လောကတွင်ပြိုင်ဘက်မရှိ
Vol. 7 Ch. 618
သေခြင်းရှင်ခြင်း စာအုပ်၏ မူလဇာစ်မြစ်သည် အသူရာချောက် ဖြစ်လေသည်။
လက်ရှိ ဆန်းလျန် ရောက်ရှိနေသည့် အသူရာချောက် ဆိုသည်မှာ မူလ အသူရာချောက်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်လေသည်။ အသူရာချောက်သည် သေခြင်းနှင့်ရှင်ခြင်းကို ကိုယ်စားပြုရာ နေရာ ဖြစ်လေသည်။ ထို့ကြောင့် အသူရာချောက်၏ အစိတ်အပိုင်း သေးသေးလေး တစ်ခုသည်ပင် ဖြစ်နေဦးတော့ ထိုအစိတ်အပိုင်း၏ မူလဇာစ်မြစ်ကို ဆန်းလျန်အနေဖြင့် ထိန်းချုပ် ကိုင်တွယ်နိုင်ရန်မှာ မဖြစ်နိုင်ပါချေ။
သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအား များသည် လှည့်ပတ်နေပြီး ဆန်းလျန်မှာ ဧရာမ ကြိတ်ဆုံကြီးထဲတွင် ပိတ်မိနေလေသည်။ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား ထုထည်ကြီးကြောင့် သူ၏ နတ်ဘုရားခန္ဓာသည် ဖြည်းဖြည်းချင်း ပျက်စီး လာခဲ့လေသည်။
ကံကောင်းသည်မှာ သူသည် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရား တစ်ပါး ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
သူ၏ရုပ်ခန္ဓာ ပျက်စီးသွားခဲ့လျှင်တောင်မှ သူ၏ ဝိညာဉ်အစစ်အမှန်သည် မရှိမှုကျေးရွာတွင် ရှိနေဆဲ ဖြစ်လေသည်။ ထို့ကြောင့် နောက်ထပ် ဆန်းလျန် တစ်ယောက်သည် ထပ်မံ မွေးဖွား လာဦးမည်သာ ဖြစ်လေသည်။ သို့သော်… လက်ရှိအဆင့် ကျင့်ကြံခြင်းများနှင့် တန်ခိုးစွမ်းအားများကို ပြန်လည် ရရှိရန်မှာတော့ အချိန်များစွာ ကြာမြင့်မည် ဖြစ်လေသည်။
ထို့ပြင် မရှိမှုကျေးရွာတွင် ရှိနေသည့် သူ၏ဝိညာဉ်သည် အလွန်သန့်စင်သည့် အတွက် လက်ရှိ ကျင့်ကြံထားသည့် ကျင့်စဉ်များနှင့် တန်ခိုးစွမ်းအားများ အားလုံးကို အလုံးစုံ ပြန်လည် နားလည်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် မရှိမှု ကျေးရွာတွင် ရှင်သန်နေသည့် ဝိညာဉ်သည် အလွတ်လပ်ဆုံး ပုံစံဖြင့် ရှင်သန်နေသောကြောင့် ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီ ပြုလုပ်ထားသည့် မရဏ ထောင်ချောက်သည် သူမ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံထားခြင်းကြောင့် ရရှိထားသည့် ရလဒ်တစ်ခု ဖြစ်လေသည်။ ထိုမရဏ ထောင်ချောက်ကို သေခြင်းရှင်ခြင်း အစစ်ဆေးခံရခြင်းဟုလည်း ဆိုနိုင်လေသည်။ ထိုမရဏ ထောင်ချောက်၏ အဓိက အကျဆုံး အစိတ်အပိုင်းမှာ သူမ၏ လက်ထဲတွင် ကိုင်ထားသည့် တြိဂံပုံသဏ္ဌာန် အလံပင် ဖြစ်လေသည်။
