← Chapters

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

အပိုင်း(၇၇)

လင်းတုန်းသည် ဝိညာဉ်ချိတ်ပိတ်စာရွက် အထုပ် တစ်ထုပ်လုံးကို ဝိညာဉ်အကြွင်းအကျန် ရှိမည့် အရပ်ဆီသို့ ပရမ်းပတာပင် ပစ်ပေါက်လိုက်သည်။

သို့သော်လည်း.... ၎င်းတို့သည် လေထဲမှာတင် အပိုင်းပိုင်း ခုတ်ထစ်ခံရရန် အလားအလာ အများဆုံး ဖြစ်သည်။ အကယ်၍ ၎င်းတို့ ကျဆင်းသွားခဲ့လျှင်တောင်မှ၊ ဝိညာဉ်အကြွင်းအကျန်ကို ထိမှန်ရန်ထက် မြေကြီးပေါ်သို့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘဲ ကျသွားရန် အခွင့်အရေး ပိုများလေသည်။ သူ နောက်ထပ် တစ်ခုခု လိုအပ်နေသည်။

သူ၏ ဝိညာဉ်နှင့် မိုင်တစ်ထောင် တိမ်တိုက် တို့၏ ချိတ်ဆက်မှုကို သူ ခံစားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကယ်တင်နိုင်မည့် မည်သည့်အရာကိုမဆို အသည်းအသန် ဆုပ်ကိုင်လျက် ၎င်းထဲသို့ မာဒြာ များကို စီးဝင်စေလိုက်လေသည်။ ထိုသေစေနိုင်သော လေဆင်နှာမောင်းထဲသို့ သူ မကျဆင်းမီ ၎င်းက သူ့ထံသို့ ဘယ်သောအခါမျှ ရောက်ရှိလာမည် မဟုတ်ပေ။ သို့သော် သူ ကြိုးစားရမည်သာ ဖြစ်သည်။

ယီရင် လင်းတုန်းကို မြင်သောအခါ၊ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ကျဆင်းလာသော ချိတ်ပိတ်စာရွက်များဆီသို့ အကြည့်ကို စူးစိုက်လိုက်လေသည်။ သူမ တုံ့ဆိုင်းမနေခဲ့ပေ။ သူမ၏ ကာကွယ်ရေး ကိုယ်နေဟန်ထား ပြိုကျသွားပြီး၊ ဝိညာဉ်အကြွင်းအကျန် ၏ တိုက်ခိုက်မှုများကို ခံယူလိုက်သဖြင့် သူမ၏ ခန္ဓာကိုယ်မှ သွေးများ မျဉ်းငါးကြောင်း အသွင်ဖြင့် ချက်ချင်း ပန်းထွက်လာလေသည်။ သူမ၏ ဓားက အပူလှိုင်းတစ်ခုကဲ့သို့ အင်အားများကို စုစည်းလိုက်သည်။

ထို့နောက် အောက်မှအထက်သို့ သူမ ခုတ်ပိုင်းလိုက်ချိန်တွင်၊ အရောင်အသွေး ကင်းမဲ့သော စွမ်းအားလှိုင်း တစ်ခုက သူမ၏ လက်နက်မှနေ၍ လွင့်စင်ထွက်ပေါ်လာလေသည်။ ထိုမာဒြာ က ဝိညာဉ်အကြွင်းအကျန် ကို တည့်တည့် ထိမှန်သွားပြီး၊ ၎င်း၏ သန့်စင်သော မျက်နှာပြင်ပေါ်တွင် ဒေါင်လိုက် ပြတ်ရှရာကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် ၎င်းကို ခြေလှမ်းအနည်းငယ် အနောက်သို့ လွင့်စင်သွားစေပြီး၊ ကျဆင်းလာသော ချိတ်ပိတ်စာရွက်များထဲသို့ ဝင်တိုက်မိသွားစေလေသည်။ အစီအရင်များ ရေးဆွဲထားသော စက္ကူများက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားချိန်တွင် ၎င်း တုန်ခါသွားလေသည်။ ထိုအရာက ၎င်း၏ ပုံသဏ္ဍာန်ကို ဖွဲ့စည်းထားသော မာဒြာ များကို ရိုက်ခတ်ခံလိုက်ရသော ရေအိုင်တစ်ခုကဲ့သို့ လှိုင်းထသွားစေလေသည်။

ယီရင် ၏ ကျန်ရှိသော ခုတ်ချက်က ဂူသင်္ချိုင်း၏ ပွင့်နေသော တံခါးမှတစ်ဆင့် ရိုက်ခတ်သွားလေသည်။ ကြမ်းပြင် ကြွေပြားများပေါ်တွင် ပျက်စီးခြင်း လမ်းကြောင်းတစ်ခုကို ဆွဲငင်သွားပြီး၊ အတွင်းဘက် နံရံတွင် လူတစ်ယောက် အရွယ်အစားရှိ အက်ကွဲကြောင်းကြီး တစ်ခုကို ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။

