← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း။ ၁၂၃

ခဏအကြာတွင် ကွမ်းထျန်းယွီနှင့် လီရန်တို့သည် စကားပြောဆိုမှုကို ရပ်တန့်လိုက်ပြီး ချန်ကျီရှင်းရှိရာသို့ လျှောက်လှမ်းလာကြသည်။

“စီနီယာအစ်ကိုကြီးကွမ်း... နတ်သမီး”

ချန်ကျီရှင်းက သူတို့နှစ်ဦးကို ယဉ်ကျေးပျူငှာစွာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ ကွမ်းထျန်းယွီနှင့် လီရန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာတွင် နူးညံ့သောအပြုံးများ အသီးသီး ပေါ်ပေါက်လာ၏။

“ညီလေး... မင်းရဲ့နာမည်က ဘယ်သူလဲ”

ကွမ်းထျန်းယွီက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။ စောစောက စင်မြင့်ပေါ်တွင် သူပြသခဲ့သော အေးစက်စက် အမူအရာမျိုး လုံးဝ မရှိတော့ပေ။

“ရှောင်ပင်းပါခင်ဗျာ”

ချန်ကျီရှင်းက ပြန်ဖြေသည်။

“ကောင်းပြီ... ညီလေး ရှောင်ပင်း ငါတို့နဲ့အတူ တောင်ဘက်တောင်ထိပ်ကို လိုက်ခဲ့မလား”

လီရန်ကလည်း အသာအယာပြုံးလျက် စကားပြောလာသည်။

“စီနီယာအစ်ကိုကြီးနဲ့ နတ်သမီးတို့ရဲ့ အစီအစဉ်အတိုင်းပါပဲခင်ဗျာ”

ချန်ကျီရှင်းက လက်အုပ်ချီလျက်ပင် ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းသည် ကွမ်းထျန်းယွီနှင့် လီရန်တို့၏ နောက်မှ လိုက်ပါရင်း အထွေထွေလုပ်ငန်းဆောင်တာကွင်းပြင်မှ ထွက်ခွာလာခဲ့သည်။ သူတို့သည် လမ်းကျဉ်းလေးတစ်ခုကို ဖြတ်ကျော်ကာ အထွေထွေကိစ္စရပ်များဌာနမှ ထွက်ခွာပြီး တောင်ဘက်တောင်ထိပ်ဆီသို့ ဦးတည်လိုက်ကြသည်။

အထွေထွေကိစ္စရပ်များဌာနရှိ ဝါရောင်တံခါးငယ်လေး၏ ရှေ့တွင် လမ်းဘေးဝဲယာတွင် တန်းစီနေကြသော အစေခံတပည့်များစွာမှာ ချန်ကျီရှင်းတစ်ယောက် ကွမ်းထျန်းယွီနှင့် လီရန်တို့၏ နောက်မှ လိုက်ပါသွားသည်ကို မြင်သောအခါ ရုတ်တရက် ပွက်လောရိုက်သွားကြတော့သည်။ သူတို့သည် တစ်ယောက်တစ်ပေါက် တိုးတိုးတိုးတိုးဖြင့် ဝေဖန်ပြောဆိုနေကြ၏။

စီမံခန့်ခွဲသူယွီမှာမူ ချန်ကျီရှင်း၏ အကြည့်နှင့် မဆုံမိစေရန် ခေါင်းကို ပိုမိုငုံ့ထားပြီး လူအုပ်ထဲသို့ တိုးဝင်ကာ ပုန်းကွယ်နေချင်စိတ် ပေါက်နေတော့သည်။ အသိဉာဏ်ရှိသူတိုင်း ဤရှောင်ပင်းဆိုသူမှာ နောင်တစ်ချိန်တွင် ဂုဏ်ရည်တောက်ပပြီး အောင်မြင်မှုလှေကားထစ်ပေါ်သို့ တက်လှမ်းတော့မည်ကို ရိပ်မိကြသည်။ အဆင့်အတန်း နိမ့်ကျဦးမည်ဆိုလျှင်ပင် အနည်းဆုံးတော့ စစ်

မှန်သောတပည့်၏ အခြွေအရံဖြစ်လာတော့မည်ပင်။

“အေးဗျာ... နောင်ကျရင် ငါနဲ့ ဘယ်သူ ကြက်ကင် အတူစားတော့မှာလဲ”

လူအုပ်ထဲတွင် ရောနှောနေသော အဘိုးဟွမ်က အားငယ်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒီအထွေထွေကိစ္စရပ်များဌာနကို နောက်ဆုံးအနေနဲ့ တစ်ချက်လောက် ကြည့်ထားလိုက်ဦး။ နောက်တစ်ခေါက် မင်းပြန်လာတဲ့အခါမှာတော့ အခုလို အဆင့်အတန်းမျိုး ရှိတော့မှာ မဟုတ်ဘူး”

ကွမ်းထျန်းယွီက အသာအယာ ပြုံးလျက် ပြောလိုက်သည်။

ချန်ကျီရှင်းကမူ ထိုစကားကို ကြားသောအခါ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

မကြာမီမှာပင် သူတို့သုံးဦးသည် အထွေထွေကိစ္စရပ်များဌာနမှ ထွက်ခွာခဲ့ပြီး တောင်ဘက်တောင်ထိပ်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်ကြသည်။

တောင်ဘက်တောင်ထိပ်သည် မတ်စောက်ပြီး ဘေးအန္တရာယ်များလှကာ ထူးဆန်းသော ကျောက်ဆောင်ကြီးများမှာ ဟန်ချက်ပျက်မတတ် ရှိနေကြသည်။ သူတို့သည် အပေါ်သို့ တဖြည်းဖြည်း တက်လှမ်းလာရင်း တောင်ထိပ်သို့ ရောက်ရှိကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်

