အခန်း (၇၇၅-၇၇၇)
Vol. 52 Ch. 775-777
အပိုင်း ( ၇၇၅ ) ဆန်းလပ်စ် ကဖေး
သူတို့ ငါးယောက် အိမ်ထဲကို လှမ်းဝင်ပြီးနောက်မှာတော့ နစ်ဖီ ဟာ ပတ်ဝန်းကျင်ကို ကြည့်ရင်း ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူမရဲ့ မျက်နှာက ခါတိုင်းလိုပဲ တည်ငြိမ်နေဆဲ ဖြစ်ပေမဲ့.. သူမရဲ့ မီးခိုးရောင်မျက်လုံးတွေထဲမှာတော့ စပ်စုချင်စိတ် အရိပ်အယောင်လေး တစ်ချို့ ဖြတ်ပြေးသွားတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။
ခနအကြာမှာတော့ သူမက မေးလာခဲ့တယ်..။
“ဒါက နင့်အိမ်လား..”
သူမက အထက်တန်းလွှာ ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ရတာကြောင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ သာမန်နေအိမ်မျိုးမှာ တစ်ခါမှ မနေဖူးလောက်ပါဘူး..။ ထူးဆန်းတာက သူမက ခမ်းနားထည်ဝါတဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဒါမှမဟုတ် အိပ်မက်ကမ္ဘာ ထဲက စုတ်ပြတ်သတ်နေတဲ့ ဆင်းရဲသားရပ်ကွက်တွေမှာသာ နေထိုင်ဖူးတဲ့ လူတစ်ယောက် ဖြစ်နေတာပါ။သူမက.. အလယ်အလတ်တန်းစား နေအိမ်မျိုးတွေနဲ့တော့ မနေခဲ့ဖူးပါဘူး။
သို့ပေမယ့် ဆန်နီ ကတော့ စိတ်မပျက်သွားပါဘူး..။ သူ ပြုံးလိုက်ပြီး ဂုဏ်ယူစွာ ခေါင်းညိမ့်လိုက်တယ်။
“ဟုတ်တယ်..။ ငါ့ရဲ့ ပထမဆုံး သုတေသနစာတမ်းကနေ ရတဲ့ အမှတ်တွေနဲ့ တရားဝင် ဝယ်ထားတာ..။ ငါက ဒီအိမ်ရဲ့ ပိုင်ရှင်ပဲ.”
နစ်ဖီ တွေဝေသွားခဲ့ပြီး..
“နံရံတွေက ဘာဖြစ်တာလဲ..”
သူ့ရဲ့ အပြုံးက အနည်းငယ် မှိန်ဖျော့သွားခဲ့တယ်..။
“...အယ်ဖီ ကြောင့် ပေါ့..”
ဒါပေါ့.. မုဆိုးမိန်းကလေး အဆင့်တက်ပြီးနောက်မှာ ဖန်တီးခဲ့တဲ့ အရှုပ်ထုပ်တွေကို သူ ရှင်းလင်းထားပြီးပါပြီ..။ သို့ပေမဲ့ ဆန်နီ ဟာ တခြား အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အလုံးစုံ ပြန်ပြင်ဖို့တော့ အချိန်မပေးနိုင်သေးပါဘူး..။ ရလဒ်အနေနဲ့ ဧည့်ခန်းမှာရှိတဲ့ ပုံသဏ္ဍာန်မမှန်တဲ့ ဝင်ပေါက်ကြီးကို ကာကွယ်ဖို့အတွက် ပါးလွှာတဲ့ လိုက်ကာတစ်ခုပဲ ရှိနေပြီး.. တံခါး မရှိခဲ့ပေ..။
'ငါ ဒါကို ပြန်ပြင်သင့်ပြီ ထင်တယ်...'
ဆန်နီ က ချောင်းတစ်ချက်ဟန့်လိုက်ပြီး အိမ်ရဲ့ အဓိကနေရာဖြစ်တဲ့ ဧည့်ခန်းဘက်ကို ညွှန်ပြလိုက်ပါတယ်..။
“သက်သောင့်သက်သာ နေကြပါ..။ ငါ စားစရာ တစ်ခုခု စီစဥ်ပေးမယ်..”
အဖွဲ့ဝင်တွေ နေရာယူနေကြတုန်းမှာတော့ သူက မီးဖိုချောင်ဘက်ကို လမ်းလျှောက်သွားပြီး ဖွင့်ထားတဲ့ ရေခဲသေတ္တာရှေ့မှာ ခနလောက် ရပ်ကာစဥ်းစားနေခဲ့တယ်..။ ဘာကြောင့်မှန်းမသိပေမဲ့ ဆန်နီ တစ်ယောက် ထူးခြားတာ တစ်ခုခုကိုချက်ပြုတ်ကျွေးချင်တဲ့ စိတ်ဆန္ဒ ပြင်းပြနေခဲ့ပါတယ်..။ နစ်ဖီ က နှစ်ပေါင်းများစွာကြာအောင် မွန်းစတား အသားတွေကိုပဲ စားနေရတာကို ငြီးငွေ့နေလောက်ပါပြီ။.. ဒီတော့...
နောက်ဆုံးမှာတော့ သူက ပါဝင်ပစ္စည်း အတော်များများကို ထုတ်ယူပြီး စားပွဲပေါ်မှာ တင်လိုက်တယ်..။ ယင်းနောက် ပြင်ဆင်မှုတွေကို စတင်လိုက်ပါတယ်..။
'ထမင်းကြော်... ထမင်းကြော်ဆိုရင် အဆင်ပြေလောက်မှာပါ..။ ကြက်ဥ ထမင်းကြော် ဆိုရင်ရော..။ ငါ့မှာ ကြက်ဥရှိသေးလား..'
သူ အလုပ်ရှုပ်နေစဉ်မှာပဲ အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးမှုက အရေးကြီးတဲ့ အပိုင်းကို ရောက်သွားခဲ့တယ်..။ ကတ်စီ က ဗာလာကလန် နဲ့ သူတို့ကြားထဲမှာ တင်းမာတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို ရှင်းပြနေခဲ့တာပါ..။
“...ဒါကြောင့် ငါတို့က ပန်းတိုင်ကို အောင်မြင်အောင် လုပ်ဆောင်ပြီး အဆင့်တက်နိုင်ခဲ့ကြတာ..။ ဒါပေမဲ့ အဲ့ဒီ... မော်ဒရက် ... ကလည်း အဆင့်တက်သွားလောက်ပြီ..။ သူ့ရဲ့ ကလန်ကတော့ အဲ့ဒါကို အခုထိ မသိသေးဘူး.. ဒါကြောင့် သူတို့ရဲ့ တုံ့ပြန်မှုက အရမ်း မပြင်းထန်သေးတာ..။ အဖြူရောင် တောင်ပံ ကလန်ရဲ့ ကောင်းကင်ဒီရေ က သူ့ရဲ့ ထွက်ပြေးမှုနဲ့ သူတော်စင် ကောမတ် ရဲ့ သေဆုံးမှုအတွက် တာဝန်ယူခဲ့တယ်..။ ဒါပေမဲ့ အဲ့ဒါက ငါတို့ကို အပြည့်အဝတော့ မလွတ်မြောက်စေခဲ့ဘူး..”
