံချင်း ထိခတ်မိသည့် အသံကို ကြားရမည် ဖြစ်လေသည်။

ကျူးကျားကို အံ့အားသင့် သွားစေသည့် အချက်မှာ စီးမူဝူတင် နှစ်ပေါင်းများစွာ စုပ်ယူထားသည့် ကမ္ဘာမြေကြီး၏ မူလ အနှစ်သာရ စွမ်းအားများသည် ဆန်းလျန်ရှိရာသို့ စီးဆင်းသွားခြင်းပင် ဖြစ်လေတော့သည်။ ကျူးကျားထံမှ တောက်လောင်နေသည့် အပြာရောင် သမာဓိ မီးတောက်မှာ ဓာတ်ကူပစ္စည်း သဘောမျိုးပင် ဖြစ်သွား ခဲ့လေသည်။ သို့သော် ရပ်တန့်ရန် နောက်ကျ သွားခဲ့ပြီ။

ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင် ပြဒါးရှင် သင်္ကေတသည် အဆုံးမရှိသော အလင်းရောင်များဖြင့် တောက်ပ လျှက်ရှိလေသည်။ ကမ္ဘာမြေကြီး၏ မူလစွမ်းအားသည် အနက်ရောင် ဖြစ်လေသည်။ ထိုအရာသည် ဗလာနယ်ထဲတွင် လှည့်ပတ် သွားလာနေသည့် နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြစ်ပြီး သွေးနီရောင် ပင်လယ်ထဲသို့ စီးဆင်း ပေါင်းစပ် နေလေသည်။

သွေးနီရောင်ပင်လယ်မှ ကြမ်းတမ်းသည့် စွမ်းအားများသည် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက် တစ်ခုကို လုပ်ဆောင် ခဲ့လေသည်။ သွေးနီရောင် အလင်းတန်းများက အနက်ရောင် နဂါးကြီးကို ဆန်းလျန်၏ အနီရောင် ပြဒါးရှင် သင်္ကေတဆီသို့ ကူးခတ် သွားစေခဲ့လေသည်။

စွမ်းအား မြင့်မားလှသည့် လောကသစ် တစ်ခုကို ဖွင့်လှစ်နိုင်သည့် မျိုးစေ့သည် ပြင်ပမှ အနက်ရောင်နဂါးကြီးကို ဆက်လက်စုပ်ယူ နေလေသည်။ အနီရောင် ပြဒါးရှင်သည် ချေဖျက်နိုင်ခြင်း ရှိမရှိကိုပင် အလေး မထားတော့ဘဲ အရာ အားလုံးကို စုပ်ယူနေခဲ့ပြီး ပုံရိပ်ယောင် တစ်ခုကိုပင် စတင်ဖြစ်ပေါ် လာစေလေတော့သည်။

ဆန်းလျန်မှာ ထူးဆန်းစွာဖြင့် ပြည့်နေသကဲ့သို့ ခံစားနေရလေသည်။

ထိုခံစားချက်သည် လောက အသစ်တစ်ခုကို ဖွင့်လှစ်နိုင်သည့် မျိုးစေ့မှ ခံစားနေရခြင်း ဖြစ်လေသည်။ ကမ္ဘာမြေကြီး၏ မူလစွမ်းအား (၇၀) ရာခိုင်နှုန်းခန့် စုပ်ယူရန် ကျန်ရှိနေသေးသည့် အချိန်တွင် ဆန်းလျန်သည် ထိုခံစားချက်ကို အတင်းအကျပ် ဖယ်ရှား ပစ်ခဲ့လေသည်။ မဟုတ်ပါက စီးမူဝင်တင်အောက်မှ ထွက်လာသည့် အခါတွင် ပေးဆပ်ရမည့် တန်ဖိုးကသေးမည် မဟုတ်ပေ။ ယွမ်ကျွင်း ဧကရီ၏ မရဏထောင်ချောက်ကို ကျော်ဖြတ်သွားရန် ခက်ခဲသွားမည် ဖြစ်လေသည်။

