အခန်း (၇၁-၇၂)
Vol. 6 Ch. 71-72
အပိုင်း(၇၁)
"ဘာလို့များ နောက်တစ်ခါ ဆိုတာ ရှိလာရမှာလဲ…”
အနောက်ဘက်ရှိ တံခါးတစ်ချပ် ပွင့်ဟသွားပြီး အရိပ်ကျနေသော လှေကားထစ်များကို မြင်တွေ့လိုက်ရသည်။ ထို့နောက် အကြီးအကဲ ရာမ် အခန်းထဲသို့ ဝင်ရောက်လာလေသည်။ သူတို့က သူ၏ အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးခဲ့ခြင်း ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပုံပန်းသဏ္ဍာန်မဲ့နေသော အဖြူရောင် ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားသောကြောင့်ပင်။ သူ့ထံတွင် တံဆိပ်ပြားပင် မပါရှိပေ။ ခါးကိုင်းပြီး အသက်အရွယ်ရနေသော သူ၏ ခန္ဓာကိုယ်သည် လက်တစ်ဖက်ရှိ တုတ်ကောက်ကို အားပြု မှီထားသည်။ အခြား လက်တစ်ဖက်တွင်တော့ သွယ်လျသော ဓားတစ်လက်ကို ကိုင်ဆောင်ထားလေသည်။ ထိုဓားမှာ လုံးဝ တုန်ခါနေခြင်း မရှိပေ။
"နောက်ထပ် အခွင့်အရေး ထပ်ရလိမ့်မယ်လို့ မင်း ထင်နေရင်တော့... မင်း ငါ့ကို အထင်သေးလွန်းသွားပြီ..."
ရာမ် က ပြောလိုက်သည်။ သူက လင်းတုန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ငါ့ဆီကနေ မခိုးဖို့ မင်းကို ငါ ပြောထားခဲ့တယ် ထင်တာပဲ..."
"ဒီငယ်သား အခုပဲ နောင်တရနေပါပြီ... ဂုဏ်သရေရှိ အကြီးအကဲ..."
လင်းတုန်းက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။ ယဉ်ကျေးပျူငှာမှုက ယခုအချိန်တွင် သူ့ကို မကယ်တင်နိုင်သော်လည်း၊ ဆိုးကျိုးတော့ မဖြစ်စေနိုင်ပေ။
"သူ့ဆီကို မိတ်ဆွေတွေ ရောက်လာလိမ့်မယ်..."
ယီရင်က လက်တစ်ဖက်ကို ဓားပေါ်တင်ကာ မျက်လုံးများကို မှော်ပစ္စည်း များဆီ စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမက အကြီးအကဲ ရာမ် ကို လှည့်တောင် မကြည့်ခဲ့ပေ။
"ဆုကြေးကို ယူလိုက်... ပြီးရင် ဒီအဘိုးကြီးကို ငါ မြေမြှုပ်နေတုန်း နင့်ရဲ့ အိတ်ကပ်တွေကို အပြည့်ဖြည့်ထားလိုက်..."
"နင် သူ့ကို သတ်ပစ်စရာ မလိုပါဘူး..."
လင်းတုန်းက ကြားဖြတ် ပြောလိုက်သည်။
"သူက ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ..."
သူမသည် ဓားကို ဆုပ်ကိုင်ထားမှုမှ မလျှော့ချခဲ့ပေ။
"တကယ်လို့ သူ အသက်ရှင်နေမယ် ဆိုရင်တော့... သူ့ကို ငါ အဆုံးစီရင်မှာ မဟုတ်ဘူး... အဲဒါက နင့်အတွက် ငါ အကောင်းဆုံး ပေးနိုင်တဲ့ ကတိပဲ... ဘာလို့လဲဆိုတော့ မတိုက်ခိုက်ပဲ ငါ ဒီကနေ ထွက်သွားမှာ မဟုတ်လို့ပဲ..."
မှော်ပစ္စည်းများက ယခုထိ တိုက်ခိုက်ခြင်း မရှိသေးပေ။ ၎င်းက သူတို့သည် ရာမ် ကိုယ်တိုင် ဖြေရှင်းနိုင်သည့် အချိန်အထိ သူခိုးများကို ထိန်းချုပ်ထားရန် အဓိက ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း ဆိုလိုလေသည်။ သို့သော် အကယ်၍ ရာမ် က တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် သို့မဟုတ် ယီရင်က သူမကိုယ်သူမ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပြသလိုက်လျှင်တော့၊ ၎င်းတို့က ထိုမျှ ငြိမ်သက်နေတော့မည် မဟုတ်ပေ။
လင်းတုန်းသည် မှော်ပစ္စည်း များမှသည် ယီရင် ထံသို့ လှမ်းကြည့်လိုက်သည်။
"နင်က တိုက်ခိုက်ချင်တာလား..."
"ငါက ဒီနေရာကို ပြောင်သလင်းခါအောင် ရှင်းပစ်ချင်တာ..."
