အခန်း (၁၄၁)
Vol. 15 Ch. 141
လီကျူး နောက်သို့ပြန်လှည့်ကြည့်လိုက်ကာ လီချောင်ကို အလွန်မကျေမနပ် ဖြစ်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ဘာလို့ ခြေသံဖျောက်ပြီး လျှောက်နေတာလဲ၊ နင် ငါ့ကို လန့်သေအောင် လုပ်နေတာလား”
“မင်းက ငါ့ကိုတောင် ပြန်ပြောရဲတယ်ပေါ့၊ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး၊ ခိုးကြောင်ခိုးဝှက်နဲ့.. တစ်ခုခု မဟုတ်တာလုပ်ထားလို့ သူများသိမှာ ကြောက်နေတဲ့အတိုင်းပဲ”
လီချောင်က လီကျူး၏ နောက်တွင် ရပ်နေရာမှ သူမကို ကျော်တက်၍ ဗီရိုတံခါးကို ဝုန်းကနဲ ဖွင့်လိုက်ကာ အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး မေးလိုက်၏။
“ဘာရှာနေတာလဲ”
လီကျူး၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီးမှ ပြန်လည်သက်သာရာရသွားခဲ့သည်။
လီချောင် ဖွင့်လိုက်သည်က တခြားသောဗီရိုတံခါး ဖြစ်နေပေ၏။
“ဘာကိုရှာရမှာလဲ၊ အအေးဒဏ်ခံနိုင်မဲ့ အဝတ်အစားတွေ ယူသွားလို့ရအောင်လို့ ကြည့်နေတာပေါ့”
လီကျူးက ခေါင်းကိုစောင်းကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ငါက နင့်လို ကံမကောင်းဘူးလေ၊ နင့်လိုမျိုး ကျေးလက်ကိုလည်း ဆင်းစရာမလိုဘဲ အိမ်မှာပဲ အလိုလိုက်ခံထားရတဲ့ သခင်လေးလို နေရမှာမဟုတ်ဘူး
မိဘတွေကလည်း နင့်အတွက် အလုပ်ရဖို့ တကယ့်ကို အပင်ပန်းခံ ရှာပေးနေကြတယ်!
ငါက ကျေးလက်ဒေသကို ဆင်းရတော့မှာ၊ အဝတ်အစားတွေ အများကြီး မပါသွားလို့ မဖြစ်ဘူး”
ထိုစကားကို ကြားချိန်တွင် လီချောင်၏ မျက်နှာတွင် သူတပါး၏ဒုက္ခအတွက် ဝမ်းသာအားရဖြစ်သွားသည့်အမူအရာက ထင်ရှားစွာဖြစ်လာခဲ့သည်။
“အမေနဲ့အဖေက မင်းကို တကယ် စာရင်းသွင်းပေးလိုက်ပြီလား”
လီကျူး : “...”
မူလက သူမတွင် အနည်းငယ်လောက် အပြစ်ရှိသကဲ့သို့ ခံစားနေရသော်လည်း ယခုအချိန် သူ၏ မျက်နှာအမူအရာကို မြင်လိုက်ရပြီး ထိုခံစားချက်များက လုံးဝ ပျောက်ကွယ်သွားတော့သည်။
တကယ်တမ်းတွင် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
ဒါက သူမရဲ့ မောင်အရင်းလား။
သူက ဒီလောက်တောင် ရက်စက်တတ်တဲ့လူမျိုးဖြစ်နေခဲ့တာလား။
သူ့ရဲ့ အစ်မအရင်း ကျေးလက်ဒေသကို သွားရမဲ့အတွက် စိုးရိမ်ရမဲ့အစား သူက ဒီလောက်တောင် ပျော်ရွှင်နေခဲ့တာလား။
သူမ၏ စိတ်နှလုံးတို့က ချက်ချင်းပင် အေးစက်မာကျောသွားတော့သည်။
“ဟုတ်တယ်၊ နင်က ငါတို့မိဘတွေရဲ့ တစ်ဦးတည်းသောသားဆိုတော့ သူတို့က နင့်ကိုပဲ ဂရုစိုက်ရမှာပေါ့”
လီချောင်က နှာခေါင်းရှုံ့ကာ လီကျူး၏ ဆံပင်များကို လက်ဖြင့် ဖွလိုက်လေ၏။
“ဒါပေါ့၊ ငါ့ကိုမှ ဂရုမစိုက်ရင် ဘယ်သူ့ကို သွားဂရုစိုက်ရမှာလဲ၊ အပြင်က ကောင်စုတ်လေးကိုလား”