သူမက ခနရပ်လိုက်ပြီးမှ လေးနက်စွာ ထပ်ပြောလိုက်ပါတယ်..။
“သူတို့က မေ့ပျောက်ကုန်းမြေ က အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ကို တိတ်တဆိတ် ဖမ်းဆီးထားကြတယ်..။ ကျန်တဲ့သူတွေကတော့ အိပ်မက်ကမ္ဘာ ထဲမှာ ခိုလှုံနေကြရတယ်လေ..။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အစိုးရဘက်မှာ ရှိတဲ့ ဆန်နီ ရဲ့အဆက်အသွယ်က ငြိမ်းချမ်းရေးညှိနှိုင်းနိုင်ဖို့ ကြားခံအဖြစ် ဆောင်ရွက်ပေးခဲ့တယ်..။ အခုချိန်မှာ ဗာလာကလန် က စကားပြောဖို့ အသင့်ဖြစ်နေပြီလို့ ထင်ရပေမဲ့.. သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ထဲက အနည်းဆုံး တစ်ယောက်ကို သူတို့ ကလန်ထဲကို သိမ်းသွင်းချင်နေတာပဲ..”
မျက်မမြင် မိန်းကလေးက သက်ပြင်းချလိုက်တယ်..။
“ငါတို့ လေးယောက် နဲ့တင် တန်ဖိုးရှိတဲ့ အင်အားစုတွေ ဖြစ်နေပြီ..။အခု မီးစောင့်ရှောက်သူတွေ ပါ ထပ်တိုးလာတော့ ငါတို့ရဲ့ တန်ဖိုးက အဆမတန် ကြီးမားသွားပြီလေ..။တကယ်လို့ ငါတို့ အားလုံးကို မသိမ်းသွင်းနိုင်ဘူးဆိုရင်တောင်မှ..သူတို့ရဲ့ ပြိုင်ဘက်တွေဘက်ကို ပါမသွားဖို့အတွက် သေချာပေါက် လုပ်ဆောင်ကြလိမ့်မယ်..။ ဒါပေါ့.. အခု နင် ရောက်လာပြီဆိုတော့ အခြေအနေက ပိုပြီး တင်းမာလာဦးမှာပဲ..။ ဗာလာကလန် က ပိုပြီးတော့တောင် စိတ်အားထက်သန်လာလိမ့်ဦးမယ်..”
ကတ်စီ က အားနာတဲ့ အပြုံးလေးနဲ့ ..
“အာ... နင် ပြန်ရောက်လာတာနဲ့ ဒီလို ဝန်ထုပ်ဝန်ပိုးတွေ ပေးမိတာ စိတ်မကောင်းပါဘူး..”
နစ်ဖီ က ခနလောက် တိတ်ဆိတ်နေပြီးမှ ခေါင်းခါပြလိုက်တယ်..။
“ဟင့်အင်း..။ ငါ့ကို အသိပေးတာ မှန်ပါတယ်..။ ကျေးဇူးပါ..”
သူမရဲ့ မျက်နှာပေါ်မှာ လေးနက်ပြီး စဥ်းစားနေတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။
တစ်ဖက်မှာတော့ ဆန်နီ ဟာ သူတို့ရဲ့ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေခဲ့ပါတယ်..။သူ့ရဲ့ ဘဝက “သစ္စာခံများ” ၊ “အစိုးရ အဆက်အသွယ်” နဲ့ “သစ္စာစောင့်သိမှု” စတဲ့ စကားလုံးတွေနဲ့ နှိုင်းယှဥ်ခံနေရတာကြောင့် မျက်နှာပျက်နေခဲ့တယ်။
အယ်ဖီ ကတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို သိချင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး မေးလိုက်ပါတယ်..။
“ငါတို့က ကြီးမြတ်တဲ့ ကလန်တွေနဲ့ အဲလို ပြသနာဖြစ်ခဲ့တာပဲ..။ ဒါပေမဲ့ နင်ကရော သူတို့နဲ့ ဘာဖြစ်ထားလို့လဲ..။ ငါ ထင်ထားတာကတော့ နင်လို မင်းသမီးလေးဆိုရင် အထက်တန်းလွှာတွေနဲ့ အတော်လေး ရင်းနှီးမယ်လို့ ထင်ထားတာ..”
နစ်ဖီ က သူမကို ပုံမှန်အတိုင်း ကြည့်လိုက်ပြီး..
“သူတို့က ငါ့ကို သေစေချင်နေကြတာ..”
မုဆိုးမိန်းကလေးက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..
“ဘာ. ဘာလို့လဲ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပုခုံးတွန့်ပြလိုက်ပြီး..
“အဲ့ဒါကတော့ နင် သူတို့ကို မေးကြည့်ရမှာပဲ..”
အယ်ဖီ က ခနလောက် တိတ်ဆိတ်ပြီး စဥ်းစားနေခဲ့တယ်..။ ခနအကြာမှာတော့ သူမက မျက်မှောင်ကျုတ်ပြီး မေးလာခဲ့ပါတယ်..။
“ဒါဆို ကတ်စတာ ကရော...”
နစ်ဖီ က ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်တယ်..။
“သူလည်း အဲ့ဒီအတွက် လာခဲ့တာပဲ..”
ကိုင် က စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..
“သူက..ဘာဖြစ်တယ်.?.”
အားလုံးက သူ့ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။.. ဒီလေးသည်တော်က မေ့ပျောက်ကုန်းမြေ မှာ ဖြစ်ပျက်ခဲ့တဲ့ အမှောင် ဇာတ်လမ်းအချို့ကို တခြားသူတွေလောက် မသိသေးဘူးဆိုတာ သဘောပေါက်သွားကြတယ်..။ ခနအကြာမှာတော့ အယ်ဖီ က ခေါင်းခါယမ်းလိုက်ပြီး..
“ငါ ဆိုလိုတာက နင်က လမ်းလျောက်နေတဲ့ အလိမ်ဖော်စက်ကြီး မဟုတ်ဘူးလား..။နင်က ကတ်စတာကို ဘယ်လိုထင်လဲ.."