ထိုအလံ၏ မူလအမည်မှာ “ဝိညာဉ်ခြောက်ဖြာအလံ" ဟူ၍ ဖြစ်လေသည်။
ထိုအလံ၏ မူလပိုင်ရှင်မှာ လင်ပေါင်ထျန်းကျွင်း ဖြစ်လေ၏။ သို့သော်… ထိုအလံက ပျောက်ဆုံး သွားခဲ့လေသည်။ ယွမ်ကျွင်းဧကရီက အသူရာချောက်တွင် ထိုအလံကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ယခင် အချိန်များနှင့် ယှဉ်လျှင် ဝိညာဉ် ခြောက်ဖြာ အလံမှ တန်ခိုးစွမ်းအားများသည် အလွန်အားနည်း နေခဲ့လေသည်။
ထို့ပြင် ယွမ်ကျွင်းဧကရီသည် သူမ၏ အစီအစဉ်များကို ဆန့်ကျင်သူများကို ဖျက်ဆီးပစ်ရန် အတွက် အသူရာချောက် တွင်သာ ထိုတြိဂံအလံကို အားကိုးအားထား ပြုနိုင်လေသည်။
လက်ရှိအချိန်တွင် ဝိညာဉ်ခြောက်ဖြာအလံကို အသုံးပြုနေသည့် အတွက် သူမသည် သေခြင်းရှင်ခြင်း စာအုပ်မှ ဖိအားများဖြင့် ယာယီ ကင်းလွတ် နေလေသည်။ သေခြင်းရှင်ခြင်း အစစ်ဆေးခံရခြင်းသည် သေခြင်းရှင်ခြင်း စာအုပ်မှတန်ခိုး စွမ်းအားများကို အသုံးပြုကာ ဆန်းလျန်ကို ကြောက်ဆုံကြီးထဲတွင် ကြိတ်ချေနေလေသည်။
ဆန်းလျန်သည် အခြေအနေကို ထိုမျှ ဆိုးဝါးလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားမိခြင်း မရှိသည့်တိုင် ယိလမ်းစဉ်ဖြင့် တွက်ချက် ကြည့်ခဲ့စဉ်ကတော့ သူသည် ကစားပွဲကို ပြောင်းပြန် လှန်နိုင်လိမ့်မည်ဟု ကြိုတင် သိမြင် ထားခဲ့လေသည်။
သူသည် ကြောက်ဆုံကြီးထဲတွင် ပိတ်မိနေသည့်တိုင် တာအိုဆရာ လုယာ ရောက်ရှိလာသည်ကို အသက်ရှူသံမှ တစ်ဆင့် သိရှိနေခဲ့လေသည်။
တာအိုဆရာလုယာ၏ အသက်ရှူသံကို သူ ရင်းနှီးနေခဲ့လေသည်။ ထို့ကြောင့် သူခန့်မှန်း ထားခဲ့သည့် အရာများသည် မှန်ကန်ကြောင်း အတည်ပြု နိုင်ခဲ့လေသည်။
တာအိုဆရာလုယာသည် သူ့ကို ကူညီခဲ့သူ ဖြစ်သည့်တိုင် ဆန်းလျန် အနေဖြင့် သူတို့၏ ဆက်ဆံရေးကို ရပ်တန့်လိုက်ခြင်းက ပိုကောင်းသည်ကို နားလည် နေခဲ့လေသည်။ မဟုတ်ပါက သူ၏ တာအို ကျင့်စဉ်လမ်းတွင် အတားအဆီးဖြစ် လာမည် ဖြစ်လေသည်။ ထို့ပြင် အပြန်အလှန် မုန်းတီးမှု အဖြစ်သို့ ပြောင်းလဲသွားပါက ကောင်းကျိုးထက် ဆိုးကျိုးများ ကိုသာ ဖြစ်ပေါ် စေပေလိမ့်မည်။
သူသည် ထောင်ချောက်ထဲတွင်ပင် နောက်ထပ် ထောင်ချောက် တစ်ခုဖြင့် ထပ်မံ ပိတ်မိနေသည်ကို ရှင်းရှင်းလင်းလင်း သိထားလေသည်။ မရဏ ထောင်ချောက်သည် သူနှင့်အတူ အခြားသူများကိုပါ ထောင်ချောက် ဆင်ထားခြင်းဖြစ် သည့်အတွက် အကူအညီများကိုလည်း ရယူနိုင်မည် မဟုတ်ပါ။ သူ့အနေဖြင့် ရအောင် ရုန်းထွက်ရန်သာ အခွင့်အရေး ရှာရန် လိုအပ်လေသည်။