လင်းတုန်းဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ သင်တုန်းဓားကဲ့သို့ ဖြောင့်စင်းသော ဆံပင်များ လှုပ်ခါသွားသည်။ ထို့နောက် လေးပင်သော အကြည့်တစ်ချက်ဖြင့် သူမက စကားများကို အလေးအနက်ထား ပြောလိုက်သည်။
"ကျင့်စဉ်သိုင်းပညာရပ်တွေက အများကြီး ကုန်ကျတယ်... အခု သွားတော့..."
လင်းတုန်းကို နောက်တစ်ကြိမ် ထပ်ပြောစရာ မလိုတော့ပေ။
အဓိက ဦးစားပေးရမည့်အရာမှာ ဝိညာဉ်-ချိတ်ပိတ်စာရွက် ပင် ဖြစ်သော်လည်း၊ ကျင့်စဉ်သုံး ရှေးဟောင်းပစ္စည်းများ အပြည့်ရှိနေသော အခန်းတစ်ခန်းကို သူ ဘယ်လိုလုပ် လျစ်လျူရှု ကျော်ဖြတ်နိုင်မည်နည်း။ ဤအချက်ကို ယီရင်ကလည်း သိသာစွာ သဘောတူလေသည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံး မှော်ပစ္စည်း က ရွှေရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်ချိန်တွင်၊ သူမက ၎င်းကို သူမ၏ ဓားဖြင့် အခြား သေတ္တာတစ်ခုဆီသို့ ရောင်ပြန်ဟပ်သွားစေခဲ့သောကြောင့်ပင်။ ထိုအလင်းတန်းက ဖန်သေတ္တာ၏ အပေါ်ပိုင်းကို ပိုင်းဖြတ်သွားသော်လည်း အတွင်းရှိ ရှေးဟောင်းပစ္စည်းကိုမူ လုံးဝ မထိခိုက်စေခဲ့ပေ။ ဒုတိယ မှော်ပစ္စည်း က ပစ်ခတ်လိုက်သောအခါ၊ သူမ၏ အနောက်ဘက်ရှိ သေတ္တာကို မထိမှန်စေရန် သူမက နေရာရွှေ့လိုက်လေသည်။
သူမသည် ကောင်းကင် ဂုဏ်သရေ အကြီးအကဲ တစ်ဦးနှင့် သူ၏ လုံခြုံရေး မှော်ပစ္စည်း နှစ်ခုကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့အပြင် ပတ်လည်ရှိ ရတနာ တစ်ခုကိုမျှ မထိခိုက်စေဘဲ ထိုသို့ တိုက်ခိုက်ရန် သူမ ရည်ရွယ်ထားလေသည်။ သူမ၏ စကားများအရ သုံးသပ်ကြည့်ရလျှင်၊ သူမတွင် အပြည့်အဝ ယုံကြည်မှု ရှိနေလေသည်။
တစ်နေ့နေ့တွင် ယီရင် ကဲ့သို့ ဖြစ်လာရန် လင်းတုန်း မျှော်လင့်မိလေသည်။
အကြီးအကဲ ရာမ် သည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီးနောက်၊ အလင်းများဖြင့် ဖွဲ့စည်းထားသော ဖန်သားပြင် တစ်ခုက သူမ၏ အနောက်ဘက်တွင် ပေါ်လာကာ သူမကို ပိတ်လှောင်လိုက်လေသည်။ လင်းတုန်းသည် ထိုကိစ္စကို သူတို့ဘာသာ ရှင်းလင်းရန် ထားရစ်ခဲ့သည်။ မတိုက်ခိုက်နိုင်သဖြင့်၊ သူ အနည်းဆုံး လုပ်နိုင်သောအရာမှာ သူ၏ တာဝန်ကိုသာ အာရုံစိုက်ထားရန်ပင် ဖြစ်သည်။
သူ၏ အနောက်ဘက်မှ တိုက်ပွဲ အသံများကြားတွင် အာရုံစူးစိုက်ရန် ခက်ခဲလှသော်လည်း၊ ရာမ် ကို စစ်ကူပေးရန် တစ်စုံတစ်ယောက် ရောက်မလာမီ သူ့တွင် စက္ကန့်ပိုင်းမျှသာ အချိန်ရကြောင်း သူ သိလေသည်။ သူ ပါးနပ်စွာ အလုပ်လုပ်ရမည် ဖြစ်သည်။ မှန်သေတ္တာများကို တတ်နိုင်သမျှ မြန်မြန် ခွဲနိုင်မည့် အရာတစ်ခုခုကို သူ လိုအပ်သည်။ ထို့ပြင် နောက်ပိုင်း သူတို့၏ ထွက်ပြေးမှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် အရာတစ်ခုခုကိုလည်း လိုအပ်လေသည်။