ကိုင် က ချောင်းဟန့်လိုက်ပြီး..
“အိုး... သူက တစ်ခါတလေ နည်းနည်းတော့ မရိုးသားဘူးလေ..။ ဒါပေမဲ့ ငါက သူအနေနဲ့ လေဒီ နစ်ဖီ အပေါ်မှာ ရှိနေတဲ့ ခံစားချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ပဲ ထင်ထားတာ..”
အဲ့ဒီအချိန်မှာပဲ ဆန်နီ က ပန်းကန် ခုနစ်ချပ်ကို သယ်ပြီး လမ်းလျှောက်လာခဲ့ပါတယ်..။သူ့ရဲ့လက်နှစ်ဖက်က ပန်းကန် နှစ်ချပ်ကို ကိုင်ထားပြီး.. ဒုတိယလက်တစ်စုံအဖြစ် ဖန်တီးထားတဲ့ အရိပ်လက်တွေမှာ နောက်ထပ် နှစ်ချပ်ကို ကိုင်ထားခဲ့တယ်..။ နောက်ထပ် နှစ်ချပ်ကိုတော့ သူ့ရဲ့ လက်မောင်းတွေပေါ်မှာ တင်ထားပြီး.. ခုနစ်ချပ်မြောက် ပန်းကန်ကိုတော့ အမြီးတစ်ခုလို ဖြစ်နေတဲ့ အရိပ်ပေါ်မှာ တင်ထားခဲ့ပါတယ်.။
မွှေးကြိုင်ပြီး ပူပူနွေးနွေးဖြစ်နေတဲ့ ကြက်ဥ ထမင်းကြော် ပန်းကန်ကို ကိုင် ရဲ့ ရှေ့မှာ ချပေးရင်း သူက ခနဲ့တဲ့တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။
“အိုး.. သူက သူမအပေါ်မှာ ခံစားချက်ရှိတာ သေချာတာပေါ့..။ သူ့ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဖို့အတွက် သူမကို သတ်ချင်တဲ့ ခံစားချက်လေ..။ ကံမကောင်းတာက သူက ငါနဲ့ အရင် တွေ့သွားတာပဲ..”
ဒါက တကယ်ပဲ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်ပါ..။ တကယ်လို့ ဆန်နီ က ကတ်စတာ ကို မသတ်ခဲ့ရင် ၊တကယ်လို့ နစ်ဖီ .. ကြက်သွေးရောင် တယ်ရာ ကို သတ်လိုက်တာက တခြား ကြားခံတစ်ခု ရှာခိုင်းစေမယ်ဆိုတာ ကြိုသိခဲ့ရင် ၊ တကယ်လို့ ကတ်စီ ရဲ့ မြင်ကွင်းတွေက ဒီထက် ပိုပြီး အသေးစိတ်ခဲ့ရင်... ကောင်းပြီလေ.. အခုတော့ နောင်တရနေလို့လည်း ဘာမှ
မထူးတော့ပါဘူး..။ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပါပြီ..။
လက်ရှိ စကားပြောဆိုမူတွေ အရတော့ ကိုင် ရဲ့ ထူးဆန်းတဲ့ အားနည်းချက်က အသုံးဝင်တယ် ဆိုပေမဲ့လည်း.. တစ်ခါတလေမှာ အတော်လေးကို လမ်းမှားစေနိုင်တယ်ဆိုတာကို ပြသနေတာပါ..။
ကိုင် က အံ့အားသင့်ပြီး အဝေးကို ငေးမောနေတုန်းမှာပဲ ဆန်နီ ဟာ တခြားပန်းကန်တွေကို စားပွဲပေါ်မှာ တင်ပေးလိုက်တယ်။ ဒီထဲက သုံးချပ်ကိုတော့ အယ်ဖီ ဘက်ကို တွန်းပေးလိုက်ပါတယ်..။ ယင်းနောက် အရိပ်တွေကို ပြန်ရုပ်လိုက်ပြီး နူးညံ့တဲ့ ဆိုဖာခုံပေါ်မှာ ထိုင်ချလိုက်ပါတယ်..။
ယင်းနောက် သူက ဇွန်းနဲ့ ခက်ရင်းကို ကိုင်လိုက်ပြီး ကြက်ဥ ထမင်းကြော် ရဲ့ အနံ့ကို မွှေးကြည့်လိုက်ကာ..ကျေနပ်စွာ သက်ပြင်းချလိုက်တယ်..။
“ဘာကို စောင့်နေကြတာလဲ အရူးတွေ..။စားကြတော့လေ...”
အပိုင်း ( ၇၇၅ ) ပြီး၏။
အပိုင်း ( ၇၇၆ ) ရန်သူ၏ ရန်သူ
ပန်းကန်တွေထဲက ကြက်ဥ ထမင်းကြော်တွေ ပျောက်ကွယ်သွားတဲ့ အမြန်နှုန်းက ဆန်နီ ကို ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်သွားစေပါတယ်..။ သူက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး နစ်ဖီ ကို ကြည့်လိုက်တယ်..။
“ဒီတော့... ငါတို့ ကြုံတွေ့နေရတဲ့ ဒီအရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး နင် ဘယ်လို ထင်လဲ..”
သူမက သူမရဲ့ ဇွန်းနဲ့ ခက်ရင်းကို ချလိုက်ပြီး ပန်းကန်အလွတ်ကို နောင်တရစွာ ကြည့်လိုက်တယ်..။ ယင်းနောက် သူမက မေးလာခဲ့ပါတယ်..။
“အဲဒီ မော်ဒရက် ... သူ့ရဲ့ စွမ်းရည်အဆင့်အတန်း က ငါတို့နဲ့ အတူတူပဲလား..”
ဆန်နီ က ခေါင်းညိတ်ပြလိုက်တဲ့ အခါမှာတော့ သူမက မျက်မှောင်ကျုတ်သွားခဲ့တယ်..။ သူမ စဥ်းစားနေတုန်းမှာပဲ သူက တွန့်ဆုတ်စွာ ထပ် ပြောလိုက်ပါတယ်..။
“သူက ငါတို့ထက် ပိုပြီး အသက်ကြီးသလို ပိုပြီးလည်း သန်မာတယ်..။ ပြီးတော့ နိုးထခြင်း ကမ္ဘာ မှာ ရှိတဲ့ လူတိုင်းထက် ပိုတဲ့ အသိပညာတွေလည်း သူ့မှာ ရှိနေတယ်..။ ထပ်ပြောရရင် သူက... တကယတော့ သူက ဘာလဲဆိုတာ ငါလည်း မသိဘူး.. ။သူနဲ့ ပတ်သက်ပြီး တစ်ခုခုက အကြီးအကျယ် မှားယွင်းနေတယ်လို့ ငါ ခံစားရတယ်..။ ဘာပဲဖြစ်ဖြစ် သူက ဗာလာကလန် ကို ဖျက်ဆီးပစ်ဖို့ကိုပဲ အာရုံစိုက်နေတာ..။ သူ ရဲ့ပန်းတိုင်ကို ဘယ်လို နည်းလမ်းနဲ့ အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ ခန့်မှန်းဖို့ ခက်တယ်..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလာခဲ့တယ်..။
“သူက မဟာမိတ်တွေကို ရှာလိမ့်မယ်..”