လိုက်သောအခါ ကျယ်ပြောလှသော တောင်တန်းကြီးများ၊ ကောင်းကင်ပြာကြီးနှင့် အဆုံးမရှိသော မိုးကုပ်စက်ဝိုင်းကြီးကို မြင်တွေ့ရသည်။ ၎င်းမှာ ကခုန်နေသော ငွေရောင်မြွေနဂါးများအလား တောင်တန်းကြီးများနှင့် ပြေးလွှားနေသော ဆင်ဖြူတော်များအလား မြေပြန့်လွင်ပြင်ကြီးများကဲ့သို့ ရှုမငြီးစရာပင်။

လမ်းတစ်လျှောက်တွင် ဝတ်ရုံဖြူဝတ် လူငယ်တပည့်များစွာမှာ ကွမ်းထျန်းယွီနှင့် လီရန်တို့ကို ဦးညွှတ်ကာ နှုတ်ဆက်နေကြပြီးနောက် ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အစေခံတပည့်ဖြစ်သူ ချန်ကျီရှင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြတော့သည်။

“ညီလေးရှောင်... မင်းက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်တာ မကြာသေးဘူးလို့ ပြောတာ ကြားမိသလိုပဲ”

လီရန်နှင့် ကွမ်းထျန်းယွီတို့က ရှေ့မှ လက်ပိုက်လျက် လျှောက်လှမ်းရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့လက အိမ်မှာ အဖေဆုံးပြီဆိုတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရလို့ အမြန်လာခဲ့တာ... အခုမှပဲ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်ပါတော့တယ်” ချန်ကျီရှင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

“အင်း... မင်းအဖေ နာမည်က ရှောင်လင်း မဟုတ်လား။ ငါ မှတ်မိသလိုလိုပဲ။ သူ တောင်

ဘက်တောင်ထိပ်ကို ဝိညာဉ်သားရဲတွေ လာထိန်းပေးဖို့ အကြိမ်အနည်းငယ် ရောက်ဖူးတယ်”

ကွမ်းထျန်းယွီက ပြုံးလျက် ပြောလိုက်သည်။

“မင်း ဒီလောက်အထိ အစွမ်းပြနိုင်တဲ့နေ့ကို မင်းအဖေ မမြင်သွားရတာ နှမြောဖို့ကောင်းလိုက်တာ”

သူတို့သုံးဦးသည် တောင်ထိပ်ဆီသို့ ဆက်လက် လျှောက်လှမ်းရင်း လမ်းတစ်လျှောက် စကားစမြည် ပြောဆိုသွားကြသည်။ လီရန်နှင့် ကွမ်းထျန်းယွီတို့၏ အမူအရာမှာ အလွန်ပင် ဖော်ရွေလှပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အခြေခံအခြေအနေအချို့ကို ချန်ကျီရှင်းအား ရှင်းပြနေကြသည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် အပြင်ဂိုဏ်းတပည့်သို့မဟုတ် အတွင်းဂိုဏ်းတပည့်ဟူ၍ ခွဲခြားထားခြင်း မရှိပေ။ သို့သော် အဆင့်သုံးဆင့် ရှိသည်။

၎င်းတို့မှာ တရားဝင်တပည့်၊ တာအိုမျိုးစေ့တပည့်နှင့် စစ်မှန်သောတပည့်တို့ ဖြစ်ကြသည်။

တရားဝင်တပည့်ဆိုသည်မှာ သာမန်တပည့်များ ဖြစ်ကြသည်။ တာအိုမျိုးစေ့ဆိုသည်မှာ တရားဝင်တပည့်များထဲမှ ပါရမီ ထူးချွန်ထက်မြက်သူများဖြစ်ပြီး စစ်မှန်သောအမွေဆက်ခံသူများ ဖြစ်လာရန် အလားအလာရှိသူများ ဖြစ်ကြသည်။

တာအိုမျိုးစေ့များ၏ အထက်တွင်မူ စစ်မှန်သောတပည့်များ ရှိကြပြီး သူတို့၏ အဆင့်အတန်းမှာ တောင်ထိပ်သခင်၏ အောက်တွင်သာ ရှိသည်။ ယေဘုယျအားဖြင့် တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်တစ်ခုစီတွင် ထိပ်တန်း စစ်မှန်သောတပည့် သုံးဦးစီသာ ရှိတတ်သည်။

စစ်မှန်သောတပည့် ဖြစ်လာရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ပထမနည်းလမ်းမှာ အသက် ၃၀ မပြည့်သေးဘဲ ကျင့်ကြံမှုအဆင့်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်သည်။ ကွမ်းထျန်းယွီသည် ဤနည်းလမ်းဖြင့် စစ်မှန်သောတပည့် ဖြစ်လာသူဖြစ်သည်။

ဒုတိယနည်းလမ်းမှာမူ အလွန်အမင်း ထူးခြားပြောင်မြောက်သော ပါရမီရှိသူဖြစ်ပါက ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကို ကျော်လွန်ပြီး စစ်မှန်သောတပည့်အဖြစ် တိုက်ရိုက် သတ်မှတ်ခံရခြင်းပင်။ ဥပမာအားဖြင့် လီရန်သည် မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်သဖြင့် နတ်ဘုရားခရီးသွားနယ်ပယ်၏ ထိပ်ဆုံးအဆင့်ဖြင့် စစ်မှန်သောတပည့် ဖြစ်လာခဲ့ခြင်းပင်။