ပထမဆုံးအနေဖြင့်၊ ဖန်သားကို ခွဲရန်ဖြစ်သည်။ အခန်းဘေးဘက်ရှိ စင်များဆီသို့ သူ ပြေးသွားလိုက်ရာ၊ ထိုနေရာရှိ အကာအကွယ်မပါသော စင်များပေါ်တွင် ငွေတစ်ဝက် လက်နက်များကို ပြသထားလေသည်။ ၎င်းတို့သည် အခန်းတွင်းရှိ အခြား ရှေးဟောင်းပစ္စည်းများနှင့် နှိုင်းယှဉ်ပါက တန်ဖိုးပိုနည်းသဖြင့်၊ မှန်သေတ္တာထဲတွင် ထည့်သွင်းပြသခံရလောက်အောင် အဆင့်မမီကြပေ။
လင်းတုန်းသည် ငွေတစ်ဝက် ဓားမြှောင် တစ်လက်ကို ဆွဲယူလိုက်သည်။ ၎င်းက သာမန် ငွေနှင့်တူသော်လည်း၊ မျက်နှာပြင်အောက်တွင် ပိုမို တောက်ပသော သတ္တုကြော အချို့က တလက်လက် လင်းလက်နေသည်။ ဓားသွားအတွင်း၌ ကြယ်တာရာ အစုအဝေး တစ်ခု ပါဝင်နေသည့်အလား ပင်။ ၎င်းက မာဒြာ များကို တစ်ဝက်တစ်ပျက် အရည်ပျော်နေသော ထောပတ်ကို ဖြတ်တောက်ရသည်ထက်ပင် ပိုမို လျင်မြန်စွာ ဖြတ်တောက်သွားမည် ဖြစ်သည်။
သို့တိုင်အောင်၊ သူသည် ဝိညာဉ်-ချိတ်ပိတ်စာရွက် များဆီသို့ တန်းမသွားခဲ့ပေ။ သူသည် အခန်း၏ အနောက်ဘက်ဆီသို့ ပြေးသွားလိုက်သည်။ ထိုနေရာတွင် ရာမ် က သူ့ကို သံချေးရောင် တိမ်တိုက် တစ်ခု ပြသခဲ့ဖူးလေသည်။
မိုင်တစ်ထောင် တိမ်တိုက်သည် ၎င်း၏ သေတ္တာထဲတွင် သွေးရောင် မြူခိုးများကဲ့သို့ ပြည့်နှက်နေသည်။ လင်းတုန်း၏ ငွေတစ်ဝက် ဓားမြှောင်က သူ မျှော်လင့်ထားသည်ထက်ပင် ပို၍ အလုပ်ဖြစ်ခဲ့လေသည်။ ၎င်းက ဖန်သားကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ရာ၊ အပူလှိုင်း တစ်ခု လွင့်စင်ထွက်လာလေသည်။ ထိုဖန်သားတွင် ရွှေရောင် အစွန်းများ ရှိပြီး၊ ၎င်းမှာ ပုံဆောင်ခဲအဖြစ် ပြောင်းလဲထားသော ကောင်းကင် ဂုဏ်သရေ မာဒြာ ပင် ဖြစ်ရမည်။
အပိတ်အလှောင်ထဲမှ လွတ်မြောက်သွားသောအခါ၊ တိမ်တိုက်သည် ၎င်း၏ အပြည့်အဝ အရွယ်အစားအထိ ဖောင်းပွလာလေသည်။ ၎င်းမှာ လုံးဝန်းပြီး အတော်လေး ကြီးမားကာ၊ အချင်း သုံးပေခန့် ရှိသည်။ ထို့ပြင် သူ ဖောက်ထွင်း မမြင်နိုင်လောက်အောင် သိပ်သည်းနေလေသည်။ ၎င်းက အခဲဒြပ်ဝတ္ထု တစ်ခုကို ထောက်ပံ့ပေးနိုင်လောက်အောင် ခိုင်မာသည့်ပုံ မပေါ်ပေ။ သို့သော် သူသည် တိမ်တိုက် မာဒြာ များ ဖြည့်သွင်းထားသော မွေ့ရာတစ်ခုနှင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ၎င်းအပေါ်သို့ သူ ဖိချကြည့်လိုက်ရာ၊ ခေါင်းအုံး တစ်လုံးကို ဖိချရသကဲ့သို့ ရှိလေသည်။ ၎င်းက အမှတ်တစ်ခုအထိသာ ဝင်သွားပြီး၊ ထို့နောက်တွင်တော့ အခဲကဲ့သို့ မာကျောသွားလေသည်။
ဒါက သူတို့ရဲ့ ထွက်ပြေးရာ လမ်းကြောင်း ဖြစ်လာလိမ့်မည်။
ရွှီး...