ဆန်နီ ရဲ့ အမူအရာက အနည်းငယ် မှိုင်ကျသွားခဲ့တယ်..။
“မော်ဒရက် က အဖွဲ့အစည်းနဲ့ အလုပ်လုပ် တတ်တဲ့ လူမျိုးတော့ မဟုတ်ဘူးနော်..”
နစ်ဖီ က သူမရဲ့ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တယ်..။
“ဒါက အရေးမကြီးဘူး..။ သူ ဘယ်လောက်ပဲ သန်မာလာပါစေ.. သူ့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက်တော့ လုံလောက်မှာ မဟုတ်ဘူး..။ သူ့ရဲ့... ရန်သူက အရမ်း သန်မာလွန်းတယ်..။ သူတို့ရဲ့ အာဏာက အရမ်းကို လွှမ်းမိုးထားနိုင်စွမ်း ရှိတယ်လေ..”
သူမက ထုတ်မပြောပေမဲ့.. သူမရဲ့ မျက်နှာပေါ်က လေးလံတဲ့ အမူအရာကို ကြည့်ပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဘာကို တွေးနေလဲဆိုတာ ဆန်နီ ခန့်မှန်းနိုင်ပါတယ်..။ သူမကိုယ်တိုင်လည်း ဒီလို အနေအထားကို ရောက်နေတာပဲ မဟုတ်ဘူးလား..။
ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး...
ဆန်နီ မျက်နှာပျက်သွားခဲ့တယ်..။
“ဒါဆို... တစ်နေ့ကျရင် အဲ့ဒီ လူယုတ်မာက ငါတို့ဆီ ရောက်လာလိမ့်မယ်လို့ နင် ထင်နေတာလား..။ ရန်သူရဲ့ ရန်သူက မိတ်ဆွေ ဆိုတဲ့ သဘောမျိုးနဲ့ပေါ့..”
ဆန်နီ ကတော့ မော်ဒရက် နဲ့ ထပ်တွေ့ဖို့ မမျှော်လင့်ထားခဲ့ပါဘူး။. သူနဲ့ ထပ်မံ ပတ်သက်ဖို့ကိုတော့ ပြောစရာတောင် မလိုတော့ပေ။သူ့အမြင်မှာတော့ စွန့်ပစ်ခံမင်းသား က ပြဿနာကလွဲလို့ ဘာကောင်းကျိုး မှ ယူဆောင် ပေးမယ့်သူ မဟုတ်ပေ..။
နစ်ဖီ က မျက်မှောင်ကျုတ်လိုက်ပြီးမှ ဝေခွဲမရတဲ့ လေသံနဲ့ ပြောပါတယ်..။
“ဟင့်အင်း... ဖြစ်နိုင်ခြေ နည်းပါတယ်..”
ကောင်းပြီလေ..တကယ်လို့ သူမ ပြောတာ အမှန်ဆိုရင်တော့ ဒါက စိတ်အေးစရာပါပဲ..။
အဲ့ဒီအချိန်မှာပဲ ကတ်စီ က သူမရဲ့ ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီး သူတို့ဘက်ကို လှည့်လာခဲ့တယ်..။
“မီးစောင့်ရှောက်သူတွေ က အင်မော်တယ် မီးတောက် အိမ်တော်ကို ရောက်သွားကြပြီ..။ သူတို့က အထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ပုံစံမျိုးတွေ ဖန်တီးပြနေကြတယ်..။ ဒါက လူအများစုကို နင်တို့လည်း အဲ့ဒီမှာ ရှိနေတယ်လို့ ထင်သွားစေလိမ့်မယ်လို့ မျှော်လင့်ရတာပဲ..။ ဒီတော့ လတ်တလောတော့ နင်တို့ကို ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး..”
သူမက ခနလောက် ရပ်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်..။
“ဒါပေမဲ့ အဲ့ဒါက ကြာရှည်ခံမှာ မဟုတ်ဘူး..။ ဖြစ်နိုင်တာက တစ်ပတ်လောက်ပေါ့... ငါတို့လည်း ဒီမှာ အကြာကြီး နေလို့ မရဘူးလေ..။တကယ်လို့ ကိုင် ၊ အယ်ဖီ နဲ့ ငါ့ကို အဲ့ဒီ အိမ်ကြီးမှာ မတွေ့ရဘူးဆိုရင် ထူးဆန်းနေလိမ့်မယ်..။ ငါတို့လည်း ခနနေရင် မီးစောင့်ရှောက်သူတွေ ဆီ သွားပူးပေါင်းလိုက်မယ်..”
ဒါက ဆန်နီ နဲ့ နစ်ဖီ တို့ကိုပဲ နှစ်ယောက်တည်း ကျန်ရစ်စေတော့မှာပါ...။
သူ ဒါကို ဘယ်လို ခံစားရမလဲဆိုတာ မသိတော့ပေ..
အဲ့အချိန်မှာပဲ အယ်ဖီ က အလွတ်ဖြစ်နေတဲ့ ပန်းကန်တွေကို ကြည့်ပြီး မကျေမနပ် လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“ငါလည်း ဒီမှာ နေတာပဲနော်..သိကြတယ် မလား”
ကတ်စီ က သူမဘက်ကို လှည့်ကြည့်လိုက်ပြီး ပုံမှန်အတိုင်းပဲ ပြန်ပြောလိုက်တယ်..။
“ဒီတစ်ပတ်တော့ နင် ဒီမှာနေလို့ မရသေးဘူး.."
