အခန်း (၈၃-၈၄)
Vol. 6 Ch. 83-84
အပိုင်း(၈၃)
[တောင်းဆိုထားသော အချက်အလက် - အဆုံးမဲ့ ဓား လမ်းစဉ် မှ တပည့်တစ်ဦး၏ လေ့ကျင့်ရေး ]
[အစီရင်ခံစာ စတင်နေပါပြီ... ]
"မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အခါ၊ ပထမဆုံး လက်နက်တစ်ခုကို အရင်ရှာပါ…"
ဆရာဖြစ်သူက သည်စကားလေး ပြောခဲ့ပြီး ထွက်သွားခဲ့သည်။ ယီရင်ကတော့ ဆောင်းရာသီ၏ နှင်းတောထဲတွင် ဒူးထောက်နေရသည်။ နှင်းတွေက သူမ၏ ဒူးခေါင်းတွေကို ထိုးဖောက် ဝင်ရောက်လာသည့်အတွက် တစ်ကိုယ်လုံး တုန်ယင်နေ၏။ လက်နက်တစ်ခု ရှာဖွေဖို့က သူမအတွက် ပြဿနာ မဟုတ်ပေ။
သူမ၏ ပတ်ပတ်လည် နှင်းပြင်ထဲတွင် ဓားဆယ့်သုံးလက်ကို စိုက်ထားသည်။ အေးစက်စက် ဓားသွားများက သူမ၏ အသားအရေကို ထိရှလုမတတ် လှည့်ထား၏။ သူမ တစ်ချက် တုန်ယင်သွားတိုင်း ဓားရှရာ တစ်ခု ထပ်တိုးလာသည်။ သူမ၏ ပေါင်၊ ဒူးခေါင်းနှင့် လက်မောင်း အပေါ်ပိုင်းတို့တွင် အေးခဲနေသော သွေးများက ဖုံးလွှမ်းနေတော့သည်။
နာကျင်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် အထီးကျန်မှုများ၏ အစွန်းတစ်ဖက်မှာ သူမ၏ အတွေးတွေက လွင့်မျော ဝေဝါးလာသည်။ သို့သော်လည်း ခေါင်းလောင်းသံတစ်ခုလို ရှင်းလင်းပြတ်သားစွာ သူမ သိနေတာကတော့ ဆရာဖြစ်သူက သူမကို သည်နေရာမှာ စွန့်ပစ်ထားခဲ့ပြီ ဆိုတာပင်။
ထိုအရာက ဆရာဖြစ်သူ အနှစ်သက်ဆုံး လေ့ကျင့်ရေး နည်းစနစ်တစ်ခု ဖြစ်သည်။ မည်သူမှ လာမကယ်နိုင်သည့် နေရာတွင် သူမကို တစ်ယောက်တည်း ထားခဲ့ပြီး လွတ်မြောက်ဖို့အတွက် ကိုယ့်အသိပညာကိုပဲ အားကိုးစေတာမျိုး ဖြစ်သည်။ ယခုလိုလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ သင်ပေးတာလို့ ဆရာက ဆိုဖူးသည်။ လမ်းစဉ်ဆိုသည်မှာ လူတစ်ယောက်စာပဲ ကျယ်ဝန်းတာမျိုး မဟုတ်ပါလား။
ဆရာက အမြဲတမ်း မှန်ကြောင်း သူမ သိသည်။ သူမက အသက်ဆယ်နှစ်တောင် မပြည့်သေးသည့် သံမဏိအဆင့် လေးသာ ဖြစ်တာကြောင့် ဆရာ့ကို မေးခွန်းထုတ်ခွင့် မရှိပေ။ သို့သော်လည်း... ဆရာဖြစ်သူ ထွက်သွားတိုင်း သူမဆီကို ပြန်မလာတော့ဘူးလားဆိုတဲ့ ကြောက်ရွံ့မှုတွေကို ချန်ထားရစ်ခဲ့လေ့ရှိသည်။
သူမကို ဓားအော်ရာတွေက ဝန်းရံထားသည်။ သူမ၏ ဝိညာဉ်အာရုံထဲတွင်တော့ ထိုအော်ရာများက ငွေရောင်တလက်လက်နှင့် ထက်မြက်နေ၏။ သူမ ထိုအော်ရာတွေကို စုပ်ယူပြီး လှည့်ပတ်ကာ သူမ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်း ဖြစ်လာသည် အထိ သန့်စင်လိုက်သည်။ တစ်နည်းဆိုရသော်... မာဒြာ အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
နှင်းတောထဲတွင် ဒူးထောက်ဖို့ ဆရာဖြစ်သူ စတင် ထားရစ်ခဲ့ကတည်းက သူမ ယခုလို အဆက်မပြတ် လုပ်ဆောင်ခဲ့သော်လည်း ဘာမှ အထောက်အကူ မဖြစ်ခဲ့ပေ။
ယခုလို အနေအထားမျိုးတွင် အသုံးပြုနိုင်မည့် နည်းစနစ်ကို သူမ မသိသလို၊ မာဒြာတွေ စီးဆင်းနိုင်ဖို့အတွက် သူမကိုယ်ပိုင် ဓားတစ်လက်လည်း မရှိချေ။ သူမက စွမ်းအင်တွေကို အရေပြားကနေတစ်ဆင့် အပြင်ဘက်ကို တွန်းထုတ်ဖို့ ကြိုးစားကြည့်သည်။ သို့သော် ဓားတွေက တုန်ခါသွားရုံသာဖြစ်ပြီး သွေးထွက်ရာ အသစ်တွေကိုသာ ထပ်တိုးလာခဲ့သည်။
"မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အခါ၊ ပထမဆုံး လက်နက်တစ်ခုကို အရင်ရှာပါ..."