၎င်းပြင် တာအိုမျိုးစေ့တစ်ဦးအနေဖြင့် လက်ရှိ စစ်မှန်သောတပည့်တစ်ဦး ရာထူးမှ နုတ်ထွက်သွားချိန်တွင်လည်း အစားထိုး ဝင်ရောက်ခွင့် အခွင့်အရေး ရရှိနိုင်သည်။

ဥပမာအားဖြင့် တောင်ဘက်တောင်ထိပ်တွင် လွန်ခဲ့သော သုံးလခန့်က စီနီယာအစ်ကိုကြီးသည် အသက် ၃၀ ပြည့်သွားခဲ့သည့်အတွက် စစ်မှန်သောတပည့် ရာထူးမှ အနားယူသွားခဲ့ရသည်။

ကွမ်းထျန်းယွီတွင်လည်း နောက်ထပ် သုံးနှစ်သာ အချိန်ကျန်ရှိတော့ပြီး အသက် ၃၀ ပြည့်သည်နှင့် စစ်မှန်သောတပည့် ရာထူးကို ဖယ်ပေးရတော့မည်ဖြစ်သည်။ စစ်မှန်သောတပည့်များကိုမူ များသောအားဖြင့် တောင်ထိပ်သခင်ကိုယ်တိုင် တိုက်ရိုက် သင်ကြားပြသပေးလေ့ရှိသည်။ ကျန်ရှိနေသော တရားဝင်တပည့်များနှင့် တာအိုမျိုးစေ့များကိုမူ မဟာအကြီးအကဲ ငါးဦးက တပည့်အဖြစ် လက်ခံသင်ကြားပေးကြခြင်းပင်။

“စီနီယာအစ်ကိုကြီးကွမ်း... နတ်သမီး၊ ကျွန်တော့်အဖေဆီက ကြားဖူးတာကတော့ ကျွန်တော်တို့ တောင်ဘက်တောင်ထိပ်ရဲ့ မဟာအကြီးအကဲ ငါးဦးထဲမှာ အကြီးအကဲ ဖူရှုးက အသန်မာဆုံးလို့ သိရတယ် ဟုတ်ပါသလားခင်ဗျာ”

ချန်ကျီရှင်းက တစ်စုံတစ်ခုကို စဉ်းစားမိရင်း မေးမြန်းလိုက်သည်။

“အကြီးအကဲ ဖူရှုးလား”

ကွမ်းထျန်းယွီနှင့် လီရန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးများကို အနည်းငယ် မှေးလိုက်ကြသော်လည်း ချက်ချင်းမူ ပြန်လည်မဖြေကြားခဲ့ကြပေ။

“ဘာဖြစ်လို့လဲခင်ဗျာ”

ချန်ကျီရှင်းက သိချင်ဟန်ဖြင့် ထပ်မံမေးမြန်းလိုက်သည်။

လီရန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ခေါင်းညိတ်ပြကာ “အကြီးအကဲ ဖူရှုးရဲ့ ကျင့်ကြံမှုက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရဲ့ ပဉ္စမအဆင့်ကို ရောက်နေပြီဆိုတော့ အကြီးအကဲ ငါးဦးထဲမှာ အဆင့်အမြင့်ဆုံးဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ အကြီးအကဲ ဖူရှုးက တစ်ကိုယ်တည်းနေတတ်ပြီး နည်းနည်းတော့ ထူးဆန်းတယ်...”

“ဘယ်လိုမျိုး ထူးဆန်းတာလဲခင်ဗျာ”

ချန်ကျီရှင်းက စိတ်ဝင်စားဟန်ဆောင်ရင်း ထပ်မံမေးမြန်းလိုက်သည်။ လီရန်က စကားပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို တွန့်ဆုတ်နေပုံပင်။

ကွမ်းထျန်းယွီက ရယ်မောလိုက်ပြီး “ငါပဲ ရှင်းပြပေးပါ့မယ်။ အကြီးအကဲ ဖူရှုးက တပည့်တွေ အများကြီး လက်ခံခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတပည့်တွေဟာ ကျင့်စဉ်မှားယွင်းပြီး ရုတ်တရက် သေဆုံးတာမျိုး ဒါမှမဟုတ် တာဝန်တွေ ထမ်းဆောင်ရင်းနဲ့ ရက်ရက်စက်စက် အသတ်ခံရတာမျိုးတွေပဲ ကြုံကြရတယ်။ အဲဒါကြောင့် အခုဆိုရင် အကြီးအကဲ ဖူရှုးရဲ့ လက်အောက်မှာ တပည့်က အရမ်းနည်းသွားပြီး တခြားတပည့်တွေကလည်း သူ့ဆီမှာ တပည့်အဖြစ် ခံယူဖို့ ကြောက်နေကြတာပေါ့”

“သဘောပေါက်ပါပြီ”

ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထက်မြက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။ အကယ်၍ ဇာတ်လမ်းသွားအတိုင်းသာ ဖြစ်လာမည်ဆိုပါက ဂိုဏ်းအတွင်းရှိ သူ၏တပည့်များထံမှ ဝိညာဉ်စွမ်းအားများကို ဝါးမြိုနေသည့် ဖူရှုး၏ လုပ်ရပ်များက မကြာမီမှာပင် လူသိရှင်ကြား ပေါ်ထွက်လာတော့မည် ဖြစ်သည်။ အဲဒီနောက်မှာတော့ သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရတော့မည်ဖြစ်သည်။