သေစေနိုင်သော ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ ခေါင်းဘေးမှ တစ်ခဏမျှ ဖြတ်သန်းသွားလေသည်။ ၎င်းမှာ ငါးပေခန့် ကွာဝေးသော်လည်း အပူရှိန်ကို ခံစားရနိုင်လောက်အောင် နီးကပ်နေဆဲဖြစ်ရာ၊ သူသည် အောက်သို့ ကိုယ်ကို လျှော့ချ ဝပ်တွားလိုက်လေသည်။ မာဒြာ များက သူ၏ ကိုယ်တွင်းမှနေ၍ မိုင်တစ်ထောင် တိမ်တိုက် ထဲသို့ စီးဝင်သွားသည်။ ထိုအခါ ၎င်းက သူ ညွှန်ပြရာဘက်သို့ ရှေ့သို့ လွင့်မျောသွားလေသည်။
ဝိညာဉ်-ချိတ်ပိတ်စာရွက် များ ဘယ်မှာရှိသလဲ ဆိုတာကို သူ မှုန်ဝါးဝါး မှတ်မိနေသေးသည်။ ၎င်းတို့မှာ ဝိညာဉ်အကြွင်းအကျန် များကို ချည်နှောင်ပြီး ခြယ်လှယ်ရန် ကူညီပေးမည့် အစီအရင် များ ရေးဆွဲထားသော စက္ကူ ချိတ်ပိတ်စာရွက် အစုအဝေးများ ဖြစ်လေသည်။ သူသည် ပြခန်း အတန်းများကြားတွင် တစ်ဝက်တစ်ပျက် တွားသွားကာ၊ အခန်း၏ အပြင်ဘက်ပိုင်းမှ ပတ်၍ သွားလေသည်။ ခုတ်ပိုင်းနေသော ဓားစွမ်းအား များနှင့် ခေါင်းအထက်တွင် လင်းလက်နေသော သေစေနိုင်သည့် အလင်းတန်းများကို ရှောင်ရှားရန် ဖြစ်သည်။
ထိုသို့ ပြုလုပ်နေစဉ်၊ ကောင်းကင် ဂုဏ်သရေ ၏ ရတနာများကို သူ သဘောကျ သယ်ဆောင်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ တိုက်ပွဲ၏ အန္တရာယ်ကပင် ထိုစိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
လင်းတုန်း၏ အရဲတင်းဆုံးသော နေ့ခင်းအိပ်မက် များထဲတွင်ပင်၊ ကျော်ကြားသော ကျင့်စဉ်သိုင်းပညာ ကျောင်းတော် တစ်ခု၏ ရတနာတိုက်ထဲမှ တစ်နေ့နေ့တွင် လွတ်လပ်စွာ ရွေးချယ်ခွင့် ရလိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ သေစေနိုင်သော မာဒြာ များ ခေါင်းအထက်တွင် လင်းလက်သွားချိန်၌၊ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
‘ဒီလို အရင်းအမြစ်တွေနဲ့ဆိုရင်... ဝိညာဉ်မဲ့ တစ်ယောက်တောင်မှ တိုးတက်လာနိုင်တယ်’
သူက ကျောပိုးအိတ်ထဲသို့ မထိုးထည့်မီ သူ ကောက်ယူလိုက်သမျှ အရာတိုင်းကို တစ်ချက်ကြည့်လိုက်သည်။ ပထမဆုံး၊ ခေါက်ထားသော အဖြူရောင် ကြယ်ကြာပန်း အဖူး နှင့် ဆယ်လ်ဗန် မြစ်-မျိုးစေ့ ပါဝင်သော မှန်ကန်ကို သူ ဆွဲယူလိုက်လေသည်။ အတွင်းရှိ အပြာရောင် ဝိညာဉ်လေးက ၎င်း၏ သစ်ပင်တစ်ဝိုက်တွင် ဟိုဟိုဒီဒီ ပြေးလွှားနေသည်။ ထို့နောက် ၎င်း၏ တောင်ကုန်းငယ်လေးပေါ်တွင် မတ်တပ်ရပ်ကာ သူ့ကို စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လေသည်။ ကပ်ပါး လက်စွပ် ကိုတော့ သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ အကယ်၍ အခြား အရာအားလုံးကို သူ စွန့်လွှတ်လိုက်ရပါက ၎င်းကို ကိုယ်နှင့်မကွာ သိမ်းထားချင်သောကြောင့် ဖြစ်သည်။ ထို့နောက် ဝိညာဉ်-ချိတ်ပိတ်စာရွက် များဆီသို့ သူ ရောက်ရှိသွားလေသည်။
ဓားမြှောင်က ဖန်သားကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ လင်းတုန်းသည် လက်လှမ်းကာ၊ ဖဲထုပ်တစ်ထုပ်ကဲ့သို့ ထပ်ထားပြီး ထိပ်တွင် ချည်နှောင်ထားသော လက်ဝါးအရွယ်အစား စက္ကူ ချိတ်ပိတ်စာရွက် အထူကြီး တစ်ထုပ်ကို ဆွဲယူလိုက်လေသည်။ စာရွက်တစ်ခုစီတိုင်းကို နက်ရှိုင်းသော စုတ်ချက်အလွှာများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းတို့သည် သူ စတင် နားလည်နိုင်စွမ်းမရှိသော အခြေခံမူများအရ အစီအရင် များကို ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။
ယခင်က သူ၏ အာရုံကို ဖမ်းစားထားခဲ့သော ဓားပျံ ပါဝင်သည့် ပြခန်းဆီသို့ သူ လျှောတိုက်သွားလိုက်သည်။ သံမဏိအဆင့် သို့ သူ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းကို အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုအခါ ယီရင် နှင့်အတူ သူ ခရီးသွားရတော့မည် ဖြစ်ရာ၊ ၎င်းက ပို၍ပင် တန်ဖိုးကြီးမားလာလေပြီ။ သူမကဲ့သို့သော ဓားပညာရှင် တစ်ဦးသည် ထိုကဲ့သို့သော လက်နက်မျိုးဖြင့် အံ့ဖွယ်အမှုများကို စွမ်းဆောင်နိုင်မည် ဖြစ်သည်။
***
အပိုင်း(၇၂)
ချွမ်း...