ဓားသူတော်စင်သည် ဆရာဆိုး တစ်ယောက်တော့ မဟုတ်ပေ။ သို့သော် သူက နက်နဲသည့် ပဟေဠိစကားများအား ပြောရတာကို နှစ်သက်တတ်သည်။ သူမက နှင်းတောထဲတွင် လက်နက် ရှာဖွေဖို့အတွက် မျက်လုံးတွေကို အားယူကြည့်ရှုပြီး လက်တွေကိုပါ ဆန့်ထုတ်ခဲ့ပြီးပြီ ဖြစ်သည်။
အသင့်စောင့်နေသည့် ဓားသွားများနှင့် မရှမိအောင် တတ်နိုင်သမျှ သတိထားပြီး ဆန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဆရာဖြစ်သူက သူမအတွက် တစ်ခုခုကို ဖွက်ထားပေးပြီး ထိုရတနာက သူမ လွတ်မြောက်ဖို့အတွက် သော့ချက် ဖြစ်လာမည်ဟု တွေးခဲ့မိသည်။
သို့သော်လည်း... ဘာမှ မတွေ့ခဲ့ပေ။ အေးခဲနေတဲ့ ရာသီဥတုမှာ နာရီပေါင်းများစွာ ဒူးထောက်ရင်း ခက်ထန်နေသည့် လက်နက်တွေဆီ မာဒြာတွေကို ပစ်လွှတ်နေခဲ့သည်။ သို့သော်... အချည်းနှီး...။
မနက်ကနေ နေ့ခင်းဘက်ထိ ရောက်လာသည့် အခါ သူမထံတွင် ရှင်းလင်းသည့် အတွေးတစ်ခုသာ ကျန်တော့သည်။ သူမ၏ ဆရာက ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ချေ။ အဘယ်ကြောင့် ပြန်လာရမည်နည်း။ သင်ယူလို့ မရသည့် တပည့် တစ်ယောက်က သင်ပေးဖို့ မထိုက်တန်ပါချေ။ သူမ၏ ဆရာဖြစ်သူမှာ သူ့ သွန်သင်မှုများကို လိုက်နာနိုင်သည့် လူမျိုးနှင့်သာ ထိုက်တန်တာ ဖြစ်သည်။ ယုံကြည်စိတ်ချရသည့် လူမျိုးနှင့်သာ ထိုက်တန်သည်။
အမြင်အာရုံများ ဝေဝါးလာသည့် အခါ သံမဏိ အဆင့် ခန္ဓာကိုယ် ပင်လျှင် ကန့်သတ်ချက်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။ ကိုယ့်ကိုယ်ကို နိုးကြားစေဖို့ အတွက် တုန်ခါသွားအောင် သူမ အော်ဟစ်လိုက်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် အသစ်ဖြစ်လာသည့် ဓားရှရာတွေက နာကျင်မှုတောင် မရှိတော့ချေ။ သူမ ဓားအော်ရာတွေကို တတ်နိုင်သမျှ စုပ်ယူလိုက်ပြီး ခန္ဓာကိုယ် အတွင်း ပြည့်လျှံသွားသည် အထိ စုဆောင်းလိုက်သည်။
စွမ်းအင်များ ပြည့်နှက်ကာ ပေါက်ကွဲမတတ် ဖြစ်လာသည့် အခါ သူမ ထိုအရာ အားလုံးကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။ ဓားများ ခေါင်းလောင်းသံလို မြည်ဟည်းသွားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ သူမ ငြိမ်သက်စွာပင် အတွေးများကို ပြန်လည် စုစည်းလိုက်သည်။
"မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အခါ၊ ပထမဆုံး လက်နက်တစ်ခုကို အရင်ရှာပါ..."
အဆုံးမဲ့ ဓား လမ်းစဉ်တွင် လက်နက်တစ်ခု လှုပ်ရှားသွားတိုင်း အော်ရာများကို စုစည်းနိုင်ဖို့နှင့် အချိန်နှင့်အမျှ အားကောင်းလာစေဖို့အတွက် မာဒြာများကို လက်နက်ထဲ 'ကာကွယ်သူ' နည်းစနစ်ဖြင့် အားဖြည့်သွင်းနည်းကို သူမ သင်ယူခဲ့ပြီး ဖြစ်သည်။ မာဒြာများကို 'တိုက်ခိုက်သူ' နည်းစနစ် တစ်ခုအဖြစ် ပြောင်းလဲပြီး ခြေလှမ်းနှစ်ဆယ် အကွာက သစ်ကိုင်းကို ဖြတ်တောက်နိုင်ဖို့လည်း သူမ သင်ယူခဲ့ပြီးပြီ ဖြစ်သည်။ သူမ၏ စွမ်းအင်များကို 'ဖန်တီးသူ' နည်းစနစ်ဖြင့် ဓား တစ်လက်အဖြစ် ပုံဖော်ဖို့တောင် သင်ယူထားပြီး ဖြစ်သည်။ သို့သော်လည်း... ထိုဓားက ဖန်ကွဲစတွေလို လွယ်လွယ်ကူကူ ကြွေမွသွားတတ်တုန်းပင်။
သူမ မသင်ယူရသေးတာကတော့ 'အုပ်ချုပ်သူ' နည်းစနစ်ပင် ဖြစ်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ရှိသည့် သဟဇာတဖြစ်မည့် အော်ရာများကို ခြယ်လှယ်နိုင်သည့် စွမ်းရည်ပင်။
ထိုအရာက သူမ ဆုပ်ကိုင်ရန် ကျန်ရှိနေသေးသည့် လက်နက် တစ်ခုပင်။
သူမ၏ မာဒြာက အသက်ရှူသံနှင့် အတူ ပဲ့တင်ထပ်သွားပြီး အပြင်ကို တဟုန်ထိုး ထွက်ပေါ်လာ၏။ ထို့နောက် ဓားဝိုင်းကြီးနှင့် စုဝေးနေသည့် အော်ရာများကို ရိုက်ခတ်သွားတော့သည်။ အော်ရာများက ဆောင်းရာသီ နေ့လယ်ခင်းတွင် သန့်စင်ကြည်လင်ပြီး ချိုမြိန်သည့် အသံတစ်ခုအဖြစ် ပဲ့တင်ထပ်သွားသည်။
ဓားများကတော့ ဘေးဘက်သို့ လျှောကျဖယ်ခွာ သွားကြတော့သည်။
[အကြံပြုထားသော ခေါင်းစဉ် - ဓားသူတော်စင်၏ တပည့် ယီရင်၏ ကံကြမ္မာ အနာဂတ်။ ဆက်လက်ဖော်ပြရမည်လား ]
[ ငြင်းပယ်သည်။ အစီရင်ခံစာ ပြီးဆုံးပါပြီ ]
...
