အခန်း (၇၉-၈၀)
Vol. 6 Ch. 79-80
အပိုင်း(၇၉)
လင်းတုန်းက နံရံဆီသို့ ယိမ်းထိုး လျှောက်သွားချိန်တွင်၊ အကြီးအကဲသည် နားလည်၍မရသော အသံများဖြင့် စူးစူးဝါးဝါး အော်ဟစ်နေလေသည်။ ဖိနပ်တစ်ဖက်က လင်းတုန်း၏ နှာခေါင်းကို ဂျွတ်ခနဲ အသံမည်အောင် ဝင်ဆောင့်သွားသည်။ ထိုအခါ သွေးများက သူ၏ ပါးစပ်ထဲသို့ စီးကျလာလေသည်။ ကောင်းကင် ဂုဏ်သရေ၏ အလင်းလှံတံများက ဆေးခြယ်ထားသော မျက်နှာကြက်၊ တိုင်လုံးများနှင့် နံရံများကို ရိုက်ခတ်သွားသည်။ သို့သော် တစ်ခုမှ လင်းတုန်းထံသို့ မရောက်လာခဲ့ပေ။
မကြာခင် ရမ်းကားနေသော လက်သီးတစ်ချက်က သူ၏ ခေါင်းဘေးဘက်ကို ထိမှန်သွားသည်။ ထိုအခါ သူ၏ ပတ်လည်ရှိ လောကကြီးက လည်ထွက်သွားလေသည်။ သူ မှန်ကန်သော လမ်းကြောင်းသို့ သွားနေပါစေဟု မျှော်လင့်ရင်း၊ ခြေဆွဲကာ ရှေ့သို့ ဆက်သွားလေသည်။
အောက်ခြေ ကြမ်းပြင်က သူ၏ ခြေအောက်မှ ပြုတ်ကျသွားသောအခါ၊ သူ မှန်ကန်စွာ ရွေးချယ်ခဲ့ကြောင်း သူ သိလိုက်လေသည်။ သူတို့သည် ယီရင်မတော်တဆ ဖွင့်ထားခဲ့သော နံရံဘေးဘက်ရှိ အပေါက်ထဲမှ လိမ့်ထွက်သွားကြလေသည်။
ဝှိုက်ဟောက သူ့ထံမှ အဝေးသို့ လွင့်စင်သွားသည်။ လက်တစ်ဖက်က လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေပြီး အခြား လက်တစ်ဖက်မှ ရွှေရောင် အလင်းတန်းများ ပစ်လွှတ်နေလေသည်။ သူ၏ မျက်လုံးများက လင်းတုန်းနှင့် ဆုံသွားသည်။ ထိုအခါ သူသည် စိတ်ရှုပ်ထွေးပြီး ထိတ်လန့်နေသော ကောင်လေးတစ်ယောက်ကဲ့သို့ သနားစရာကောင်းအောင် ပုံပေါက်နေလေသည်။
လင်းတုန်း အနေဖြင့် စိုးရိမ်ပူပန်မှု အချို့ကို မတားဆီးနိုင်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ အကြိမ်ကြိမ် ပြုတ်ကျခဲ့ဖူးလေပြီ။ ၎င်းကို မျှော်လင့်ထားရန် သူ သင်ယူခဲ့ပြီး ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့၊ သူ ကြိုတင် စီစဉ်ထားခဲ့လေသည်။ လွင့်မျောနေသော အနီရောင် တိမ်တိုက်၏ အစွန်းကို သူ ဖမ်းဆွဲလိုက်နိုင်လေသည်။
မိုင်တစ်ထောင် တိမ်တိုက်ကို သူ၏ နောက်မှ ဆွဲခေါ်လာရန်အတွက် သူ့ထံတွင် ကျန်ရှိနေသော နောက်ဆုံး ခွန်အားစက်ကလေးအထိ အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ မျက်နှာပြင်ပေါ်သို့ သူ့ကိုယ်သူ ဆွဲတင်ပြီးသောအခါ၊ သူသည် လုံးဝ အားအင်ကုန်ခမ်းလျက် ခွေကျသွားလေတော့သည်။