“နင့်ရဲ့အကြီးဆုံးအစ်မက အသက်ရှင်နေသေးတယ်၊ သူသာ အိမ်ထောင်ပြုသွားရင် နင်လည်း ကျေးလက်ကိုဆင်းရတာမျိုးဖြစ်နိုင်တာပဲလေ”
လီကျူး ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ ရေခဲထုများထက်ပင် ပို၍ အေးစက်နေပေသည်။
လီချောင်က နှုတ်ခမ်းကိုမဲ့လိုက်သည်။
“ငါ စုံစမ်းပြီးပြီ၊ သူက ငါတို့နဲ့ အိမ်ထောင်စုစာရင်း တစ်ခုတည်းမှာ မဟုတ်ဘူး၊ ငါတို့ မိသားစုနဲ့လည်း မပတ်သက်ဘူး”
သူက လုံးဝကို မကြောက်တော့ပါချေ။
“နင် ဒီအတိုင်းပဲ ဆက်ပြီး ခေါင်းမာနေနိုင်ပါစေလို့ ငါ ဆုတောင်းပါတယ်”
သူမအနေဖြင့် ရှေ့ဆက်ဖြစ်လာမည့် ပြဇာတ်ကို ကြည့်ရန်ပင် မစောင့်နိုင်တော့ပါချေ။
ထိုအချိန်တွင် ဝေးလံလှသော တုန်ယွမ်တွင် ကျန်းကျူးရိက တော်လှန်ရေးကော်မတီမှ ဝန်ထမ်းများနှင့် ထိပ်တိုက်တွေ့နေရလေသည်။
ကျန်းကျူးရိ၏ မျက်ခုံးများက မြင့်တက်နေပြီး တစ်ကိုယ်လုံးကလည်း ဒေါသကြောင့် တုန်ရီနေခဲ့၏။ သူက ခါးကိုလက်ဖြင့် ထောက်လျက် အလွန်ပြတ်သားသော လေသံဖြင့် အော်ဟစ်လိုက်သည်။
“မတရားခံရတာပဲ! ဒါက လုံးဝ မတရားဘူး! ဒီအတိုင်းတော့ ငါ အလျှော့မပေးနိုင်ဘူး.. ပြောစမ်းပါဦး၊ ဘယ်သူက ဒီတိုင်စာကို ရေးတာလဲ?
ဒီလိုမှ မဟုတ်ရင် ငါ သေချာပေါက် ပြည်နယ်အဆင့်အထိ သွားတိုင်ပြီး အထက်လူကြီးတွေကို အကြောင်းကြားမယ်
စစ်တပ်မိသားစုဝင်တွေကို ဒီလိုမျိုး အခြေအမြစ်မရှိ စွပ်စွဲဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ”
တော်လှန်ရေးကော်မတီမှ ကေဒါဖြစ်သူ ကေဒါဝမ်ကလည်း ယခုအချိန်တွင် ချွေးများစိုချွဲနေခဲ့ပြီပင်။
သူတို့အနေဖြင့် နှစ်ပေါင်းများစွာကြာအောင် မာကြောခတ်ထန်စွာ ပြုမူခဲ့ကြသော်လည်း ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆက်ဆံခံရသည်က ပထမဦးဆုံးအကြိမ်ပင် ဖြစ်ပေသည်။
သို့သော်လည်း သူတို့က ထိုမျှနှင့် အလွယ်တကူ လက်လျှော့ကြမည်မဟုတ်ချေ။
သူတို့က ရဲဘော်နီအုပ်စုကို အမြန်ပင် ခေါ်ယူပြီး အမိန့်ပေးလိုက်၏။
“သူ့ကို တော်လှန်ရေးကော်မတီဆီ ခေါ်သွားလိုက်ကြ”
“မင်းတို့ထဲက ဘယ်သူ လုပ်ရဲလဲ”
ကျန်းကျူးရိက စားပွဲကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထုရိုက်လိုက်ပြီး ပြောလိုက်လေ၏။
“သေစမ်း! ငါတော့ မယုံနိုင်ဘူး၊ ဒီလောကကြီးထဲမှာရှိတဲ့ လူတိုင်းက မတရားပြုမူတာကိုပဲ အားပေးနေကြတာလား
ငါတို့မိသားစုက မှန်ကန်တဲ့ နိုင်ငံရေးနောက်ခံရှိတယ်၊ ငါ့အဖေက ဂျပန်တော်လှန်ရေးစစ်ပွဲက စစ်ပြန်တစ်ယောက်ပဲ၊
ငါ့ရဲ့ ဒုတိယညီက အခု ချုံကျိုးစစ်ဒေသမှာ တပ်ရင်းမှူးအဆင့်နဲ့ ရှိတယ်၊ ငါ့ရဲ့ ယောက်ဖကလည်း ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှာ ရှိနေတယ်၊