လင်းတုန်းက ယီရင်၏ နဖူးမှ ပတ်တီးကို ဖြေချလိုက်ပြီး ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာက နီရဲရောင်ရမ်းနေပြီး ရှည်လျားသော ဓားရှရာတစ်ခု ဖြစ်သော်လည်း သိပ်မနက်လှပေ။ သူမ ဆရာ၏ ဝိညာဉ်အကြွင်းအကျန်က သူမကို စစ်မြေပြင်က ခွဲစိတ်ဆရာဝန် တစ်ယောက်လို တိကျသေချာစွာ ခုတ်ပိုင်းသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အရေပြားပေါ်၌ ဆွဲရေးထားသကဲ့သို့ ဖျော့တော့ပါးလျသော အမာရွတ်များက ဖုံးလွှမ်းနေနှင့်ပြီး ဖြစ်သည်။ သူ့ ခန့်မှန်းချက်အရ ဆိုလျှင် လအနည်းငယ်အတွင်း သူမ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ် အသစ်တွေ ထပ်တိုးလာဦးမည်မှာ သေချာလှသည်။
သူက သွေးများ ပေကျံနေသော ပတ်တီးစကို မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။ စမားရတောင်၏ အရှေ့ဘက် တောင်ကုန်းများဖြစ်သော ဤနေရာမျိုးတွင် ထင်းရရန် သိပ်မခက်ခဲလှပေ။ သို့သော် ထင်းခက်များ လိုက်ကောက်ရခြင်းက သူ့ကျောကုန်းမှ ဒဏ်ရာအတွက်တော့ ဆင်းရဲဒုက္ခတစ်ခုလို ဖြစ်နေသည်။ သူက မီးမွှေးစရာ ဘယ်အရာကိုမှ အလွတ်မခံချင်ပေ။ ထို့အပြင်... သူတို့၏ ပတ်တီးဟောင်းများကို မီးရှို့လိုက်ခြင်းက သူတို့ဖြတ်သန်းလာသည့် လမ်းကြောင်းမှ သွေးနံ့များကို ဖျောက်ဖျက်ပစ်နိုင်သည့် အကျိုးကျေးဇူးလည်း ရှိသည်။ အထွတ်အမြတ် တောင်ကြားမှ မည်သူကမျှ သူတို့ကို ထွက်ပြီး ခြေရာခံ လိုက်လာလိမ့်မည်ဟု သူ မထင်ပေ။ သို့သော်လည်း အလွန်အမင်း သတိထားလွန်းခြင်းကြောင့်တော့ ဘယ်သူမှ သေမသွားနိုင်ပါချေ။
လင်းတုန်း တစ်ယောက် သူ၏ ခြေရင်းရှိ ကျောပိုးအိတ်ထဲမှ ပစ္စည်းများကို မွှေနှောက်ရှာဖွေနေချိန်တွင် ယီရင်က မီးပုံကို ငေးကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ လင်းတုန်းက လိုအပ်လာနိုင်မည့် မည်သည့်ပစ္စည်းကိုမဆို သယ်ဆောင်သွားလေ့ရှိသဖြင့် သူ၏ ကျောပိုးအိတ်မှာ ပြဲထွက်မတတ် ဖောင်းကားနေသည်။ သစ်ပင်လဲကြီး တစ်ခုပေါ်တွင် ထိုင်နေသော သူ၏ ဒူးခေါင်းများထက်ပင် ကျောပိုးအိတ်က ပို၍ မြင့်မားနေသေးသည်။
သို့သော် လွန်ခဲ့သည့် ငါးရက်တာ ကာလတစ်လျှောက်လုံး ဤကျောပိုးအိတ် ရှိနေခဲ့သည့်အတွက် သူ ဝမ်းသာမိသည်။ သူက အိတ်ထဲမှ သန့်စင်သော ပတ်တီးလိပ် အသစ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ယီရင်၏ ခေါင်းကို အမြန် ပတ်ပေးလိုက်သည်။ ယီရင်၏ နဖူးမှ ဓားရှရာက အဆိုးရွားဆုံး ဒဏ်ရာတော့ မဟုတ်ပေ။ လင်းတုန်း ပတ်တီးစည်းပေးပြီးချိန်တွင်တော့ ယီရင်တစ်ယောက် မံမီတစ်ကောင်လို ပတ်တီးတွေနဲ့ ရစ်ပတ်ခံထားရသည်။ ပြောရလျှင် လင်းတုန်း၏ အခြေအနေကလည်း ယီရင်နှင့် သိပ်မထူးလှပေ။
"ဒါက နောက်ဆုံးကျန်တဲ့ ပတ်တီးလိပ်ပဲ..."