ဤတစ်ကြိမ်၊ နောက်ဆုံးတွင်တော့ သူ့ထံ၌ ဘာဆိုဘာမှ မကျန်တော့ပေ။ မာဒြာ လည်း မရှိ၊ ခွန်အားလည်း မရှိတော့ချေ။ သူ၏ မျက်လုံးများပင် မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီး၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးများ ပြည့်နှက်နေကာ၊ သူ၏ နားများသည်လည်း တိုက်ခတ်နေသော လေပြင်းများကြောင့် အူနေလေသည်။ အိပ်မက်တစ်ခုထဲတွင် ကဲ့သို့ သူ လွင့်မျောနေခဲ့သည်။ နာကျင်မှုနှင့် အသက်ရှင်ခွင့်ရခြင်းအတွက် ကျေးဇူးတင်မှုမှလွဲ၍ ဘာကိုမျှ သူ မခံစားရတော့ပေ။
သူ၏ ဝိညာဉ်ထံမှ လမ်းညွှန်မှု မရှိတော့သဖြင့်၊ တိမ်တိုက်သည် မြေပြင်ဆီသို့ ဖြည်းညင်းစွာ လွင့်မျောဆင်းသက်သွားလေသည်။
သူ၏ အောက်ဘက် ပေရာပေါင်းများစွာ အကွာတွင်၊ အကြီးအကဲ ဝှိုက်ဟော၏ ခန္ဓာကိုယ်က ကျောက်ဆောင်များကို ဝင်ဆောင့်သွားလေသည်။ အကြီးအကဲ အသက်ရှင်သွားမည်ကို ထိတ်လန့်လျက်၊ ပိုမို သေချာစွာ ကြည့်ရှုနိုင်ရန် သူ၏ မျက်လုံးများထဲမှ မျက်ရည်များကို သူ သုတ်ဖယ်လိုက်သည်။ သို့သော် ထိုအခါ ရွှေရောင် ဝိညာဉ်အကြွင်းအကျန် တစ်ခုက ကလေး အလောင်းထဲမှ ရုန်းထွက်လာလေသည်။ ၎င်းမှာ တွန့်လိမ်နေသော လူပုလေး တစ်ကောင် ဖြစ်သည်။ တောက်ပသော အဝါရောင် မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသော ပုံပျက်ပန်းပျက် မကောင်းဆိုးဝါးလေး တစ်ကောင် ဖြစ်လေသည်။
‘ငါက ကျောက်စိမ်းအဆင့် တစ်ယောက်ကို သတ်လိုက်ပြီးမှ... သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန် လက်ချက်နဲ့ ပြန်သေရမယ် ဆိုရင်တော့... ဒါက ကဗျာဆန်လွန်းရာ ကျနေလိမ့်မယ်...’
လင်းတုန်းက တွေးတောလိုက်မိသည်။ ဝိညာဉ်အကြွင်းအကျန် တိုင်းက မကောင်းယုတ်မာကြသည်တော့ မဟုတ်ပေ။ သို့သော် ဝှိုက်ဟော၏ ဝိညာဉ်အကြွင်းအကျန် ကတော့ သေချာပေါက် ယုတ်မာလိမ့်မည်ဟု လင်းတုန်း သံသယရှိနေမိသည်။ ၎င်းက လွင့်မျော ထွက်ခွာမသွားခဲ့ပေ။ ဖားတစ်ကောင်ကဲ့သို့ ဆောင့်ကြောင့်ထိုင်လျက်၊ လင်းတုန်း၏ တိမ်တိုက် ဆင်းသက်လာမည့် အချိန်ကို စောင့်ကြည့်နေလေသည်။
ယခုတော့ သူ ဤနေရာတွင် ရှိနေလေပြီ။ ရွေးချယ်စရာ ဘာမှ မကျန်တော့ဘဲ၊ ရှောင်လွှဲ၍မရနိုင်သော သေခြင်းတရားဆီသို့ ဖြည်းညင်းစွာ လျှောဆင်းသွားရန် စောင့်ဆိုင်းနေရလေသည်။ ၎င်းမှာ သူ သေဆုံးရမည်ဟု စိတ်ကူးထားခဲ့သော ပုံစံမျိုး မဟုတ်ပေ။ သို့သော်လည်း... ဤဇာတ်လမ်းက သူ၏ မိသားစုနားသို့ ပြန်ပေါက်ပါစေဟု သူ မျှော်လင့်မိသည်။ သူ ဘယ်လောက်တောင် ခရီးပေါက်ခဲ့သလဲ ဆိုတာကို သူတို့ အံ့သြသွားကြပေလိမ့်မည်။
ဘုတ်...