တံခါးပေါက် အရွယ်အစားခန့်ရှိ တြိဂံပုံ အပေါက်ကြီးမှ ကျောက်တုံးများ ပြိုကျသွားသည်။ သူ၏ အတွေးများ နောက်မမီလိုက်ခင်မှာပင် ဂူသင်္ချိုင်း၏ အနောက်ဘက်ရှိ တောင်တန်းများကို သူ ရိပ်ခနဲ မြင်တွေ့လိုက်ရလေသည်။

သူတို့ နိုင်သွားပြီ။

မည်သို့ပင်ဖြစ်စေ သူ ကျဆင်းသွားခဲ့သည်။

ဓားသွား တစ်ခု၏ အစွန်း သို့မဟုတ် ပဲ့ထွက်နေသော ကျောက်တုံး၏ ချွန်ထက်သော ထောင့်ချိုးတစ်ခုဆီသို့ ဝင်ဆောင့်မိမည့် အစား၊ မြေပြင်အထက် သုံးပေခန့်တွင် လွင့်မျောနေသော အနီရောင် တိမ်တိုက် တစ်ခုထဲသို့ သူ ကျဆင်းသွားလေသည်။ ၎င်းက သူ၏ ခန္ဓာကိုယ် ညာဘက်ခြမ်းကို ဖမ်းဆွဲလိုက်ပြီး၊ သူ့ကို လှန်ချလိုက်လေသည်။ ထို့နောက် လင်းတုန်းသည် နောက်တစ်ကြိမ် ကျောပြင်ဖြင့် ပြင်းထန်စွာ ကျဆင်းသွားပြန်လေသည်။ သူ၏ ဦးခေါင်းခွံကို ရိုက်ခတ်သွားမှုက အမှောင်ထုထဲတွင် ကြယ်များ လွင့်စင်သွားသည့်အလား ခံစားရစေသည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ ကျောပိုးအိတ်ထဲမှ တစ်ခုခု ကျိုးပဲ့သွားမည်မှာ သေချာကြောင်း သူ သိလိုက်လေသည်။

သို့သော်လည်း… သူ အသက်ရှင်ခဲ့တယ်။

ခေါင်းအထက်တွင် တိုက်ပွဲက ပြန်လည် စတင်သွားပြီး၊ သူ၏ မျက်နှာအထက်ရှိ လေထုကို ဖြတ်သန်း ခုတ်ပိုင်းသွားသော မမြင်ရသည့် စွမ်းအင် ဓားသွားများက ဝီစီမြည်နေလေသည်။ သွေးများဖြင့် ဖုံးလွှမ်းနေသော ယီရင် သည် ဝိညာဉ်အကြွင်းအကျန် ကို ခြေတစ်လှမ်းချင်းစီ နောက်သို့ အတင်း တွန်းပို့နေလေသည်။ ယခုအခါ ၎င်းထံမှ ငွေရောင် အနှစ်သာရ အမှုန်အမွှားများ ယိုစိမ့်ထွက်နေပြီး၊ တိုက်ပွဲက တံခါးနှင့် တစ်ဖြည်းဖြည်း ဝေးကွာသွားလေသည်။

ထိုသို့ ဖြစ်ပျက်နေစဉ်၊ လင်းတုန်းသည် မိုင်တစ်ထောင် တိမ်တိုက် အပေါ် သူ၏ ဝိညာဉ် ဆုပ်ကိုင်ထားမှုကို ဆက်လက် ထိန်းသိမ်းထားလေသည်။ အားနည်းနေသည် ဖြစ်စေ၊ မဖြစ်စေ၊ ဝိညာဉ်အကြွင်းအကျန် ၏ တိုက်ခိုက်မှုများက သူ့ကို သတ်ဖြတ်ရန် လုံလောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် တတ်နိုင်သမျှ ကွာဟချက် များများ ဖန်တီးထားချင်လေသည်။ အားပြုရန် မှော်ပစ္စည်း အပေါ် လက်တစ်ဖက်ကို တင်ထားလျက်၊ သူသည် တွားသွားကာ၊ ဘိုးဘေး ဂူသင်္ချိုင်း ထဲသို့ ဝင်ရောက်သွားလေသည်။ ထိုနေရာတွင် တိုက်ပွဲ၏ အန္တရာယ်မှ သူ လုံခြုံပေလိမ့်မည်။ ထိုနေရာတွင် သူ စဉ်းစားတွေးတောနိုင်ပေလိမ့်မည်။

တံခါးပေါက်ကို ကျော်လွန်၍ သူ၏ ခြေထောက်များကို ဆွဲသွင်းလိုက်ချိန်မှာပင်၊ ရွှေရောင် အပူလှိုင်း တစ်ခုက သူ၏ အနောက်မှနေ၍ ပစ်လွှတ်လိုက်ပြီး၊ လက်မအနည်းငယ် အကွာမှ လွဲချော်သွားလေသည်။

လင်းတုန်း ရွေးချယ်စရာများကို ချင့်ချိန်နေလေသည်။ သို့သော် သူ၏ ကျန်ရှိသော အစိတ်အပိုင်းများကတော့ ကြောက်ရွံ့မှုဖြင့် တုန်ရီနေလေပြီ။

ဝှိုက်ဟောသည် သွေးစွန်းနေသော အဖြူရောင် ဝတ်ရုံများနှင့် ကလေးတစ်ယောက်အသွင်ဖြင့် တံခါးဝတွင် ပေါ်လာသောအခါ၊ လင်းတုန်း တိုးညှင်းစွာ ညည်းတွားလိုက်မိလေသည်။