ကျန်ရှိနေသော အချိန်အတွင်း၌ ချန်ကျီရှင်းသည် ဘာမျှထပ်မမေးတော့ဘဲ အကြီးအကဲ ဖူရှုးနှင့် နီးစပ်အောင် မည်သို့လုပ်ဆောင်ရမည်ကိုသာ စိတ်ထဲတွင် စဉ်းစားနေမိသည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးခန့် အချိန်အကြာတွင်မူ ချန်ကျီရှင်းသည် ကွမ်းထျန်းယွီနှင့် လီရန်တို့၏ နောက်မှ တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ သူတို့၏ ရှေ့မှောက်တွင်မူ နက်မှောင်သော ရွှေမိုးကြိုးသံမဏိများဖြင့်သာ သီးသန့်တည်ဆောက်ထားသည့် ရိုးရှင်းခန့်ညားလှသော အဝိုင်းပုံစံ နန်းတော်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ညီလေးရှောင်... ငါတို့ ဆရာ့ဆီကို သတင်းသွားပို့နေတုန်း ဒီမှာ ခဏစောင့်နေပေးပါဦး”

ကွမ်းထျန်းယွီနှင့် လီရန်တို့သည် နန်းတော်တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ မဝင်မီ ချန်ကျီရှင်းကို မှာကြားခဲ့ကြသည်။

နန်းတော်ခန်းမအတွင်း၌ အလွန်တိတ်ဆိတ်နေပြီး အသုံးအဆောင်ပစ္စည်းများမှာလည်း အလွန်ရိုးရှင်းအေးစက်လှသည်။ အတွင်းသို့ ရောက်ရှိပြီးနောက် ကွမ်းထျန်းယွီနှင့် လီရန်တို့သည် ဘေးခန်းတစ်ခု၏ တံခါးရှေ့သို့ တိုက်ရိုက်သွားရောက်ကာ လက်ကိုချလျက် ကိုယ်ကိုကိုင်းညွတ်၍ စောင့်ဆိုင်းနေကြသည်။ သူတို့ စကားတစ်ခွန်းမှပင် ဆိုရန်မလိုလိုက်ပေ။

ကျွီ...

တံခါးချပ်မှာ အပြင်ဘက်သို့ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

“ဝင်ခဲ့ကြ”

ကြည်လင်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ကွမ်းထျန်းယွီနှင့် လီရန်တို့သည် အခန်းအတွင်းသို့ အပြေးအလွှား ဝင်သွားကြသည်။ အခန်းအတွင်း၌ စိတ်အေးချမ်းစေသော နဂါးစန္ဒကူးနံ့သာတိုင်များ ထွန်းညှိထားသဖြင့် ရနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။ ခန်းမအလယ်၏ နောက်ဘက်တွင် ယင်ယန်ငါးပုံစံအကြီးစားတစ်ခုကို ချိတ်ဆွဲထား၏။

ထိုယင်ယန်ပုံစံ၏ အောက်တွင် ဆံပင်ကို တာအိုထုံး ထုံးထားပြီး ကောင်းကင်ပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပသော တာအိုအမျိုးသမီးတစ်ဦးက တင်ပျဉ်ခွေထိုင်နေသည်။ သူမသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိပုံရပြီး ကိုယ်လုံးကိုယ်ပေါက်မှာ ပြည့်ပြည့်ဖြိုးဖြိုးရှိသော်လည်း မဝလွန်းဘဲ ခါးသေးရင်ချီ၍ ခြေတံရှည်လျားလှသည်။ သူမ၏ အသားအရေမှာ ကျောက်စိမ်းလို ဖြူစင်ပြီး မျက်နှာမှာ ငွေရောင်လဗန်းကဲ့သို့ ဝိုင်းစက်ကာ မျက်ဝန်းများမှာ ရေစိမ်ထားသော ချယ်ရီသီးများအလား ကြည်လင်သည်။ နှုတ်ခမ်းများမှာ ဆိုးဆေးမလိုဘဲ နီမြန်းနေပြီး မျက်ခုံးများမှာလည်း ရေးဆွဲရန်မလိုဘဲ မြကဲ့သို့ စိမ်းလဲ့ကာ ကွေးညွတ်နေသည်။

အထူးသဖြင့် သူမ၏ ထင်ရှားလှသော ရင်အုံမှာ ပွပွယောင်းယောင်း တာအိုဝတ်ရုံနှင့်ပင် မဖုံးနိုင်ဘဲ တင်းပြည့်နေကာ အောက်သို့ ငုံ့ကြည့်လျှင် ခြေဖျားကိုပင် မြင်ရလိမ့်မည် မဟုတ်ပေ။ သူမ၏ နဖူးအလယ်တွင် နှမ်းစေ့ခန့်ရှိသော အနီရောင် မှဲ့စက်လေးတစ်ခုကို တို့ထားသည်။ သူမ၏ လက်ထဲတွင် အဖြူရောင်ချည်မျှင် သုံးထောင်ပါသော ယပ်တောင်တစ်ခုကို ကိုင်

ဆောင်ထားပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ ချယ်ရီပုံစံ မျက်ဝန်းများ ပေါ်လာတော့သည်။

ဤသူသည်ကား တောင်ဘက်တောင်ထိပ်သခင် မုယွဲ့မေပင်။

“တပည့် ကွမ်းထျန်းယွီ ဆရာ့ကို ဂါရဝပြုပါတယ်”

“တပည့် လီရန် ဆရာ့ကို ဂါရဝပြုပါတယ်”

သူတို့နှစ်ဦးသည် ချက်ချင်းပင် ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။

“မင်းတို့နှစ်ယောက် ငါ့ဆီ လာလည်ခဲလှချည်လား။ ဒီနေ့မှ ဘာလို့ ဆရာ့ကို လာတွေ့ဖို့ စိတ်ကူးရတာလဲ”

