← Chapters

ဒုက္ခထဲကဒုက္ခ

Vol. 7 Ch. 617

ဒုက္ခထဲကဒုက္ခ

Vol. 7 Ch. 617

တိုင်းပြည် အကြံပေး အမတ်မင်းဝမ်ကျုန်း၏ အိမ်ဂေဟာတွင် ယွမ်ကျွင်း ဧကရီသည် နဂါးအသည်းနှင့် အခြားရှားပါးသော စားသောက်ဖွယ်ရာများကို စားနေလေသည်။ သူမ၏ လက်ထဲတွင်လည်း တြိဂံ ပုံသဏ္ဌာန် အလံတစ်ခုကို ကိုင်ထားလေသည်။ ထိုအလံတွင် အမြီးဖွား (၆)ခုပါရှိပြီး လေထဲတွင် လွင့်နေလေသည်။

သူမသည် တြိဂံ ပုံသဏ္ဌာန်အလံကို အဆက်မပြတ် ဝှေ့ယမ်းနေလေစဉ်တွင် နဂါးအသည်းနှင့် အခြားသော ဝိညာဉ် စွမ်းအားပြည့်ဝသည့် အစားအသောက်များသည် သူမပါးစပ် အတွင်းသို့ ဝင်သွား လေသည်။ ထိုအခါ သူမ၏အသက် ဓာတ်စွမ်းအားများ အားကောင်း လာပြီး  တြိဂံ ပုံသဏ္ဌာန်အလံကို အလွန်မြန်သည့် အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းနေလေ တော့သည်။

တြိဂံပုံသဏ္ဌာန် အလံကို ဝှေ့ယမ်းနေရင်းနှင့်ပင် ယွမ်ကျွင်းဧကရီ၏ ဆံပင်များသည် မီးခိုးရောင် ပြောင်းလာလေသည်။ အသက်ဓာတ် စွမ်းအားများကို ဖြည်းဆည်း ပေးနေသည့်တိုင် သူမ ပေးဆပ် နေရသည့်တန်ဖိုးသည် များပြား လွန်းလေသည်။

သို့သော် သူမသည် အဖြူရောင်အလံကို အဆက်မပြတ် ဝှေ့ယမ်းနေဆဲပင် ဖြစ်လေသည်။ သေခြင်းရှင်ခြင်း စာအုပ်တွင် ထူးဆန်းသည့်ပြောင်းလဲမှု ဖြစ်ပေါ်လာရခြင်းမှာ သူမ ထိုကဲ့သို့ ပြုလုပ်နေသောကြောင့် ဖြစ်လေသည်။

ယွမ်ကျွင်းဧကရီသည် သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများကို ထိုသို့ အသုံးပြုနိုင်ရန် အတွက်  နည်းလမ်းကို ရှာဖွေနိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့် ထားမိမည် မဟုတ်ပေ။

မရဏ ထောင်ချောက်သည် အမှန်အကန် ဖြစ်သကဲ့သို့ ဆန်းလျန်ကို ဝိုင်းဝန်း ဖိအား ပေးမှုသည်လည်း အမှန်အကန် ပင်ဖြစ်လေသည်။ သို့သော် သူမ၏ ရည်ရွယ်ချက်မှာ ပိုပြီး ကြောက်မက်ဖွယ် ကောင်းသည့် ရန်သူများကို ဖော်ထုတ်ရန် အတွက် ဆန်းလျန်ကို အသုံးချခဲ့ခြင်း ဖြစ်လေသည်။

ထိုအခါမှသာ ယွမ်ကျွင်း ဧကရီအနေဖြင့် လက်စားလည်း ချေနိုင်မည်ဖြစ်သလို ကျယ်ကျောက် အမိန့်တော် ဂိုဏ်းကို လည်း ပြန်လည် ထူထောင်နိုင်မည် ဖြစ်လေသည်။