မုဆိုးမိန်းကလေးက သက်ပြင်းချလိုက်တဲ့ အချိန်မှာပဲ မျက်မမြင် မိန်းကလေးက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလာခဲ့တယ်..။
“ငါ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဗာလာကလန် ဆီကိုလည်း ဆက်သွယ်ထားတယ်..။ နင် ပြန်ရောက်လာတာ မကြာသေးတာကြောင့် ဖိအားတွေ ရှိနေနိုင်တယ်ဆိုတာကို သူတို့ နားလည်ကြတယ်..။ ဒါကြောင့် သူတို့က... စိတ်ရှည်ပေးဖို့ သဘောတူခဲ့ကြတယ်လေ..။ လောလောဆယ်ပေါ့..။ ဒါက သူတို့ လာမနှောင့်ယှက်ခင်မှာ နင်တို့အတွက် အချိန်အနည်းငယ် ရစေလိမ့်မယ်..။ နောက် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ကြရင်တော့ လူထုရှေ့ ထွက်ပြဖို့ တောင်းဆိုတာတွေနဲ့ ညှိနှိုင်းမှုတွေ ပြန်စဖို့ ဖိအားပေးတာတွေကို လက်ခံဖို့ အသင့်ပြင်ထားပါ..။ ငါတို့က အချိန်ဆွဲပေးလို့ ရတယ် ဆိုပေမဲ့.. အမြဲတမ်းတော့ မဟုတ်ဘူးနော်..”
နစ်ဖီ က သူမကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်တယ်..။
“ဆောင်ကလန် နဲ့ နိုက်ကလန် ကရော..”
ကတ်စီ က မျက်မှောင်ကျုတ်လိုက်ပြီး..
“ဆောင်ကလန် က ညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့ ကြိုးစားကောင်း ကြိုးစားနိုင်တယ်ပေမဲ့ သူတို့က အရမ်း ဖိအားပေးလိမ့်မယ်လို့တော့ ငါ မထင်ဘူး..။ အခုလောလောဆယ်တော့ သူတို့က ဗာလာ ကလန် ထက်စာရင် ပိုပြီး အသာစီးရတဲ့ အနေအထားမှာ ရှိနေတယ်လေ..။ ညအိမ်တော် နဲ့ ပတ်သက်ရင်တော့... သူတို့က ဘာကြောင့်မှန်းမသိ ငြိမ်နေကြတယ်..။ ဖြစ်နိုင်တာကတော့ သူတို့မှာ တခြား ကလန်ကြီး နှစ်ခုထက် ပေးစရာ ကမ်းလှမ်းချက် နည်းနေတာကို သိလို့ အားမထုတ်ချင်တာလည်း ဖြစ်နိုင်ပါတယ်..”
ညလမ်းလျောက်သူတွေ က ဘာကြောင့် တခြား ကလန်ကြီး နှစ်ခုရဲ့ အကြံအစည်တွေမှာ ပါဝင်ဖို့ အချိန်မပေးနိုင်တာလဲ ဆိုတဲ့အပေါ် ဆန်နီ မှာ တခြား ရှင်းပြချက်တစ်ခု ရှိပါတယ်..။ ဒါပေမဲ့ သူ တိတ်တဆိတ်ပဲ နေလိုက်တယ်..။ မာစတာ ဂျက် ဆီက ရထားတဲ့ သတင်းအချက်အလက်တွေက လျှို့ဝှက်ချက်တွေ ပါ..။ သူ အလိုရှိရင်တောင်မှ အဲ့ဒါတွေကို လျှောက်ပြောနေလို့ မရပါဘူး..။
မျက်မမြင် မိန်းကလေးက သက်ပြင်းချလိုက်ပြီး သူမရဲ့ ထိုင်ခုံကနေ ထလိုက်တယ်..။
“ဒီတစ်ပတ်တော့ ကောင်းကောင်း အနားယူလိုက်ဦး နစ်ဖီ..။ကိုယ့် ကျန်းမာရေး ကို ပစ်မထားနဲ့..။ နင် သန်မာတယ်ဆိုတာ ငါတို့ သိပါတယ်... ဒါပေမဲ့ ဘယ်သူမှတော့ အပြည့်အဝ မကောင်းနိုင်ဘူးလေ..။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါတို့ထဲက ဘယ်သူကမှ နင် ကြုံတွေ့ခဲ့ရသလောက် နာကျင်မှုမျိုးကို မကြုံတွေ့ခဲ့ရဘူး ဆိုပေမဲ့.. ငါတို့လည်း ငါတို့ရဲ့ ဝေစုကိုတော့ ခံစားခဲ့ရတာပဲ..။ တချို့ဆိုရင် တခြားသူတွေထက် ပိုခံစားခဲ့ရတယ်..”
သူမက ဆန်နီ ကို တစ်ချက် မျက်နှာမူလိုက်ပြီးမှ မျက်နှာလွှဲကာ ခေါင်းငုံ့လိုက်ပါတယ်..။
“ဒါကြောင့် အနာဟောင်းတွေကို ကုသခွင့် မပေးဘဲ.. ဘာမှ မဖြစ်ခဲ့သလိုမျိုး ဆက်သွားတာကဘယ်လောက်အထိ အန္တရာယ်များလဲဆိုတာ ငါတို့ နားလည်ထားတယ်..။ ခေါင်းမမာပဲနဲ့ ကိုယ့်ကိုကိုလည်း နည်းနည်းလောက်တော့ သနားပါဦး..”
နစ်ဖီ က သူမကို ကြည့်လိုက်တယ်..။ စက္ကန့်အနည်းငယ် အကြာမှာတော့ သူမရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးလေးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“ငါ့ကို ဆုံးမနေစရာ မလိုပါဘူး ကတ်စီ..။ နင်က ငါ့ရဲ့ ဆုံးဖြတ်ချက်ကို အရမ်း ပိုတွက်နေတာပဲ..။ ငါ ခနလောက် အနားယူဖို့ အဆင်သင့်ရှိနေတာထက် ပိုပါတယ်..။ ပျော်တောင် ပျော်နေသေးတယ်..”
အနားယူခြင်း နဲ့ ပျော်ရွှင်ခြင်း ဆိုတဲ့ စကားလုံးတွေက သူတို့ သိထားတဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ နဲ့ သိပ်ပြီး မသက်ဆိုင်သလို ဖြစ်နေပေမဲ့ ဘယ်သူမှ ဘာမှ မပြောခဲ့ကြပါဘူး..။ သူမ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခမျိုးက ဘယ်လိုလူကိုမဆို ပြောင်းလဲသွားစေနိုင်ပါတယ်။. နစ်ဖီ လိုမျိုး ပြတ်သားပြီး မယိမ်းယိုင်တတ်တဲ့ လူမျိုးတောင်မှပေါ့..။
ကတ်စီ က ပြုံးလိုက်ပြီး အယ်ဖီ နဲ့ ကိုင် တို့ ဘက်ကို လှည့်ပြောလိုက်တယ်..။
“ဒါဆို သွားကြရအောင်..။ အိမ်တော်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်..။ အဲ့ဒီနေရာကို ကောင်းမွန်တဲ့ ကလန်ဌာနချုပ်တစ်ခု ဖြစ်သွားအောင် နည်းနည်း ပြန်ပြင်ဖို့ လိုအပ်တယ်လေ..”