လင်းတုန်း မှန်သေတ္တာကို ခွဲလိုက်သည်နှင့် တစ်ပြိုင်နက်၊ ယီရင်သည် ပြင်းထန်သော ရိုက်ချက်တစ်ခုကြောင့် လွင့်စင်လာသည့်အလား ကျောပြင်ဖြင့် အတန်းကြားထဲသို့ လျှောတိုက်ကာ ရောက်ရှိလာလေသည်။ သူမ၏ ဓားကို အရှေ့တွင် ကာကွယ်ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ သို့သော် သူမ၏ ဆံပင်အစွန်းများမှ မီးခိုးများ ထွက်နေလေသည်။
"ဒါက ငါထင်ထားတာထက် အချိန်နည်းနည်း ပိုယူနေတယ်..."
သူမက ပြောလိုက်သည်။
လင်းတုန်းက စွန့်စားပြီး အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သေချာတာပေါ့...။ လှေကားအောက်ခြေတွင် တပည့်တစ်စု စုဝေးနေကြပြီ ဖြစ်သည်။ လောလောဆယ်တွင် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ သို့သော် မည်သည့် စက္ကန့်တွင်မဆို အကြီးအကဲရာမ် ကို ကူညီရန် အရှေ့သို့ ပြေးဝင်လာနိုင်လေသည်။
လင်းတုန်းက မခွဲရသေးသော မှန်သေတ္တာ ဒါဇင်ပေါင်းများစွာ ရှိနေသည့် အတန်းတစ်လျှောက်ကို သူ လှမ်းကြည့်လိုက်သည်။ ထို့နောက် အံကြိတ်လျက် စကားပြောလိုက်သည်။
"ငါတို့ဆီမှာ... ရှိတာကိုပဲ... ယူသွားကြရအောင်..."
ဤမျှများပြားလှသော ချမ်းသာကြွယ်ဝမှုများကို ချန်ထားခဲ့ရခြင်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော် သူတို့ ဆက်နေမည်ဆိုလျှင် သေချာပေါက် သေကြရမည်သာ ဖြစ်သည်။
သူမက မျက်နှာရှုံ့မဲ့သွားပြီး ဘေးဘက်သို့ လိမ့်ထွက်သွားသည်။ ထိုလှုပ်ရှားမှုကြောင့် နောက်ထပ် အလင်းတန်း တစ်ခုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့လေသည်။
"သူ့ကို အသာလေး အနားပေးပြီးသွားရင်... ငါတို့ သွားလို့ရပြီ..."
သူမသည် မှော်ပစ္စည်း ကို နောက်ထပ် ဓားမာဒြာ လှိုင်းတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် လင်းတုန်းက သူမကို ပြူးပြဲစိုက်ကြည့်နေမိလေသည်။
"သူ့ကို ငါတို့ လုံးဝ တိုက်ခိုက်နေစရာ မလိုပါဘူး... တိမ်တိုက်ပေါ် တက်... သွားကြမယ်..."
"ခွန်အားကြီးတဲ့သူတွေက ထွက်မပြေးဘူး..."
သူမက ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲ ကိုယ်တိုင် မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီး၊ သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ မာဒြာ များက ထိုလှုပ်ရှားမှုနောက်သို့ လိုက်ပါသွားသည်။ ထို့နောက် ဖောက်ထွင်းမြင်ရသော မာဒြာ နံရံများက သူတို့၏ တစ်ဖက်တစ်ချက်စီတွင် ပွင့်အန်ထွက်ပေါ်လာလေသည်။ သူတို့သည် တိုင်တစ်တိုင်အတွင်း ပိတ်လှောင်ခံလိုက်ရသည်။ ရှေးဟောင်းပစ္စည်း ပြခန်း တစ်တန်းတွင်၊ ရာမ် နှင့် မှော်ပစ္စည်း နှစ်ခုက တစ်ဖက်၌ ရှိနေပြီး၊ ယီရင် နှင့် လင်းတုန်း က အခြားတစ်ဖက်၌ ရှိနေလေသည်။ သူတို့၏ အနောက်ဘက်တွင်တော့၊ ရန်သူ တပည့်တစ်စုက ပွင့်နေသော တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေကြလေသည်။
အဘိုးအိုက သူ၏ ဓားသွားကို သူတို့ဆီသို့ ချိန်ရွယ်လိုက်သည်။ မှော်ပစ္စည်း များကို သူ ညွှန်ကြားချက် တစ်ခုခု ပေးလိုက်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ စကားပြောနေစဉ်အတွင်း ၎င်းတို့ နှစ်ခုစလုံး ငြိမ်သက်နေသောကြောင့်ပင်။
"မင်းတို့ကို အရှင်လတ်လတ် လိုချင်တယ်... ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ နေမယ်လို့ သစ္စာဆို... ငါတို့ကို အဖြေတွေပေး... ဒါဆိုရင် မင်းတို့ကို ငါတို့ မသတ်ဘူး... မင်းတို့ဘာသာ အဆုံးစီရင်ဖို့ ခွင့်ပြုပေးမယ်..."