ဝမ်ကျုန်းသည် ဆရာဖြစ်သူ ခံစားနေရသည့် ဒုက္ခဝေဒနာများကို တွေ့မြင်ရသည့်အခါ နေရာချင်းပင် လဲလိုက်ချင်သည့် ဆန္ဒများ ဖြစ်ပေါ် လာရလေသည်။ သို့သော်... သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ဆိုလျှင် အမြီးဖွား (၆) ခုပါသည့် အလံကို တစ်ချက်ပင် ဝှေ့ယမ်းနိုင်ရန် မဖြစ်နိုင်ပါချေ။

အနီရောင် မိန်းကလေး၏ စိတ်ထဲတွင် မေးခွန်းတစ်ခုကို မေးနေမိလေသည်။

“သူဒီလောက် စားနေတာ ဝလာမှာ မကြောက်ဘူးလား မသိဘူး”

သို့သော် သူမသည် ထိုမေးခွန်းကို ထုတ်ဖော်မေးမြန်းရဲခြင်း မရှိသလို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အလံနှင့်လည်း နီးနီးကပ်ကပ် မနေရဲပါချေ။

ကျောက်ကဲမြို့တော်ကြီး (၂)ပိုင်း ကွဲသွားလေသည်။

အောက်သို့ ငုံ့ကြည့်မည်ဆိုလျှင် ကျောက်ကဲ မြို့တော်ကြီးသည် ဧရာမ ကြိတ်ဆုံကြီး ပုံသဏ္ဌာန် ဖြစ်နေသည်ကို တွေ့ရှိရ မည်ဖြစ်လေသည်။ သေခြင်းရှင်ခြင်း စာအုပ်မှ ဝဲကန်တော့အလား မွှေနှောက်နေသည့် တန်ခိုးစွမ်းအား များသည် ကြိတ်ဆုံကြီး၏ အလယ် တည့်တည့်သို့ ရောက်ရှိ လာလေသည်။

ကံမကောင်းစွာပင် ဆန်းလျန်မှာလည်း ကြိတ်ဆုံကြီး အတွင်းရှိ အလယ်ဗဟို တည့်တည့်နေရာတွင် ရှိနေလေသည်။ သူသာ တောင့်ခံထားနိုင်ခြင်း မရှိလျှင် အမှုန့်ဖြစ်အောင် ကြိတ်ချေ ခံရမည် ဖြစ်လေသည်။

ယွမ်ကျွင်းဧကရီသည် သူမ၏ လက်ထဲမှ အလံကို အကြင်နာတရား ကင်းမဲ့စွာဖြင့် အဆက်မပြတ် ဝှေ့ယမ်း နေလေသည်။ သူမ၏ လုပ်ရပ်အတွက် ပြောစရာ တစ်ခုသာ ရှိလေသည်။ ယခုကဲ့သို့ ဖြစ်လာရခြင်း အတွက် အရှုတ်ထုပ်များ ကြားတွင် ပါဝင် ပတ်သက်ချင်လွန်းလှသည့် ဆန်းလျန်ကို သာလျှင် အပြစ်တင်ရမည် ဖြစ်လေသည်။

ဆန်းလျန် ယခုကဲ့သို့ ပါဝင် ပတ်သက်ရခြင်းသည် သူမ၏ဆရာဖြစ်သူ၏ အစီအစဉ် ဖြစ်နေလျှင်တောင်မှ သူမသည် ဆန့်ကျင်ရမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် သူမ နှစ်ပေါင်းများစွာ စီစဉ်ထားသည့် အစီအစဉ်များကို ဆန့်ကျင်ရန် အတွက် ခြိမ်းခြောက်သူ တစ်ယောက် ဖြစ်လာသောကြောင့်ပင်။