မကြာခင်မှာပဲ သူတို့က နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ကြပါတယ်..။ PTV ကားက စက်နှိုးသံ ထွက်လာပြီးနောက်မှာ မြင်ကွင်းထဲကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့တယ်..။
အေးချမ်းတဲ့ မီးခိုးရောင် အိမ်လေးထဲမှာတော့ ဆန်နီ နဲ့ နစ်ဖီ တို့ နှစ်ယောက်တည်း ကျန်ရစ်နေပါတော့တယ်..။
သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ အနေရခက်တဲ့ အမူအရာနဲ့ သူမကို ကြည့်လိုက်တယ်..။
“ကောင်းပြီလေ...ကိုယ့် အိမ်လိုပဲ သဘောထားပါ..။ အင်း... ငါ အိမ်ကို လိုက်ပြပေးမယ်...”
အပိုင်း ( ၇၇၆ ) ပြီး၏။
အပိုင်း ( ၇၇၇ ) ဘလိုင်း ဒိတ်
မြို့လယ်ခေါင်နဲ့ နီးကပ်တဲ့ အဆင့်မြင့် ရပ်ကွက်တစ်ခုမှာတော့..
အရမ်းကြီး မခမ်းနားပေမဲ့ ဆွဲဆောင်မှုရှိတဲ့ စားသောက်ဆိုင်တစ်ခုဟာ တစ်နေ့တာရဲ့ ပထမဆုံး ဧည့်သည်တွေကို စတင်ကြိုဆိုနေခဲ့ပါတယ်..။ အချို့သော ဆိုင်ရှင်တွေက လူသား စားပွဲထိုးတွေ ငှားရမ်းတဲ့ ရှေးရိုးစဉ်လာတွေကို လိုက်နာကြပေမဲ့.. ဒီဆိုင်ကတော့ လူငယ်ထုကိုပဲ အဓိက ဦးတည်ထားတာပါ..။
ဒီအကြောင်းပြချက်ကြောင့်ပဲ အရာအားလုံးနီးပါးကို အလိုအလျောက် စနစ်တွေနဲ့ လုပ်ဆောင်ထားပြီး.. လာရောက်စားသောက်သူတွေရဲ့ ကိုယ်ပိုင် ဆက်သွယ်ရေးကိရိယာတွေကနေတစ်ဆင့် လွယ်လွယ်ကူကူ အသုံးပြုလို့ရအောင် ဖန်တီးထားခဲ့ပါတယ်..။ ဒါပေမဲ့ စားဖိုမှူးတွေကတော့ လူသားတွေပဲ ဖြစ်ပြီး.. သူတို့ကလည်း သူတို့ရဲ့ အတတ်ပညာမှာ အတော်လေးကို ကျွမ်းကျင်ကြသူတွေပါ..။ သူတို့ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတိုင်းကလည်း သဘာဝ ပစ္စည်းတွေ ဖြစ်ပြီး.. အချို့ကိုဆိုရင် တခြားသော စတုတ္ထနယ်မြေ တွေကနေတောင် တင်သွင်းထားခဲ့ပါတယ်..။
အတွင်းပိုင်း ဒီဇိုင်းကလည်း အလားတူပဲ ဆန်းပြားလှပြီး.. နေရာတိုင်းမှာ သဘာဝ သစ်သားတွေကို မြင်တွေ့နေရတယ်..။ နံရံတွေပေါ်မှာတော့ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ရေးဆွဲထားတဲ့ အစစ်အမှန် ပန်းချီကားတွေကို ကြည်လင်တဲ့ သတ္တုစပ်ပြားတွေနဲ့ ကာကွယ်ပြီး ချိတ်ဆွဲထားခဲ့ပါတယ်..။ အရာအားလုံးက ဈေးကြီးပြီး.. စတိုင်ကျကာ အဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေခဲ့တာပါ..။
ဒီလို စားသောက်ဆိုင်မျိုးကိုတော့ အဆင့်မြင့် နိုင်ငံသားတွေသာ လာရောက် စားသောက်နိုင်ကြပါတယ်..။ အထူးသဖြင့် အထက်တန်းလွှာတွေရဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာ အရမ်း ခေတ်စားပြီး.. မိသားစုချင်း စီစဉ်ပေးတဲ့ ချိန်းတွေ့မှုတွေနဲ့ ရိုမန်းတစ် ဆန်တဲ့ အခိုက်အတန့် တွေအတွက် နာမည်ကြီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်..။
လတ်တလောမှာတော့ ဆိုင်ထဲမှာ ဒီလို ချိန်းတွေ့မှု အချို့ ရှိနေခဲ့တယ်.။.. ချမ်းသာတဲ့ လူငယ်တွေဟာ သူတို့ မိသားစုတွေက စီစဉ်ပေးထားတဲ့ ချိန်းတွေ့မှုမှာ အနေရခက်စွာနဲ့ လှုပ်ရှားနေကြပါတယ်..။
ထူးဆန်းတာကတော့ ဒီနာမည်ကြီး စားသောက်ဆိုင်ရဲ့ အထင်ရှားဆုံး ဧည့်သည်က တစ်ယောက်တည်း ထိုင်နေတာပါပဲ..။ သူမနဲ့ ချိန်းထားတဲ့သူက နောက်ကျနေပုံရပါတယ်။
ဒီ အမျိုးသမီးငယ်ဟာ အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာ ဖြစ်ပေမဲ့.. ထူးဆန်းစွာပဲ ရင့်ကျက်မှုရှိတဲ့ အလှတရားနဲ့ ကျော့ရှင်းမှုကို ပိုင်ဆိုင်ထားခဲ့တယ်..။ သူမက တကယ့်ကို လှပလွန်းပြီး.. ပြည့်ဖြိုးတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အပြစ်ပြောစရာမရှိတဲ့ အသားအရေကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။ဒီ မိန်းမလှလေးဟာ စတိုင်ကျတဲ့ အနီရောင် ဝတ်စုံနဲ့ အနက်ရောင် သားရေ ဂျာကင်ကို ဝတ်ဆင်ထားခဲ့တယ်..။ သူမရဲ့ လက်ချောင်းတွေနဲ့ သွယ်လျတဲ့ လည်ပင်းမှာတော့ တန်ဖိုးကြီး လက်ဝတ်ရတနာ အချို့ကို ဆင်မြန်းထားခဲ့ပါသေးတယ်..။
ဆိုင်ထဲက တခြား အမျိုးသမီး ဧည့်သည်တွေကတော့ သူတို့နဲ့ ချိန်းတွေ့နေတဲ့ အမျိုးသားတွေက ဒီမိန်းမလှလေးကို ခိုးကြည့်နေကြတာကြောင့် စိတ်တိုနေကြရပါပြီ..။ အမျိုးသားတွေကတော့ ဒီလို အလှမျိုးကို စောင့်ခိုင်းထားတဲ့သူဟာ ဘယ်လို အရူးမျိုးလဲဆိုတာကို တွေးပြီး အံ့သြနေခဲ့ကြတယ်..။ တကယ်လို့ သူတို့သာ အဲဒီနေရာမှာဆိုရင် ဘယ်တော့မှ နောက်ကျမှာ မဟုတ်ဘူးလို့ တွေးမိလိုက်ကြပါတယ်။
နောက်ဆုံးမှာတော့ တံခါးတွေ ပွင့်လာပြီး ဧည့်သည်အသစ် တစ်ယောက် ဝင်လာခဲ့တယ်..။ လူငယ်ဟာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး.. သူ့ရဲ့ ခေါင်းနောက်ဘက်ကို ကုတ်ကာ.. မိန်းမလှလေး တစ်ယောက်တည်း ထိုင်နေတဲ့ စားပွဲဆီကို ဦးတည်သွားခဲ့ပါတယ်..။
သူ ထိုင်ချလိုက်ပြီးနောက်မှာတော့ အားနာသလို ပြုံးပြရင်း ပြောလိုက်တယ်..။
“နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်..။ နင် အကြာကြီး မစောင့်လိုက်ရဘူး လို့ မျှော်လင့်ပါတယ်..”