မုယွဲ့မေက အနည်းငယ် ပြုံးလိုက်ရာ တောက်ပသော မျက်ဝန်းများနှင့် ပုလဲရောင် သွားတန်းလေးများမှာ ဆွဲဆောင်မှုအပြည့် ရှိနေတော့သည်။

“ဆရာ... အထွေထွေကိစ္စရပ်များဌာနမှာ ကျွန်တော်တို့ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်နိုင်ခြေ အလွန်များတဲ့ ပါရမီရှင်တစ်ယောက်ကို တွေ့ခဲ့လို့ပါ”

သူတို့က အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။

“အို... ဟုတ်လား”

မုယွဲ့မေ၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်ပသွားပြီး အသံမှာလည်း အနည်းငယ် မြင့်တက်သွားကာ “ဒါ အစစ်အမှန်ပဲလား”

“အစစ်အမှန်ပါ ဆရာ စောစောက ဒီလူရဲ့ အစွမ်းအစကို ကျောက်စိမ်းသေတ္တာရှာတဲ့ နည်းလမ်းနဲ့ စမ်းသပ်ခဲ့တာ... သူက အမွှေးတိုင်တစ်ဝက်စာ အချိန်လေးအတွင်းမှာတင် နတ်ဘုရားအသိစိတ်ကို သုံးပြီး ကျောက်စိမ်းသေတ္တာ ဆယ်လုံးစလုံးရဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်” လီရန်က အံ့သြချီးမွမ်းသော အသံဖြင့် ပြောပြလိုက်သည်။

ဤသည်ကို ကြားသောအခါ မုယွဲ့မေ၏ မျက်လုံးများမှာ ပိုမိုတောက်ပလာပြီး လက်ထဲမှ ယပ်တောင်ကို ဝေ့ယမ်းလိုက်ရင်း “တံခါးအပြင်ဘက်က လူကို ပြောတာလား သူ့ကို အတွင်းထဲ ခေါ်ခဲ့လိုက်ပါ”

“အကယ်၍ ဒီလူမှာ တကယ်ပဲ မွေးရာပါ ဝိညာဉ်ခန္ဓာ ရှိနေမယ်ဆိုရင်... ဒီနှစ် တောင်ထိပ်နှစ်ခု အားပြိုင်ပွဲမှာ ငါတို့ တောင်ဘက်တောင်ထိပ်အတွက် အခွင့်အရေးရှိပြီ”

အခန်း။ ၁၂၄

“ညီလေးရှောင်... ဆရာက မင်းကို အထဲဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်”

လီရန်က ခန်းမဆောင်ထဲမှ ထွက်လာပြီး ချန်ကျီရှင်းကို ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် နတ်သမီး”

ချန်ကျီရှင်းက လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

“ဒါက ကိစ္စမရှိပါဘူး။ အခုတော့ မင်းလည်း တောင်ဘက်တောင်ထိပ်ကို ရောက်လာပြီဆိုတော့ ငါတို့တွေအားလုံးက မိသားစုဝင်တွေပဲပေါ့”

လီရန်က သူမ၏ နားနောက်သို့ ဆံနွယ်တစ်စုကို သပ်တင်လိုက်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။

“ငါတို့အတွက် အခြွေအရံတစ်ယောက် မရခဲ့ပေမဲ့ ငါတို့တောင်ဘက်တောင်ထိပ်အတွက် ပါရမီရှင်တပည့်တစ်ယောက် ရှာတွေ့ခဲ့တာကတော့ တကယ့်ကို ဝမ်းသာစရာနဲ့ အံ့အားသင့်စရာပဲ”

“နတ်သမီးက ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ဒါက ဘာမှမဟုတ်ပါဘူး”

ချန်ကျီရှင်းက လီရန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ အသာအယာ ခေါင်းခါယမ်းလိုက်မိသည်။

အရင်ဘဝက မဟာကျင့်ကြံခြင်း ဇာတ်လမ်းအတွင်း၌ ကစားသမား အများစုမှာ မုန့်ဟယ်တုန်း၏ အမြင်ဖြင့်သာ ဖြတ်သန်းခဲ့ကြရသည်။ ထိုရလဒ်ကြောင့် မုန့်ဟယ်တုန်းနှင့် စေ့စပ်ထားသည့် လီရန်အပေါ် ကစားသမားအများစုက အဆိုးမြင်စိတ်များ ရှိခဲ့ကြသည်။ သူတို့က လီရန်ကို အားနည်းသူကိုနှိမ်၍ အားသန်သူကို မြှောက်ပင့်သူ၊ မုန့်ဟယ်တုန်းနှင့် လက်ထပ်ရန် ငြင်းဆိုကာ မုန့်မိသားစုကို အရှက်ခွဲခဲ့သူဟုသာ သတ်မှတ်ခဲ့ကြခြင်းပင်။

ဤလုပ်ရပ်ကြောင့် ကစားသမားပေါင်းများစွာမှာ ဒေါသတကြီး ကျိန်ဆဲခဲ့ကြပြီး နောက်ပိုင်းတွင် မုန့်ဟယ်တုန်းက လူအများရှေ့၌ လီရန်ကို အပြတ်အသတ် အနိုင်ယူ၍ အရှက်ခွဲလိုက်သည့်အခါတွင်မူ အားရပါးရ အောင်ပွဲခံခဲ့ကြသည်။ တစ်ချိန်က တက်ကြွလှပခဲ့သော လီရန်မှာ အဆိုပါ ရှုံးနိမ့်မှုနောက်ပိုင်းတွင် လောကကြီးထဲ၌ ပုန်းကွယ်သွားခဲ့ပြီး သူမ၏ တောက်ပခဲ့သော ဘဝမှာလည်း မှေးမှိန်သွားခဲ့ရရှာသည်။