မင်းတို့က ငါ့ကို မျက်နှာလိုက်ပြီးလုပ်ကိုင်တယ်၊ အတွေးအခေါ်ပိုင်း အသိတရားအားနည်းတယ်လို့ ပြောချင်ရင် သက်သေရှိဖို့လိုတယ်၊
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက လူတစ်ယောက်၊ နှစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မဟုတ်ဘူး၊ တကယ်လို့ စစ်တပ်ကလူတွေ ဆင်းလာပြီး နိုင်ငံရေးနောက်ခံတွေကို စစ်ဆေးမယ်ဆိုရင် ငါ့ရဲ့ စကားလုံးတွေလိုမျိုး နားထောင်ကောင်းရုံပဲဖြစ်နေတော့မှာ မဟုတ်ဘူးနော်”
ကေဒါဝမ် ခဏမျှ ကြောင်အသွားရပေသည်။
ကျန်းကျူးရိက ဤမျှအထိ ယုံကြည်ချက်ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ၏ စကားလုံးများထဲတွင်လည်း အရှိန်အဝါများပြည့်နေကာ ခြိမ်းခြောက်သည့်အရိပ်အယောင်များကို ခံစားလိုက်ရ၏။
သူက စိုးရိမ်စိတ်အနည်းငယ် ရှိနေသေးသောကြောင့် ပြောလိုက်လေ၏။
“တစ်ယောက်ယောက်က လာတိုင်ထားတာရှိတယ်၊ ခင်ဗျားက ခင်ဗျားရဲ့တူမကို နောက်ကွယ်က နည်းလမ်းတွေသုံးပြီး ကျေးလက်ဒေသကို မသွားရအောင် ကူညီပေးထားတယ်တဲ့
ရဲဘော်ကျန်း... အထက်က မူဝါဒအသစ်တွေ ထုတ်ပြန်ထားပြီး အခု စစ်ဆေးမှုတွေက အရမ်းတင်းကျပ်နေတာကို ခင်ဗျားသိတယ်မဟုတ်လား၊ အခုလိုအချိန်မှာ ခင်ဗျားအနေနဲ့ မျက်နှာလိုက်တာမျိုးလုပ်တာက မသင့်တော်ဘူးလေ”
“မင်းတို့ အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာပဲ၊ ငါ့တူမက စက်မှုယန္တယားစက်ရုံမှာတောင် ရှိနေတာမဟုတ်ဘူး”
တော်လှန်ရေးကော်မတီက ဤကိစ္စနှင့် ပတ်သက်ပြီး သူ့ထံသို့ ရောက်လာလိမ့်မည်ဟု ကျန်းကျူးရိ လုံးဝ ထင်မထားခဲ့ပေ။ သူ၏ နောက်ကျောတွင် ချွေးအေးများ စီးကျလာရတော့သည်။
သူသည်က လီရှန်းအတွက် စက်မှုယန္တယားစက်ရုံတွင် အလုပ်တစ်ခု ရှာပေးရန် အမှန်တကယ်ပင် စဥ်းစားခဲ့ဖူးသည်။
သို့သော်လည်း လီရှန်းက သူမ၏ အရည်အချင်းကို သက်သေပြပြီး ဆေးဝါးစက်ရုံ၏ စာမေးပွဲကို အောင်မြင်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထို့ကြောင့်သာ ယခုအချိန်တွင် သူသည်က ရင်ဘတ်ကို မားမားမတ်မတ် ဆန့်တန်းထားနိုင်ပြီး တော်လှန်ရေးကော်မတီ၏ စစ်ဆေးမှုများကိုလည်း ကြောက်ရွံ့ခြင်း မရှိတော့ချေ။
“ငါ့ရဲ့ တူမကိုမပြောနဲ့၊ ငါက ငါ့ရဲ့ ကိုယ်ပိုင်သားအရင်းတွေကိုတောင် ကျေးလက်ဒေသကို ငါကိုယ်တိုင် ပို့ခဲ့တာ၊ ငါ့တူမ လီရှန်းက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ဆေးဝါးစက်ရုံရဲ့ စာမေးပွဲကို အောင်ထားတာ၊
အဲဒီမှာလည်း သူမက အမှတ်အများဆုံးနဲ့ အောင်ခဲ့တာ၊ တကယ်လို့ ငါ့တူမမှာ အလုပ်မရှိဘူးဆိုရင်တောင် သူမအနေနဲ့ နယ်ဘက်ကို သွားဖို့ မလိုဘူး ၊