သူမ ကျောက်ကျယ် အမိန့်တော်ဂိုဏ်းသို့ စတင် ဝင်ရောက်သည့် အချိန်တွင် ဆရာဖြစ်သူ ထုန်ထျန်း အရှင်သခင်သည် သူမကို ကျင်းလင်စန်းမုဆိုသည့် အမည်ကို ချီးမြှင့်ခဲ့လေသည်။ "ကျင်းလင်စန်းမု" ဆိုသည့် အမည်၏ အဓိပ္ပာယ်မှာ "သံချေးမတက်ဘဲ အမြဲတမ်း ထက်ရှနေသည့် ရွှေစင်ရွှေသား" ဟူ၍ ဖြစ်လေသည်။

ထိုအမည်သည် သူမ၏ စိတ်နေစိတ်ထားနှင့် လိုက်ဖက် လွန်းလေသည်။ သူမသည် တစ်ခုခုကို ဆုံးဖြတ်ချက်ချ ပြီးသည်နှင့် ဘယ်တော့မှ နောက်ပြန်ဆုတ်တတ်သူ မဟုတ်ပေ။

ယွမ်ကျွင်းဧကရီက အနီရောင်ဝတ် မိန်းကလေးကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။

သူမရောက်လာစေချင်သူသည် ရောက်လာပါမည်လား။ မဟုတ်ပါက အနီရောင်ဝတ် မိန်းကလေးသည် ကျိန်းသေ အသက်ဆုံးရမည် ဖြစ်လေသည်။

အနီရောင်ဝတ် မိန်းကလေးမှာ ယွမ်ကျွင်းဧကရီ၏ အကြည့်ကြောင့် ကျောရိုးထဲအထိပင် အေးစိမ့် သွားရလေသည်။

ထိုအချိန်မှာပင်…

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်သကဲ့သို့ ပူလော သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ အနီရောင် အဝတ်အစားများသည် အနီရောင် မီးတောက်များ အလား လင်းလက် တောက်ပ သွားလေသည်။ သူမ၏ မျက်ခုံးနှစ်ခု ကြားတွင် အနီရောင် မီးတောက် ပုံသဏ္ဌာန် သင်္ကေတတစ်ခု ပေါ်လာလေသည်။

သူမက စကားပြောလိုက်လေသည်။

သို့သော် သူမ၏အသံက ပုံမှန်မဟုတ်ဘဲ ယောကျ်ားဆန်လျက်ရှိလေ၏။

“ညီမလေးကျင်းလင်… မင်းဘယ်လိုဖြစ်လို့ ပြဿနာ ရှာနေရတာလဲ၊ အရင်ကတည်းက ပြဿနာတွေ ဖြေရှင်းပြီး ကျုပ်နဲ့ပူးပေါင်းမယ်ဆိုရင် ကိစ္စတွေ အကုန်လုံးက ပြီးနေလောက်ပြီ၊ ခုတော့ ကျုပ်တို့ နှစ်ယောက်က တစ်ယောက် မဟုတ်တစ်ယောက် သေမှပဲ ကိစ္စပြတ် ကြရတော့မယ်"

ယွင်ကျွင်း ဧကရီက ရယ်မောလိုက်ရင်း…

“ဒီကလေးမလေးက ရှင် ခုလို သူ့ရဲ့ခန္ဓာကိုယ်ကို ယူပြီးအသုံးပြုနိုင်ဖို့ သေသေချာချာ လေ့ကျင့် ပေးထားတဲ့ တပည့်ပဲ၊ သူက သာမန် အဆင့်ပဲ ရှိပေမယ့် တန်ခိုးစွမ်းအားက အဆမတန် မြင့်မားနေတာ မအံ့သြတော့ပါဘူး၊ ဒါပေမဲ့ ရှင် တစ်ခုခုကို ဖုံးကွယ် ထားချင်တဲ့အတွက် ဒီကလေးမလေးကို နတ်ဘုရား ထောင်ချောက် ဓားသိုင်းကို သင်မပေးခဲ့တာ မဟုတ်လား၊ ကြည့်ရတာ ရှင်က အဓိကအချိန်မှာ ဒုက္ခရောက်ခဲ့ရင် ကျော်လွှားနိုင်ဖို့ သူ့ကို အသုံးချချင်တာမဟုတ် လား၊ အဲဒီလိုဆိုလည်း သူ့ကို နတ်ဘုရား ထောင်ချောက် ဓားသိုင်းသင်ပေးလည်း ဘာဖြစ်မှာမို့လို့လဲ"