အကြီးအကဲက အတွင်းသို့ ခြေတစ်လှမ်း လှမ်းဝင်လာပြီး၊ လင်းတုန်းက နောက်ထပ် ဘယ်လို လှည့်ကွက်တွေ ပြင်ဆင်ထားသလဲ ဆိုတာကို စစ်ဆေးနေသည့်အလား ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်လေသည်။ ထိုမြင်ကွင်းက လင်းတုန်း၏ မျက်စိရှေ့တွင် အရုဏ်တက်လာသည့်အလား ဖြစ်လေသည်။

လေးစားတန်ဖိုးထားရသော ကောင်းကင် ဂုဏ်သရေ ကျောင်းတော် မှ ကျောက်စိမ်းအဆင့် ခေါင်းဆောင် တစ်ဦးဖြစ်သူ အကြီးအကဲ ဝှိုက်ဟောသည် သူ့ကို သတိထားနေလေသည်။

လင်းတုန်းသည် ကိုယ်ကို မတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ထိုသို့ လုပ်ဆောင်ရန် မိုင်တစ်ထောင် တိမ်တိုက် ကို အားပြု မှီထားရန် လိုအပ်သော်လည်း သူ မတ်တပ်ရပ်နိုင်ခဲ့သည်။

ပွင့်နေသော တံခါးနှင့် ဘေးဘက်ရှိ အက်ကွဲကြောင်းကြီး ကြားတွင် လေပြင်းများ ဝီစီမြည်လျက် တိုက်ခတ်နေပြီး၊ ရေခဲကဲ့သို့ သူ၏ အရေပြားကို ရိုက်ခတ်နေလေသည်။ သို့သော် သူသည် အကြီးအကဲ ဝှိုက်ဟောကို ဟန်ဆောင်ပန်ဆောင် လျစ်လျူရှုလိုက်ပြီး၊ သူ၏ ထောင်ချောက်များကို စစ်ဆေးနေသည့်အလား နံရံများနှင့် မျက်နှာကြက်များဆီသို့ လှမ်းကြည့်လိုက်လေသည်။

ဘိုးဘေး ဂူသင်္ချိုင်း ၏ အတွင်းပိုင်းသည် ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ အပြင်ဘက်တွင် ရှိသကဲ့သို့ပင် အတွင်းဘက်တွင်လည်း တိုင်လုံးများစွာ ရှိလေသည်။ မျက်နှာကျက်ကိုတော့ သားရဲကြီး လေးကောင်၏ နောက်ထပ် နံရံဆေးရေးပန်းချီ တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။ မိုးကြိုးမုန်တိုင်း တစ်ခုပေါ်ရှိ အပြာရောင် မြွေနဂါး တစ်ကောင်၊ သရဖူဆောင်းထားသော ကျားဖြူ တစ်ကောင်၊ လိပ်ခွံ ပါရှိသော ကျောက်သား စစ်သည်တော် တစ်ဦး နှင့် မီးတောက်နေသော အနီရောင် ဖီးနစ်ငှက် တစ်ကောင် တို့ပင်။

အခန်း၏ အနောက်ဘက်တွင် အလှဆင်ထားသော တံခါးတစ်ချပ် ရှိလေသည်။ ဤနေရာတွင် အလောင်းများ မရှိသဖြင့်၊ ၎င်းမှာ အစစ်အမှန် ဂူသင်္ချိုင်း ဆီသို့ သွားရာလမ်း ဖြစ်နိုင်လေသည်။ သို့တည်းမဟုတ် ယီရင် ပြောခဲ့ဖူးသော ဝင်္ကပါ ဆီသို့ သွားရာ ဝင်ပေါက် ဖြစ်နိုင်လေသည်။

ဝှိုက်ဟောသည် ငွေတစ်ဝက် ဓားမြှောင် ကို လက်တစ်ဖက်တွင် ဝှေ့ယမ်းပြလိုက်သည်။

"ငါက လူမိုက် တစ်ယောက် မဟုတ်ဘူး... အဲဒီလို လုံးဝ မတွေးလိုက်နဲ့... မင်းအကြောင်းကို ငါ ရိပ်မိသွားပြီ... မင်းက ဝိညာဉ်မဲ့ တစ်ယောက် မဟုတ်ဘူး..."

လင်းတုန်းသည် အသက်ကို မှန်မှန်ရှူနိုင်ရန် အာရုံစိုက်လိုက်ပြီး၊ သူ့ကိုယ်သူ သစ္စာမဖောက်မိစေရန် ကြိုးစားလိုက်လေသည်။

"ဝိညာဉ်မဲ့ တွေမှာ မိုင်တစ်ထောင် တိမ်တိုက် ကို အသုံးပြုဖို့ မာဒြာ မရှိဘူးလေ..."