အလေးချိန် တစ်ခုက မိုင်တစ်ထောင် တိမ်တိုက် ပေါ်သို့ ပြုတ်ကျလာပြီး၊ လင်းတုန်း၏ မျက်လုံးများပေါ်သို့ အမှောင်ထု ကန့်လန့်ကာ တစ်ခု ကျဆင်းလာလေသည်။ ထို့နောက် ထိုအလေးချိန်က သူ၏ အပေါ်သို့ ဖိကျလာ၏။ ကျောပိုးအိတ်နှင့် ဖိကပ်နေသည့် နောက်ကျောဒဏ်ရာက ယခုထက် ပို၍ ဆိုးစရာ အကြောင်း မရှိတော့ချေ။ ဖိအားအောက်တွင် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့သွားသဖြင့်၊ သူ၏ ပါးစပ်မှ အသက်ရှူကျပ်နေသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
ယီရင်သည် သူမ၏ အပြင်ဘက် ဝတ်ရုံကို သူ၏ မျက်လုံးများပေါ်မှ ဖယ်ရှားလိုက်ပြီး၊ သူ့ကို ဇောက်ထိုး ငုံ့ကြည့်လိုက်လေသည်။ သူမက... ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် ရှိနေလေသည်။ အရင်က သူမ သေလုမျောပါး ဖြစ်နေသည်ဟု သူ ထင်ထားခဲ့ဖူးသည်။ သို့သော် ယခု သူမ၏ မျက်နှာပေါ်ရှိ သွေးစိမ်းများနှင့်ဆိုလျှင်၊ သူမသည် သူမ၏ ကိုယ်ပိုင် သင်္ချိုင်းတွင်းထဲမှ တွားသွား ထွက်လာသူ တစ်ဦးနှင့် တူနေလေသည်။
"အောက်ပြုတ်မကျစေနဲ့..."
သူမက ပြောလိုက်ရာ၊ လင်းတုန်းက သူမ၏ အကြံဉာဏ်ကို လက်ခံ၍ တိမ်တိုက် ကို သူ၏ ခန္ဓာကိုယ်ဖြင့် ဖက်တွယ်ထားလိုက်လေသည်။
ယီရင်၏ မာဒြာ က မှော်ပစ္စည်း ထဲသို့ တိုးဝင်သွားပြီး ၎င်းက လေထဲသို့ နောက်တစ်ကြိမ် ဆောင့်တက်သွားလေသည်။ ၎င်းက အပေါ်သို့ တက်ချင်သည့်ပုံ မပေါ်သော်လည်း၊ သူမက ၎င်းကို အတင်းအကျပ် တွန်းတင်လိုက်သည်။ အချိုးမကျသော ဆောင့်တက်မှု ပုံစံဖြင့် ကျောက်ကမ်းပါးဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။ နောက်ဆုံးတွင်... ၎င်းသည် ဂူသင်္ချိုင်း နံရံရှိ အပေါက်မှတစ်ဆင့် လျှောဝင်သွားပြီး သူတို့ နှစ်ဦးစလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြလေသည်။
"ကျေးဇူးတင်ပါတယ်..."
လင်းတုန်းက အမောတကော ပြောလိုက်သည်။ သူမက အသိအမှတ်ပြုသည့် အနေဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုအခါ သံမဏိ လက်တံတစ်ခုက ၎င်းနှင့်အတူ မြင့်တက်လာလေသည်။ ၎င်းမှာ ဓားသူတော်စင် ၏ ဝိညာဉ်အကြွင်းအကျန် ၏ ကျောပြင်ရှိ ဓားသွား ခြောက်ခုထဲမှ တစ်ခုနှင့် ပုံစံတူပင် ဖြစ်သည်။ ယခုအခါ ၎င်းသည် ယီရင်၏ ကျောပြင်မှနေ၍ ပင့်ကူ တစ်ကောင်၏ ခြေထောက် တစ်ချောင်းကဲ့သို့ တွဲလောင်းကျနေလေသည်။
"ရွှေအဆင့် ဆိုတာ အဲဒီလို ပုံစံမျိုးလား..."
သူက မေးလိုက်သည်။
ယီရင်သည် သူမ၏ ဝတ်ရုံများထဲတွင် စမ်းသပ်ရှာဖွေကာ အိတ်ကပ်များကို မွှေနှောက်လိုက်လေသည်။
"ငါ့ မှတ်ဉာဏ်သာ မှန်မယ်ဆိုရင်... ဆရာက ငါ့အတွက် ချန်ထားခဲ့တာ..."
တစ်ခဏအကြာတွင်၊ သူမ၏ လက်သည် ခိုင်မာသော ရွှေစင် တံဆိပ်ပြား တစ်ခုနှင့်အတူ ထွက်ပေါ်လာလေသည်။ အလယ်ဗဟိုတွင် ရိုးရှင်းသော ဓားပုံစံ တစ်ခု ပါရှိသည်။ သူမက ဖဲကြိုးကို လည်ပင်းတွင် စွပ်လိုက်ပြီး တံဆိပ်ပြား ကို ကိုင်ကာ စစ်ဆေးကြည့်လိုက်လေသည်။
လင်းတုန်း တစ်ယောက် ခွေကျသွားပြီး သာယာသော သက်သာရာရမှုတွင် နစ်မြုပ်နေလိုက်သည်။ သူ၏ အသက်ကို သူ အလဟဿ မဖြုန်းတီးခဲ့ရပေ။ ထို့အပြင် အခုဆိုလျှင် သူ့ဘက်မှာ ရွှေအဆင့် တစ်ယောက် ရှိနေပြီ ဖြစ်သည်။
"အခုကော ငါ့ကို ယုံပြီလား..."