"ငါ့ကို အသက်ရှင်အောင် ကာကွယ်ပေးနိုင်လား..."
လင်းတုန်းက တိုးညှင်းသော လေသံဖြင့် ယီရင်ကို မေးလိုက်သည်။
"ဘာလို့လဲဆိုတော့... ဒီထဲကို ပြေးဝင်လာမယ့် လူအုပ်ကြီးကနေ နင် အသက်ရှင်နိုင်ပေမယ့်... ငါကတော့ အသက်ရှင်မှာ မဟုတ်ဘူး... ပြီးတော့ ငါ့ကို ဘေးကင်းအောင် ထားပါ့မယ်လို့ နင် သစ္စာဆိုထားတယ်လေ..."
သူမ တုန်ရီသွား၏။ သူမ၏ မျက်နှာအမူအရာက ဒေါသနှင့် ပြင်းထန်သော နာကျင်မှုကြားတွင် တဖျတ်ဖျတ် ပြောင်းလဲသွားသည်။ သို့သော် နောက်ဆုံးတွင်တော့ သူမ ခေါင်းညိတ်ပြလိုက်လေသည်။
ယီရင် သည် ဓားပျံ ရှိသည့် သေတ္တာဘေးတွင် ဒူးထောက်လိုက်ပြီး၊ သူမ၏ ကိုယ်ပိုင် ဓားသွားကို မြေကြီးပေါ်သို့ ဖိကပ်ထားလိုက်သည်။ သူမ၏ ကောင်းကင် ဂုဏ်သရေ ဝတ်ရုံများ ကျွတ်ကျသွားခဲ့ပြီး၊ သူမ၏ ကိုယ်ပိုင် အမည်းရောင် ဝတ်စုံစုတ်များသာ ကျန်ရစ်နေလေပြီ။ သို့သော် ခိုးယူထားသော သံမဏိ တံဆိပ်ပြား ကတော့ သူမ၏ လည်ပင်းတွင် ဆွဲထားဆဲ ဖြစ်သည်။
"နင့်ရဲ့ တမန်တော်က ငါ ဘယ် လမ်းစဉ် ကို လိုက်သလဲ ဆိုတာ နင့်ကို ပြောပြခဲ့လား..."
ဆူရီရယ်၏ စိတ်ဝိညာဉ်က ထို အချက်အလက်ကို သူ့အား ပေးခဲ့သော်လည်း၊ သူ မမှတ်မိနိုင်တော့ပေ။ သူ ခေါင်းခါပြလိုက်သည်။
"အဲဒီ ဓားကို ယူလိုက်..."
သေတ္တာကို လက်ညိုးထိုးပြရင်း သူမက ပြောလိုက်သည်။
"ပြီးရင် သူ့ဆီကို ပစ်ပေါက်လိုက်..."
လင်းတုန်းသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ကျောက်စိမ်းအဆင့် ကို စိုးရိမ်တကြီးဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
"အခုလား..."
"အခု..."
အကြီးအကဲသည် မှော်ပစ္စည်း များကို ပခုံးတစ်ဖက်စီအထက်တွင် လွင့်မျောစေလျက်၊ လက်ထဲတွင် လက်နက်ကို ကိုင်ဆောင်ထားသည်။ သူက စိတ်မရှည်စွာဖြင့် သူတို့ကို မျက်နှာမူထားလေသည်။ တတ်နိုင်သမျှ လှုပ်ရှားမှု အနည်းဆုံးဖြင့်၊ လင်းတုန်းသည် အစီအရင်များ ရေးဆွဲထားသော ဓားသွားကို ၎င်း၏ တင်ခုံပေါ်မှ လျှောချယူလိုက်လေသည်။
"မင်းတို့ရဲ့ အဖြေ..."
ရာမ် က တောင်းဆိုလိုက်သည်။
လင်းတုန်းက ဓားကို အချိန်အဆဖြင့် မ,ကြည့်လိုက်သည်။
ယီရင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
"ဒါက အဆုံးမဲ့ ဓား လမ်းစဉ် ပဲ..."