ဘိုးဘေး အိုးရပ်စ် သစ်သီး သာ မရှိခဲ့လျှင်၊ တိမ်တိုက်ကို သူ ဘယ်သောအခါမျှ အသက်သွင်းနိုင်ခဲ့မည် မဟုတ်ပေ။ အဖြူရောင် မြေခွေး နယ်နိမိတ် ကိုလည်း အသက်သွင်းနိုင်မည် မဟုတ်ပေ။ အခု ပြန်စဉ်းစားကြည့်တော့၊ ထိုသစ်သီးက သူ၏ အသက်ကို တစ်ကြိမ်ထက်မက ကယ်တင်ပေးခဲ့လေပြီ။

"ဝိညာဉ်မဲ့တွေက ပြိုင်ပွဲတွေမှာ အနိုင်မရဘူး... ကလေးတွေကြားမှာ တောင်မှပဲ..."

ဗလာ လက်ဝါး သာ မရှိခဲ့လျှင်၊ သူ ဘယ်သောအခါမျှ အနိုင်ရခဲ့မည် မဟုတ်ပေ။

"ဝိညာဉ်မဲ့ တွေက သံမဏိအဆင့် တွေကို မနိုင်ဘူး... လှည့်ကွက် တွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ..."

ဝှိုက်ဟောသည် ပျားတူ ဝိညာဉ်အကြွင်းအကျန်များက အေမွန် ကို အနိုင်ယူသွားသည်ကို အမှန်တကယ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ လင်းတုန်း လိုအပ်ခဲ့သမျှမှာ အစီအရင်များ ရေးဆွဲထားသော ပုလင်းတစ်လုံးကို ဖွင့်ရန် ခွန်အားသာ ဖြစ်ပြီး၊ အကြီးအကဲ ကလည်း ထိုအချက်ကို သိထားရမည် ဖြစ်သည်။

ကလေးခန္ဓာကိုယ်ထဲရှိ ကျောက်စိမ်းအဆင့်သည် ငွေတစ်ဝက် ဓားမြှောင် ကို ကစားရင်း သူ့ကို အကဲခတ်နေလေသည်။

"ဂုဏ်သရေရှိသော တက်လှမ်းခြင်း စမ်းသပ်မှုကို အောင်မြင်ဖို့ မင်း လှည့်စားခဲ့တာပဲ ဖြစ်ရမယ်လို့ ငါ ယုံကြည်ခဲ့တယ်... ဒါပေမဲ့ အခုတော့ ငါ နားလည်သွားပြီ... သစ်သား တံဆိပ်ပြား ကို ဘယ်သူမဆို တပ်ဆင်လို့ ရတာပဲလေ... တကယ်တော့ မင်းက ဘာလဲ... သံမဏိအဆင့် လား... မင်းက ကြေးအဆင့် တော့ မဟုတ်ဘူး... ကြေးအဆင့် ခန္ဓာကိုယ်သာဆိုရင် အခုလောက်ဆို သေနေလောက်ပြီ... ပြီးတော့ ကျောက်စိမ်းအဆင့် ကလည်း သူ့ရဲ့ ဂုဏ်မာနကို အလွယ်တကူ စွန့်ပစ်မှာ မဟုတ်ဘူး..."

"တောင်းပန်ပါတယ်... အကြီးအကဲ..."

လင်းတုန်းက ရိုသေစွာ ပြောလိုက်သည်။

"ဒီငယ်သား အနေနဲ့ အခုလို စိတ်ဝင်စားခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်... ဒါပေမဲ့ အကြီးအကဲ မှာ ဒီ အောက်ခြေ တပည့်လေး ထက် ပိုကြီးမားတဲ့ ပြဿနာတွေ သေချာပေါက် ရှိနေမှာပါ..."

ဝှိုက်ဟောက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

"မကြာခင် ရှိလာမှာပါ... လေထဲမှာ တိမ်တိုက် တစ်ခုကို ခေါ်ယူနေရင်းနဲ့ ဝိညာဉ်အကြွင်းအကျန် တစ်ခုပေါ်ကို ချိတ်ပိတ်စာရွက်တွေ ပစ်ချနိုင်တယ် ဟုတ်လား... အဲဒါတွေက ကြေးအဆင့် တစ်ယောက်ရဲ့ တုံ့ပြန်နိုင်စွမ်းတွေ မဟုတ်ဘူး..."

ဤတစ်ကြိမ်တွင်တော့၊ လင်းတုန်းသည် သေးငယ်သော အပြုံးတစ်ခုကို ဖော်ပြခွင့် ပြုလိုက်လေသည်။ ထိုလုပ်ရပ်အတွက် သူ ဂုဏ်ယူနေမိသည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ်... မင်းက လူမိုက်တစ်ယောက်ရဲ့ လမ်းစဉ် ကို လျှောက်လှမ်းနေတာပဲ..."

ထို့နောက် လင်းတုန်း ကြိုတင် မခန့်မှန်းထားသော အရာတစ်ခုကို ဝှိုက်ဟောလုပ်ဆောင်လိုက်သည်။ သူက ငွေတစ်ဝက် ဓားမြှောင် ကို ပြောင်းပြန်လှည့်လိုက်ပြီး၊ ဓားလက်ကိုင်ဘက်ကို လင်းတုန်းထံသို့ ကမ်းပေးလိုက်လေသည်။

"ငါနဲ့ ပူးပေါင်းပါ..."

***

အပိုင်း(၇၈)

"မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး..."