အနီရောင်ဝတ် မိန်းကလေးက ပြုံးလိုက်လေသည်။

“ဒီကိစ္စတွေ အားလုံးပြီးသွားရင် ကျုပ် သူ့ကို အကုန်သင်ပေးမှာပါ”

ယွင်ကျွင်းဧကရီက…

“ဒီကိစ္စတွေ အားလုံးပြီးသွားရင် ရှင်ကရော တာအိုဆရာလုယာ ဟုတ်ပါတော့မလား”

အနီရောင်ဝတ် မိန်းကလေးသည် တိတ်ဆိတ် ငြိမ်သက် နေလေသည်။

အတန်ကြာမှ သူမက လက်တစ်ဖက်ကို မြှောက်လိုက်ရင်း…

“လနတ်သမီး… ထွက်လာစမ်းပါ၊ ဒီနှစ်တွေအတွင်းမှာ မင်းရဲ့ တာအိုကျင့်ကြံခြင်း အဆင့်တက်နိုင်ဖို့ အတွက် ကျုပ် ဆီက 'နေဝိညာဉ် မူလမီးတောက်' ကို ခိုးယူဖို့ အဆက်မပြတ် ကြိုးစားနေတာ၊ ဒီနေ့တော့ ကျုပ်မင်းကို အခွင့်အရေး ပေးမယ်”

“အစ်ကိုကြီး… ရှင်ကသာ နေဝိညာဉ် မူလမီးတောက်ကို ပေးမယ်ဆိုရင် ခုချက်ချင်းပဲ ကျွန်မ ထွက်သွားပါ့မယ်၊ ရှင်သိတဲ့အတိုင်း နေဝိညာဉ် မူလမီးတောက်ကို စုပ်ယူဖို့အတွက် နှစ်ပေါင်း (၁၀၀)လောက်ကြာမှာပါ၊ ကျွန်မ ရှင့်ကို ဘာအနှောင့်အယှက်မှ ပေးနိုင်မှာ မဟုတ်ပါဘူး"

လေထဲတွင် နူးညံ့သိမ်မွေ့သည့် မိန်းကလေး တစ်ယောက်၏ အသံထွက်ပေါ်လာလေသည်။

သူမ၏ အသံလေးသည် လရောင်အလား နူးညံ့လွန်းလေ၏။ သို့သော်… သူမကို တွေ့မြင်ရခြင်း မရှိပေ။ မည်သို့ပင်ဖြစ် စေ… အသံလေး ကြားရုံမျှဖြင့်ပင် သူမသည် အလွန်တရာ ချောမော လှပသည့် မိန်းမပျို တစ်ယောက်ဖြစ်သည်ကို ခန့်မှန်းသိရှိနိုင်လေသည်။

အနီရောင်ဝတ် မိန်းကလေးက အထင်အမြင် သေးသလို ပုံစံဖြင့် တစ်ချက် ရယ်မောလိုက်ရင်း…

“ကျုပ်ကို ပုန်းနေတဲ့ လူတစ်ယောက်လို့ လူတွေက ပြောကြတယ်၊ ဒါပေမဲ့ မင်းလိုမျိုး မျက်နှာမပြရဲတဲ့ လူမျိုးနဲ့ ယှဉ်လိုက်ရင်တော့ ကျုပ်ကိုယ်ကျုပ် သူရဲကောင်း တစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်ပါသေးတယ်၊ ကျုပ်ရဲ့ အစ်ကိုကြီး လင်ပေါင်ထျန်းကျွင်းလိုပေါ့ကွာ”

ယွမ်ကျွင်းဧကရီက အေးစက်သည့် လေသံဖြင့်…

“ကျွန်မရဲ့ ဆရာသာရှိမယ် ဆိုရင် ဒီလိုလေသံနဲ့ စကားမျိုး ပြောလို့ရမယ်များ ထင်နေသလား”