သူမက ပြောလိုက်သည်။
လင်းတုန်း ပစ်ပေါက်လိုက်လေသည်။
ဓားက လေထဲတွင် ထိပ်ဖျားမှနေ၍ လည်ပတ်ပျံသန်းသွားချိန်တွင်၊ ယီရင်သည် သူမ၏ ကိုယ်ပိုင် လက်နက်အပေါ် ဆုပ်ကိုင်ထားမှုကို တင်းကြပ်လိုက်လေသည်။ သူမ၏ ဓားသွားသည် ထုရိုက်ခံလိုက်ရသော ခေါင်းလောင်းတစ်ခုကဲ့သို့ မြည်ဟည်းသွားသည်။ ထိုအခါ ကြမ်းပြင်မှာ သူ့အလိုလို အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး၊ လေထုထဲတွင် လွင့်စင်နေသော သစ်သားစများဖြင့် ရုတ်တရက် ပြည့်နှက်သွားလေသည်။ ပုဆိန် ပေါင်း တစ်ထောင်ခန့်က နေရာတစ်ခုတည်းကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါက်ချလိုက်သည့်အလား ပင်။
ခင်းကျင်း ပြသထားသော ငွေတစ်ဝက် လက်နက်များက ထိုအသံကို အားနည်းစွာ ပဲ့တင်ထပ်စေခဲ့သည်။ ၎င်းတို့၏ သေတ္တာတစ်ဝိုက်တွင် ပြတ်ရှရာ အနည်းငယ် ထွက်ပေါ်လာသော်လည်း၊ ၎င်းတို့မှာမူ မပျက်မစီး ကျန်ရစ်ခဲ့လေသည်။ လင်းတုန်း၏ ခါးပတ်ရှိ ငွေတစ်ဝက် ဓားမြှောင်ကပင် တိုးညှင်းစွာ မြည်ဟည်းသွားသည်။ သူ၏ ဝတ်ရုံပေါ်တွင် ပေါ့ပါးသော ပြတ်ရှရာများ ထွက်ပေါ်လာသဖြင့် သူ ဆတ်ကနဲ တုန်သွားလေသည်။ အခန်း ပတ်လည်တွင်၊ ခေါင်းလောင်းသံ သုံးသံက ပိုမို ကျယ်လောင်စွာ မြည်ဟည်းသွားပြီး၊ မှန်သေတ္တာ သုံးလုံး ပေါက်ကွဲထွက်သွားလေသည်။
“အား...”
နောက်ထပ် ခေါင်းလောင်းသံ တစ်သံ မြည်လာပြီးနောက်၊ အကြီးအကဲ ရာမ် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ သူ၏ ဓားသည် အခြားအရာများနှင့်အတူ ပဲ့တင်ထပ် မြည်ဟည်းသွားခဲ့သည်။ ထို့နောက် သူ၏ အင်္ကျီလက်မှာ သွေးများဖြင့် ပေါက်ကွဲထွက်သွားလေသည်။ သူ၏ လက်မောင်းနှင့် ညာဘက်ခြမ်းရှိ အဝတ်အစားများမှာ စုတ်ပြတ်သတ်သွားအောင် ခုတ်ပိုင်းခံလိုက်ရသည်။ ဆက်လက် ကိုင်ဆောင်ထားရန် ခွန်အားမရှိတော့သော လက်ထဲမှနေ၍ သူ၏ လက်နက်သည် မြေကြီးပေါ်သို့ လွတ်ကျသွားလေတော့သည်။
လေထဲတွင်လည်း ဓားပျံ က မြည်ဟည်းနေလေသည်။ ၎င်းက ရေးရေးလေးသာ မြင်ရသော ဓားမာဒြာ မျဉ်းကြောင်းများကို ရောင်ပြန်ဟပ်ရင်း ကောင်းကင် ဂုဏ်သရေ မှော်ပစ္စည်း များကြားတွင် ပျံသန်းသွား၏။ မှော်ပစ္စည်းများသည် အကြီးအကဲ ရာမ် ၏ ငြိမ်သက်စေမှုကြောင့် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ရွှေရောင် မီးခိုးတန်းများ ချန်ရစ်ကာ မြေကြီးပေါ်သို့ လွင့်ကျသွားမည့် အပိုင်းအစများအဖြစ် ခုတ်ပိုင်းခံလိုက်ရချိန်တွင်လည်း ၎င်းတို့က လုံးဝ ခုခံခြင်း မရှိခဲ့ကြပေ။ အောက်ခြေရှိ အပြာရောင် စက်ဝိုင်းများသာ ဘာကိုမျှ ထောက်ပံ့ထားခြင်း မရှိတော့ဘဲ လွင့်မျောလျက် ကျန်ရစ်ခဲ့လေသည်။
ဓားသည် ၎င်း၏ ပျံသန်းမှု လမ်းကြောင်းကို အဆုံးသတ်လိုက်ပြီး မြေကြီးပေါ်သို့ ခလောက်ဆန်စွာ ကျသွားလေသည်။ ၎င်းမှာ အကြီးအကဲ ရာမ် နှင့် အနီးတစ်ဝိုက်တွင် လုံးဝ မရှိတော့ပေ။ အဘိုးအိုသည် ပျက်စီးသွားသော လက်မောင်းကို ဆုပ်ကိုင်လျက် ဒူးထောက်ကျသွားစဉ် ညည်းတွားလိုက်လေသည်။
လင်းတုန်းက ပြူးပြဲ စိုက်ကြည့်နေမိသည်။
ယီရင်သည် သူ့ကို မိုင်တစ်ထောင် တိမ်တိုက် အပေါ်တွင် တင်ထားသော ပြည့်အသိပ် ကျောပိုးအိတ်ဆီသို့ တွန်းပို့လိုက်သည်။ ထိုအချိန်တွင် သူမက စကားပြောနေဆဲ ဖြစ်သည်။
"အဲဒါကို ပဲ့တင်ရိုက်ခတ်မှု လို့ ခေါ်တယ်... လေထဲမှာရှိတဲ့ အော်ရာ ကို နှိုးဆွဖို့ ဓား မာဒြာ ကို အသုံးပြုတာ... အဲဒီ အော်ရာ တွေက ထက်မြက်တဲ့ လက်နက်တွေ ပတ်လည်မှာ စုဝေးလာတယ်... ငွေတစ်ဝက် နဲ့ဆိုရင်တော့ သိပ်အလုပ်မဖြစ်ဘူး..."