သူက မေးလိုက်သည်။
"လုံးဝ မယုံတာထက်စာရင်တော့ ပိုလာပါပြီ... ငါတို့ အတွက် အစစ်အမှန် စမ်းသပ်မှုက ရောက်မလာသေးဘူး"
သူမက တုံ့ပြန်လိုက်သည်။ သူမကိုယ်သူမ ထိုင်လျက် အနေအထားသို့ အားယူ ရွှေ့လိုက်ရာ၊ သူမ၏ ကျောပြင်ရှိ ခြေတံအသစ်က သူမနှင့်အတူ လှုပ်ရှားသွားလေသည်။
လင်းတုန်းက လည်ပင်းကို ဆန့်ထုတ်ကာ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး၊ ငိုချင်လုမတတ် ဖြစ်သွားလေသည်။ အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော အမျိုးသားများနှင့် အမျိုးသမီးများကို သယ်ဆောင်လာသည့် သံချေးရောင် တိမ်တိုက် နောက်ထပ် သုံးခုက ရပ်တန့်သွားလေပြီ။
"ကြည့်ပါဦး..."
သူက ပြောလိုက်သည်။
"အခုပဲ ရောက်လာပြီ..."
ယီရင်က သူ့ကို ကြားသည့်ပုံ မပေါ်ပေ။ သူမသည် ဂူသင်္ချိုင်း၏ ထောင့်တစ်နေရာတွင် ဒူးထောက်နေလေသည်။ အရင်က သူ သတိမထားမိခဲ့သော အရာတစ်ခု၏ ဘေးတွင် ဖြစ်သည်။
အမည်းရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး၏ အလောင်းပင်...။
သူ၏ ပတ်လည်ရှိ ကျောက်တုံးများမှာ မည်းနက်ပြီး ရှည်လျားသော မျဉ်းကြောင်းကြီး တစ်ကြောင်းအဖြစ် မီးလောင်ကျွမ်းနေလေသည်။ သူ၏ ဘေးတွင် ဓားတစ်လက်က အကာအကွယ်မဲ့စွာ ရှိနေသည်။ ဓားသွားမှာ သဘာဝမကျလောက်အောင် ဖြူလွလွ ဖြစ်နေလေသည်။
ယီရင်က နဖူးကို မြေကြီးနှင့် ထိသည်အထိ သူမ အလွန် နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ ကောင်းကင် ဂုဏ်သရေ မှ ပထမဆုံး အမျိုးသားက တံခါးမှတစ်ဆင့် ပြေးဝင်လာချိန်တွင်၊ သူမက တတိယ အကြိမ်မြောက် အရိုအသေ ပေးလိုက်သည်။ ထိုလူ၏ လက်များက ရွှေရောင် တောက်ပနေပြီး၊ သူ၏ ကျောက်စိမ်းအဆင့် တံဆိပ်ပြား က သူ့ကို ကာကွယ်သူ တစ်ဦးအဖြစ် ဖော်ပြနေလေသည်။ ဒေါသထွက်နေသော မျက်လုံးများက လင်းတုန်းအပေါ်သို့ ပထမဆုံး ကျရောက်လာလေသည်။
"တပည့်... အစီရင်ခံစမ်း..."
သူက အမိန့်ပေးလိုက်လေသည်။
***
အပိုင်း(၈၀)
ယီရင်သည် ဆရာဖြစ်သူ၏ အလောင်းဘေးမှ ဖြည်းညင်းစွာပင် မတ်တပ်ထရပ်လိုက်လေသည်။ သူမသည် သူမ၏ ကိုယ်ပိုင် ဓားကို ဆရာဖြစ်သူနှင့်အတူ ထားရစ်ခဲ့ပြီး၊ အဖြူရောင် အသွား ပါသော ဓားကို သူမ၏ ဘေးရှိ ဓားအိမ်ထဲသို့ လျှောသွင်းနေလေသည်။ သူမ၏ ကျောပြင်ရှိ ငွေရောင် ဓားသွားက ကင်းမြီးကောက် တစ်ကောင်၏ အမြီးကဲ့သို့ မြင့်တက်လာ၏။ သူမက အမာရွတ်များရှိသော မျက်နှာကို ကောင်းကင် ဂုဏ်သရေ အကြီးအကဲ ဘက်သို့ လှည့်လိုက်လေသည်။ ရွှေရောင် တံဆိပ်ပြား တစ်ခုက သူမ၏ လည်ပင်းမှ တွဲလောင်းကျနေလေသည်။