ဝှိုက်ဟောက ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ကလေးတစ်ယောက် ဖန်တီးနိုင်သင့်သည့် အရာအားလုံးထက် အများကြီး ပို၍ အေးစက်နေလေသည်။

"ကောင်မလေး သေဖို့တောင် ငါ မလိုလားဘူး... ငါ လိုချင်တာ ဓားသူတော်စင် ရဲ့ ရတနာတွေပဲ... အဲဒီထက် ပိုမလိုချင်ဘူး... ဒီနေရာ၊ ဒီအချိန်မှာပဲ... ကောင်းကင်ဘုံ ကို သက်သေတည်ပြီး... မင်းတို့ နှစ်ယောက်စလုံးကို အသက်ရှင်လျက် ချန်ထားခဲ့ပါ့မယ်လို့ ငါ့ရဲ့ ဝိညာဉ်ကို တိုင်တည်ပြီး သစ္စာဆိုရဲတယ်... ဒါ့အပြင်... မင်းကို ငါ့ရဲ့ ကိုယ်ပိုင် တပည့်အဖြစ် လက်ခံမယ်... မင်း ဘာပဲဖြစ်နေပါစေ... မင်းက ကျောက်စိမ်းအဆင့် တော့ မဟုတ်သေးဘူး... ဒါပေမဲ့ ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာတော့ မင်း ဖြစ်လာလိမ့်မယ်..."

သူက တည်ငြိမ်သော လက်ဖြင့် ဓားမြှောင်ကို ဆန့်ထုတ်ထားလိုက်သည်။ ထို့နောက် လင်းတုန်းက ဓားလက်ကိုင်ကို လှမ်းယူမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

အနိုင်ရရန်အတွက် လင်းတုန်း လုပ်ရန်လိုသည်မှာ ယီရင်က သူမ၏ ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် ကို ရိတ်သိမ်းနေချိန်အတွင်း အချိန်ဆွဲထားရန် သက်သက်သာ ဖြစ်သည်။

"ခွင့်လွှတ်ပါ အကြီးအကဲ... ဒါပေမဲ့ ကြည့်ရတာ..."

‘ဒီငယ်သား’ ဟု သုံးနှုန်းရန် သူ စဉ်းစားလိုက်သော်လည်း၊ ယခုအချိန်မှာ နှိမ့်ချပြောဆိုရမည့် အချိန်နှင့် မတူပေ။

"...ကျွန်တော် လက်ခံစရာ အကြောင်းမရှိဘူး ထင်တယ်... တကယ်လို့ ဝိညာဉ်အကြွင်းအကျန် ကို ချိတ်ပိတ်ပြီးသွားရင်... ကျွန်တော် ရိုင်းပြချင်လို့ ပြောတာ မဟုတ်ပေမယ့်... ယီရင်က ခင်ဗျားကို သတ်ပစ်လိမ့်မယ်..."

"သူက အထွတ်အမြတ် တောင်ကြား မှာရှိတဲ့ ဘယ် ကျောက်စိမ်းအဆင့် ထက်မဆို ပိုပြီး အစွမ်းထက်တယ်..."

ဝှိုက်ဟောက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဒါပေမဲ့ တိုက်ပွဲက သူ့ကို အားနည်းသွားစေတယ်... သူ့ကို အနိုင်ယူဖို့ ငါ့မှာ အခွင့်အရေး ၅၀ ရာနှုန်း ရှိတယ်... ဒါပေမဲ့ ငါ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ... ပထမဆုံးအနေနဲ့ မင်းရဲ့ အမြုတေ ကို အရင်ဖျက်ဆီးပစ်မယ်လို့ အခုပဲ ငါ့ရဲ့ ဝိညာဉ်ကို တိုင်တည်ပြီး သစ္စာဆိုတယ်... ဝိညာဉ်မဲ့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်... အဲဒီအချိန်ကျရင်တော့ မင်း တကယ်ကို ဒုက္ခိတ ဖြစ်သွားလိမ့်မယ်..."

လင်းတုန်း တုန်ရီသွားသော်လည်း၊ အအေးဒဏ်ကို ကာကွယ်ရန် ဝတ်ရုံကို ပြင်ဝတ်သယောင်ဖြင့် ဖုံးကွယ်လိုက်လေသည်။ ဝိညာဉ်မဲ့ များကို ဒုက္ခိတများအဖြစ် သတ်မှတ်ထားကြသော်လည်း၊ သူတို့သည် အခြေခံ မာဒြာ များကိုတော့ အသုံးပြုနိုင်သေးသည်။ သူ၏ အမြုတေ သာ ဖျက်ဆီးခံလိုက်ရမည် ဆိုလျှင်၊ သူ့ထံတွင် ဝိညာဉ် လုံးဝ မရှိတော့သည့်အလား ဖြစ်သွားပေလိမ့်မည်။ အစီအရင် များ သို့မဟုတ် ဝိညာဉ်အကြွင်းအကျန် များနှင့် သူ အလုပ်လုပ်နိုင်မည် မဟုတ်တော့ဘဲ၊ မည်သည့် ဆေးရည် ကမျှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။ ကျင့်ကြံသူ အချို့က အမြုတေ ဆုံးရှုံးရခြင်းသည် သေရခြင်းထက်ပင် ပိုဆိုးသည်ဟု ပြောဆိုလေ့ ရှိကြသည်။

သူ အချိန် လိုအပ်နေသေးသည်။

"ယီရင်က ကျွန်တော့်ကို တောင်ကြား ရဲ့ အပြင်ဘက်ကို ခေါ်သွားပေးမယ်လို့ ကတိပေးထားတယ်..."