သို့သော် ယခုတစ်ခေါက် လီရန်နှင့် ကိုယ်တိုင် ထိတွေ့ဆက်ဆံကြည့်သည့်အခါတွင်မူ ချန်ကျီရှင်းသည် သူမမှာ ထင်သလောက် ဆိုးရွားသူမဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ အိမ်ထောင်ရေးကို ငြင်းဆိုခဲ့သည့် ကိစ္စ၌လည်း သူက အမြင်တစ်မျိုး ရှိနေသည်။ အကယ်၍ သူ၏နေရာ၌ဆိုလျှင်လည်း ချန်တောက်ယန်က သူ့အား တစ်စုံတစ်ယောက်နှင့် သူ မသိဘဲ စေ့စပ်ပေးထားပါက ချန်ကျီရှင်းသည်လည်း အဆိုပါ စေ့စပ်မှုကို ဖျက်သိမ်းရန် ကိုယ်တိုင် သွားရောက်မည်သာ။

“ဟေး...မောင်လေးရှောင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပါနဲ့။ နတ်ဘုရားအသိစိတ်ကို သုံးပြီး ကျောက်စိမ်းသေတ္တာ ဆယ်လုံးစလုံးကို ရှာနိုင်တယ်ဆိုတာ တွေ့ရခဲတဲ့ ပါရမီပဲ။ ငါတို့ စစချင်း ရောက်တုန်းကတောင် ကိုးလုံးပဲ ရှာနိုင်ခဲ့တာ”

လီရန်က စိတ်လှုပ်ရှားစွာဖြင့် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ပြုံးလျက်

“ဒါနဲ့ နောက်ကျရင် ဆရာနဲ့ တွေ့တဲ့အခါ အရမ်းကြီးလည်း မရှိန်နေပါနဲ့။ ငါတို့ဆရာက တော်တော်လေး သဘောကောင်းပြီး စည်းကမ်းတွေနဲ့ အရမ်းကြီး ချုပ်ချယ်တတ်တဲ့သူ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။

“နတ်သမီးရဲ့ အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောင်တစ်ချိန် အခွင့်သာရင် ကျွန်တော့်ဘက်က သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”

ချန်ကျီရှင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ပြောဆို လိုက်သည်။

“ဟားဟား... ကောင်းပြီလေ မင်း ငါ့ကို ဘယ်လိုကျေးဇူးဆပ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

လီရန်က ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်ပြီးနောက် ချန်ကျီရှင်းကို ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။ ချန်ကျီရှင်းသည် ဖျာယဉ်ထက်တွင် ထိုင်နေသော မုယွဲ့မေကို မော့ကြည့်လိုက်မိပြီး ခဏမျှ မှင်သက်သွားရရှာသည်။

“ညီလေးရှောင်...”

လီရန်က လည်ချောင်းတစ်ချက် ဟန့်လိုက်တော့မှ ချန်ကျီရှင်း သတိပြန်ဝင်လာပြီး အမြန်ပင် ခေါင်းငုံ့ကာ လက်အုပ်ချီလိုက်သည်။

“တပည့် ရှောင်ပင်း တောင်ထိပ်သခင်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

စောစောက သူ ငေးမောသွားမိသည်မှာ သူ၏အပြစ်တော့ မဟုတ်ပေ။ သူသည် လှပသော အမျိုးသမီးများစွာကို မြင်ဖူးခဲ့ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်သူဟု ယူဆထားသော်လည်း ယနေ့ကဲ့သို့ အာရုံလွင့်သွားမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ အဓိကမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် ထူးခြားနေခြင်းကြောင့်ပင်။ အထူးသဖြင့် တောင်ထိပ်သခင် မုယွဲ့မေ၏ ခါးမှာ လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း ထိုသေးသွယ်သော ခါးအထက်မှ ပြည့်ဖြိုးမှုများက ပွယောင်းသော တာအိုဝတ်ရုံ၏ လည်ပင်းဟိုက်ပုံစံကြားမှ လျှံထွက်တော့မတတ် ဖြစ်နေသည်မှာ တကယ့်ကို အံ့မခန်းဖွယ်ရာပင်။

“မင်းက ရှောင်ပင်းလား”

မုယွဲ့မေ၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ ဤကဲ့သို့သော အကြည့်မျိုးကို သူမ အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးဖြစ်ရာ ယဉ်ပါးနေပြီဖြစ်သည်။ သူမက အသာအယာ ပြုံးလိုက်ရင်း “မင်းရဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို ယွီအာက ငါ့ကို ပြောပြပြီးပြီ။ မင်းတို့ ရှောင်မိသားစုအကြောင်း ပြောရရင် သုံးဆက်တိုင်တိုင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အမှုထမ်းခဲ့ကြတာပဲ။ မင်းရဲ့ အဘိုးနဲ့ အဖေက တောင်ဘက်တောင်ထိပ်မှာ အလုပ်လုပ်ခဲ့ကြပေမဲ့ သူတို့မှာ ပါရမီ သာမန်ပဲရှိခဲ့တာကို ဘယ်သူက ထင်ထားမှာလဲ... မင်းကျမှ တစ်ညတည်းနဲ့ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့”

ချန်ကျီရှင်းက ခေါင်းကို ကုတ်လိုက်ပြီး အူကြောင်ကြောင်ဖြင့် ရယ်မောပြကာ “တပည့်က မတော်တဆ ကံကောင်းသွားတာပါခင်ဗျာ” ဟု ပြောလိုက်သည်။