ကျောက်စိမ်းအဆင့် သည် လျင်မြန်စွာ နောက်ဆုတ်သွာ၏။ မသိလျှင်... တစ်စုံတစ်ယောက်က သူ့ကို ကန်ထုတ်လိုက်သည့်အလား ပင်။ သူက အခြားသူများကို ရပ်တန့်ရန်၊ နောက်ဆုတ်ရန်၊ ဂူသင်္ချိုင်း ကို ဝန်းရံထားရန် အော်ဟစ်လိုက်လေသည်။
ခန္ဓာကိုယ် ထုံကျဉ်မသွားမီ သူသည် တင်းမာမှုနှင့် အကြောက်တရားများကို အတိုင်းအတာ တစ်ခုအထိသာ ခံနိုင်ရည်ရှိကြောင်း လင်းတုန်း ရှာဖွေတွေ့ရှိသွားလေသည်။ ယီရင်သည် သူမ တစ်ယောက်တည်းဖြင့်ပင် ကောင်းကင် ဂုဏ်သရေ မှ လူများကို ဂူသင်္ချိုင်း နှင့် ဝေးရာသို့ ကြောက်ရွံ့ ထွက်ပြေးသွားအောင် လုပ်နိုင်လေသည်။ အကယ်၍ သူမ မလုပ်နိုင်ခဲ့လျှင်လည်း၊ သူက များများစားစား ကူညီနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အချိန်အတော်ကြာကတည်းက သူ့ကို အနှောင့်အယှက်ပေးနေခဲ့သော သာမန် ယူဆချက်တစ်ခုကို လက်တွေ့စမ်းသပ်ရန် သူ လွတ်လပ်ခွင့် ရသွားလေသည်။
သူ ကျောပိုးအိတ်ထဲမှ ကြယ်ကြာပန်း အဖူးကို သူ ထုတ်ယူလိုက်သည်။ ၎င်းမှာ ပန်းရောင်အစင်းကြောင်းများ ပါရှိသော ဖြူဖျော့ဖျော့ အရောင်ဖြစ်လေသည်။ ပုံမှန်အားဖြင့် ဝိညာဉ်အကြွင်းအကျန်များနှင့်သာ သက်ဆိုင်လေ့ရှိသည့် သန့်စင်သော အရောင်မျိုး ဖြစ်သည်။ ၎င်း၏ ပွင့်ဖတ်များက အပြည့်အဝ ပွင့်အာရန် ကြိုးစားနေဆဲမှာပင် အေးခဲသွားသည့်အလား တစ်ဝက်တစ်ပျက်သာ ပွင့်နေလေသည်။ တကယ့်ကို သဘာဝက ဖန်တီးထားသော အနုပညာလက်ရာ တစ်ခုပင် ဖြစ်သည်။
သူက ၎င်းကို တစ်ဝက် ကိုက်ဖြတ်လိုက်လေသည်။ ၎င်းက အနည်းငယ် ခါးသက်သက်နှင့် ချိုမြိန်သည့် မြက်ပင်နှင့် တူလေသည်။ သို့သော် သူ၏ လျှာပေါ်တွင် သကြားကဲ့သို့ အရည်ပျော်သွားလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ ၎င်းကို မျိုချလိုက်သည်။ ထို့နောက် ခြေပလ္လင်ခွေ ထိုင်ကာ ကျောကို မတ်ထားပြီး လှည့်ပတ်ကျင့်ကြံရန် အနေအထားသို့ ပြင်ဆင်လိုက်လေသည်။
"သူတို့က ကျားမြီးကို ဆွဲချင်နေကြတာပဲ... ဟုတ်တယ်မလား..."
ယီရင်က ပြောလိုက်သည်။
"တကယ်လို့ သူတို့ရဲ့ ဝေစုကို နောက်ကျမှရတာထက် စောစောလိုချင်နေတယ် ဆိုရင်တော့... ငါ... ဟမ်... နင် ဘာလုပ်နေတာလဲ..."