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျွန်တော် အားနည်းနေခဲ့တာ အရမ်းကြာပြီ... ပြီးတော့ ဒီနေရာမှာ ရှိတဲ့ သာမန် ခွန်အားမျိုးနဲ့ ကျွန်တော် ရောင့်ရဲမနေနိုင်ဘူး..."

ဝှိုက်ဟော၏ မျက်လုံးများ တောက်ပသွားပြီး၊ ဓားမြှောင်အပေါ် သူ၏ ဆုပ်ကိုင်မှုက တင်းကျပ်သွားလေသည်။

"လုံးဝ မှန်တယ်... အဲဒါက ကျင့်ကြံသူ တစ်ယောက်မှာ ရှိသင့်တဲ့ နှလုံးသားပဲ..."

သူက သူတို့၏ ပတ်လည်သို့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒီနေရာကတောင် ငါတို့ စူးစမ်းဖူးသမျှထက် ပိုနက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ အပေါ်မှာ တည်ဆောက်ထားတာ... ငါတို့ရဲ့ အကြီးအကဲတွေက သူတို့ဆီမှာ ရှိတာတွေကို စွန့်စားရမှာ ကြောက်လို့... ပြီးတော့ ပိုပြီး နက်နက်ရှိုင်းရှိုင်း မတူးဆွရဲလို့ ကျောက်စိမ်းအဆင့် မှာပဲ ရပ်နေကြတာ... ငါကတော့ အဲဒီလို မဟုတ်ဘူး..."

အပြင်ဘက်မှနေ၍၊ ရိုက်ခတ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး၊ သတ္တုများ ကျိုးပဲ့လုမတတ် ကွေးညွှတ်သွားသည့် အသံများ ထွက်ပေါ်လာလေသည်။ ဝှိုက်ဟော၏ မျက်နှာအမူအရာက မာထန်သွားလေသည်။

"အခု ရွေးချယ်တော့... ငါနဲ့ ပူးပေါင်းပြီး အတူတူ တက်လှမ်းမလား... ငါတို့ အတူတူ ထွက်သွားကြမယ်... ဒါမှမဟုတ် မင်းကို ငါ ဒုက္ခိတ ဖြစ်အောင် လုပ်ပြီး... ဓားတပည့် နဲ့ ငါ့ဘာသာ အဆုံးအဖြတ် ခံယူရမလား..."

လင်းတုန်းသည် သူ၏ ရွေးချယ်စရာများကို သေချာစွာ စဉ်းစားချင့်ချိန်နိုင်စွမ်းအပေါ် ဂုဏ်ယူလေ့ရှိသည်။ သူသည် ယီရင်ကို သစ္စာဆိုထားခဲ့သော်လည်း၊ သူက ကြေးအဆင့် ပင် မဟုတ်သေးပေ။ ကောင်းကင်ဘုံ က မည်ကဲ့သို့သော သစ္စာဆိုမှုမျိုးကို တောင်းဆိုသည်ဖြစ်စေ၊ ၎င်းက သူ၏ အမြုတေ ကိုတော့ ဖျက်ဆီးပစ်မည် မဟုတ်ပေ။

သို့သော် သူသည် အခြေခံအဆင့် တွင်သာ ရှိနေသေးသော်လည်း၊ သူ့ထံတွင် မည်သည့်အခါမျှ ကွေးညွှတ်သွားမည် မဟုတ်သော သံမဏိစိတ်ဓာတ် အချို့ ရှိနေလေသည်။

သူသည် သူရဲဘောကြောင်သူ တစ်ဦး မဟုတ်ပေ။ ယီရင် ဖမ်းဆီးခံရအောင် သူ ထားရစ်ခဲ့မည် မဟုတ်ပေ။ ပြီးတော့၊ အခြား အရာအားလုံးထက် ပို၍...

"ဒါက ကျွန်တော့်ရဲ့ ဒုတိယ ဘဝပဲ..."

လင်းတုန်းက ပြောလိုက်သည်။ သူသည် တိမ်တိုက် ပေါ်မှ တွန်းထလိုက်ပြီး၊ သူ၏ ပင်ပန်းနွမ်းနယ်နေသော ခြေထောက်များပေါ်တွင် ဟန်ချက်ညီအောင် ရပ်လိုက်လေသည်။ ဝှိုက်ဟော၏ မျက်ခုံးများ စုကျုံးသွားသော်လည်း၊ လင်းတုန်းက သူ့ကို ယုံကြည်လာအောင် ဖြောင်းဖျရန် ဂရုမစိုက်တော့ပေ။

"ဒါက ကောင်းကင်ဘုံ က ပေးတဲ့ လက်ဆောင်ပဲ... အဲဒါကို အလဟဿ ဖြုန်းတီးပစ်မယ့်အစား သေလိုက်တာကမှ ပိုကောင်းမယ်..."