ရုန်းမထွက် နိုင်ပါကလည်း မရှိမှုကျေးရွာမှ ဝိညာဉ်ကို အသုံးပြုကာ လူပြန်ဝင်စားရန်သာ ရှိတော့သည်။ သို့သော် ဆန်းလျန်သည် ထိုသို့ မဖြစ်ချင်မိပေ။
သေခြင်းရှင်ခြင်းစာအုပ်သည် ကိုယ်ပိုင်တရား အလင်းရရှိထားသည့် နတ်ဘုရားတစ်ပါး မဟုတ်ပေ။ ထို့ကြောင့် ပြီးပြည့်စုံသည့် ထောင်ချောက် တစ်ခုတော့ မဟုတ်နိုင်ပေ။ လွတ်မြောက်ရန် အခွင့်အလမ်း တစ်ခုတော့ ရှိနိုင်လေသည်။ ယနေ့အချိန်တွင် မရဏ ထောင်ချောက် အတွင်းမှ ရုန်းထွက် နိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် ထိုကဲ့သို့သော ထောင်ချောက်များကို ကြုံတွေ့ခဲ့ရပါက ဆန်းလျန်သည် လွယ်လွယ်ကူကူပင် ရုန်းထွက်နိုင်စွမ်းကို ရရှိမည်ဖြစ်လေ သည်။
တခြားဘက်တွင်လည်း…
တာအိုဆရာလုယာသည် စိတ်လက်ပေါ့ပါးစွာဖြင့် စကားများ ပြောနေဟန် ရှိသည့်တိုင် တကယ်တမ်းတွင်တော့ အပြင်းအထန် ခုခံကာကွယ် နေခဲ့ရလေသည်။
ယနေ့ လုပ်ကြံမှုကြီးသည် တစ်ယောက်ချင်း ယှဉ်ပြိုင်ခြင်း ဖြစ်လျှင်တော့ ယွမ်ကျွင်း ဧကရီသည် လွယ်လွယ်နှင့် ရှုံးနိမ့်သွားရမည် ဖြစ်လေသည်။ သို့သော်… သူရင်ဆိုင်နေရသည့် လူများသည် စည်းကမ်းများကို ဂရုမစိုက်ဘဲ တစ်ချက်တည်းဖြင့် အရာအားလုံးကို အဆုံးသတ် ချင်နေကြလေသည်။
သို့သော်… တာအိုဆရာလုယာက သူ၏ဒေါသကို ထုတ်ဖော်ပြသခြင်း မရှိပါ။ သူသည် ယခင်ကလည်း ကျယ်ကျောက် အမိန့်တော်ဂိုဏ်းမှ လူများအပေါ်တွင် ထိုသို့ပင် ပြုလုပ်ခဲ့သည် မဟုတ်ပါလား။
သူ့ကို ဝန်းရံနေသည့် လူများထဲတွင် တန်ခိုးစွမ်းအား အနည်းဆုံးမှာ ထျန်းယီဖြစ်လေသည်။ သို့သော်… ထျန်းယီကို လျှော့တွက် မိပါကလည်း အကြီးမားဆုံးသော အမှားကို ကျူးလွန်ရာ ရောက်မည်ကို တာအိုဆရာလုယာ ကောင်းကောင်း သိထားလေသည်။
ပထမဆုံး စတင်လှုပ်ရှား လိုက်သူက တာ့ရှားဧကရာဇ် ဖြစ်လေသည်။
သူက လေထဲတွင် ရပ်တန့်နေပြီး တိမ်တိုက်များကို စုစည်း လိုက်လေသည်။ ကျောက်ကဲမြို့တော် တစ်ခုလုံးသည် တာ့ရှားဧကရာဇ်၏ တိမ်တိုက်များဖြင့် ဖုံးလွှမ်း နေလေတော့သည်။ ကျောက်ကဲမြို့တော် အတွင်းမှ လူများသည် အလင်းရောင်ကိုပင် မမြင်ရတော့ပေ။
တိမ်တိုက်များထဲတွင် သွေးနီရောင် ဓားဝိညာဉ်များ ပြေးလွှားနေပြီး လူများမှာ ကြောက်ရွံ့တုန်လှုပ် နေကြရလေသည်။
တစ်ချိန်တည်းမှာပင် …
တာ့ရှားဧကရာဇ်သည် သူ၏မိစ္ဆာ ဓားကောက်ကြီးကို ဆွဲထုတ် လိုက်လေသည်။ တာ့ရှားဧကရာဇ်၏ လှုပ်ရှားမှုသည် အလွန်လျင်မြန် လှသည့်တိုင် သူ၏ လုပ်ဆောင်ချက် အသေးစိတ်ကို တာအိုဆရာလုယီသည် တွေ့မြင်နေရလေသည်။
သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် တာ့ရှားဧကရာဇ်၏ ဓားသွားလှုပ်ရှားမှုမှာ အကြိမ်ရေ (၁၂၉၆၀၀) တိတိဖြစ်သည်ကို ခန့်မှန်း လိုက်နိုင်လေသည်။
တာ့ရှားဧကရာဇ် ဓားကို ဆွဲထုတ်လိုက်သည်နှင့် သွေးနီရောင် တိမ်တိုက်များဆီမှ အော်ညည်းသံများ ထွက်ပေါ်လာ လေသည်။ ဤသည်မှာ သူ၏ မူလမိစ္ဆာ စွမ်းအား၏ အသန့်စင်ဆုံး ပုံစံပင် ဖြစ်လေသည်။
ထျန်းယီ၏ မျက်နှာမှာ တည်ကြည် လေးနက် သွားလေသည်။
သူက တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးကို ရင်ဆိုင်နိုင်ပါမည်လားဟု သူ့ကိုယ်သူ မေးမြန်း လိုက်လေသည်။ အဖြေမှာတော့ ထိုဓားကောက်ကြီးကို ရင်ဆိုင်နိုင်ရန် အတွက် သူ့ကိုယ်သူ ယုံကြည်မှု (၄၀)ရာခိုင်နှုန်းအောက်သာ ရှိသည်ကို ထျန်းယီ သိရှိ လိုက်ရလေသည်။
ယခုအချိန်တွင် သူတို့ အားလုံးသည် တာအိုဆရာ လုယာကို ဝိုင်းဝန်း တိုက်ခိုက်ရန် အတွက် ခဏတာမျှသာ ပူးပေါင်း ထားခြင်းဖြစ်သည်ကို အားလုံး နားလည် ထားကြလေသည်။
တာအိုဆရာ လုယာကို အပြတ်ရှင်းပြီးလျှင်တော့ သူတို့အချင်းချင်း ထပ်မံ တိုက်ခိုက်ရဦးမည် ဖြစ်လေသည်။
သို့သော်… တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကြီးကို ဆွဲထုတ်လိုက်ခြင်းက ယနေ့အဖို့ လုယာ အနေဖြင့် လွတ်လမ်း မရှိတော့ဆိုသည့် အချက်ကို တိတ်တဆိတ် ကြေညာလိုက်သလိုပင် ဖြစ်လေသည်။
အံ့သြစရာ ကောင်းသည့် အချက်မှာ လုယာထံသို့ မိစ္ဆာဓားကောက်ကြီး ဝင်ရောက်မလာခင် မူလဝိညာဉ် တန်ခိုး စွမ်းအားတစ်ခုက အရင်ဝင်ရောက် လာခြင်း ဖြစ်လေသည်။ လုယာသည် အတွေ့အကြုံ မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် ထို မူလမိစ္ဆာ တန်ခိုးစွမ်းအားကို ရှောင်တိမ်း နိုင်ခဲ့ခြင်း မရှိပေ။
ချက်ချင်းပင် တာအိုဆရာ လုယာသည် အမှောင်ထုထဲတွင် ပိတ်မိ သွားလေတော့သည်။
မူလနတ်မိစ္ဆာ တန်ခိုးစွမ်းအား နောက်မှ လောကကြီး တစ်ခုလုံးကိုပင် ထက်ခြမ်း ခွဲပစ်နိုင်သည့် အလား ပြင်းထန်လွန်းသည့် မိစ္ဆာ ဓားဝိညာဉ်က လိုက်ပါလာလေသည်။ တာအိုနတ်ဘုရား၊ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာကျင့်စဉ် (၃)မျိုးပေါင်းကာ ကျင့်ကြံထားသည့် တာအိုဆရာ လုယီကို ထိုဓားချက်က သတ်ဖြတ်ပစ်ရန် ဝင်ရောက် လာလေတော့သည်။
လုယာကို ပိတ်လှောင်ထားသည့် မူလမိစ္ဆာ တန်ခိုးစွမ်းအားသည် သူ၏ တန်ခိုးစွမ်းအား စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး မရေမတွက်နိုင်အောင် များပြားသည့် ရန်သူများနှင့် တိုက်ခိုက်နေရသည့် အလား ခံစားရစေလေ သည်။