ဝိညာဉ်သစ်သီး၏ စွမ်းအင်များသည် လင်းတုန်း၏ စိတ်အာရုံထဲတွင် ပန်းရောင်သန်းနေသော အဖြူရောင် တောက်ပသည့် အလင်းတန်းများအဖြစ် ထွက်ပေါ်လာလေသည်။ အကယ်၍ ၎င်းက စားသုံးနိုင်သော ပန်းတစ်ပွင့် ဖြစ်နေမည်ဆိုလျှင်တောင် ဝိညာဉ်သစ်သီး ဟု ခေါ်နိုင်သေးသလော...။ ထိုသို့ ခေါ်နိုင်မည်ဟု သူ ယူဆလိုက်သည်။ ၎င်းတို့သည် သူ၏ အစာအိမ်ထဲတွင် ပြန့်ကျဲသွားပြီး၊ သူ၏ ဝိညာဉ် သွေးကြောများ တစ်လျှောက် အလင်းမြစ်တစ်စင်းအဖြစ် စီးဆင်းသွားကာ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ယားကျိကျိ ဖြစ်စေလေသည်။ ၎င်းတို့က သူ၏ ခန္ဓာကိုယ် တစ်ဝိုက်သို့ လှည့်ပတ်သွားပြီးနောက်၊ အမြုတေထဲသို့ ဝင်ရောက်ရန် ကြိုးစားကြလေသည်။
ပို၍ တိတိကျကျ ပြောရလျှင်တော့၊ သူ၏ အမြုတေများထဲသို့ ဖြစ်သည်။
အမြွှာကြယ် နှလုံးသား ကျင့်စဉ်ကို ပထမဆုံး ဖတ်ရှုခဲ့ရချိန်ကတည်းက၊ ထိုနည်းစနစ်ကို ကာကွယ်ရေး အပြင် အခြား မည်သည့်နေရာများတွင် အသုံးပြုနိုင်သလဲဆိုသည်ကို သူ တွေးတောခဲ့ဖူးလေသည်။ သူ၏ အမြုတေကို နှစ်ပိုင်း မဆွဲဖြဲဘဲနှင့် ထိုအရာများကို သူ လက်တွေ့ မစမ်းသပ်နိုင်ခဲ့ပေ။ သို့သော် ယခုတော့ သူ့အတွက် အခွင့်အရေး ရလာခဲ့လေပြီ။
အမြုတေ တစ်ခုကို တင်းကျပ်စွာ ပိတ်ထားလျက်၊ ကြယ်ကြာပန်း မာဒြာ များကို အခြား အမြုတေ တစ်ခုဆီသို့ သူ လမ်းကြောင်းပေး တွန်းပို့လိုက်လေသည်။
ညာဘက်ရှိ အမြုတေသည် ဝိညာဉ်သစ်သီး ၏ အာဟာရကို ချက်ချင်း ရရှိသွားသဖြင့်၊ ပိုမို တောက်ပကာ ပိုမို အစွမ်းထက်လာလေသည်။ ၎င်းက သေးငယ်သော သက်ရောက်မှု တစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ဖြူဖျော့ဖျော့ ပန်းရောင် အစက်အပြောက် များစွာက အမြုတေ ထဲတွင် ကျန်ရှိနေပြီး၊ သူ့ကို အတွင်းမှနေ၍ အပြင်ဘက်သို့ ယားကျိကျိ ဖြစ်စေလေသည်။ ၎င်းတို့ကို လာမည့် ရက်များနှင့် သီတင်းပတ်များ အတွင်း တဖြည်းဖြည်း အစာချေဖျက်သွားရမည် ဖြစ်သည်။
ကြယ်ကြာပန်း ၏ စွမ်းအင်များကို အမြုတေ တစ်ခုထဲသို့ စုစည်းထည့်သွင်းမှု ပြီးဆုံးသွားသောအခါ၊ အခြား တစ်ခုကို သူ စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ လုံးဝကို ရှင်းလင်း သန့်စင်နေလေသည်။
လှည့်ပတ် ကျင့်ကြံ မှုမှ သူ ထွက်ပေါ်လာချိန်တွင် သူ၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု ရှိနေလေသည်။ ယီရင်က သူ့ကို ရယ်မောလိုက်သည်။
"အဲဒီ အကြီးအကဲကို နင့်ရဲ့ သွားတွေနဲ့ အပိုင်းပိုင်း ကိုက်ဖြဲပစ်လိုက်တဲ့ ပုံပေါက်နေတယ်..."
သူသည် သူ၏ ရှေ့သွားများကို ပွတ်သပ်ကြည့်လိုက်ရာ၊ သူ၏ လက်ချောင်းတွင် သွေးများ စေးကပ်ပါလာလေသည်။ သူ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သော်လည်း၊ သူ၏ စိတ်အားထက်သန်မှုကတော့ လျော့ကျမသွားခဲ့ပေ။
"ကြယ်ကြာပန်း တစ်ဝက်ကို ငါ ယူလိုက်တယ်..."
ဝှီး...
ထိုအခိုက်တွင်ပင် ရွှေရောင် အလင်းလှံ တစ်စင်းက တံခါးမှတစ်ဆင့် ပစ်ခတ်လာရာ၊ သူမသည် လက်ထဲရှိ အဖြူရောင် ဓားသွားကို အကာအကွယ်ယူလျက် ဘေးဘက်သို့ ရှောင်တိမ်းလိုက်လေသည်။
"အခုက နင့်ရဲ့ အမြုတေ ကို ရှုပ်ပွအောင် လုပ်ဖို့ အချိန်ကောင်းပဲလို့ နင် ထင်နေတာလား..."
လင်းတုန်းသည် မိုင်တစ်ထောင် တိမ်တိုက် ပေါ်သို့ တက်လိုက်ပြီး၊ သူမကိုပါ အတူတက်ရန် လက်ယပ်ခေါ်လိုက်သည်။
"ငါတို့ တိုက်ခိုက်နေတာမှ မဟုတ်တာ... ပြီးတော့ ငါ့ရဲ့ ယူဆချက် တစ်ခုကို စမ်းသပ်ကြည့်ချင်လို့ပါ..."