ဘာလို့လဲဆိုတော့ သူမက ပြီးခဲ့တဲ့နှစ်မှာပဲ အိမ်ထောင်ပြုခဲ့လို့ပဲ၊ သူမရဲ့ ခင်ပွန်းက ဆေးဝါးစက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်ရဲ့ တတိယမြောက်သား စုဝေ့ချင်းပဲ၊
မင်းတို့ မယုံဘူးဆိုရင် ဆေးဝါးစက်ရုံကို သွားပြီးတော့ ကိုယ်တိုင် စစ်ဆေးကြည့်လို့ရတယ်”
ကျန်းကျူးရိက စကားကို ပို၍ ပြောလာလေလေ ကေဒါဝမ်၏ မျက်နှာအမူအရာမှာ ပို၍ တည်တင်းလာလေလေ ဖြစ်၏။
အကယ်၍ ကျန်းကျူးရိ ပြောသည်မှာ မှန်ကန်နေပါက ဤကိစ္စတစ်ခုလုံးသည်က ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။
“သူမက ဆေးဝါးကုမ္ပဏီကို တကယ်ပဲ ဝင်သွားတာလား၊ ပြီးတော့ သူမက အိမ်ထောင်ပြုပြီးပြီ ဟုတ်လား”
“ငါက ဘာလို့လိမ်ရမှာလဲ”
ကျန်းကျူးရိက ဤကိစ္စနှင့် ပတ်သက်၍ အလွန်ပင် ယုံကြည်ချက်ရှိနေသည်။ အရာရှိဝမ်၏ မျက်နှာပျက်နေသည်ကို မြင်သောကြောင့် သူ ဆက်ပြောလိုက်လေ၏။
“ဒီကိစ္စက အရမ်းကို ကြီးလေးလွန်းတယ်၊ ငါတို့ ပိုင်မားခရိုင်မှာ စက်ရုံတွေ အများကြီးရှိတာ၊ တကယ်လို့ စက်ရုံခေါင်းဆောင်တိုင်းကို အခုလို လာတိုင်ပြီး ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေဖို့အတွက် အသုံးချနေကြမယ်ဆိုရင် ငါတို့ ဘယ်လိုများဆက်ပြီး အသက်ရှင်နိုင်မှာလဲ
မင်းတို့လည်း ပင်ပန်းရလိမ့်မယ်၊ ပြီးတော့ ဒါက ငါတို့စက်ရုံတွေရဲ့ ပုံရိပ်ကိုလည်း ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်”
“ငါက အဲဒီပတ်ဝန်းကျင်မှာနေရင် အနောက်ဘက်ကနေ ဝင်ခွင့်ပေးဖို့တောင်းဆိုလာတာမျိုးဖြစ်နေမှာစိုးလို့ ၊ တံခါးဝမှာ လာပိတ်တာမျိုးကို မခံရအောင် တုန်ယွမ်မှာ လာပုန်းနေခဲ့တာ!”
ကျန်းကျူးရိက မခံမရပ်နိုင် ဖြစ်နေခဲ့ရ၏။
“ မဖြစ်နိုင်တာ”
အရာရှိကေဒါဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လေသံမှာလည်း ထူးဆန်းနေခဲ့သည်။
“ဒီစာကို ရေးတဲ့သူက ရဲဘော်လီရှန်းရဲ့ အဖေအရင်းပါလို့ အခိုင်အမာ ပြောထားတာလေ၊ သူ့သမီးက ဆေးဝါးစက်ရုံကို ဝင်သွားတာနဲ့ အိမ်ထောင်ပြုလိုက်တာကို သူက ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ”
ဒါက လီဟုန်ကျွင့်ရဲ့ လက်ချက်လား။
ကျန်းကျူးရိက ချက်ချင်းပင် ဒေါသထွက်သွားပြီး နောက်သို့ လှည့်ကာ အနီရောင်စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
ထိုစာရွက်မှာ လီဟုန်ကျွင့်နှင့် ကျန်းကျူးရိတို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားသည့် “မင်္ဂလာကိစ္စဖြစ်စေ ၊ နာရေးကိစ္စများတွင်ဖြစ်စေ ပတ်သက်တော့မည်မဟုတ်ကြောင်း” ဖော်ပြထားသည့် စာရွက်ပင် ဖြစ်၏။
“ကြည့်လိုက်... ဒါကို သူကိုယ်တိုင် လက်မှတ်ထိုးထားတာ၊ ငါတို့ သူ့ကို အကြောင်းတောင် မကြားခဲ့ဘူး”