ကမ္ဘာမြေကြီး၏ မူလစွမ်းအားသည် သူ၏ မျက်ခုံးနှစ်ခု အတွင်းသို့ စီးဝင်နေဆဲ ဖြစ်လေသည်။ စွမ်းအား (၅၀) ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီးသည့် အခါတွင်တော့ လောကအသစ်ကို ဖွင့်လှစ်မည့် မျိုးစေ့သည် နောက်ထပ် စွမ်းအားများကို စုပ်ယူခြင်း မပြုလုပ်တော့ပေ။ အကန့်အသတ် ပြည့်သွားပြီ ဖြစ်သည်ကို ဆန်းလျန် သိလိုက်လေသည်။

အသက်ဓာတ် စွမ်းအားများသည် ဆန်းလျန်၏ သွေးကြောဆုံချက် များထဲတွင် စုစည်းနေပြီး မရှိမှုကျေးရွာမှ ပြန်ထွက် လာစဉ်ကကဲ့သို့ တန်ခိုးစွမ်းအားများ ကင်းမဲ့လျက် ရှိလေသည်။ သူ၏ ဖြူဖျော့နေသည့် မျက်နှာသည် အနက်ရောင်သို့ ကူးပြောင်း သွားခဲ့လေသည်။

ထိုက်ယီထျန်းရှန်း အဆင့်တွင် သူပြန်လည် တည်ဆောက် ထားခဲ့သည့် သန့်စင်သည့် ရုပ်ခန္ဓာသည် ကမ္ဘာမြေကြီး၏ မူလစွမ်းအားများကြောင့် ညစ်နွမ်း သွားရလေသည်။

ထိုအချိန်တွင် … ဆန်းလျန်သည် ရှားမျိုးနွယ်များ၏ သွေးထဲမှ တန်ခိုးစွမ်းအားများနှင့် ရေအောက်ထဲသို့ သွားစဉ်က ရောက်ရှိခဲ့သည့် မဟူရာ အဏ္ဏဝါ နန်းတော်မှ ထူးဆန်းသည့် သင်္ကေတများကို အာရုံစိုက်ကာ သုံးသပ် နေမိလေသည်။

ထိုအခါ… သူ၏ သွေးကြော ဆုံချက်များထဲမှ အသက်ဓာတ် စွမ်းအားများသည် ကမ္ဘာမြေကြီး၏ မူလစွမ်းအားနှင့် ပေါင်းစပ်သွားကာ ကောင်းသည့် စွမ်းအားနှင့် မကောင်းသည့် စွမ်းအားများ အပြည့်အဝ မကွဲပြားတော့ဘဲ မိုးနှင့်မြေ မွေးဖွားခြင်းကို မူလအတိုင်း ပြန်လည် ဖြစ်တည် လာစေခဲ့လေသည်။

ထိုအဆင့်တွင် အမှား တစ်စုံတစ်ခုသာ ရှိခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မှန်းဆ၍ပင် မရနိုင်ပေ။

ဆန်းလျန် သေသေချာချာ ကြိုးစား အားထုတ်ထားရသည့် နတ်ဘုရား ခန္ဓာကိုပင် ပျက်စီး သွားနိုင်လေသည်။ နောက်ဆုံးတွင် မရှိမှု ကျေးရွာတွင် သိမ်းဆည်း ထားခဲ့သည့် သူ၏ ဝိညာဉ်ကို အသုံးပြုကာ နောက်ထပ် ဆန်းလျန် တစ်ယောက်ကို ထပ်မံ မွေးဖွားရမည် ဖြစ်လေသည်။ ထိုသို့ ပြုလုပ်ရပါက အချိန်အလွန် ကြာမြင့်မည် ဖြစ်လေသည်။

ထိုအချိန် ခဏတွင်ပင်....