ယီရင်၏ တံတောင်ဆစ်မှ ပတ်တီးစကို အသစ်တစ်ခုဖြင့် အစားထိုး လဲလှယ်ပေးရင်း လင်းတုန်းက ပြောလိုက်သည်။ ထို့နောက် အဟောင်းကို မီးပုံထဲ ပစ်ထည့်လိုက်သည်။
"ဒါပေမဲ့ ငါ့ဆီမှာ အပိုပါလာတဲ့ အဝတ်အစား တစ်စုံရှိသေးတယ်... အဲဒါကို အစတွေ ဆုတ်ပြီး သုံးလို့ရပါတယ်..."
"မလိုပါဘူး..."
ယီရင်က ပြောသည်။
"အခု ငါ့ရဲ့ အမြုတေထဲမှာ လေဟာနယ်နဲ့ ဆန္ဒတွေထက် ပိုတဲ့ အရာတစ်ခုခု ရှိနေပြီလေ... နောက်ထပ် ရက်အနည်းငယ်လောက် စွမ်းအင်လှည့်ပတ်လိုက်ရင် အားလုံး သက်သာသွားမှာပါ..."
သူမက သစ်သားကို ခေါက်သလိုမျိုး သူမ၏ လက်ဖျံကို လက်ဆစ်များဖြင့် ခေါက်ပြလိုက်သည်။ သို့သော် အသားချင်း ရိုက်ခတ်သည့် သာမန်အသံသာ ထွက်ပေါ်လာသည်။
"သံမဏိအဆင့် ခန္ဓာကိုယ်က နင့်ဆီမှာ ဘယ်လိုအမျိုးအစား ရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး အကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်... ကြေးအဆင့်ကတော့ ပိုပြီးတောင် လွယ်သေးတယ်... ဒီည နင် ကြေးအဆင့် ရောက်အောင် ငါတို့ ဖောက်ထွက်ကြမယ်... အဲဒါဆိုရင် နင်လည်း ချက်ချင်း လန်းဆန်းသွားလိမ့်မယ်... အဆင့်တက်တာလောက် အသွေးအသားအတွက် ကောင်းတဲ့အရာ ဘာမှမရှိဘူး..."
လင်းတုန်းက နောက်ဆုံးကျန်နေသည့် ပတ်တီးစကို ကိုင်ထားရင်း ရပ်တန့်သွားသည်။
"ဒီညလား..."
သူမက လှည့်လာပြီး လင်းတုန်းကို ပြုံးပြလိုက်သည်။
"နင် ဆက်စောင့်ချင်သေးတယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။"
သူမက တစ်ဖက်သို့ လှည့်လိုက်သည့်အခါ သူမ၏ သံမဏိလက်တံ အသေးစားလေး သူ့မျက်နှာကို လာမထိစေရန် လင်းတုန်းက ရှောင်တိမ်းလိုက်ရသည်။ ထိုအရာက သူမ၏ ပခုံးပြင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ အလွန်သိပ်သည်းစွာ ဖန်တီးထားသော မာဒြာ ဖွဲ့စည်းပုံကြောင့် အစစ်အမှန် သံမဏိတစ်ချောင်းလို ခံစားရသည်။ ၎င်း၏ အဆုံးသတ်တွင် ဓားသွားတစ်ခု ရှိနေပြီး ကင်းမြီးကောက် အမြီးတစ်ခုလို သူမ၏ ခေါင်းပေါ်တွင် တွဲလောင်းကျနေသည်။
သူမက မျက်နှာရှုံ့လိုက်ပြီး ထိုလက်တံကို လင်းတုန်း၏ ပါးပြင်နှင့် ဝေးရာသို့ အခက်အခဲ ရွှေ့လိုက်သည်။
"ငါ အဲဒါကို သေချာ မယဉ်ပါးသေးဘူး၊ ဆောရီးပဲ..."
***
အပိုင်း(၈၄)
လင်းတုန်း ယီရင် နံဘေးသို့ ရွှေ့သွားလိုက်သည်။
"ကြေးအဆင့်လို့ နင် ပြောခဲ့တယ်နော်... အဲဒီတော့ ငါ သက်စောင့် အော်ရာတွေကို အာရုံခံနိုင်တော့မှာပေါ့၊ ဟုတ်လား... ဓား အော်ရာကိုတောင်... အာရုံခံနိုင်မှာလား..."
ထိုအဆင့်သို့ ရောက်နေသည့် ကလေးများကြားတွင် အဓိက ကြီးပြင်းလာခဲ့ရသောကြောင့် ကြေးအဆင့်ကို သူ အတော်အသင့် နားလည်သည်ဟု ထင်ခဲ့သည်။ သို့သော် ကျင့်စဉ်များနှင့် ပတ်သက်၍ သူသိထားသမျှ၏ ထက်ဝက်ခန့်မှာ လုံးဝ မှားယွင်းနေကြောင်း ယီရင်ထံမှ သူ သိလာရသည်။ ဤသည်မှာ သူ့အတွက် သင်ယူရန် အခွင့်အရေး တစ်ခုပင်။
ထို့အပြင် ပိုမိုကောင်းမွန်သည့် အရာတစ်ခုကို ရရှိနိုင်ကောင်း ရရှိနိုင်ပေမည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူသည် အမြုတေကို နှစ်ပိုင်း ခွဲထုတ်ခဲ့ပြီး သူကိုယ်တိုင် အမည်ပေးထားသော အမြွှာကြယ် လမ်းစဉ်ကို စတင်ခဲ့သည်။ ဤအရာက သူ၏ ဝိညာဉ်ကို တိုက်ခိုက်လာမည့် မည်သည်ကိုမဆို သဘာဝအတိုင်း ကာကွယ်နိုင်စွမ်း ပေးစွမ်းသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ သီအိုရီအရ သူ၏ ခန္ဓာကိုယ်တစ်ခုတည်းတွင် မာဒြာ အမျိုးအစား နှစ်မျိုးကို ထိန်းသိမ်းထားနိုင်ရမည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင် သန့်စင်သော မာဒြာကို ဆက်လက် ထိန်းသိမ်းထားရင်း ယီရင်၏ လမ်းစဉ်ကိုပါ သင်ယူနိုင်မည် ဖြစ်သည်။
သို့သော် ယခုအချိန်အထိ သူ ဤအကြောင်းကို စကားစလိုက်တိုင်း သူမက သင်ပေးရန် ငြင်းဆန်ခဲ့သည်။
ယီရင်၏ အကြည့်များက သူမ ဆရာ၏ ရုပ်အလောင်းထံမှ ယူဆောင်လာခဲ့သော သူမ၏ ကိုယ်ပိုင် ဓားဆီသို့ ရောက်သွားသည်။
"နင့်အတွက် အစစ်အမှန် ဆရာတစ်ယောက် လိုအပ်တယ် လင်းတုန်း၊ အဲဒီနေရာကို ငါ အစားမထိုးနိုင်ဘူး..."