အရာရှိဝမ်က ထိုအနီရောင်စာရွက်ကို လှမ်းယူလိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုစာရွက်က အတော်လေး ဟောင်းနွမ်းနေပြီဖြစ်ကြောင်း သိနိုင်သည်။
ထို့နောက် ကျန်းကျူးရိက ထိုအချိန်က မိသားစုနှစ်ခုကြားတွင် ရှိခဲ့သည့် ရန်ငြိုးရန်စများကို ပြန်လည်ပြောပြခဲ့၏။
နားထောင်ပြီးနောက်တွင် ကေဒါဝမ်က သူကိုယ်တိုင် အသုံးချခံလိုက်ရခြင်းဖြစ်ကြောင်း သိသွားတော့သည်။
“ဒါဆိုလည်း ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့”
သို့သော်လည်း သူသည်က လီဟုန်ကျွင့်အပေါ် နက်နက်ရှိုင်းရှိုင်း မကျေမနပ် ဖြစ်သွားရပေသည်။
အကယ်၍ သူသာ မရှိခဲ့လျှင် ကျန်းမိသားစုကို သူ စော်ကားမိမည် မဟုတ်ပါချေ။
ကျန်းကျူးရိ၏ စကားများကို သုံးသပ်ကြည့်ရလျှင် ကျန်းမိသားစုသည်က နာမည်မကျော်ကြားသော်လည်း သူတို့၏နောက်ကွယ်တွင် ကြီးမားသော အင်အားများ ရှိနေပုံရသည်။
သူ့ရဲ့တူမက ဆေးဝါးစက်ရုံ ဒုတိယညွှန်ကြားရေးမှူးရဲ့ တတိယမြောက်သားနဲ့ လက်ထပ်လိုက်တယ်ဆိုတာကို မင်းမကြားဘူးလား။
အဲဒါ ဆေးဝါးစက်ရုံလေ!
ဒါရိုက်တာဝမ် ကိုယ်တိုင်ပင်လျှင် ထိုစက်ရုံထဲသို့ ဝင်နိုင်ရန် မလွယ်ကူပါချေ။
“မဟုတ်ဘူး၊ ဘယ်သူက ပြီးပြီလို့ ပြောလဲ.. ငါ ဒီအတိုင်း အဆုံးသတ်မှာ မဟုတ်ဘူး ငါ ရဲစခန်းမှာ တိုင်ချက်ဖွင့်မယ်၊
လီဟုန်ကျွင့်က စစ်သားမိသားစုကို စော်ကားတယ်၊ နိုင်ငံတော် ဝန်ထမ်းတွေနဲ့ ကေဒါတွေကို လုပ်ကြံစွပ်စွဲတယ်၊ ပြီးတော့ သူရဲကောင်းရဲ့ သားသမီးတွေကို နှိပ်စက်ညှဉ်းပန်းတယ်ဆိုပြီး တိုင်မယ်၊
ဒီအနီရောင်စာရွက်က သက်သေပဲ၊ အခု သူနေတဲ့ ဝန်ထမ်းအိမ်ရာက အစက ငါ့အစ်မအတွက် ချထားပေးခဲ့တာ၊
သူက ငါ့အစ်မရဲ့ ပင်စင်လစာတွေ အားလုံးကိုလည်း ယူထားခဲ့သေးတယ်၊ ငါ့အဖေနဲ့ ငါ့တူမအတွက် ရသင့်ရထိုက်တဲ့ အစိတ်အပိုင်းတွေကို တစ်ခါမှ မပေးခဲ့ဘူး၊ အဲဒါတွေ အားလုံးကို ပြန်ပေးဖို့ ငါ တောင်းဆိုတယ်”
“တကယ်လို့ ခရိုင်ကနေ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ငါ ပြည်နယ်မြို့တော်အထိ သွားတိုင်မယ်”
“စက်မှုယန္တယားစက်ရုံက ဝန်ထမ်းရေးရာအရာရှိတစ်ယောက်အနေနဲ့ ငါ့မှာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးရှိတယ်”
မှန်ပေသည်။ သူ၏ စကားလုံးများက ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်၏။
အစကတော့ တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်သွားမလို့ပဲ။ ဒါပေမဲ့ အခုတော့...
ဒီတစ်ခေါက်တော့ သူ့ကို အရေပြားလန်သွားတဲ့အထိ ပြတ်ပြတ်သားသား လုပ်ရလိမ့်မယ်။
စာရေးသူမှာပြောစရာရှိပါတယ်:
ဦးလေးကျန်းကတော့ ရှယ်မိုက်နေပြီ!