သူက ပခုံးတွန့်ပြလိုက်သည်။

"အနည်းဆုံးတော့ ကြိုးစားရင်းနဲ့ သေရတာပေါ့..."

သူသည် ဝှိုက်ဟော၏ ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေသည်။ ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေသော်လည်း၊ သူ၏ လွတ်ဟာနေသော လက်ချည်းသက်သက်ကို ဖော်ပြထားလေသည်။ သူ့ထံတွင် ထုတ်သုံးစရာ ဖဲချပ်များ မကျန်တော့သလို၊ ကစားစရာ လှည့်ကွက်များလည်း မကျန်တော့ပေ။ ၎င်းတွင် တိကျသော ငြိမ်းချမ်းမှု တစ်မျိုး ရှိနေလေသည်။

ဝှိုက်ဟော၏ မျက်နှာသည် ရွံရှာမုန်းတီးမှုဖြင့် တွန့်လိမ်သွားပြီး၊ ဓားမြှောင်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။

"အမှိုက်..."

ထိုအရာပ သူ ပြောလိုက်သော တစ်ခွန်းတည်းသော စကားပင် ဖြစ်သည်။ သူသည် သူတို့ နှစ်ဦးကြားရှိ အကွာအဝေးကို ခြေတစ်လှမ်းတည်းဖြင့် ကျော်ဖြတ်လိုက်ပြီး၊ သူ၏ လက်ဝါးက လင်းတုန်း၏ ချက်အောက်တည့်တည့်ကို ရိုက်ခတ်သွားလေသည်။

အကြီးအကဲ ၏ တိုက်ခိုက်မှုအတွင်း ဓားသွားပေါ် ကခုန်နေရသည့် နောက်ဆုံး အခိုက်အတန့်လေးမှာပင်၊ သူ့ထံတွင် နောက်ထပ် ဖဲချပ် တစ်ချပ် ကျန်နေသေးကြောင်း လင်းတုန်း သတိရသွားလေသည်။

အမြွှာကြယ် နှလုံးသား လှည့်ပတ်ကျင့်ကြံခြင်း နည်းစနစ်သည် သူ၏ အမြုတေ ကို ပြင်ဆင်နေခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် သူသည် ထိုနောက်ဆုံး ခြေလှမ်းမတိုင်မီတွင် အမြဲတမ်း ရပ်တန့်ထားခဲ့လေသည်။ ယခုအခါ၊ အကြီးအကဲ ဝှိုက်ဟောက သူ၏ လောင်ကျွမ်းနေသော မာဒြာ များကို လင်းတုန်း၏ အမြုတေ ထဲသို့ ထိုးသွင်းလိုက်ချိန်တွင်၊ လင်းတုန်းသည် ထိုနည်းစနစ်ကို အသက်သွင်းလိုက်လေသည်။

သူသည် သူ၏ အမြုတေ ကို နှစ်ပိုင်း ဆွဲဖြဲပစ်လိုက်လေသည်။

ထိုနာကျင်ကြေကွဲမှုမှာ ပြောမပြတတ်အောင် ပြင်းထန်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက်ပင် ကျော်လွန်နေလေသည်။ သူ၏ အော်ဟစ်သံက ဘိုးဘေး ဂူသင်္ချိုင်း ၏ ထောင့်တိုင်းကို တုန်ခါသွားစေလေသည်။ ဝှိုက်ဟော၏ စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ရေပွက်ပွက်ဆူသကဲ့သို့ စီးဝင်လာလေသည်။ ဗလာ လက်ဝါး သည် နည်းစနစ် တစ်ခုအနေဖြင့် ထူးခြားရခြင်းမှာ၊ ၎င်းက ကျင့်ကြံသူ တစ်ဦးကို အဆင့်တူ ရန်သူတစ်ဦးအပေါ် သက်ရောက်မှု ရှိစေနိုင်သောကြောင့်သာ ဖြစ်သည်။ ကျောက်စိမ်းအဆင့် တစ်ယောက်အနေဖြင့် ဝိညာဉ်မဲ့ တစ်ယောက်၏ ဝိညာဉ်ကို ဖျက်ဆီးရန် နည်းစနစ် တစ်ခု မလိုအပ်ပေ။ သူသည် အားနည်းသော အမြုတေ ကို သူ၏ စွမ်းအားဖြင့် လွှမ်းမိုးလိုက်ရုံဖြင့်၊ ဖိအားကြောင့် ပေါက်ကွဲထွက်သွားစေမည် ဖြစ်သည်။

သို့သော် အကယ်၍ လင်းတုန်း၏ အမြုတေသာ ပေါက်ကွဲသွားခဲ့လျှင်လည်း၊ သူ ၎င်းကို မခံစားလိုက်ရပေ။ ၎င်းကို နှစ်ပိုင်း ဆွဲဖြဲလိုက်ရခြင်း၏ နာကျင်ကြေကွဲမှုက အရာအားလုံးကို ဗလာကျင်းသွားစေပြီး၊ သူ၏ ကမ္ဘာကြီးကို အဖြူရောင်ဖြင့် ဖုံးလွှမ်းသွားစေလေသည်။ သူသည် ကျောက်ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး၊ ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုကို သူ ကြိုဆိုလက်ခံလိုက်လေသည်။