“မတော်တဆ ဟုတ်လား။ အဲဒီ ကျောက်စိမ်းသေတ္တာ စမ်းသပ်တဲ့နည်းလမ်းကို ငါကိုယ်တိုင် တီထွင်ထားတာ။ ကံကောင်းရုံသက်သက်နဲ့ အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူး”

မုယွဲ့မေက ခေါင်းခါယမ်းလိုက်ပြီး “ဒါပေမဲ့ အဲဒီစမ်းသပ်ချက်တစ်ခုတည်းနဲ့တော့ အကုန်လုံးကို မဆုံးဖြတ်နိုင်သေးဘူး။ အဲဒါကြောင့် ငါ မင်းကို နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်။ အကယ်၍ မင်းက ရန်အာနဲ့ ယွီအာတို့ ပြောသလို တကယ့် ဒဏ္ဍာရီလာ မွေးရာပါ ဝိညာဉ်ခန္ဓာသာ မှန်ခဲ့မယ်ဆိုရင်... စိတ်ချပါ ငါ့လက်အောက်မှာရှိတဲ့ စစ်မှန်သော အမွေဆက်ခံသူ နေရာ သုံးနေရာထဲမှာ မင်းအတွက် နေရာတစ်ခု သေချာပေါက် ရှိစေရမယ်” ဟု ကတိပေးလိုက်တော့သည်။

ချန်ကျီရှင်းက ထိုဂုဏ်ပြုစကားကြောင့် အံ့အားသင့်သွားဟန်ဖြင့် အလျင်အမြန်ပင် "တပည့်

အနေနဲ့ စစ်မှန်သော အမွေဆက်ခံသူနေရာကို အိပ်မက်တောင် မမက်ရဲပါဘူးခင်ဗျာ။ ဆရာ့ရဲ့ တပည့်အဖြစ် လက်ခံရုံနဲ့တင် တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုပါပဲ"

"မင်းက ရိုးသားပြီး လောဘမကြီးတဲ့ ကလေးပဲ"

မုယွဲ့မေက သူ့ကို ပြုံးကြည့်ရင်း "ဒါပေမဲ့ ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး"

"ယွီအာ... မဟာအကြီးအကဲ ငါးဦးကို ဒီစမ်းသပ်မှုမှာ အတူတူပါဝင်နိုင်ဖို့ ခန်းမဆောင်ကြီးဆီ ဖိတ်ကြားပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ဆရာ"

ကွမ်းထျန်းယွီက ခေါင်းညိတ်ပြပြီး ခန်းမထဲကနေ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

ခေတ္တအကြာတွင် ရုပ်အသွင် ငါးခုက တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

ပထမဆုံး ရောက်လာသူမှာ မီးတောက်ကဲ့သို့ နီရဲသော ဆံပင်ရှိပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဝေးကတည်းက ကျယ်လောင်စွာ ရယ်မောလာသူ ဖြစ်သည်။

"ဟားဟားဟား... ငါတို့တောင်ဘက်တောင်ထိပ်ကို နောက်ထပ် မွေးရာပါ ဝိညာဉ်ခန္ဓာ ပိုင်ရှင်တစ်ယောက် ရောက်လာတယ်ဆိုတာ ဟုတ်လား လာစမ်း... ဒီအဘိုးကြီးကို အကဲခတ်ခွင့်ပေးဦး"

လီရန်က ချန်ကျီရှင်း၏ ဘေးတွင်ရပ်ကာ တိုးတိုးလေး မိတ်ဆက်ပေးသည်။

“မောင်လေးရှောင်... ဒါက အကြီးအကဲ ဖူလုံပဲ။ မြန်မြန် နှုတ်ဆက်လိုက်”

ချန်ကျီရှင်းက ခေါင်းညိတ်ကာ ချက်ချင်းပင် ဂါရဝပြုလိုက်သည်။

“မောင်လေးရှောင်... ဒါက အကြီးအကဲ ဖူယွမ်”

“ဒါက အကြီးအကဲ ဖူရှန်း”

“ဒါက အကြီးအကဲ ဖူကျိ”

“မောင်လေးရှောင်... ဒါကတော့ အကြီးအကဲ ဖူရှုးပဲ”

နောက်ဆုံး ရုပ်အသွင် ခန်းမထဲသို့ ဝင်လာသောအခါ ချန်ကျီရှင်းသည် မျက်လုံးကို အသာအယာမှေးကာ ကြည့်လိုက်မိသည်။

ထိုလူ၏ မျက်နှာမှာ ပါးချိုင့်ဝင်ကာ ရှည်မျောမျောရှိပြီး အသားအရေမှာလည်း မီးခိုးရောင်သန်းနေသည့် အဖြူရောင်ဖြစ်ကာ မျက်လုံးအိမ် ကျဉ်းမြောင်းလှသည်။ သူ၏ မျက်နှာတစ်ပြင်လုံးတွင်လည်း အမည်းစက်များဖြင့် ပြည့်နှက်နေ၏။

ချန်ကျီရှင်း၏ အကြည့်တို့နောက်၌ သူ၏ ဒန်ထျန် နတ်ဘုရားပင်လယ်အတွင်းတွင်မူ ကျောက်စီရင်ခြင်းစာအုပ်မှာ ပုံမှန်အားဖြင့် တိတ်ဆိတ်စွာ တည်ရှိနေတတ်သော်လည်း ယခုအခါတွင်မူ သူ၏ လှုံ့ဆော်မှုကြောင့် ရုတ်တရက် အသက်ဝင်လာခဲ့သည်။

[တောက်ပသော ရွှေရောင်ကံကြမ္မာ - ကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာ]