လင်းတုန်းက ကန့်ကွက်ရန် ဟန်ပြင်လိုက်သော်လည်း သူမက ဆက်ပြောလိုက်သည်။
"နားထောင်စမ်းပါ... ကြေးအဆင့် မျက်လုံးတွေအကြောင်း တစ်ယောက်ယောက် ပြောတာကို နင် ကြားဖူးလား..."
သူ ခေါင်းခါပြလိုက်သည်။
"ဒါက ငါ ကြီးပြင်းလာကတည်းက ကြားဖူးတဲ့ စကားပုံတစ်ခုပဲ... ကြေးအဆင့် မျက်လုံးက ကမ္ဘာကြီးကို မြင်ရတယ်၊ သံမဏိအဆင့် မျက်လုံးက အဝေးကို မြင်ရတယ်၊ ကျောက်စိမ်းအဆင့် မျက်လုံးကကျတော့ အနက်ရှိုင်းဆုံးအထိ မြင်ရတယ်... ဒါက နင် ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတာကို ပြောပြနေတာပဲ... ကြေးအဆင့်မှာ နင် အော်ရာကို မြင်ရမယ်... အဲဒါကို စတင် စုပ်ယူနိုင်မယ်၊ လှည့်ပတ်နိုင်မယ်၊ မာဒြာ အဖြစ် ပြောင်းလဲနိုင်မယ်... သံမဏိအဆင့်မှာတော့ နင့်တစ်ဘဝလုံး အသုံးပြုရမယ့် ခန္ဓာကိုယ်ကို ဖန်တီးရမယ်၊ ပြီးတော့ နင့်ခေါင်းထဲက တကယ့် မျက်လုံးတွေလည်း ပိုကောင်းလာလိမ့်မယ်... ကျောက်စိမ်းအဆင့်ကို ရောက်တဲ့အခါမှာတော့ နင့်ရဲ့ ဝိညာဉ်ကို အသုံးပြုပြီး... မြင်နိုင်တယ်၊ အာရုံခံနိုင်တယ်... တကယ်တော့ အဲဒီအတွက် သင့်တော်တဲ့ စကားလုံး မရှိဘူး..."
"ရွှေအဆင့်ကရော ဘယ်လိုလဲ..."
သူက စိတ်အားထက်သန်စွာ မေးလိုက်သည်။
ယီရင်က သူမ၏ မျက်နှာပေါ်သို့ တွဲလောင်းကျနေသော ငွေရောင် သံမဏိ ဓားသွားကို လက်ညှိုးဖြင့် ခေါက်လိုက်သည်။
"ရွှေအဆင့်မှာ နင့်ရဲ့ အမြုတေထဲမှာ ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ထိန်းသိမ်းထားရမယ်၊ ပြီးတော့ နင် ပင်ပန်းရကျိုးနပ်အောင် အပိုဆုလေးတစ်ခု ရလိမ့်မယ်... အဲဒါကို ရွှေအဆင့် လက္ခဏာလို့ ငါတို့ ခေါ်ကြတယ်... ဘယ်သူက ဘယ်လမ်းစဉ်မှာ ရှိနေလဲဆိုတာကို ခွဲခြားသိနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းပဲ... ကဲ... အခု ပါးစပ်ပိတ်ထားတော့၊ ငါတို့ ကြေးအဆင့် အကြောင်း ပြောနေတာ..."
လင်းတုန်းက အနီးနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်၏။ သူတို့နှစ်ဦးကြားရှိ မီးပုံလေးမှာ တဖျစ်ဖျစ် မြည်နေသည်။
"ဆယ့်နှစ်ခါမှာ ဆယ်ခါလောက်က အဆင့်မတက်ခင်မှာ နင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရလိမ့်မယ်..."
ယီရင်က ဆက်ပြောသည်။
"နင် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ရမလဲ ဆိုတာကတော့ နင့်ရဲ့ လမ်းစဉ်ပေါ်မှာပဲ မူတည်တယ်... ငါ့ဆရာက ကျောက်စိမ်းအဆင့်အတွက် ငါ့ကို အရည်အသွေး ပြည့်ဝလာအောင် ဓားတွေဝိုင်းထားတဲ့ ကွင်းထဲမှာ ပိတ်လှောင်ထားခဲ့တာ... အဲဒီဓားတွေကို ငါ့ဘာသာငါ တွန်းမထုတ်နိုင်မချင်း သူက ငါ့ကို အပြင်မထွက်ခိုင်းဘူး... ငါ့ကို သန်မာလာစေတယ်၊ ဓား မာဒြာဆီကို ဦးတည်သွားစေတယ်၊ အဆင့်တက်ဖို့ ပြင်ဆင်ပေးခဲ့တယ်... ငရုတ်ကောင်းဖြူ စားဖို့အတွက် ငရုတ်သီးနီကို အရင်စားပြီး ပြင်ဆင်ရသလိုမျိုးပေါ့..."