အနီရောင်ဝတ် မိန်းကလေးက ငြိမ်သက်နေပြန်သည်။

သူမက မြောက်အရပ်သို့ လှမ်းကြည့်လိုက်ရင်း…

“ဘာလဲ… တာ့ရှားဧကရာဇ်ကလည်း လနတ်သမီးနဲ့ ဟန်ဆောင် လက်ထပ်လိုက်တာနဲ့ပဲ မျက်နှာ မပြရဲတဲ့လူ တစ်ယောက် ဖြစ်သွားပြန်ပြီလား”

စကားသံ ဆုံးသွားသည်နှင့်…

မြောက်ဘက် အရပ်ဆီမှ အနက်ရောင် အရိပ်တစ်ခု လေထဲတွင်ပေါ်လာလေသည်။

ထိုသူသည် ဓားကောက်ကြီး တစ်ချောင်းကို ကိုင်ဆေင်ထားပြီး အနက်ရောင် ဘုရင်ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ၏ အနက်ရောင် ဆံနွယ်ရှည်များမှာ လေထဲတွင် လွင့်ပျံ နေကြလေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကျစ်လျစ်သန်မာပြီး ယောကျ်ား ပီသသည့်တိုင် မိစ္ဆာ အငွေ့အသက်များက စွမ်းအားကြီးမားစွာ ထွက်ပေါ်လျက် ရှိလေသည်။

တာ့ရှားဧကရာဇ်က အေးစက်သည့် မျက်ဝန်းများဖြင့် တာအိုဆရာလုယာ ဝင်ပူးထားသည့် အနီရောင်ဝတ် မိန်းကလေးကို စိုက်ကြည့်လိုက်လေသည်။

သူက အေးစက်သည့် လေသံဖြင့်…

“မောင်မင်းတို့လို ပုန်ကန်သူတွေ အကုန်လုံးကို ငါကိုယ်တော် သုတ်သင်ပစ်မယ်၊ ပြီးရင် အသူရာ ချောက်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ထူထောင်မယ်"

ထိုစကားကို ပြောလိုက်သည့် အချိန်တွင် တာ့ရှားဧကရာဇ်သည် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိနေပုံ ရလေသည်။

အမှန်တော့… သူ၏ မှော်မိစ္ဆာ ကျင့်စဉ်သည် မည်မျှ နက်ရှိုင်းသည့် အဆင့်သို့ ရောက်ရှိနေပြီကို မည်သူမှ သိရှိနိုင်ခြင်း မရှိပေ။ လောကတွင် ယွမ်စီမှော်မိစ္ဆာ ပညာကို ကျင့်ကြံကြသူ များစွာ ရှိလေသည်။

သို့သော်… မည်သူမှ ဇာတ်သိမ်း မလှခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ… တာ့ရှား ဧကရာဇ်ကတော့ ချွင်းချက် ဖြစ်လေ၏။

အနီရောင်ဝတ်မိန်းကလေးက ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း…

“ထျန်းယီရေ… တာ့ရှားဧကရာဇ်ကတော့ မင်းတို့အားလုံးကို သတ်ပစ်တော့မလို့တဲ့ဟေ့”

စကားဆုံး သွားသည်နှင့် ယင်းစန်းပြည်၏ ဘုရင်ဧကရာဇ် ထျန်းယီသည် တာ့ရှားဧကရာဇ်၏ ဘေးနားတွင် ပေါ်လာလေသည်။

သူက သက်ပြင်း တစ်ချက် ချလိုက်ရင်း…

“ဒီနေ့မှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာဖို့ တကယ်ပဲ ဆန္ဒမရှိပါဘူး၊ ဘာလို့လဲဆိုတော့ အကြီးအကဲတွေကို ထိခိုက်မှု မရှိစေချင်လို့ပါ၊ ဘာလို့လဲဆိုတော့ ဒီနေ့ ကျုပ်တို့ ရှုံးသွားခဲ့မယ် ဆိုရင် အကြီးအကဲတွေ အတွက်ရော မိတ်ဆွေ ဆန်းလျန်အတွက်ပါ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး"