"မင်းရဲ့ ဓားချက်က မသန့်စင်သေးဘူး၊ ပြီးတော့ မူလမိစ္ဆာ ဝိညာဉ်ကလည်း မလုံလောက်သေးဘူး"
သွေးနီရောင်ဓားသွား သူ့ရှေ့သို့ ရောက်လာသည့် အချိန်တွင် လုယာက ပြုံးပြီး ပြောလိုက်လေသည်။ ထို့နောက် လက်ဖျောက်တစ်ချက် တီးလိုက်လေရာ အလင်းလုံးကြီး တစ်လုံး ဖြစ်ပေါ် လာလေသည်။
အလင်းလုံးကြီးမှာ ကောင်းကင်ထက်မှ နေမင်းကြီး ဆင်းသက်လာသည့် အလား ထွန်းလင်းနေပြီး ဓားဝိညာဉ်မှာ ပျောက်ကွယ် သွားရလေသည်။
တာ့ရှားဧကရာဇ် တစ်ယောက်တည်းသာ ဆိုလျှင်တော့ လုယာက မှုမည် မဟုတ်ပါ။ ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲ တိုက်ခိုက်လိုက်မည် ဖြစ်လေသည်။
သို့သော်… ရုတ်တရက်ပင် အေးစက်ပြီး အနှစ်သာရ ပြည့်ဝသည့် ယင်စွမ်းအား လှိုင်းလုံးကြီး တစ်ခု ပေါ်ထွက်လာပြီး အလင်းလုံးကြီး၏ နေရောင်ခြည် စွမ်းအားများကို လျော့နည်း သွားစေလေသည်။ ယင်စွမ်းအားများသည် လေထုထဲတွင် ရောနှောသွားပြီး ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲကာ လုယာကို လှိုင်းလုံးများ အတွင်းသို့ ဆွဲခေါ်သွားလေသည်။
"ထိုက်ယင်းရေစွမ်းအားကို ဒီလောက်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ အတွက် ဟန်အယ် ကိုယ်တိုင်တောင် မင်းကိုချီးကျူးခဲ့ပေမယ့် ကျုပ်အတွက်တော့ မလုံလောက်သေးဘူးကွဲ့"
လုယာသည် ယင်စွမ်းအား လှိုင်းလုံးများကြားတွင် အေးအေးသက်သာပင် စကားပြော နေလေသည်။
သူက ပြောရင်းနှင့် လက်ဖျောက်တစ်ချက် တီးလိုက်လေရာ ယင်စွမ်းအား လှိုင်းလုံးများမှာ ငြိမ်သက် သွားရလေသည်။
သို့သော်… လုယာသည် ခံစစ်ကိုအသုံးပြုကာ တိုက်ခိုက်နေသော ကာလပတ်လုံး အကျိုးရှိမည် မဟုတ်သည်ကို သိလေသည်။ ထို့ပြင် ဆန်းလျန်ကို ကယ်တင်ရန်လည်း အခွင့်အရေးရမည် မဟုတ်ပေ။
ထိုအချိန်မှာပင်…
ငြိမ်သက်နေသည့် ထိုက်ယင်းရေစွမ်းအား လှိုင်းလုံးများ ထိပ်တွင် လတစ်စင်း ပေါ်ထွက် လာလေသည်။
ထိုလမင်းသည် တာ့ရှားဧကရာဇ်၏ ဒုတိယ တိုက်ကွက် ဖြစ်လေသည်။ စောစောက အသုံးပြုခဲ့သည့် မူလမိစ္ဆာ စွမ်းအားနှင့် ယှဉ်ပါက ယခုအသုံးပြုလိုက်သည့် ဓားဝိညာဉ်သည် လရောင်အလား ကြည်လင် နေလေသည်။ ထိုဓားဝိညာဉ်သည် မိစ္ဆာကျင့်စဉ်အတွင်းမှ မွေးဖွားလာသည့် တာအို စွမ်းအားဟု ပြောနိုင်လေသည်။
ဆန်းလျန်သာ တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်ကို တွေ့မြင်ခွင့် ရမည်ဆိုလျှင် "လောကတွင် ပြိုင်ဘက်မရှိ" ဟု ပြောမိမည်မှာ အမှန်ပင် ဖြစ်လေတော့သည်။
***