"တကယ်လို့ ကောင်းကင် ဂုဏ်သရေက သွေးတွေ ထပ်ထွက်ချင်နေသေးတယ် ဆိုရင်လည်း... ငါက သူတို့ကို မရဘူးလို့ ငြင်းမှာ မဟုတ်ဘူး..."
ယီရင်သည် ဆရာဖြစ်သူ၏ ဖြူရော်ရော် ဓားကို ဘေးဘက်သို့ ဆွဲထုတ်လျက် ပွင့်နေသော တံခါးဆီသို့ လျှောက်သွားလေသည်။
လင်းတုန်း၏ ထုံကျဉ်နေသော နှလုံးသားထဲသို့ပင် ခံစားချက် တစ်ချို့ ပြန်လည် ဝင်ရောက်လာလေသည်။ ထိတ်လန့်မှုပင်။
"ငါတို့ အခု ထွက်သွားရမယ်... တောင်ကြား ရဲ့ အပြင်ဘက်ကို သူတို့ လိုက်လာမှာ မဟုတ်ဘူး..."
သူမက သူ့ကို နားထောင်မနေသဖြင့်၊ သူက ထပ်ဖြည့်ပြောလိုက်သည်။
"နင့်ရဲ့ အသက်ကို ဒီနေရာမှာ ဒီတိုင်း စတေးပစ်ခဲ့တာနဲ့ ပတ်သက်ပြီး နင့်ရဲ့ ဆရာက ဘာပြောမယ် ထင်လဲ..."
သူမသည် နောက်ထပ် အလင်းလှံ တစ်စင်းကို ကာကွယ်ပုတ်ထုတ်လိုက်သော်လည်း၊ ဂူသင်္ချိုင်း ထဲမှ ထွက်မလာခဲ့ပေ။
"ငါ့ရဲ့ လက်ချောင်း အရေအတွက်နဲ့ အညီ သူတို့ထဲက လူတွေကို ငါ သတ်နိုင်ခဲ့ရင်... ဂုဏ်ယူဝင့်ကြွားစွာနဲ့ သေလို့ရပြီလို့ သူ ပြောလိမ့်မယ်..."
“...”
လင်းတုန်း ဆွံ့အသွားသည်။ သူ ချဉ်းကပ်ရန် နည်းလမ်း အများအပြားကို စဉ်းစားကြည့်လိုက်သည်။ သူ၏ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုမှာ၊ သူမ၏ သစ္စာဆိုမှုကို သတိပေးလျက် သူမကို အော်ဟစ်ရန်ပင် ဖြစ်သည်။ တောင်းပန်ရန်၊ အပေးအယူ လုပ်ရန်၊ သူမကို ဒီအတိုင်း ထားရစ်ခဲ့ပြီး တောင်ကြား ၏ အပြင်ဘက်တွင် သူ့ဘာသာ ကံကိုယုံ၍ ခရီးဆက်ရန်အထိပင် သူ စဉ်းစားမိလေသည်။
နောက်ဆုံးတွင်တော့ တိုးညှင်းစွာဖြင့် သူ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို သေဖို့ ထားမခဲ့ပါနဲ့..."
ကောင်းကင် ဂုဏ်သရေ မှ ကာကွယ်သူ သုံးယောက်က သူတို့၏ လက်များကို ရွှေရောင် တောက်ပစေလျက် လှေကားပေါ်သို့ တက်လာချိန်မှာပင်၊ သူမ သိသိသာသာ တုန်လှုပ်သွားလေသည်။ သူမ၏ ဓားကို ဆုပ်ကိုင်ထားမှုက အနည်းငယ် ပြောင်းလဲသွားသည်။ သူမ ရှေ့သို့ ယိမ်းသွားပြီးနောက်၊ အနောက်သို့ ပြန်ဆုတ်လိုက်လေသည်။
ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ၊ ယီရင်သည် သူမ၏ အဖြူရောင် ဓားကို ဂူသင်္ချိုင်း ၏ တံခါးဝ တစ်လျှောက် ကန့်လန့်ဖြတ် ရမ်းလိုက်လေသည်။ အရောင်အသွေး ကင်းမဲ့သော ဓား စွမ်းအင်များက လည်ပင်း အမြင့်ခန့်တွင် လေထဲ၌ တွဲလောင်းကျန်ရစ်ခဲ့သည်။ သူမလှည့်၍ သူ၏ ထံသို့ ပြေးလာချိန်မှာပင် ထိုစွမ်းအင်များက နေရာတွင် အေးခဲနေလေသည်။
"နင်ကတော့..."