ထိုအချက်အတွက်၊ လင်းတုန်း ကျေးဇူးတင်မိလေသည်။ သို့မဟုတ်လျှင်၊ သူ၏ ကိုယ်ပိုင် ဓားမြှောင်ကြောင့် သူ နှစ်ပိုင်း ပြတ်သွားနိုင်လေသည်။
သူသည် တိမ်တိုက် ပေါ်သို့ မှောက်ခုံ လဲကျသွားပြီး၊ ခိုးရာပါ ပစ္စည်းများ အပြည့်ပါသော ကျောပိုးအိတ်ကို သူ၏ ခန္ဓာကိုယ်ဖြင့် ဖိချထားလိုက်လေသည်။ သူမက သူ၏ အရှေ့မှ ခုန်တက်လာပြီး၊ တိမ်တိုက် မှော်ပစ္စည်း ထဲသို့ သူမ၏ ဝိညာဉ်စွမ်းအင်များကို ဖြည့်တင်းပေးလိုက်လေသည်။ ၎င်းသည် မြှားတစ်စင်းကဲ့သို့ ထွက်ခွာသွားလေသည်။ အပြင်ဘက်ရှိ ကြက်သေသေနေသော ကောင်းကင် ဂုဏ်သရေ တပည့်များ မည်သို့မျှ မတုံ့ပြန်နိုင်မီ၊ ၎င်းက တံခါးမှတစ်ဆင့် အပြင်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားလေသည်။
"အဲဒါက ငါ့ လမ်းစဉ် ရဲ့ နှလုံးသားပဲ..."
ယီရင်က ပြောလိုက်သည်။
"ဓားတွေ အားလုံးက တစ်ခုတည်းပဲ..."
စကားပြောနေစဉ်၊ သူမသည် တိမ်တိုက် ကို လမ်းမတစ်လျှောက် မောင်းနှင်သွားလေသည်။ ၎င်းသည် မြေပြင်အထက် သုံးပေခန့်တွင်သာ လွင့်မျောနေသည်။ သို့သော် ယီရင် ၏ စွမ်းအားကြီးမားသော ဝိညာဉ် လွှမ်းမိုးမှုအောက်တွင်၊ ၎င်းမှာ ဒုန်းစိုင်းပြေးနေသော မြင်းတစ်ကောင်ထက်ပင် ပိုမို မြန်ဆန်လေသည်။
"နင်သာ အဲဒါကို ငါ့ကို သင်ပေးနိုင်မယ်ဆိုရင်... ဘာမဆို... ဘာလုပ်ရလုပ်ရ ငါ လုပ်ပါ့မယ်..."
ယီရင်က တိမ်တိုက်ကို ကျောင်းတော် မှ ဝေးရာဆီသို့ လမ်းညွှန် မောင်းနှင်သွားစဉ်၊ သူတို့၏ အနောက်မှ အလင်းတန်းများ ပစ်ခတ်လာလေသည်။ ထိုအလင်းတန်းများက မိုးရေကျောက် အဆောက်အအုံများကို မီးလောင်ကျွမ်းသွားစေသည်။ အမာရွတ်များရှိသော သူမ၏ မျက်နှာမှာ အာရုံစူးစိုက်မှုကြောင့် တင်းမာနေလေသည်။
"သူ မသေသေးဘူး..."
သူ၏ မှတ်ချက်ကို လျစ်လျူရှုလျက် သူမက ပြောလိုက်သည်။
"ဒါပေမဲ့ ငါ နိုင်တယ်လို့တော့ အခိုင်အမာ ပြောရဲတယ်..."
သူမက ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"အင်း... အဲဒါကို အောင်ပွဲတစ်ခု အနေနဲ့ ငါတို့ သတ်မှတ်လိုက်ကြတာပေါ့..."
နောက်ယောင်ခံ လိုက်သူများကို အဝေးတွင် ချန်ထားရစ်ခဲ့ကာ၊ သူတို့သည် ဘိုးဘေး ဂူသင်္ချိုင်း ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြလေတော့သည်။