တာ့ရှားဧကရာဇ် ပြောသည့်  "ပုန်ကန်သူတွေ အကုန်လုံး" ဆိုသည့် စကားကို ထျန်းယီက မသိချင်ယောင် ဆောင်ပြီး စကားလွှဲကာ ပြောလိုက်လေသည်။ ထို့ပြင် ထျန်းယီသည် သူ၏ ပြိုင်ဘက်ကို အနိုင်ယူရာတွင် သူတို့၏ စည်းလုံး ညီညွတ်မှုကို စကား ပရိယာယ် အသုံးပြုကာ ပြသ လိုက်လေသည်။

တာ့ရှားနှင့် ယင်းစန်းအကြားတွင် ပဋိပက္ခများ ရှိသော်လည်း ယနေ့အတွက် ရည်ရွယ်ချက် ကတော့ ပျောက်ဆုံးသွား မည်မဟုတ်ပါ။ ယနေ့လုပ်ရမည့် ကိစ္စသည် မငြိမ်သက်သည့် ကိစ္စရပ် နှစ်ခုကို အပြတ်ရှင်းရန်သာ ဖြစ်လေသည်။

ဆန်းလျန်သာ မရဏ ထောင်ချောက်အတွင်းသို့ ကျရောက်ခဲ့ခြင်း မရှိလျှင် တာအို ဆရာလုယာလည်း ထွက်ပေါ်လာ မည်မဟုတ်ပေ။ ထိုအခွင့်အရေးကို သူတို့က စောင့်နေခဲ့ကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် ကိစ္စရပ် (၂)ခုလုံးကို တစ်ချက်တည်းဖြင့် အပြီးသတ်အောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။

ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည့်တိုင် ထျန်းယီ၏ စိတ်သည် ဝိရောဓိဖြစ်နေဆဲ ဖြစ်လေသည်။ သူသည် ယခု ရင်ဆိုင်နေရသည့် အရှုတ်ထုပ်များအတွင်းသို့ ဆန်းလျန်ကို ပါဝင် ပတ်သက် စေလိုခြင်းမရှိပေ။

သို့သော်… ဆန်းလျန်နှင့် တာအိုဆရာလုယာသည် ယနေ့အပြတ် ရှင်းရမည် ဖြစ်သည့် အဓိက ဇာတ်ကောင်များ ဖြစ်သည့်အတွက် သူတို့ထဲမှ တစ်ယောက် လွတ်မြောက်သွားလျှင်ပင် အောင်မြင်မှု ရရှိသည် ဟုမဆိုသာပေ။

တာအိုဆရာလုယာ၏ အကူအညီများသာ မပါလျှင် ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်ကို တက်လှမ်းနိုင်ဦး မည်မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သေခြင်းရှင်ခြင်း စာအုပ်ဖြင့် ပြားသည်အထိ အရိုက်ခံ ရနိုင်လေသည်။ ဆန်းလျန် သည်စီးမူဝူတင်ထံမှ ကမ္ဘာမြေကြီး၏ မူလ စွမ်းအားများကို စုပ်ယူထားသည့်တိုင် အဆုံးသတ်ကိုတော့ ပြောင်းလဲနိုင် မည်မဟုတ်ပေ။

ကျူးကျားသည် နှစ်ပေါင်းများစွာ တွက်ချက်မှုများ ပြုလုပ်ပြီး စီးမူဝူတင်ကို ဖန်တီး ခဲ့သော်လည်း ဆန်းလျန်ကို ဖိနှိပ် ထားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကျူးကျားအနေဖြင့် သေသည်အထိ စိတ်မသက်မသာ ခံစားရမည် ဖြစ်လေသည်။

***

All Chapters