သူမက ပြောလိုက်သည်။ သူ့ကို တိမ်တိုက် ၏ အနောက်ဘက်သို့ တွန်းပို့လိုက်ပြီး သူမကိုယ်တိုင်က အရှေ့ဘက်တွင် နေရာယူလိုက်လေသည်။
"ဒါပေမဲ့ ငါ တစ်ယောက်ယောက်ကိုများ ထားခဲ့မယ်ဆိုရင်... ငါ့ကို သွေးထွက်အောင်သာ ခုတ်ပစ်လိုက်တော့... အဲဒီ တစ်ယောက်ယောက်က နင် ဖြစ်နေရင်တောင်မှပဲ..."
မိုင်တစ်ထောင် တိမ်တိုက်နှင့် အတူ အပြင်သို့ ထွက်ခွာလာစဉ်၊ ယီရင်သည် နောက်ထပ် တိုင်တစ်တိုင်ကို ခုတ်ပိုင်းလိုက်လေသည်။ ဘိုးဘေး ဂူသင်္ချိုင်းကြီးသည် ညည်းတွားမြည်ဟည်းကာ အက်ကွဲသွားလေသည်။
နောက်ဆုံးတွင် အောက်ခြေ ထောက်တိုင်များ မရှိတော့သဖြင့် ၎င်းသည် ဖြည်းညင်းစွာ ပြိုကျပျက်စီးသွားလေတော့သည်။ သူတို့သည် နံရံရှိ အပေါက်မှတစ်ဆင့် ပျံသန်းထွက်ခွာလာကြသည်။ ထိုအချိန်တွင် မျက်နှာကြက်သည် စောင်းသွားပြီး အုတ်ကျိုးအုတ်ပဲ့များဖြင့် မြေပြိုကျသကဲ့သို့ ပြိုဆင်းလာလေသည်။ ထိုအရာက ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ လူများကို အချိန်ဆွဲထားပေးလိုက်လေသည်။
ထို့အပြင် ဓားသူတော်စင်အား ကောင်းကင် ဂုဏ်သရေ ကျောင်းတော်၏ ဂူသင်္ချိုင်းအတွင်းဝယ် ထာဝရ မြှုပ်နှံထားရစ်ခဲ့လေသည်။
သူတို့သည် မိုင်တစ်ထောင် တိမ်တိုက်ပေါ်မှနေ၍ စမားရတောင်၏ အခြားတစ်ဖက်သို့ လျှောဆင်းလာခဲ့ကြသည်။ ယီရင်က တောင်စောင်းများတစ်လျှောက် အောက်သို့ မောင်းနှင်သွားလေသည်။ လင်းတုန်းသည် အောက်ဘက်ရှိ မြင်ကွင်းများကိုသာ မျက်ခြည်မပြတ် စောင့်ကြည့်နေလေသည်။ ၎င်းမှာ လှိုင်းတွန့်နေသော အစိမ်းရောင် သမုဒ္ဒရာကြီး တစ်ခုနှင့် တူလေသည်။ တစ်ခါတစ်ရံတွင် သစ်ပင်ထိပ်ဖျားများ အထက်သို့ တစ်ခုခုက ခေါင်းပြူထွက်လာတတ်သည်။ ၎င်းမှာ ရေပြင်ကို ဖောက်ထွက်လာသော ငါးတစ်ကောင်နှင့်ပင် တူနေလေသည်။
သူသည် ထိုမြင်ကွင်းကို အငမ်းမရ ရှုစားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝေ့ ကလန်ရှိ မည်သူကမျှ တစ်ခါမျှ မမြင်တွေ့ဖူးသော မြင်ကွင်းမျိုး ဖြစ်နေသောကြောင့်ပင်။ ဤနေရာသည် အထွတ်အမြတ် တောင်ကြား၏ အလွန်ရှိ နယ်မြေပင် ဖြစ်တော့သည်။
"တကယ်လို့ နင် အဲဒီပန်းနဲ့ ကိစ္စပြီးသွားပြီ ဆိုရင်..."
ယီရင်က အနောက်သို့ လှမ်းပြောလိုက်သည်။
"ကျန်တဲ့ တစ်ဝက်ကို ငါသုံးလိုက်မယ်... အဲဒါက ဘယ်သူ့ရဲ့ ဝိညာဉ်ကိုမဆို ကောင်းကျိုးတစ်ခုခုတော့ ပေးနိုင်မှာပဲ..."
"တောင်းပန်ပါတယ်... ဒါပေမဲ့ အဲဒါကို ငါ လိုအပ်သေးတယ်... ကျန်တဲ့ တစ်ဝက်က ငါ့ရဲ့ အမြုတေ တစ်ခုထဲကိုပဲ ရောက်သွားသေးတာမို့လို့ပါ..."
"နင့်ကို အောက်ပစ်မချခင် ရှင်းပြဖို့ နင့်မှာ အသက်နှစ်ခါရှူစာပဲ အချိန်ရှိတယ်..."