“အချိန်ရောက်ပြီ”

ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထက်မြက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားပြီးနောက် တည်ငြိမ်သော အမူအရာဖြင့် ချက်ချင်း အစားထိုးလိုက်သည်။

“တပည့် ရှောင်ပင်းက အကြီးအကဲတို့ကို ဂါရဝပြုပါတယ်ခင်ဗျာ”

ချန်ကျီရှင်းက လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။

အကြီးအကဲ ဖူလုံ ဦးဆောင်သော မဟာအကြီးအကဲ ငါးဦးတို့သည် သူတို့၏ ထိုင်ခုံများတွင် တစ်ဦးပြီးတစ်ဦး နေရာယူလိုက်ကြသည်။

“ဒီလူငယ်လေးက မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်ဆိုတာလား”

အကြီးအကဲ ဖူလုံ အပါအဝင် အခြားအကြီးအကဲများသည် ချန်ကျီရှင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် တွန့်လိုက်ကြသည်။ ကြမ်းတမ်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အစေခံတပည့်တစ်ဦးအသွင် ရှိနေသည့် ဤလူငယ်သည် မည်သည့်နေရာကို ကြည့်ကြည့် သာမန်ကာလျှံကာသာ ဖြစ်နေသည်။ သူတို့၏ အမြင်တွင် ထူးခြားလှသော မွေးရာပါ ဝိညာဉ်ခန္ဓာနှင့် နှိုင်းယှဉ်ရန် ခက်ခဲနေပုံရ၏။

“အကြီးအကဲတို့... အပြင်ပန်းကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ရှင်။ မောင်လေးရှောင်ကို ကျွန်မကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး တောင်ဘက်တောင်ထိပ်ကို ခေါ်လာခဲ့တာပါ”

ချန်ကျီရှင်း၏ ဘေးတွင် ရပ်နေသော လီရန်က မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ပြောလိုက်သည်။ သူမ ဆိုလိုသည်မှာ ရိုးရှင်းသည်။ ဤသူသည် သူမ ခေါ်ဆောင်လာသူဖြစ်သဖြင့် ရိုသေမှုအချို့ ပြသစေလိုခြင်းပင်။

ကွမ်းထျန်းယွီကလည်း ဝင်ရောက်ပြောဆို သည်။

“အဲဒီအချိန်က ကျွန်တော်လည်း ရှိနေတာပါ။ ညီလေးရှောင်က အမွှေးတိုင်တစ်ဝက်စာ အချိန်လေးအတွင်းမှာတင် ဆယ်လုံးမြောက်အထိ ရှာဖွေနိုင်တဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တာပါ။ ဒါက လိမ်ညာမှု လုံးဝမရှိပါဘူး”

“အို... ကျောက်စိမ်းသေတ္တာ ဆယ်လုံးစလုံးကို ရှာတွေ့ခဲ့တာလား”

မဟာအကြီးအကဲ ငါးဦးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် ပိုမိုလေးနက်သော အရောင်အဝါများ ပေါ်လာတော့သည်။

“ကောင်းပြီလေ... မွေးရာပါ ဝိညာဉ်ခန္ဓာ ဟုတ်မဟုတ်ဆိုတာကိုတော့ စမ်းသပ်ကြည့်ရင် သိရမှာပဲ”

အဓိကနေရာတွင် ထိုင်နေသော မုယွဲ့မေက အသာအယာ ပြုံးလိုက်ပြီးနောက်

“မွေးရာပါ ဝိညာဉ်ခန္ဓာကို ခွဲခြားရတာ ရိုးရှင်းပါတယ်”

“မွေးရာပါ ဝိညာဉ်ခန္ဓာဆိုတာ မွေးကတည်းက ဝိညာဉ်စွမ်းအားအလွန်အမင်း အစွမ်းထက်သူကို ဆိုလိုတာပါ။ ဝိညာဉ်အာရုံခံနိုင်စွမ်းဟာ အပြင်ဘက်ကိုပါ သက်ရောက်နိုင်တဲ့အထိ ဖြစ်နေတတ်လို့ မွေးရာပါ ဝိညာဉ်ခန္ဓာလို့ ခေါ်တာပေါ့”

“ရန်အာကိုပဲ နမူနာကြည့်ပါ... မွေးပြီး တစ်လသား အရွယ်မှာတင် သူမရဲ့ ဝိညာဉ်စွမ်းအားက မီတာ ဆယ်ဂဏန်းအထိ ဖြန့်ကြက်နိုင်ခဲ့တယ်။ ဒါက မွေးရာပါ ဝိညာဉ်ခန္ဓာတွေထဲမှာတောင် တော်တော်လေး အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ်”

“ဒါ့အပြင် မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်တွေဟာ စိတ်ဝိညာဉ်ကျင့်စဉ်တွေကို မကျင့်ကြံရသေးရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ်အာရုံစူးစိုက်မှုက သဘာဝအတိုင်း ကြီးထွားနေတတ်တာမျိုးပါ”

ဤသည်ကို ကြားသောအခါ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး တွေးတောနေသော အကြည့်များ ဖြစ်သွားသည်။

မွေးပြီး မကြာခင်မှာတင် ဝိညာဉ်စွမ်းအားကို အပြင်ကို ထုတ်လွှတ်နိုင်တယ် ဟုတ်လား။ ဒါဆိုရင် အမိဝမ်းထဲကတည်းက ဝိညာဉ်စွမ်းအားကို မီတာရာနဲ့ချီ ဖြန့်ကြက်နိုင်တဲ့ ငါ့လိုလူကျတော့ ဘယ်လိုခေါ်မလဲ။

All Chapters