အမျိုးသမီးငယ်က ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး သူမရဲ့ ပုလဲရောင် သွားလေးတွေကို ဖော်ပြလိုက်ပါတယ်..။
“ရပါတယ်..”
သူမက လူငယ်ကို ခနလောက် အကဲခတ်နေပြီးမှ.. ချိုသာပြီး နူးညံ့တဲ့ အသံနဲ့ အနည်းငယ် အပြစ်တင်သလို ပြောလာခဲ့တယ်..။
“ငါ ဒီလိုတော့ မပြောချင်ပါဘူး။ဒါပေမဲ့.. နင်က ငါ့ကို ပြထားတဲ့ ပုံတွေနဲ့ လုံးဝ မတူဘူးနော်..”
သူက ရှက်သလိုမျိုး အောက်ကို ငုံ့ကြည့်လိုက်ပြီး..
“အိုး... ငါက လူမသိအောင် တစ်ခုခုကို ဝတ်ဆင်ထားရလို့ပါ..။ ငါ့ရဲ့ မူလ ပုံစံအတိုင်း လမ်းလျှောက်နေရင် နည်းနည်းတော့ ထင်ရှားနေတယ်လေ..။ ဒါပေမဲ့ နင်လည်း အတူတူပဲ မဟုတ်ဘူးလား..။နင့်ရဲ့ အသားအရေကို ဖုံးကွယ်ဖို့အတွက် မိတ်ကပ်တွေ အများကြီး လိမ်းထားရတာပဲလေ..”
အမျိုးသမီးငယ်က မျက်မှောင်ကျုတ်လိုက်ပြီး..
“ဒါက အလှပြင်တဲ့ မှတ်သားမူ ဆိုတာ နင် သိထားသင့်တယ်..။ ဘာပဲဖြစ်ဖြစ်... ငါ စားဖို့ တစ်ခုခု မှာထားပြီးပြီ..။ ငါတို့ စောင့်နေတုန်းမှာ နင် မီနူးကို ကြည့်လို့ ရတယ်.."
လူငယ်က တွေဝေသွားပြီးနောက်.. စိတ်ဝင်စားစရာ ကောင်းတဲ့ အမူအရာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်..။ နောက်ဆုံးမှာတော့ သူက မေးလာခဲ့တယ်..။
“ငါ အဲ့ဒါကို ဘယ်လို လုပ်ရမှာလဲ..”
သူမက သူ့ကို စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..
“နင် မသိဘူးလား..။နင် ကိုယ်တိုင်စနစ်နဲ့ စားသောက်ဆိုင်မျိုးကို တစ်ခါမှ မရောက်ဖူးဘူးလား..”
လူငယ်က ပြုံးပြီး ခေါင်းခါပြလိုက်တယ်..။ ယင်းနောက် လွမ်းဆွတ်သွားတဲ့ ပုံစံနဲ့..
“အမှန်အတိုင်း ပြောရရင်.. ဒါက ငါ့အတွက် စားသောက်ဆိုင်ကို ပထမဆုံးအကြိမ် လာဖူးတာပဲ..။ ငါက အိပ်မက်ကမ္ဘာ မှာပဲ ကြီးပြင်းခဲ့ရတာလေ..။ ငါ အသက် ဆယ့်သုံးနှစ်လောက်မှ နိုးထခြင်း ကမ္ဘာ ကို ပြန်ရောက်လာခဲ့တာ..။ ဒီက အရာအတော်များများက ငါ့အတွက်တော့ ထူးဆန်းနေတုန်းပဲ..”
ဒီလို ပြောပြီး မော်ဒရက် ဟာ သူ့ရဲ့ ဆက်သွယ်ရေးကိရိယာကို ခနလောက် စမ်းတဝါးဝါး လုပ်နေပြီးနောက်.. နောက်ဆုံးမှာတော့ မီနူးကို ဖွင့်နိုင်ခဲ့တယ်..။ သူ သိမ်းပိုက်ထားတဲ့ ခန္ဓာကိုယ်က ဇီဝဗေဒဆိုင်ရာ လော့ခ်ကို အသုံးပြုထားလို့ တော်သေးတာပေါ့... မဟုတ်ရင် သူ ဆက်သွယ်ရေးကိရိယာကို ဘယ်လို သုံးရမလဲတောင် သိမှာ မဟုတ်ပါဘူး..။ သူက သူ့ရှေ့မှာ ပေါ်လာတဲ့ ရွေးချယ်စရာတွေကို ကြည့်ပြီး မေးလိုက်တယ်..။
“နင် ဘယ်တစ်ခုကို ထောက်ခံပေးချင်လဲ..”
မိန်းမလှလေးက ပြုံးလိုက်ပြီး..
“ငါတို့ရဲ့ အကြိုက်တွေက တူမယ်လို့တော့ ငါ မထင်ဘူးနော်..”