သူ သတိပြန်ရလာသောအခါ၊ ဝှိုက်ဟောသည် တံခါးဆီသို့ ခြေတစ်လှမ်းသာ လှမ်းရသေးလေသည်။ လက်ဝါး ရိုက်ခတ်ခံလိုက်ရသော နေရာရှိ လင်းတုန်း၏ ဗိုက်အရေပြားမှာ မီးလောင်ကျွမ်းနေလေသည်။ သူ၏ ဝိညာဉ်က သူ့အလိုလို လျင်မြန်စွာ လှည့်ပတ်နေပြီး၊ ပြင်ပမှ ဝင်ရောက်လာသော ကောင်းကင် ဂုဏ်သရေ မာဒြာ များကို ဖယ်ရှားပစ်ရန် ကြိုးစားနေလေသည်။ သူ၏ သွေးကြောများက မီးလောင်နေသကဲ့သို့ ခံစားရသော်လည်း၊ ထိုအရာကပင် သူ၏ အမြုတေ ကို ဆွဲဖြဲပစ်လိုက်ရခြင်းနှင့် ယှဉ်လျှင် သက်သာရာရမှု တစ်ခု ဖြစ်နေလေသည်။

ပြီးတော့ သူ၏ အမြုတေ အကြောင်းကို သူ တွေးလိုက်မိသောအခါ...

သူ၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းက သူ၏ ဝိညာဉ် အမြုတေ ဆီသို့ ဆင်းသက်သွားလေသည်။ ထိုနေရာတွင် မှေးမှိန်နေသော အလင်းလုံး နှစ်ခုက အပြာနှင့် အဖြူရောင် ကြယ်လေးများကဲ့သို့ သူ၏ အတွင်း၌ လွင့်မျောနေကြလေသည်။ အားနည်းနေသော်လည်း၊ အပြည့်အဝ ရှိနေပြီး အထိအခိုက် မရှိပေ။

မျက်တောင်တစ်ခတ်စာမျှ စဉ်းစားလိုက်ပြီးနောက်… ဘာကြောင့်လဲ ဆိုတာကို သူ နားလည်သွားလေသည်။ အမြုတေ များ ကွဲထွက်သွားချိန်တွင်၊ ၎င်းတို့ နေရာရွှေ့သွားခဲ့ခြင်း ဖြစ်သည်။ ယခင်က သူ၏ ခန္ဓာကိုယ် အလယ်ဗဟိုတွင် တစ်ခုတည်း ရှိခဲ့ရာမှ၊ ယခုအခါ ဘယ်ဘက်သို့ လက်မဝက်ခန့် အကွာတွင် တစ်ခုနှင့်၊ ညာဘက်သို့ လက်မဝက်ခန့် အကွာတွင် တစ်ခု ရှိနေလေပြီ။

ဝှိုက်ဟောလွဲချော်သွားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင် ဂုဏ်သရေက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သော်လည်း၊ သူ့ကို မီးလောင်ရုံသာ လောင်ကျွမ်းစေခဲ့သည်။ သူ ဒုက္ခိတ မဖြစ်သွားခဲ့ပေ။ အနည်းဆုံးတော့ အရင်ကထက် ပိုဆိုးမသွားခဲ့ပေ။

သို့သော်… အမြုတေ နှစ်ခု ရှိနေသဖြင့် သူ ပိုမို အစွမ်းထက်လာခြင်း မရှိသည်မှာ သေချာလေသည်။ တကယ်တော့ အနာဂတ်တွင် ကျင့်ကြံ ခြင်းက နှစ်ဆ ပို၍ ခက်ခဲလာပေလိမ့်မည်။ သို့သော် သူ့ထံတွင် အရေးပါသော အသာစီးရမှု တစ်ခု ရှိနေလေသည်။ ဝှိုက်ဟောက သူ့ကို စောင့်ကြည့်မနေခြင်းပင် ဖြစ်သည်။

ထို့အပြင်… သူ၏ ကျောက်စိမ်းအဆင့် ဝိညာဉ်က သူ့ကို ဘယ်လောက်ပဲ အစွမ်းထက်အောင် ဖန်တီးပေးထားပါစေ၊ သူက ရှစ်နှစ်အရွယ် ကောင်လေး တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲ ဖြစ်လေသည်။

လင်းတုန်း ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ခွန်အားများကို ဆင့်ခေါ်လျက်၊ မာဒြာ အစအန တိုင်းကို အသည်းအသန် ရှာဖွေစုဆောင်းရင်း၊ မတ်တပ်ထရပ်ကာ ရှေ့သို့ ခုန်ဝင်လိုက်လေသည်။ ဝှိုက်ဟောမတုံ့ပြန်နိုင်မီမှာပင်၊ လင်းတုန်းသည် သူ၏ လက်နှစ်ဖက်ကို ထိုသက်ကြီးပု၏ သေးငယ်သော ခါးလေး တစ်ဝိုက်တွင် ရစ်ပတ်ထားလိုက်လေပြီ။

ထို့နောက် သူသည် အကြီးအကဲ ဝှိုက်ဟောကို လေထဲသို့ ပင့်မြှောက်လိုက်လေတော့သည်။

All Chapters