လင်းတုန်းအတွက်တော့ ထိုအရာက ကျင့်စဉ်များထက် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု တစ်ခုနှင့် ပိုတူနေသည်။ သူ ဘာမှမပြောသော်လည်း ယီရင်က သူ၏ မျက်နှာအမူအရာကို သတိထားမိသွားပုံရသည်။
"သိပ်လည်း မဆိုးပါဘူး..."
လက်မောင်းပေါ်ရှိ စက္ကူလို ပါးလွှာသော အမာရွတ်တစ်ခုကို ပွတ်သပ်ရင်း သူမက ပြောသည်။
"ငါ့ကို စိတ်ဓာတ်ကြံ့ခိုင်လာအောင် သင်ပေးခဲ့တာပဲ... ဘာပဲဖြစ်ဖြစ် အဓိကပြောချင်တာက ငါ နင့်ကို သင်မပေးနိုင်ဘူး... နင်က ငါ့ခြေရာကို နင်းမှာ မဟုတ်တဲ့အတွက် ဒီကနေ နင့်ကို ဘယ်ကို ခေါ်သွားရမလဲ ငါ မသိဘူး... ငါသာ ဒီထက်ပိုပြီး သိခဲ့မယ်ဆိုရင်တော့ တစ်မျိုးပေါ့... ဒါပေမယ့် ငါ မသိဘူးလေ... ငါက ရွှေအဆင့် သက်သက်ပဲ ရှိသေးတာ..."
တစ်စုံတစ်ယောက်က သူတို့ကိုယ်သူတို့ ရွှေအဆင့် ‘သက်သက်’ ပဲ ရှိသေးသည်ဟု ပြောတာကို ကြားရခြင်းက ဧကရာဇ်တစ်ပါးက သူ၏ နွေရာသီ နန်းတော်တွင် အခန်းပေါင်း တစ်ထောင် ‘တည်း’ ရှိသည်ဟု ပြောတာကို ကြားရသကဲ့သို့ ဖြစ်နေသည်။ သို့သော် သူက လမ်းစဉ်တစ်ခုအတွက် အဆင်သင့် မဖြစ်သေးဘူးဆိုသည့် အတွေးက သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
"အဲဒီတော့၊ နင်ပြောတာကို ငါ နားလည်တာ မှန်မယ်ဆိုရင်၊ ငါက... ငါဆိုလိုတာက၊ ငါ ဘယ်တော့မှ..."
စကားလုံးများ ထွက်ကျလာရန် သူ မနည်း ကြိုးစားလိုက်ရသည်။
သူမက သူ၏ မျက်စိရှေ့တွင် လက်ဖျစ်တီးလိုက်သည်။
"ဟေ့... နင့် နားတွေ ဖွင့်ထားရဲ့လား... ငါ ဘာပြောလိုက်လဲ... ငါ့ရဲ့ လမ်းစဉ်အတွက် နင့်ကို ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာကို ငါ မသိဘူးလို့ ပြောတာ... အဆုံးမဲ့ ဓား လမ်းစဉ်က တော်တော်လေး ရွေးချယ်မှု စည်းကမ်းကြီးတယ်... ဒါပေမယ့် လမ်းစဉ်အများစုက အဲဒီလို မဟုတ်ပါဘူး... သံမဏိအဆင့် မရောက်ခင် တပည့်တွေကို လှည့်တောင် မကြည့်တဲ့ ဆရာတွေကို ငါ အများကြီး တွေ့ဖူးတယ်။"
ကျောချမ်းဖွယ် ခံစားမှုများ ပျောက်ကွယ်သွားသည့်အခါ လင်းတုန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သို့သော် စကားတစ်ခွန်းကိုမျှ သူ အလွတ်မခံခဲ့ပေ။
"အဲဒီ ဆရာတွေက ရွှေအဆင့်ထက် ကျော်လွန်တယ်လို့ နင် ပြောတာလား... အဲဒါက ဘယ်လို အဆင့်မျိုးလဲ..."
"ရွှေအဆင့်ဆိုတာ ကူးဖြတ်ရမယ့် ကျယ်ဝန်းတဲ့ မြစ်တစ်စင်းပဲ..."
သူမက ခြောက်ကပ်ကပ် ပြောလိုက်သည်။
"အထူးသဖြင့် ကြေးအဆင့်ကိုတောင် မထိတွေ့ရသေးတဲ့ လူတစ်ယောက်အတွက်ပေါ့... နင် အဆင့်တက်ချင်တယ်ဆိုရင်၊ နင့်စိတ်ကို ရှင်းလင်းထားတာ အကောင်းဆုံးပဲ..."