ဆန်းလျန်သည် သူ့ကိုယ်သူ ကာကွယ်ရန် အာရုံ စိုက်လိုက်လေသည်။

သူသည် ကိုယ်တွင်းမှ ရှုပ်ထွေးနေသည့် တန်ခိုးစွမ်းအားများကို စုစည်းလိုက်ပြီး နောက်ထပ် လက်သီး တစ်ချက်ဖြင့် စီးမူဝူတင်ကို ထိုးချ လိုက်လေသည်။ ထိုလက်သီးချက်ကြောင့် စီးမူဝူတင်သည် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးပြိုကွဲသွား ရလေတော့သည်။

မြူခိုးများနှင့် ဖုန်မှုံ့များကြားထဲတွင် ဆန်းလျန်သည် တိတ်ဆိတ်စွာဖြင့် ရပ်နေလေသည်။

ထိုခဏမှာပင်....

ပြင်းထန်လှသည့် ကြောက်မက်ဖွယ်ရာ ဖိအားကြီး တစ်ခုသည် ဆန်းလျန်ရှိရာသို့ သက်ဆင်း လာလေတော့သည်။

ပထမဆုံးအကြိမ်အဖြစ် ဆန်းလျန် အံ့သြ သွားရသည်။

အဘယ်ကြောင့် ဆိုသော် ယွမ်ကျွင်းဧကရီ ပြုလုပ်ထားသည့် မရဏ ထောင်ချောက်သည် သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများကို အသုံးပြုကာ ပြုလုပ်ထားခြင်း ဖြစ်သောကြောင့်ပင်။

ထိုအချက်သည် ဆန်းလျန် လုံးဝ မျှော်လင့်မထားသည့် အချက်ပင် ဖြစ်ပေတော့၏။

အသူရာချောက်၏ နက်ရှိုင်းသည့် တစ်နေရာတွင် သေခြင်းရှင်ခြင်း စာအုပ်သည် တစ်ချက် လှုပ်ရှား သွားလေသည်။ ထိုသို့ လှုပ်ရှားသွားသည့် အတွက် အသူရာချောက်မှ သက်ရှိများ အားလုံးမှာ မသက်မသာ ခံစားလိုက်ကြရလေသည်။

ထို့နောက်… သေခြင်းရှင်ခြင်း စာအုပ်မှ အပြင်းထန်ဆုံး တန်ခိုးစွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး ဆန်းလျန်ကို ဖုံးအုပ် ထားလိုက် လေသည်။

ထို့ပြင် မရေမတွက်နိုင်အောင် များပြားလှသည့် လူများသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည့် သေခြင်း ရှင်ခြင်းစာအုပ်၏ မူလ ပုံသဏ္ဌာန်ကို မြင်တွေ့ လိုက်ကြရလေသည်။ အသူရာချောက် တစ်ခုလုံး၏ ကံကြမ္မာကို နောက်ကွယ်မှ ထိန်းချုပ်နေသည့် တစ်ခုတည်းသော အရာပင် ဖြစ်လေတော့၏။

သေခြင်းရှင်ခြင်း စာအုပ်မှ များပြားလှစွာသော ကြိုးများ ထွက်ပေါ်လာလေသည်။

အသူရာချောက်ရှိ လူတိုင်းနီးပါးသည် သေခြင်းရှင်ခြင်း စာအုပ်နှင့် ဆက်စပ် နေသည့်  ကြိုးတစ်ချောင်း စီရှိကြပြီး ထိုကြိုးများသည်လူတိုင်းနှင့် ထိတွေ့နိုင်လေသည်။

လူတိုင်းသည် သေခြင်းရှင်ခြင်း စာအုပ်ကို ကြည့်ခွင့်ရသည့်အခါ သူတို့၏ မွေးဖွားချိန်နှင့် သေဆုံးမည့် အချိန်များကို သိခွင့်ရလိမ့်မည် ဖြစ်လေသည်။

လူမှန်လျှင် တစ်နေ့သေရမည် ဖြစ်သည့်တိုင် မိမိသေရမည့် အချိန်ကို ကြိုတင်ပြီး သိနေမည် ဆိုပါက အလွန်မှ ရက်စက် လွန်းပြီး စိတ်ဓာတ် ကျစရာကောင်းမည် ဖြစ်လေသည်။

***

All Chapters