အဲ့ဒီအချိန်မှာပဲ သူမ မှာထားတဲ့ ဟင်းလျာက ရောက်ရှိလာခဲ့ပါတယ်..။ ဒါက အမဲသား စတိတ် ဖြစ်ပြီး.. မချက်ရသေးတဲ့ ပုံစံမျိုး ပေါက်နေတဲ့အထိ အသားစိမ်းနီးပါး ပြင်ဆင်ထားတာပါ..။ အမျိုးသမီးငယ်က အသားစလေး တစ်ခုကို ကျော့ရှင်းစွာ လှီးဖြတ်လိုက်ပြီး.. နီမြန်းနေတဲ့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေဆီကို ယူဆောင်သွားခဲ့ပါတယ်..။
မော်ဒရက် က သူမကို သဘောကျတဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။
“အာ... ဟုတ်သားပဲ..။မင်းနဲ့ မင်း ရဲ့ ညီမတွေက ထူးခြားတဲ့ အစားအသောက် ပုံစံကို လိုက်နာကြတယ်လို့ ငါ ကြားဖူးတယ်.. လေဒီ ဆောင် ..”
အမျိုးသမီးငယ်က သူမရဲ့ နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပြီး.. သူ့ကို ပုံမှန်အတိုင်း ကြည့်လိုက်တယ်..။
“ငါ့ကို ဆိုင်ရှန် လို့ပဲ ခေါ်ပါ..။ ယဉ်ကျေးနေစရာ မလိုပါဘူး..”
သူက ပြုံးလိုက်ပြီး..
“ဒါဆို ဆိုင်ရှန်... သူက ဘာလို့ တခြားလူ မဟုတ်ဘဲ နင့်ကို လွှတ်လိုက်တာလဲ..။ တကယ်လို့ ငါတို့ရဲ့ ချိန်းတွေ့မှုက အဆင်မပြေဖြစ်သွားရင်.. ဘုရင်မကြီး က နင့်ကို ငါ့လက်ထဲမှာ အသေခံခိုင်းဖို့အထိ အရေးမပါတဲ့သူ ဖြစ်နေလို့လား..”
ဆောင် ဆိုင်ရှန် က စတိတ် နောက်ထပ် တစ်ခုကို တည်ငြိမ်စွာ စားလိုက်ပြီးနောက်.. သူမရဲ့ နှုတ်ခမ်းကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်ပါတယ်..။
“ငါတို့ရဲ့ တွေ့ဆုံမှုက ဘာလို့ အဆင်မပြေ ဖြစ်ရမှာလဲ..။ ငါတို့မှာ တူညီတဲ့ ပန်းတိုင် ရှိနေတာပဲ မဟုတ်လား..။ အဲ့ဒီ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် ငါတို့ ကလန်က နင့်အတွက် အကောင်းဆုံး အခွင့်အရေးပဲလေ..”
မော်ဒရက် က ခနလောက် စဥ်းစားလိုက်ပြီးမှ.. ခေါင်းညိတ်ကာ သက်ပြင်းချလိုက်တယ်..။
“မှန်ပါတယ်..။ ဒါပေမဲ့ အန္တာတိက ကိစ္စ ဖြစ်နေတာကြောင့်.. သူမအနေနဲ့ ရှေ့ဆက်ဖို့ တွန့်ဆုတ်နေလိမ့်မယ်လို့ ငါ ထင်ထားတာ..။ ဘာပဲဖြစ်ဖြစ်.. အခုချိန်က ကြီးမားတဲ့ တစ်ခုခုကို လုပ်ဖို့အတွက် အကောင်းဆုံး အချိန်တော့ မဟုတ်ဘူးလေ..”
ဆိုင်ရှန်ဟာ စစ်ပွဲမင်းသား ကို ခနလောက် အကဲခတ်နေပြီးမှ ပြုံးလိုက်ပါတယ်..။
“အိုး... ဆန့်ကျင်ဘက်ပဲ..။ အန္တာတိက မှာ ဖြစ်ပျက်နေတာတွေက တစ်ခုခုကို ကြီးမားတာကို လုပ်ဆောင်ဖို့အတွက် အကောင်းဆုံး အခြေအနေ တစ်ခုကို ဖန်တီးပေးထားတယ်လို့ ငါထင်တယ်..”
သူ ခနလောက် တွေဝေသွားပြီးမှ.. ပုခုံးတွန့်ပြလိုက်တယ်..။
“ကောင်းပြီလေ...အဓိပ္ပာယ်ရှိသားပဲ..။ဒီတော့အခု ဘာဆက်လုပ်ကြမလဲ..။ ငါက ဒူးထောက်ပြီး ကတိသစ္စာပြုရမှာလား..။ နင့်ရဲ့ လက်စွပ်ကို နမ်းရမလား..။ဒါမှမဟုတ် တခြား တစ်ခုခု လုပ်ရမှာလား..”
မိန်းမလှလေးက ခေါင်းခါပြလိုက်တယ်..။
“ပုံမှန်ဆိုရင်တော့ နင့်ရဲ့ သွေးတစ်စက်နဲ့ စာချုပ်မှာ လက်မှတ်ထိုးရမှာပေါ့..။ ဒါပေမဲ့ နင်က ခန္ဓာကိုယ်တွေကို ခဏခဏ ပြောင်းနေတတ်တာဆိုတော့. အဲ့ဒါက ဘာမှ ထူးမှာ မဟုတ်ဘူး မဟုတ်လား..”
သူမက ပြုံးလိုက်ပြီး..
“ဒီတော့ အဲ့ဒါတွေ မလိုတော့ဘူး..။ ဆောင် ကလန် ကနေ ကြိုဆိုပါတယ်.. မင်းသား မော်ဒရက် ..။ ငါတို့ အတူတူ လုပ်ဆောင်သွားမယ့် ကြီးကျယ်တဲ့ အရာတွေကို ငါ စောင့်မျှော်နေပါတယ်..”
မော်ဒရက် ကလည်း သူမကို ပြန်ပြီး ပြုံးပြလိုက်တယ်..။ ယင်းနောက် မီနူးထဲက ရွေးချယ်စရာ အချို့ကို ရွေးချယ်ပြီး နှိပ်လိုက်ပါတယ်..။
အဲ့ဒီနောက် သူ သက်ပြင်းချလိုက်ပြီး သဘောကျတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“အာ... တစ်ယောက်ယောက်ရဲ့ မွေးစားတာကို ခံရတာက တကယ် ထူးဆန်း ခံစားချက်ပဲ...”
အပိုင်း ( ၇၇၇ ) ပြီး၏။