လင်းတုန်း နာကျင်နေသော သူ၏ကျောကုန်းကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အထွတ်အမြတ် တောင်ကြားမှ ထွက်ခွာလာပြီးကတည်းက သူတို့ ဖြတ်ကျော်ခဲ့သော တောင်တန်းများအနက် စမားရသည် နောက်ဆုံးတောင် မဟုတ်ခဲ့ပေ။ နှင်းများ ဖုံးလွှမ်းနေသော တောင်ထွတ်များက ဝေ့ ကလန်၏ ညချမ်းကို အလင်းရောင်ပေးနေမည့် အလင်းကွင်းကို ကွယ်ဝှက်ထားကြသည်။
သူတို့ စခန်းချရာ နေရာဘေးတွင် ဝဲပျံနေသော မြင်းတစ်ကောင်စာ အရွယ်အစားရှိသည့် အနီရောင် မြူခိုးတုံးကြီးဖြစ်သော မိုင်တစ်ထောင် တိမ်တိုက်သာ မရှိခဲ့လျှင်၊ သူတို့အနေဖြင့် ရက်အနည်းငယ် အတွင်း ဤတောင်တန်းများကို ဖြတ်ကျော်နိုင်ခဲ့မည် မဟုတ်ပေ။
ဤတောင်ခြေတွင်မူ သူတို့သည် အိမ်တစ်လုံးစာခန့် ကြီးမားသော ကျောက်တုံးကြီး နှစ်တုံးနှင့် ချုံပုတ်များကြားတွင် နေရာယူထားကြသည်။ နွေနှောင်းပိုင်း လေပြေက သာယာသော်လည်း အဆက်မပြတ် တိုက်ခတ်နေကာ ဆောင်းဦးရာသီ၏ အအေးဓာတ်လေး စွက်လျက် တောင်ပေါ်မှနေ၍ အောက်သို့ စီးဆင်းလာခဲ့သည်။ သူတို့၏ "စခန်းချရာနေရာ" ဆိုသည်မှာ မီးဖိုလေး တစ်ခု၊ ယီရင် ထိုင်ခုံလုပ်ရန် ဆွဲယူလာခဲ့သော သစ်ပင်လဲကြီး တစ်ခုနှင့် သူ မြေကြီးပေါ် ခင်းထားသည့် ပါးလွှာသော စောင်နှစ်ထည်မှလွဲ၍ ဘာမျှမရှိပေ။
သူတို့၏ နောက်ဘက်တွင်မူ သူ ကျောခိုင်းခဲ့သော တောင်တန်းကြီးများ မြင့်မားစွာ တည်ရှိနေသည်။ သူတို့၏ အရှေ့ဘက်တွင် မြေပြင်က တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး တောင်ကုန်းငယ်များက အောက်ဘက်သို့ ဖြန့်ကြက်တည်ရှိနေသည်။ ယီရင်က ဤနေရာကို လူသူကင်းမဲ့သော တောရိုင်းမြေဟု ခေါ်ဆိုခဲ့သော်လည်း၊ ဤနေရာက လူသူကင်းမဲ့သည်ထက် ပို၍ အရိုင်းဆန်နေပုံရ၏။ တောင်ကုန်းများပေါ်တွင် မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်သော သစ်ရွက်များရှိသည့် သစ်ပင်များက ကော်ဇော ခင်းထားသလို ဖုံးလွှမ်းနေသည်။ ထိုအကြားတွင် တစ်ခါတစ်ရံ ထူးဆန်းသော အရောင်ရှိသည့် အလင်းရောင်များ သို့မဟုတ် ပြာပုံများက အကျည်းတန်စွာ ရှိနေတတ်သည်။ ထိုတောအုပ်ကြီးက သူ့ကို ကြောက်ရွံ့မှုများ ပြည့်နှက်သွားစေသည်။ ရေနက်ကြီးထဲသို့ ငုံ့ကြည့်နေရသကဲ့သို့၊ မည်သည့်အချိန်တွင် မည်ကဲ့သို့သော ကြောက်မက်ဖွယ် သတ္တဝါကြီးက ရေအောက်မှ ထွက်ပေါ်လာမည်နည်းဟု မသိနိုင်သော ခံစားချက်မျိုးပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုမှောင်မိုက်နေသော သစ်ပင်များကြားတွင် သတ္တဝါများ ရှိနေသောကြောင့်ပင်။ သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။
"ငါတို့ မစခင်၊ ငါ တစ်ခုလောက် မေးပါရစေ... ကြေးအဆင့်က ဟိုးအောက်ဘက်မှာ ငါ အသက်ရှင်နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာလား..."
ယီရင်သည် တောရိုင်းထဲတွင် တစ်ယောက်တည်း နေလာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော လူတစ်ယောက်နှင့် တူနေသည်။ သူမက ပိန်ပါးပြီး အကြောအပြိုင်းပြိုင်း ထနေကာ အဆီတစ်စက်မျှ မရှိပေ။ သူမ ဝတ်ဆင်ထားသော ရိုးရာ အနက်ရောင် ကျင့်ကြံသူ ဝတ်ရုံမှာလည်း အရောင်လွင့်ပြီး စုတ်ပြဲနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ဆံပင်များက ဝတ်ရုံကဲ့သို့ပင် မည်းနက်နေပြီး ဖြောင့်တန်းစွာ ဖြတ်တောက်ထားရာ သူမ၏ ဓားဖြင့်ပင် ကိုယ်တိုင် ဖြတ်ထားခြင်းဖြစ်မည်ဟု သူ သံသယဝင်မိသည်။
သူမသည် အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ဖြစ်သည်။ ဆရာဖြစ်သူ အသတ်မခံရမီ ကတည်းက သူမက ထိုကဲ့သို့ ဖြစ်နေခဲ့ပြီး အပြင်ပန်း အသွင်အပြင်ကလည်း ထိုအတိုင်းပင်။ အသက်အန္တရာယ်ရှိသော တောရိုင်းထဲမှ အသက်ရှင်လျက် လွတ်မြောက်ရန် မည်သည့်အရာများ လိုအပ်သည်ကို သူမ ကောင်းစွာ သိရှိသည်။ သူကမူ ကလေးဘဝ ကတည်းက တိမ်တိုက်ကဲ့သို့ နူးညံ့သော မွေ့ရာပေါ်တွင်သာ အိပ်စက်ခဲ့ရသူ ဖြစ်သည်။
သူမက ပခုံးတစ်ဖက်ကို တွန့်လိုက်၏။
"ကြေးအဆင့် မရှိဘဲ အဲဒီအောက်ကို ဆင်းသွားတာက မျက်လုံးကို အဝတ်နဲ့ စည်းပြီး ဝင်သွားသလိုပဲ... နင့်ကို ဘယ်အရာက သတ်သွားမှန်းတောင် မမြင်လိုက်ရဘဲ ခေါင်းပြတ်သွားလိမ့်မယ်... ကြေးအဆင့်နဲ့ ဝင်သွားမယ်ဆိုရင်တော့... အင်း၊ အနည်းဆုံးတော့ နင့်ကို ဘာက စားနေလဲဆိုတာကို နင် မြင်ရမှာပေါ့..."
သူက သူမ၏ မျက်နှာချင်းဆိုင်တွင် ဒူးထောက် ထိုင်လိုက်ရာ သူတို့နှစ်ယောက်၏ ဒူးများမှာ ထိလုနီးပါး ဖြစ်သွားသည်။ သူတို့ နှစ်ယောက်လုံး ခါးကို မတ်မတ်ထား ထိုင်လိုက်သောအခါ၊ သူက သူမထက် ခေါင်းတစ်လုံးစာနှင့် ပခုံးတစ်ဖက်စာ ပို၍ မြင့်မားနေသည်။ သူက ဗီဇအရလိုပင် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်၏။ သူ၏ ကလန်တွင်ဆိုလျှင် ကိုယ့်ထက် အဆင့်မြင့်သူများ အပေါ်သို့ မိုးနေပါက ဝိညာဉ်မဲ့ တစ်ယောက်သည် အရိုက်ခံရန် တောင်းဆိုနေခြင်းပင် ဖြစ်ပေလိမ့်မည်။
ယီရင်ကမူ သတိထားမိပုံ မရသကဲ့သို့ ဂရုလည်း မစိုက်ချေ။ သူမက ဆက်ပြောသည်။
"သံမဏိအဆင့်က အများကြီး ပိုကောင်းတယ်... နင့်ရဲ့ ကျင့်စဉ်တွေက စောက်သုံးမကျ ဖြစ်နေဦးမှာပဲ၊ ဒါပေမယ့် လေရိုင်းတစ်ချက် တိုက်ရုံနဲ့တော့ နင် သေသွားမှာ မဟုတ်ဘူး... မနက်ဖြန်မှာ အမိုးအကာရှိတဲ့ အိပ်စရာနေရာလိုမျိုး လိုအပ်တဲ့ အရာတချို့ကို ငါတို့ ရှာတွေ့မယ်ဆိုရင်၊ နင် သံမဏိအဆင့် ရောက်တဲ့အထိ ဒီနေရာမှာပဲ နေကြမယ်... နင့်ကို ပြီးပြည့်စုံတဲ့ သံမဏိအဆင့်ကို ရောက်စေချင်တယ်၊ ဒါကြောင့် ဆောင်းရာသီ ကုန်တဲ့အထိ ငါတို့ အချိန်ဆွဲထားလို့ ရတယ်... နွေဦးရာသီ ရောက်လာရင်တော့ သစ်ပင်တွေ ရှိတဲ့ အောက်ဘက်ကို ငါတို့ ဆင်းသွားလို့ ရပြီ..."
လင်းတုန်း၏ အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာပြီး သူ၏ ဝမ်းဗိုက်ထဲတွင် မယုံကြည်နိုင်လောက်သော မျှော်လင့်ချက်များဖြင့် ရောထွေး တုန်လှုပ်နေသည်။ သူသည် ကြေးအဆင့်သို့ ရောက်ရန်အတွက် ဆယ့်ခြောက်နှစ်နီးပါး တောင့်တခဲ့ရသည်။ ယခုမူ နောက်ထပ် လအနည်းငယ် အတွင်း သူ သံမဏိအဆင့်သို့ ရောက်နိုင်မည်ဟု သူမက ပြောနေသည် မဟုတ်ပါလော။ ထိုအရာက နောက်ထပ် အားထုတ်မှု အနည်းငယ် ထပ်လုပ်လိုက်ရုံဖြင့် သူ အတောင်ပံများ ထွက်လာကာ ကောင်းကင်ယံတွင် ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းနိုင်လိမ့်မည်ဟု သူမက ကတိပေးသည်ကို ကြားလိုက်ရသကဲ့သို့ပင်။
သူ၏ မိဘများ ကိုယ်တိုင်က သံမဏိအဆင့်မျှသာ ရှိသေးသည်။ သူတို့က သူ့ထက် အသက်အနည်းငယ်မျှ ပိုကြီးချိန်တွင်ပင် ဝေ့ ကလန်၌ နာမည်ကြီးခဲ့ကြသည်။ နွေဦးရာသီရောက်၍ သူသာ အထွတ်အမြတ် တောင်ကြားသို့ ပြန်သွားခဲ့လျှင်၊ သူတို့တွေ သူ့ကို မည်ကဲ့သို့ မြင်ကြမည်နည်း။
သူ တစ်ချိန်က မြင်တွေ့ခဲ့ရသော ပုံရိပ်ယောင် တစ်ခု၏ မှတ်ဉာဏ်များက ပြန်လည် ဝင်ရောက်လာသည်။ ဧရာမ အရိပ်ကြီး တစ်ခုက ကလေးတစ်ယောက် ချောင်းငယ်လေးထဲ ဖြတ်လျှောက်သကဲ့သို့ တောင်တန်းကြီးများကို ဖြတ်လျှောက်လာကာ၊ တောင်ကြား တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည့် မြင်ကွင်းပင် ဖြစ်သည်။
လင်းတုန်း စိတ်ခံစားချက်များကို ပြန်လည် ထိန်းချုပ်ကာ မေးလိုက်လေ၏။
"အဲဒါက ငါတို့ အစောဆုံး ထွက်သွားနိုင်တဲ့ အချိန်လား..."
***